Chapter : 43 ( မီး မိန်းကလေး [18] )
Viewers 3k

Chapter : 43 ( မီး မိန်းကလေး [18] )

ဟိုင်ရိ၏ ဘဝတစ်လျှောက်လုံးတွင် နှလုံးခုန်နှုန်း ဤမျှမြန်နိုင်ကြောင်း သိရှိရခြင်းသည် ယခုအကြိမ်၌ ပထမဆုံးပင်ဖြစ်သည်။

သူသည် ထိုနေရာ၌ပင် အသက်ရှူကျပ်ပြီး သေသွားမည်ကိုပင် ကြောက်ရွံ့နေခဲ့၏။

ဤသည်ကား မည်သည့်အခြေအနေမျိုးနည်း။

မတော်တဆ ဟော်မုန်းများခြင်းကြောင့် ဖြစ်ပေါ်လာသော ရုတ်တရက် လုပ်ဆောင်မှုတစ်ခုလား..

ဟိုင်ရိ၏ စိတ်သည် လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ ၎င်း၏ မည်သည့်အစိတ်အပိုင်းမျှ အလုပ်မလုပ်တော့ပေ။ သူသည် လေထဲတွင် လွင့်မျောနေသော ပလပ်စတစ်အိတ်တစ်လုံးကဲ့သို့ပင် စွမ်းဆောင်ရည်အားလုံး ဆုံးရှုံးသွားပြီဟု ခံစားရသည်။ လေတိုက်ရာသို့ သူလွင့်ပါသွားတော့မည်။ သူသည် အမြင့်ဆုံးသော တိမ်တိုက်များထက်သို့ ကျော်လွန်၍ လွင့်မျောသွားတော့မည်လား။

ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ နားအနီးသို့ လက်တစ်ဖက်ကို ထောက်ထားလိုက်သည်။ သူသည် မှောင်ထဲတွင် တောက်ပသော မျက်လုံးများဖြင့် သူ့ကို ငုံ့ကာ စိုက်ကြည့်လိုက်၏။ ဟိုင်ရိသည် အရိုင်းလောကတွင် ဤမျှတောက်ပသော မျက်လုံးများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ဆက်တိုးရမလား၊ ဆုတ်ခွာရမလား...

တကယ်တော့၊ လမ်းနှစ်သွယ်လုံးတွင် သေခြင်းတရား ရှိနေသည်သာ မဟုတ်ပါလား။

ဟိုင်ရိသည် ခဏတာ တွေဝေသွားသည်။ အားလုံးကို သူ၏ဗီဇအပေါ် ပုံအပ်ပြီး ခေါင်းကို မော့ကာ ရှေ့တိုးလိုက်သည်။ သူမျက်လုံးများကို မှိတ်လိုက်ပြီး ရှန့်ချန့်ယန်ကို နမ်းလိုက်၏။

ရှန့်ချန့်ယန်က သူ့ကို နောက်သို့တွန်းလိုက်ရာ ဟိုင်ရိသည် ခေါင်းအုံးပေါ်သို့ လဲကျသွားသည်။ ငါးညှီနံ့သင်းသော သွေးနံ့သည် သူ့နှာခေါင်းဝအတွင်း လွှမ်းခြုံလာ၏။ ရှန့်ချန့်ယန်သည် သူ့သွားများကို ကျော်လွန်ကာ တိုက်ရိုက်ထိုးသွင်းလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ဟိုင်ရိသည် လက်ခံသူဘက်မှ ဖြစ်သွားသည်။ သူသည် တုံ့ပြန်မှုအနေဖြင့် ပါးစပ်ကို ဖွင့်လိုက်၏။

ရှန့်ချန့်ယန်သည် လက်ကိုဆန့်တန်းကာ ဟိုင်ရိ၏ ခါးကိုထိလိုက်သည်။ သူ၏လက်တွင် စိုစွတ်နေဆဲဖြစ်သော သွေးများ၏ ခံစားမှုကို ခံစားမိ၏။ ဟိုင်ရိမှာ အသက်ရှူမှားသွားပြီး ထိုအချိန်၌ လုံးဝနိုးကြားနေပြီဖြစ်သည်။

ရှန့်ချန့်ယန် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ဟိုင်ရိ၏လည်ပင်းထဲသို့ ခေါင်းကိုနှစ်လိုက်၏။

ဟိုင်ရိ : "..."

