Ch 125
Viewers 4k

အခန်း 125  "မြို့နယ်အုပ်ချုပ်ရေးမှုုးကိုယ်တိုင် ရောက်လာခဲ့ခြင်း "


" ဘာလဲ "


"တစ်ခါတည်း သဘောတူလိုက်တာလား "



လျူဝေ ခဏတာ အံ့ဩသွားပေမဲ့ သတိပြန်ဝင်လာတဲ့အခါ စိတ်ထဲ၌ “အား၊ ငါလောသွားပြီ ငါလောသွားပြီ၊ ငါးသိန်း မဟုတ်ဘူး၊ ခြောက်သိန်း ဒါမှမဟုတ် ခုနစ်သိန်း တောင်းခဲ့ရမှာ” ဟုညည်းတွားလိုက်သည်။


ကြားခံဖြစ်တဲ့ သူကြီးလျူကျန့်ဖိန်က နှစ်ဖက်စလုံး ဈေးနှုန်းသဘောတူတာကို တွေ့ရသောကြောင့် ဘာမှမပြောတော့ဘဲ


“ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်မယ်။ လျူဝေမင်းရဲ့အိမ်က ခြံမြေအပါအဝင် အားလုံးကို လျူယောင်ဆီ ရောင်းရမယ် ဒါ့အပြင် မင်းအိမ်ရှေ့က ဟင်းသီးဟင်းရွက်ခင်းကိုလည်း ထည့်လိုက်” ဟု အလေးထား ပြောလိုက်သည်။



ဟင်းသီးဟင်းရွက်ခင်းက စတုရန်းမီတာ ဆယ်ဂဏန်းအရွယ်အစားဖြစ်ပြီး မကြီးလှတာကြောင့် လျူဝေက


“ရပါတယ် အခုပဲ ကျွန်တော်တို့ သစ်သားတိုင်တွေတူးပြီး ဧရိယာကို သတ်မှတ်ကြမယ်” ဟု သဘောတူလိုက်သည်။


လူအုပ်စုမှာ လျူဝေရဲ့အိမ်တံခါးဝကို ရောက်လာကြပြီး လူတိုင်းရဲ့မျက်မြင်သက်သေရှေ့တွင် မြေကိုအတည်ပြုရန် သစ်သားတိုင်များစွာကို စိုက်ထူခဲ့ကြသည်။


ကျိုးကျင်းခန်းက တိပ်ကိုထုတ်ပြီး အရွယ် အစားကိုတိုင်းလိုက်ကာ


“ကိုယောင် ဒီလိုဆိုရင် ပြဿနာမရှိတော့ဘူး ဧရိယာလုံလောက်ပြီ” ဟုကျေနပ်စွာပြောလိုက်သည်။


လျူယောင် စိတ်သက်သာရာရသွားပြီး သူ့ရဲ့အိတ်ကပ်ထဲမှ ချက်စာအုပ်ကိုထုတ်ကာ ယွမ် ၅၀၀,၀၀၀ တန်ချက်လက်မှတ်ကိုရေးပြီး လျူဝေအား ပေးလိုက်သည်။


“ဒီနေ့ကစပြီး ဒီမြေက ကျွန်တော့်ဟာဖြစ်သွားပြီနော် "


ချက်လက်မှတ်ကိုယူပြီး လျူဝေ အကြိမ်ကြိမ်ကြည့်ကာ


“ဒါကို ဘဏ်မှာလဲလှယ်လို့ရတာလား” ဟုအားနည်းစွာမေးလိုက်သည်။


လျူယောင်က


“ဟုတ်တယ်  အခုပဲ ဘဏ်ကိုသွားပြီး လဲလို့ရတယ်” ဟုအတည်ပြု ပြောလိုက်သည်။


ချက်လက်မှတ်အကြောင်းသိတဲ့ ပတ်ဝန်းကျင်မှလူအချို့လည်းရှိသည်။ လျူဝေကို ဒီလိုမြင်တဲ့အခါ သူတို့ ကြင်နာစွာပြုံးလိုက်ကြသည်။ လျူဝေကို မနာလိုတဲ့ လူအချို့လည်းရှိသည်။ဒီလိုမျိုးအိမ်ကို ယွမ် ၅၀၀,၀၀၀ နဲ့ ရောင်းထွက်ခဲ့သည်။ဒါကြောင့် သူတို့လည်း ယွမ် ၅၀၀,၀၀၀ နဲ့ အိမ်ကို ရောင်းချင်ခဲ့ကြသည်။



မြို့နယ်မှ အိမ်ဈေးနှုန်းက အတော်လေးသက်သာပြီး ယွမ် ၄,၀၀၀ နဲ့တင် ရနိုင်သည်။ ယွမ် ၅၀၀,၀၀၀ ဆို  စတုရန်းမီတာ ၁၀၀ ကျော်ရှိတဲ့ အိမ်ကြီးတစ်လုံးကိုတောင် ဝယ်ယူနိုင် သည်။


မြို့နယ်တွင် အိမ်တစ်လုံးဝယ်ယူလိုတဲ့ လျူဝေရဲ့အိပ်မက်မှာ နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာခဲ့တာကြောင့် သူ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့သည်။


လျူဝေ ပျော်ရွှင်စွာထွက်ခွာသွားခဲ့သည်။ ဘဏ်သို့သွား၍ ချက်လက်မှတ်ကို ငွေသားလဲလှယ်ရမည်မှာ သေချာသည်။



ကျိုးကျင်းခန်းကလည်း ခုနကတိုင်းတာထားတဲ့ အတိုင်းအတာများအပေါ်အခြေခံ၍ ပုံကြမ်းတစ်ပုံဆွဲလိုက်ကာ ပုံကြမ်းပေါ်တွင် မြေရဲ့အလျားနဲ့အနံကို မှတ်သားထားသည်။


ထိုပုံကြမ်းကိုဆွဲပြီးနောက် သူက


“ကိုယောင် ဧရိယာလုံလောက်ပြီ ကျွန်တော်တွက်ကြည့်တာ စတုရန်းမီတာ ၉၀၀ ကျော်ရှိတယ်။ မင်းရဲ့လိုအပ်ချက်တွေအတိုင်း ဗီလာကြီးတစ်ခုဆောက်ဖို့ လုံလောက်ပါတယ်။ ဒါနဲ့မေးချင်တာက ဒီဗီလာအတွက် ခန့်မှန်းခြေဘတ်ဂျက်က ဘယ်လောက်လဲ” ဟုမေးလိုက်သည်။



ကျိုးကျင်းခန်းက “ဒီလိုဗီလာကြီးအတွက် ဘတ်ဂျက်က အနည်းဆုံး နှစ်သန်းလိုလောက်မယ်  ပိုပြီးမြင့်မားတဲ့အဆင့်ကို ဆောက်မယ်ဆိုရင်တော့ သုံးသန်းလောက်ကုန်ကျနိုင်ပါတယ်” ဟု သတိပေးလိုက်သည်။


"သုံးသန်းတန်ဗီလာလား ! "


လူအများအပြားက တိတ်တဆိတ်တံတွေးမျိုချလိုက်ကြသည်။ ကျေးလက်ရှိလူများမှာ အိမ်တစ်လုံးဆောက်ရန်အတွက် ယွမ် ၃၀၀,၀၀၀ ပြင်ဆင်ရပေမဲ့ လျူယောင်ဆောက်ရန်စီစဉ်နေတဲ့  ဗီလာကြီးမှာ  ယွမ် သုံးသန်းတောင်ကုန်ကျပေသည်။


 လျူယောင်က သူ့ရဲ့လက်ကိုဝှေ့ယမ်းပြီး


“ဆောက်မယ်ဆိုရင် ပိုကောင်းအောင်ဆောက်ရမှာပေါ့။ ဒါဆိုရင် ဘတ်ဂျက်ကို သန်း၂၀ နဲ့ စသတ်မှတ်ရအောင်” ဟုပြောလိုက်သည်။


"  ဘာလဲ "


" ဘုရားရေ သန်း၂၀ တောင်လား "


