၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၀
ကျန်းနျန် နိုးနေသည်ကို မြင်သောအခါ လုယွီသည် ဇလုံကို မီးဖိုချောင်သို့ သယ်သွားသည်။ "မရီး နည်းနည်း ထပ်အိပ်လို့ ရသေးတယ်။ ငါ မနက်စာ လုပ်လိုက်မယ်”
ကျန်းနျန်က ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ "ကျွန်မ အိပ်ရေး ဝပါပြီ”
သူမသည် မျက်နှာသစ်ပြီး သွားတိုက်ရန် ရေတွင်းသို့ သွားသည်။ မီးဖိုချောင်မှ ချက်ပြုတ်သံများကို ကြားရသောအခါ သူမသည် လက်များကို အလျင်အမြန် ဆေးကြောပြီး မီးဖိုချောင်သို့ ဝင်သွားသည်။ လုယွီသည် ကြော်လှော်ရန် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေပြီ ဖြစ်သည်။
သူမ မီးမွှေးရန် မီးဖိုနားတွင် ထိုင်လိုက်သည်။
လုယွီ ထင်းထည့်နေသော ကျန်းနျန်ကို ကြည့်လိုက်သည်။ တဖျပ်ဖျပ် တောက်နေသော မီးရောင်သည် သူမ၏ မျက်နှာကို လင်းစေသည်။ သူမသည် ပုံမှန်အတိုင်း ခေါင်းငုံ့ထားပြီး သူမနဖူးပေါ်မှ ဒဏ်ရာသည် ပျောက်လုနီးပါး ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
လုယွီသည် ကျန်းနျန်မှာ သေးငယ်ပြီး နုနယ်သော ပုံပန်းသဏ္ဌာန်ရှိသော်လည်း သူမ၏ အသံသည် ထိုမျှ အားကောင်း လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မနေ့ညက သူ သူမ အော်သံကို ကြားလိုက်ရသောအခါ ချက်ချင်း နိုးထခဲ့သည်။
မနက်စာအတွက် လုယွီသည် ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲ၊ ပေါက်စီအဖြူလေးလုံးကို ပြန်နွှေးပြီး၊ ဆန်ပြုတ်ပြုတ်၍ ကြက်ဥမုန့်တစ်ပန်းကန်ကို ပေါင်းကာ ပြင်ဆင်ခဲ့သည်။
မနက်စာကို စားပွဲပေါ် တင်လိုက်သောအခါ ကျန်းနျန်သည် သူမရှေ့မှ ကြက်ဥမုန့်ပန်းကန်ကို ကြည့်ပြီး အံ့သြစွာ မျက်တောင်ခတ်လိုက်မိသည်။ သူမသည် လုယွီကို မော့ကြည့်လိုက်ရာ သူက ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး မျိုချကာ "စားပါ" ဟု ပြောသည်။
ကျန်းနျန်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းငုံ့ကာ စိတ်လှုပ်ရှားမှု အနည်းငယ် ခံစားလိုက်ရသည်။
