Ch 7
Viewers 3k

❓️Chapter 7

ညီအစ်ကိုကောင်းများ၊ တစ်ဘဝလုံး လက်ချင်းတွဲ၍ အတူတကွလျှောက်လှမ်းသွားကြမည်။




တနင်္လာနေ့မနက်ခင်း ..

မနက်ပိုင်း ပုံမှန်အစည်းအဝေးပြီးသည့်နောက် မန်နေဂျာက ဝန်ဆောင်မှုစင်တာမှလူတိုင်းကို အဆင့်တစ်ခုချင်းအလိုက် လစာတိုးပေးမည်ဖြစ်ပြီး သူတို့၏လုပ်ဆောင်ချက်အတွက် ထိုလတွင် ဘောနပ်စ်ကြေးကိုလည်း နှစ်ဆတိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ဆယ့်ခြောက်လွှာမှဝန်ဆောင်မှုဌာနတစ်ခုလုံး ပီတိဖြစ်သွားကြ၏။ လစာနှင့်ဘောနပ်စ်ကြေး နှစ်ဆတိုးသွားသည့်ကိစ္စထက် ပိုပျော်ရသည့်ကိစ္စမျိုး ရှိပါသေးသလား။


မရှိတော့ပေ။


ထူးဆန်းနေရုံသာ။ သူတို့က ဘာလို့ ရုတ်တရက်ကြီး လစာတိုးပေးရတာလဲ။


လူတိုင်းက ဟိုဟိုသည်သည် ခန့်မှန်းကြည့်ကြသည်။ သို့သော်လည်း မည်သူကမျှ ဖြစ်နိုင်သည့်အကြောင်းအရင်းကိုမတွေးမိကြသောကြောင့် မတွေးကြတော့ပေ။


 ပိုက်ဆံပိုရတော့လည်း ကောင်းတာပဲမဟုတ်လား။


အခြားလုပ်ဖော်ကိုင်ဖက်များနှင့်ယှဥ်လျှင် ကျောင်းယန်ယွိကပို၍ပင်တည်ငြိမ်နေခဲ့သည်။


 လူသားဖြစ်လာသည်မှာ နှစ်လကျော်သာရှိသေးပြီး အငြိမ်းစားယူချိန်ရောက်လျှင် စေတနာကြေးပင်စင်ငွေများကိုရလာဦးမည်။ သူ၏ပိုက်ဆံအပေါ်စွဲလန်းစိတ်က သာမန်လူသားများမျှ မပြင်းထန်ပေ။


သူ့အတွက် ဘဏ်မှအတိုးငွေများမှာ သူ့ဦးနှောက်ထဲတွင် ကြပ်ညပ်စွာမှတ်တမ်းတင်ထားသောကိန်းဂဏန်းတစ်ခုမျှသာ။


ယနေ့တွင် နည်းပညာဝန်ဆောင်မှုဌာနမှာ အလွန်ပျင်းရိနေသောကြောင့် လူတိုင်းက အပိုရသည့်လစာကို မည်သို့သုံးစွဲသင့်ကြောင်း ဆွေးနွေးနေကြလေသည်။


ဌာနမှလူအားလုံးနီးပါးမှာ အလုပ်ဂျပိုးများဖြစ်ပြီး လူတိုင်းက အစားထိုးရန်ပစ္စည်းအသစ်များအကြောင်းပြောတတ်ကြသည်။ သို့မဟုတ် ကူညီပေးရန် စေတနာထက်သန်နေတတ်ကြ၏။


အလုပ်သင်လေးတစ်ယောက်သာ ယင်းက သူ၏ပထမဆုံးလစာဖြစ်ပြီး သူ၏အရေးကြီးဆုံးပုဂ္ဂိုလ်အတွက် လက်ဆောင်ဝယ်ပေးချင်သည်ဟုပြောလာလေသည်။


ကျောင်းယန်ယွိ၏နားရွက်လေးများကလှုပ်ရှားသွားပြီး လူတိုင်း၏စကားသံများအကြားမှ ထိုစကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။


