Ch 1
Viewers 5k

၇၀ ခုနှစ်က မုဆိုးမလေး


အပိုင်း  ၁




အမျိုးသမီးတစ်ဦး‌သည် နံရံထောင့်တစ်နေရာတွင် လဲလျောင်းနေ၏။



သူမ မျက်လုံးများကို မှိတ်ထားပြီး နဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ခုရှိနေကာ သွေးများသည် နဖူးမှ မေးစေ့အထိ စီးကျနေသည်။ ရွှံ့ပေါ်တွင် အားနည်းစွာ လဲကျနေသော သူမ၏ လက်ချောင်းများသည်လည်း အနည်းငယ် တုန်ယင်နေ၏။ သူမ တဖြည်းဖြည်း သတိပြန်ရလာသည်နှင့်အမျှ ဒဏ်ရာမှ နာကျင်မှုသည် အာရုံကြောများမှတစ်ဆင့် ဦးနှောက်ထိ ထိုးဖောက် ရောက်ရှိလာခဲ့သည်။



ကျန်းနျန် ပြင်းထန်သော နာကျင်မှုကြောင့် နိုးလာခဲ့သည်။



သူမ မျက်လုံးများ ဖွင့်လိုက်သော်လည်း ဖရိုဖရဲဖြစ်နေသော ဆံပင်များက အမြင်အာရုံကို ဖုံးကွယ်နေ၏။ သွေးများ စေးကပ်နေသော ဘယ်ဘက်ခြမ်းမှ ဆံပင်များသည် မျက်ခွံများနှင့် ကပ်နေသည်။ သူမသည် ကျန်သည့် မျက်လုံးတစ်ဖက်ကို မှေး၍ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။



ပတ်ဝန်းကျင်မှာ မှောင်မည်းနေပြီး သူမ၏ အမြင်အာရုံမှာ အားနည်းနေ၏။ မှိန်ဖျော့ဖျော့ အလင်းမှတစ်ဆင့် ခြံဝင်း၏ ပုံသဏ္ဌာန်ကိုသာ ခွဲခြားသိမြင်နိုင်ခဲ့သည်။ မြေပြင်မှာ မညီညာဘဲ ရွှံ့များထူထပ်နေသည်။ အရှေ့ဘက်တွင် မြေအိမ်ဟောင်းများ တန်းစီရှိပြီး ၎င်းတို့၏ သက်တမ်းကို ထင်ရှားစေ၏။ တံခါးများမှာ သစ်သားများဖြစ်ပြီး၊ ၎င်းတို့အား မှီထားသည်များမှာ ပေါက်ပြား၊ ဂေါ်ပြားနှင့် လက်တွန်းလှည်းတစ်ခုတို့ ဖြစ်သည်။ ခြံဝင်းအတွင်းရှိ အဝတ်လှန်းကြိုးများတွင် မီးခိုးရောင်၊ ဖုန်များပေကျံနေသော ရှပ်အင်္ကျီ တစ်ထည်နှင့် သက်ကြီးအမျိုးသမီးများ ပုံမှန်ဝတ်ဆင်သည့် ပန်းပွင့်ပုံ အင်္ကျီတစ်ထည်ကို လှန်းထားသည်ကို တွေ့ရ၏။ ယင်းအရာများသည် အတိတ်ခေတ်ကာလ၏ ခံစားချက်များကို ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေခဲ့သည်။



ကျန်းနျန် ခေတ္တမျှ ကြောင်သွားခဲ့သည်။



သူမ စာအုပ်တစ်အုပ်ကို ဖတ်ပြီးမှ အိပ်ရာဝင်ခဲ့ခြင်း ဖြစ်သည်။ ယခု သူမ မည်သို့ ဤနေရာတွင် နိုးထလာခဲ့ရသနည်း။



သူမ ဆက်မတွေးနိုင်ခင် အနီးနားရှိ လူနှစ်ဦး၏ စကားပြောသံကို ကြားလိုက်ရသည်။



“သူမ သေသွားပြီလား။”



“တကယ် သေသွားတာလား။”



စကားပြောသူမှာ ရွာထဲမှ လီနျိုဖြစ်သည်။ သူသည် သွေးများဖုံးလွှမ်းနေသော အမျိုးသမီးကို ကြည့်ရင်း ထိတ်လန့်စွာ တံတွေးမျိုချလိုက်၏။ သူ့အဖော်ဖြစ်သူ လျိုဖူက သူ့ကို တွန်းပြီး ပြောလိုက်သည်။  “မယုံရင် သွားစစ်ကြည့်လေ၊ တကယ်သေသွားပြီလားဆိုတာ” 