ပတ်ပတ်လည်တွင် လေပြင်းတိုက်ခတ်သံလို အသံများထွက်ပေါ်လာခဲ့သည်။


သန်း ၂၀ တန်ဗီလာဆိုတာ ဘယ်လိုအယူအဆမျိုးလဲ။


ကျိုးကျင်းခန့်ကလည်း သူနားကြားမှားနေတယ်လို့ ထင်ပြီး “အကိုယောင် မင်းပြောတာ သန်း ၂၀ ဆိုတာသေချာရဲ့လား” ဟုထပ်မေးလိုက်သည်။


လျူယောင်က “ဟုတ်တယ်  ၂၀ သန်းနဲ့ယာယီသတ်မှတ်ရအောင်။ မင်းဗီလာကို ပိုပြီးအဆင့်မြင့်အောင် ဆောက်ပေးပါ။ ပိုက်ဆံမလုံလောက်ရင် နောက်ထပ် ၁၀ သန်းလောက် ထပ်ထည့်ပေးဖို့ ငါ့ အတွက် ပြဿနာမရှိပါဘူး” ဟုပြန်ဖြေလိုက်သည်။


"ဘာ! "


ပတ်ဝန်းကျင်မှလူများမှာ ခုနကမှ သတိပြန်ဝင်လာပြီး ရုတ်တရက် ကျောက်ရုပ်လိုဖြစ်သွားကြပြန်သည်။


နောက်ထပ် ဆယ်သန်း တောင် ပေါင်းထည့်လိုက်သေးသည်။


သူတို့ဟာ ချမ်းသာသူများရဲ့ကမ္ဘာကို နားမလည်နိုင်ကြဘဲ၊ ဗီလာတစ်လုံးဆောက်ရန်အတွက် သန်း ၃၀ မှ ၄၀ အထိသုံးစွဲနိုင်တာကို သူတို့မတွေးနိုင်ခဲ့ကြပေ။


လူတိုင်း ထိတ်လန့်နေကြသည်။



တကယ်တော့ လျူယောင့်အတွက် ဒါက ဘာမှမဟုတ်ပါဘူး။ လျူလန်ကို ပြီးခဲ့တဲ့တစ်ကြိမ်က ပေးခဲ့တဲ့  မုန့်ဖိုးတောင် သန်း ၂၀ ဖြစ်သည်။ လျူယောင်ရဲ့စိတ်ကူးအရ  ဒီဗီလာကို ဆောက်ရန် သန်း ၁၀၀ မှ ၂၀၀ အထိ သုံးချင်ပေမဲ့ လူတိုင်း ကြောက်လန့်သွားမှာကို စိုးရိမ်ခဲ့သည်။


ယခုလောလောဆယ်တွင် သန်း ၂၀မှာ ယာယီဘတ်ဂျက်သာဖြစ်ပြီး အခြေအနေအရ နောက်မှထပ်ပေါင်းထည့်နိုင်သည်။



ကျိုးကျင်းခန်းသာ မျက်နှာပူနေသည်။ သူတို့ပရောဂျက်များလုပ်တဲ့အခါ ကိုယ်တိုင် ပိုက်ဆံပေးရသည်။ ယွမ် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ ပေးရတာက  ပြဿနာမရှိပေ။ ယွမ် သန်း ၂၀ပေးရမည်ဆိုလျှင် သူလုပ်နိုင်မှာမဟုတ်ပေ။ ပိုက်ဆံအတွက် ဘဏ်တွင်ချေးငွေတောင်းရဖို့က မလုံလောက်ပေ။


ကျိုးကျင်းခန့်ရဲ့မျက်နှာကို သတိထားမိတာနဲ့ချက်ချင်းပင် ဘာဖြစ်နေလဲဆိုတာ လျူယောင် နားလည်သွားပြီး ချက်စာအုပ်ကို ထပ်ထုတ်ကာ  အလျင်အမြန်ရေး ပေးလိုက်သည်။



ချက်လက်မှတ်ကိုလက်ခံရရှိပြီးနောက် ကျိုးကျင်းခန့်က သူ့ရဲ့မျက်လုံးများကို မယုံနိုင်ပေ။


“ပထမဆုံး မင်းကို ၁၀ သန်းပေးထားမယ် မလုံလောက်ရင် ဖုန်းဆက်လိုက် မင်းကို ပိုက်ဆံကြိုထုတ်ခိုင်းမှာမဟုတ်ဘူး” ဟု ပြောလိုက်သည်။