သူသည် ရှန့်ချန့်ယန်၏ ကျောကို မသိစိတ်ဖြင့် ပုတ်ပေးလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းသည် နှစ်သိမ့်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်၏။ ဟိုင်ရိကိုယ်တိုင်ပင် ထိုအချိန်က သူ၏ခေါင်းထဲတွင် မည်သည့်အတွေးများ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

အဆင်ပြေရဲ့လား... မေမေနားလည်ပါတယ်

ဟိုင်ရိ စဉ်းစားမိသည်။

မဟုတ်လောက်ပါဘူး၊ ငါက ဒီခံစားချက်ထဲမှာ အရမ်းနက်နက်ရှိုင်းရှိုင်းကို နစ်ဝင်နေတာပဲ...

ခဏအကြာ ရှန့်ချန့်ယန်သည် ထထိုင်ပြီး သူ့ကို အမှောင်ထဲတွင် တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ဟိုင်ရိ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေပြီဖြစ်၏။ 

သူ၏စိတ်အခြေအနေသည် လေနှင့်လှိုင်းများကြားတွင် လှုပ်ခါနေသော လှေငယ်လေးတစ်စင်းလို ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း သူသည် လုံးဝတည်ငြိမ်ပြီး မတုန်လှုပ်ဟန် ရှိနေသည်။

"မင်း..."

''ခင်ဗျား.....''

နှစ်ဦးစလုံး တစ်ချိန်တည်း ပြောလိုက်ကြသည်။

ထိုအရာက ထပ်ဖြစ်ပြန်သည်။ 

"ငါ..."

''ကျွန်တော်...''

သူတို့ ရယ်မောလိုက်ကြ၏။ ရှန့်ချန့်ယန်သည် ကွဲအက်နေသော အိုးကို ရိုက်ခွဲခြင်းသဘောဖြင့် လက်ကိုဝှေ့ယမ်းကာ ကြေညာလိုက်သည်။ 

"ကျွန်တော် ခင်ဗျားကို လိုက်မယ်"

ဟိုင်ရိ : "?"

ဟိုင်ရိ : "?????"

အယ်! ရူးနေပြီ! ရူးသွပ်နေပြီ!

သို့မဟုတ် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားပြီလား! လူသားတွေ အဆုံးသတ်သွားပြီလား! ဒါမှမဟုတ် ငါသေနေပြီလား!

ဟိုင်ရိသည် လက်ကို အဓိပ္ပာယ်မဲ့စွာ ဝှေ့ယမ်းကာ ပြန်ချလိုက်သည်။ ရည်ရွယ်ချက်မရှိဘဲ သူ၏ဆံပင်ကို သပ်တင်လိုက်၏။

ဟိုင်ရိ : "ဪ...ဟုတ်ပါပြီ"

ရှန့်ချန့်ယန်ပင် သက်ပြင်းချလိုက်ပြီး သိသိသာသာ ပြေလျော့သွားသည်။ သူသည် ဟိုင်ရိနှင့် ပခုံးချင်းယှဉ်ကာ ပြန်လဲလျောင်းလိုက်၏။

ဟိုင်ရိ စဉ်းစားနေသော်လည်း နားမလည်ခဲ့ပေ။

သူက ငါ့ကို တကယ်ပဲ ကြိုက်တာလား… တကယ်လား... ဘာလို့လဲ... ဘယ်အပိုင်းကိုကြိုက်တာလဲ...

ရှန့်ယွီတောင် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ပေမယ့် သူ့ကို မရခဲ့ချေ။ 

ဒါဆို အခုမှ ဘာလို့ရုတ်တရက် ငါ့ကိုကြိုက်တာလဲ...

ဟိုင်ရိ အတွေးတစ်ခု ပေါ်လာသည်။ 

ဒီမှာ ထီလက်မှတ် ရောင်းလား...နှစ်စောင်လောက် ဝယ်ရမလား…

ရှန့်ချန့်ယန် : "ဘာလို့ စကားမပြောတာလဲ"

"ငါ ကြောင်နေတယ်" 

ဟိုင်ရိက ရိုးရိုးသားသား ပြောသည်။

"ဘာပြောရမှန်း မသိဘူး"

ရှန့်ချန့်ယန် : "ဘာကို ကြောင်တာလဲ"

ဟိုင်ရိ : "ဒီတိုင်း...အရမ်းကို ကြောင်နေတာ၊ ထားလိုက်ပါ၊ မင်း နားလည်မှာ မဟုတ်ဘူး"

ရှန့်ချန့်ယန် လှည့်ပြီး သူ့ကို ကြည့်လိုက်သည်။ သို့သော် ဟိုင်ရိမှာ သူ့အကြည့်ကို ရင်မဆိုင်ရဲပေ။

"ခင်ဗျားရဲ့ နှလုံးခုန်သံကို ကြားနေရတယ်"

ရှန့်ချန့်ယန်က ပြောလိုက်၏။

ဟိုင်ရိ : "..."