လီနျိုသည် မြေပေါ်တွင် မလှုပ်မယှက် လှဲနေသော အမျိုးသမီးကို ကြည့်လိုက်သည်။ အထူးသဖြင့် သူမမျက်နှာပေါ်တွင် သွေးများစွန်းထင်နေသည်ကို မြင်ရသည့်အခါ သူ ကြောက်ရွံ့စွာ တုန်ယင်နေမိသည်။ သူ သတ္တိမွေးပြီး လှမ်းသွားကာ ကျန်းနျန်၏ အသက်ရှူသံကို စမ်းသပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်သည် အနီးသို့ရောက်လာချိန်တွင် ကျန်းနျန်သည် သူမအသက်ရှူသံကို ချက်ချင်းရပ်လိုက်ပြီး သူတို့ သူမ မသေကြောင်း သိသွားမည်ကို စိုးရိမ်ကာ ထပ်ညှဉ်းပန်းနှိပ်စက်မည်ကို ကြောက်ရွံ့ခဲ့သည်။



“သေသွားပြီ၊ သေသွားပြီ၊ သူမ တကယ်သေသွားပြီ။”



လီနျိုသည် အသက်ရှူသံ မခံစားရသည့်အတွက် ထိတ်လန့်စွာ ထရပ်လိုက်ပြီး အကြိမ်ကြိမ် နောက်ဆုတ်သွား၏။ သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး လျိုဖူကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ 



“ဒီမုဆိုးမမှာ ဒီလောက်ပြင်းထန်တဲ့ စိတ်ဓာတ်ရှိမယ်လို့ ငါသိရင်၊ ငါတို့ကို ထိခွင့်ပေးတာထက် နံရံကို ခေါင်းနဲ့ဆောင့်သေဖို့ ရွေးချယ်မယ်ဆိုတာသာ သိရင်၊ သေအောင် ရိုက်ခံရရင်တောင် ငါ ဒီကိုမလာဘူး။ အခု လူတစ်ယောက်သေသွားပြီ၊ ဘယ်လိုလုပ်မလဲ။”



“ဒါဆို မင်းဘာလို့ အဲဒီမှာ အရူးလို ရပ်နေသေးတာလဲ။ ပြေးတော့။”



လျုဖူသည် လီနျိုကို နံရံဆီသို့ ဆွဲခေါ်သွားပြီး ပြေးရင်း ပြောလိုက်သည်။ "ရှု့ချန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေသွားတာ။ အခု ရှု့မိသားစုမှာ ဘယ်သူမှ မကျန်တော့ဘူး။ ငါတို့ နံရံပေါ်က တက်လာပြီး ကျန်းနျန်ကို သေစေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိဘူး။ အခု ငါတို့ ထွက်ပြေးရင် ငါတို့ ဒီမှာ ရှိနေခဲ့တာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ လုလောင်အာ့ စစ်တပ်က ပြန်လာရင်တောင် ငါတို့မှန်း သိမှာ မဟုတ်ဘူး။"



လီနျိုသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ခေါင်းညိတ် သဘောတူလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်။”



သူတို့၏ စကားပြောဆိုမှုကို နားထောင်ပြီးနောက် ကျန်းနျန်သည် နောက်ဆုံးတွင် ဘာတွေ မှားယွင်းနေသည်လဲဆိုတာ သဘောပေါက်သွားသည်။



သူမ စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်း ရောက်ရှိလာခဲ့ခြင်းပင်။



သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖတ်ခဲ့သော ခေတ်ကာလဝတ္ထု ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အမျိုးသားဇာတ်လိုက် လုယွီနှင့် မူလပိုင်ရှင်၏ ခင်ပွန်း ရှု့ချန်တို့သည် အတူတူ ကြီးပြင်းခဲ့ကြပြီး စစ်တပ်တွင် ရင်းနှီးသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ အမျိုးသားဇာတ်လိုက် ဆယ်နှစ်သားအရွယ်တွင် သူ့ဖခင် ကွယ်လွန်ခဲ့ပြီး မိခင်က သူ့ကို ရှု့မိသားစုထံ ပို့ခဲ့ကာ ဆယ်နှစ်ကြာပြီးနောက် ပြန်လာခေါ်မည်ဟု ကတိပေးခဲ့သည်။ ထိုအချိန်မှစ၍ အမျိုးသားဇာတ်လိုက်သည် ရှု့မိသားစုနှင့်အတူ နေထိုင်ခဲ့ပြီး ရှု့ချန်ကို ညီအစ်ကိုတစ်ဦးကဲ့သို့ သဘောထားခဲ့သည်။



