Ch 46 (Arc 5)
Viewers 2k

Chapter 46 (Arc 5)


ကျယ်ပြန့်သည့် အာကာသထဲတွင် ကျိုးရှုသည် အရိပ်တစ်ခုကို ထပ်မံ၍ မြင်တွေ့လိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ့အနေဖြင့် ထိုလူ၏ သွင်ပြင်လက္ခဏာသည် သူနှင့်ရင်းနှီးမှုရှိသကဲ့သို့ ခံစားရလေ၏။

ထိုအခိုက်အတန့်တွင် နိုအာကြယ် ထိပ်တန်းအဆင့်ရေတပ်ဗိုလ်ချုပ်ကြီး၏ ဆေးရုံအခန်းထဲတွင် ရေတပ်ဗိုလ်ချုပ်ကြီးသည်လည်း နောက်ဆုံးတွင် လှုပ်ရှားလာနိုင်တော့လေ၏။ သူသည် စိတ်ဖိစီးမှုများကို ဖြေလျှော့သည့်အခါတိုင်း ပြုလုပ်လေ့ရှိသည့်အတိုင်း လက်များကို မြှောက်၍ ပုခုံးများကို ပွတ်သပ်နေလေ၏။ 

အကြိမ်အနည်းငယ် ပွတ်သပ်ပြီးသည့်နောက်တွင် သူ၏စိတ်များ ပြန်လည်၍ ရှုပ်ထွေး မှုန်ဝါးလာပြန်၏။

မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါတွင် ကျိုးရှုသည် ကျောင်းသားဆောင်တစ်ခုထဲ၌ ရောက်ရှိနေသည်ကို သတိထားလိုက်မိလေ၏။

သူ၏လက်ချောင်းများသည် တဆတ်ဆတ် တုန်နေပြီး ရောက်ရှိနေသည့်ကမ္ဘာ၏ အခြေအနေနှင့်ပတ်သက်၍ သိလိုက်ရ၏။

ယခုကမ္ဘာသည် BL ကမ္ဘာတစ်ခုတော့ မဟုတ်ပေ။ လိင်တူအချင်းချင်း နှစ်သက်ရုံမျှသာ ဖြစ်သည်။

ကျိုးရှုသည် စိတ်ကျရောဂါခံစားနေရသည့် ကျောင်းသားတစ်ဦး ဖြစ်လေသည်။ ရုပ်ရည်ချောမော ကြည့်ကောင်းသူ ဖြစ်သော်လည်း အမြဲတစေ သူ၏မျက်နှာတစ်ဝက်ကို ဖုံးထားသောကြောင့် သူ၏မျက်နှာသွင်ပြင်ကို မြင်ရခဲ၏။ 

ကျိုးရှု၏အော်တစ်ဇင်နှင့် စိတ်ကျရောဂါအခြေအနေတို့သည် အလွန်ပင် ပြင်းထန်၏။ မူလ host တစ်ဦးဖြစ်သည့်သူသည် နေ့စဉ်နေ့တိုင်း မိမိကိုယ်မိမိ သတ်သေရန် တွေးတောနေပြီး လူများနှင့် ဆက်ဆံရမည်ကိုအလွန်ကြောက်လန့်နေသည်။ သူသည် လိင်တူချစ်သူ တစ်ယောက် ဖြစ်ရုံသာမက လိင်တူချင်း ပေါင်းသင်း ဆက်ဆံရခြင်းကို ကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်သည်။ 

ထိုအချက်အားလုံးမှာ သူ၏ အခြေအနေများပင်။ ထို့အပြင် သူမိသားစုအခြေအနေမှာလည်း အဆင်ပြေမှုမရှိပေ။ မိဘဖြစ်သူများမှာ အမြဲတမ်းလိုလို အိမ်တွင်ရှိမနေဘဲ အဖိုးဖြစ်သူ၏ ဂရုစိုက်မှုဖြင့်သာ ကြီးပြင်းလာရသူဖြစ်လေ၏။ သူ၏ စိတ်အခြေအနေမှာ မကောင်းကြောင်း မိဘများသိရှိသွားသည့်အချိန်တွင် သူသည် တက္ကသိုလ်တောင်တက်နေပြီဖြစ်သည်။