သူ့ကြောင့် ဟိုင်ရိ၏ မျက်နှာတစ်ခုလုံး နီရဲသွား၏။ ထိုနီမြန်းခြင်းသည် ယခုတိုင် မပျောက်ပျက်ဘဲ ရှိနေဆဲဖြစ်သည်။

ရှန့်ချန့်ယန်သည် ဟိုင်ရိ၏လက်ကိုယူကာ သူ၏ရင်ဘတ်ပေါ် တင်လိုက်သည်။ 

"ကျွန်တော့်နှလုံးခုန်သံလည်း ဒီလိုပါပဲ"

ဟိုင်ရိသည် သူ၏နှလုံးခုန်သံမှာလည်း ရူးသွပ်စွာ ခုန်နေသည်ဟု ခံစားရသည်။ ရှန့်ချန့်ယန် သူ၏ရင်ဘတ်ကို ထိလိုက်သည့်အခါ နှစ်ဦးစလုံး ပဲ့တင်သံတစ်ခုကို ခံစားလိုက်ရ၏။

ဟိုင်ရိ : "မင်း..."

ရှန့်ချန့်ယန်: "ဒါ ပထမဆုံးအကြိမ် ဖွင့်ပြောတာ”

"မဖြစ်နိုင်တာ!" 

ဟိုင်ရိက အော်လိုက်သည်။

"နေဦး၊ မင်း ဖွင့်ပြောလိုက်တာလား"

ရှန့်ချန့်ယန် : "ဒါကိုထည့်မတွက်ဘူးလား"

ဟိုင်ရိ : "ဘယ်စာကြောင်းလဲ"

ဟိုင်ရိ သူတကယ် နားကြားမှားခဲ့သည်လို့ ထင်လိုက်သည်။

ရှန့်ချန့်ယန်မှာ ပြောစရာ ရွေးချယ်စရာမရှိဘဲ

"ကျွန်တော် ခင်ဗျားကိုကြိုက်တယ်၊ ခင်ဗျားကို လိုက်လို့ရမလား၊ ရွှိုက်ကော"

( TN : ရွှိုက်ကော၊ ‌ရုပ်ချောတဲ့ကောင်လေး ) 

ဟိုင်ရိက ခပ်ဖယ်ဖယ် ပြန်ဖြေလိုက်၏။

"ရတာပေါ့"

ရှန့်ချန့်ယန် ရယ်မောလိုက်သည်။
ဟိုင်ရိကို လူများစွာက ကြိုက်ခဲ့ကြပြီး အကြိမ်ပေါင်းများစွာ ဖွင့်ပြောခံခဲ့ရသော်လည်း သူ အချစ်ကို တုံ့ပြန်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏အချစ်သည် တစ်ဖက်သတ်ဟု ထင်ခဲ့ပြီး၊ ဤဘဝတွင် ရှန့်ချန့်ယန်၏ ကျောပြင်ကိုသာ မြင်ရပြီး လှည့်လာသည်ကို ဘယ်တော့မှ မြင်ရမည်မဟုတ်ဟုပင် ယူဆခဲ့၏။

ဟိုင်ရိသည် သူ၏အချစ်ကို တုံ့ပြန်မှုရရှိရန် တစ်ခါမျှ မျှော်လင့်ခဲ့ဖူးခြင်းမရှိပေ။ သူသည် မိမိကိုယ်ကိုပင် ပြောခဲ့သည်မှာ လျှို့ဝှက်စွာ တစ်စုံတစ်ယောက်ကို ကြိုက်ခြင်းသည် အားနည်းခြင်းမဟုတ်၊ အကြောင်းမှာ သူလည်း ပျော်ရွှင်မှုကို ရရှိခဲ့သောကြောင့်ဖြစ်၏။