အရေးကြီးတဲ့လူတစ်ယောက်အတွက် လက်ဆောင်ဝယ်ပေးတယ်တဲ့လား။


ထို့ကြောင့် ကျောင်းယန်ယွိက သူ၏လစာကိုသုံးပုံခွဲလိုက်သည်။ တစ်ပုံကို သူ၏နေ့စဥ်အသုံးစရိတ်အတွက်ထားလိုက်ပြီး တစ်ပုံကို သူ၏အဖေအတွက်လက်ဆောင်ဝယ်ပေးရန်အတွက်ထားလိုက်သည်။နောက်ဆုံး ကျန်တစ်ပုံကို သူ၏ညီအစ်ကိုကောင်းကိုလက်ဆောင်ဝယ်ပေးရန်အတွက်ထားလိုက်လေသည်။


ဒါပေမဲ့ သူ့ရဲ့ညီအစ်ကိုအတွက် ဘာလက်ဆောင်က ပိုသင့်တော်လဲ။


ကျောင်းယန်ယွိက သူ့ကိုကူညီပေးနေသောအချက်အလက်များကိုသုံးပြီး အလုပ်လုပ်လေ့ရှိလေသည်။


အရင်ဆုံး အင်တာနက်ပေါ်တွင်ရှာဖွေသည်။ ဒေတာအများအပြားကိုဆန်းစစ်ပြီးနောက် အားကစားဖိနပ်၊ လျှပ်စစ်ပစ္စည်းများ၊ ဂိမ်း အစရှိသော လူများမှညီအစ်ကိုကောင်းအတွက်အသင့်တော်ဆုံးလက်ဆောင်များဟုသတ်မှတ်ပေးထားသည့်ပစ္စည်းများအပါအဝင် လက်ဆောင်အမြောက်အများကို ရွေးထုတ်လိုက်၏။


သို့သော် ဝမ်းချန်ရှီးနှင့်တွဲဖက်လိုက်သည့်အခါ ဤလက်ဆောင်များက ထိုသူနှင့်မလိုက်ဖက်တော့သယောင်ပင်။


ကျောင်းယန်ယွိက ကျိုးချွမ်ကိုမေးလိုက်သည်။ 


"သူငယ်ချင်းကောင်းတစ်ယောက်အတွက် အသင့်တော်ဆုံးလက်ဆောင်ဆိုရင် ဘာလို့ထင်လဲ.."


ကျိုးချွမ်က စိတ်ဝင်စားသွားလေ၏။ 


"မွေးနေ့လက်ဆောင်လား၊ ဒါမှမဟုတ် အားလပ်ရက်လည်းမဟုတ် နှစ်ပတ်လည်နေ့တို့မဟုတ်ဘဲ ဒီတိုင်းပေးမယ့်လက်ဆောင်လား၊ ဒါမှမဟုတ် မင်းကြိုက်တဲ့ မမအတွက်လား.."


ကျောင်းယန်ယွိ: "သာမန်လက်ဆောင်ပါ၊ အမျိုးသား၊ ကျွန်တော့်အစ်ကိုလေ.."


ကျိုးချွမ်၏စိတ်ဝင်စားမှုနှုန်းက အလွန်အမင်းလျော့ကျသွားလေသည်။


"အော် အစ်ကိုကိုး..လွယ်ပါတယ်၊ သူကြိုက်တာ ဒါမှမဟုတ် သူကြိုက်တယ်လို့ပြောဖူးပေမဲ့ မင်းဘက်ကတစ်ခါမှ လက်ဆောင်အဖြစ်ဝယ်မပေးဖူးတဲ့ပစ္စည်းမျိုးပေါ့.."


"သူဘာကြိုက်လဲဆိုတာ ကျွန်တော့်ကို မပြောခဲ့ဖူးဘူး.."


"အဲဒါဆိုရင်တော့ ငါလည်းမသိတော့ဘူး၊ ဒါမှမဟုတ် အွန်လိုင်းမှာရှာကြည့်လိုက်.."


ပြဿနာက စမှတ်ကိုပြန်ရောက်သွားပြီး ကျောင်းယန်ယွိက ကျိုးချွမ်အားမေးမြန်းနေမိသည်ကို လက်လျှော့လိုက်လေသည်။


ကျောင်းယန်ယွိက သူနှင့်အတူရှိခဲ့ဖူးသော **Long Aotian host ကိုသတိရမိသွားသည်။ သူတို့က သူတို့သူငယ်ချင်းကို ဘယ်လိုလက်ဆောင်မျိုးပေးကြတာလဲ။(**အစွမ်းထက် /overpower ဖြစ်/ အရမ်းကံကောင်း ..အဲ့လိုမျိုးသူကို ဆိုလိုတာပါ )


ခေတ်ပေါ် Long Aotian က ပိုက်ဆံ၊ အာဏာ၊ အိမ်၊ ကား..စသဖြင့်..