သတိပြန်ဝင်လာပြီးနောက် ကျိုးကျင်းခန်းက ပေါ့ပါးစွာဖြင့်


“အကိုယောင် ငါဒီ ၁၀ သန်းနဲ့ ထွက်ပြေးမှာကို မစိုးရိမ်ဘူးလား” ဟု နောက်ပြောင်ကာပြောလိုက်သည်။


“မင်းသာ ပိုက်ဆံနဲ့ထွက်ပြေးရဲရင် ငါက ကမ္ဘာလုံးဆိုင်ရာဖမ်းဝရမ်းထုတ်မယ် မင်းကို သေချာပေါက်ဖမ်းပြီး ငါ့အတွက် ရိုးသားစွာဗီလာဆောက်ခိုင်းမယ်” ဟုရယ်ပြီး ပြန်ဖြေလိုက်သည်။


ဒီကိစ္စနှင့်ပတ်သက်ပြီး လျူယောင် တကယ်ကိုမစိုးရိမ်ပါ။ လူအများအပြားက ကြည့်နေကြပြီး သူတို့ဟာ  လျူယောင် ၁၀ သန်းတန် ချက်လက်မှတ်ပေးလိုက်တာကို မြင်လိုက်ကြသည်။


ကျိုးကျင်းခန်းက ပြုံးလိုက်ပြီး ချက်လက်မှတ်ကို ဂရုတစိုက် သိမ်းလိုက်သည်။ဒါက ယွမ် ၁၀ သန်းဖြစ်သည်။ သူ့ ဘဝတွင် ဒီလောက်များပြားတဲ့ ပိုက်ဆံကို တစ်ခါမှမမြင်ဖူးသေးပေ။


လျူယောင်ရဲ့အိမ်တံခါးဝတွင် အမြဲတမ်းအလွန်ဆူညံနေသည်။



အချိန်မှန်မှန်ပင် လူများက သင်္ဘောသားခန့်အပ်မှုနှင့်ပတ်သက်ပြီး လာရောက်မေးမြန်းကြသည်။ မြို့နယ်တွင် အလုပ်လုပ်တဲ့ လူအချို့ပင် အလျင်အမြန်ပြန်လာခဲ့ကြသည်။


မျက်နှာချင်းဆိုင်မေးမြန်းပြီးနောက်  မြို့နယ်တွင် အလုပ်မလုပ်တော့ဘဲ အနာဂတ်တွင် သင်္ဘောသားများအဖြစ် အလုပ်လုပ်ရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။



လျူယောင် အစက အိမ်တွင် အဝတ်အစားအချို့ယူပြီး မြို့ကို ပြန်ရန် စီစဉ်ခဲ့ပေမဲ့ ညနေလေးနာရီကျော်အထိ ထွက်ခွာနိုင်ခြင်းမရှိပေ။ အကြောင်းမှာ လူအများအပြားက လာရောက်မေးမြန်းပြီး စကားပြောနေတာကြောင့်ဖြစ်သည်။


ညနေလေးနာရီကျော်နေပေမဲ့ လျူယောင်ရဲ့အိမ်တံခါးဝတွင် အလွန်ဆူညံနေဆဲဖြစ်ပြီး လူအနည်းဆုံးနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ရှိနေသည်။


ရုတ်တရက် ရွာသားတစ်ယောက်က


“ဟိုမှာ ကြည့်ပါဦး ကားအတော်များများရောက်လာတယ်” ဟုအော်ပြောလိုက်သည်။


လူတိုင်း အံ့အားသင့်တဲ့ အကြည့်များအောက်တွင် ထိုကားများမှာ မောင်းလာကြပြီး လျူယောင်ရဲ့အိမ်ရှေ့တွင် တိုက်ရိုက်ရပ်လိုက်သည်။ ကားများ တည်ငြိမ်စွာရပ်ပြီးနောက် လူအများအပြားက ကားများပေါ်မှဆင်းလာခဲ့သည်။


