Ch 2
Viewers 6k

🍉 အခန်း ၂



မုန့်ယွမ်ရှန့်က အရာအားလုံးဆုံးရှုံးကာ ရှုံးနိမ့်သွားသကဲ့သို့ လမ်းမတစ်လျှောက် လျှောက်နေမိသည်။


ကျန်းမော့နှင့် ရင်ဆိုင်ရချိန်တွင် မည်သည်ကိုမျှ အလေးမထားဟန်ပေါ်အောင် ကြိုးစားခဲ့ရသော်လည်း အမှန်တကယ်၌မူ နာကျင်လွန်းသောကြောင့် ရင်ထဲ၌ ထုံကျင်နေခဲ့သည်။


မုန့်ယွမ်ရှန့်က ကျန်းမော့ထံ၌ ၆ နှစ်ကြာအောင် နှလုံးသားတစ်ခုလုံး မြှုပ်နှံထားခဲ့သည်။ ကျန်းမော့က အပြင်စာစားရခြင်းအား မနှစ်သက်သောကြောင့် အာဟာရရှိသည့် ဟင်းလျာများအား ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပေးခဲ့သည်။ သူ၏ စိတ်လိုက်မာန်ပါ ပြုမူတတ်သော ဗီဇကြောင့် မကြာခဏဆိုသလို လူများအား အပြစ်ပြုမိတတ်သဖြင့် မုန့်ယွမ်ရှန့်က ကျန်းမော့၏အရှုပ်များအား ရှင်းလင်းပေးရန် အေးစက်သည့် စကားများအား သည်းခံခဲ့ရသည်။ ထို့အပြင် ကျန်းမော့က အခြားသူများနှင့် မိတ်ဆွေဖွဲ့ရန် စိတ်ဝင်စားခြင်း မရှိသောကြောင့် မုန့်ယွမ်ရှန့်က ဖျော်ဖြေရေးလောကရှိ လူများနှင့် အရာအားလုံးအား မှတ်မိနိုင်ရန် ကြိုးစားခဲ့ရပြီး ကျန်းမော့အား ပြန်လည်လမ်းညွှန်ပေးခဲ့ရသည်။


ကုန်ဆုံးခဲ့သော နှစ်များ၌ ပေးအပ်ခဲ့သော ချစ်မေတ္တာနှင့် အနစ်နာခံမှုတို့အား ကျန်းမော့အနေဖြင့် ဤကဲ့သို့ ပြန်လည်ပေးဆပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။


နာကျင်မှုအလွန်၌ လမ်းပျောက်နေမိသည်။ သူ၏ ဘဝတစ်လျှောက်လုံး၌ ကျန်းမော့ကို ဗဟိုပြု၍ အချိန်များ ကုန်ဆုံးခဲ့ပြီး သူကိုယ်တိုင်အတွက် မည်သည့်အရာမျှ လက်ဆုပ်လက်ကိုင် ပြရန် မရှိပေ။ ယခုအခါ ကျန်းမော့အား စွန့်ခွာပြီးနောက် မည်သည့်နေရာသို့ သွားရမည်ကိုပင် မသိတော့ချေ။


မိုးက တဖွဲဖွဲ ရွာသွန်းလာသည်။


ဒူးနှစ်လုံးအား လက်ဖြင့်ပိုက်ကာ လမ်းဘေး၌ ထိုင်နေပြီး တဖြည်းဖြည်း မိုးရွှဲရွှဲစိုလာသည့် မုန့်ယွမ်ရှန့်အား ကြည့်ရသည်မှာ စွန့်ပစ်ခံလိုက်ရသော ကြောင်ပေါက်လေးသဖွယ်ပင်။


ရုတ်တရက် အေးစက်စက် မိုးရေစက်များ ရပ်တန့်သွားသည်။


မုန့်ယွမ်ရှန့် ကြောင်အစွာဖြင့် မော့ကြည့်လိုက်ချိန်၌ သူ၏ ဦးခေါင်းထက်၌ ထီးမိုးပေးထားသော လူငယ်တစ်ဦးအား မြင်လိုက်ရသည်။


လူငယ်မှာ အသက် ၂၀ အစောပိုင်း၌သာ ရှိသေးပုံရပြီး ပျော့ပျောင်းနူးညံ့သော အညိုဖျော့ရောင် ဆံပင်များ၊ အပြစ်ကင်းစင်သော ခွေးပေါက်လေးနှင့်တူသည့် မျက်လုံးများ၊ သေသပ်လှပသော နှာခေါင်းနှင့် ခပ်ပြည့်ပြည့် နှုတ်ခမ်းပါးတို့၌ ချိတ်ဆွဲထားသော နှစ်လိုဖွယ် အပြုံးက သူ့အား ပို၍ နှစ်သက်ဖွယ် ကောင်းစေသည်။


ကြည်လင်ကာ အမှုမထားဟန်ပေါ်သော မျက်လုံးများနှင့် အခြားသူအား ကူးစက်စေတတ်သည့် အပြုံးတို့မှာ မုန့်ယွမ်ရှန့်၏ လေးလံနေသော နှလုံးသားအား အနည်းငယ် ပေါ့ပါးသွားစေသည်။


ကုရှင်းရှစ်က မေးလိုက်သည်။

“အဆင်ပြေရဲ့လား.. ဆေးရုံသွားဖို့ လိုသေးလား..”


