ဗီလိန်၏တန်ပြန်တိုက်ခိုက်ခြင်း Arc7 CH 66.2
Apple Orchard Team •သေရွာပြန် စီအီးအိုကို လက်တုံ့ပြန်ခြင်း(၁.၂)
ကျိုးရွှဲ့လီမှာ အားနည်းချက် တစ်ခုရှိသည်။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ရသည်ကို သဘောကျ၏။ ပထမကမ္ဘာတွင် ဖြစ်စေ၊ ပြန်လည်မွေးဖွားပြီးနောက်ဖြစ်စေ ဒီအားနည်းချက်ကို မပြင်နိုင်ခဲ့ပေ။
တကယ်တော့ ဒီအချက်တစ်ခုတည်းက ကိစ္စအများအပြားကို ပြသနေသည်။ ကျိုးရွှဲ့လီက ပြန်လည်မွေးဖွားပြီးနောက် လုံးဝ ပြောင်းလဲသွားခြင်းမရှိကြောင်း ပြသနေသည်။ သူ၏ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်ခြင်းသည် သူသိထားပြီးဖြစ်သည့် အနာဂတ်တွင် ဖြစ်လာမည့် တိုးတက်မှုများအတွက် တန်ပြန်ရေးအစီအစဉ်များ ပြုလုပ်နိုင် ခဲ့သောကြောင့်သာပင်။
ဥပမာအနေနှင့် ကျိုးရှုက ခဲ့ထာကို မုန်းတီးကြောင်း သိထားသဖြင့် ထိုအချက်ကို အခွင့်ကောင်းယူခဲ့သည်။ ကျိုးရှုက ကျောင်းပြီးလျှင် ဘာဆက်လုပ်မည်ကိုလည်း သိနေသဖြင့် သူက အရင်ဆုံး လက်ဦးမှုရယူခဲ့သည်။ အတိုချုံးပြောရလျှင် သူ လုပ်သမျှက အနာဂတ်တွင် ဖြစ်လာမည့် ဖြစ်ရပ်များအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကျိုးရှုကတော့ မတူပေ။ ပထမတစ်ချက်အနေနှင့် သူက မူလခန္ဓာကိုယ်ပိုင်ရှင် ကျိုးရှုမဟုတ်ပါ။ ဒုတိယတစ်ချက်အနေနှင့် သူက ပြန်လည်မွေးဖွားခဲ့လျှင်ပင် တခြားသူတွေထက် ပို၍ ခမ်းနားကြီးကျယ်သော ဘဝမျိုးတွင် နေထိုင်ရစေရမည်။ အနာဂတ်ကို သိနေပြီး ရွှေလက်ချောင်းအပေါ် အားကိုးနေရတာမျိုးက သူ့အတွက်တော့ ပျော်စရာမကောင်းပါ။
ယခုအချိန်တွင် ကျိုးရှုသည်လည်း “ရှေ့ဖြစ်ဟောသူ”တစ်ယောက် ဖြစ်နေပေမဲ့ သူနှင့် ကျိုးရွှဲ့လီ၏အနာဂတ်ကို မြင်ပုံချင်းက အင်မတန် ကွာခြားသည်။
သူတို့သုံးယောက် မနက်စာ စားပြီးလုပြီ ဖြစ်သည်။ ကျိုးရွှဲ့လီက ဇိမ်ခံလှေကားပေါ်မှ ဆင်းလာ၏။ အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး သန့်ရှင်းသပ်ရပ်ကာ လန်းဆန်းနေပုံပေါ်၏။
ကျိုးရွှဲ့လီ၏မျက်ခွံ နှစ်ထပ်သည် သိသိသာသာ ဖြစ်နေသဖြင့် သူ့မျက်လုံးများကို အတော်လေး ကြီးသွားသယောင် ထင်ရစေသည်။ ပထမကမ္ဘာတွင် သူ့မျက်လုံးများက သူရဲဘောကြောင်နေခဲ့လျှင် ဒီကမ္ဘာမှာတော့ အတော်လေး တည်ငြိမ်အေးဆေးနေခဲ့သည်။ သူက ပထမကမ္ဘာတွင် နိုက်ကလပ်တစ်ခု၌ ရောင်းစားခံရပြီး လမ်းဘေးတွင် ကြေကွဲဖွယ် သေဆုံးသွားရသည့်အတွက် လက်စားချေလိုခဲ့သည်။