တက္ကသိုလ်တွင် ကျိုးရှုသည် ယိုးလော့ချီးဟုခေါ်သည့်လူတစ်ဦးအား သိရှိခဲ့ရသည်။ ယိုးလော့ချီးသည် တက္ကသိုလ်ရောက်လျင်ရောက်ခြင်း နှစ်တစ်နှစ်လုံး၏ ရေပန်းအစားဆုံးသူအဖြစ် ရွေးချယ်ခြင်းခံရ၏။

ယိုးလော့ချီးသည် ကျိုးရှုအား ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည့်အတွက် ကျိုးရှုသည် ထိုကဲ့သို့ နွေးထွေးသည့် အတန်းဖော်အား တိတ်တဆိတ် ချစ်ကြိုက်မိလေသည်။

သို့သော် တစ်နေ့တွင် ကျိုးရှု၏ မျက်နှာတစ်ခြမ်းကို ရှည်လျားစွာ ဖုံးကွယ်ထားသည့် ဆံပင်များမှာ လေတိုက်သဖြင့် လွင့်သွားလေရာ သူ့မျက်နှာမှာ ပေါ်လွင်သွားသဖြင့် နေရောင်ခြည်၏ အလင်းတန်းကြောင့် ကျောင်းသားကောင်စီဥက္ကဋ္ဌက မြင်သွားလေသည်။ ကျောင်းသားကောင်စီဥက္ကဋ္ဌအနေဖြင့် ထိုမျှလောက် လှပချောမောသည့် ယောကျ်ားလေးတစ်ဦးကို မမြင်တွေးဖူးခဲ့ပေ။ မြင်မြင်ချင်းပင် ချစ်မိသွားလေ၏။ 

ယိုးလော့ချီးက ကျောင်းသားကောင်စီဥက္ကဋ္ဌအား ချစ်နေလိမ့်မည်ဟု ကျိုးရှုအနေဖြင့် မည်သည့်အချိန်တုန်းကမှ မတွေးခဲ့ဖူးပေ။ သုံးပွင့်ဆိုင်အချစ်ဟု ဆိုရမည်ပင်။

ကျိုးရှု အနေဖြင့် ဖွင့်ဟပြောဆိုရန် မဝင့်မရဲ ဖြစ်နေသော်လည်း ယိုးလော့ချီးကမူ ထိုသို့မဟုတ်ဘဲ ကျောင်းသားကောင်စီ ဥက္ကဋ္ဌဖြစ်သူ ချန်ရှောင်ကျွင်းနှင့်ရင်းနှီးမှုရရှိရန် စတင်ကြိုးပမ်းလေ၏။

ချန်ရှောင်ကျွင်းသည်လည်း အလွန်ပင်သနားစရာကောင်းလှသည်။ သူသည် ယိုးလော့ချီးနှင့် တွေ့ဆုံရန် ချိန်းဆိုသည့်အခါတိုင်း ကျိုးရှုကိုပါ လိုက်ပါလာစေရန် အခေါ်ခိုင်းလေ့ရှိသည်။

နောက်ပိုင်းတွင် ယိုးလော့ချီးသည် ကျောင်းသားဥက္ကဋ္ဌချစ်နေသူမှာ မိမိမဟုတ်ဘဲ ကျိုးရှုဆိုသည်ကို သဘောပေါက်လိုက်၏။ အခြေအနေကို လက်ခံရန် ခက်ခဲပေမယ့် အရှုံးလည်း မပေးလိုပေ။ ထို့ကြောင့် သူသည် ချန်ရှောင်ကျွင်းအား ဆွဲဆောင်ရန် ပိုမို၍ပင် ကြိုးစားလေတော့၏။

တစ်နေ့တွင် ယိုးလော့ချီးသည် ကျိုးရှု၏ မိန်းကလေး အဝတ်အစားကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကိစ္စကို ချန်ရှောင်ကျွင်းအား ပြောပြလိုက်၏။ ထို့နောက် ယိုးလော့ချီးသည် စနောက်သည့်အနေဖြင့် ဓါတ်ပုံရိုက်ပြီး အတန်းဖော်များထံသို့ ဖြန့်လိုက်လေသည်။

ကျိုးရှုအား အမြင်မကြည်သူများသည် ထိုကိစ္စအပေါ် အခွင့်ကောင်းယူကာ ထိုဓါတ်ပုံအား အင်တာနက်ပေါ်သို့ တင်လိုက်သည်။ လူအများ၏အကြည့်နှင့်တီးတိုးဝေဖန်သည့် အခြေအနေများအောက်တွင် ကျိုးရှု၏ စိတ်ကျရောