Chapter - 10 : ရုပ်ရှင်ဧကရာဇ်က စာမတတ်သူကို သင်ကြားပေးခြင်း ( 2 )
Viewers 825

“ဒါရိုက်တာကို သွားရှာလိုက် သူတော့ မင်းရဲ့ လျှို့ဝှက် ခက်ခဲမှုတွေကို နားလည်မှာ သေချာပါတယ်၊ သူ့မှာလည်း အဲဒီလို လျှို့ဝှက် ခက်ခဲမှုမျိုး ရှိနေနိုင်တာပဲ"

“မဖြစ်ဘူး၊ ဒီလိုကိစ္စမျိုးကို လူအများကြီးသိလို့ မရဘူး”

ချန်းချန်အန်းက ရိုကျိုးစွာ ပြော၏။

“ကျွန်တော် အရမ်း အရှက်ရလိမ့်မယ်"

ကျန်းပေါ်ချင်းက လှောင်ပြုံး ပြုံး၏။

“ဒါဆို ဘာလို့ ငါ့ကို ပြောပြဖို့ကျ မရှက်ရတာလဲ”

ချန်းချန်အန်းက ကျန်းပေါ်ချင်းကို လျင်မြန်စွာ ချီးကျူးလိုက်သည်။

“လောင်ရှီးက အရမ်းကို ဖြောင့်မတ်တဲ့သူမလို့ လောင်ရှီး အနားမှာရှိနေရရင် ရှက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

“ကျေးဇူးတင်ပါတယ်”

ကျန်းပေါ်ချင်းမှာ ကပ်ဖားရပ်ဖားလုပ်မှုကြောင့် မယိမ်းယိုင်ဘဲ ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ နည်းနည်းလေးဖြစ်ဖြစ် ရှက်ဖို့ မင်း ကြိုးစားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ချန်းချန်အန်းက နားလည်ကြောင်း ပြန်ပြ၏။

“ဒါဆို အခု ကျွန်တော် ပြောလို့ရပြီလား"

ကျန်းပေါ်ချင်းမှာ နားထင်များကို ပွတ်သပ်လိုက်သည်။

“ပြောပါ”


“ဒါက ဒီလိုပါ ကျန်းလောင်ရှီး၊ ဒီည လောင်ရှီးအခန်းကို ကျွန်တော် လာလို့ရမလား"

ချန်းချန်အန်းက မျက်တောင် အကြိမ်အနည်းငယ်ခတ်ကာ ပြုံးပြ၏။

“ကျွန်တော် လောင်ရှီးနဲ့ ဒိုင်ယာလော့တွေ လေ့ကျင့်ချင်တယ်"

အဆုံးတွင် ဤသည်မှာ သရုပ်ဆောင်လောကတွင် အရန်လူဖြစ်သူ ချန်းချန်အန်း၏ ပထမဆုံးအကြိမ် အဓိက ဇာတ်ကောင်ကို သရုပ်ဆောင်ရခြင်းဖြစ်သည်။

မနက်ဖြန် ရိုက်ကွင်းပေါ်တွင် လူရွှင်တော် မဖြစ်စေရန် သူသည် အစမ်းလေ့ကျင့်မှု လုပ်ရန် ဆုံးဖြတ်ထား၏။

ကျန်းပေါ်ချင်းမှာ ယနေ့ အတော် ကြင်နာတတ်ပုံရသောကြောင့်ပင်။

' သူ... ဒေါသမထွက်တော့ဘူး ထင်တယ် ဟုတ်တယ်မလား '

ဝတ်စုံ တူညီမှု ကိစ္စကို ဘေးဖယ်ထားလျှင် သူတို့သည် ကောင်းမွန်သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေဆဲပင်။

“ခဏလေး”

ကျန်းပေါ်ချင်း၏ နားထင်များကို ပွတ်သပ်နေသော လက်မှာ ရပ်သွားပြီး နဖူးကို အုပ်ကိုင်လိုက်သည်။

"မင်း ခုနက ဘာပြောလိုက်တာလဲ"

ချန်းချန်အန်းက အတိုချုံး မှတ်မိ၏။

“ဒီည လောင်ရှီးအခန်းကို ကျွန်တော် လာလို့ရမလား"

“အဲဒါ မဟုတ်ဘူး”

ကျန်းပေါ်ချင်း၏ အမူအရာမှာ တည်ငြိမ်နေသည်။


“အဲဒါရဲ့ အရှေ့ကဟာ"