ကျိုးရွှဲ့လီက သူ့အပေါ်ကြည့်နေသည်အား ခံစားမိသဖြင့် ကျိုးရှုသည် မော့ကြည့်လိုက်ပြီး ပြုံးပြုံးလေးနှင့် ပြောလိုက်၏။
“ရွှဲ့လီ မနက်စာ လာစားလေ။ အေးကုန်တော့မယ်။”
လှေကားလက်ရန်းကို ကိုင်ထားသည့် ကျိုးရွှဲ့လီသည် သိသိသာသာ အံ့အားသင့်သွားသည်ကို အထင်းသား မြင်နေရသည်။ ကျိုးရှုသည် အရင်က သူ့အပေါ် ဒီလောက်နူးညံ့ညင်သာစွာ စကားမပြောခဲ့ဖူးပါပေ။ ပုံမှန်အားဖြင့် သူတို့နှစ်ဦးသည် ညီအစ်ကိုများ ဖြစ်ကြသော်လည်း တကယ့်လက်တွေ့တွင် ရန်သူများထက် မပိုပေ။ ထို့ပြင် ကျိုးရှုသည် ကျိုးရွှဲ့လီအား အမြဲတစေ အထင်အမြင်သေးစွာ စကားပြောခဲ့ပြီး အရင်က သူကိုယ်တိုင် ပြောခဲ့ဖူးသည်။ “အမြှောင်မယားရဲ့ကလေးဆိုတာ ဆန်ကုန်မြေလေးပဲ။ မင်းက ငါနဲ့အတူနေရဖို့ မထိုက်တန်ဘူး။”ဟု ပြောခဲ့တာဖြစ်သည်။
‘ဒီတော့ အခုက ဘယ်လိုအခြေအနေမျိုးလဲ။’
ကျိုးရွှဲ့လီက ဘာမှမတုံ့ပြန်သောအခါ လေထုက ရုတ်တရက် ကသိကအောက် ဖြစ်သွားသည်။ ကျိုးချန်း၏အမြင်တွင် ကျိုးရှုက သူ့ညီလေးအပေါ် ညီအစ်ကိုချင်း ချစ်ခင်တွယ်တာ ပြနေသော်လည်း ကျိုးရွှဲ့လီ အတော်လေး ရိုသေလေးစားမှု မရှိဟု ထင်မြင်သွားလေသည်။ တစ်ချက်မျှကြည့်ရုံနှင့် ဘယ်သူက ကောင်းတယ်၊ ဘယ်သူက ဆိုးတယ်ဆိုတာ သိသာနေသည်။ ရလဒ်အနေနှင့် ကျိုးချန်းက ကျိုးရွှဲ့လီကို လေသံမာမာဖြင့် ဆုံးမလေသည်။
“ရွှဲ့လီ မင်းအစ်ကိုက မင်းကို စကားပြောနေတယ်လေ။ မင်းသဘောထားက ဘာလဲကွ။”
ပြန်လည်မွေးဖွားလာသည့် ကျိုးရွှဲ့လီသည် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူက စားပွဲရှည်ဆီသို့ လျှောက်လာပြီး ထိုင်လိုက်သည်။
ကျိုးရှုက သူ့ရှေ့တွင်ချထားသည့် ကျိုးရွှဲ့လီ၏မနက်စာကို တွန်းပေးလိုက်ပြီး
“မြန်မြန်စားလိုက်ပါ။”
ကျိုးချန်းက ကျိုးရှု၏ပြောင်းလဲမှုကို အတော်လေး ကျေနပ်နေမိသည်။ သူက အိမ်အကူက ယူလာပေးသည့် ပဝါဖြင့် လက်နှစ်ဖက်ကို သုတ်လိုက်ပြီး ပြောလိုက်သည်။
“ရှောင်ရှု မင်းက အရွယ်ရောက်လာပြီဆိုတော့ တနင်္ဂနွေနေ့ကျ ဂေါက်ရိုက်ပြိုင်ပွဲကို အဖေနဲ့အတူ လိုက်ခဲ့လေ။ မင်း ဘယ်လိုကစားရမလဲ မသိမှန်း အဖေ သိပါတယ်။ အဖေ့နောက်ကို လိုက်လာဖို့ပဲ လိုတယ်။”
“ဟုတ်ကဲ့ပါ အဖေ။”
ကျိုးရွှဲ့လီသည် မိန်းမောနေမိရာမှ အခုမှ ပြန်အသိဝင်လာခဲ့သည်။
‘သူ အားနည်းပျော့ညံ့နေမှာ မဟုတ်တော့ဘူး။ ကျိုးရှုက ကြောင်သူတော်တစ်ယောက်ပဲ။ သူ့အဖေရှေ့ကျတော့ ကျိုးရှုက နာခံမှုရှိသလိုလိုနဲ့ နောက်ကွယ်ကျတော့ ရက်စက်မှုအပေါင်းကို ကျူးလွန်မယ့် ဗိုလ်ကျကြီးစိုးတဲ့ ဗီလိန်တစ်ယောက်ပဲ။’
