အပိုင်း ၁၃
Viewers 3k

Ch 13


ယန်ရွှမ်မှာ ကျီယောက်၏ နောက်မှ လိုက်ပါလာပြီး သူ၏ လက်နှစ်ဖက်က အင်္ကျီကော်လံစကို ဆုပ်ကိုင်ထား၏။ 


ကျီယောက်က အလွန်လျင်မြန်စွာ လျှောက်နေသဖြင့် ယန်ရွှမ် သူနှင့်အမီလိုက်နိုင်ရန် အပြေးတပိုင်း လျှောက်နေရကာ အပေါ်သို့ အလွန်အကျွံ ဆွဲတင်ထားသော ကော်လံစကြောင့် သူ၏လည်ပင်းမှာလည်း အသက်ရှူမဝတော့ပေ။


မောဟိုက်စွာ အသက်ရှူနေသံများက နားထဲသို့ ဝင်ရောက်လာသော်ငြား ကျီယောက်က ခြေလှမ်းများကို မရပ်တန့်ဘဲ ကျောင်းဝင်း၏ အရှေ့ဘက် နောက်တံခါးဆီသို့ တောက်လျှောက် လျှောက်သွားလေသည်။


"ဘယ်... ဘယ်သွားမလို့လဲ..."


ကြောက်ရွံ့တုန်လှုပ်နေသော အမေးစကားသံတစ်ခု ထွက်ပေါ်လာသဖြင့် အနည်းငယ် အလှမ်းဝေးသော နေရာတစ်ခုကို ရောက်သောအခါ ကျီယောက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။


ယန်ရွှမ်က သူ့နောက်မလှမ်းမကမ်းတွင် မျက်နှာတစ်ခုလုံး နီရဲနေလျက် ရှိနေသည်။ သူက အင်္ကျီကို ဆုပ်ကိုင်ထားသည့် လက်အင်အားကို လျှော့ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဒူးကို ထောက်ကာ အဆက်မပြတ် ချောင်းဆိုးရင်း မောဟိုက်နေသည်။ 


ချွေးများက ဆံပင်မှတစ်ဆင့် လည်ပင်းထဲသို့ စီးကျလာ၏။ ကိုယ်ခန္ဓာက အလွန်အမင်း အားကုန်နေသဖြင့် သူ တကယ်ပင် ဆက်မပြေးနိုင်တော့သည်မှာ ထင်ရှားသည်ပင်။


ကျီယောက်၏ အကြည့်က သနားစရာ ဖြစ်နေသော ယန်ရွှမ် အပေါ်သို့ ခံစားချက်မဲ့စွာ ဝေ့ကျသွားသည်။ "ဆက်လိုက်ခဲ့ "


အမှန်တော့ ယန်ရွှမ်က နည်းနည်းလေးမှ မမောပါ။


 သို့သော် ယန်ရွှမ်၏ လက်ရှိ ရှိသင့်ရှိထိုက်သော ကိုယ်ခန္ဓာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်၊ 


သူကယောက်ျားတစ်ယောက်၏ တစ်ညလုံး 'ဆက်ဆံခြင်း' ခံထားရပြီး အခန်းဖော်ကပါ မိသွားခဲ့သည်။ ယခု သူက ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသည့် သနားစရာ သိုးငယ်လေးတစ်ကောင် ဖြစ်နေသည်လေ။


တက္ကသိုလ်ကျောင်းဝင်း ပတ်ဝန်းကျင်တွင် ဆိုင်ပေါင်းစုံဖြင့် ပြည့်နှက်နေသည်၊ လမ်းဘေးစတိုးဆိုင်များ၊ ဘူဖေးအကင်ဆိုင်များ၊ KTV များ... ပြီးတော့... ဈေးပေါသော ဟိုတယ်ခွဲများ။


"အခန်းတစ်ခန်း။"


ကျီယောက်က လှည့်လာပြီး သတိကြီးကြီးထားပြီး ထိတ်လန့်နေသော ယန်ရွှမ်ထံမှ လှည့်တောင်းလာသည်။ "မှတ်ပုံတင်။"