သူသည် ရှန့်ချန့်ယန် သူ့ကို နောက်ပြန်ကြည့်ပြီး သတိထားမိလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ရှန့်ချန့်ယန်နှင့် သူသည် လှပသော အဆုံးသတ်မျိုး ရှိမည်မဟုတ်ပေ။ ထိုသို့သော ဆန္ဒကို အကောင်အထည်ဖော်ရန် ခက်ခဲမှုသည် အလွန်ကြီးမားခဲ့သည်။ သို့သော် ရှန့်ချန့်ယန် သူ့ကိုကြိုက်သည်ဟု ပြောလိုက်သည့်အချိန်တွင် ဟိုင်ရိသည် သူ့ဘဝတွင် ပျော်ရွှင်မှုနှင့် ပျော်ရွှင်ခြင်းသာ ရှိသည်ဟု ခံစားရဆဲဖြစ်၏။ သူ၏ယခင်ခံစားခဲ့ရသော ဆင်းရဲဒုက္ခအားလုံးသည် လွန်လေပြီးသော အရာများသာ ဖြစ်သွားခဲ့သည်။

ဟိုင်ရိသည် အချစ်တွင် ထိုမျှသော စွမ်းအားရှိလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။

ရှန့်ချန့်ယန် : "ပထမဆုံးအနေနဲ့"

ဟိုင်ရိ : ?

ရှန့်ချန့်ယန် ဟိုင်ရိ၏ ဖုန်းကို တောင်းဆိုရင်း လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။ ဟိုင်ရိက သူ့ကို ပေးလိုက်ပြီး ရှန့်ချန့်ယန်က သူ့လက်ဗွေဖြင့် ဖွင့်လိုက်၏။ ထို့နောက် သူသည် သူ့သူငယ်ချင်းများစာရင်းကို ကြည့်ရှုပြီးနောက် ဟိုတယ်၏ ဧည့်ခံကောင်တာမှ တစ်ယောက်ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။

ရှန့်ချန့်ယန်သည် chat မှတ်တမ်းကို ဖွင့်ကြည့်လိုက်ရာ သူမြင်ရသောအရာကို ကျေနပ်ပုံရသွားသည်။ ဟိုင်ရိက ဖျက်ပစ်ချင်သည်ဟု တွေးခဲ့သော်လည်း ရှန့်ချန့်ယန်က ရိုးရိုးလေးပဲ မေးလိုက်သည်။

"ဒါတွေပဲလား"

ဟိုင်ရိ : "အာ..."

ရှန့်ချန့်ယန် : "ကျွန်တော် သူနဲ့ ဒီဇာတ်ရုပ်အတွက် ပြိုင်မယ်၊ ဘယ်လိုလဲ"

ဟိုင်ရိ : "ဟားဟားဟားဟားဟား"

ခဏအကြာတွင် ရှန့်ချန့်ယန် တကယ်ပဲ အလေးအနက်ထားကြောင်း သူသိလိုက်ရသည်။ ဟိုင်ရိက မေးလိုက်၏။

"မင်း အဆင်ပြေရဲ့လား"

ရှန့်ချန့်ယန် : "တခြားသူ ရှိသေးလို့လား"

ဟိုင်ရိ : "... တခြားသူ မရှိတော့ဘူး"

"ဪ" 

ရှန့်ချန့်ယန်က ပြောလိုက်သည်။

"ဒါဆို ကျွန်တော့်မှာပြိုင်ဘက်တစ်ယောက်ပဲ ရှိတာပေါ့"

ဟိုင်ရိက မတတ်သာစွာ ပြောလိုက်၏။

"ပြိုင်ဆိုင်မှု မရှိပါဘူး..."

သူ လိုက်သည်ဖြစ်စေ၊ မလိုက်သည်ဖြစ်စေ၊ အရာရာတိုင်းသည် အချည်းနှီးသာ။ ဟိုင်ရိ၏အမြင်အရ၊ သူသည် ရှန့်ချန့်ယန်ကို ဟုတ်ကဲ့ဟု ပြောခဲ့ပြီးပြီဖြစ်သည်။

အရာရာတိုင်းက ဒီလိုဖြစ်နေပြီ၊ လိုက်တာ မလိုက်တာ ဘာပြောနေကြတာလဲ။

"ရှိရမယ်"

ရှန့်ချန့်ယန်က တည်တည်ကြည်ကြည် ပြောလိုက်သည်။ 

"ကျွန်တော် ခင်ဗျားနောက်ကို လိုက်မယ်၊ ခင်ဗျားဆုံးဖြတ်ချက်မချခင် ကျွန်တော် ရမလား မရဘူးလားဆိုတာ အကဲဖြတ်ပေး"

ရှန့်ချန့်ယန်၏ အကြည့်သည် ပုံမှန်မဟုတ်ဘဲ အလေးအနက်ထားနေသည်။ ဟိုင်ရိ၏ နှလုံးသားသည် တုန်လှုပ်သွား၏။ 

