Chapter - 1 : သေမင်းတမန်ဌာန ( 1 )
Viewers 1k

Chapter - 1 : သေမင်းတမန်ဌာန ( 1 )

ယခုနှစ် တုန်းချန်မြို့သည် အရင်နှစ်များထက် အပူရှိန် ပို၍ ပြင်းထန်လေသည်။

ဇွန်လထဲသို့ ရောက်စဖြစ်သော်လည်း လူများသည် နွေရာသီဝတ်စုံများ ဝတ်ဆင်နေကြပြီ ဖြစ်သည်။

ဘတ်စ်ကား၌ လူများပြည့်ကျပ်နေသည်။ မတော်တဆ ခေါင်းလှည့်မိလျှင်ပင် လူဆယ်ယောက်ခန့်အား မျက်နှာပေါ် နမ်းမိနိုင်မည်ဟု ထင်ရသည်။

အများစုသည် အေးမြသော အဝတ်အစားများ ဝတ်ထားကြသော်လည်း ထိုသို့ပင် ပူနွေးနေဆဲ ဖြစ်သည်။ လူပြည့်ကျပ်နေသော ခေါင်းများကြားတွင် လက်ရှည်ဘောင်းဘီရှည်နှင့် နေကာမျက်မှန် တပ်ဆင်ထားသည့် အမျိုးသားမှာ ထူးခြားစွာ ထင်ရှားနေသည်။

သူသည် ရာသီဥတုနှင့် မလိုက်ဖက်စွာ လေးလံသည့်ဝတ်စုံ ဝတ်ထားပြီး ခေါင်းမှ ခြေဖျားအထိ လုံခြုံစွာ ပတ်ထား၏။ လက်မောင်းတွင် အိတ်တစ်လုံး၊ လက်ထဲတွင် အနက်ရောင် ထီးရှည်တစ်ချောင်း ကိုင်ဆောင်ထားရာ တစ်ချက်ကြည့်လိုက်လျှင် ရုံးဝန်ထမ်းတစ်ဦးနှင့်ပင် တူသည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ပတ်နာရီအား ငုံ့ကြည့်လိုက်၊ ရှေ့တွင် ပိတ်ဆို့နေသော လမ်းကြောင်းအား မော့ကြည့်လိုက်ဖြင့် စိတ်ပူပန်သော လက္ခဏာများ သူ့မျက်နှာပေါ်တွင် ရှောင်လွဲ၍မရဘဲ ပေါ်လွင်နေသည်။

တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်သော တုန်းချန်တွင် လူဦးရေများပြားသည်။ ကန့်သတ်ချက်များ ချမှတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများမှာ ပုံမှန်အတိုင်းပင််လည်း ယာဉ်ကြောပိတ်ဆို့မှုများမှာ ပုံမှန်အတိုင်းပင် ဖြစ်နေ၏။ ဤလူသည် လမ်းပေါ်ရောက်နေသည်မှာ နာရီဝက်ရှိပြီဖြစ်သော်လည်း ရှေ့မှ မော်တော်ယာဉ်မှာ မရွေ့လျားသေးပေ။ ကားပင်လယ်အား ကြည့်ရုံဖြင့် အဆုံးအစွန်အား မမြင်နိုင်အောင် ဖြစ်နေသည်။

[ ဒင်းဒေါင်.. မင်းရဲ့ ဖောက်သည် ကောင်းကင်ဘုံကို သွားတော့မယ်၊ နောက်မကျအောင် သတိထားပါ ]

ဖုန်းထဲတွင် မက်ဆေ့ချ်အသစ် ပေါ်လာပြီး ထိုအမျိုးသားအား အချိန်ကို အာရုံစိုက်ရန် သတိပေးလိုက်သည်။