ကျင့်ကြံသူ Long Aotian ကမူ ကောင်းကင်နှင့်မြေကြီးမှရတနာပစ္စည်း၊ ရွှေရောင်ဆေးပြားနှင့် အနာရောဂါပျောက်ဆေး....


ခေတ်ပေါ်ဝမ်းချန်ရှီးက အားလုံးရှိနေ၍ ထိုပစ္စည်းများကိုမလိုအပ်ပေ။ သာမန်ကမ္ဘာဖြစ်နေ၍ ကျင့်ကြံရေးရတနာပစ္စည်းများကိုလည်း မည်သည့်နေရာမှရှာ၍ရမည်မဟုတ်ပေ။


နောက်ဆုံး၌ ကျောင်းယန်ယွိမှာ ကွန်မန်ဒါလောင်ကျောင်းကိုကပ်ရတော့သည်။


ကွန်မန်ဒါလောင်ကျောင်းက လူ့လောကကိုစောစောရောက်လာသောကြောင့် လူသားများ၏အကြိုက်ကို ပိုနားလည်လောက်၏။


လောင်ကျောင်းပေးသောအကြံက ပိုသင့်လျော်မည်မှာသေချာလေသည်။ ထိုသူက မည်သည့်ပစ္စည်းမျိုးပေးသင့်မှန်းသေချာမသိသော်ငြား ကျောင်းယန်ယွိကို အကြံကောင်းတစ်ခုပေးခဲ့သည်။


ထိုသူကပြောခဲ့သည်: "တစ်ဖက်လူကိုလက်ဆောင်တစ်ခုပေးတယ်ဆိုတာက ဘာလက်ဆောင်ပဲဖြစ်ဖြစ် ပေးတဲ့သူရဲ့နှလုံးသားကိုရောင်ပြန်ဟပ်နေဖို့လိုတယ်၊ လက်ဆောင်က ဈေးကြီးတာဖြစ်ဖြစ် ဈေးပေါတာပဲဖြစ်ဖြစ် ခံစားရလောက်တဲ့စိတ်ရင်းဖြစ်နေသရွေ့ တဖက်လူက တစ်ချက်ကြည့်ရုံနဲ့တင် မင်းရဲ့စေတနာကိုမြင်သွားလိမ့်မယ်၊ အဲဒါဆိုရပြီ.."


ကျောင်းယန်ယွိ၏ဦးနှောက် PU က လျင်မြန်စွာဆန်းစစ်လိုက်သည်။


"ကျွန်တော်က ကျွန်တော့်ရဲ့ခံစားချက်ကို သူ့ကိုသိစေချင်တာ.."


လောင်ကျောင်း: "ဟုတ်တယ်.."


ကျောင်းယန်ယွိက နားလည်သွားလေသည်။


"နားလည်ပါပြီ၊ ကျေးဇူးပါပဲ အဖေ.."


ဖုန်းချလိုက်ပြီးနောက် ကျောင်းယန်ယွိက ဝယ်သူအကြိုက်လုပ်ပေးသောအစီအစဥ်ကို ချက်ချင်းချရေးလိုက်သည်။ သူက သူ့အစ်ကိုကြီးအားပေးချင်သည့်ပစ္စည်းကို စဥ်းစားပြီးပေပြီ။


ကျောင်းယန်ယွိ၏ဝယ်သူအကြိုက်လုပ်ပေးသောလက်ဆောင်မှာ ငါးရက်မကျော်ခင်လုပ်၍ပြီးသွားပြီး အိမ်ကိုရောက်လာလေသည်။


သို့သော် နောက်ပိုင်း ရက်နှစ်ဆယ်တွင် ကျောင်းယန်ယွိက ဝမ်းချန်ရှီးကို မတွေ့ရပေ။


နှစ်ယောက်က WeChat တွင်လည်း စကားမပြောဖြစ်ကြပေ။ ကျောင်းယန်ယွိမှာ ဝန်ဆောင်မှုစင်တာမှမန်နေဂျာအပြင် အခြားတာဝန်ရှိသူများကို ဓာတ်လှေကား၌မတော်တဆဆုံမိရာမှအပ မတွေ့ဖူးချေ။