“အဖေ ခဏလေးပါ။”
ကျိုးရွှဲ့လီက အမြန် ပြောလိုက်သည်။
“ရွှဲ့လီ တစ်ခုခု လိုတာရှိလို့လား။”
ကျိုးရွှဲ့လီက ခဏမျှ စဉ်းစားကြည့်ပြီး ခဲ့ထာကို သူ့ဘက်ပါအောင် လုပ်ထားသည်က ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဒီနှစ်ယောက်က နဂိုတည်းက အစေးမကပ်ကြဘူးဆိုတာထက် ကျိုးရှုက ဘယ်သူနဲ့မှ မတည့်တာဖြစ်သည်။
“အဖေ ကျိုးရှုက ကျွန်တော့်ကို အနိုင်ကျင့်နေတာ နှစ်ပေါင်းများစွာ ကြာလှပြီ။ အဖေ တကယ်ပဲ ဘာမှ သတိမထားမိခဲ့ဘူးလား။ အခု ကျွန်တော် ပြောပြချင်မိလို့ပါ။ သူက အနိုင်ကျင့်တယ်ဆိုတာထက် နှိပ်စက်ညှင်းပန်းတယ်လို့တောင် ပြောလို့ရတာတွေကို လုပ်ခဲ့တယ်။ ဟုတ်ပါတယ်။ ကျွန်တော်က ကျိုးရှုလောက် အရပ်မရှည်သလို သန်လည်း မသန်မာပါဘူး။ ဒါပေမဲ့ အဖေ…ကျွန်တော်လည်း အဖေ့သားပါပဲ။ အဖေ တကယ်ပဲ ခွင့်ပြုထားတော့မှာလား။ သားတစ်ယောက်က နောက်သားတစ်ယောက်ကို အနိုင်ကျင့်နေတာကိုလေ။ နောက်ပြီးတော့ သူက ကျွန်တော့်ကို အနိုင်ကျင့်ရုံတင်မကဘူး။ အန်တီခဲ့ကိုပါ အနိုင်ကျင့်ခဲ့တာပါ။ ကျိုးရှုက အန်တီခဲ့ကို ဘယ်တော့မှ မျက်လုံးထဲ မထည့်တဲ့အပြင် ဆဲရေးတိုင်းထွာတာမျိုးလည်း လုပ်ခဲ့တယ်။ အဖေ အန်တီခဲ့က အဖေ့မိန်းမပါ။ အဖေ ဒါကို ဂရုမစိုက်တော့ဘူးလား။”
ကျိုးရွှဲ့လီက သုတ်ချေတင် ပြောပစ်လိုက်၏။ ဤသည်က သူ့မွေးလာကတည်းက သူ့အဖေရှေ့မှာ သူ့ခံစားချက် အစစ်အမှန်များကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဖူးတာ ဖြစ်သည်။
သို့သော် သူ အရမ်း လောသွားခဲ့ပြီး သူ့အမာရွတ်များကို ပြဖို့ မေ့နေခဲ့ပြီး စကားဖြင့်သာ ငြင်းခုံခဲ့သည်။ ကျိုးရှုက ဤအချက်ကို အသုံးချ၍ ကြားဝင်ပြောလိုက်၏။
“ရွှဲ့လီ ငါ အရင်က ငတုံးငမိုက် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကို အဲဒီလိုမဖြစ်စေရတော့ပါဘူး။ အဖေ့ကို နှောင့်ယှက်မနေပါနဲ့။ အဖေက အရမ်း အလုပ်များတယ်လေ။ နောက်ကျ အန်တီခဲ့ကိုလည်း အဲဒီလို မဆက်ဆံတော့ပါဘူး။ မင်း ဆင်းမလာခင်တုန်းက ငါ သူတို့ကို ဒီအကြောင်း ပြောပြီးပါပြီ။”
ကျိုးရှုက သည်းခံခွင့်လွှတ်ပေးပြီး သူ့ညီလေးနှင့်အပြိုင် စကားများငြင်းခုံမနေတော့သဖြင့် ကျိုးချန်းက စိတ်သက်သာရာရသွားခဲ့သည်။ ကြည့်ရတာ သူ့သားအကြီးက တကယ်ကို ရင့်ကျက်တည်ငြိမ်သွားပြီထင်သည်။