သေဆုံးသူများအား လမ်းပြပေးသော သေမင်းတစ်ဦးအနေဖြင့် အချိန်တိကျခြင်းသည် လုပ်ငန်းကျင့်ဝတ်၏ ပထမဆုံး စည်းကမ်းဖြစ်သည်။

သူသည် ဖုန်းအား ထုတ်ယူပြီး [ အိမ်တိုင်ရာရောက် သေမင်း ] အက်ပ်ကို ဖွင့်လိုက်ရာ Login စာမျက်နှာတွင် { ဆွဲဆောင်မှုရှိသော သေမင်း၊ အွန်လိုင်းမှ မှာယူမှုများ လက်ခံသည် } ဟူသော စာသား ပေါ်လာသည်။

"ကျွန်ုပ်၏ အော်ဒါ" အား ထပ်နှိပ်လိုက်သောအခါ သူ့ဖောက်သည်၏ အမှောင်စွမ်းအင်များ တိုးလာနေသည်ကို တွေ့ရသဖြင့် အချိန်များစွာ မကျန်တော့ပေ။

"ငါ ဒီအော်ဒါကို မယူခဲ့သင့်ဘူး၊ တစ်ခုခု မှားယွင်းသွားရင် ဒီလရဲ့ ခံစားခွင့်တွေပါ ပျောက်သွားမှာ စိုးရတယ်"

နေကာမျက်မှန်တပ် အမျိုးသားသည် စိတ်ထဲမှ ကြိမ်းမောင်းနေရင်း ဖြေရှင်းနည်းအား တွေးတောနေမိသည်။

သူသည် WeChat ကို နှိပ်ကာ pin ထောက်ထားသော အဆက်အသွယ်တစ်ခုဆီသို့ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

[ အစ်ကိုရွှိ၊ လူတစ်ယောက်ကို စုဆောင်းတာ ကူညီပေးပါဦး၊ လမ်းမှာ ငါ ထပ်ပိတ်မိနေပြန်ပြီ ]

[ ... ]

သူသည် ကျင့်သားရနေပုံပေါ်ပြီးနောက် မက်ဆေ့ချ်တစ်ခု ပြန်ရောက်လာသည်။

[ သေဆုံးတဲ့ နေရာ၊ ဖောက်သည် အချက်အလက် ]

[ ကျေးဇူးဗျာ အစ်ကိုရွှိ! ]

လုရွှိ တုံ့ပြန်သည်ကို မြင်သောအခါ ထိုအမျိုးသားသည် သက်ပြင်းချလိုက်ပြီး ဖောက်သည်အချက်အလက်နှင့် နေရာအား အလျင်အမြန် ပေးပို့လိုက်သည်။

[ မြို့သစ်အင်တာနက်ကဖေး... ]

လုရွှိသည် မက်ဆေ့ချ်အား အတည်ပြုပြီးနောက် စကိတ်ဘုတ်ပေါ်သို့ တက်လိုက်သည်။ ရှည်လျားသော ပုံသဏ္ဍာန်သည် စကိတ်ဘုတ်ပေါ်တွင် ရပ်နေပြီး သစ်ပင်များနှင့် ယာဉ်များမှာ နောက်သို့ လျင်မြန်စွာ ရောက်ရှိသွားကာ လေသည် နားများမှ တိုက်ခတ်ဖြတ်သန်းသွားပြီး အေးမြမှုအား သယ်ဆောင်လာသည်။

ထောင့်ချိုးတစ်ခုအနီးတွင် ဖုန်းဖြင့် လမ်းဖြတ်ကူးနေသော ဆံပင်တို ကောင်မလေးတစ်ဦး ရုတ်တရက် ပြေးထွက်လာသည်။ ကံကောင်းထောက်မစွာ လုရွှိသည် လျင်မြန်စွာ တုံ့ပြန်ပြီး မြန်မြန်ဆန်ဆန်ရပ်တန့်လိုက်နိုင်သည်။

"အဆင်ပြေရဲ့လား"

"ပြေပါတယ်..."