တစ်ဖက်လူကို လက်ဆောင်ပေးရမည့်နည်းလမ်းက အခက်အခဲဖြစ်နေလေပြီ။


ကုမ္ပဏီက ကိုယ့်အလုပ်မှလွဲပြီးအခြားကိစ္စကိုစိတ်မဝင်စားသူနှင့် အလုပ်ဂျပိုးများအတွက် သက်သောင့်သက်သာရှိသောလုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးထား၏။ အွန်လိုင်း OA အလိုအလျောက်ရုံးမှာ ဝန်ထမ်းများကို အချိန်အများစု၌ နေရာတွင်နေခိုင်းထားရာ... ၎င်းအချက်ကလည်း ကျောင်းယန်ယွိနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ မတွေ့မိရန် တားဆီးထားလေသည်။ 


သို့သော်လည်း သူ မစ္စတာဝမ်းကိုတွေ့ချင်ပါက ကြိုတင်ချိန်းဆိုထားရပေမည်။


ကျောင်းယန်ယွိက ထိုအကြောင်းတွေးနေစဥ် နည်းပညာဝန်ဆောင်မှုဌာနမှဒါရိုက်တာရောက်လာလေသည်။


"ရှောင်ကျောင်း၊ အင်ဂျင်နီယာဌာနက မင်းကိုအကူအညီအတွက်လွှတ်ခိုင်းလိုက်တယ်၊ အခုအားနေလား.."


ကျောင်းယန်ယွိ၏အရည်အချင်းကိုသိသွားပြီးနောက်တွင် နည်းပညာဌာနကဒါရိုက်တာက ကျောင်းယန်ယွိကို အကူအညီရရန် မကြာခဏခေါ်လေတော့သည်။


ဒါရိုက်တာရွှီက အဆင့်မြင့်နည်းပညာဌာနမှ ချီးကျူးစကားများကြောင့် ကျောင်းယန်ယွိကို ဆော့ဖ်ဝဲများအားကနဦးစမ်းသပ်သည့်အဆင့်မှ အများနှင့်ဆိုင်သောပရောဂျက်အချို့၏ ဖွံ့ဖြိုးရေးနှင့်ဒီဇိုင်းပိုင်းအထိ ကျောင်းယန်ယွိ သဘောကျလာရန်ကြိုးစားနေခဲ့သည်။


ဤနည်းလမ်းက အကျိုးသက်ရောက်မှုသိပ်မရှိရုံဖြစ်ပြီး ကျောင်းယန်ယွိက အချိန်ကျလာသည်နှင့်အလုပ်မှ အချိန်မီပြန်နေဆဲပင်။(အချိန်ပိုမဆင်း/စိတ်မဝင်စား)


အင်ဂျင်နီယာဌာနကိုမဝင်ရရေးနှင့် ဒါရိုက်တာရွှီ၏ 'လော်ဘီ' ကိုရှောင်ရန်အတွက် အခြေအနေကိုသုံးသပ်ပြီးနောက် ကျောင်းယန်ယွိက အခြားသူများအတိုင်းလိုက်ကာ ဆိုးရွားသောအကျင့်များကိုစလုပ်လေတော့သည်။


ဥပမာ သူလုပ်ချင်ရာလုပ်သည်။ သူ့အတွက်သူသာဦးစားပေးပြီး ပြောင်းလဲမှုနှင့် တီထွင်မှုတစ်ခုလုပ်ရန် မကြိုးစားတော့ပေ။


သို့သော် သူ၏ကိုယ်ကျင့်တရားက တစ်ပေရှိလျှင် သူ၏အကြံကလည်း တစ်ပေသာရှိပေမည်။ ကျောင်းယန်ယွိက အချိန်ပိုမဆင်းချင်သည့်ပုံစံကို ဒါရိုက်တာရွှီက မြင်သွားသည့်အခါ နောက်တစ်မျိုးကြံလေတော့သည်။