“ကျေးဇူးတင်ပါတယ်.. ကျွန်တော်..”

မုန့်ယွမ်ရှန့်က အလိုလို တုံ့ပြန်ပြီးနောက် ရုတ်တရက် မှတ်မိသွားလေသည်။

“အဲဒါ ခင်ဗျားပဲ..”


ကုရှင်းရှစ် နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

“ကျွန်တော့်ကို သိတာလား..”


မုန့်ယွမ်ရှန့်၏ နှုတ်ခမ်းများ တောင့်တင်းသွားသည်။ မေးခွန်းတစ်ခုဟု ထင်ရသော်ငြား သူ၏အသံမှာ သေချာနေလေသည်။

“ကုန်စုံဆိုင်ထဲကလူက ခင်ဗျားပဲလေ.. ဟုတ်တယ်မလား..”


ကုရှင်းရှစ် ထိတ်လန့်သွားသည်။

“ကျွန်တော့်ကို ဘယ်လို မှတ်မိတာလဲ..”


ကုန်စုံဆိုင်ထဲ၌ သူ၏ မျက်နှာအား မုန့်ယွမ်ရှန့် မမြင်လိုက်ကြောင်း သူသေချာသိသည်။

“ခင်ဗျားရဲ့ အသံကို မှတ်မိတာ..”


ကုရှင်းရှစ် ပို၍ပင် အံ့ဩသွားမိသည်။


မိုးသံနှင့် ဖြတ်သွားဖြတ်လာ ကားသံများအကြား စကားလုံးအနည်းငယ်သာ ပြောခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူ့အသံသူ ခပ်ရေးရေး ပြန်ကြားရရုံသာဖြစ်သော်ငြား မုန့်ယွမ်ရှန့်မှာမူ ရှင်းရှင်းလင်းလင်း မကြားရသည့်တိုင်အောင် သူ၏အသံအား မှတ်မိနေဆဲပင်။


ဘယ်လိုအကြားအာရုံမျိုးပါလိမ့်..


မုန့်ယွမ်ရှန့်က ကုရှင်းရှစ်အား အေးစက်စွာ ကြည့်လိုက်သည်။

“ခင်ဗျားက ကျွန်တော့်ကို ကြားစေချင်ခဲ့တာ မဟုတ်ဘူးလား..”


“ခင်ဗျားက ဘယ်သူလဲ.. ဘာရည်ရွယ်ချက်နဲ့လဲ..”


ကုရှင်းရှစ်မှာ အမှန်တရားအား ဖုံးကွယ်မရနိုင်တော့ကြောင်း သိလိုက်သည်။

“ကျွန်တော်က လူသစ်ရှာတဲ့ မန်နေဂျာတစ်ယောက်ပါ..”


“မန်နေဂျာလား..”

မုန့်ယွမ်ရှန့် ရပ်သွားပြီးနောက် အလျင်အမြန်ပင် ကျန်းမော့၏ စာချုပ် သက်တမ်းကုန်တော့မည်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ လတ်တလော၌ အေဂျင်စီများမှ သူ့ထံသို့ ဆက်သွယ်ကာ စာချုပ်ချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြသည်။


ကုရှင်းရှစ်ထံ၌ တူညီသော ရည်ရွယ်ချက် ရှိနိုင်ကြောင်း တွေးမိသည့်အခါ မုန့်ယွမ်ရှန့်၏ ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာပြီး အသံမှာလည်း ပို၍အေးစက်လာသည်။

“ခင်ဗျားရဲ့ အရှိန်အဝါကိုသုံးပြီး ကျန်းမော့ကို ခြိမ်းခြောက်ဖို့ စီစဉ်ထားတယ် ဆိုရင်တော့ အဲဒီအကြံကို စွန့်လွှတ်ဖို့ ပြောချင်တယ်..”


“ဘာကြောင့်လဲ..”


မုန့်ယွမ်ရှန့် ခပ်မှန်မှန်ပြောသည်။

“ကျန်းမော့နဲ့ တခြားသူတွေကြားမှာ ပုံမှန်မဟုတ်တဲ့ ဓာတ်ပုံတွေ စာအသွားအလာတွေ ငွေလွှဲပြောင်းပေးတဲ့ မှတ်တမ်းမှတ်ရာတွေ မရှိဘူး.. ခင်ဗျားက သူ ရှုယိကို ဟိုတယ်ထဲ ခေါ်သွားတာကိုပဲ မြင်လိုက်တာ.. သူတို့က နီးကပ်နေတယ် ဆိုရင်တောင် မိတ်ဆွေသူငယ်ချင်းပါလို့ ရိုးရိုးလေး ရှင်းလိုက်လို့ရတယ်..”