ကောင်မလေးသည် မော့ကြည့်လိုက်ရာ ရေစိုနေသကဲ့သို့သော မက်မွန်ရောင်မျက်လုံးတစ်စုံနှင့် ဆုံမိပြီး ချက်ချင်း မျက်နှာနီရဲသွားသည်။

"လမ်းဖြတ်ကူးတဲ့အခါ ဖုန်းမကြည့်နဲ့"

လုရွှိသည် နှုတ်ခမ်းအား ကွေးလိုက်ပြီး ခေါင်းအား စောင်းလိုက်ကာ ပြုံးလိုက်၏။

"မဟုတ်ရင် ငါ အလုပ်ပို လုပ်ရလိမ့်မယ်"

ကောင်မလေးသည် သူ့စကား၏ အဓိပ္ပာယ်အား နားမလည်ဘဲ အလိုအလျောက် နာခံစွာ ခေါင်းညိတ်လိုက်သည်။ လုရွှိ ပျောက်ကွယ်သွားမှ သူမသည် သတိပြန်ဝင်လာပြီး သူငယ်ချင်းများထံ မက်ဆေ့ချ်များ ပို့ရန် အလုပ်များနေ၏။

[ အားဟားဟား... သဲလေးတို့ရေ၊ ငါ ခုနက အရမ်းချောတဲ့ မောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်! ]

[ ဓါတ်ပုံ! ]

[ ရိုက်ချိန် မရလိုက်ဘူး ]

ကောင်မလေးသည် အခုနက အဆက်အသွယ် တောင်းရန် မတွေးမိခြင်းအတွက် စိတ်ဆိုးစွာ သက်ပြင်းချလိုက်သည်။ မူလက သူမသည် မက်ဆေ့ချ်ပို့ရင်း လမ်းဖြတ်ကူးရန် ပြင်နေသော်လည်း အဘယ်ကြောင့်မှန်းမသိ လုရွှိ၏ စကားအား ရုတ်တရက် သတိရသွားပြီး နောက်ဆုံးတွင် ဖုန်းမှ မျက်လုံးအား ဖယ်လိုက်သည်။

"ဘီပ်!!"

လူသွားလမ်းရှိ မီးနီနှင့် သူမအနီးမှ ဖြတ်သွားသော ယာဉ်များအား မြင်သောအခါ ကောင်မလေးသည် ရင်ဘတ်ကို ပုတ်ကာ အနည်းငယ် ကြောက်ရွံ့သွားသည်။ ကံကောင်းထောက်မစွာ သူမ သတိပြန်ရလာသည်။

တစ်ခုပြီးတစ်ခု ဖြစ်လုနီးနီးပင်....

ဘုရားကယ်လို့ မောင်လေးကယ်လို့ပေါ့...

_____

မြို့သစ်အင်တာနက်ကဖေးဆိုင်သည် မြောက်ဘက်လမ်းတွင် တည်ရှိပြီး မြေအောက်အထပ် အပါအဝင် နှစ်ထပ်ဆောင်ဖြစ်သည်။ ပတ်ဝန်းကျင်မှာ သိပ်မကောင်းသော်လည်း ကွန်ပျူတာများ၏ ကွန်ရက် အမြန်နှုန်းသည် ကောင်းမွန်သဖြင့် လူငယ်များ အဆက်မပြတ် လိုင်းသုံးရန် လာရောက်ကြသည်။

ဧည့်ကြိုကောင်တာမှဝန်ထမ်းသည် မျက်ကွင်းညိုညိုကြီးဖြင့် သန်းဝေကာ ငြီးငွေ့စွာ ဆေးလိပ်ငွေ့များအား မှုတ်ထုတ်နေသည်။ ရံဖန်ရံခါ မည်သည့်စက်တွင် အော်ဒါမှာသည်၊ မည်သည့်စက်တွင် အချိန်တိုးသည်အား ကြည့်နေ၏။

