Chapter 114
ကျိုးယန်က နောက်ပြန်ဆုတ်ကာ ယဲ့ကျန်းပေါ်တွင် မှီလိုက်၏။
“မင်းကို မရီးလို့ ခေါ်နေမှတော့ ကြည့်ရတာ သူ တကယ်ပဲ မှတ်မိသွားပြီနဲ့တူတယ်။”
ယဲ့ကျန်းက ခေါင်းညိတ်လိုက်ပြီး ကျိုးယန်ကို စိုက်ကြည့်နေလေသည်။ သူက ကျိုးရှုက သူ့ကို မရီးဟုခေါ်သည်အား စိတ်ဆိုးပုံမပေါ်ပေ။ စိတ်ဆိုးမည့်အစား သူက တယုတယဖြင့် ခေါင်းကိုငုံ့၍ ကျိုးယန်၏နဖူးကို ခပ်ဖွဖွနမ်းလိုက်ပြီး “အင်း”ဟု ပြောလေသည်။
ကျိုးရှုသည် သတိရလာပြီးနောက် ပို၍ပင် ဝမ်းနည်းလာခဲ့သည်။ အကြောင်းမှာ စုန့်ချန်မော့သည်လည်း ဒီစနစ်ထဲရှိ ပြီးခဲ့သော ကမ္ဘာတစ်ရာတွင်လည်း ရှိနေခဲ့သည်ဟု ဆိုလိုနေသောကြောင့်ပင်။
‘ဒါဆို စုန့်ချန်မော့က ဘဝကို ဘယ်လို ဖြတ်သန်းခဲ့တာလဲ။’
ကျိုးရှုသည် စဉ်းစားမကြည့်ဝံ့တော့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူ သိလိုက်ရချိန်မှာ ပျော်ရွှင်ရမှာမဟုတ်ပေ။
သူ့ရှေ့မှာတော့ ကျိုးယန်နှင့် ယဲ့ကျန်းသည် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားကြသည်။ အားလုံးကို မှတ်မိလာသော ကျိုးရှုသည် ခေါင်းကိုသာ တိတ်တဆိတ်လှည့်၍ တခြားတစ်နေရာရာကို ကြည့်နေလိုက်သည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် မတွေ့ရတာ ကမ္ဘာပေါင်းတစ်ရာကြာနေပြီမို့ သူတို့ကို တရင်းတနှီး နေခွင့်ပေးထားလိုက်သည်။
ကျိုးရှုသည် တခြားတစ်ဖက်သို့လှည့်ကာ သူ့လက်ချောင်းလေးပေါ်မှ စနစ်ကို ဖွင့်ပြီး လက်ရှိပရိုဂရမ်ကို တိတ်တိတ်လေး ကြည့်နေလေသည်။ သူ မှန်းဆထားသည့်အတိုင်းပင် ပရိုဂရမ်က ပြုပြင်မွမ်းမံထားသည်ကို တွေ့လိုက်ရသည်။ မွမ်းမံထားသော နည်းလမ်းမှာ သူတီထွင်ထားခဲ့သည့် နည်းလမ်းဖြစ်သည်။
‘ဒီလိုဆိုတော့ သူ့လူတွေက ကိုင်တွယ်ရလွယ်တဲ့စနစ်ကို ပြုပြင်မွမ်းမံလိုက်တဲ့သဘောပဲပေါ့။’
ကျိုးရှုသည် မကူးပြောင်းလာခင်တွင် စနစ်ကို ကောင်းစွာ နားလည်ခဲ့သည်။ စနစ်ထဲတွင် ကြီးမားသော ချွတ်ယွင်းချက်တစ်ခု ရှိသည်။ ထိုချွတ်ယွင်းချက်မှာ ဤစနစ်သည် အပြိုင်လိုင်းများ ရှိနေဖို့လိုအပ်သည်။ အပြိုင်လိုင်းများ ချိန်ညှိထားခြင်းက စနစ်တစ်ခုလုံး၏ အဓိကတည်နေရာများနှင့် ညီမျှပေသည်။
ထိုအချိန်တွင် ကျိုးရှုသည် ကျိုးဟောက်၏ကြံစည်မှုကို သိသွားခဲ့ပြီး ဖြေရှင်းနည်းတစ်ခုကိုလည်း ရှာတွေ့ခဲ့ပြီးဖြစ်သည်။ ကျိုးဟောက်၏ဉာဏ်ရည်နှင့်ဆိုလျှင် သူသည် ကျိုးရှုက သူ့စနစ်ကို ထိုးဖောက်ဝင်ရောက်လာမည်အား ခန့်မှန်းထားနိုင်ပေသည်။ ဤသို့သာဆိုလျှင် ကျိုးဟောက်က အဘယ်ကြောင့် ကျိုးရှုကို စနစ်ထဲသို့ ဝင်ခွင့်ပေးလိုက်ရသည်း။