မုန့်ယွမ်ရှန့်က ကုရှင်းရှစ်၏ နောက်ယောင်ခံလိုက်ခံရပြီး ကျန်းမော့နှင့် ရှုယိ၏ မိတ်ဆွေသူငယ်ချင်းထက်ပိုသော မြင်ကွင်းအား မှတ်တမ်းတင်ထားကြောင်း မသိချေ။


မည်သည့်ရှင်းလင်းချက်မျှ မဆိုဘဲနှင့် ကုရှင်းရှစ်က ရိုးရိုးရှင်းရှင်း မေးလိုက်သည်။

“မင်းနဲ့ရော.. ဘယ်လို သက်သေမျိုးမှ မရှိဘူးလား..”


မုန့်ယွမ်ရှန့်က တောင့်ခဲသွားပြီးနောက် ကုရှင်းရှစ်အား ကြောက်လန့်စွာဖြင့် ကြည့်လာသည်။


ကုရှင်းရှစ်က အပြစ်ကင်းရိုးသားဟန်ဖြင့် မျက်တောင်ခတ်လိုက်သည်။

“ကျန်းမော့က မင်းရဲ့ ချစ်သူ မဟုတ်ဘူးလား..”


မုန့်ယွမ်ရှန့် မျက်လုံးများအား အောက်သို့စိုက်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေသည်။

“မရှိဘူး.. ဘာမှမရှိဘူး..”


စနစ်မှ အတည်ပြုပေးလာသည်။

[မုန့်ယွမ်ရှန့်က သူတို့နှစ်ယောက်လုံးရဲ့ ဖုန်းတွေနဲ့ လူမှုကွန်ယက် အကောင့်တွေကို ပုံမှန်ရှင်းလေ့ရှိတယ်.. ကျန်းမော့ရဲ့ မန်နေဂျာကလွဲပြီး သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို သိတဲ့သူ မရှိဘူး..]


ကုရှင်းရှစ် ကြောင်အသွားမိသည်။


မုန့်ယွမ်ရှန့်က ကျန်းမော့နှင့် အတူရှိခဲ့သည်မှာ ၆ နှစ်ရှိပြီးဖြစ်ကြောင်း စနစ်ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်သည်။


၆ နှစ်လေ..


၆ လ တို့ ၆ ရက်တို့ မဟုတ်ဘူး..


မုန့်ယွမ်ရှန့်က အတော်လေး ပေးဆပ်ခဲ့တာပဲ..


ဂါး ကျန်းမော့ဆိုတဲ့ အဆိုးဝါးဆုံး မျိုးမစစ်ကောင်..


ကုရှင်းရှစ်က မုန့်ယွမ်ရှစ်အပေါ် ကရုဏာသက်မိပြီး ခေါင်းယမ်းလိုက်သည်။

“ကျွန်တော် စာချုပ်ချုပ်ချင်တာ ကျန်းမော့ မဟုတ်ပါဘူး.. မင်းကို..”


မုန့်ယွမ်ရှန့် ကြက်သေသေလျက် ဆွံ့အနေမိသည်။


သူ၏ နွမ်းနယ်နေသော စိတ်အာရုံမှာ အဆိုပါစကားများအား နားလည်သဘောပေါက်ရန် ရုန်းကန်နေရသည်။

“ကျွန်တော်နဲ့ စာချုပ်ချုပ်မယ် ဟုတ်လား.. ဘာလို့လဲ..”


“‘ဘာလို့လဲ’ ဆိုတာ ဘာအဓိပ္ပါယ်လဲ..”

ကုရှင်းရှစ် နားမလည်နိုင်ဘဲ ဖြစ်နေသည်။


“ကျွန်တော်က သာမန်လက်ထောက်တစ်ယောက်ပါပဲ.. ဘာလို့ စာချုပ်ချုပ်ချင်ရတာလဲ..”


“မင်းက ကြည့်ကောင်းတယ်.. သီချင်းဆိုပြီး ကနိုင်တယ်.. ပြီးတော့ ကျန်းမော့ရဲ့ အစပိုင်း အယ်လ်ဘမ်တွေမှာ နောက်ကွယ်က မင်းရဲ့ ဖန်တီးလမ်းညွှန်မှုတွေ အများကြီးပါတယ်ဆိုတာ ကျွန်တော်သိတယ်.. ဟုတ်တယ် ဟုတ်.. ဒီလိုဆိုမှတော့ မင်းက ဘာလို့များ ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ရမှာလဲ..”


မုန့်ယွမ်ရှန့်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်လာသည်။


ကျန်းမော့ ပွဲဦးထွက်ချိန်မှစကာ မုန့်ယွမ်ရှန့်သည် အယ်လ်ဘမ် တစ်ခုချင်းစီတိုင်း၌ နာရီပေါင်းများစွာ နစ်မြုပ်ထားခဲ့သည်။ သီချင်းရွေးချယ်ခြင်းမှစကာ နောက်ပိုင်းထုတ်လုပ်ရေးအထိပင်။


ကနဦး၌ သူ၏ လုပ်ဆောင်ချက်များအတွက် အသိအမှတ်ပြုမှုအချို့ ရရှိရန် မျှော်လင့်ခဲ့သော်ငြား ကျန်းမော့က အမြဲဤသို့ပြောကာ ချွေးသိပ်ခဲ့သည်။


“အယ်လ်ဘမ်ရဲ့အဖုံးမှာပါတဲ့ နေရာက အကန့်အသတ်နဲ့လေ..” ဒါမှမဟုတ် “ရူးနေတဲ့ ပရိသတ်တွေ ကိုယ်တို့အကြောင်း သိသွားမှာ မလိုချင်ဘူး.. အဲဒီလိုဆိုရင် ကိုယ့်အသက်မွေးဝမ်းကြောင်းက အဆုံးသတ်သွားလိမ့်မယ်..”


