Chapter : 62 ( ထာဝရတောက်ပခြင်း [2] )
နောက်နေ့ နေ့လယ်ဘက်၌
ဟိုင်ရိသည် ခြေထောက်ကိုဆွဲ၍ အမှိုက်ပုံဆီသို့ သွားနေသည်။ ထို့နောက် ပထမထပ်သို့ ဆက်သွားရမည်ဖြစ်၏။ သူသည် ဓာတ်လှေကားခလုတ်အား နှိပ်လိုက်သည်။ လှေကားဘက်မှ တစ်စုံတစ်ယောက် ဆင်းလာသည်ကို ဟိုင်ရိ တစ်ချက်ကြည့်လိုက်၏။
သူသည် ထိုသူကို OCD ရှိသည့် တစ်ထပ်တည်းနေသော လူတစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူသည် ထိုလူနှင့် ယခင်က ဘယ်တုန်းကမှ စကားမပြောဖူးပေ။
( OCD က အလွယ်ဆုံး ရှင်းပြရရင် ပစ္စည်းတွေ နေရာတကျ ဖြစ်နေမှ နေတတ်တာမျိုး၊ ပတ်ဝန်းကျင်က ပိုးမွှားနေကို အရမ်းကြောက်တာမျိုးကြောင့် လက်ခဏခဏဆေးတာမျိုး၊ အမှားလုပ်မိမှာကြောက်ပြီး လုပ်ပြီးသား အရာတွေကို ပြန်ပြန်စစ်ပြီး စနစ်တကျဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနေတတ်တဲ့ လူတွေကို ပြောတာပါ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုအနေနဲ့ သတ်မှတ်ထားတာမျိုးတော့ ရှိပါတယ် )
ဓာတ်လှေကားရောက်လာသောအခါ သူတို့နှစ်ဦးအတူတက်လိုက်ကြပြီး တံခါးစောင့်က ပထမထပ်အတွက် ခလုတ်ကို နှိပ်ပေး၏။
ဟိုင်ရိ: "မင်းဘာလို့ တစ်ခါတလေရှိပြီး တစ်ခါတလေကြ မရှိတာလဲ"
"ကျွန်တော် အလှည့်ကျလုပ်တာပါ"
တံခါးစောင့်က ပြန်ဖြေလိုက်သည်။
ဟိုင်ရိ: "ငါမင်းကိုပဲ မြင်ဖူးတယ်၊ မင်းမှာ လုပ်ဖော်ကိုင်ဖက်တွေရှိလား"
"မရှိဘူး၊ ကျွန်တော်တစ်ယောက်တည်းပဲ"
တံခါးစောင့်က ပြောလိုက်သည်။
"ကျွန်တော့်ကိုယ်ကျွန်တော် အလှည့်ကျလုပ်တာ"
ဟိုင်ရိ: ?
တံခါးစောင့်: "လေးချိန်ရှိတယ်၊ ကျွန်တော်က ၂ ချိန်ယူတယ်၊ ကျွန်တော်မရှိရင် ဘယ်သူမှမရှိဘူး"
ဟိုင်ရိ: ...
တံခါးစောင့်က သူ့ကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
'မယုံနိုင်စရာပဲ' ဟိုင်ရိ တွေးလိုက်၏။
သူတို့ ပထမထပ်သို့ အလွန်လျင်မြန်စွာ ရောက်ရှိသွားကြသည်။ ဟိုင်ရိ ထွက်သွားခါနီးတွင် သူ့လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရ၏။
"ခင်ဗျားမျက်မှန်"
OCD နှင့် လူက သူ့လက်မောင်းအား ကိုင်ထားသည်။
ဟိုင်ရိ: "အမ်"
OCD: "ခင်ဗျားမျက်မှန်"
သူက သူ့မျက်လုံးများကို ထိုးပြပြီး စိုးရိမ်တကြီး အော်လိုက်သည်။
"ခင်ဗျားမျက်မှန်"
OCD သည် ဒေါသအလျောက် အော်လိုက်သည်။
"ခင်ဗျားမျက်မှန်၊ ခင်ဗျားမျက်မှန်၊ ခင်ဗျားမျက်မှန်!"
