Chapter 103
အတိတ်က ကျိုးရှုမှာ အသံ သရုပ်ဆောင်ရခြင်းကိုအလွန်နှစ်သက်ပြီး ဤအသင်းဝင်အလွန်ဖြစ်ချင်ခဲ့သည်။ ထို့ကြောင့် ယခုတစ်ခါတွင် ရှုန်းယွဲ့၏ဖိတ်ကြားမှုကို သူက မငြင်းဆန်ဘဲ လိုက်လာခဲ့သည်။ အကြောင်းက ဤကမ္ဘာတွင် အသံသရုပ်ဆောင်အလုပ်သည် အလွန်ကောင်းမွန်သောအလုပ်ဖြစ်ပြီး တက္ကသိုလ်တစ်ခုစီတိုင်းမှာ ၎င်းတို့၏ကိုယ်ပိုင်အသင်းများရှိကြသည်။ ထို့ပြင် သရုပ်ဆောင်အသစ်ခေါ်ယူခြင်းအတွက် လူရွေးပွဲများလည်းရှိသည်။ ကိုယ်ပိုင်အသံသည် ထူးခြားမှုရှိရမည်ဖြစ်ပြီး မဟုတ်လျှင် ရွေးချယ်ခံရမည်မဟုတ်ပါ။
ထို့ပြင် အသံသရုပ်ဆောင်များအတွက် အလားအလာကောင်းများစွာလည်းရှိသည်။ အသံသရုပ်ဆောင်အဖြစ်တစ်နှစ် သို့ နှစ်နှစ် အတွေ့အကြုံယူပြီးနောက် သရုပ်ဆောင်ခြင်းအတွက် အခကြေးငွေများရရှိကြသည်။ ထို့ပြင်သရုပ်ဆောင်များအားလုံးတွင် ၎င်းတို့၏ကိုယ်ပိုင်ချန်နယ်များရှိကြပြီး ၎င်းတို့၏ပရိတ်သတ်များထံမှ တစ်လလျှင် တစ်သောင်းမှနှစ်သောင်းထိရကြသည်။ ထိပ်တန်းအသံသရုပ်ဆောင်များဆိုလျှင် တစ်လလျှင် တစ်သိန်းမှ နှစ်သိန်းထိရရှိကြသည်။
ဉပမာ ရှင်းစုချုံချင့် ဆိုလျှင် သူ့အကောင့်တွင် ဖော်လိုဝါ သုံးသန်းကျော်ရှိသည်။ သူသည်တစ်ပတ်လျှင် နှစ်ကြိမ် ည(၇)နာရီမှ (၁၀)နာရီထိ တစ်ကြိမ်တိုက်ရိုက်လိုက်(ဖ်)လွှင့်သည်။ တစ်ခါတစ်ရံ ပရိတ်သတ်များနှင့်စကားပြောခြင်း စာပိုဒ်များဖတ်ပြခြင်းတို့လုပ်သည်နှင့်ကို အခကြေးငွေများစွာရလေ့ရှိသည်။
အတိတ်ကကျိုးရှုမှာ အသံသရုပ်ဆောင်ရခြင်းကိုနှစ်သက်ပြီး ဝါသနာနှင့်အသက်မွေးဝမ်းကျောင်းပြုချင်ခဲ့သော်လည်း သူမြတ်နိုးသောအလုပ်ကိုပင်မေ့လျော့သွားခဲ့သည်မှာ ရင်နာစရာကောင်းလှသည်။ သို့သော် ယခုသူ့ခန္ဓာကိုယ်ထဲကလူမှာကျိုးရှုဖြစ်ပြီး သူ၏ဆန္ဒကိုဖြည့်ဆည်းပေးမည်ဖြစ်သည်။
အင်တာဗျူးနေရာသို့ ရောက်ရှိလာသောအခါ ရှုန်းယွဲ့နှင့်အတူ လိုက်ပါတန်းစီစောင့်ဆိုင်းနေခဲ့သည်။
စောင့်ဆိုင်းနေစဉ်တွင် ရှပ်အင်္ကျီအဖြူ ၀တ်ထားသည့် အမျိုးသားတစ်ဦး ရောက်လာပြီး အင်တာဗျူးအတွက် စစ်ဆေးမည့်အခန်းထဲသို့ တန်းဝင်သွားသည်။
ကျိုးရှုကသူ့မျက်လုံးကိုပွတ်သတ်နေသောကြောင့် ထိုလူကိုသတိမထားမိခဲ့ပါ။ အခန်းထဲသို့ထိုလူဝင်သွားပြီး မကြာခင်မှာပင် ကျိုးရှုတို့စောင့်ဆိုင်းနေသောအခန်းမှာအုတ်အော်သောင်းနင်းဖြစ်သွားကြသည်။