ယခုအခါ မိသားစုတိုင်းတွင် ကွန်ပျူတာ၊ လက်ပ်တော့ပ်များ ရှိကြသော်လည်း ဂိမ်းကစားခြင်း သို့မဟုတ် အင်တာနက်ကဖေးဆိုင်သည်သာ အကောင်းဆုံး ခံစားရသည်ဟု ဆိုရပေမည်။

သူသည် မောက်စ်အား ပေါ့ပေါ့ဆဆ ရွှေ့လိုက်ပြီး နံပါတ် ၄၄ ခုမြောက်လိုင်းတွင် အကြည့်အား ရပ်တန့်လိုက်သည်။

"ဟင်... သုံးရက်တောင်ရှိသွားပြီလား"

သူသည် ဤစက်ပိုင်ရှင်မှာ အမြဲလာတတ်သူဖြစ်ကြောင်း၊ ညလုံးပေါက် ဂိမ်းကစားလေ့ရှိပြီး အစားအသောက်နှင့် အိပ်စက်ခြင်းကိုပါ အင်တာနက်ကဖေးဆိုင်တွင် ဖြုန်းလေ့ရှိကြောင်း မရေမရာ သတိရလိုက်သည်။ သူသည် ဆက်မတွေးဘဲ ခေါင်းခါလိုက်၏။

ကျောင်းလစ်ပြီး အားလပ်ရက်များတွင် လူငယ်များစွာ လာကြပြီး နာရီပေါင်းများစွာနှင့် ရက်ပေါင်းများစွာ ထိုင်ကြသည်။

ပိုက်ဆံ ရသရွေ့ ကျန်တာ ဘာမှ မဆိုင်ဘူး...

သူ သန်းဝေကာ ခဏလောက် မျက်လုံးမှိတ်နေစဉ် တစ်စုံတစ်ယောက် တံခါးတွန်းဖွင့်ကာ ဝင်လာသည်အား အမြင်နှင့် ဖမ်းမိလိုက်သည်။

ထိုအမျိုးသားသည် လည်ပင်းတွင် နားကြပ်အနီရောင်အား ဆွဲထား၏။ လက်ထဲ၌ စကိတ်ဘုတ်အဖြူ ကိုင်ထားပြီး အနက်ရောင် အားကစားဝတ်စုံ ဝတ်ဆင်ထားကာ ခြေထောက်များသည် ဖြောင့်စင်း သွယ်လျ၏။

ဝန်ထမ်းမှာ လူအမျိုးမျိုး မြင်တွေ့ဖူးသူ ဖြစ်လျှင်ပင် ဤလူငယ်သည်လည်း အလှဆုံးများထဲမှ တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။

ရွှေအိုရောင်ဆံပင်မှာ အနည်းငယ် ကောက်ကွေးနေပြီး သွင်ပြင်လက္ခဏာများကလည်း အံ့မခန်း လှပနေသည်။ အသားအရေ ဖြူဖွေးခြင်း၊ လက်ဖျံ နှင့် ခြေသလုံး ဖြူဖွေးခြင်းတို့သည် ပထမတစ်ချက်ကြည့်လိုက်လျှင် အနည်းငယ် မျက်စိကျိန်းစရာ ကောင်းနေသည်။

ထိုသူသည် သူ့အား နှုတ်ခမ်းကွေးပြလိုက်သည်ကို မြင်သောအခါ ဝန်ထမ်းသည် သတိပြန်ဝင်လာပြီး တံခါးရှိ ကြော်ငြာစာတန်းအား လက်ညှိုးထိုးပြလိုက်သည်။

"မှတ်ပုံတင်ကတ် ယူလာလား... အရွယ်မရောက်သေးသူတွေ ဝင်ခွင့်မပြုဘူး"