မူလပိုင်ရှင်သာ လုယွီ ပြန်လာသည်အထိ မိနစ်အနည်းငယ် ပို၍ ခံနိုင်ရည်ရှိခဲ့ပါက၊ သူမ ဒီကို ပို့ဆောင်ခံရမည် မဟုတ်ဘဲ မူလပိုင်ရှင်သည် လုယွီနှင့်အတူ စစ်တပ်တွင် ပျော်ရွှင်သောဘဝကို ရရှိနိုင်မည်ပင်။ ဤနည်းဖြင့် သူမသည် သူမ၏ မိသားစုနှင့် ထာဝရ ခွဲခွာနေရမည် မဟုတ်ပေ။
သူမ၏ မိဘများ၊ အဘိုးအဘွားများနှင့် တခြားသူများ ဘာတွေဖြစ်နေမလဲဟု တွေးမိသည်။
ကျန်းနျန် နှာခေါင်းရှုံ့ပြီး မျက်ရည်များကို ထိန်းမထားနိုင်ခဲ့ချေ။
ထို့ကြောင့် သူမက တိတ်တိတ်လေး ရှိုက်ကြီးတငင်ငိုရင်း အစာကို အနည်းငယ်စီ ကိုက်စားနေလိုက်သည်။
လုယွီ စားတာ ရပ်လိုက်သည်။ သူ မော့ကြည့်လိုက်လျှင် ကျန်းနျန်၏ ပခုံးများ တုန်ရီနေပြီး ငိုနေသည်ကို တွေ့လိုက်ရ၏။ သူ့မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ "ဘာလို့ ငိုနေတာလဲ။”
ကျန်းနျန်သည် ကြက်ဥမုန့်ကို တစ်ကိုက်စားရင်း ငိုသံပါသောအသံဖြင့် ပြောလိုက်သည်။ "မင်းရဲ့အစ်ကိုကြီးကို သတိရလို့"
လုယွီ ဘာမှထပ်မပြောတော့ပေ။ သူသည် မနက်စာကို အမြန်စားပြီးနောက် အခန်းသို့ပြန်ကာ စစ်ဝတ်စုံကိုဝတ်ဆင်ပြီး အနားမှဖြတ်သွားရင်း ကျန်းနျန်အားပြောလိုက်သည်။ "မရီး၊ လူတွေက ရှေ့ကိုပဲကြည့်ရမယ်"
တံခါးဝမှ ထွက်သွားစဉ် သူ့အသံက ထပ်၍ပေါ်လာသည်။ "နေ့လယ်ကြရင် ကိုယ်ပိုင်ယာခင်းထဲမှာ ပေါင်းနှုတ်နေမှာမို့ နေ့လယ်စာအတွက် ပြန်မလာတော့ဘူး။”
ခြံတံခါး ပိတ်သွားပြီးနောက် သူ့ခြေသံများလည်း တဖြည်းဖြည်း မှေးမှိန်သွားသည်။
စစ်တပ်စခန်းအတွင်းတွင် ခရာသံထွက်ပေါ်လာကာ စိတ်လှုပ်ရှားမှုတစ်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းနျန် မျက်ရည်များကို သုတ်လိုက်သည်။ အစာစားချင်စိတ် မရှိသော်လည်း ဤခေတ်တွင် အစားအသောက် မည်မျှ တန်ဖိုးရှိကြောင်း သူမသိသည်။ ပန်းကန်ကိုယူကာ ကြက်ဥမုန့်ကို ကုန်အောင်စားပြီးနောက် ပန်းကန်များကို ဆေးရန် မီးဖိုချောင်သို့ ယူသွားလိုက်သည်။
စားပွဲပေါ်တွင် လုယွီ ခုနကမှ တွင်းရေဖြည့်ထားသော ရေဇလားအနီနှင့် ကြက်သားများ ရှိနေသည်။
သူမ လုယွီအတွက် ကြက်စွပ်ပြုတ်လုပ်ပြီး နေ့လယ်တွင် လယ်ကွင်းသို့ သွားပို့ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းနျန်သည် စဉ့်တီတုံးပေါ်တွင် ကြက်သားများကို အမြန်ခုတ်ထစ်ပြီး တွင်းရေဖြင့် ဆေးကြောလိုက်သည်။
နွေရာသီဖြစ်သောကြောင့် တွင်းရေက အေးမြလန်းဆန်းနေသည်။