အကြောင်းတစ်ခုခုကြောင့် ရှန့်ချန့်ယန်သည် တစ်စုံတရာ စိုးရိမ်ပူပန်နေပြီး တစ်စုံတရာ မိမိကိုယ်ကို အားငယ်နေသလို ဟိုင်ရိခံစားရသည်။ ပို၍တိကျစွာဆိုရလျှင် ဟိုင်ရိက သူ့ကို ငြင်းစေချင်နေ၏။

ထိုသို့ဆိုလျှင် ဟိုင်ရိသည် ရှန့်ချန့်ယန်၏ ရည်ရွယ်ချက်များကို နားလည်လိုက်သည်။ ရှန့်ချန့်ယန်သည် သူ့ကို အမှန်တကယ် ကြိုက်နှစ်သက်သော်လည်း ဟိုင်ရိက သူ့ကို မကြိုက်ဘဲ ငြင်းပယ်ရန် မျှော်လင့်နေခဲ့၏။

ဟိုင်ရိသည် မျက်နှာကျက်မီးများကို မော့ကြည့်လိုက်သည်။ 

"မင်းဘာတွေးနေလဲဆိုတာ ငါသိတယ်"

ရှန့်ချန့်ယန် : "ကျွန်တော် ခင်ဗျားနဲ့ အကြာကြီးအတူရှိနိုင်မှာ မဟုတ်ဘူး"

ဟိုင်ရိသည် တစ်ညလုံး ရိုလာကိုစတာစီးနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ရှန့်ချန့်ယန်၏ အသံသည် တည်ငြိမ်နေ၏။

"ဒီနေရာကို ကျွန်တော်လာတုန်းက ကျွန်တော့်ရဲ့ စိတ်ပျက်အားငယ်မှုတန်ဖိုးက သမိုင်းမှတ်တမ်းကို ချိုးဖျက်ခဲ့တယ်"

"တခြားစကားလုံးနဲ့ပြောရရင် ကျွန်တော့်ထက်သေချင်တဲ့လူ ဘယ်သူမှ မရှိခဲ့ဖူးဘူး"

ညဘက်တွင် ရှန့်ချန့်ယန်၏ ကြည်လင်သောအသံက သူ၏ဝမ်းနည်းဖွယ်ပြောဆိုမှုကို ပိုမိုလှုပ်ရှားစေခဲ့သည်။ 

"ကျွန်တော် တစ်နေ့တာရဲ့ အချိန်တိုင်းမှာ သေချင်နေခဲ့တာ"

"ဒီမှာ စိတ်ပျက်အားငယ်မှုတန်ဖိုးက ပိုက်ဆံနဲ့ တူတယ်၊ ခင်ဗျား ပိုခံစားရလေ၊ ခင်ဗျား ပိုချမ်းသာလေပဲ… ကျွန်တော် ဒီကိုရောက်တုန်းက ကျွန်တော့်အမှတ်တွေက လုံလောက်လုနီးပါးဖြစ်နေပြီ… ကျွန်တော်အလုပ်အများကြီး လုပ်ခဲ့တယ်၊ ဒါပေမယ့် သူတို့က ကျွန်တော့်ရဲ့သေဆုံးခြင်းလျှောက်လွှာကို အတည်ပြုမှာ မဟုတ်ဘူး… ကျွန်တော် ဒီမှာနေတဲ့အချိန်တွင်း သက်တောင့်သက်သာဖြစ်တယ်လို့ သတ်မှတ်နိုင်သေးတယ်၊ ဒါကြောင့် ကျွန်တော့်လျှောက်လွှာကို အတည်မပြုနိုင်ရင်တောင် အဲဒီတုန်းက သိပ်ပြီး စိတ်မပူခဲ့ဘူး"

ရှန့်ချန့်ယန်က ပြော၏။ 

"ဒါပေမယ့် တစ်ခါက ကျွန်တော်အလုပ်တစ်ခုမှာ ရှုံးခဲ့ဖူးတယ်"

ဟိုင်ရိ : "..."

ရှန့်ချန့်ယန် : "ကျွန်တော့်ကို လူသတ်သမားအဖြစ် သတ်မှတ်ပြီး မဲပေး ထုတ်ပယ်လိုက်တယ်"

ဟိုင်ရိက မယုံကြည်နိုင်စွာ ပြောလိုက်သည်။ 

"ဘာ"

ရှန့်ချန့်ယန် : "ပထမဆုံး အလုပ်တွေမှာ ပါဝင်စပြုတုန်းကပါ၊ ကျွန်တော် အတွေ့အကြုံ သိပ်မရှိဘဲ သတိမထားမိခဲ့ဘူး" 

"ဒါကြောင့် ကျွန်တော် ရှုံးခဲ့တယ်၊ ရှုံးပြီးနောက်မှာတောင် မသေနိုင်တာကြောင့် ပြန်သွားလိုက်တာ ပိုကောင်းမယ်လို့ တွေးနေတုန်းပဲ၊ ဘာမှ မဟုတ်ဘူး...ဒါပေမယ့် မိနစ်အနည်းငယ်အတွင်း ပြန်သွားပြီးနောက် ကျွန်တော် ပြန်ရောက်လာတာပဲ"

ရှန့်ချန့်ယန် : "ကျွန်တော်လက်တွေ့ဘဝဆီ ပြန်ရောက်ပြီးတော့... ပိုက်တွေကို ချက်ချင်း ဆွဲထုတ်လိုက်တယ်"

ဟိုင်ရိ၏ မျက်လုံးများမှ မျက်ရည်တစ်စက် မတော်တဆ ကျဆင်းလာသည်။ သူ ညင်သာစွာ ပြောလိုက်သည်။

"မင်း အရင်က နိုးခဲ့ဖူးတာပဲ"

"ကျွန်တော် ပြန်ရောက်ပြီးနောက်ပိုင်း လုံးဝ မခံနိုင်တော့ဘူး"

အစကနေအဆုံးအထိ ရှန့်ချန့်ယန်သည် တခြားတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြနေခဲ့သလိုပင်။ 

"ဖိအားနဲ့ စိုးရိမ်ပူပန်မှုတွေက ကျွန်တော့်ကို ရုတ်တရက် လွှမ်းမိုးသွားတယ်… တစ်မိနစ်တောင် မခံနိုင်ခဲ့ဘူး"

ရှန့်ချန့်ယန် : "အဲဒီနေရာက ကျွန်တော်နဲ့ မကိုက်ညီဘူး"

ဟိုင်ရိ : "ကိစ္စတွေက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ"

ဒါပေမယ့် ဒီမေးခွန်းကို ဘယ်သူဖြေနိုင်မလဲ။ ရှန့်ချန့်ယန်သာ အဖြေကို သိခဲ့ရင်၊ သူ ဒီအခြေအနေကို ရောက်လာပါ့မလား။ သူ သေခြင်းနဲ့ ဒီလောက်တွယ်တာနေပါ့မလား။

ဟိုင်ရိ : "ဒီနှစ်တွေအားလုံး၊ မင်း အမြဲတမ်း ဒီလိုပဲ နေခဲ့တာလား"

"သိပ်ထူးဆန်းတယ်" 

ရှန့်ချန့်ယန်က စတင်ပြောလိုက်သည်။

"ဒီလိုခံစားချက်မျိုးက ကျွန်တော့် ပွဲဦးထွက်ပြီးမှ စဖြစ်ခဲ့တာ ထင်တယ်၊ အနုပညာရှင်တစ်ယောက်ဖြစ်ရတာက နည်းနည်းပိုဖိအားများတယ် ထင်တယ်၊"

ဟိုင်ရိက ခေါင်းကို ရှန့်ချန့်ယန်၏ ပခုံးပေါ်တင်ကာ တိတ်ဆိတ်စွာ နှစ်သိမ့်နေသည်။ သူ၏လက်ရှိခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြနိုင်မည်မဟုတ်ဟု သူခံစားရသည်။

ရှန့်ချန့်ယန်က သူ့ကို လှမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ခင်ဗျားနဲ့အတူ ပြန်သွားပြီး ကျွန်တော်တို့ရဲ့အခြေအနေတွေကို အတူတူ ကုသချင်တယ်၊ ဒါပေမယ့် ခင်ဗျားနဲ့ အကြာကြီးအတူရှိနိုင်မှာ မဟုတ်ဘူး"

ဟိုင်ရိ ဘာပြောရမှန်းမသိတော့ပေ။

ရှန့်ချန့်ယန် : "အဲတော့ ကျွန်တော် ခင်ဗျားကို လိုက်မယ်၊ ခင်ဗျား စဉ်းစားကြည့်"

ဟိုင်ရိ ငိုလိုက်သည်။
သူ့ရင်ဘတ်ပေါ်က စိုစွတ်မှုကို ခံစားမိပြီး ရှန့်ချန့်ယန်က သူ့ကို ချက်ချင်း ငုံ့ကြည့်လိုက်၏။ ဟိုင်ရိ ဘာလို့ ငိုနေမှန်း မသိပေမယ့် သူအလွန်ဝမ်းနည်းစွာ ငိုကြွေးနေသည်။ ပါးစပ်မှ စကားတစ်ခွန်းမျှ မထွက်ဘဲ မျက်ရည်တွေက သူ့မျက်နှာတစ်ခုလုံးကို စီးကျနေ၏။ 

ရယ်ရမလား၊ ငိုရမလား မသိဘဲ ရှန့်ချန့်ယန်က အာမေဍိတ်သံပြုလိုက်သည်။

"ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ?!" 