"ဝါး... အဲ့လူကရှင်းစုချုံချင့်မလား? အရမ်းချောတာပဲ"
"သူက ရှင်းစုချုံချင့်ဆိုတဲ့လူလား? သူ့လိုက်(ဖ်) ကိုတစ်ခါမှမကြည့်ဖူးဘူး၊ ဒါမဲ့သူသီချင်းဆိုတာတော့ကြားဖူးတယ်၊ တကယ်ပဲ သူ့လိုလူမျိုးနာမည်ကြီးတာအဆန်းမဟုတ်ပါဘူးလေ"
တီးတိုးစကားသံများကြား ရှုန်းယွဲ့ကကျိုးရှုကို "ကျိုးရှု ရှင်းစုချုံချင့်ဆိုတာသူလေ၊ အရမ်းချောတာပဲနော်"
ကျိုးရှုကခေါင်းခါပြကာ ပြန်ပြောလိုက်သည်။ "မတွေ့ပါဘူး"
ရှုန်းယွဲ့စိတ်လှုပ်ရှားနေပြီး " စိတ်မကောင်းလိုက်တာ၊ သူတကယ်ကိုချောတာဟ၊ ငါ့ရဲ့ ရင်ခုန်သံတွေ ထိန်းချုပ်မရတော့ဘူး၊ ဘယ်လိုလုပ်ရမလဲ?"
ကျိုးရှု အဖက်လုပ်မနေတော့ဘဲ မျက်လုံးမှိတ်ကာသာစောင့်ဆိုင်းနေလိုက်သည်။ ရှုန်းယွဲ့လည်းဘာမှဆက်မပြောနိုင်တော့ဘဲ တိတ်တိတ်သာနေလိုက်ရသည်။
မိနစ်အနည်းငယ်အကြာ နောက်ထပ်အမျိုးသားတစ်ဦးဖြတ်လျှောက်သွားသည်။ ထိုလူသည် ရိုးရိုးအပြာရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသည်။ သူ၏နှာတံပေါ်တွင် အနက်ရောင်ကိုင်းမျက်မှန်ကိုဝတ်ဆင်ထားပြီး နှုတ်ခမ်းများမှာပြုံးနေသည်။ သူ၏မြင့်မားလှသော အရပ်အမောင်းက လူအများကို ရှိန်သယောင်ဖြစ်စေသော်လည်း ဖော်ရွှေသော ခံစားချက်မျိုးရသည်။
အရင်လူနှင့် နှိုင်းယှဉ်လိုက်လျှင် သူကပိုသာသည်။ ဤအမျိုးသားသည်တမင်တကာအနက်ရောင်မျက်မှန်ကို ဝတ်ဆင်ထားသော်လည်း မျက်မှန်ချွတ်လိုက်သည့်အခါ သူ၏ဥပဓိရုပ်ကြည့်ကောင်းနေမည်ကို ကျိုးရှုက ပထမဆုံးအကြည့်တစ်ချက်နှင့်တင် နားလည်လိုက်သည်။ ယခုတော င်အများကြားထဲမှာ သူက ထင်းနေသည်။
ထိုလူက စောင့်ဆိုင်းနေသောလူများကို ပြုံးပြကာ လက်ပြနှုတ်ဆက်လိုက်ပြီး "ကြိုးစားထား" ဟုဆိုကာ အခန်းထဲသို့ ဝင်သွားသည်။
ထိုလူနှင့် ကျိုးရှု အကြည့်ချင်းဆုံမိကြပြီး ထိုလူက တစ်ဖက်ကို အကြည့်လွှဲလိုက်သည်။ သူ၏ရှက်ကိုးရှက်ကန်း အပြုအမူမှာ စိတ်ဝင်စားစရာ ကောင်းလှသောကြောင့် ကျိုးရှုက သဘောကျကာ ရယ်မိလိုက်သည်။ ထို့ပြင် ၎င်းမှာ ကျိုးရှု၏ယခင်ချစ်သူများနှင့် ဆင်သောကြောင့်လည်း ကျိုးရှုမှာ သူ့ကို မြင်မြင်ချင်း ချစ်မိသွားလေသည်။