ကံမကောင်းစွာဖြင့်၊ သူမသည် ရှု့ချန်၏ ဇနီးနှင့် အမျိုးသားဇာတ်လိုက်၏ အမြောက်စာ မရီး ဖြစ်လာခဲ့သည်။ မူလပိုင်ရှင်သည် စာအုပ်၏ အစပိုင်းတွင် ခဏတာမျှသာ ပေါ်လာခဲ့သော်လည်း သူမ၏ ကံကြမ္မာက ကျန်းနျန်ကို အချိန်ကြာမြင့်စွာ စိတ်မကောင်းဖြစ်စေခဲ့သည်။ သူမတို့နှစ်ဦးသည် အမည်တူများ ဖြစ်ကြသည့်အပြင်၊ သူမ၏ ကြေကွဲဖွယ် အတွေ့အကြုံက ကျန်းနျန်၏ နှလုံးသားကို ဆွဲကိုင်ထားခဲ့‌သည်။



အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ တွေ့ဆုံနိုင်ရန်အတွက် စာရေးသူသည် ရှု့ချန်ကို တမင်တကာ သတ်ပစ်ခဲ့သည်။



ရှု့ချန် သေဆုံးပြီးနောက် မူလပိုင်ရှင်သည် မိသားစုတွင် တစ်ဦးတည်းသာ ကျန်တော့၏။ ရွာမှ လူမိုက်များဖြစ်သည့် လီနျိုနှင့် လျိုဖူတို့သည် သူမ၏ အလှကို သတိထားမိပြီး သူမအား မဖွယ်မရာ ပြုကျင့်ရန် ကြံစည်ခဲ့ကြသည်။ သူမသည် အားကိုးရာမဲ့ မုဆိုးမတစ်ဦးဖြစ်သဖြင့် အောင်မြင်ပါက ပြောထွက်ဝံ့မည် မဟုတ်ဟု ယူဆခဲ့ကြ‌လေ၏။



သို့သော်လည်း၊ မူလပိုင်ရှင်တွင် ပြင်းထန်သော စိတ်ဓာတ်ရှိမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြချေ။ မဖွယ်မရာ ပြုကျင့်ခံရခြင်းကို ရှောင်ရှားရန် သူမသည် နံရံကို ခေါင်းနှင့် တိုက်၍ အသေခံခဲ့သည်။



ယခုအခါ ကျန်းနျန်သည် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်ရလေပြီ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များသည် သူမစိတ်ထဲသို့ ရေလွှမ်းမိုးသကဲ့သို့ ဝင်ရောက်လာ၏။ နဖူးမှ ဒဏ်ရာ၏ နာကျင်မှုနှင့် မှတ်ဉာဏ်များ သတိရလာမှုတို့က သူမ၏ ခေါင်းကို မူးဝေစေခဲ့သည်။ သတိမလစ်သွားစေရန် ရုန်းကန်နေစဉ်တွင် လီနျိုနှင့် လျိုဖူတို့၏ နံရံပေါ်မှ ကျော်ဆင်းရင်း အော်ဟစ်သံများ ကြားလိုက်ရသည်။ သူတို့သည် အရိုက်ခံနေရသကဲ့သို့ အသံထွက်နေသည်။



“လု၊ လုလောင်အာ့၊ မင်း ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ”



"မင်းက... အာ့၊ နာလိုက်တာ... စစ်တပ်မှာ... ရှိနေရမှာ မဟုတ်ဘူးလား။”



ကျန်းနျန်သည် လုလောင်အာ့ဟူသော အမည်ကို ကြားလိုက်ရသောအခါ ခေတ္တမျှ ကြောင်သွားပြီးမှ သူသည် အမျိုးသားဇာတ်လိုက် လုယွီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။