မုန့်ယွမ်ရှန့်က ကျန်းမော့အလိုအတိုင်း အရာအားလုံးကို မြိုသိပ်သည်းခံခဲ့သည်။


ထို့ကြောင့် ဖျော်ဖြေရေးလောက၏ အပြင်ဘက်ရှိ မည်သူကမျှ ထူးချွန်ပြောင်မြောက်သော လက်ရာများမှာ သူ၏ ဖန်တီးမှုဖြစ်ကြောင်း မသိကြပေ။


ကုရှင်းရှစ်က ဘယ်လိုသိတာလဲ..


စနစ်ကြောင့်ပင်။


မုန့်ယွမ်ရှန့်ကြောင့်သာ မဟုတ်ခဲ့လျှင် ကျန်းမော့အနေဖြင့် ယခုလို အောင်မြင်မှုမျိုး ရရှိရန်ပင် မဖြစ်နိုင်ကြောင်း စနစ်မှ ပြောပြခဲ့သည်။ မုန့်ယွမ်ရှန့်က ကျန်းမော့အား လိုအပ်သူမဟုတ်ဘဲ ကျန်းမော့သည်သာလျှင် မုန့်ယွမ်ရှန့်အား လိုအပ်ခြင်း ဖြစ်သည်။


ထိုအကြောင်းအား ကုရှင်းရှစ် သိရချိန်တွင် ကြမ်းပြင်ပေါ်ပင် လဲကျသွားသေးသည်။


ဒါတောင်မှ မုန့်ယွမ်ရှန့်က ဒင်းနဲ့ လမ်းမခွဲဘူးပေါ့လေ.. ကျန်းမော့ဆိုတဲ့ကောင်က စိတ်ကိုထိန်းချုပ်နိုင်တဲ့ မှော်ဆရာများလား..


အခြားလူ၏ ဖန်တီးမှုများအား ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းမှုအတွက် ဖြတ်တောက်ပစ်ခြင်းမှာ အရက်စက်ဆုံး အပြုအမူပင်။ ကျန်းမော့၏ အပြုအမူများမှာ မုန့်ယွမ်ရှန့်၏ အိပ်မက်များအား လက်တွေ့ကျကျ ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။


မုန့်ယွမ်ရှန့်နေရာ၌ ကုရှင်းရှစ်သာဆိုလျှင် လုံးဝသည်းခံနိုင်မည် မဟုတ်ပေ။


စနစ်မှ ဆက်ရှင်းပြသည်။


[ဟုတ်ပြီ.. ဒီဇာတ်ကြောင်းက ရှည်တယ်.. မုန့်ယွမ်ရှန့် ငယ်ငယ်တုန်းက ပြန်ပေးဆွဲခံရလု နီးနီးပဲ.. အဲဒီမှာ တစ်ယောက်ယောက်က သူ့ကို ကယ်တင်ပေးခဲ့ပြီး.. သူ့ကို ကယ်ခဲ့တဲ့သူက ကျန်းမော့လို့ ထင်နေရှာတာ.. ကျန်းမော့က အမှန်ကို သိတာတောင် ဘယ်တော့မှ ဝန်မခံခဲ့ဘူး..]


ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။ ကျန်းမော့ဆိုသည့်အကောင်မှာ ဖတ်စာအုပ်ထဲ၌ ဥပမာအနေနှင့် ထည့်သင့်‌သော အမှိုက်ကောင် ဖြစ်သည်။


ကျန်းမော့ကဲ့သို့သော လူတစ်ဦးအား နောက်ချန်ရစ်နိုင်ရန် မုန့်ယွမ်ရှန့်သည် ကျန်းမော့အား ဖိနှိပ်နိုင်ရန် လိုအပ်ပြီး ကျန်မော့ထက် ပိုမို ထင်ရှားကျော်ကြားမှသာ သူ့အား ထိပ်ဆုံးမှ ဆွဲချနိုင်မည် ဖြစ်သည်။


ထိုသို့စဉ်းစားမိပြီးနောက် ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား မေးသည်။

“မင်း ကြယ်ပွင့်တစ်ယောက် ဖြစ်ချင်လား..”


မုန့်ယွမ်ရှန့် နှလုံးခုန်မြန်လာသည်။


စင်နောက်ဘက်တွင်ရပ်ကာ အလင်းထဲ၌ ကျန်းမော့ ဖျော်ဖြေနေသည်အား ကြည့်ခဲ့ရသည့် အချိန်များကို ပြန်တွေးမိသည်။


ပရိသတ်၏ ချစ်ခင်နှစ်သက်မှု၊ စင်မြင့်၏ စိတ်လှုပ်ရှားဖွယ်ကောင်းမှု၊ နာမည်ကျော်ကြားခြင်း၏ ရင်ဖိုရမှုတို့ မှတ်ဉာဏ်ထဲ၌ ပြန်ပေါ်လာသည်။


အဲဒါတွေကို လိုချင်လား..


လိုချင်တယ်..


သူ စင်မြင့်ပေါ်တွင် ရပ်ချင်သည်၊ အများ၏ နှစ်သက်သဘောကျမှု ခံချင်သည်၊ အလင်းရောင်အောက်၌ တောက်ပနေချင်သည်။


ကုရှင်းရှစ်၏ မေးခွန်းက မုန့်ယွမ်ရှန့်အား အခွံချွတ်လိုက်သလိုဖြစ်စေပြီး နှလုံးသားထဲ၌ အချိန်ကြာမြင့်စွာ မြှုပ်နှံထားခဲ့ရသော စိတ်ဆန္ဒတို့ ပြန်လည်ရုန်းကြွလာစေသည်။


ဖန်လှောင်အိမ် အက်ကွဲသွားပြီးနောက် သူ၏ ရည်မှန်းချက်တို့က ရူးသွပ်ဖွယ်ကောင်းစွာ ကြီးထွားလာတော့သည်။


မုန့်ယွမ်ရှန့်၏နှလုံးသားက တထိတ်ထိတ်ခုန်နေပြီး ဖြူဖျော့နေသည့် ပါးပြင်များကလည်း သွေးရောင်လွှမ်းလာကာ ယခင်ထက်ပင် ပိုမိုအသက်ဝင်လာပုံရသည်။


မုန့်ယွမ်ရှန့်၏ ပါးနှစ်ဖက် နီမြန်းလာသည်ကိုမြင်သည့်အခါ ကုရှင်းရှစ်က စိုးရိမ်သွားမိသည်။

“မင်းရဲ့ မျက်နှာက အရမ်းနီနေတယ်.. အဖျားတက်လာတာများလား.. ဆေးရုံသွားသင့်တယ်လို့ ထင်တယ်နော်..”


“ကျွန်တော် နေကောင်းပါတယ်..”

မုန့်ယွမ်ရှန့် အတွေးစကိုဖြတ်ကာ စကားပြောတော့မည့် အချိန်မှာပင် ရုတ်တရက် ကျန်းမော့၏အသံ ထွက်ပေါ်လာသည်။


“ယွမ်ရှန့်..”


ကုရှင်းရှစ်နှင့် မုန့်ယွမ်ရှန့်တို့၏ အမူအရာ ပြောင်းလဲသွားသည်။


ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား ဟိုတယ်နှင့် ဝေးဝေးသို့ ခေါ်မသွားမိခြင်းကြောင့် နောင်တရလာသည်။ 

ကျန်းမော့ ထွက်လာပြီး မုန့်ယွမ်ရှန့်ကို ရှာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…


“ယွမ်ရှန့်..”

ကျန်းမော့က mask ကို အောက်သို့ဆွဲချပြီးနောက် မုန့်ယွမ်ရှန့်အား ချစ်မြတ်နိုးစွာ ကြည့်လေသည်။ သို့သော် အနီး၌ ရှိနေသည့် ကုရှင်းရှစ်အား သတိထားမိသည့်အချိန်တွင် သူ၏မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။

“ဒါ ဘယ်သူလဲ..”


မုန့်ယွမ်ရှန့် အဝေးသို့ကြည့်ကာ ပြောသည်။

“မင်းကိစ္စမဟုတ်ဘူး..”


ကျန်းမော့၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသော်ငြား ထိန်းချုပ်လိုက်ပြီးနောက် စိတ်ရှည်စွာဖြင့် ပြောသည်။

“ကိုယ်တို့ စကားပြောဖို့ လိုအပ်တယ်.. ဒီကနေ သွားရအောင်..”


မုန့်ယွမ်ရှန့် ခေတ္တမျှ တုံ့ဆိုင်းနေသည်။


ကျန်းမော့မှာ အလွန်စိတ်အနှောင့်အယှက်ပေးသည်ဟု ထင်သည့်တိုင်အောင် သူတို့နှစ်ဦး အတူတကွ ဖြတ်သန်းခဲ့သည့် နှစ်များအား အပြည့်အဝ ဖြတ်တောက်နိုင်ရန် ခက်ခဲနေဆဲပင်။ ကျန်းမော့က ယင်းအား အခွင့်ကောင်းယူကာ မုန့်ယွမ်ရှန့်အား ဘေးသို့ဆွဲလိုက်သည်။


“အဲကောင်က ဘယ်သူလဲ..”

ကျန်းမော့ မေးလိုက်သည်။

“သူနဲ့ ဘယ်တုန်းက တွေ့တာလဲ.. ကိုယ်တို့အကြောင်း တစ်ခုခု မပြောလိုက်ဘူး မလား..”