ဆန့်ကျင်ဘက်အနေနှင့် ကျိုးရွှဲ့လီသည် ကျိုးရှုနှင့် သက်တူရွယ်တူဆိုတာ သိသာနေသော်လည်း ဒီနေ့ထိ သူကတော့ အိပ်ပျော်နေဆဲပင်။ နောက်ကျမှ အိပ်ရာထလာပြီး ဆင်းလာသည်နှင့် သူ့အစ်ကိုအကြောင်းကို တိုင်ကြားတော့သည်။ တကယ်ကို စိတ်ပျက်ဖို့ကောင်းလှသည်။
ကျိုးချန်းသည် ကျိုးရှုက ကျိုးရွှဲ့လီကို မကြာခဏ အနိုင်ကျင့်တတ်သည်ကို သိခဲ့သော်လည်း ဘယ်တော့မှ မတားခဲ့ပေ။ သူ့အတွက်တော့ စီးပွားရေးလောကတွင် ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ်စေ အောင်နိုင်သူကသာ ဘုရင်ဖြစ်သည်။ နည်းလမ်းတွေက စက်ဆုပ်ဖွယ်ကောင်းတာ၊ မကောင်းတာ အသာထားပါ။ အသက်ဆက်ရှင်နိုင်မည်ဆိုလျှင် စက်ဆုပ်ဖို့ကောင်းနေလျှင်ပင် သေရတာထက် အသက်ရှင်နေတာက ပိုသာပါသေးသည်။
ကျိုးချန်က သူ့သားအငယ်ကို ကြည့်ပြီး ပြောလိုက်၏။
“ရွှဲ့လီ မင်းလည်း မငယ်တော့ဘူး။ ဘယ်တော့မှ ရင့်ကျက်မှာလဲ။ အသက်၂၀နီးပါး ရှိနေတဲ့ လူတစ်ယောက်က “အနိုင်ကျင့်”တယ်ဆိုတဲ့ စကားကို သုံးနေသေးရအောင် မင်းက မိဘတွေ ဆုံးဖြတ်ပေးဖို့ လိုအပ်နေသေးတဲ့ မူလတန်းကျောင်းသား မဟုတ်တော့ဘူး။ မင်း တကယ်ပဲ အနိုင်ကျင့်ခံရတယ်ဆိုရင် ငါ့ကို ပြောရုံနဲ့ ဖြေရှင်းလို့မရဘူး။ မင်းက သန်မာလာဖို့လိုတယ်။ မင်း သန်မာလာရင် ဘယ်သူက မင်းကို အနိုင်ကျင့်နိုင်တော့မှာလဲ။ နောက်ပြီးတော့ လူတွေဆိုတာ ဘဝမှာ လူတွေအများကြီး ကိစ္စတွေအများကြီးကို ကြုံရဆုံဦးမှာ။ အဲဒီအချိန်ကျရင် မင်းကို ကျိုးရှု အနိုင်ကျင့်တယ်ဆိုတာလောက်က ကလေးကစားသလောက်ပဲ ဆိုတာ မင်း နားလည်လာလိမ့်မယ်။ ရွှဲ့လီ မင်းအစ်ကို ဆီကနေ မင်း သင်ယူသင့်တယ်။”
ကျိုးရှုက မတ်တတ်ထလိုက်၏။ သူက သူ့အဖေကို အေးဆေးတည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်ကာ
“စိတ်ချပါ အဖေ။ ကျွန်တော် နောက်နောင် ရွှဲ့လီကို ဂရုစိုက်လိုက်ပါ့မယ်။ အရင်က ကျွန်တော် တကယ်ကို ဉာဏ်နည်းခဲ့မိပါတယ်။ ဒါပေမဲ့ အဖေ ကျွန်တော့်ကို ယုံကြည်ပေးပါ။ ကျွန်တော် ပြောင်းလဲသွားပါပြီ။”
ကျိုးချန်းက ကျိုးရှုကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ကြိုးစားထားပါ။”
ကျိုးချန်းသည် သူ့သားအငယ်ကို အားမလိုအားမရဖြင့် ပြန်လှည့်ကြည့်လိုက်ပေမဲ့ ပြောလိုက်ပါသေးသည်။
“ရွှဲ့လီ မင်းလည်း အကောင်းဆုံး ကြိုးစားပါ။”
ကျိုးချန်း ထွက်သွားသောအခါ ခဲ့ထာက မတ်တတ်ရပ်လာပြီး ကျိုးရွှဲ့လီကို မသဲကွဲသော အဓိပ္ပာယ်ဖြင့် ပြောလာ၏။