ဥပမာ ဒါရိုက်တာရွှီက ကျောင်းယန်ယွိကို ဖွံ့ဖြိုးရေးနှင့်အများပိုင်ပရောဂျက်ဒီဇိုင်းတွင် ဝင်လုပ်ပေးရန်အကူအညီတောင်းရသည့်အခါ ကျောင်းယန်ယွိ၏အမြင်ကိုမေးမြန်းပြီး ပိုကောင်းသည့်အဆင့်မြှင့်တင်ရေး သို့မဟုတ် တိုးတက်ရေးအစီအစဥ်ရှိမရှိ မေးမြန်းတတ်သည်။


ကျောင်းယန်ယွိက မရှိကြောင်းပြောလျှင် ဒါရိုက်တာရွှီကသက်ပြင်းချပြီးပြောရသည်။


"အိုက်ယား..ကြည့်ရတာ ဒီညတော့ ငါအချိန်ပိုဆင်းရဦးမှာပဲ၊ ဆောရီးပါ ရှောင်ကျောင်း ငါတို့နဲ့အတူ အချိန်ပိုဆင်းရအောင်လုပ်မိသွားတယ်.."


အငြိမ်းစားယူပြီး အချိန်ပိုမဆင်းချင်သောကျောင်းယန်ယွိက ဒါရိုက်တာရွှီကို ခိုးကြည့်လိုက်သည်။


မန်နေဂျာရွှီက သူ့ကိုပြုံးပြီးကြည့်လိုက်သည်။ သူ၏ကောက်ကျစ်စဥ်းလဲသောရည်ရွယ်ချက်ကို လုံးဝမဖုံးကွယ်ထားပေ။


နောက်ဆုံးတွင် ကျောင်းယန်ယွိက သုံးစက္ကန့်မျှတိတ်ဆိတ်နေပြီးနောက် ဆုံးဖြတ်ချက်ချကာ ကုဒ်ကိုတိတ်တဆိတ်လှမ်းကြည့်လိုက်လေသည်။


"ကျွန်တော် အလုပ်မဆင်းခင် ဘယ်နေရာမှာအဆင့်မြှင့်လို့ရပြီး ပြင်လို့ရမလဲဆိုတာ ကြည့်လိုက်ပါ့မယ်.."


ဇာတ်လမ်းဆင်ရာတွင် အောင်မြင်သွားသောဒါရိုက်တာရွှီက ပျော်ရွှင်စွာပြောလိုက်၏။


"ရှောင်ကျောင်းကလုပ်နိုင်မယ်ဆိုတာ ငါသိနေတယ်.."


ယနေ့တွင်လည်း ခြွင်းချက်မရှိပေ။ ကျောင်းယန်ယွိနှင့်ကျိုးချွမ်တို့ရောက်လာသည်နှင့် ဒါရိုက်တာရွှီက ကျောင်းယန်ယွိကို အများပိုင်ပရောဂျက်၏စနစ်ဒီဇိုင်းတွင် ဝင်လုပ်ပေးရန် တိုက်ရိုက်မေးမြန်းလာပြီး ကျောင်းယန်ယွိကိုကူညီပေးရန် ကျိုးချွမ်ကိုမေးလိုက်သည်။


အသုံးပြုသူ အတွေ့အကြုံကောင်းရစေရန် ကုဒ်အရင်းအမြစ်ကို အဆင့်မြှင့်ပေးပြီး ဒေတာအားလုံးကိုတိုးတက်အောင်လုပ်ပေးကာ လွယ်ကူသောအရင်းအမြစ်ရှိနေသောကြောင့် အခြားလိုအပ်သည့်အရာမရှိတော့ပေ။ ဒါရိုက်တာရွှီက သူတို့ကို ဤတာဝန်ပေးလိုက်သည့်အတွက် အလွန်စိတ်သက်သာသွားလေသည်။


ထို့အပြင် ဒါရိုက်တာရွှီက သူ့ကိုအလွန်တရာမှတန်ဖိုးထားပြီး အင်ဂျင်နီယာဌာနမှလူတိုင်း ကျောင်းယန်ယွိအမည်ကို မစိမ်းကြပေ။


"သူက နည်းပညာဝန်ဆောင်မှုဌာနက ကျောင်းယန်ယွိဆိုတာလား.."


"ဟုတ်တယ်၊ ဒါရိုက်တာရွှီကသူ့ကို ငါတို့ R and D ပရောဂျက်ကိုပို့တော့မယ်လို့ကြားတယ်.."