ဇာတ်လမ်းအရ၊ လုယွီသည် ရှု့ချန်နှင့်အတူ အိမ်မှ ထွက်ခွာကာ စစ်တပ်သို့ ဝင်ရောက်သွားသည်။ နောက်ပိုင်းတွင် ရှု့ချန်သည် မတော်တဆမှုတစ်ခုကြောင့် ခါးအောက်ပိုင်း သေသွားပြီး သူ့ဖခင်က သူ့ကို အိမ်ပြန်ခေါ်လာခဲ့သည်။ ရှု့ချန်၏ ဖခင်သည် သူ့ကို ပြုစုစောင့်ရှောက်ပေးမည့် ဇနီးတစ်ဦးကို ရှာဖွေနိုင်ရန်အတွက် သူ့အတွက် အိမ်ထောင်တစ်ခု စီစဉ်ပေးခဲ့၏။



မူလပိုင်ရှင်သည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူမ၏ ဖခင်သည် ခြေထောက် မသန်မစွမ်းဖြစ်ပြီး အလုပ်ကြမ်းများ မလုပ်နိုင်ချေ၊ မိခင်မှာ ကျန်းမာရေးမကောင်းဖြစ်နေကာ မောင်ငယ်မှာလည်း ပျင်းရိသူပင်။ အိမ်အလုပ်များ အားလုံးကို သူမ တစ်ဦးတည်း လုပ်ကိုင်ခဲ့ရသည်။ သူမ၏ မောင်ငယ် လက်ထပ်ရန်အတွက် မိသားစုတွင် ပိုက်ဆံမရှိချေ။ ကျန်း၏ မိခင်သည် ရှု့မိသားစုက သူတို့၏ သွက်ချာပါဒဖြစ်နေသော သားအတွက် ဇနီးလိုအပ်နေကြောင်း သိရှိသောအခါ ရှု့ချန်၏ ဖခင်ထံ သွားရောက်ခဲ့ကြသည်။



 မျက်နှာပြောင်တိုက်၍ သတို့သမီးကြေး ယွမ်သုံးရာကို ရယူခဲ့ပြီး မူလပိုင်ရှင်ကို ရှု့ချန်နှင့် လက်ထပ်ပေးခဲ့သည်။



ရှု့ချန်သည် ခါးအောက်ပိုင်း သွက်ချာပါဒ ဖြစ်နေသောကြောင့် အိမ်ထောင်ရေးတွင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ညဘက်တွင် သူ့ခါးနာကျင်မှုကြောင့် အော်ဟစ်တတ်ပြီး ဇနီးကို အနှောင့်အယှက် မဖြစ်စေရန်အတွက် သူမကို အမျိုးသားဇာတ်လိုက်၏ အခန်းတွင် သွားအိပ်ခိုင်းခဲ့သည်။ အမျိုးသားဇာတ်လိုက်သည် အမြဲတမ်း စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသောကြောင့် အခန်းမှာ ဗလာဖြစ်နေသည်။ 



လွန်ခဲ့သော နှစ်နှစ်က ရှု့ချန်၏ ဖခင် ကွယ်လွန်သွားသောအခါ အမျိုးသားဇာတ်လိုက်သည် စစ်တပ်မှ ပြန်လာခဲ့၏။ သူသည် မူလပိုင်ရှင်နှင့်အတူ အဖိုးအို၏ ဈာပနကို ဆောင်ရွက်ပြီးနောက် မူလပိုင်ရှင်ကို "မရီး၊ ဒီအိမ်ကို အခု မင်းလက်ထဲ အပ်ခဲ့ပါတယ်" ဟု နှုတ်ဆက်စကား ပြော၍ ထွက်ခွာသွားခဲ့သည်။



၎င်းသည် မူလပိုင်ရှင်နှင့် အမျိုးသားဇာတ်လိုက်တို့ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းပင်။



ဇာတ်လမ်းအရဆိုလျှင် အမျိုးသားဇာတ်လိုက်သည် မူလပိုင်ရှင် သေဆုံးပြီး ငါးရက်အကြာမှ ပြန်လာရမည်။ အဘယ်ကြောင့် သူသည် ယနေ့ည ပြန်လာခဲ့သနည်း။



သူမ ကူးပြောင်းရောက်ရှိလာခြင်းက ဇာတ်လမ်းကို ပြောင်းသွားစေခဲ့တာလား။



ကျန်းနျန်၏ ခေါင်းသည် ပေါက်ကွဲလုမတတ် နာကျင်နေ၏။ သူမသည် မြေပြင်မှ အတင်းရုန်းကန်ကာ ထရပ်လိုက်ပြီး အားအင်ချိနဲ့သော ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်သည်။ မျက်လုံးထောင့်မှ နံရံပေါ်သို့ ကျော်တက်လာသော အရိပ်တစ်ခုကို မြင်လိုက်ရ၏။ 