"ငါ... ငါ မယူခဲ့ဘူး။"


ယန်ရွှမ်က ခြေလှမ်းများကို တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။


"ရပ်နေ။"


အေးစက်စက် အသံတစ်ခုထွက်ပေါ်လာပြီး သူ၏ ထွက်သွားရန် ကြံရွယ်နေသော ခြေလှမ်းများကို မြေပြင်တွင် ရပ်တန့်သွားစေသည်။


ဧည့်ကြိုဝန်ထမ်းက ကျီယောက်၏ မှတ်ပုံတင်ကို ယူ၍ အခန်းတစ်ခန်း ဖွင့်ပေးလိုက်ပြီး အခန်းကတ်ကို ကျီယောက်ထံပေးရင်း အကြည့်က တုန်တုန်ယင်ယင် ဖြစ်နေသော ယန်ရွှမ် အပေါ်သို့ ဝေ့သွားလျက် တိတ်တိတ်လေး ရယ်လိုက်သည်။


အခုခေတ် တက္ကသိုလ်ကျောင်းသားတွေများနော်။


"ဆက်လိုက်ခဲ့။"


ကျီယောက်က နောက်တစ်ကြိမ် အမိန့်ပေးလိုက်ပြန်၏။


ယန်ရွှမ် မျက်နှာမော့လာလျက် မျက်မှန်နောက်ကွယ်မှ မျက်လုံးများက နီရဲနေလျှက်နှင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ 


"ငါမသွားချင်ဘူး"


ကျီယောက်က မသန့်စင်သော အရာတစ်ခုကို မြင်လိုက်ရသလို မျက်မှောင်ကြုတ်လာသည်။


"မင်း ဘာပေါက်ကရတွေလျှောက်တွေးနေတာလဲ"


အေးစက်ပြီး စက်ဆုပ်ရွံရှာသလို ဖြစ်နေသော လေသံပင်။


ပြီးနောက် သူ၏ရှည်သွယ်သော ပုံရိပ်က ဓာတ်လှေကားဆီသို့ လှည့်ထွက်သွားပြီး ခလုတ်ကို နှိပ်လိုက်သည်။ သူ လှည့်မကြည့်သော်လည်း ယန်ရွှမ် က လိုက်လာလိမ့်မည်ဟု သိနေသည်။


ထိုသူက သူတွေ့ဖူးသမျှ လူတွေထဲတွင် အကြောက်တတ်ဆုံးသူပင်။


သေချာပေါက်ပင် ဓာတ်လှေကားက သုံးလွှာသို့ ရောက်လာချိန်တွင် ယန်ရွှမ်မှာ အမှီလိုက်လာခဲ့လေပြီ။ သူက သူ၏ နောက်ဆုံးစည်းကို ကာကွယ်နေသည့်အလား ကော်လံစကို ပြန်လည် ဆုပ်ကိုင်ထား၏။


ထိုအချိန်တွင် ဓာတ်လှေကားထဲမှ ကျောင်းသားစုံတွဲတစ်တွဲ ထွက်လာပြီး သူတို့လက်များက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ မိန်းကလေးမှာ ကျီယောက်၏ ရုပ်ရည်ကြောင့် မျက်စိကျိန်းသွားပြီး နှုတ်ခမ်းလေးများ အနည်းငယ်,ဟသွားသည်။ သူမ၏ ချစ်သူက ဆွဲခေါ်သွားသော်လည်း အကြည့်များက အနောက်သို့ အကြိမ်ကြိမ် လှည့်ကြည့်နေဆဲ။


"အဲဒါ ကျီယောက်ပဲ..."