သူမ ကြက်သားများ ခုတ်ထစ်ပြီး ဇလားအနီထဲတွင် စိမ်ထားပြီးနောက် ဟင်းခတ်ပစ္စည်းများ ပြင်ဆင်နေစဉ် အပြင်ဘက်မှ ဖန့်မိန်၏ အသံကို ကြားလိုက်ရသည်။
“ကျန်းနျန်”
ကျန်းနျန်က မီးဖိုချောင်ထဲမှ ပြန်အော်လိုက်သည်။ "မီးဖိုချောင်ထဲမှာ။”
ဖန့်မိန် ဝင်လာပြီး ဇလားအနီထဲက ကြက်သားကိုမြင်တော့ အံ့ဩသွားသည်။ "အိုး ဘုရားရေ၊ ဒီကြက်သားက တော်တော်လေး ဈေးကြီးမှာပဲ ဟုတ်တယ်မလား။”
ထိုမေးခွန်းက ကျန်းနျန်ကို အကျပ်ရိုက်သွားစေသည်။
လုယွီ ဝယ်လာသည်မို့ သူမ ဈေးအတိအကျကို မသိပေ။ သို့သော်လည်း ဒီခေတ်အခါအရ ကြက်သားက သေချာပေါက် ဈေးမပေါကြောင်း သူမသိသည်။ သူမ ခေါင်းညိတ်လိုက်သည်။ "လုယွီ မနေ့ညက ဝယ်လာတာ။”
ဖန့်မိန်၏ မျက်လုံးထဲတွင် အနည်းငယ် မနာလိုစိတ် ရှိနေသော်လည်း သူတစ်ပါးကို အားကိုးချင်စိတ်တော့မရှိပေ။ "လက်ထောက်တပ်ရင်းမှူးလုက သူ့မရီးပေါ် တော်တော်လေး ကောင်းတာပဲ။ သူလဲ ငယ်တော့တာမဟုတ်ဘူး၊ ဇနီးရှာဖို့ အချိန်တန်ပြီ။ သူ့မရီးအနေနဲ့ သူ့ရဲ့အိမ်ထောင်ရေး အလားအလာတွေကို စောင့်ကြည့်ပေးသင့်တယ်နော်။”
ကျန်းနျန် ပြုံးလိုက်မိသည်။ "သေချာပေါက် လုပ်ပေးမှာပါ။”
စာအုပ်ထဲက ဇာတ်လမ်းအရ အမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်လိုက်နှင့် သက်ဆိုင်၏။ ကျန်းနျန် အချိန်ကို တွက်ကြည့်လိုက်ရာ အမျိုးသမီးဇာတ်လိုက် ဆေးရုံကို မကြာခင် ရောက်လာတော့မယ်ကို သိလိုက်ရ၏။ ထိုအခါကျရင် သူမ ဖျားချင်ယောင်ဆောင်ပြီး လုယွီကို သူမအား ဆေးရုံခေါ်သွားခိုင်းလို့ရသည်။ သူတို့တွေ့သည်နှင့် ဇာတ်လမ်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။
ထိုအခါ သူမ၏နေရာကို ပြန်သွားရန် အခွင့်အရေးရလိမ့်မည်ပင်။
ထိုအကြောင်းတွေးလိုက်သည့်အခါ ကျန်းနျန်၏ အရင်က မှိုင်းမှိုင်းမှုန်မှုန်ဖြစ်နေသည့် စိတ်အခြေအနေက တောက်ပလာသည်။
သူမ ဟင်းခတ်ပစ္စည်းတွေကို ပန်းကန်လုံးအသီးသီးထဲ ထည့်လိုက်ပြီး ဖန့်မိန်က ဇလားအနီကို ရံဖန်ရံခါ ကြည့်နေတာကို သတိထားမိလိုက်သည်။ သူမ ပြောလိုက်သည်။ "အစ်မဖန့်၊ နေ့လယ်ကျရင် ကြက်သားချက်ပြီးတာနဲ့ အစ်မနဲ့ ကလေးတွေ စားဖို့ ယူလာခဲ့ပေးအုံးမယ်။”