မုန့်ယွမ်ရှန့်က ကျန်းမော့အား အူမချေးခါးမကျန်အောင် သိထားသူဖြစ်ပြီး ထိုလူ အမှန်တကယ် မေးလိုသည်မှာ နောက်ဆုံးတစ်ခုပင်။ မုန့်ယွမ်ရှန့်သည် ယခင်က ထိုအရာအား သတိမပြုနိုင်လောက်အောင် အချစ်ကြောင့် မျက်ကန်းဖြစ်နေခဲ့ပြီး ယခုအခါတွင်မူ သူနှင့် ၆ နှစ်ကြာ အတူရှိခဲ့သည့် ဤလူမှာ မည်မျှ တစ်ကိုယ်ကောင်းဆန်ကာ အေးစက်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ ဖြစ်သည်။


သူ ခါးသီးစွာ ရယ်မောလိုက်သည်။

“ဒီတိုင်း သူစိမ်းတစ်ယောက်ပါပဲ.. ငါ မိုးရေတွေ စိုနေလို့ ထီးလာဆောင်းပေးတဲ့သူလေ..”


ကျန်းမော့က မုန့်ယွမ်ရှန့်၏ လေသံအား သိသိသာသာ မနှစ်မြို့ပုံရသော်ငြား သူ့ရည်ရွယ်ချက်အတွက် သည်းခံလိုက်သည်။

“ယွမ်ရှန့်.. ကိုယ်က မင်းကိုပဲ စိုးရိမ်တာပါ.. မင်းကို မနာကျင်စေချင်ဘူး..”


ထိုအချိန်မှာပင် အနီးမှ ဗီဒီယိုတစ်ခု ဖွင့်သံကို ကြားလိုက်ရသည်။


“စိတ်ခံစားချက်ကို လှည့်ဖျားတတ်တဲ့ ခွေးကောင်တွေ သုံးလေ့ရှိတဲ့ ထိပ်တန်းစကား ၁၀ ခွန်း”


နံပါတ် ၁ : ကိုယ်က မင်းကို အရမ်းစိုးရိမ်တယ်.. မင်း နာကျင်မှာ မလိုချင်ဘူး..


အပေါ်ယံကြည့်ရင်တော့ ဒီခွေးကောင်က မင်းကို စိုးရိမ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက သူ့ရဲ့ ထိန်းချုပ်တတ်တဲ့ အပြုအမူနဲ့ မင်းကို ခြယ်လှယ်ဖို့ ကြိုးစားနေတာ..


ကျန်းမော့က အေးခဲသွားပြီး မျက်နှာတစ်ခုလုံး ဖြတ်ရိုက်ခံရသလို နီမြန်းလာသည်။


ကုရှင်းရှစ်ရှိရာသို့ စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်ပြီး ၎င်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖွင့်လိုက်သည်ဟု ယူဆမိသော်ငြား ထိုလူမှာ သူတို့နှင့် ခပ်ဝေးဝေး၌ ရပ်နေခြင်းဖြစ်သည်။


တိုက်ဆိုင်တာပဲ ဖြစ်မှာပါလေ..


ကျန်းမော့ အံတင်းတင်းကြိတ်ကာ အဖျက်သမားအား ‌မေးလိုက်သည်။

“အသံနည်းနည်းလောက် လျှော့ပေးလို့ရမလား..”


ကုရှင်းရှစ် မျက်လုံးလှိမ့်လိုက်သည်။

“ဘာလို့လဲ.. အသံကျယ်ကျယ် မဖွင့်ရဘူးလို့ ဥပဒေမှ မရှိဘဲ..”


ကျန်းမော့က ပြန်လည်ငြင်းခုံခြင်း မပြုတော့ဘဲ သူမည်သူဖြစ်ကြောင်း ဖော်ပြလိုစိတ် မရှိသဖြင့် လျှာကိုသာ ကိုက်လိုက်သည်။


သူ့ကိုယ်သူထိန်းကာ မုန့်ယွမ်ရှန့်ရှိရာသို့ ပြန်လှည့်လိုက်သည်။


“ရှုယိကို နှင်ထုတ်ပြီးပါပြီ.. ကိုယ်မှားသွားတာ ကိုယ်သိပါတယ်.. ဒါက ခဏတာ စိတ်..”


ယောကျ်ားတွေရဲ့ စကားဆိုတာ အလိမ်အညာတွေပဲ.. ယောကျ်ားတစ်ယောက်က ‘ဒါက ခဏတာ အမှားတစ်ခုပါ.. ကိုယ် စိတ်ရှုပ်ထွေးသွားခဲ့တာ’ လို့ ပြောလာရင် လုံးဝ မယုံလိုက်နဲ့.. တစ်ကြိမ်ပဲဖြစ်ဖြစ် မရေမတွက်နိုင်အောင်ပဲဖြစ်ဖြစ် ဖောက်ပြန်တာက ဖောက်ပြန်တာပဲ.. တကယ်လို့ မင်းက ပိုးဟပ်တစ်ကောင်ကိုတွေ့လိုက်ပြီ ဆိုတာနဲ့ အမှောင်ထဲမှာ ပိုးဟပ်ထောင်နဲ့ချီပြီး ပုန်းနေနိုင်တယ် ဆိုတာမျိုးပဲ.. တစ်ကြိမ်ဖောက်ပြန်တာကို ဖမ်းမိတယ်ဆိုရင် အရင်ကလည်း အကြိမ်ပေါင်းများစွာ ဖောက်ပြန်ပြီးဖို့ အလားအလာ အရမ်းများတယ်..