"တိုးတိုးပြော" ကောင်လေးက အကူအညီမဲ့စွာ ပြောလိုက်သည်။ "မင်းအသံက အရမ်းကျယ်နေတယ်။"


မိန်းကလေးက လျှာထုတ်ပြလိုက်ပြီး ကောင်လေး၏ လက်မောင်းကို ဖက်လိုက်သည်။ သူမက အတင်းပြောလိုသော အကြည့်ဖြင့် အနောက်သို့ လှမ်းကြည့်နေသည်။ ထိုစဉ် ပိန်လှီသော အရိပ်တစ်ခုက သူတို့ဘေးမှ ဖြတ်သွားပြီး ဓာတ်လှေကားမပိတ်မီလေး တိုးဝင်သွားသည်။


"သူဘယ်သူလဲ။" မိန်းကလေးက ခြေဖျားထောက်ရင်း လှမ်းကြည့်လာသည်။


"ထားလိုက်တော့၊" ကောင်လေးက သူမ၏ လက်မောင်းကို လှုပ်ခါလိုက်သည်။ "သူများ ကိုယ်ရေးကိုယ်တာကို လေးစားပါဦး။"


"ငါက သိချင်ရုံပါပဲ။"


တစ်ကျောင်းလုံးနီးပါး သိကြသည့် ဤအေးစက်စက် ဉာဏ်ကြီးရှင်က ဘာကြောင့် ဒီလို ဟိုတယ်သေးသေးလေးဆီ ရောက်လာရတာလဲ။


ယန်ရွှမ်က ဓာတ်လှေကား၏ ထောင့်တစ်နေရာတွင် မှီနေရင်း အသံတိတ်နေ၏။


ဓာတ်လှေကားက ခုနစ်လွှာတွင် ရပ်တန့်သွားသည့်အခါ ကျီယောက်က ဓာတ်လှေကားထဲမှ ထွက်သွားသည်။ ဤတစ်ကြိမ်တွင် သူ စကားပင် မပြောတော့၊ ယန်ရွှမ်မှာ နောက်မှ ထပ်ချပ်မကွာလိုက်ပါသွားရုံမှလွဲ ရွှေးချယ်စရာမရှိချေ။


ကတ်ကိုဖြတ်ဆွဲလိုက်သောအခါ အခန်းတံခါးပွင့်လာသည်။


ကျီယောက်က တံခါးဝတွင် ရပ်နေသော်လည်း အထဲသို့ မဝင်ပဲ ဘေးတွင် ပုန်းနေသော ယန်ရွှမ် ကို လှည့်ကြည့်လာသည်။


 "ဝင်သွားလိုက်။"


ယန်ရွှမ် မော့ကြည့်လာ၏။ သူက ကျီယောက်ကို အလွန်ကြောက်ရွံ့နေပုံရသော်ငြား သတ္တိမွေးကာ မေးလိုက်သည်။ "မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။"


"မင်းဒီမှာ ရက်နည်းနည်းလောက် နေလိုက်" အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံက သူ၏ ရည်ရွယ်ချက်ကို မခွဲခြားနိုင်အောင် ဖြစ်စေသည်။ 


"အဆောင်ကို ပြန်မလာနဲ့။"


အရှက်ခွဲခံရပြီး အရာအားလုံး ဆုံးရှုံးသွားသော ယန်ရွှမ်မှာ အခြားသူများ၏ ထူးဆန်းသော အကြည့်များမှ လွတ်မြောက်နိုင်သရွေ့ အရာအားလုံးကိုလုပ်မည်ဖြစ်သည်။ 


ထို့ကြောင့်သေချာပေါက် ကျီယောက်၏ အကြံပြုချက်ကို စေတနာတစ်ခုအဖြစ် သဘာဝကျကျ ရှုမြင်လိမ့်မည်။


သို့သော် တုန်ယင်နေသောကိုယ်ခန္ဓာ၏ မျက်နှာဖုံးနောက်ကွယ်တွင် ပုန်းနေသော ယန်ရွှမ်ကမူ ကျီယောက်၏ စက်ဆုပ်မှု၊ စိတ်မရှည်မှုနှင့် မထီမဲ့မြင်ပြုမှုတို့ကို မြင်နေရသည်။


ကျီယောက်က သူ့ကိုညစ်ညမ်းသည်ဟု ထင်နေခြင်းဖြစ်မည်။


"ကျေး- ကျေးဇူးပါ၊" ယန်ရွှမ် က ထစ်ထစ်ငေါ့ငေါ့ ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း ခြေလှမ်းများက မရွေ့လျား။ 


"ဒီနေရာက... ဈေးအရမ်းကြီးတယ်..."