ကျိုးရှု၏ဖူးစာဖက်သည် ကျိုးရှု၏ဆွဲငင်အားကို ဦးစွာ ခံစားမိသောကြောင့် မည်မျှပင် အတားအဆီးရှိစေကာမူ ကျိုးရှု မမှုပါ။ ထို့ကြောင့် ကြိမ်ဖန်များစွာ ကျိုးရှုနှင့် သူ၏ဖူးစာဖက်တို့ မြင်မြင်ချင်း ချစ်မိသွားကြခြင်းဖြစ်သည်။ အမှန်ပင် မြင်မြင်ချင်း အချစ်သည် နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ဖြစ်တည်လာသောကြောင့် ခိုင်မြဲသော နှောင်ကြိုးများဖြင့် ရစ်တွယ်နေသည်။
"သူက ပေါ်လန်ကျုံးထွေး ဆိုတာလား? သူလဲ ချောတယ်နော်"
"အွမ်း သူ သီချင်းဆိုတာကို အရမ်းကြိုက်လို့ အများကြီး ဆုချလိုက်တယ်"
"ရှင်းစုက ပိုချောသလို ခံစားရတယ်၊ ဒါမဲ့ သူလဲ မဆိုးပါဘူးလေ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ရှုန်းယွဲ့က အဆင်ငမ်းချင်သော်လည်း ကျိုးရှုက "ငါစိတ်မဝင်စားဘူး" ဟု ပိတ်ပြောလိုက်သောကြောင့် ရှုန်းယွဲ့မှာ စကားနင်သွားရသည်။
ကျိုးရှု၏ စကားတုံးတိများက ရှုန်းယွဲ့အား ဆို့နင့်သွားစေသောကြောင့် ရှုန်းယွဲလည်း ဆက်ပြောမနေတော့ဘဲ လက်ထဲက ဒတ်ရှင်းအသင်း၏ လက်ကမ်းကြော်ငြာကိုသာ စိတ်ပျက်စွာ ကြည့်နေလိုက်တော့သည်။
ထို့နောက် ၎င်းတို့က တစ်ယောက်ချင်းစီ ခေါ်ကာ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခိုင်းသည်။ သို့သော် ဒိုင်လူကြီးများက ရှေ့တွင် ရှိမနေဘဲ အခြားအခန်းက အထူးပြုလုပ်ထားသောမှန်ကနေ စောင့်ကြည့်နေကြသည်။ မှန်မှာတစ်ဖက်ပိတ်မှန်မျိုးဖြစ်ပြီး အင်တာဗျူးသမားများမှာ မှန်ကြည့်သကဲ့သို့ ကိုယ်ကိုကိုယ်သာမြင်ရပြီး ဒိုင်လူကြီးများက နှစ်ဖက်လုံးကိုဖောက်မြင်ရသည့်မှန်မျိုးဖြစ်သည်။
ရှုန်းယွဲ့အလှည့်ရောက်သောအခါ သူ၏အသံမှာ ကြည်လင်ပျော့ပျောင်းပြီး လိုက်လျောညီထွေ ရှိသည့်အသံ ဖြစ်သောကြောင့် ဒိုင်အများစုက သဘောကျနှစ်သက်ကြသည်။ ထို့ပြင် "ရှိုးတ" နေရာအတွက် အလွန်သင့်လျော်ပြီး အနည်းငယ်လေ့ကျင့်ပေးလိုက်သည်နှင့် အလားအလာ ကောင်းနိုင်သည်။
ရှောင်ရှောင်းအသင်း၏ ဥက္ကဌဖြစ်သည့် ကျန်းဆိုင်ယွိက sky-high ဒေါက်မြင့်ဖိနပ်နှင့်လျှောက်လာပြီး ဘေးဘက်သို့မှီပြီး လက်ပိုက်ကာ ပြုံးလျက်မေးလိုက်သည်။ "ရှင်းစုနဲ့ မောင်လေးပေါ် မင်းတို့ဘယ်လိုသဘောရလဲ?"
"မဆိုးပါဘူး၊ ဒါပေမယ့် သူတို့ စနစ်ကျဖို့တော့ လိုသေးတယ်" ရှင်းစုချုံချင့်ကပြန်ဖြေလိုက်သည်။
"မဆိုးပါဘူး" ရှစ်ရိပေါ် က လဲထောက်ခံသည်။
ကျန်းဆိုင်ယွိ ကျေနပ်သွားကာ ရှုန်းယွဲ့၏လျှောက်လွှာကို ပမာဏရွေးချယ်စာရင်းတွင်ထည့်ထားလိုက်သည်။
ကျိုးရှု၏အလှည့်ရောက်လာသောအခါ ဆောင်းပါးတိုတစ်ပုဒ်ပေးသည်။ ဆောင်းပါးမှာ ဘဝနေနည်း နှင့်ပတ်သတ်သည့် အကြောင်းအရာဖြစ်သည်။
အကြောင်းအရာကိုဖတ်ပြီး ဤဆောင်းပါးရေးသားသူ၏ စိတ်နေသဘောထားကို တွေးတောပြီးနောက် ကျိုးရှုကနားထောင်သူများ၏စိတ်ကိုတည်ငြိမ်စေရန် အသံကိုပါးပါးလေးနှိမ့်ဆိုလိုက်သည်။
ဆောင်းပါးမှာ ကျိုးရှု၏နှုတ်ဖျားမှ စမ်းရေစီးသံပမာ ကြားရပြီး ကျေနပ်ဖွယ်ကောင်းသော ဘဝအား ကျေးဇူးတင်တတ်သည့် စာရေးဆရာ၏ အနုပညာခံစားမှုအမြင်ကျယ်ပုံကို ရှုမြင်မိစေသည်။ တိတ်ဆိတ် ငြင်သာသောအသံဖြင့် ထွက်လာသည့် လှပသည့်စကားလုံးများက အလွန်လှပသော ပန်းခင်းကြီးတစ်ခုထဲ ရောက်သွားစေသယောင် နားထောင်သူ၏စိတ်ထဲတွင် ပြုစားခံလိုက်ရသည်။
ပုံမှန်အားဖြင့် အင်တာဗျူးသမားများမှာ စာကြောင်း အနည်းငယ်သာ ဖတ်ပြကြပြီးနောက် ဒိုင်လူကြီးများက ၎င်းတို့၏အသံနေအသံထားကိုသာ အာရုံထားကြသည်။ ထို့နောက် သူတို့က အသံနေအသံထား ထိန်းချုပ်ပုံ၊ လေယူလေသိမ်း၊ အသံထွက်စသည်တို့ကို ပြုပြင်ပေးကြသည်။
ကျိုးရှု တစ်ယောက်သာ ဆောင်းပါးတစ်ပုဒ်လုံးကို ချွင်းချက်မရှိ ပြည့်စုံစွာ အစအဆုံး ဖတ်ပြနိုင်သူဖြစ်ကာ ဒိုင်လူကြီးများမှာ စိတ်ကူးထဲက ပန်းခင်းထဲများ ရောက်သွားကြသည်လားမသိ ကျိုးရှုကို ရပ်ခိုင်းဖို့ပင် မေ့လျော့သွားကြသည်။
ကျိုးရှု ဖတ်ပြလို့ ပြီးဆုံးပြီး စက္ကန့်အနည်းငယ် အကြာ ကျန်းဆိုင်ယွိ သတိပြန်ဝင်လာပြီး ချောင်းဟန့်လိုက်သည်။ သူမက လက်ပိုက်ပြီး ပြုံးလိုက်ကာ " ဆရာသမားနှစ်ယောက်ရေ မင်းတို့နေရာတော့ အာမမခံနိုင်တော့ဘူးနော်" (ဆိုလိုသည်မှာ ကျိုးရှု၏ performance အရမ်းကောင်းနေသောကြောင့် ထိပ်တန်းစီနီယာများကို စိန်ခေါ်လာနိုင်သောကြောင့် ဖြစ်သည်)