“ငါက မင်းတို့နှစ်ယောက်စလုံးနဲ့ မသင့်မြတ်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မင်းအစ်ကိုကမှ မင်းထက် သဘောထားပိုကြီးသေးတယ်။”
ခဲ့ထာက ထိုသို့ ပြောပြီးနောက် ထွက်သွားလေရာ ကျိုးရှုနှင့် ကျိုးရွှဲ့လီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကျန်နေရစ်ခဲ့သည်။ ကျိုးရှုက အေးစက်စွာ ပြုံးပြီး ပြောလိုက်၏။
“ညီလေး သင့်သင့်မြတ်မြတ် နေကြရအောင်။”
ကျိုးရွှဲ့လီက ကျိုးရှု၏အသွင်အပြင်ကို ကြည့်လိုက်ပြီး ရင်ထဲတွင် နာကြည်းနေမိသည်။ ကျိုးရှုက သူ့ကို တမင်ရန်စနေတာမှန်းသိပေမဲ့ သူက ဘာလို့ ဒေါသထွက်နေရသနည်း။
ကျိုးရှုက လှည့်ထွက်သွား၏။ ကျိုးရွှဲ့လီက အတော်လေး စိတ်ဓာတ်ကျသွားသဖြင့် ဘာမှမစားနိုင်တော့ပေ။ နောက်ဆုံးတွင် ဘာမှမစားတော့ဘဲ ဒရိုင်ဘာအား သူ့ကို ကျောင်းလိုက် ပို့ခိုင်းလိုက်တော့သည်။
ကျိုးရွှဲ့လီက လမ်းတစ်ဝက်ရောက်သည်အထိ တွေးတောနေမိသည်။
‘ကျိုးရှုက ဘာလို့ ပြောင်းလဲသွားတာလဲ။ သူ အရင်က ထမင်းစားနေရင်း စကားမပြောဖူးဘူးမဟုတ်ဘူးလား။
အရင်ကမ္ဘာမှာတုန်းက သူ အောက်ဆင်းလာတဲ့အချိန်မှာ ကျိုးရှု ကျိုးချန်းနဲ့ ခဲ့ထာက စကားများနေကြတာ မဟုတ်ဘူးလား။
ဒီတစ်ခါ သူအောက်ကို ဆင်းလာတော့ ဘာလို့ သုံးယောက်သား ခဏလေးအတွင်းမှာ သင့်မြတ်နေကြတာကို တွေ့လိုက်ရတာလဲ။ ငါကပဲ သူတို့တွေ အေးချမ်းနေတာကို နှောင့်ယှက်သလို ဖြစ်နေရတာလဲ။’
ပြန်တွေးကြည့်ပြီးနောက် ကျိုးရွှဲ့လီသည် နောင်တရသွားမိသည်။ သူ အရမ်း မလောသင့်ခဲ့ပေ။ သူ့ပေါင်တွေနှင့် လက်မောင်းများပေါ်က အမာရွတ်များကို အရင် ထုတ်ပြလိုက်သင့်သည်။ ပြီးမှ ကျိုးရှုအနိုင်ကျင့်သည့်အကြောင်းကို ပြောပြသင့်သည်။ ထိုနည်းလမ်းက ပိုပြီး အကျိုးသက်ရောက်မှုရှိလိမ့်မည်။ သို့သော် ဒီမနက်တုန်းက သူ အရမ်းလောလိုက်မိသဖြင့် အကောင်းဆုံး အခွင့်အရေးကို လွဲချော်သွားရသည်။ ကျိုးရှုက တောင်းပန်ထားပြီးပြီမို့ နောက်မှ ထပ်ပြီး ဒီနည်းလမ်းကို သုံးပါက အသုံးဝင်မှာမဟုတ်ပေ။ သူ ဆက်ပြီး တိုင်တန်းနေလျှင် အပြစ်ရှိသူက သူသာဖြစ်သွားလိမ့်မည်။
ကျိုးရွှဲ့လီသည် မကျေမနပ်နိုင်ပေမဲ့ အရင်ဆုံး ဒီကိစ္စကို အတွေးထဲမှ ခဏထုတ်ထားနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ကျိုးရှုက အနာဂတ်မှာ ဘာတွေလုပ်မည်ကို သိနေပြီး သူ သေသွားအောင် သက်သေအထောက်အထားရှာပြီး ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်သည်။