လုရွှိသည် နှစ်ပေါင်း ၂၀၀ ကျော်ပြီဖြစ်၍ အရွယ်မရောက်သေးသူဟု သတ်မှတ်ခံရပြီး ပြုံးကာ ခေါင်းခါလိုက်သည်။

သူသည် ချက်ချင်း မှတ်ပုံတင်ကတ်အား မထုတ်ဘဲ အချိန်ကိုသာ ငုံ့ကြည့်လိုက်ပြီး ဝန်ထမ်းအား ပြောလိုက်သည်။

"ငါ လူတစ်ယောက်ကို ရှာဖို့ ဒီကို လာတာ"

"ဘယ်သူ့ကို ရှာတာလဲ"

ဝန်ထမ်းသည် လူအများကြီး၏ အမည်အားလုံးမမှတ်မိနိုင်သော်ကြောင့် ဖုန်းခေါ်ဆိုခြင်းသည် ပိုကောင်းကြောင်း ပြောချင်မိသည်။

သို့သော် လုရွှိသည် လက်ဆန့်ထုတ်ကာ ဘားပေါ်တွင် လက်ချောင်းထိပ်ဖြင့် ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။

"သုံးရက်ကြာ ဘာမှ မဖြစ်တာ မထူးဆန်းဘူးလား"

ဝန်ထမ်းသည် နံပါတ် ၄၄ အား အလိုအလျောက် သတိရသွားပြီး လုရွှိအား သံသယဖြင့် ကြည့်လိုက်သည်။

"သူတို့က ဂိမ်းအပျော်ဆော့ဖို့ လာတာ၊ သုံးရက်ငါးရက် မရပ်ဘဲ လုပ်ရတဲ့ဟာတွေ မကြာခဏ လုပ်လေ့ရှိတယ်"

ထိုသို့ဆိုသော်လည်း ဝန်ထမ်း၏ စိတ်ထဲတွင် မရှင်းပြနိုင်သော စိုးရိမ်စိတ် ပေါ်လာသည်။

သူသည် ထိုသူ၏ စကားအား ဂရုစိုက်ရန် မလိုအပ်သော်လည်း အဘယ်ကြောင့်မှန်းမသိ၊ သူ ပြောခဲ့သည့်အရာအား ကြားပြီးနောက် စိုးရိမ်စိတ်အား ခံစားနေရသည်။

သူသည် နံပါတ် ၄၄ သို့ မက်ဆေ့ချ် အရင်ပို့ပြီးမှ အခြားလူတစ်ယောက်အား သွားရှာခိုင်းလိုက်သည်။

သို့သော် ထိုနံပါတ် ၄၄ နေရာရှိ လူမှာ လှုပ်ရှားခြင်းမရှိသလို တုံ့ပြန်ခြင်းလည်း လုံးဝမရှိပေ။

ဝန်ထမ်းသည် စိတ်မသက်မသာ ဖြစ်သဖြင့် ခြေဆန့်ပြီး ထိုနေရာသို့ သွားလိုက်သည်။ စားပွဲပေါ်တွင် မှောက်လျက်လဲနေသော ထိုလူအား မြင်သောအခါ လက်ဆန့်ကာ လှုပ်နှိုးလိုက်သည်။

"ဟေး၊ ထပါဦး..."

"ဒုန်း..."

ဝန်ထမ်း၏ လှုပ်ရှားမှုနောက်တွင် စားပွဲပေါ်မှ ထိုလူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အသက်ရှူခြင်း လုံးဝ မရှိတော့ပေ။

ပတ်ဝန်းကျင်မှ လူများသည်လည်း ဝိုင်းအုံလာကြပြီး တစ်ခဏအကြာတွင် အော်သံတစ်ခု ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်း... သေပြီဟ!!!"

ချက်ချင်းဆိုသလိုပင် လူများသည် ရှုပ်ထွေးပွေလီစွာ ကမူးရှူးထိုး ဖြစ်ကုန်ကြသည်။


~~~