ဟိုင်ရိသည် ရုတ်တရက် အခြေအနေပြောင်းလဲသွားသဖြင့် အံ့အားသင့်သွားသော်လည်း သူသတိမထားမိဘဲ ရှေ့သို့တိုးကာ သူ့ကို နွေးထွေးစွာ ပွေ့ဖက်လိုက်ပြီး ပခုံးများကို ပုတ်ပေးလိုက်သည်။
"ရပါတယ်၊ ရပါတယ်၊ ငါယူလာဖို့ မေ့သွားတာ"
သူလှည့်၍ ဟိုတယ်ဝန်ထမ်းကို ပြောလိုက်သည်။
"သူဒေါသထွက်နေပြီ"
OCD သည် သူ့မျက်လုံးများကို အဆက်မပြတ် စမ်းသပ်နေသည်။ ရှိသင့်သော မျက်မှန်များကို ရှာဖွေနေသည့်အလားပင်။
"ခင်ဗျားမျက်မှန်တပ်တာလား၊ ကျွန်တော် ခင်ဗျားတပ်တာ ဘယ်တုန်းကမှ မမြင်ဖူးဘူး"
တံခါးစောင့်သည် ထွက်ခွာသွားသေးခြင်းမရှိဘဲ မှတ်ချက်ပြုလိုက်သည်။
"ငါ့မျက်လုံးနှစ်ဖက်စလုံးက 5.0 မြင်ရပါတယ်"
ဟိုင်ရိက အကူအညီမဲ့စွာ ပြောလိုက်သည်။
"မင်းလူမှားနေပြီ"
"ဒီလူက IQ 136 ရှိပြီး သင်္ချာပါရမီရှင်တစ်ယောက်ပါ"
တံခါးစောင့်က ပြောလိုက်သည်။
"သူ့မနက်စာ လွန်ခဲ့တဲ့ ၁ နှစ်က ဘာစားခဲ့လဲဆိုတာတောင် မှတ်မိတယ်"
ဟိုင်ရိ: ...
သို့သော် ဟိုင်ရိသည် မျက်မှန်တကယ်မတပ်ဖူးသောကြောင့် ပြောလိုက်သည်။
"ငါ့ကိုသေချာကြည့်၊ မင်းလူမှားနေလား၊ စိတ်လျှော့ပါ"
ထိုအခါမှ ဟိုတယ်ဝန်ထမ်းတစ်ယောက် အလျင်အမြန်ပြေးလာ၏။ သူသည် ကြွက်သားများ ရှိသောလူကြီးပင်။
"ပြန်ရောက်ပြီလား၊ ဘယ်တုန်းကပြန်ရောက်တာလဲ"
သူသည် ဟိုင်ရိအားကြည့်ကာ မေးလိုက်၏။
ဟိုင်ရိ: "အခြေအနေကိုကြည့်၊ ငါ့ကိုကူညီပါဦး"
ဝန်ထမ်းက ‘ဪ’ အသံနှစ်ချက်ပြုပြီး OCD ကို ခေါ်သွားသည်။
"အိုက်ယား...ဝမ်ရွှမ်း၊ မင်းအဆင်ပြေရဲ့လား"
ဝန်ထမ်းက မကောင်းဆိုးဝါးဆန်ဆန်ရယ်မောကာ မေးလိုက်၏။
"မင်းဒီလိုတမင်လုပ်တာက ချောတဲ့ကောင်လေးကို အခွင့်ကောင်းယူဖို့လား"
ဤလူသည် တကယ်ပင် မဆင်မခြင်နိုင်သည်ဟု ဟိုင်ရိ ခံစားရသည်။ သူသည် ပစ်ရမည့် သူ့အမှိုက်ထုပ်များကို ကောက်၍ လှည့်ထွက်သွာလိုက်၏။
ဝန်ထမ်းက နှစ်ကြိမ်အော်ခေါ်သော်လည်း ဟိုင်ရိကို ပြန်ခေါ်၍မရတော့ဘဲ သူ OCD ကို မေးလိုက်သည်။
"သူထွက်သွားပြီ၊ မင်းဘာဖြစ်တာလဲ၊ မင်း ဒီလိုမဖြစ်တာ ကြာနေပြီ မဟုတ်လား"
ဝမ်ရွှမ်းက မှိုင်တွေတွေနှင့်ပင် မေးလိုက်၏။
"သူဘာလို့မျက်မှန်မတပ်တာလဲ"
ဝန်ထမ်း: "သူ ဒီကိုရောက်ကတည်းက မျက်မှန်တပ်ထားတာ တစ်ခါမှ မမြင်ဖူးဘူး၊ ကျွန်တော် မှတ်တာ မှားတာလား ခင်ဗျားမှားတာလား"