ဟိုင်ရိ ခေါင်းခါလိုက်၏။ 
သို့သော် သူ ရပ်တန့်လို့မရခဲ့ပေ။

ရှန့်ချန့်ယန် ကျရှုံးသွားသည်။ 

"မငိုပါနဲ့...မငိုပါနဲ့...ကောကော... ခင်ဗျား ဘာလုပ်ချင်တာလဲဟင်...ခင်ဗျား ဘာလိုချင်လဲ...ဟမ်...ဘာဖြစ်တာလဲ!"

ဟိုင်ရိလည်း သူ့မျက်ရည်တွေ ရပ်တန့်စေချင်ခဲ့သည်။ သို့ပေမယ့် သူတို့သည် ဆက်ပြီး စီးကျနေတုန်းပင်။ ဤသည်က ရှန့်ချန့်ယန် သူ့ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မသက်ဆိုင်ချေ။ ရှန့်ချန့်ယန် တစ်ချိန်က နိုးထခဲ့ဖူးကြောင်းကို သူ အခုမှ သိခဲ့ရ၏။ သို့ပေမယ့် နိုးထပြီးနောက်မှာတောင် ထွက်ခွာဖို့ ရွေးချယ်ခဲ့သည်။

ဟိုင်ရိသည် အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးသည်။ အဖြစ်အပျက်မတိုင်ခင်ကသာ ရှန့်ချန့်ယန်ကို ပိုမိုနှစ်သိမ့်မှုနဲ့ အချစ်စကားတွေ ပေးခဲ့မယ်ဆိုရင် အရာရာတိုင်း ပြောင်းလဲသွားနိုင်၏။ အဖြစ်အပျက်ပြီးနောက် အကူအညီက နည်းနည်းစောရောက်ခဲ့ရင် သူ့ဘဝကို ကယ်တင်နိုင်ခဲ့မည်။

ထို့ကြောင့် ရှန့်ချန့်ယန် တစ်ချိန်က နိုးထပြီးနောက် ထပ်မံထွက်ခွာရန် ရွေးချယ်ခဲ့သည်ကို ဟိုင်ရိ လက်ခံရန် အလွန်ခက်ခဲခဲ့သည်။ သူ၏စိတ်ဝိညာဉ်သည် ပြိုလဲလုဆဲဆဲဖြစ်သည်ဟု ခံစားရ၏။

သူ၏ ကြေကွဲဖွယ်ရာ အတွေ့အကြုံများသည် ဟိုင်ရိနှင့် ထပ်တူကျသွားသည်ဟု တွေးပြီး ရှန့်ချန့်ယန်သည် သူ့မျက်ရည်များကိုသာ သုတ်ပေးနိုင်ခဲ့သည်။ ရှန့်ချန့်ယန်က မေးလိုက်၏။

"တော်တော်ဆိုးတယ်နော် ဟုတ်တယ်မလား၊ ဒါပေမယ့် ဒီလောက်ထိ ငိုရလောက်အောင်တော့ မဟုတ်ပါဘူး"

ဟိုင်ရိက ရှိုက်ကြီးတငင် ရယ်မောရင်း သူ့ကို ဆဲဆိုလိုက်သည်။

ရှန့်ချန့်ယန် : "ကော၊ ကျွန်တော် ခင်ဗျားကို တကယ်ပဲ အရမ်းကြိုက်တယ်… ကျွန်တော့်အတိတ်ကို စိတ်ထဲမထားပါနဲ့၊ ကျွန်တော် ဒီလောကထဲကို ငယ်ငယ်လေးနဲ့ ရောက်လာခဲ့ပြီး အရင်က ဘယ်တုန်းကမှ ချစ်သူမထားခဲ့ဘူး၊ ပွဲဦးထွက်ပြီးနောက်မှာလည်း ချစ်သူထားဖို့ မရဲခဲ့ဘူး၊ အဲဒီရှန့်ယွီနဲ့ဆိုတာကလည်း...အဲဒါကို ချစ်သူထားတယ်လို့ သတ်မှတ်မလားမသိဘူး၊ ဒါပေမယ့် အဲဒါလည်း ပြီးသွားပြီလေ"

မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက် ရှန့်ချန့်ယန်က ရိုးရိုးရှင်းရှင်း ဖွင့်ပြောလိုက်၏။

"ကျွန်တော် ခင်ဗျားကိုကြိုက်တယ်လို့ ပြောလို့ ဖိအားမခံစားပါနဲ့၊ ကျွန်တော် ခင်ဗျားကို ကြိုက်တာကသပ်သပ်ပါ ခင်ဗျားကို ပိုကောင်းအောင် ဂရုစိုက်ချင်တာ... ကျွန်တော် ငယ်လွန်းနေသေးလား...လုံခြုံမှုမရှိဘူးလို့ ခံစားရမှာလား… အဲဒီလောက် မဆိုးဘူးမလား"

ဟိုင်ရိ တန်းပြောလိုက်သည်။

"မင်း ရှန့်ယွီကို အခုထိ ကြိုက်နေတုန်းပဲလား"

ရှန့်ချန့်ယန် : "... ဘယ်လိုဖြစ်နိုင်မှာလဲ"

ဟိုင်ရိ : "လရောင်ဖြူ ဇာတ်ကောင် မပါဝင်တော့ဘူးမလား"

"သူ မသေရင်တော့ မပါဘူး" 

ရှန့်ချန့်ယန်က ပြောလိုက်သည်။ 

"ဒီဘဝမှာ သူ့ကို ထပ်တွေ့နိုင်ပါ့မလား"

ဟိုင်ရိ တွေးလိုက်၏။

ရှန့်ချန့်ယန် မမှားဘူး၊ ဒါပေမယ့် သူ့အဖြေက သိပ်ကျေနပ်စရာ မကောင်းဘူး။ 

ဟိုင်ရိ၏ နှလုံးသားထဲတွင် သူသည် ရှန့်ယွီကို အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု ယူဆခဲ့သည်။ ထို့နောက် သူ့ခေါင်းသည် ခံစားချက်များမှ တဖြည်းဖြည်း ကြည်လင်လာပြီး အသိစိတ်ပြန်ဝင်လာ၏။

ရှန့်ချန့်ယန်က သူ့ကို ကြိုက်နေလျှင်ပင် သူသည် ရှန့်ယွီကြောင့် ဆက်ပြီး စိတ်သောကရောက်နေသည်။

အဲဒါက တကယ်ပဲ ရွံစရာကောင်းတယ်။

ရှန့်ချန့်ယန် မယုံကြည်နိုင်ဖြစ်နေ၏။ 

"ကျွန်တော် အဲဒီလောက် ပြောလိုက်တာတောင် ခင်ဗျားက ဒါပဲ မှတ်ထားတာလား"

ဟိုင်ရိက ဒါမှန်ကန်ပြီး သင့်လျော်သလို ပြန်ဖြေလိုက်သည်။

"မဟုတ်ရင်ကော"

ရှန့်ချန့်ယန် : "အဲဒါက အတိတ်က အရာပါပဲ... ဒီလိုမှန်းသိရင် ခင်‌ဗျားကို မပြောပြပါဘူး"

ဟိုင်ရိ အတွင်းစိတ်၌ တွေးလိုက်သည်။

မင်း တိတ်ဆိတ်နေရင်တောင် ငါ မသိရတော့ဘူးလား။

ရှန့်ချန့်ယန်သည် သူတို့၏ နောက်ဆုံးစကားပြောဆိုမှုအတွင်း ရှန့်ယွီကို ကြိုက်တယ်လို့ ပြောခဲ့ပုံမရတာ မှန်ပေမယ့်လို့ပေါ့။

ဟိုင်ရိသည် သူ့နှလုံးသားထဲ၌ အနည်းငယ် ပိုသက်‌တောင့်သက်သာ ခံစားရသည်။

ရှန့်ချန့်ယန် : "ကျွန်တော့်အဖြေက ခင်ဗျားရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရဲ့လား"

ဟိုင်ရိ : "နည်းနည်းလေးပဲ"

ရှန့်ချန့်ယန်၏ ပါးစပ်မှ ရယ်မောသံ ထွက်လာ၏။

ရှန့်ချန့်ယန်ကြောင့် ဟိုင်ရိသည် နောက်ခံမှ သေဆုံးသူသည် ဗီရိုနံရံများကို ကုတ်ခြစ်နေသည့် အသံကိုပင် လုံးဝ ပိတ်ဆို့လိုက်နိုင်ခဲ့လေသည်။

🌟🌟🌟