"ငါ ရှင်းလိုက်မယ်။"


ယန်ရွှမ်: သောက်ကျိုးနည်း၊ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေလား၊ ဒီထက်ပိုကောင်းတဲ့ ဟိုတယ်ငှားပေးလို့ မရဘူးလားဟ။ 


ကပ်စေးနည်းတဲ့သူနောက်တစ်ယောက်ပဲ။ 


ဝေါ့။


ယန်ရွှမ်က အချိန်ဆွဲပြီး မရွေ့လျားသေးသည်ကို မြင်သောအခါ ကျီယောက်က နောက်သို့ ပြန်လှည့်လာပြီး သူ၏ လက်မောင်းများက ယန်ရွှမ်ကိုဆုပ်ကိုင်လာသည်။ ယန်ရွှမ် မျက်စိရှေ့တွင် လောကတစ်ခုလုံးဝေဝါးသွားပြီး ကျီယောက်၏ အခန်းထဲ တွန်းထည့်ခြင်းခံလိုက်ရ၏။


"သန့်ရှင်းသွားမှ ပြန်လာခဲ့။"


ကျီယောက်က ဤစကားကို ချန်ထားခဲ့ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။


"ခဏလေး..." ယန်ရွှမ်က ကျီယောက်၏ လက်မောင်းကို စိုးရိမ်တကြီး လှမ်းဆွဲလာသည်။


ယန်ရွှမ်၏ လက်က သူ့အပေါ် မရောက်လာခင်မှာပင် ကျီယောက်က အလိုအလျောက် တုံ့ပြန်မှုအဖြစ် သူ၏ လက်ကို ရှောင်လိုက်လေသည်။


"အား..."


ယန်ရွှမ်က မြေပြင်ပေါ်သို့ ဟန်ဆောင်လဲကျလိုက်သည်။


တစ်ရက်တည်းမှာပင် ဆန်ကုန်မြေလေးအထက်ပုဂ္ဂိုလ်နှစ်ယောက်၏ တွန်းလှဲခြင်းကို ခံလိုက်ရသည်။


ဤသည်မှာ စံချိန်သစ်တစ်ခုပင်။


သနားစရာကောင်းစွာ လဲကျနေသော ကောင်လေး၏ အနက်ရောင် ဆံပင်များက မျက်နှာအပေါ်ပိုင်းကို ဖုံးအုပ်ထားပြီး မြင်နေရသောမျက်နှာအောက်ပိုင်းက ဖြူဖျော့နေသည်။


ပြီးတော့... ဒဏ်ရာ ဗရပွနှင့် နှုတ်ခမ်းများ။


"အဆင်ပြေရဲ့လား" ကျီယောက်က မျက်မှောင်ကြုတ်၍ မေးလာသည်။ သူက မေးသာမေးခြင်းဖြစ်ပြီး ထူပေးရန် အစီအစဉ် မရှိပေ။


ယန်ရွှမ်က မြေပြင်ပေါ်တွင် လှဲနေရင်း ယခုလို ဟန်ဆောင်လဲပြပြီး ငွေလိမ်ခြင်းက စည်းကမ်းဖောက်ဖျက်မှု မြောက်၊ မမြောက် သုံးစက္ကန့်ခန့် စဉ်းစားလိုက်သည်။


ဟင်...မသေချာဘူး။ စမ်းကြည့်တာက အရှုံးမရှိပါဘူးလေ။


"ငါ... ငါ ထလို့မရတော့ဘူး ထင်တယ်..."