စုချန်းချီ မျက်မှောင်ကြုတ်လိုက်ပြီး ရှစ်ရိပေါ် ကတော့ပြုံးလိုက်ကာ " ပထမဆုံးအနေနဲ့ သူက ငါ့အပိုင်ပဲ၊ ဘယ်သူဖြစ်ဖြစ် မင်းတို့ ငါနဲ့ လာပြိုင် မလုကြနဲ့"
"ဘာပြောလိုက်တယ်?" ကျန်းဆိုင်ယွိ၏ လှပသောမျက်နှာလေးက ကျေနပ်ဝမ်းသာမှုတို့ဖြင့် အံ့အားသင့်သွားသည်။
ရှစ်ရိပေါ်က ပြန်၍ " နင်ဖူဂျိုရှီမမှန်း ငါသိပါတယ်၊ အိုဗာတင်းတွေ ဖျော်မနေနဲ့၊ ငါ့ရဲ့အသေးလေး လန့်သွားပါဦးမယ်"
စုချန်းချီ ရုပ်မသာမယာ ဖြစ်နေသည်။ သူ ဘာကြောင့် စိတ်မကြည်မလင်ဖြစ်နေရလဲမသိပါ၊ ကျိုးရှုက အလွန်ထူးချွန်နေ၍ ကျန်းဆိုင်ယွိ နောက်ပြောင်လိုက်သလို သူ့ထိုင်ခုံ လှုပ်တော့မည်ကို စိုးရိမ်နေသောကြောင့်လား သေချာမသိပေ။
ရှစ်ရိပေါ်က "တကယ် မနောက်ဘူးအတည်၊ ငါ လိုချင်တာငါသိတယ်၊ ငါသူ့ကို စတွေ့လိုက်ကတည်းက သိလိုက်တယ်ဟာ၊ ဆိုတော့ ငါသူ့ကို ရအောင်လိုက်မှာ မင်းတို့ အားလုံးပါးစပ်ပိတ်ထားကြ"
"ဟုတ်ပါပြီ၊ ရော့ အဲ့မှာသူ့လျှောက်လွှာ၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေရော ဖုန်းနံပါတ်တွေရော အကုန်ပါတယ်၊ နင် လက်ဆောင် ယူလိုက်တော့" ကျန်းဆိုင်ယွိကဆို လိုက်သည်။
"မလိုဘူး၊ ငါ့ဘာသာမေးမယ်"
"အွမ်း တကယ်ချောတာပဲ" ကျန်းဆိုင်ယွိက ရှစ်ရိပေါ်တို့နှင့် ရင်းနှီးသည်။ အသံသရုပ်ဆောင်လောကတွင် လိင်တူချစ်သူများစွာ ရှိကြပြီး သူတို့ကျောင်းတွင်တော့ မရှိသေးပါ။ ဖူဂျိုရှီ မိခင်တစ်ယောက်လည်းဖြစ် အသင်းဥက္ကဌလဲဖြစ်သည့် သူမလိုလူတစ်ယောက်အနေနှင့် အနည်းငယ်တော့ စိတ်ပျက်မိသည်။ သို့သော် ယခုတော့ အနေအထားများပြောင်းလဲသွားခဲ့ပြီး သူတို့အသင်းတွင် စုံတွဲလေးများ ပေါ်ပေါက် လာတော့မည်ဖြစ်သည်။ ကျန်းဆိုင်ယွိက ပျော်ရွှင်စွာဖြင့် "ဟုတ်ပြီကွ" ဟုရေရွတ်လိုက်သည်။
သူတို့စကားပြောပြီးသည်ထိ ကျိုးရှုကအခန်းထဲတွင်ရှိနေသေးသည်ကိုသတိရလိုက်ပြီး ကျန်းဆိုင်ယွိက ချောင်းဟန့်လိုက်ကာ မိုက်ကရိုဖုန်းဖြင့် "အရမ်းတော်တယ်၊ မင်းကို ရွေးလိုက်ပြီ၊ လာမယ့် တနင်္လာနေ့မှာ အသံထွက်လေ့ကျင့်မယ့်အတန်းရှိမယ်၊ အဲ့မှာတွေ့ကြမယ်နော်"