တံခါးစောင့်က ခဏလောက် ကြည့်နေလိုက်သည်။ ဒီစကားကို ကြားသောအခါ သူ လှောင်ရယ်လိုက်ပြီး ခေါင်းခါရင်း ဓာတ်လှေကားတံခါးများကို ပိတ်လိုက်၏။
ထိုအချိန်မှာပင် ပင်ပန်းနွမ်းနယ်နေသော ဆံပင်ဝါ က စတုတ္ထထပ်ကိုလာမည့် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။
ဓာတ်လှေကားတံခါးများ ပွင့်လာပြီး ဆံပင်ဝါ က ပင်ပန်းစွာဖြင့် ပြောလိုက်သည်။
"ပထမထပ်"
တံခါးစောင့်က သူ့အတွက် နံပါတ် '၁' ကို နှိပ်ပေးလိုက်သည်။
ဆံပင်ဝါ: "ဒီနေ့ ခင်ဗျား အလှည့်ကျလား"
တံခါးစောင့်: "ဟုတ်တယ်"
ဆံပင်ဝါ: "ပင်ပန်းတာပေါ့ဗျာ"
တံခါးစောင့်: "ရောက်ပါပြီ"
'အိုး' ဆိုသော အသံနှင့်အတူ ဆံပင်ဝါက ထွက်သွားပြီး အမှိုက်များ ပစ်ပြီး ပြန်လာသော ဟိုင်ရိနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံလိုက်သည်။ ဆွေမျိုးတစ်ယောက်နှင့် တွေ့သလိုမျိုး သူက "ဟိုင်ကော" ဟု နှုတ်ဆက်လိုက်၏။
ဟိုင်ရိ: "ငါပါ၊ မောင်တိ"
( ဆံပင်ဝါ = ဟွမ်မောင် = မောင်တိ = ညီလေးမောင် )
ဆံပင်ဝါ က သူ့ကို နားမလည်နိုင်စွာ စိုက်ကြည့်နေသည်။
ဟိုင်ရိ: "ဘာဖြစ်တာလဲ"
ဆံပင်ဝါ က သူလုပ်ရမည့် အလုပ်ကိစ္စတစ်ခုကို သတိရသွားပြီး
"ယန်ကော ညက အိပ်မပျော်တာ ခင်ဗျားသိလား"
"မသိဘူး"
ဟိုင်ရိ က ပြန်ဖြေသည်။
"အခြေအနေက ဘယ်လိုလဲ"
ဆံပင်ဝါ: "သူ ဘာဖြစ်သွားတာလဲ"
စဉ်းစားပြီးနောက် ဟိုင်ရိက
“သူ မင်းကို မပြောပြဘူးလား"
ဆံပင်ဝါ က ခေါင်းခါလိုက်သည်။
ဟိုင်ရိ: "ဒါဆို ငါလည်း မပြောတော့ဘူး၊ ငါသွားလိုက်ဦးမယ်"
ဆံပင်ဝါ: "ခင်ဗျား သွားကြည့်လိုက်...ခင်ဗျားတို့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ယန်ကောကို ခင်ဗျား စည်းရုံးရမယ်၊ စားသင့်တာ စားရမယ်၊ သောက်သင့်တာ သောက်ရမယ်… သူ ဘာမှ သူ့ရင်ထဲမှာ မထားသင့်ဘူး"
"ကောင်းပါပြီ"
ဟိုင်ရိက သဘောတူသော အသံနှင့် ပြောသည်။ သူက ယုံကြည်မှုအပြည့်နှင့်
"သွားအိပ်လိုက်ပါ၊ ငါ စီစဉ်လိုက်မယ်"
ထိုအခါမှ ဆံပင်ဝါ စိတ်အေးသွားသည်။ ဟိုင်ရိကို လက်ပြနှုတ်ဆက်ပြီး သူ ထွက်သွား၏။
ဟိုင်ရိကလည်း ပြုံးပြုံးလေးနှင့် ပြန်လက်ပြလိုက်သည်။ သူ ဓာတ်လှေကားထဲကို ဝင်သွားသော အချိန်မှာပင် အပြုံးက ချက်ချင်း ပျောက်ကွယ်သွား၏။
တံခါးစောင့်က သူ့ကို တစ်ချက်ကြည့်ပြီး '၄' ခလုတ်ကို နှိပ်ပေးလိုက်သည်။
ဟိုင်ရိ သူ့အား ကျေးဇူးတင်လိုက်၏။
"ကျေးဇူးတင်ပါတယ်"