ကျန်းမော့၏ အမူအရာမှာ လူသတ်ချင်လာသည့်ပုံပင်။ သူ့အကြည့်များက စူးရှထက်မြနေပြီး အကြည့်တစ်ချက်နှင့်ပင် ကုရှင်းရှစ်အား သတ်ဖြတ်တော့မတတ်ပင်။


မုန့်ယွမ်ရှန့်မှာ အစဦးပိုင်း၌ အသည်းကွဲနေခြင်း ဖြစ်သည်။


သို့သော် ကုရှင်းရှစ်၏ အနှောင့်အယှက်ပေးမှုက သူ့စိတ်ခံစားချက်အား ပေါ့ပါးသွားစေပြီး နာကျင်မှုအား လျော့ကျစေသည်။


မုန့်ယွမ်ရှန့် ကျန်းမော့အား ကြည့်လိုက်သည်။

“မင်းပြောစရာရှိတာကိုပဲ ပြောပါ..”


ကျန်းမော့က မျက်မှောင်ကြုတ်လိုက်ပြီး မုန့်ယွမ်ရှန့်၏ လေသံအား မနှစ်မြို့သည်မှာ သိသာလှပေသည်။ သို့သော် သူ့စိတ်သူထိန်းကာ ပြောလေသည်။

“ကိုယ့် နောက်ထွက်မယ့် အယ်လ်ဘမ်က စပြီးတော့ စီစဉ်နေပြီလေ.. မင်းလည်း အရမ်းစိတ်လှုပ်ရှားနေတာ ကိုယ်သိတယ်.. မင်း ကြိုးစားကြည့်ချင်တဲ့ စိတ်ကူးတွေ အများကြီး ရှိတယ် မဟုတ်လား.. မနက်ဖြန် အစည်းအဝေးလုပ်ဖို့ ကိုယ်နဲ့အတူ မြို့တော်ကို ပြန်လိုက်ခဲ့လေ..”


ကျန်းမော့ပြောပြီးသည့်တိုင်အောင် မုန့်ယွမ်ရှန့်က မလှုပ်မယှက် ရှိနေဆဲပင်။


ကျန်းမော့ အံတင်းတင်းကြိတ်ကာ ဆက်ပြောသည်။

“ဒီအယ်လ်ဘမ်မှာ မင်းနာမည်ကို ဖော်ပြဖို့ ကိုယ် ကြိုးစားထားတာနော်.. ကျေးဇူးမတင်ဘူးလား..”


ယနေ့ မတိုင်မီက ထိုသို့ပြောလာပါက မုန့်ယွမ်ရှန့် ပျော်မိပေမည်။


ယခုတွင်မူ သူပိုင်ဆိုင်သင့်သည့် အရာအား ကျန်းမော့၏ မျက်နှာသာပေးမှုကြောင့် ရရှိသယောင် ပြောလာသည်အား ကြားရသည်မှာ ရွံရှာဖွယ်ကောင်းလှသည်။ 


တစ်ချိန်တည်းမှာပင် မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ အခြားသော အတွေးတစ်ခု ပေါ်လာသည်။


ဘာကြောင့် ငါ့ကိုယ်ပိုင် အယ်လ်ဘမ် မလုပ်ရမှာလဲ..


တခြားသူ ခွင့်ပြုပေးမှ မဟုတ်ဘဲ ငါတစ်ယောက်တည်း ပိုင်ဆိုင်မဲ့ အယ်လ်ဘမ် တစ်ခုလေ..


ထိုအတွေးက မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ ပြတ်သားသည့် ဆုံးဖြတ်ချက်အား ဖြစ်ပေါ်လာစေပြီး ဖြေရှင်းချက်အသစ်တစ်ခု ရရှိပြီးနောက် မျက်လုံးများလက်လာသည်။


သို့သော် ချက်ချင်းဆိုသလို မှေးမှိန်သွားသည်။


ငါဘာတွေ တွေးလိုက်မိတာလဲ..


မုန့်ယွမ်ရှန့်ဆိုသည့် သူက သာမန်လက်ထောက်တစ်ဦးသာဖြစ်ပြီး စစ်မှန်သော အရည်အချင်းဟူ၍ မရှိပေ။ သူ အယ်လ်ဘမ်ထုတ်ရန် မည်သူကမှ အခွင့်အရေးပေးမည်မဟုတ်ပေ။


ထိုသို့တွေးမိသည့်အခါ ကုရှင်းရှစ်ထံသို့ အကြည့်ရောက်သွားသည်။


ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား အကြည့်နှင့် အားပေးလိုက်သည်။


သူ၏ မျက်လုံးများမှာ ကြည်လင်ကာ ရိုးသားပြီး အင်အားအပြည့်ရှိသောကြောင့် မုန့်ယွမ်ရှန့်၏ စိတ်မလုံခြုံမှုတို့အား အဝေးသို့ လွင့်ပါးသွားစေသည်။


ကျန်းမော့က အယ်လ်ဘမ်နှင့်ပတ်သက်သည့် အစီအစဉ် အသေးစိတ်အား ပြောနေစဉ်မှာပင် မုန့်ယွမ်ရှန့်က စကားစဖြတ်လိုက်သည်။

“မလုပ်ချင်ဘူး..”