ကျိုးရှု ခေါင်းညိတ်ကာ လှည့်ပြန်သွားခဲ့သည်။
ပြန်ထွက်လာပြီးနောက် သူတစ်ယောက်သာနေရာမှာပင် အရွေးချယ်ခံရသူဖြစ်ပြီး အခြားသူအားလုံးသည် ရလဒ်ကို စောင့်ဆိုင်းရမည်ဟု သိလိုက်ရသည်။
ထို့နောက် ရှုန်းယွဲ့နှင့်အတူအဆောင်သို့ ပြန်လာခဲ့ကြသည်။ ရှုန်းယွဲ့ကိုတော့ အရွေးချယ်ခံရကြောင်း မပြောထားသေးဘဲ အများနည်းတူရလဒ်ကိုသာ စောင့်နေသည်ဟု ပေးသိစေခဲ့သည်။
ကျိုးရှုက အသံလေ့ကျင့်ဖို့ လမ်းညွှန်စာအုပ်များ ဖတ်ရှုနေချိန် ရှုန်းယွဲ့တစ်ယောက်ကတော့ စုချန်းချီကို မွှန်ပြီး လင်တရူး နေခဲ့သည်။
ကျိုးရှုက သင်ယူလေ့လာရခြင်းကို အလွန်နှစ်ခြိုက်သည်။ ပညာရွှေအိုး လူမခိုး ဆိုသကဲ့သို့ မည်သည့်ပညာမဆို တတ်ထားလျှင် အကျိုးမယုတ်၊ပညာ၏သဘောသည်အဆုံးမရှိကျယ်ပြောလှသောပင်လယ်ကြီးဖြစ်သည်။ သူသည် ကမ္ဘာများစွာကိုဖြတ်သန်းပြီးတစ်ခါမှ အသံသရုပ်ဆောင်မဖြစ်ဖူးပါ။ ထို့ကြောင့် ဒီတစ်ကြိမ်တွင် သူကလေ့လာချင်သည်။ အသံထွက်ပုံထွက်နည်း မှသည် အာခေါင်သံနှင့် နှာသူငယ်သံ ပဲ့တင်ထပ်သံ စသည်တို့ကို စေ့စပ်စွာလေ့လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အသံလေ့ကျင့်သင်တန်းမှလဲ မှတ်သားစရာများစွာ ရရှိခဲ့သည်။
အသံသရုပ်ဆောင်အတန်းတွင် သင်ကြားပေးမည့်ဆရာသည် နာမည်ကြီးရုပ်ရှင်ကျောင်းတစ်ခုမှ ဖြစ်သောကြောင့် ကျိုးရှုရောက်လာသောအခါ အတန်းထဲတွင် ကျောင်းသားများဖြင့်ပြည့်နှက်နေပြီဖြစ်သည်။ အများစုမှာ တရားဝင်သင်တန်းသားများဖြစ်ပြီး တချို့က သင်တန်းသားများ မဟုတ်သော်လည်း အသံသရုပ်ဆောင်ပညာကို စိတ်ဝင်စားသောကြောင့် လာရောက်သင်ယူကြခြင်းမျိုးလည်း ရှိသည်။
သင်တန်းသည် ဤမျှနာမည်ကြီးမည်ဟု မမျှော်လင့်ထားပေ။ လူ တစ်ရာ့ငါးဆယ်ဆန့်သောအခန်းမှာ အယောက်နှစ်ရာကျော်လောက် ရှိပြီး အချို့လူအများသည် ထိုင်စရာ မရှိတော့သဖြင့် နောက်ဆုံးတွင် မတ်တပ်ရပ်နေရသည်။ ကျိုးရှုလည်း ထိုမတ်တပ်ရပ်နေသောလူများထဲမှ တစ်ယောက်ဖြစ်သည်။