ပတ်ဝန်းကျင်သည် လုံးဝ မှောင်မိုက်နေပြီး သူမသည် ထိုလူ၏ မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ပေ။ မှိန်ပျပျအလင်းရောင်အောက်တွင် ထိုအမျိုးသား၏ ချွန်ထက်တောင့်တင်းနေသော မေးရိုး ပုံသဏ္ဌာန်ကိုသာ မြင်လိုက်ရသည်။ သူမသည် ခန္ဓာကိုယ် အပေါ်ပိုင်းကို ထိန်းကာ မတ်တပ်ရပ်ရန် ရုန်းကန်ခဲ့သော်လည်း ပင်ပန်းနွမ်းနယ်မှုကြောင့် လဲကျသွားခဲ့သည်။ ထိုအခါ ထိုအမျိုးသားသည် ရှေ့သို့ လှမ်းလာပြီး သူမ၏ ပခုံးများကနေ ကူတွဲပေးလာခဲ့၏။



သူ၏ လက်များသည် သန်မာပြီး၊ သူ၏ ဆုပ်ကိုင်မှုသည် တိကျသည်။ သူမ၏ ပခုံးများကိုသာ ကိုင်ထားလေ၏။



“မရီး၊ ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။”



သတိမေ့မြောမသွားမီ ကျန်းနျန်က အနှီးလူသည် အမျိုးသားဇာတ်လိုက်ဖြစ်ရန် မည်မျှ သင့်တော်လိုက်သည်ဟု တွေးလိုက်မိသည်—သူ့အသံမှာ အေးစက်ပြီး တည်ငြိမ်ကာ ကြားရသည်ကား အလွန် နှစ်လိုဖွယ်ကောင်းလှ၏။



ကျန်းနျန်သည် အချိန်အကြာကြီး အိပ်ပျော်သွားသကဲ့သို့ ခံစားရပြီး နိုးလာသောအခါ ခါးနာနေကာ နဖူးဒဏ်ရာကလည်း ထိုးကိုက်နေ၏။ နာကျင်မှုသည် အလွန်ပြင်းထန်သဖြင့် သူမသည် မျက်မှောင်ပင် မကြုတ်နိုင်ချေ။ လှုပ်ရှားလိုက်တိုင်း ဒဏ်ရာကို ဆွဲဆန့်သကဲ့သို့ ဖြစ်ကာ မခံမရပ်နိုင်အောင် နာကျင်ရချေသည်။



သူမ မျက်လုံးများ ဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ မျက်နှာကြက်ရှိ သစ်သားထုပ်တန်းပင်။ ခေတ်မီ မျက်နှာကြက်များနှင့်မတူဘဲ အဆောက်အအုံဖွဲ့စည်းပုံကို သေသေချာချာ မြင်နိုင်ပြီး နံရံများမှာ ကောက်ရိုးများနှင့် ရောထားသော ရွှံ့နံရံများ ဖြစ်သည်။ အချို့နေရာများကို သတင်းစာဟောင်းများဖြင့် ဖာထေးထား၏။ ၎င်းသတင်းစာများထဲမှ တစ်ခုတွင် ၁၉၇၀ ပြည့်နှစ်ဟု ရေးထားသည်က ကျန်းနျန်၏ အသိတွင် မီးပူတိုက်သကဲ့သို့ စွဲမြဲသွားစေပြီး သူမအား ဤခေတ်သို့ တကယ်ပင် ကူးပြောင်းရောက်ရှိလာခဲ့သည်ကို လက်ခံရန် အတင်းအကျပ် ဖိအားပေးနေတော့သည်။



သူမသည် ယခု အမျိုးသားဇာတ်လိုက်၏ အခန်းထဲတွင် ရှိနေသည်။ မူလပိုင်ရှင်၏ ခင်ပွန်းအခန်းသည် သန့်ရှင်းပြီး အသုံးမပြုရသေးသည်ကို မြင်ပြီးနောက် သူ ပြင်ဆင်ထားခြင်း ဖြစ်ရမည်။ အမျိုးသားဇာတ်လိုက်၏ အခန်းတွင် မူလပိုင်ရှင်၏ မျက်နှာသစ်ဇလုံနှင့် အဝတ်အစားများ ရှိနေသေးသည်။ သူမ ထိုနေရာတွင် နေထိုင်ခဲ့ကြောင်း ဖော်ပြနေသည်။