သူ့ခြေထောက်များကို ကြိုးစား၍ ကွေးလိုက်ပြီး ပိန်လှီသော ကိုယ်လုံးက ရေစိမ်ခံထားရသောစက္ကူတစ်ရွက်လို ဖြစ်နေ၏။ 


မြေပြင်ပေါ်တွင် လဲကျနေသော ကောင်လေးက သူ၏ ကော်လံကို ဆုပ်ကိုင်ထားပြီး မျက်နှာမော့လာချိန်တွင် မျက်ရည်များ ပြည့်လျှံနေသည်။ 


"ကျီယောက်၊ ငါ ထလို့မရတော့ဘူး။"


သူ၏အသံက တုန်ယင်နေပြီး ကွဲကြေလုနီးပါးပင်။


ကောင်လေးက သူ၏ သည်းခံနိုင်စွမ်း အဆုံးစွန်သို့ ရောက်ရှိသွားပုံဖြင့် စတင်ပြီး ငိုကြွေးလာတော့သည်။


သူငိုနေသည့်တိုင် ထိန်းချုပ်ထားဆဲ ဖြစ်သည်၊ ရှပ်အင်္ကျီများသာ မျက်ရည်များဖြင့် တဖြည်းဖြည်း စိုစွတ်လာကာ မျက်နှာတစ်ခုလုံးမှာ အသံတိတ် ရှုံ့မဲ့နေပြီး မျက်မှန်ပေါ်တွင် အဖြူရောင် အခိုးအငွေ့များ ဖုံးလွှမ်းသွားသည်။


တံခါးတစ်ချပ်က ကမ္ဘာနှစ်ခုကို ခြားနားထား‌လေ၏။


ကျီယောက်က တံခါးအပြင်ဘက်တွင် ရပ်နေရင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် ငိုနေသော ယန်ရွှမ်ကို ကြည့်နေလေပြီး သူ တစ်ခုခု လုပ်သင့်သည်ဟု ခံစားမိလိုက်သည်။ 


ထို့ကြောင့် သူက ဈေးပေါသော ဟိုတယ်၏ တံခါးလက်ကိုင်ကို ဂရုဏာသက်စွာဖြင့် ထိလိုက်ပြီးနောက်-


တံခါးကို ပိတ်လိုက်သည်။


အခန်းထဲမှ ယန်ရွှမ် : "..." ဝေါင်း ဒါက သောက်ကျိုးနည်း ရက်စက်လွန်းတယ်!


ဒါက ၁၀% ဆက်ဆံရေးတိုးတက်မှုရှိတဲ့သူ လုပ်ရမဲ့အလုပ်လား?!


ချင်ယွီပိုင်လို ကပ်စေးနှဲတိရစ္ဆာန်ကောင်သာ ဒီမှာရှိနေပြီး သူဒီလောက်တောင် ငိုနေတာကို မြင်ရင် အနည်းဆုံးတော့... အမ်၊ သူ့ကို တစ်ခါလောက် 'လုပ်' မလားပဲ။


ယန်ရွှမ်က မျက်ရည်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး အငွေ့များဖြင့် ဝေဝါးနေသော မျက်မှန်ကို ချွတ်လိုက်ရင်း ကျီယောက်ရှပ်အင်္ကျီ၏ အနားစဖြင့် မျက်မှန်ကို ပြင်းပြင်းထန်ထန် သုတ်လိုက်သည်။ 


လှပသော မျက်နှာလေးပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။


ကြည့်ရတာ သနားစရာကောင်းဟန်ဆောင်တာက အလုပ်မဖြစ်တဲ့ပုံပဲ။


မဖြစ်သင့်ဘူးလေ၊ ကျီယောက်က ဒီလိုပုံစံကို သဘောကျသင့်တာ မဟုတ်ဘူးလား။


ယန်ရွှမ်၏ အခြေအနေအပေါ် သုံးသပ်ချက်က မှားသွားတာဖြစ်နိုင်လား? ထူးဆန်းနေတယ်။


"ငိုလို့ ပြီးပြီလား။"


တံခါးအပြင်ဘက်မှ ကျီယောက်၏ အသံထွက်ပေါ်လာသည်။


ယန်ရွှမ် နားစွင့်လိုက်သည်။ အိုဟိုး?... မင်းမသွားသေးဘူးပေါ့။


သူ၏ ကျီယောက်အပေါ် သုံးသပ်ချက် မမှားခဲ့ပေ။


အပိုင်း 13 ပြီး။


----