"တခါတည်းပို့လိုက်တာလား၊ မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား၊ ဒါက ဝေ့လန်နည်းပညာဌာနလေ.."


"တကယ်ပါဆို၊ ဒါရိုက်တာရွှီက မန်နေဂျာနဲ့စကားပြောပြီးသွားပြီ၊ သူက သာမန်တက္ကသိုလ်ကနေဘွဲ့ရတာလို့ကြားတယ်.."


"ကျစ်..ဘယ်လိုကံကောင်းမှုမျိုးလဲ.."


အချို့က မနာလိုဖြစ်နေပြီး အခြားသူများလည်း အားကျနေကြလေသည်။


တရုတ်ပြည်တွင်းမှ ရှေ့ဆောင်နည်းပညာကုမ္ပဏီဝေ့လန်နည်းပညာကုမ္ပဏီအနေဖြင့် ဝင်ရောက်ရန်မှာတကယ်မလွယ်ကူလှပေ။


အထူးသဖြင့် သူတို့၏ R and D အင်ဂျင်နီယာစင်တာဖြစ်ပြီး သူတို့တွင် နာမည်ကြီးတက္ကသိုလ်များမှ မာစတာနှင့်ဒီဂရီဘွဲ့များတင်မက အရည်အချင်းလည်းရှိကြသည်။


သူတို့က ယခုလိုနည်းလမ်းဖြင့် ကုမ္ပဏီထဲသို့ဝင်လာချိန်တွင် အချို့မှာ ကုမ္ပဏီကိုမဝင်ခင် နှစ်နေရာ သုံးနေရာမျှသွားရသေးသည်။


ယခုမူ သာမန်တက္ကသိုလ်မှဘွဲ့ရလာသောကျောင်းသားလေးတစ်ယောက်မှာ R and D စင်တာထဲသို့ အလွယ်တကူဝင်လာနိုင်ရာ မနာလိုမဖြစ်မိရန်မှာ လုံးဝမဖြစ်နိုင်သောကိစ္စပင်။


သူတို့က သာမန်တက္ကသိုလ်မှကျောင်းသားများကို အထင်သေးခြင်းမဟုတ်သလို မတရားသလိုခံစားရ၍လည်းမဟုတ်ပေ။ သူတို့က အရေးပေးရခံခြင်းနှင့်မတန်သလို ခံစားရခြင်းပင်။ 


သူတို့၏စိတ်ထဲတွင် ကျောင်းယန်ယွိ၏အရည်အချင်းက အလွန်ကောင်းသည်ဟုလည်း ယူဆထားကြသော်လည်း အဘယ်ကြောင့်ထိုသူက လုပ်ရိုးလုပ်စဥ်အတိုင်း မရောက်လာရပါသနည်း။ ၎င်းက ကံကောင်းရုံအပြင် အခြားအကြောင်းအရင်းမရှိဘဲ သာမန်စနစ်လေးအနည်းငယ်နှင့်တွေ့သွားရုံဖြင့် ဒါရိုက်တာရွှီကသူ့ကိုမျက်လုံးထဲ၌ စွဲသွားခဲ့သည်။(**အရည်အချင်းကောင်းတယ်လို့ထင်ပေမဲ့ အဲ့လောက်ကြီးမဟုတ်ဘဲ ကံကောင်းလို့သာ နေရာရာတယ်လို့ ထင်နေကြတာ**)


သူတို့က အသံကိုနှိမ့်ပြောနေပြီး ဘေးမှဖြတ်သွားသောဒါရိုက်တာရွှီက သူတို့မျက်နှာထားများကိုသတိထားမိပြီး မည်သို့များ နားမလည်ဘဲနေပါမည်နည်း။


သူက တမင်မေးလိုက်သည်။


"မင်းတို့အကုန်လုံး ဒီမှာဘာလုပ်နေကြတာလဲ၊ ဘာလို့အခုထိ အလုပ်မလုပ်ကြသေးတာလဲ၊ ရုံးမှာနေပြီး အချိန်ပိုဆင်းချင်လို့လား.."