သူမကို ခေါ်လာသူမှာ အမျိုးသားဇာတ်လိုက်ပင် ဖြစ်လိမ့်မည်။



အခန်းမှာ ရိုးရှင်းသည်၊ ပြတင်းပေါက် အဟောင်း၏ဘေးတွင် သစ်သားကုတင်တစ်ခု၊ ကုတင်ဘေးတွင် စားပွဲတစ်လုံးနှင့် သစ်သားကုလားထိုင်ဝိုင်းတစ်လုံး၊ ကုတင်ခြေရင်းတွင် မူလပိုင်ရှင်၏ အဝတ်အစားများ ထည့်ထားသော သစ်သားသေတ္တာတစ်လုံး ရှိ၏။ တံခါးအနီးတွင် မျက်နှာသစ်ဇလုံတစ်ခု ရှိပြီး၊ အနီရောင် ပန်းပုံပါသော ရေဇလုံသည် မူလပိုင်ရှင်၏ တစ်ခုတည်းသော အိမ်ထောင်ပရိဘောဂပစ္စည်း ဖြစ်သည်။



ကျန်းနျန် မူလပိုင်ရှင်ကို သနားမိသည်။ မောင်ငယ်ကို လက်ထပ်ပေးနိုင်ရန် သူမ၏ မိခင်သည် အနွေးထည်အစုတ်တစ်ထည် သို့မဟုတ် အဝတ်အစားအသစ်များပင် ပြင်ဆင်မပေးဘဲ ကြွေဇလုံတစ်လုံးသာ ပေးခဲ့၏။



အပြင်ဘက်မှ ခြေသံများမှာ နီးကပ်လာ၏။ ကျန်းနျန်သည် ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး အမျိုးသားဇာတ်လိုက် ဖြစ်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သူမ လှည့်ကြည့်လိုက်သောအခါ လေးဆယ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် မုန်ညင်းဝါရောင်ဝတ်စုံ၊ ချောင်ကျသော ဘောင်းဘီနှင့် ဖိနပ်ဟောင်းကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးကျစ်၍ နောက်သို့ ချထားသည်—၁၉၇၀ ပြည့်နှစ်များမှ ကျေးလက်အမျိုးသမီးများ၏ ပုံမှန်ဝတ်စားဆင်ယင်မှုပင်။



"ရှု့ချွေးမလေး၊ မင်း နောက်ဆုံးတော့ နိုးလာပြီပဲ”



ဒေါ်လေးကျောက်သည် ထမင်းပန်းကန်တစ်ပန်းကန်ကို ကုတင်ဘေးစားပွဲပေါ် တင်လိုက်ပြီး ကျန်းနျန်အား လှမ်းပေးကာ သူမခေါင်းပေါ်ရှိ ပတ်တီးကို တစ်ချက် ကြည့်လိုက်သည်။ "မင်း တကယ် ထူးဆန်းတာပဲ။ သူခိုးဝင်လာတာတောင် အော်မပြောဘူး။ ငါတို့အိမ်တွေက နီးနီးလေး၊ မင်းသာ အော်လိုက်ရင် ငါ့ယောကျ်ားနဲ့ ကန်းကျစ်ကို ငါ လွှတ်လိုက်မှာပေါ့။ အဲဒါဆိုရင် ဒီဒဏ်ရာမျိုး ရမှာ မဟုတ်ဘူး။”



ဒေါ်လေးကျောက်သည် မူလ ကျန်းနျန် လက်ထပ်ပြီးနောက် မကြာခဏ ကူညီပေးခဲ့သည့် အိမ်နီးချင်းတစ်ဦးဖြစ်သည်။



ကျန်းနျန်သည် သူမအပေါ် နွေးထွေးသော ခံစားချက်ကို ခံစားရပြီး သူမ ကမ်းပေးသော ပန်းကန်ကို ယူလိုက်၏။ "အဲ့ဒီတုန်းက ကျွန်မ တကယ် ကြောက်လန့်နေခဲ့တာ၊ အသံတောင် မထွက်နိုင်ဘူး။”