ချန်းချန်အန်းက သံသယမရှိဘဲ ပြန်ဖြေ၏။

“အခု ကျွန်တော် ပြောလို့ရပြီလား"

ကျန်းပေါ်ချင်းက ခိုင်မာစွာ ပြောလိုက်သည်။

“မရဘူး"

ချန်းချန်အန်းက တောင်းပန်ရန် ကြိုးစား၏။

“ကျန်းလောင်ရှီး၊ ကိုယ့်ရဲ့ဂျူနီယာ‌လေးကို နည်းနည်းလေး ထောက်ပံ့ပေးပါဦး"

ကျန်းပေါ်ချင်းမှာ စိတ်မပါစွာဖြင့် ပြောလာသည်။

"ငါ အမြဲတမ်း ဂျူနီယာတွေကို ထောက်ပံ့ပေးပါတယ်၊ ဒါပေမဲ့ မင်းက ဂျူနီယာ မဟုတ်ဘူး၊ မင်းက ဝန်ထုပ်ဝန်ပိုးကြီး"

…………

ဝန်ထုပ်ဝန်ပိုးဖြစ်သူ ချန်းချန်အန်းက သူ့ဆန္ဒအလျှောက် ရုပ်ရှင်ဧကရာဇ်ကျန်း၏ အခန်းထဲသို့ ဝင်ခွင့်ရရှိခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာ ကျန်းယိုချွမ်းသည် သူ၏ ရန်ပုံငွေအားလုံးကို ထုတ်လုပ်ရေးအတွက် သုံးစွဲခဲ့သောကြောင့် ဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက် အပါအဝင် အဖွဲ့သားများအားလုံးအတွက် နှစ်ယောက်အိပ်ခန်းများကိုသာ ကြိုတင်စာရင်းသွင်းထားသောကြောင့်ပင်။

ကျန်းပေါ်ချင်းက သတင်းဆိုးကို ကြားလိုက်ရသောအခါ ငြင်းခုံရန် ကြိုးစား၏။

“ငါ ဒါရိုက်တာနဲ့ အခန်းမျှသုံးရလဲ ဖြစ်ပါတယ်၊ တကယ် စိတ်ထဲမထားပါဘူး"

“မရဘူး ငါက တစ်ယောက်ခန်းမှာပဲ အိပ်မှာ”


ကျန်းယိုချွမ်းက ခိုင်မာစွာ ငြင်းဆိုသည်။

“King-sized ကုတင်၊ ငါ အခန်းတွေ အများကြီး ဘွတ်ကင်လုပ်ထားလို့ ဟိုတယ်က ငါ့ကို ပေးတာ"

“မင်း တစ်ယောက်ခန်းရတယ် ဟုတ်လား"

ကျန်းပေါ်ချင်းမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

ကျန်းယိုချွမ်းက အရေးမကြီးသကဲ့သို့ပြော၏။

“ဘာလို့ မရရမှာလဲ ရနိုင်တဲ့ တစ်ယောက်ခန်းက ဒီတစ်ခန်းပဲရှိတာ၊ ငါ ရသစုံရှိုးတစ်ခုရိုက်ပြီး လူတိုင်းကို အခန်းဘယ်သူရမလဲ ပြိုင်ခိုင်းရမှာလား"

ထို့နောက် သူ ခဏတာ စဉ်းစားလိုက်၏။

“မင်းနဲ့ ချန်းချန်အန်းကြားမှာ တကယ်ပဲ တစ်ခုခု ရှိနေတာလား၊ သူနဲ့ တစ်ခန်းထဲ အတူအိပ်ရတာ ဘာဖြစ်လို့လဲ၊ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်မှာကို ကြောက်နေတာလား"

“စကားတွေအများကြီး ပြောနေတာ အလုပ်ပြောင်းပြီး ဝတ္ထုရေးဆရာလုပ်ဖို့ စီစဉ်နေတာလား"

ကျန်းပေါ်ချင်းက တည်ငြိမ်စွာ ဖိအားပေးလိုက်ရာ ကျန်းယိုချွမ်းမှာ ထပ်မပြောဝံ့တော့ပေ။

သို့သော် ကျန်းပေါ်ချင်း၌ နောက်ဆုံးတွင် ချန်းချန်အန်းနှင့် အခန်းမျှ သုံးဖို့မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

“ကျန်းလောင်ရှီး၊ ကျွန်တော် အိပ်ရင် ဟောက်တာတို့ အိပ်ရင်းထယောင်တတ်တဲ့ အကျင့်တို့ မရှိပါဘူး”