နည်းပညာကျောရိုး၏ဝန်ထမ်းတစ်ယောက်က ခပ်သွက်သွက်ပြောလာလေသည်။


"ကျွန်တော်တို့က အပျင်းထူနေတာမဟုတ်ပါဘူး၊ ပရိုဂရမ်က စမ်းသပ်နေတုန်းမလို့ စောင့်နေကြတာပါ.."


ဒါရိုက်တာရွှီကပြောလိုက်သည်။


"ဒီလိုကိုး၊ စောင့်နေမှတော့ ရှောင်ကျောင်းကိုသွားကြည့်၊ မနေ့က အဖွဲ့သုံးခုကပေးတဲ့ပရောဂျက်တွေကို သူကိုင်ပေးနေတယ်..."


ထိုစကားကိုကြားရသည့်အခါ နည်းပညာကျောရိုးဝန်ထမ်းက အံ့ဩသွားလေသည်။


"အဖွဲ့သုံးခုကပေးတဲ့ပရောဂျက်လား၊ အဲဒီတစ်ခုက အရမ်းခက်တာကို ဒါရိုက်တာကသူ့ကို တစ်ယောက်တည်းလုပ်ခိုင်းထားတာလား.."


အားလုံးက အနည်းငယ်အံ့ဩသွားကြသည်။ သူပဲ ကျောင်းယန်ယွိကို တန်ဖိုးထားတယ်လို့ပြောလိုက်တာမဟုတ်ဘူးလား၊ သူ့ကို အရှက်ခွဲနေတာပဲမဟုတ်ဘူးလား။


ပင်မကုဒ်က အလွန်တရာမှရှုပ်ထွေးနက်နဲပြီး နားလည်ရန်ခက်လေသည်။ သူတို့ပင် နားလည်ရန် အချိန်အတန်ကြာယူပြီး လေ့လာရနိုင်သည်။


ဒါရိုက်တာရွှီ၏မျက်နှာပေါ်တွင် အဓိပ္ပါယ်တစ်မျိုးရှိသောအမူအရာတစ်မျိုးပေါ်နေသည်။


"မင်းတို့သူ့ကိုတွေ့ရင် နားလည်သွားလိမ့်မယ်.."


ကျောင်းယန်ယွိက အချိန်ပိုမဆင်းရစေရန် ဖန်သားပြင်ကို အာရုံစိုက်၍ကြည့်နေပြီး သူ့ကိုကြည့်နေသူများမှာ ကုဒ်ကို လုံးဝနားမလည်ကြပေ။


သို့ဖြစ်၍ သူ့ကို "ဖိုးကံကောင်း" ဟုဆိုကာ ကြိတ်၍မနာလိုဖြစ်နေခဲ့ကြသော နည်းပညာပိုင်းကျောရိုး၏ဝန်ထမ်းအချို့မှာ သူက ပြွတ်သိပ်နေသောကုဒ်ကို အလွန်တရာမှလျင်မြန်သောအမြန်နှုန်းဖြင့် စာရိုက်နေပြီး စနစ်ကို ကျွမ်းကျင်စွာမြှင့်တင်လိုက်ပုံကိုမြင်လိုက်ရသည့်အခါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်ကို သူမတွေ့လိုက်ပေ။


ကျောင်းယန်ယွိ အလုပ်ကိုလက်စသတ်လိုက်ပြီးနောက် တဖက်ကိုလှည့်လိုက်ပြီး သူ့အနောက်၌ လူအများအပြားရှိနေသည်ကိုတွေ့လိုက်ရသည့်အခါ မျက်လုံးထဲ၌ သံသယအနည်းငယ်ပေါ်လာလေသည်။


"တစ်ခုခုဖြစ်နေလို့လား.."


"ရှောင်ကျောင်း..မဟုတ်ဘူး..ရှောင်ကျောင်းကော၊ ကောက တကယ်ပဲ သာမန်ကောလိပ်ကျောင်းသားဟုတ်ပါတယ်နော်.."


ကျောင်းယန်ယွိ: "ဟုတ်တယ်လေ၊ ဘာလို့လဲ.."


"မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ ကောက အရမ်းတော်နေတယ်လို့ထင်မိလို့ပါ.."


"အစ်ကိုက ကိုယ်တိုင်လေ့လာထားတာလား..."