ကျိုးရွှဲ့လီက ကျောင်းသို့ ရောက်သောအခါ ဝမ်ချန်ကို သွားရှာခဲ့သည်။
ဝမ်ချန်က သူအရင်ဘဝက ချစ်ခဲ့ရသည့် မိန်းကလေးဖြစ်ပေမဲ့ သေသည်အထိ ချစ်မိနေကြောင်း ဝန်မခံရဲခဲ့ပေ။ တကယ်တော့ ကျောင်းတက်နေစဉ်မှာ ဝမ်ချန်က သူ့ကို အမှန်တကယ် ချစ်မိနေကြောင်းကို သူ သေဆုံးသည့်အချိန်အထိ မသိခဲ့ပေ။
ပြန်လည်မွေးဖွားပြီးနောက် ကျိုးရွှဲ့လီက သူမကို ထပ်ပြီး လက်မလွတ်ရစေဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ပြင် သူတက္ကသိုလ်တက်နေသည့် အချိန်တွင် ပြန်လည်မွေးဖွားခဲ့သည်မို့ ဒီအချိန်က ဝမ်ချန် သူ့ကို သဘောကျဆုံး ဖြစ်နေသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် သူကျောင်းရောက်သည်နှင့် ဝမ်ချန်၏ စာသင်ခန်းသို့ သွားခဲ့သည်။
စာသင်ခန်းထဲက တစ်ယောက်ယောက် ထွက်လာသည်နှင့် ကျိုးရွှဲ့လီက ကျောင်းသားကို တားလိုက်ပြီး "အတန်းဖော် မင်းတို့အတန်းထဲက ဝမ်ချန်က ဒီမှာရှိလား။"
ကျောင်းသားသည် စာသင်ခန်းဘက်သို့ ခေါင်းလှည့်ကာ "ဝမ်ချန် လူတစ်ယောက်က မင်းကို ရှာနေတယ်။" ဟု အော်လိုက်သည်။
စာသင်ခန်းထဲတွင် ကောင်မလေးတစ်ယောက်က ခေါင်းကို မော့ကြည့်လိုက်၏။ သူမ၏အသွင်အပြင်က နူးညံ့သိမ်မွေ့လှသည်။ သူမမှာ အနီရောင်တောက်တောက် နှုတ်ခမ်းလေးများရှိပြီး အလှဆုံးမဟုတ်ပေမဲ့ သူမရဲ့အသားအရည်က ထူးထူးခြားခြား ဖြူတာကြောင့် သူမကို ကြည့်ရတာ အတော်လေး ဖြူစင်၍ ချစ်စရာကောင်း၏။
ဝမ်ချန်က ထရပ်ပြီး တံခါးဆီသို့ သွားလိုက်သည်။ ကျိုးရွှဲ့လီသည် သူ့နှလုံးခုန်သံက ဗုံတီးသလို ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ဘုရားသခင်ကို ကျေးဇူးတင်မိပြန်သည်။ သူသည် ပြန်လည်မွေးဖွားခဲ့ပြီး တစ်ဖန် အသက်ရှင်ခွင့်ရခဲ့သည်။ သူသည် ထိုအခွင့်အရေးကို သေချာပေါက် တန်ဖိုးထားပြီး ဝမ်ချန်နှင့်အတူ ပျော်ရွှင်နေမှာဖြစ်သည်။
‘ဟုတ်တယ်။ သူ့ကိုသတ်ခဲ့တဲ့ ကျိုးရှု… သင်္ချိုင်းမှာ နေရာမရှိဘဲ သေစေရမယ်။’,
သူတို့သည် ပုဂ္ဂလိက အဆင့်မြင့် စီးပွားရေးကျောင်းတွင် နေခဲ့ကြသည် ။ ဤကျောင်းကို တက်ရောက်နိုင်သူများသည် ချမ်းသာသော ဒုတိယမျိုးဆက်များ သို့မဟုတ် အရာရှိများ၏ ဒုတိယမျိုးဆက်များ ဖြစ်ကြသည်။ အတိုချုပ်ပြောရရင် သူတို့အားလုံးက သြဇာညောင်းလူသိများသော ပုဂ္ဂိုလ်များဖြစ်သည်။