ထို့ပြင် ကျိုးဟောက်၏မူလနာမည်မှာ ကျိုးဟောက်မဟုတ်ဘဲ သူ၏နာမည်အရင်းမှာ ယွင်ဟောက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်စ်ခါဂြိုဟ်ပေါ်မှ လူအားလုံး၏ မျိုးရိုးနာမည်သည် ယွင်ဖြစ်သည်။
ယွင်ဟောက်သည် ရန်သူမဟုတ်ပါက ကျိုးရှုအနေဖြင့် သူ့ကို အတော်လေး အသိအမှတ် ပြုမိလောက်သည်။ သူက ဉာဏ်ကောင်းသည်။ အစွမ်းအစရှိသည်။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသည်။ အကြောက်အလန့်မရှိဘဲ ကြီးကျယ်သော ကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။
ထိုသို့ပြောတော့မှ သူက တကယ်ကို အရေးပါလာခဲ့ပြီဖြစ်သည်။ အကြောင်းမှာ နိုအာကြယ်တစ်ခုလုံးသည် ယခုအချိန်လောက်ဆို သူ့လက်ထဲရောက်နေလောက်ပြီဖြစ်သည်။
‘နှမြောစရာပဲ။’
ကျိုးရှုက အနည်းငယ် ပြုံးလိုက်ပြီး စနစ်၏ကုဒ်ကို ထပ်မံပြင်ဆင်လိုက်သည်။ ဤမွမ်းမံပြင်ဆင်မှုက သူအပါအဝင် ကျိုးယန်နှင့် ယဲ့ကျန်းတို့ကို စနစ်ထဲမှ လွတ်မြောက်ပြီး သူတို့၏ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်က ပြန်သွားနိုင်မှာဖြစ်သည်။
သို့သော် ထိုသို့မပြုလုပ်ခင်တွင် ကျိုးရှုသည် သူ့လုပ်ဖော်ကိုင်ဖက်များကို မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့သင့်သည်။ ဆိုလိုသည်မှာ သူက အားလုံးကို သူတို့မှတ်ဉာဏ်များ ပြန်ရလာအောင် နည်းလမ်းတစ်ခု ရှာပေးမှဖြစ်မည်။
ယွင်ဟောက်ကို မြင်ဖူးလိုက်သူတိုင်း၏ မှတ်ဉာဏ်များသည် ပြောင်းလဲသွားခဲ့ကြသည်။ ဤသည်မှာ ကြောက်စရာအကောင်းဆုံး ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ဟောက်သာ သူတို့မှတ်ဉာဏ်များကို တစ်ဖန် ပြောင်းလဲပစ်နိုင်ခဲ့လျှင် နိုအာကြယ်လည်း အန္တရာယ်ရှိနေနိုင်သည်။
ကျိုးရှုက ထွက်မသွားခင်တွင် သူ့မှတ်ဉာဏ်များ ပြန်ရအောင် ပြုပြင်မွမ်းမံနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ယွင်ဟောက်က ကျိုးရှုကို ဖျက်ဆီးပစ်ဖို့ လုပ်ခဲ့တာဖြစ်သည်။
ကျိုးရှုက သူတီထွင်ခဲ့သည့် နည်းလမ်းထဲမှ နောက်ဆုံးကုဒ် တစ်သီတစ်တန်းထဲသို့ ဝင်သွားလေသည်။ သူ့အပေါ်တွင် သစ္စာရှိသောလူများသာဆိုလျှင် နားလည်နိုင်ကြလိမ့်မည်။ မဟုတ်လျှင်တော့ ကျိုးရှုသည် တစ်ယောက်မှ မမှတ်မိကြဘူးဟုသာ ကောက်ချက်ချရမည်။