ချန်းချန်အန်းက ကျန်းပေါ်ချင်း၏ ရှုပ်ထွေးနေသော အမူအရာကို မြင်သောအခါ သတိထား၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

“အိပ်ရင်း လမ်းလည်းထမလျှောက်တတ်ပါဘူး၊ ကျွန်တော် အိပ်ရေးလည်းမကြမ်းပါဘူး၊ ပြီးတော့ ကျွန်တော်က အိပ်ပျော်သွားတာနဲ့ ဘာမှမသိတော့ပါဘူး"

ကျန်းပေါ်ချင်းသည် ချန်းချန်အန်းနှင့် ဆက်ဆံရာတွင် သူ၏တည်ငြိမ်မှုကို ဘယ်သောအခါကမှ မထိန်းထားနိုင်ခဲ့ပေ။


“မင်းရဲ့ အိပ်စက်တဲ့ အလေ့အကျင့်တွေအကြောင်း ငါ့ကို ဘာလို့ ပြောပြနေတာလဲ"

“အဓိကကတော့ လောင်ရှီးရဲ့ အမူအရာတွေက အရမ်း စိတ်အနှောင့်အယှက် ဖြစ်နေသလိုပဲမို့လေ၊ ကျွန်တော် ညဘက် လောင်ရှီးကို ရုတ်တရက် ခုန်အုပ်မှာကို ကြောက်နေသလိုမျိုးပေါ့”

ချန်းချန်အန်းက အပြစ်ကင်းစွာ ပြောသည်။

“ကျန်းလောင်ရှီး၊ ကျွန်တော်က စိတ်မချရပေမဲ့ အရမ်း ကြင်နာတတ်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာပြီး အကောင်းမြင်တတ်ပါတယ် လောင်ရှီး တကယ် ဒီလောက်ထိ စိုးရိမ်နေစရာ မလိုပါဘူး"

“ငါ မစိုးရိမ်ပါဘူး”