သေချာပေါက် ခြွင်းချက်အချို့တော့ ရှိပါသည်။ ဥပမာအားဖြင့် ဝမ်ချန်သည် ချမ်းသာသော စီးပွားရေးသမား သို့မဟုတ် အကြီးတန်းအရာရှိတစ်ဦး၏ သမီးမဟုတ်သော်လည်း သူမ၏ဖခင်မှာ ကျိုးချန်း၏ဆရာဖြစ်ပြီး ယခင်ကျောင်းအုပ်လည်း ဖြစ်သောကြောင့် တက်ရောက်နိုင်ခဲ့သည်။
ကျိုးချန်းသည် စီးပွားရေး စလုပ်စဥ်တွင် တော်တော်များများကို နားမလည်ခဲ့ပေ။ ကျိုးချန်း၏ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားသောကြောင့် ဝမ်ချန်၏ဖခင် ဝမ်ကျားယောင်သည် မကြာခဏဆိုသလို တစ်ခုစ နှစ်ခုစ သင်ပေးလေ့ရှိသည်။
ဝမ်ကျားယောင် ကိုယ်တိုင်က စီးပွားရေးနှင့် ဘဏ္ဍာရေးတွင် အထူးကျွမ်းကျင်သည့်အတွက် ကျိုးချန်းသည် ဝမ်ကျားယောင်၏အကူအညီဖြင့် ယနေ့ ကျိုးချန်း ဖြစ်လာနိုင်ခဲ့တာ ဖြစ်သည်။ ယနေ့အထိ ကျိူးချန် အယုံကြည်ရဆုံးနှင့် အလေးစားဆုံးပုဂ္ဂိုလ်မှာ ဝမ်ကျားယောင် ဖြစ်နေဆဲဖြစ်သည်။
ဝမ်ကျားယောင်သည် ကျိုးချန်ကိုပင် အလွန် စည်းကမ်းတင်းကြပ်သောလူ ဖြစ်သည်။ တစ်ချိန်က ကျိုးချန်းသည် ဝမ်ကျားယောင်ကို ကျိုးရှုနှင့် ကျိုးရွှဲ့လီတို့အား သင်ကြားပေးစေချင် ခဲ့သော်လည်း ငြင်းဆိုခံခဲ့ရသည်။ သူက အသက်ကြီးလွန်းနေပြီဖြစ်၍ အားအင်မရှိတော့ဘူးဟု ဆိုသည်။
ဝမ်ချန်သည် အမှန်တကယ်ပင် ကျောင်း၏အောက်ဆုံးတွင် ရှိနေပြီး လူအများ၏ အထင်သေးအမြင်သေး ရှုံ့ချခြင်းကို ခံရသည်။ သူမက ကျိုးရွှဲ့လီကို သဘောကျမိသည်။ ပထမတစ်ချက်မှာ သူက အရမ်း ကြည့်ကောင်းပြီး ဒုတိယတစ်ခုကတော့ သူတို့က တူညီသည့် ကံကြမ္မာဆိုးမျိုး ရှိနေကြလို့ပင်။
သာမာန်အားဖြင့် ကျိုးရွှဲ့လီသည် ကျိုးမိသားစု၏ ဒုတိယသခင်လေးအဖြစ် သတ်မှတ်ခံရသင့်သော်လည်း ကျိုးမိသားစု၏ အကြီးဆုံးသားဖြစ်သူက ကိစ္စတိုင်းတွင် သူ့ကို ဖိနှိပ်ထားခဲ့သဖြင့် သခင်လေး မဖြစ်ခဲ့ရပါ။ ထို့ပြင် သားအကြီးဆုံးသည် ဒုတိယသားကို အမြဲတမ်း အထင်သေးခဲ့သည်။
ထို့ကြောင့် ကျိုးရွှဲ့လီသည် ကျောင်းတွင် အနိမ့်ဆုံးလူတန်းစားတစ်ရပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ တတိယအဆင့် ကုမ္ပဏီများ၏ သားများကပင် သူ့ကို အနိုင်ကျင့်ခဲ့သည်။ သို့သော် ယခုတစ်ခါတော့ သူက ပြန်လည်မွေးဖွားလာခဲ့ပြီး ကျိုးရှု၏အနိုင်ကျင့်မှုကို မည်သို့ ကာကွယ်ရမည်ကို သိရှိခဲ့သည်။ သေချာပေါက် အောင်မြင်လိမ့်မည်ဟု ယုံကြည်သည်။
ဝမ်ချန်က အပြင်သို့ ထွက်လာပြီးနောက် ကျိုးရွှဲ့လီကို မြင်လိုက်ရ၏။ မျက်နှာမှာ နီရဲလာပြီး ခေါင်းကိုငုံ့၍ တီးတိုးပြောလိုက်သည်။