မိနစ်အနည်းငယ်စောင့်ဆိုင်းပြီနောက် ဆရာက စတင်ပို့ချသည်။ သင်ခန်းစာအကြောင်းအရာမှာအနည်းငယ် ငြီးငွေ့ဖွယ် ကောင်းသော်လည်း ကျောင်းသားများ၏စိတ်ဝင်တစားရှိမှုကြောင့် ဆရာက ကျေနပ်သွားပြီး ကျောင်းသားများလည်း မှတ်သားဖွယ်ရာများစွာ ရရှိခဲ့သည်။
နောက်ဆုံးတွင် ဆရာက အသံပြောင်း ပုံပြောင်းနည်းကို သရုပ်ပြမော်ဒယ်တစ်ဦးနှင့် ပို့ချပေးခဲ့သည်။ ထိုလူမှာ ရှစ်ရိပေါ်ကလွဲ အခြားမဟုတ်ပေ။
အကယ်၍ ကျိုးရှုအမှတ်မမှားခဲ့လျှင် ထိုလူစင်ပေါ်တက်သွားပြီး ပထမဆုံးသူ့ကို လှည့်ကြည့်လိုက်ခြင်း ဖြစ်ပေမည်။ ကျိုးရှုက ထိုကဲ့သို့ ခံစားမိသည်။
ကျိုးရှုက ကိုယ့်အတွေးနှင့် ကိုယ်ကြည်နူး မိသည်။ ထိုအမျိုးသားသည် သူ့အား မြင်မြင်ချင်း ချစ်မိသွားခြင်းဖြစ်ရပေမည်။ ထို့ပြင် ပုံမှန်အားဖြင့် ရှစ်ရိပေါ်သည် စာသင်ခန်းသို့ လာလေ့ရှိသူ မဟုတ်ဘဲ ဤတစ်ကြိမ်တွင်ကျိုးရှုကြောင့် ရောက်လာခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။
ဆရာက ရှစ်ရိပေါ်အား အူသံ၊ အရက်မူးသံ၊ ကလေးအော်သံ အစရှိသည့် အသံမျိုးစုံကို စိတ်တိုင်းကျ သရုပ်ပြခိုင်းပြီး ရှုပ်နေချိန် ကျိုးရှုက စင်ပေါ်မှ ရှစ်ရိပေါ်အား မျက်ဝန်းအကြည့်တို့ဖြင့် အထာပေးနေသည်။
ရှစ်ရိပေါ် သရုပ်ပြပြီးနောက် ဆရာက " ကဲ အားလုံးပဲ လိုက်လုပ်ကြည့်ကြပါ" ဟုဆိုလိုက်သည်။
သူ၏ကျိုးရှု အပေါ် ဟန်မဆောင်နိုင်မှုတို့က ကျိုးရှု၏ရင်ထဲတွင် ကြည်နူးပီတိ ဖြစ်မိစေသည်။ ကျိုးရှုက သူ၏ဖူးစာဖက် ဟုတ်မဟုတ်သိရရန် သူနှင့်အနီးကပ် လေ့လာချင်မိသည်။
သို့သော် ကျိုးရှုတစ်ယောက် ကြိုးစားစရာတောင် မလိုလိုက်ဘဲ ဆရာသမားက သူ့ကို အရင်ချဉ်းကပ်လာသည်။ သူ၏ အနက်ရောင်မျက်မှန်ကို ကိုင်လျက် ကျိုးရှုအနားရောက်လာကာ " ကျိုးရှုမလား? ကျွန်တော်က ရှောင်ရှောင်းအသင်းက ပေါ်လန်ကျုံးထွေးပါ"
ရှစ်ရိပေါ် တစ်ယောက် သူ့နာမည်ကို မိတ်ဆက်ပြီးမှ နောင်တရမိသည်။ ပထမဦးစွာ တွေ့ဆုံခြင်းမှာ ပိုကောင်းသည့်အမြင်ရအောင် ပေါ်လန်ချွမ်ရှုး သို့မဟုတ် ဤထက်ပိုလှပသည့်နာမည်ကို မိတ်ဆက် ပေးသင့်သည်ကို ယခုတော့ ပေါ်လန်ကျုံးထွေး လို စင်မြင့်နာမည်ကိုမှ သွား မိတ်ဆက် မိရသည်ဟုပင်။