ကျန်းပေါ်ချင်းက အပြင်းအထန် ငြင်းဆို၏။

“ဒါဆို ကောင်းတာပေါ့"

~~~

ချန်းချန်အန်းက ရိုးသားစွာ မေးလိုက်သည်။

“ကျွန်တော်တို့ အခု ဒိုင်ယာလော့တွေ လေ့ကျင့်လို့ ရပြီလား"

ကျန်းပေါ်ချင်းက သူ၏ အဝတ်အစားများကို ဖြည်းဖြည်းချင်း နေရာချနေသည်။

“မင်း ဒိုင်ယာလော့တွေ လေ့ကျင့်ဖို့ကို အရမ်း စွဲလမ်းနေပုံရတယ်"

“သေချာတာပေါ့! ဒါက ကျွန်တော့်ရဲ့ ဘောင်မဝင်တော့တဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတာ‌လေ”

ချန်းချန်အန်းက ဇာတ်ညွှန်းကို ဆုတောင်းနေသကဲ့သို့ ကိုင်ထား၏။

“မနက်ဖြန် ကျွန်တော် နာမည်ကြီးသွားမလား၊ ဒါမှမဟုတ် လူရွှင်တော်ဖြစ်သွားမလားဆိုတာ လောင်ရှီးအပေါ်မှာ မူတည်တယ်နော်"

“ကောင်းပြီ”


ကျန်းပေါ်ချင်းမှာ သရုပ်ဆောင်ခြင်းကို စစ်မှန်စွာ ချစ်မြတ်နိုးသူ ဖြစ်ပြီး ချန်းချန်အန်း ပြဿနာရှာမည်ကို ကြောက်ရှာသည်။ သူက သတိပေးချက် အရင်ပေးလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် ကြိုးစားထိန်းချုပ်ပြီး သရုပ်ဆောင်ကြည့်"

ချန်းချန်အန်းမှာ လုံးဝ နားမလည်ပေ။

"စိတ်မပူပါနဲ့၊ ကျန်းလောင်ရှီး၊ ကျွန်တော် လောင်ရှီးထက် ပိုကောင်းအောင် သရုပ်ဆောင်နိုင်မှာမှ မဟုတ်တာ၊ ဟုတ်တယ်မလား"

ကျန်းပေါ်ချင်းသည် ဇာတ်ညွှန်းကို ချ၍ ထရပ်ကာ တည်ငြိမ်စွာ စတင် ရှင်းပြလေသည်။

“ငါက မင်း သရုပ်ဆောင်တာ အရမ်း ဆိုးရွားလို့ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို မတော်တဆ လာထိခိုက်မှာကို ကြောက်တာ”

………

ကြီးကျယ်ခမ်းနားသော ရုပ်ရှင်ဧကရာဇ်မှာ တကယ်ပင် ကြီးမြတ်လှ၏။ သူ ချန်းချန်အန်းထံ လျှောက်လာသည်နှင့် သူ၏ အရှိန်အဝါမှာ ဇာတ်လမ်းထဲမှ အပျော်အပါး လိုက်စား၍ ဆင်ခြင်မှုမရှိသူ ကျန်ချန်ဖန်းအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်။

“ဟေး၊ မင်း ယောကျ်ားတွေကို ကြိုက်တယ်လို့ ငါ ကြားတယ်နော်”

သူသည် သူ၏မေးစေ့ကို အနည်းငယ် မြှင့်တင်ပြီး မောက်မာစွာ မေးလိုက်၏။

ချန်းချန်အန်း၏ စွမ်းဆောင်ရည်က ချက်ချင်းပင် တုံ့ဆိုင်းသွားပြီး သူ၏ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်ကို တိုက်မိလုနီးပါး ဖြစ်သွားသည်။

“ဟေး မသွားနဲ့ဦး”

ကျန်းပေါ်ချင်းက စိတ်ပျက်နေသော အမူအရာကို ပြသပြီး ချန်းချန်အန်းကို ဖမ်းကာ သူ၏လမ်းကို ပိတ်ဆို့လိုက်သည်။


“ငါ့ကို မကြောက်ပါနဲ့၊ ငါ ဆိုလိုတာက ယောကျ်ားတွေကို ကြိုက်တာက အဆင်ပြေတယ်၊ ဒါက သူတို့ မင်းကို အနိုင်ကျင့်ရတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး"

ဇာတ်ညွှန်းထဲ၌ ဤအပိုင်းတွင် ရေးထားသော ပြောစကားများ မပါဝင်သဖြင့် ချန်းချန်အန်းမှာ ဘာလုပ်ရမည်ကို မသိပေ။

ထို့ကြောင့် သူနှင့် ကျန်းပေါ်ချင်းတို့ မျက်လုံးချင်း ဆုံကာ အချိန်ကြာမြင့်စွာ ရပ်ကြည့်နေကြသည်အထိဖြစ် သွားပြီး ရုပ်ရှင်ဧကရာဇ်မှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။

“မင်း ဒီတိုင်းပဲ ရပ်နေပြီး မလှုပ်တော့ဘူးလား”

ကျန်းပေါ်ချင်း မျက်မှောင်ကျုတ်သွားပြီး ပြောလာသည်။

“မင်းမျက်နှာမှာ ဘာအမူအရာမှ မရှိဘူးလား"

“ကျွန်တော် ဘာလုပ်သင့်လို့လဲ"

ချန်းချန်အန်းက ဘာမှ မသိသကဲ့သို့ ပြန်မေး၏။

ကျန်းပေါ်ချင်းက ဇာတ်ညွှန်း၏ ဖော်ပြချက်ကို ကိုးကားကာ ထပ်ပြောသည်။