“ကျွန်မကို ဘာပြောချင်လို့လဲ။”
ကျိုးရွှဲ့လီကလည်း စိုးရိမ်တကြီး တုန်လှုပ်သွားပြီးနောက် ပြောလိုက်လေသည်။
"ဝမ်ချန် အောက်ထပ်မှာ စကားပြောကြရအောင်။"
“ကောင်းပါပြီ။”
နှစ်ယောက်သား ကတုန်ကယင်ဖြင့် အောက်ထပ်ရှိ ပဲနွယ်ပင်လမ်းဆီသို့ လျှောက်သွားကြသည်။ နွေဦးရာသီဖြစ်ပြီး ခရမ်းနုရောင် ပဲနွယ်ပင်များ ပြည့်နေသည့်လမ်းက အင်မတန် ရင်ခုန်စရာအတိပင်။
ခရမ်းနုရောင် ပဲနွယ်ပင်အောက်မှာ ကျိုးရွှဲ့လီက ပြောလိုက်၏။
"ဝမ်ချန် ကိုယ်...ကိုယ် မင်းကို ချစ်တယ်။ ကိုယ့်ရည်းစားဖြစ်ပေးပါ။"
ဝမ်ချန်၏မျက်နှာသည် နီမြန်းလာပြီး ကျိုးရွှဲ့လီအား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ အိပ်မက် မက်နေတာမဟုတ်မှန်း သေချာသည့်အချိန်အထိ ခေါင်းညိတ်ပြီး ခြင်အော်သည့်အသံဖြင့် “ကောင်းပါပြီ”ဟု ပြောလိုက်သည်။
ကျိုးရွှဲ့လီသည် ပျော်လွန်းလို့ သီချင်း အကျယ်ကြီး ဆိုပြီး အားကစားကွင်းကို အကြိမ်ပေါင်းများစွာ ပတ်ပြေးလိုက်ချင်သည်။ သူက ဝမ်ချန်ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်ပြီး "ဒီဘဝတော့ သေချာပေါက် အရှုံးမပေးတော့ဘူး" ဟု ရေရွတ်လိုက်သည်။
“ဟမ် ဘာပြောလိုက်တာလဲ။”
“ဘာမှ မဟုတ်ပါဘူး။ တစ်သက်လုံး မင်းနဲ့ အတူရှိချင်တယ်လို့ ပြောတာပါ။"
ဝမ်ချန်က ရှက်သွေးဖြာနေချိန်တွင် နူးညံ့နွေးထွေးသော အသံကို ကြားလိုက်ရသည်။ "တောင်းပန်ပါတယ်။ ဒီကျောင်းက ချိန်းတွေ့တာကို တားမြစ်ထားတယ်။"
ကျိုးရွှဲ့လီနှင့် ဝမ်ချန်တို့က ခေါင်းကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ပြီး
“ကျောင်း…ကျောင်းအုပ်ကြီး။”
“မင်းတို့နှစ်ယောက်လုံး စာလုံးရေ ၅၀၀၀ ပါတဲ့ သုံးသပ်စာကို ရေးပြီး မနက်ဖြန် လာတင်လှည့်။ အခု မင်းတို့ရဲ့ စာသင်ခန်းကို ပြန်ကြတော့။"
ကျိုးရွှဲ့လီနှင့် ဝမ်ချန်တို့သည် အလျင်အမြန် ထွက်သွားကြလေသည်။
သူတို့နှစ်ယောက် ထွက်သွားသောအခါ ကျောင်းအုပ်ကြီးနောက်မှ ကျိုးရှုသည် ထွက်လာခဲ့သည်။ ကျိုးရှုက အံ့အားသင့်သွားပြီး "ကျောင်းအုပ်ကြီး ခင်ဗျားက တကယ်ပဲ အတွဲတွေ လမ်းခွဲကြတာကို အရမ်း သဘောကျတာပဲလား။"
“မတော်တဆ ကြားလိုက်ရတော့ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းရမှာပေါ့။ ဒါက ကျောင်းအုပ်ဖြစ်တဲ့ ငါ့ရဲ့တာဝန်ပဲလေ။”
ငယ်ရွယ်သည့် ကျောင်းအုပ်ကြီး နွဲ့ယွမ်ထုန်က ပြုံးကာ ဆက်ပြောလိုက်၏။
"မင်းရဲ့ညီလေးကို ဒုက္ခပေးရတာ ပျော်ရဲ့လား။”