ဖန့်မိန်၏ မျက်လုံးများက ကမ်းလှမ်းချက်ကြောင့် တောက်ပသွားသော်လည်း ရှက်ရွံ့စွာဖြင့် ခေါင်းကို အမြန်ခါလိုက်သည်။ "နင့်အိမ်က ပစ္စည်းတွေကို ကျွန်မ ဆက်ပြီးယူလို့မဖြစ်ဘူး။ မသင့်လျော်ဘူး။”
ကျန်းနျန်က သူမလက်ကရေတွေကို ခါချပြီး ပြုံးလိုက်သည်။ "ကျွန်မတို့က အိမ်နီးချင်းတွေဖြစ်သလို စစ်သည်ဇနီးတွေလည်း ဟုတ်တယ်။ အစ်မဖန့်၊ ရှင် ငြင်းမယ်ဆိုရင် ကျွန်မနဲ့ ခပ်ဝေးဝေးနေချင်တာတော့ မဟုတ်ဘူးမလား။”
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" ဖန့်မိန်က လျင်မြန်စွာပြောပြီး ကျန်းနျန်၏ စကားကြောင့် စိတ်လှုပ်ရှားသွားသည်။ သူမ နောက်ထပ်မငြင်းဆိုတော့သော်လည်း အနည်းငယ်တော့ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ သူမသည် လုယွီတို့မိသားစုကို ရိုးရှင်းသည့် ထမင်းတစ်နပ်နှင့် ခရမ်းသီး၊ ငရုတ်သီးအချို့သာ ပေးခဲ့ဖူးပြီး သူတို့ကတော့ အများကြီး ပိုအရေးပါသည့်အရာကို ကမ်းလှမ်းနေတာ ဖြစ်သည်။ ဤသည်က သူမကို ကျန်းနျန်၏ ကြင်နာမှုအား ပိုပြီးတန်ဖိုးထားစေသည်။ အမြဲတမ်း ပြန်မပေးဘဲ ယူဖို့သာ ကြိုးစားနေသည့် ခန်ရှို့နှင့် မတူချေ။
ဖန့်မိန်က ဆက်ပြောလိုက်သည်။ "ဒီနေ့ အိမ်နီးချင်းရွာမှာ ဈေးရှိတယ်။ နင် ဟင်းသီးဟင်းရွက် စိုက်ချင်တယ်လို့ ပြောဖူးတယ်လေ။ မျိုးစေ့ဝယ်ဖို့ ကောင်းတဲ့ အခွင့်အရေးပဲ။”
ကျန်းနျန်သည် ၁၉၇၀ ပြည့်လွန်နှစ်များက ဈေးကို တစ်ခါမှ မမြင်ဖူးပါ။ "အစ်မဖန့်၊ ခဏစောင့်ပါဦး။ ကျွန်မ အဝတ်လဲပြီး လိုက်ခဲ့မယ်။”
သူမ အခန်းထဲပြန်သွားကာ သန့်ရှင်းသောအဝတ်လဲပြီး သံသေတ္တာထဲက ပိုက်ဆံနှင့် ရိက္ခာလက်မှတ်များယူလျက် ဖန့်မိန်နှင့်အတူ ဈေးသို့ ထွက်လာခဲ့သည်။
ဈေးသွားရာလမ်းတွင် သူမတို့ ရှု့ယန်နှင့် ဆုံမိသည်။ ဒါက ကျန်းနျန် သူမကို ဒုတိယအကြိမ် မြင်ဖူးခြင်းပင်။
ရှု့ယန်က ကျန်းနျန်နှင့် ဖန့်မိန်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့သွားသည်။ သူမ၏ မျက်လုံးများမှာ ငိုထားလို့ နီရဲရောင်ရမ်းနေသည်။ သူမက သူတို့အနားကို အေးစက်တဲ့မျက်နှာနှင့် ဖြတ်သွားသည်။ ကျန်းနျန် သူမမျက်နှာပေါ်တွင် ကြာရှည်စွာဖြစ်တည်နေသည့် ပင်ပန်းနွမ်းနယ်မှုကို သတိထားမိလိုက်သည်။