အတည်ပြုကြောင်း နှိပ်ပြီးသောအခါ ကျိုးရှုက ပြုံးကာ ကျိုးယန်နှင့် ယဲ့ကျန်းတို့ကို ပြောလိုက်၏။
“အစ်ကို မရီး ကျိုးဟောက်က ကျွန်တော်တို့ဂြိုဟ်က မဟုတ်ဘူး။ အစ်ကိုတို့ ဒီအချက်ကို မှတ်ထားမှဖြစ်မယ်။ သူ့ကို မယုံပါနဲ့။ ဘယ်တော့မှ မယုံပါနဲ့။”
“ရှောင်ရှု မင်းဘာလို့…”
ကျိုးယန်သည် စကားပင်ဆုံးအောင် မပြောရသေးခင်တွင် နေရာလွတ်ကျယ်ကြီးသည် စတင် တုန်ခါလာသည်။ ကောင်းကင်အလယ်တွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး သူတို့ခန္ဓာကိုယ်များက ဖောက်ထွင်းမြင်ရလာခဲ့သည်။ တဖြည်းဖြည်းနှင့် ကြယ်စင်များဖြင့် လင်းလက်နေသော ကောင်းကင်ပေါ်သို့ လွင့်မျောစီးဆင်းသွားကြသည်။
နိုအာကြယ်ရှိ လူနာဆောင်တစ်ခုတွင် ကျိုးယန်၏ ရှည်လျားသော မျက်တောင်များသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူက မျက်လုံးများကို ဖွင့်ကြည့်လာ၏။
ခဏတာမျှ စိတ်ရှုပ်နေပြီးနောက် သူက လျင်မြန်စွာ ထထိုင်လိုက်ပြီး တံခါးကို ဖွင့်လေသည်။ သူ့ကို ဆေးရုံမှ ဝန်ထမ်းများက တားကြလေသည်။
“ရေတပ်ဗိုလ်ချုပ် သတိရလာပြီလား။”
“ယဲ့ကျန်း ဘယ်မှာလဲ။ ကျိုးရှု ဘယ်မှာလဲ။”
“ရေတပ်ဗိုလ်ချုပ်ယဲ့က မေ့မြောနေတုန်းပါပဲ။ ကျွန်တော်တို့ လက်ထောက်ဗိုလ်ချုပ်ကျိုးအကြောင်းကိုတော့ မသိပါဘူး။ ရေတပ်ဗိုလ်ချုပ် တခြားစစ်ဆေးမှုတွေ ပြုလုပ်ချင်ပါသလား။ ဗိုလ်ချုပ်က သတိမေ့နေတာ တစ်နှစ်ကျော်နေပါပြီ။ ပြီးတော့….”
“တော်ပြီ။”
ကျိုးယန်က ပြောလိုက်၏။ သူ့ရှေ့တွင် တခြားလူတစ်ယောက်ရှိနေ၏။ ထိုလူသည် လူနာအဝတ်အစား ဝတ်ဆင်ထားသော်လည်း သူ၏ပြောဆိုပြုမူပုံကို ဖုံးကွယ်ထားလို့မရနိုင်သေးပေ။ ထိုလူက သူ့လိုပင် အလျင်လိုနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါင်းတစ်ရာကြာအောင် ခွဲခွာနေရခဲ့ပြီး အထီးကျန်နေခဲ့ရသောကြောင့် သိပ်ကို မမေ့ပျောက်နိုင်ဘဲ သတိရလာသည့်အခါ အရာအားလုံးကို လျစ်လျူရှုပြီးနောက် တစ်ဖက်လူကို အရင်သွားရှာလေသည်။
တစ်ယောက်ကိုတစ်ယောက် ကြည့်နေရင်းဖြင့် ပြုံးကာ ကျိုးယန်က ဖြည်းဖြည်းချင်း ရှေ့ကို တိုးလာပြီးနောက် ယဲ့ကျန်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။