ဒေါ်လေးကျောက်က ပြန်ဖြေလိုက်သည်။ "မင်း ကံကောင်းတယ်။ လုလောင်အာ့က ဈာပနအတွက် ပြန်လာခဲ့တာနဲ့ အဲ့လူဆိုး နှစ်ယောက် လီနျိုနဲ့ လျိုဖူတို့ကို လက်ပူးလက်ကျပ် ဖမ်းမိသွားတာ။ ဒီမနက်စောစောကပဲ လုလောင်အာ့က ငါ့ကို မင်းကို ကြည့်ထားပေးဖို့ ပြောပြီး အဲ့ဒီနှစ်ယောက်ကို အဖွဲ့ခေါင်းဆောင်နဲ့အတူ ခရိုင်ရဲစခန်းကို ခေါ်သွားတယ်လေ။”



ဒေါ်လေးကျောက်သည် စက်ဆုပ်စွာဖြင့် တံတွေးထွေးလိုက်သည်။ "အဲ့ဒီ အသုံးမကျတဲ့ လူနှစ်ယောက်၊ မင်းယောကျ်ားသေကာစကို အခွင့်ကောင်းယူပြီး လုလောင်အာ့ အိမ်ကို ပို့ထားတဲ့ ထောက်ပံ့ကြေးကို ခိုးယူချင်ကြတာ။ သူတို့ ထောင်ထဲမှာ ထည့်ပြီး ကောင်းကောင်း ပြုပြင်ပေးခံရသင့်တယ်။”



ဒေါ်လေးကျောက်၏ စကားများမှတစ်ဆင့် ကျန်းနျန်သည် အမျိုးသားဇာတ်လိုက်က လီနျိုနှင့် လျိုဖူတို့၏ အနိုင်ကျင့်ရန် ကြိုးပမ်းမှုကို ခိုးမှု အဖြစ် သတင်းပို့ခဲ့ခြင်းဖြင့် မူလပိုင်ရှင်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခဲ့ကြောင်း သိရှိလိုက်ရ၏။



မုဆိုးမတစ်ဦးသည် အတင်းအဖျင်းများ ဝိုင်းရံနေတတ်ပြီး အထူးသဖြင့် ၁၉၇၀ ပြည့်နှစ်များတွင် ပို၍ ဖြစ်တတ်သည်။ လီနျိုနှင့် လျိုဖူတို့သည် သူမကို အဓမ္မပြုကျင့်ရန် ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း လူသိလျှင် မူလပိုင်ရှင်သည် ရွာသူရွာသားများ၏ ကဲ့ရဲ့ရှုံ့ချခြင်းများကြားတွင် နစ်မြှုပ်သွားလိမ့်မည်။



ကျန်းနျန်သည် နေ့လယ်ဘက်တွင် နိုးလာခဲ့သဖြင့် သူမ ဗိုက်မှာ ဆာလောင်မှုကြောင့် အော်မြည်နေသည်။



ဒေါ်လေးကျောက်သည် သူမအား ဟင်းသီးဟင်းရွက်ချဉ်နှင့် ပေါက်စီ တစ်လုံး ယူလာပေးခဲ့သည်။ ပေါက်စီမှာ မာကျောပြီး အရသာမရှိပေ။ ထို့ကြောင့် အနည်းငယ် ကိုက်စားပြီးနောက် သူမ ဆက်မစားနိုင်တော့ချေ။



၁၉၇၀ ခုနှစ်များတွင် ကျေးလက်ဒေသရှိ အိမ်တိုင်းသည် ထုတ်လုပ်ရေးအဖွဲ့တွင် အလုပ်လုပ်ကာ အလုပ်အမှတ်များရယူရန် ကြိုးစားကြရသည်။ ၎င်းအမှတ်များကို နှစ်စဉ်တွက်ချက်ပြီး လုပ်သားများများရှိသော အိမ်ထောင်စုများသည် အမှတ်ပိုရရှိပြီး နှစ်ကုန်တွင် စပါးများပိုရရှိသည်။ ကျန်းမိသားစုတွင် ကျန်းနျန်နှင့် သူမ၏ မိခင်သာ အလုပ်လုပ်သဖြင့် သူတို့၏ စပါးခွဲတမ်းမှာ အလွန်နည်းပါးသည်။ မကြာခဏ ဆာလောင်နေတတ်သည်။ ဒေါ်လေးကျောက်၏ မိသားစုတွင် သူ၏ ခင်ပွန်းနှင့် သားဖြစ်သူ ကျောက်ကန်းတို့ အလုပ်လုပ်ကြသဖြင့် ပေါများသည်မဟုတ်သော်လည်း ဝဝလင်လင် စားသောက်နိုင်လောက်အောင်သာ ရရှိလေသည်။