စာအုပ်ထဲမှာ ရှု့ယန်အကြောင်းကို အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။ သူမ ပြုံးလိုက်သည့်အခါ ပါးချိုင့်လေးများ ရှိသည်ဟုသာ ဖော်ပြထားသည်။ သို့သော် ဤသို့မြင်ရသည့်အခါ ကျန်းနျန် သူမ မပြုံးတာ ကြာပြီဟု ထင်လိုက်သည်။
ဖန့်မိန်၏ မနေ့ညက အဖြစ်အပျက်များအပေါ် စိတ်ပျက်အားငယ်မှုက ထင်ရှားနေသည်။ "ညသန်းခေါင်ယံဆို အပြင်မှာငိုပြီး လူတိုင်းကို အနှောင့်အယှက်ပေးတယ်။”
ကျန်းနျန်က ပြန်မဖြေခဲ့ချေ။
ဈေးသည် မိသားစုခြံဝန်းမှ လမ်းလျှောက်လျှင် တစ်နာရီကြာသည်။ ရိုးရှင်းပြီး အများစုမှာ ဟင်းသီးဟင်းရွက်များ၊ ကြက်ပေါက်များနှင့် ဘဲပေါက်များသာ ရောင်းချကြ၏။ ကျန်းနျန် ဟင်းသီးဟင်းရွက် ပျိုးပင်အမျိုးမျိုးကို ဝယ်ခဲ့သည်။
ဖန့်မိန် မေးလိုက်သည်။ "ကြက်ပေါက်တွေ ဘာလို့ မဝယ်တာလဲ။ သူတို့ကြီးလာပြီး ဥဥလာရင် ဥတွေ ထပ်ဝယ်စရာ မလိုတော့ဘူးလေ။”
ကျန်းနျန်က ပြုံးလိုက်သည်။ "စဉ်းစားကြည့်ဦးမယ်။”
သူမ အဲဒီလောက်အထိ အဝေးကို မစဉ်းစားသေးချေ။ ဟင်းသီးဟင်းရွက် စိုက်ဖို့ ပျိုးပင်ဝယ်သည်က လုယွီနှင့် မူလပိုင်ရှင် ကျန်းနျန်အတွက် ပိုက်ဆံချွေတာသည့် နည်းလမ်းဖြစ်သည်။
သူမ သူမ၏နေရာကို ပြန်သွားရန် မျှော်လင့်ချက်ကို လက်မလျှော့ချင်ဘဲ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ကြည့်ချင်နေသည်။
ထိုအကြောင်းတွေးရင်း ကျန်းနျန် သူမ နဖူးက ဒဏ်ရာကို ထိလိုက်သည်။ သူမ အားရပါးရ နဖူးကြောဆွဲပြီး တွန့်လိုက်သည့်အချိန်မှ လွဲ၍ တခြားအချိန် နာကျင်မှုမရှိတော့ပေ။ ဒဏ်ရာလုံးဝကျက်သွားလျှင် နောက်တစ်ကြိမ် ခေါင်းကို တိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းသွားပြီး ပြန်ရောက်သွားရင် ဘယ်လိုလုပ်မလဲ။
အိမ်ပြန်ရောက်သည့်အခါ နေ့လယ်စာစားချိန် နီးပါးဖြစ်နေပြီ။ ကံကောင်းထောက်မစွာပင် သူမ ဈေးမသွားခင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီး ကြက်သားကို ခုတ်ထစ်ထားခဲ့သည်။ ကျန်းနျန် မီးမွှေးရန် ကောက်ရိုးကို သုံးပြီး မီးအားပြင်းလာသည့်အခါ ထင်းတွေထည့်လိုက်သည်။ နောက်ဆုံး လက်ဆေးပြီး ချက်ပြုတ်လိုက်တော့သည်။
ဤခေတ်တွင် အိမ်တိုင်း ဟင်းချက်ရန် ဆီအနည်းငယ်သာ သုံးကြသည်။ သူမ၏ အဖွားက တုတ်ချောင်းကို ဆီထဲနှစ်ပြီး ဟင်းချက်တဲ့အကြောင်း ပြောပြခဲ့ဖူးသော်လည်း သူတို့ချက်တဲ့ ဟင်းများက လုံးဝမကောင်းဘူးတဲ့…