“ဘာ..”

ကျန်းမော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ပုံ မရချေ။


မုန့်ယွမ်ရှန် ခေါင်းမော့လိုက်သည်။ သူ့အသံမှာ အနည်းငယ် တုန်ခါနေသည့်တိုင်အောင် ဖြည်းဖြည်းမှန်မှန်ဖြင့် ပြောလိုက်သည်။

“ငါ မလုပ်ချင်ဘူး..”


ကျန်းမော့ ကြောင်အသွားသည်။


သူ့အား မုန့်ယွမ်ရှန့် ငြင်းဆိုလိမ့်မည်ဟု တစ်ခါမျှပင် မမျှော်လင့်ဖူးချေ။


“ဘာအဓိပ္ပါယ်လဲ..”


“မင်းရဲ့ အရိပ်အောက်မှာပဲ ရပ်မနေချင်တော့ဘူး.. ငါ.. ငါ့ဘာသာ ကြိုးစားကြည့်ချင်တယ်..”


“မင်းဘာသာ ကြိုးစားမယ် ဟုတ်လား..”

ကျန်းမော့ လှောင်ရယ်လိုက်သည်။

“ယွမ်ရှန့်.. မင်းက အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ စဉ်းစားနေတာလား..”


“မင်းကို အားလျော့အောင် ပြောချင်တာတော့ မဟုတ်ဘူးကွာ.. ဒါပေမဲ့ အနုပညာရှင်ဖြစ်လာဖို့ လွယ်တယ်များ ထင်နေလား.. မင်းက လူငယ်မဟုတ်ဘူးနော်.. လက်တွေ့ဆန်စမ်းပါ.. ကုမ္ပဏီကြီးတွေက အကောင်းဆုံးဆိုတာတွေကိုပဲ လက်ခံကြတာ.. ကုမ္ပဏီသေးတွေကျတော့ရော.. သူတို့က လျော်ကြေးအများကြီးရနိုင်တဲ့ လူသစ်တွေကိုပဲ စာချုပ်ချုပ်ချင်ကြတာ..”


မုန့်ယွမ်ရှန့်အား ပခုံးပုတ်လိုက်ပြီး ကျန်းမော့၏အသံက နူးညံ့လာသည်။

“ကိုယ်က မင်းအတွက် စိုးရိမ်လို့ပါ.. မင်းရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ကိုယ်သာမရှိရင် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဝါးမြိုခံနေရပြီ..”


မုန့်ယွမ်ရှန့်က မျက်နှာဖြူဖျော့လာသော်ငြား ခုခံနေဆဲပင်။

“ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ..”


ကျန်းမော့၏ စိတ်ရှည်မှုတို့ လျော့ပါးလာသည်။

“ကောင်းပြီ.. မင်း ဘာလုပ်နိုင်မလဲ ငါစောင့်ကြည့်မယ်..”


ထိုသို့ပြောပြီးနောက် ဒေါသတကြီး ထွက်ခွာသွားသည်။ 


မုန့်ယွမ်ရှန့်က ကျန်းမော့၏ ဒေါသနှင့် အသားကျပြီး ဖြစ်သောကြောင့် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိချေ။


ကျန်းမော့ ပျောက်ကွယ်သွားပြီးနောက် မုန့်ယွမ်ရှန့်က ကုရှင်းရှစ်ရှိရာသို့လှည့်ကာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ ရောစွက်နေသော အသံဖြင့် မေးလိုက်သည်။

“ခင်ဗျား ပြောတဲ့ဟာလေ.. အဲဒါ တကယ်လား..”


ကုရှင်းရှစ်မှာ စနစ်နှင့် အတင်းပြောရာ၌ နစ်ဝင်နေသောကြောင့် မုန့်ယွမ်ရှန့်အား ပြန်ဖြေရန် အချိန်တစ်ခု ယူလိုက်ရသည်။

“ဘာ.. အိုး.. အိုး.. မင်းနဲ့ စာချုပ်ချုပ်တာကို ပြောတာလား.. တကယ်ပေါ့.. အမှန်ပါ..”


ကိုးရိုးကားယားနိုင်စွာဖြင့် သူ့အမည်ကတ်ကို ထုတ်ကာ မုန့်ယွမ်ရှန့်အား ကမ်းပေးလိုက်သည်။


မုန့်ယွမ်ရှန့်က ကုရှင်းရှစ်၏ အမည်ကတ်အား သူ၏ အသက်ကယ်ကြိုးသဖွယ် လက်ဖဝါးထဲ၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။


ကုရှင်းရှစ် လက်ဆန့်ထုတ်လိုက်သည်။

“ကျွန်တော့်နာမည်က ကုရှင်းရှစ်ပါ.. အတူတူအလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်..”


မုန့်ယွမ်ရှန့်က လက်ဆွဲနှုတ်ဆက်ပြီးနောက် တစ်နေ့တာအတွက် ပထမဆုံးသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။


“ကျွန်တော်လည်း မျှော်လင့်နေပါတယ်..”



🍉🍉🍉