‘နောက်ဆုံးတော့ ငါ ပြန်လာနိုင်ခဲ့ပြီ။ ထပ်ပြီးတော့ ပွေ့ဖက်နိုင်ခဲ့ပြီ။ အတိတ်တုန်းက အထီးကျန်မှုတွေအားလုံးကို မေ့ပျောက်သွားနိုင်သလိုပဲ။ အခုအချိန်မှာ ပွေ့ဖက်မှုရဲ့ အလှတရားတစ်ခုပဲ ကျန်နေတော့တယ်။’
ဆေးဝန်ထမ်းများက နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဖို့အတွက် နှစ်ယောက်စလုံးကို ထပ်မံ ဖျောင်းဖျကြသော်လည်း သူတို့ကတော့ ဖြစ်ပျက်နေသော အခြေအနေများကို သိထားသောကြောင့် နှစ်ဦးသား ခေါင်းကို တွင်တွင်ယမ်းခဲ့ကြသည်။ ယခုအချိန်မှာ သူတို့တွေ ကျိုးရှုအတွက် အချိန်တချို့ကိုပင် ဝယ်ပေးဖို့ လိုနေခဲ့သည်။
သူတို့ ထွက်လာခဲ့သည်နှင့် လူနာဆောင်ထဲမှ ထွက်လာသော စုန့်ချန်မော့နှင့် ဆုံလေသည်။
သူတို့သုံးဦးမှာ အံ့ဩမှင်တက်သွားကြလေသည်။ စုန့်ချန်မော့က မေးလိုက်၏။
“သတိရလာကြပြီလား။ ရှောင်ရှုက ဘယ်မှာလဲ။”
ယဲ့ကျန်းက ပြန်ပြောလိုက်လေသည်။
“ရှောင်ရှုရဲ့ခန္ဓာကိုယ်က အဲဒီအချိန်တုန်းတည်းက ပျောက်သွားခဲ့တာ။ ဒီတော့ သူက ကျိုးဟောက်ရဲ့လက်ထဲမှာပဲ ရှိနေလောက်မယ်။”
“မင်းလည်း သိတယ်လား။ မင်းမှတ်ဉာဏ်တွေက အပြည့်အဝ ပြန်ရလာပြီလား။”
“မရသေးဘူး။ ကျိုးရှုက ငါတို့ကို ပြောပြထားတာ။ ငါ့ကို ကျိုးယန်နဲ့ တွေ့အောင်လုပ်ပေးခဲ့တာ မင်းမလား။”
စုန့်ချန်မော့က ခေါင်းယမ်းကာ ပြန်ပြောလိုက်၏။
“မဟုတ်ဘူး။ ကျိုးရှုပဲ။ သူက စနစ်ထဲကို မဝင်ခင်မှာ အားလုံးကို သိနေခဲ့တာ။ ဒါပေမဲ့ သူက ဘာလို့ စနစ်ကို တိုက်ရိုက်မဖျက်ဆီးပစ်ခဲ့လဲဆိုတာ ငါ နားမလည်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မေးစရာတွေကတော့ အများကြီးရှိနေတုန်းပဲ။ ဒါပေမဲ့ ငါတို့ ကျိုးဟောက်ကို အရင်ရှာမှဖြစ်မယ်။”
“သူ့နာမည်က ယွင်ဟောက်ပဲ။ ကျိုးဟောက် မဟုတ်ဘူး။ သူက ငါတို့ ကျိုးမိသားစုထဲက မဟုတ်ဘူး။”
ကျိုးယန်က ပြောလိုက်လေသည်။
မှတ်ဉာဏ်တွေ ပြန်ရလာပြီဖြစ်သော်လည်း ပြန်ရလာသောမှတ်ဉာဏ်များသည် စနစ်ထဲကို မဝင်ခင်တုန်းက အထိသာဖြစ်သည်။ ဆိုလိုသည်မှာ ယွင်ဟောက် ပြုပြင်ထားသော မှတ်ဉာဏ်များဖြစ်သည်။ သို့သော် မည်သို့ပင် ပြုပြင်ထားသည့် မှတ်ဉာဏ်များဖြစ်နေပါစေ၊ ကျိုးယန်သည် မည်သည့်အခြေအနေမျိုးတွင်မဆို ကျိုးရှုအား ယုံကြည်သည်။
မှတ်ဉာဏ်များက ကျိုးဟောက်သည် သူ့ညီလေးဖြစ်ကြောင်း ပြောနေသော်လည်း ကျိုးယန်က ထိုမှတ်ဉာဏ်အစိတ်အပိုင်းကို အရေးမထားပေ။ အဘယ်ကြောင့်ဆိုသော် ကျိုးရှု ကြီးပြင်းလာသည်ကို သူစောင့်ကြည့်လာခဲ့ရတာဖြစ်ပေမဲ့ ကျိုးဟောက်က သူ့ညီလေးပါဟု သိနေသည့် အသိကလွဲ၍ ကျိုးဟောက်အကြောင်းကို ဘာမှမသိပေ။