ကျန်းနျန်၏ အဖွားက အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ၁၉၃၈ မှာ မွေးဖွားခဲ့တာပင်။ သူမက တကယ်ကို ခက်ခဲသည့်အချိန်များကို ဖြတ်သန်းခဲ့ရပြီး ကျန်းနျန်အား မကြာခဏ ပုံပြင်တွေအဖြစ် ပြောပြလေ့ရှိသည်။
သူမ၏ အဖွားက ဒေသခံအမျိုးသမီးတစ်ဦးဆီကနေ ပန်းထိုးပညာကို သင်ယူခဲ့ပြီး ခက်ခဲသောအချိန်များတွင် မိသားစုကို ထောက်ပံ့ရန် ထိုပညာကို အသုံးပြုခဲ့သည်။ သူမက ထိုပညာကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းချင်ခဲ့သော်လည်း သားနှစ်ယောက်သာ မွေးခဲ့သဖြင့် သားကို မသင်ပေးနိုင်ခဲ့ချေ။ သို့သော် ကျန်းနျန် မွေးလာသာ့်အခါ သူမ၏ အဖွားက ထိုပညာကို ပြန်လည်သင်ယူပြီး သူမအား သင်ပေးခဲ့သည်။
အတိတ်ကို ပြန်တွေးလိုက်လျှင် ကျန်းနျန် ဝမ်းနည်းသွားမိသည်။ သူမ၏ အဖိုးအဖွားများက အသက်ကြီးနေပြီ၊ သူမ မတော်တဆမှုဖြစ်သွားသည်ကို သိလျှင် ငိုပြီး ဖျားများနေမလားဟု စိုးရိမ်မိသည်။
နေ့လယ်စာအတွက် သူမ ကြက်တစ်ဝက်ဖြင့် ချက်ထားသော စွပ်ပြုတ်တစ်အိုး၊ အစပ်နှင့် အချဉ်အာလူးဖတ်ကြော်တစ်ပန်းကန်၊ ပြီးတော့ ပေါင်းထားတဲ့ ဘန်းမုန့်တချို့ကို နွေးလိုက်သည်။ သူမ ချက်ပြုတ်ပြီးခါနီးမှာပဲ ဖန့်မိန်၏ အသံက အပြင်ကနေ လှမ်းခေါ်လာသည်။ "ငါ့ အိမ်နားကနေတောင် အနံ့ရတယ်။ ငါ့ရဲ့ သားလေးတွေက သူတို့အဒေါ်ကျန်း ကြက်စွပ်ပြုတ် ချက်နေမှန်း သိတော့ အိမ်မှာ နေ့လယ်စာ မစားတော့ဘူးတဲ့။”
ဖန့်မိန်က စကားပြောရင်း ဝင်လာခဲ့သည်။
ကျန်းနျန်က ပြုံးလိုက်သည်။ "ကျွန်မ ခုပဲ အစ်မဖန့်ကို ခေါ်တော့မလို့။”
ဖန့်မိန်က ဥခြောက်လုံးနှင့် ခရမ်းချဉ်သီးငါးလုံးကို ခြင်းတောင်းထဲ ထည့်ယူလာပြီး မီးဖိုဘေးက ယက်ထားသည့် ခြင်းတောင်းထဲ ထည့်လိုက်သည်။ သူမက ပြောလိုက်သည်။ "ဒါတွေက ငါတို့ ကြက်တွေ ဥထားတာ။”
ကျန်းနျန် မငြင်းလိုက်ပေ။
သူမ အပြန်အလှန်ဖလှယ်မှုကို ယုံကြည်သည်။ အဆက်မပြတ် ပေးနေရုံနှင့် လက်မခံဘူးဆိုရင် အတင်းအဖျင်း စကားများ ဖြစ်ပေါ်လာနိုင်၏။
သူမ ကြက်စွပ်ပြုတ်နှင့် ကြက်သားတချို့ကို ကြွေပန်းကန်လုံးအညိုလေးထဲ ထည့်ပေးလိုက်သဖြင့် ဖန့်မိန်၏ ရင်ကို နွေးထွေးစေသည်။ သူမလည်း နောင်မှာ ကောင်းတဲ့အစားအသောက်များ လုပ်ဖြစ်ရင် ပြန်မျှဝေပေးသင့်သည်ဟု ခံစားလိုက်ရသည်။