ကျောင်းယန်ယွိက တကယ်ပင် သာမန်တက္ကသိုလ်မှဘွဲ့ရထားကြောင်းသိသွားပြီး နည်းပညာကျောရိုး၏ဝန်ထမ်းအားလုံးကကျောင်းယန်ယွိကို ကိုယ်တိုင်လေ့လာသော ပါရမီရှင်ဟုသတ်မှတ်လိုက်ကြသည်။ သူတို့က သူ့ကို ပို၍ပိုကာလေးစားသွားကြပြီး ဒါရိုက်တာရွှီနည်းတူ  ကျောင်းယန်ယွိကို သူတို့၏ R and D ဌာနထဲသို့ဝင်ရန် မြူစွယ်ကြတော့သည်။


သို့သော် ကျောင်းယန်ယွိကမဝင်ချင်ပေ။


အကြောင်းအရင်းကိုမေးကြည့်သည့်အခါ နည်းပညာဝန်ဆောင်မှုဌာနက အလွန်တရာမှကောင်းမွန်ပြီး သူက၎င်းကို အလွန်နှစ်သက်၍ဖြစ်ကြောင်း ပြောပြလာခဲ့သည်။


အင်ဂျင်နီယာစင်တာမှ အင်ဂျင်နီယာများမှာ ပေါက်ကွဲသွားကြသည်။ 


နည်းပညာဝန်ဆောင်မှုဌာနက ဘယ်နားမှာကောင်းနေလို့လဲ။ လက်ပေါက်ကပ်တဲ့ဝယ်သူတွေဆီကနေအဆဲခံရသလို ဝယ်သူတွေဆီကလည်း ဒေါသပဲရတယ်လေ။ သူတို့ရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒီဇိုင်းဌာနလောက် ဘယ်လိုလုပ်ကောင်းမှာလဲ။


ကျောင်းယန်ယွိက သူတို့၏သောကကိုနားမလည်နိုင်ပေ။ သူအလုပ်ဆင်းပြီး ဆယ့်ခြောက်လွှာကိုပြန်ကာ သူ၏ညီအစ်ကိုအား ပေးချင်နေသည့်လက်ဆောင်ကို အောက်ထပ်လုံခြုံရေးရုံးခန်းမှယူရန်သာသိလေသည်။


သူ ဝမ်းချန်ရှီး၏အိမ်လိပ်စာကိုမသိသောကြောင့် ကုမ္ပဏီသို့ ပစ္စည်းပို့ပေးနေသူများအားလုံးရှိနေသော  လုံခြုံရေးရုံးခန်းတွင်သာထားခဲ့နိုင်သည်။ လုံခြုံရေးအစောင့်က ၎င်းတို့ကို ဌာနအားလုံးသို့ပို့ပေးပေလိမ့်မည်။


လက်ဆောင်ကိုပေးပြီးနောက် ကျောင်းယန်ယွိကစဥ်းစားလိုက်ပြီး ဝမ်းချန်ရှီးကို WeChat မှစာပို့ထားလိုက်သည်။ 


[ဒီလရဲ့လစာကတိုးသွားတယ်၊ ခင်ဗျားအတွက် လက်ဆောင်ဝယ်ပေးထားတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့အိမ်လိပ်စာကိုမသိတော့ ကုမ္ပဏီရဲ့လုံခြုံရေးရုံးခန်းမှာထားခဲ့တယ်၊ မနက်ဖြန်မှ ခင်ဗျားဆီကိုရောက်လိမ့်မယ်]



***


စာရေးသူတွင်ပြောစရာရှိပါသည်။


PS--


လိုက်ဖို့လွယ်တဲ့လူမဖြစ်ချင်သောဝမ်းချန်ရှီး: မင်း ဒီလောက်လည်း တက်ကြွနေစရာမလိုပါဘူး။


လောင်ကျောင်း: မင်းတွေးတာမှန်တယ်။ ဒါပေမဲ့ အဖေကတော့ တစ်ခုခုမှားနေသလိုခံစားရတယ်နော်။


ဟယ်လန်XD: ငါကတော့ ရှောင်ရီရဲ့တကယ့်ရွှေ့ကွက်ကဘာလဲဆိုတာ ရှောင်ရှီးသိသွားရင် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။


Spoiler~


အကောင်းဆုံးတွေက အလာနှေးတယ်။


ရှောင်ရီက ရှောင်ယွိကို ဘာပေးမှာလဲ။




❓️❓️❓️