စနစ်အားလုံးတွင် ဟာကွက်များ ရှိနေတတ်ပြီး ယွင်ဟောက် တီထွင်ဖန်တီးထားသည့် စနစ်နှင့် ယွင်ဟောက် ပြုပြုမွမ်းမံထားသည့် ကျိုးယန်၏မှတ်ဉာဏ်များကဲ့သို့ လောကကြီးတွင် ပြီးပြည့်စုံနေသည့်အရာမျိုး ဘာတစ်ခုမှမရှိပေ။
ယွင်ဟောက်၏ကျော်ကြားသော လှည့်ကွက်များစွာကို သိပ္ပံပညာဖြင့် ရှင်းပြ၍မရသော်လည်း ကျိုးရှုသည် သူတို့၏အကြံအစည်များကို ချိုးဖောက်ဖို့အတွက် သူ၏ကိုယ်ပိုင်နားလည်မှုဉာဏ်ကို အသုံးချနိုင်ပေသည်။
“ဗိုလ်ချုပ် ဗိုလ်ချုပ် ခဏလေးစောင့်ပါဦး။”
ယန်ချောင်မုကလည်း လူနာဆောင်ထဲမှ ထွက်လာခဲ့လေသည်။
သူလည်း ထွက်လာပြီးနောက် အံ့အားသင့်သွားလေသည်။
“ဗိုလ်ချုပ်ကျိုး ဗိုလ်ချုပ်ယဲ့ သတိရလာကြပြီလား။ လက်ထောက်ဗိုလ်ချုပ်ကျိုးရှုကရော။”
“သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်နေလောက်ပြီ။”
ယဲ့ကျန်းက ပြန်ပြောလိုက်၏။
“အိုး ကျွန်တော် လက်ထောက်ဗိုလ်ချုပ်ကျိုးရှုဆီကနေ မက်ဆေ့ချ်တစ်ခု ရထားတယ်။ သူက ကျွန်တော်တို့ကို ယဇ်ပလ္လင်ဆီကို သွားခိုင်းထားတယ်။ ဒီမှာ ပုံတစ်ပုံရှိတယ်။ သူက ကျွန်တော်တို့ကို နည်းနည်းဆီ ဖြည့်ဆွဲထားခိုင်းပါတယ်။”
“ယဇ်ပလ္လင်လား။”
“ဟုတ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကျိုးရှုက အတွင်းထဲကနေ စနစ်ကို ပြုပြင်မွမ်းမံလိုက်တာက စနစ်ထဲမှာ အက်ကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်သလိုဖြစ်သွားပြီး အဲဒီအက်ကွဲရာကနေ ဗိုလ်ချုပ်တို့ ပြန်ရောက်လာကြတာပဲ။ ကျွန်တော် အဲဒါကို ဘယ်လိုဖော်ပြရမှန်း မသိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် နားမလည်ပေမဲ့ ဒါက လက်ထောက်ဗိုလ်ချုပ်ကျိုးရှုရဲ့ ကုဒ်က ပြောထားတာပါပဲ။”
သူတို့ သုံးယောက်သည် ကျိုးရှုကို ယုံကြည်ကြသောကြောင့် သူ၏ဖြေရှင်းချက်ကို ဆက်ပြီး နားထောင်မနေတော့ပေ။
“ငါက ယွင်ဟောက်ကို သွားရှာလိုက်မယ်။ မင်းက ယန်ချောင်မု နောက်ကို လိုက်ပြီး ယဇ်ပလ္လင်ကို သွားနိုင်မလား။ ငါ ကျိုးရှု မတော်တဆ တစ်ခုခု ဖြစ်မှာ စိုးမိတယ်။”
“ကောင်းပါပြီ။”
ထိုအချိန်တွင် နေရောင်ခြည်က တောက်ပနေ၏။ ရုံးခန်းတစ်ခုတွင် ယွင်ဟောက်၏လက်ချောင်းမှ လက်စွပ်သည် ရုတ်တရက် ဂျွတ်ခနဲ ကျိုးသွားလေသည်။
သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်နေပြီး ယွင်ဟောက်သည် ကျိုးရှု ပြန်ရောက်နေသော်လည်း သူ ပြန်ရောက်လာလျှင်ပင် သူ့လက်ဖဝါးအောက်ကနေ မလွတ်မြောက်နိုင်သေးပေ။
နိုအာကြယ်တစ်ခုလုံးတွင် ကျိုးရှုတစ်ယောက်တည်းကသာ သူ့မှတ်ဉာဏ်များ ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့ပြီး အခြားသူများသည် သတိပင်မထားမိခဲ့ကြပေ။
‘နှမြောစရာပဲ။’
"အလိုလေး ကျိုးရှု ကျိုးရှု မင်းက သိပ်ဉာဏ်ကောင်းလွန်းပါတယ်။ မင်းရဲ့ပါးနပ်မှုကြောင့် မင်း မှားသွားခဲ့ပြီ။"
ယွင်ဟောက်က ထိုသို့ပြောနေရင်းဖြင့် သူ့စားပွဲဘေးရှိ လျှို့ဝှက်ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ရုံးခန်း၏ဘယ်ဘက်ရှိ နံရံက နှစ်ပိုင်းကွဲသွားပြီး နံရံအနောက်ဘက်မှ အခန်းတစ်ခန်းက ပေါ်လာခဲ့သည်။
အခန်းသည် အလွန်သပ်ရပ်ပြီး တစ်ယောက်ယောက်က တစ်ချိန်လုံး သန့်ရှင်းရေးလုပ်ထားမှန်း သိသာပါသည်။
အခန်းထဲတွင် ကုတင်တစ်လုံးရှိပြီး ထိုကုတင်ပေါ်၌ ကျိုးရှုက တိတ်ဆိတိငြိမ်သက်စွာ လှဲလျောင်းနေ၏။ ယွင်ဟောက်သည် ကျိုးရှု၏မျက်ခုံးများက ရှည်သွယ်၍ ပြုံးလိုက်လျှင် သူ့မှာ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိမှန်း သတိရမိသော်လည်း ကံမကောင်းစွာပင် ဤဆွဲဆောင်မှုက ယွင်ဟောက်အတွက်တော့ ဆွဲဆောင်နိုင်စွမ်း မရှိခဲ့ပေ။
သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ကျိုးရှု၏ပါးကို ညင်သာစွာ ပွတ်သပ်လိုက်၏။ ယွင်ဟောက်က အနည်းငယ် ပြုံးလိုက်ပြီး
"သတိရလာပြီလား။”
ကျိုးရှုက မျက်လုံးများကို မှိတ်ထားလျက်ဖြင့် နှုတ်ခမ်းကို ကွေးညွတ်လိုက်၏။ သူက မျက်လုံးဖွင့်ကာ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"တကယ်ပါပဲ။ ယွင်ဟောက် မင်းကို လှည့်စားလို့ မရဘူးပဲ။"
ယွင်ဟောက်က ပြုံးကာ အိပ်ရာဘေးတွင် ထိုင်ချလိုက်၏။
"ဟုတ်တယ်။ မင်း ငါ့ကို လှည့်စားလို့မရဘူး။ မင်းက အစတည်းက ဝန်ခံခဲ့မယ်ဆိုရင် အဲဒီစနစ်ထဲကို မင်းကို ဘယ်လို ထည့်နိုင်မှာလဲ။ ငါက အခုအချိန်မှာ အရာအားလုံးကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။"
ကျိုးရှုသည် ခြေတွေ၊လက်တွေ ကြိုးတုပ်ထားခံရပြီး မလှုပ်ရှားနိုင်ပေမဲ့ စိတ်အားထက်သန်မှု ရှိနေဆဲပင်။ သူက ယွင်ဟောက်ကို သနားနေဟန်ဖြင့် ကြည့်နေ၏။