မဟုတ်ရင် သူမ သူများအစားအစာကို အမြဲစားရတာ ရှက်နေရလိမ့်မည်။
ဖန့်မိန် ထွက်သွားပြီးနောက် ကျန်းနျန်က ကြက်စွပ်ပြုတ်ကို အလူမီနီယမ် ထမင်းဘူးထဲ ထည့်၊ အဖုံးကို တင်းကျပ်စွာ ပိတ်လိုက်ပြီး အစပ်နဲ့ အာလူးချောင်းချဥ်စပ်တစ်ပန်းကန်နဲ့ ဘန်းမုန့်ပေါင်း တစ်ပန်းကန်ကို ခြင်းတောင်းသေးလေးထဲ ထည့်လိုက်သည်။ ထို့နောက် ခြင်းတောင်းကို သန့်ရှင်းသောအဝတ်ဖြင့် ဖုံးအုပ်လိုက်သည်။
လုယွီ ရေမရှိဘဲ သောက်ရတာ ဒါမှမဟုတ် လက်ဆေးရတာမျိုး မဖြစ်စေရန် ရေနွေးဘူးကို ရေဖြည့်ပြီး သူတို့၏ ကိုယ်ပိုင်ယာခင်းသို့ ဦးတည်လိုက်သည်။
နေ့လယ်စာစားချိန်ဖြစ်ပြီး အစားအသောက်အနံ့က မိသားစုတိုက်ခန်းများတစ်လျှောက် ပျံ့လွင့်နေသည်။
ကျန်းနျန်သည် အရိပ်ရသော သစ်ပင်များအောက်တွင် လမ်းလျှောက်ရင်း ပုစဉ်းရင်ကွဲသံများနှင့် ငှက်များ၏ တေးဆိုသံကို ခံစားနေသည်။ သစ်ရွက်နှင့် မြက်နံ့များ သယ်ဆောင်လာသော နွေရာသီလေညှင်းက သူမကို စိတ်သက်သာရာရစေသည်။
သို့သော် သူမ၏ ငြိမ်းချမ်းမှုက ခဏလေးသာ ဖြစ်သည်။ သူမ အိမ်တံခါးဝမှာ ရပ်နေသည့် ကျန့်ဟုန်ကို မြင်လိုက်ရ၏။ လက်တိုအင်္ကျီ၊ စကတ်နှင့် ရော်ဘာဖိနပ်အညိုကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဖဲကြိုးအနီဖြင့် နှစ်ဖက်ကျစ်ထားကာ ရှေ့က အရိပ်ရသည့်လမ်းကို ကြည့်နေသည်။
သူမ ကြည့်နေသည့်အတိုင်း လိုက်ကြည့်လိုက်သည့်အခါ လျိုချမ့်၏ နဖူး၌ ချွေးစိုရွှဲနေကာ ထမင်းဘူးတစ်ဘူးကို ကိုင်ပြီး ပြေးလာသည်အား မြင်လိုက်ရသည်။ သူ ထမင်းဘူးကို ကျန့်ဟုန်ဆီ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကမ်းပေးလိုက်သည်။
ကျန့်ဟုန် ထမင်းဘူးကိုယူပြီး လျိုချမ့်ကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။ သူမ၏အသံက နူးညံ့နေသည်။ "တပ်ရင်းဗိုလ်ကြီးလျို၊ ရှင်က အရမ်းသဘောကောင်းတာပဲ။ ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်မဟုတ်ရင် ကျွန်မနဲ့ ကလေး ဒီနေ့ အငတ်ခံရမှာ။”
လျိုချမ့် ခေါင်းကုတ်လိုက်သည်။ "ရပါတယ်၊ ကူညီရုံပါပဲ။ ကျွန်တော် ပြန်တော့မယ်။”