"တစ်ဝက်… ဒါရဲ့ တစ်ဝက်က မင်း ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့ပုံစံလုပ်လို့ မရဘူးလား"

ချန်းချန်အန်းက နားမလည်သေးပေ။

“ကျွန်တော် ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့ပုံစံကို ဘယ်လို ပြရမှာလဲ၊ ကျွန်တော့်ရဲ့ ဘယ်ဘက်လက်နဲ့ ညာဘက်လက်ကို ထိုးလိုက်ရမလား"

ကျန်းပေါ်ချင်းမှာ စိတ်မရှည်တော့ပေ။

"မင်းရဲ့ ဘယ်လက်နဲ့ ညာလက်ပဲ အသုံးဝင်တာလား မင်း မျက်နှာက သုံးစားမရဘူးလား"

ချန်းချန်အန်းမှာ ထိတ်လန့်သွားသည်။

“ကျွန်တော့် မျက်နှာကို လက်တွေနဲ့ ရိုက်ရမှာလား"


“...ငါ ဆိုလိုတာက မင်း မျက်နှာအမူအရာတွေ လုပ်လို့ရတယ်လို့"

ထို့နောက် ချန်းချန်အန်းသည် သူ၏အောက်မျက်ခွံကို အပေါ်မျက်ခွံနှင့် တိုက်ခိုက်ရန် ကြိုးစားလာ၏။

“မင်း ဇာတ်ကောင်ရဲ့ စိတ်ခံစားချက်တွေကို နားမလည်တာ ဖြစ်နိုင်လား"

ကျန်းပေါ်ချင်းက ခဏတာ ကြည့်ပြီးနောက် ရပ်တန့်ခိုင်းရသည်။

ချန်းချန်အန်းမှာ အနည်းငယ် ရှက်ရွံ့နေ၏။

"အိုက်ယား လောင်ရှီး သိသွားပြီပဲ! ရိုးရိုးသားသားပြောရရင် ကျွန်တော် သိပ်နားမလည်ဘူး"

ကျန်းပေါ်ချင်းက ရက်ရက်စက်စက် ထပ်ဖော်ထုတ်လာသည်။

“မင်း သိပ်နားမလည်တာလား၊ လုံးဝကို နားမလည်တာလား"

ချန်းချန်အန်းက သူ အဆင်ပြေသည်ဟု ထင် နေ၏။

“ကျန်းလောင်ရှီး၊ ကျွန်တော့် သရုပ်ဆောင်တာ တကယ်ပဲ အဲလောက်တောင် ဆိုးတာလား”

“ဘယ်လို ပြောရမလဲ”

ကျန်းပေါ်ချင်းက ခဏတာ စဉ်းစားလိုက်ပြီး သရုပ်ဖော်ကာ အဖြေပြန်ပေးသည်။

“မင်း ဇာတ်ညွှန်းနဲ့ လုံးဝ မတူညီတဲ့ ဇာတ်ကောင်ကို အသက်ဝင်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်"

ချန်းချန်အန်းမှာ ညှိုးနွမ်းသွားပြီး ခေါင်းငုံ့ကာဖြင့် ထုံထိုင်းစွာ ရေရွတ်သည်။

"အိုး"


သူသည် သဘာဝအတိုင်း ချောမောသော မျက်နှာကို ပိုင်ဆိုင်ထားပြီး ဟိုတယ်၏ နွေးထွေးသော၊ လိမ္မော်ရောင် အလင်းရောင်အောက်တွင် သူ့အပေါ် သနားကရုဏာ စိတ်ကို ခံစားရလာစေနေသည်။

ဆံပင်များက ပြင်ပတွင် ဖရိုဖရဲ ဖြစ်နေပြီး စွန့်ပစ်ထားသော နွားမြီးကဲ့သို့ ဆံပင် တစ်ချောင်းက ထောင်ထွက်နေသော်လည်း သူ လုံးဝ သတိမထားမိခဲ့ပေ။

ကျန်းပေါ်ချင်းက သူ၏ လက်ချောင်းများကို ပွတ်သပ်လိုက်သည်။

“ကြိုးစားအားထုတ်ရင် ပျက်စီးနေတဲ့ သစ်သားကိုတောင် ထွင်းထုလို့ ရတယ်တဲ့ မင်းမှာ သင်ယူလိုစိတ် ရှိရင် သင်ကြားဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး”

“သေချာပါတယ် လောင်ရှီး၊ ကျွန်တော် သင်ချင်ပါတယ်”

ချန်းချန်အန်းက လျင်မြန်စွာ တောင်းပန်လာ၏။

“ကျန်းလောင်ရှီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါ"

သို့သော် ကျန်းပေါ်ချင်းက ရင်ဆိုင်ဖြေရှင်းရန် မတတ်နိုင်ပုံကို သရုပ်ပြသောအခါ ချန်းချန်အန်းက မဝံ့မရဲ လှည့်ပတ်ကြည့်ခြင်း ကို သင်ယူလိုက်နိုင်သည်။

ကျန်းပေါ်ချင်း : “... ကောင်းပြီ၊ ထပ်ကြိုးစားကြည့်ရအောင်”

ချန်းချန်အန်း : “အဆင်မပြေသေးဘူးလား… ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် ပိုကြိုးစားမယ်!”

ထို့ကြောင့် ကျန်းပေါ်ချင်းက ရင်ဆိုင်ဖြေရှင်းရန်မတတ်နိုင်ပုံကို ထပ်မံ သရုပ်ပြသောအခါ ချန်းချန်အန်းသည် ဒွိဟ ဖြစ်နေခြင်းကို သင်ယူရန် ပြောင်းလဲလိုက်၏။

~~~