“ကံမကောင်းချင်တော့ ယွင်ဟောက် မင်းက ဉာဏ်ကောင်းတယ်ဆိုတာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါ ရှုံးတယ်လို့တော့ ဝန်ခံမှာမဟုတ်ဘူး။’
“ဪ”
“ယွင်ဟောက် မင်းရဲ့မှတ်ဉာဏ်တွေကို ငါ ဘယ်လို ပြန်ဖြေလိုက်လဲဆိုတာ မင်း သိလား။”
“မင်း ငါ့ရဲ့ထောင်ချောက်ထဲကို ဝင်သွားခဲ့တာ မဟုတ်ဘူးလား။”
“မဟုတ်ဘူး။ အမှားလုပ်မိတာ မဟုတ်ဘူး။ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။ တကယ်တော့ ငါ့မှတ်ဉာဏ်တွေကို ကြယ်ပရိယာယ် အစီအရင်ထဲကို မဝင်ခင်တည်းက ပြန်ရခဲ့တာ။”
“ဟားဟား စိတ်ဝင်စားစရာပဲ။ ကြယ်ပရိယာယ် အစီအရင်အပြင် မှတ်ဉာဏ်တွေကို ပြန်ဖြည်နိုင်တဲ့ တခြားနည်းလမ်းတွေရှိနေမှန်း မသိခဲ့ဘူး။”
“ရှိတယ်။ အဲဒါက စိတ်ခံစားချက်ပဲ။”
ကျိုးရှုသည် လှဲနေရင်းဖြင့် သူ့လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်မှ သံကြိုးကို တိတ်တိတ်လေး ဖြုတ်ဖို့ ကြိုးစားနေခဲ့သည်။ အခုအချိန်မှာ သူ့အတွက် လွတ်မြောက်ဖို့ နည်းလမ်းမရှိမှန်း သိပေမဲ့ ယွင်ဟောက်ကို နှိုးဆွပေးနိုင်ပါက သူ့မှာ အခွင့်အရေးရလာနိုင်သည်။
“မင်းပြင်ဆင်ထားတဲ့ မှတ်ဉာဏ်က ကလေးဘဝတည်းက စတာဆိုပေမဲ့ ငါနဲ့ မင်းနဲ့က ဘယ်လို ဆက်ဆံရေးမျိုးလဲ။ မင်း အဲဒါကို တွေးကြည့်ဖူးလား။”
“များသောအားဖြင့် ညီအစ်ကိုတော်တော်များက သာမန်ခံစားချက်တွေ ရှိကြတာပဲ။”
“ဟုတ်တယ်။ ညီအစ်ကိုတွေအပေါ်မှာ သာမန်တူညီတဲ့ခံစားချက်တွေ ရှိတဲ့လူတွေ တော်တော်များများတယ်။ ဒါပေမဲ့ ငါကတော့ ကျိုးယန် လိုမဟုတ်ဘူး။ ငါက အေးစက်ပေမဲ့ ကျိုးယန်အတွက်ဆိုရင်တော့ မီးထဲပဲ သွားရသွားရ၊ ရေထဲပဲ ဖြတ်ရဖြတ်ရ ငါ သွားနိုင်တယ်။ ကျိုးယန်ကလည်း ငါ့အတွက်ဆို ဒီလိုပဲလုပ်မှာပဲ။ ဒါပေမဲ့ ငါတို့တွေက မင်းနဲ့မတူဘူး။ ဘာလို့လဲဆိုတော့ ငါ့တို့ရဲ့ခံစားချက်တွေကို ပြုပြင်ဖန်တီးထားတဲ့ မှတ်ဉာဏ်တွေနဲ့ အစားထိုးလို့မရနိုင်ဘူး။”
ယွင်ဟောက်က ပြုံးနေသေးပေမဲ့ သူ့နှုတ်ခမ်းထောင့်စွန်းများကတော့ သိသိသာသာ ညွတ်ကျသွားခဲ့သည်။
“နောက်ပြီးတော့ မင်းက ငါ့အစ်ကိုကို ကြိုက်နေတာမလား။”
ယွင်ဟောက်၏အပြုံးသည် လုံးဝ ပျောက်ကွယ်သွားပြီး ကျိုးရှုက ပြုံးလိုက်၏။
“ဒါပေမဲ့ ငါ့အစ်ကိုရဲ့မျက်လုံးထဲကိုတော့ မင်းက ညီအစ်ကိုအနေပဲဖြစ်ဖြစ် ယောက်ျားလေး တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ် ရောက်မလာနိုင်ဘူး။”
**********
The Villain’s Face Slapping Counterattack