ဟိုင်ရိ ရှန့်ချန့်ယန်၏ အခန်းဆီသို့ တန်းတန်းမတ်မတ်သွားပြီး တံခါးဘဲလ်ကို နှိပ်လိုက်သည်။
ရှန့်ချန့်ယန်သည် ကြီးမားသော လက်ပြတ်အင်္ကျီနှင့် အတွင်းခံဘောင်းဘီကို ဝတ်ထားပြီး သူ့ဆံပင်က ငှက်သိုက်ပုံစံလို ဖြစ်နေသည်။ သူ ကုတင်ပေါ်မှာ လှဲနေခဲ့သည်ပင်။ ဟိုင်ရိကို မြင်သောအခါ သူ လန့်သွား၏။
ဟိုင်ရိ: "ဘယ်သူလို့ ထင်နေတာလဲ"
ရှန့်ချန့်ယန်က ကုတင်ပေါ် ပြန်တက်သွားပြီး
"ဆံပင်ဝါက မထွက်ခင် အပြင်စာ မှာသွားတယ်"
ဟိုင်ရိလိုပင် သူလည်း အခု 'ဆံပင်ဝါ' ဆိုသော အသုံးအနှုန်းကို သုံးနေပြီဖြစ်၏။
ဟိုင်ရိ သူ့ကို စကားမပြောဘဲ ကြည့်နေလိုက်သည်။
စောင်များအောက်တွင် မြုပ်နေသော ရှန့်ချန့်ယန်က
"ခင်ဗျားတို့နှစ်ယောက် အလှည့်ကျ စောင့်နေကြတာလား"
ဆံပင်ဝါ အခုမှ ထွက်သွားတာဖြစ်ပြီး သူက ဒီမှာ ရောက်နေပြီဖြစ်သည်။
ဟိုင်ရိ က ရယ်လိုက်ပြီး
"ငါကလည်း ဘယ်လိုပဲဖြစ်ဖြစ် လာမလို့ပါပဲ"
ဟိုင်ရိ: "နေကောင်းရဲ့လား"
“အင်း"
ရှန့်ချန့်ယန် ပြောလိုက်၏။
"ကျွန်တော် အိပ်မပျော်တာပဲ ရှိတာပါ၊ သူ့အပိုစကားတွေ နားမထောင်ပါနဲ့"
ဟိုင်ရိ စိုးရိမ်တကြီးဖြင့်
"မင်း အိပ်မပျော်တာ ကြာပြီ မဟုတ်လား"
ရှန့်ချန့်ယန်က တိတ်ဆိတ်နေသည်။
အမှန်ကား ဟိုင်ရိသည် ရှန့်ချန့်ယန် စိတ်ဓာတ်ကျနေသည်အား သိ၏။ ရှန့်ချန့်ယန် မနေ့က ငိုခြင်းသည် တရားခံမှားယွင်းစွာ ဖော်ထုတ်မိလို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ အထူးအကြောင်းပြချက် မရှိဘဲနှင့်လည်း စိတ်မကောင်းဖြစ်နေခြင်း ဖြစ်နိုင်သည်။
ဟိုင်ရိ: "ငါ မင်းနဲ့ ခဏလောက် အဖော်ပြုပေးပါ့မယ်၊ ငါဘာမှ မစားရသေးဘူး၊ မှာထားတဲ့ အပြင်စာ ဘယ်တော့ ရောက်မလဲ"
ဘယ်သူမှ အဖြေမပေး။ သူ ငုံ့ကြည့်လိုက်သောအခါ ရှန့်ချန့်ယန် က တိတ်တိတ်ဆိတ်ဆိတ် အိပ်ပျော်နေပြီဖြစ်သည်။
ဟိုင်ရိက သူ့ကို ခဏလောက်ကြည့်ပြီး စောင်ခြုံပေးလိုက်သည်။
သူပင် မသိလိုက်သော နူးညံ့မှုနှင့်
"အိပ်တော့"
ရှန့်ချန့်ယန် အိပ်ပျော်သွားပြီးနောက် ဟိုင်ရိ က အပြင်ထွက်သွားသည်။ တံခါးဘဲလ်သံက သူ့ကို နှိုးမှာစိုး၍ မှာထားသော အပြင်စာ ရောက်လာသည်ကို စောင့်နေခဲ့သည်။ ရောက်လာသောအခါမှာပင် သူ မစားရဲဘဲ ဖုန်းနှင့်သာ ကစားနေခဲ့သည်။ နောက်ပိုင်းတွင် သူလည်း အိပ်ချင်လာသောကြောင့် ရှန့်ချန့်ယန် ဘေးနားတွင် လှဲအိပ်လိုက်၏။ သူ့ဖုန်း မြည်သံက သူ့ကို နှိုးလိုက်သည်။ ရှန့်ချန့်ယန်က ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိဘဲ ဖုန်းပြောနေ၏။