ဦးဆောင်လာတဲ့ အလယ်အလတ်အရွယ်အမျိုးသားက  အလွန် တည်ကြည်သည်။


လျူကျန့်ဖိန်  ခဏတာ အံ့အားသင့်သွားပြီးနောက် “အား” ဟူသည့်အသံဖြင့် စိတ်လှုပ်ရှား မူ့များက မျက်နှာတွင် ပေါ်လာခဲ့သည်။ သူက အသံကျယ်ကျယ်ဖြင့် “လျူယောင်  မြို့နယ်အုပ်ချုပ်ရေးမှူးဝမ် ရောက်လာပြီ” ဟုအော်ပြောလိုက်သည်။


ပတ်ပတ်လည်ရှိလူတိုင်းမှာ ရုတ်တရက်တိတ်ဆိတ်သွားကြသည်။


ခုနက ဆူညံနေခဲ့ပေမဲ့ အခုတော့ တိတ်ဆိတ်သွားခဲ့ကြသည်။


"မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ရောက်လာတာလား "


လူအများအပြားက လျူယောင်ကိုကြည့်ပြီး စိတ်ထဲကနေ  ပိုမိုလေးစားလာကြသည်။


လျူယောင်က


"အံ့ဩစရာပဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်တောင် ကိုယ်တိုင်ရောက်လာတယ်”ဟု စိတ်ထဲကနေ  ရေရွတ်လိုက်သည်။


မြို့နယ်အုပ်ချုပ်ရေးမှူးဝမ်ကို လျူယောင်  မသိသော်လည်း လျူကျန့်ဖိန်ရဲ့ အော်ဟစ်သံကိုကြားတဲ့ အခါ ဘာဖြစ်နေတာကို သူသိလိုက်သည်။ မြို့နယ်ခေါင်းဆောင်ကြီးများ ကိုယ်တိုင်ရောက်လာတာကြောင့် မျက်နှာသာပေးရမှာဖြစ်ပြီး လျူယောင် စိတ်အားထက်သန်စွာဖြင့် လျှောက်လာခဲ့သည်။


ရွာသူကြီးလျူကျန့်ဖိန်က အခြားသူများထက် ပိုစိတ်လှုပ်ရှားနေသည်။



“အုပ်ချုပ်ရေးမှူးဝမ်၊ ကျွန်တော်က ဒေါင်းမင်းရွာရဲ့အကြီးအကဲ လျူကျန့်ဖိန်ပါ”


“ရဲဘော်ကျန့်ဖိန် မင်္ဂလာပါ.ကျွန်တော်တို့  ဒီကိုရောက်လာတာက အဓိကအားဖြင့် Global က သူဋေးလျူကို လာရောက်တွေ့ဆုံတာပါ” ဟု ပြောလိုက်သည်။


ဒီနေ့ညနေတွင် သူ့  မြို့နယ်မှာ ဘီလျံဒေါ်လာနဲ့ချီ ချမ်းသာတဲ့ လူတစ်ယောက်ရှိပြီး ထိုလူက ဒေါင်းမင်းရွာမှာ သင်္ဘောသားအဖွဲ့တစ်ဖွဲ့ကို ခန့်အပ်လိမ့်မယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရသည်။


သူ အနည်းငယ်အံ့ဩသွားသည်။



သူ  မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ထမ်းဆောင်ခဲ့တာပဲ ဖြစ်သည်။ မြို့နယ်မှ နာမည်ကြီးလူများကိုအခြေခံအားဖြင့် သိပြီး၊ မြို့နယ်မှထွက်ခွာသွားတဲ့  ထူးချွန်သူများနဲ့ သူဋေးကြီးအချို့ကိုလည်း သိသည်။


ဒါပေမဲ့ သူ လျူယောင်အကြောင်းကို အရင်က တစ်ခါမှမကြားဖူးတာကြောင့်  နောက်ထပ်စုံစမ်း မေးမြန်းမှုများနှင့် အသေးစိတ်အချက်အလက်များကို သိရပြီးနောက် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။



သူ  မြို့နယ်မှတခြားခေါင်းဆောင်များစွာကို ဦးဆောင်ပြီး ကားငယ်သုံးစီးဖြင့် ဒေါင်းမင်းရွာတစ်လျှောက်လုံး မောင်းလာကာ လျူယောင့်ရဲ့အိမ်တံခါးဝကို  ရောက်လာခဲ့သည်။