ကျန့်ဟုန် ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပါပြီ။”
အိမ်ပြန်ရန်လှည့်လိုက်သည့်အခါ သူမနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ကျန်းနျန်ကို မြင်လိုက်ရပြီး သူမမျက်နှာမှာ ပွင့်ပွင့်လင်းလင်း လှောင်ပြောင်နေသည့် အမူအရာ ရှိနေ၏။
ကျန့်ဟုန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ဖန့်မိန် မရှိတော့တာကြောင့် သူမ ကျန်းနျန်အား နှုတ်ဆက်ရန်ပင် စိတ်မဝင်စားဘဲ ခြေထော့နဲ့နဲ့ဖြင့် အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။
ကျန်းနျန် - …
ကျွတ်စ်
ခုထိ ခြေထော့နဲ့ချင်ယောင် ဆောင်နေတုန်းလား။
လျိုချမ့်လည်း ကျန်းနျန်ကို မြင်လိုက်သည်။ မနေ့ညက ရှု့ယန်နှင့် ဖြစ်ခဲ့သော ကိစ္စကြောင့် အပြစ်ရှိသကဲ့သို့ ခံစားနေရပြီး ကျန်းနျန် သယ်လာသည့် ခြင်းတောင်းထဲက အနံ့ကို သတိထားမိလိုက်၏။ သူက ယဉ်ကျေးမှုအရ အရင်နှုတ်ဆက်လိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး၊ ဘယ်သွားမလို့လဲ။”
ကျန်းနျန်က လျိုချမ့်၏ မျက်နှာပေါ်က အမာရွတ်တက်နေသည့် ခြစ်ရာများကို မြင်လိုက်ရသည်။ သူမ ပြုံးလိုက်သော်ငြား သူမ၏ မျက်လုံးများကတော့ အေးစက်နေသည်၊။ "လုယွီက လယ်ကွင်းထဲမှာ ပေါင်းနှုတ်နေတယ်။ သူ့ကို နေ့လယ်စာ သွားပို့မလို့။”
ထို့နောက် သူမ အဝတ်အစားကို ဆွဲယူလိုက်ပြီး လျိုချမ့်ရှေ့မှာ ကျန့်ဟုန်၏ ခြံဝကို စူးစမ်းလိုစိတ်နှင့် တမင်ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းက မပြောသင့်သောအရာတစ်ခုကို ပြောချင်သော်လည်း မပြောနိုင်သလိုမျိုး စေ့ထားလိုက်၏။
လျိုချမ့်က သူမ အထင်လွဲမှာကို စိုးရိမ်ပြီး သူ့ပုံရိပ်ကိုလည်း မြှင့်တင်ချင်နေသည်။ သူ အမြန်ရှင်းပြလိုက်သည်။ "ရဲဘော်ကျန့်ဟုန်က ခြေကျင်းဝတ် လည်သွားတာ၊ ကျွန်တော် အနားက ဖြတ်သွားတာနဲ့ ကန်တင်းကနေ သူ့အတွက် အစားအသောက်ယူလာပေးတာ။”
ကျန်းနျန်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။"အော်၊ ရဲဘော်ကျန့်ဟုန် ခြေကျင်းဝတ် လည်သွားပြန်ပြီလား။”
လျိုချမ့် "ပြန်ပြီလား" ဟု ဘာ့ကြောင့် ပြောလိုက်မှန်း နားမလည်တာကြောင့် အံ့ဩသွားသည်။
သူ မေးလိုက်သည်။ "'ပြန်ပြီလား' ဆိုတာ ဘာကိုဆိုလိုတာလဲ”