ကျန်းနျန် အနည်းငယ် ကိုက်စားပြီးနောက် ဆက်မစားတော့သည်ကို မြင်သောအခါ ဒေါ်လေးကျောက် မျက်မှောင်ကြုတ်၍ မေးလာ၏။ "ဘာလို့ မစားတာလဲ။”



ကျန်းနျန် ပြုံးလိုက်သည်။ “ခေါင်းကိုက်ပြီး အန်ချင်သလိုဖြစ်နေလို့ အများကြီး မစားနိုင်လို့ပါ။”



ကျန်းနျန်၏ အပြုံးကြောင့် ဒေါ်လေးကျောက် အံ့အားသင့်သွား၏။ ဤဇနီးငယ်လေးသည် အမှန်ပင် အလွန်လှပသည်၊ အသားအရေ ဖြူစွတ်ပြီး ပါးချိုင့်များက သူမကို ပို၍ ဆွဲဆောင်မှုရှိစေသည်။



ကျန်းနျန်သည် ဒေါ်လေးကျောက်၏ အံ့အားသင့်မှုကို သတိထားမိသဖြင့် ခေါင်းငုံ့ကာ နှုတ်ခမ်းကို စေ့ထားလိုက်သည်။



မူလပိုင်ရှင်ကို သူမ၏ မိဘများက ဖိနှိပ်ခဲ့သည်၊ သူတို့သည် သားကို သမီးထက် ပိုမြတ်နိုးကြသဖြင့် သူမကို ငယ်စဉ်ကတည်းက အလုပ်ကြမ်းများ လုပ်ခိုင်းခဲ့ကြသည်။ သူမသည် တိတ်ဆိတ်ပြီး တစ်ယောက်တည်း နေတတ်သော စရိုက်ရှိကာ ရယ်ခြင်း၊ စကားပြောခြင်း နည်းပါး‌လေသည်။



 ရှု့မိသားစုနှင့် လက်ထပ်ပြီးနောက်တွင်လည်း အိမ်နီးချင်းများနှင့် အပြန်အလှန် ဆက်ဆံမှုမှာ နည်းပါးလှ၏။ ဒေါ်လေးကျောက်သာ စကားများသောသူ မဟုတ်လျှင် ရှု့မိသားစုသည် စကားမပြောနိုင်သူ တစ်ဦးကို လက်ထပ်ခဲ့သည်ဟု လူအများက ထင်ကြလိမ့်မည်။



ဒေါ်လေးကျောက် ထွက်သွားပြီးနောက် ကျန်းနျန်သည် ကုတင်ပေါ်တွင် ခဏမျှ လဲလျောင်းနေခဲ့သည်။ ညနေစောင်းသောအခါ သူမ ထရပ်လိုက်ပြီး ဖိနပ်ကို စီးကာ နံရံကို ကိုင်၍ အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် အခန်းအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထိုအသံသည် ဒေါ်လေးကျောက်၏ ခြေသံနှင့် မတူပေ။ ထိုခြေသံသည် ခိုင်မာပြတ်သားပြီး ယုံကြည်မှုရှိသည့် လမ်းလျှောက်သံဖြစ်ပြီး တံခါးဝသို့ လျင်မြန်စွာ ရောက်လာခဲ့သည်။



တံခါးပေါက်မှာ နိမ့်သဖြင့် ထိုအမျိုးသားသည် အထဲသို့ ဝင်ရန် ခေါင်းကို ငုံ့ရသည်။



သူသည် အရပ်ရှည်ပြီး စစ်တပ်၏ စိမ်းပြာရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ စာအုပ်ထဲတွင် ဖော်ပြထားသည့်အတိုင်း သူသည် အေးစက်ခန့်ညားပြီး၊ မျက်ခုံးများသည် တောင်တန်းများကဲ့သို့ တင့်တယ်သည်။ ကျန်းနျန် နံရံကို ကိုင်၍ လမ်းလျှောက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ထိုအမျိုးသားသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရှေ့သို့ လှမ်းလာကာ သူမ၏ သေးသွယ်သော လက်မောင်းကို ထိန်းထားပေးသည်။



“မရီး၊ ဘယ်သွားမလို့လဲ။ ကျွန်တော် ကူညီပေးမယ်။”



ကျန်းနျန် - ......



သူမ ရေအိမ် အသုံးပြုရန် လိုအပ်နေသည်။