ဟိုင်ရိသည် မျက်လုံးစုံမှိတ်ပြီး သူ့ဖုန်းကို ဝါးတားတားနှင့် စမ်းလိုက်သည်။ နောက်ဆုံးတွင် သူက ရှန့်ချန့်ယန်၏ ဖုန်းကို သွားထိမိ၏။ မြည်နေခဲ့သည်က သူ၏ ဖုန်းဖြစ်နေသည်ကို သူ သိလိုက်သည်။
ဟိုင်ရိ: "ဘယ်သူလဲ"
သူ့အသံက နည်းနည်းကြမ်းနေသည်။
ရှန့်ချန့်ယန်: "လျိုကျယ်"
"ဪ”
ဟိုင်ရိက ပြောပြီး ပြန်လှဲချလိုက်သည်။ အိပ်ပျော်တာ အရမ်းကောင်းသည်ဟု ခံစားရသည်။
ရှန့်ချန့်ယန် ထရပ်လိုက်၏။
"အပြင်မှာ သွားစားရအောင်"
ဟိုင်ရိက ခဏလောက် မလှုပ်မယှက်နေခဲ့သည်။ ရှန့်ချန့်ယန် အဝတ်အစားလဲပြီးသွားသောအခါ သူသည် ကုတင်ပေါ်၌ လှဲနေတုန်းပင်။ ရှန့်ချန့်ယန် သူ့ခြေကျင်းဝတ်ကို ဆွဲပြီး သူ့အား ဆွဲချလိုက်သည်။ ဟိုင်ရိမှာ ရုတ်တရက် လှုပ်ရှားပြီး ချက်ချင်း တက်ကြွလာ၏။
ရှန့်ချန့်ယန်က ရယ်လိုက်သည်။
"သွားရအောင်"
အကြောင်းတစ်ခုခုကြောင့် ဟိုင်ရိသည် ရှန့်ချန့်ယန်၏ အခြေအနေ ရုတ်တရက် တိုးတက်လာသည်ဟု ခံစားရ၏။
ဟိုင်ရိသည် ကုတင်ပေါ်၌ ထိုင်ပြီး ရှန့်ချန့်ယန်၏ မျက်နှာအမူအရာကို ပွင့်ပွင့်လင်းလင်း ကြည့်လိုက်သည်။ ရှန့်ချန့်ယန်မှာ သူ့ဖုန်းအား ကြည့်နေ၏။
ရှန့်ချန့်ယန်က ဟိုင်ရိ၏ အကြည့်ကို ခံစားမိသောအခါ မျက်ခုံးပင့်လိုက်သည်။
ဟိုင်ရိသည် ထရပ်လိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်၏။
"မြန်မြန်လာတတ်သလို မြန်မြန်လည်း ထွက်သွားတာပဲ"
ဟိုင်ရိ၏ မှတ်ဉာဏ်ထဲတွင် ထိုသည်ကား ရှန့်ချန့်ယန်၏ ဖျားနာမှု အဆိုးဆုံး ဖြစ်ဖူးတာဖြစ်သည်။ နောက်ပိုင်းတွင် ရှန့်ချန့်ယန်သည် အချိန်အကြာကြီး ဘာတိုက်ခိုက်မှုမှ မရှိဘဲ နေနိုင်ခဲ့သည်။
ထိုအချိန်တုန်း၌ သူသည် ရှန့်ချန့်ယန်၏ ရှုပ်ထွေးပြီး အမြဲပြောင်းလဲနေသော စိတ်ခံစားမှုများကို လုံးဝ နားမလည်နိုင်ခဲ့သလို သူ၏အတွေးများကိုလည်း နားမလည်နိုင်ခဲ့ပေ။
လူသားတို့၏ စိတ်ခံစားမှုများသည် ရေကန်တစ်ခုလိုပင်၊ ရေအောက်မှာ လှိုင်းလုံးကြီးများရှိနေသော်လည်း မျက်နှာပြင်မှာတော့ လေပြေအေးလေး တိုက်ခတ်သလို လှိုင်းငယ်လေးများသာ ရှိနေ၏။
ဟိုင်ရိ ရှန့်ချန့်ယန် ပြသသည်ကိုပဲ မြင်နိုင်ပြီး ရေအောက်က လှိုင်းလုံးများကို မမြင်နိုင်ခဲ့ပေ။
၎င်းသည် သူတို့နှစ်ဦးလုံးအား ဆွဲမြိုပစ်ရန် ခြိမ်းခြောက်နေခဲ့သည်။
🌟🌟🌟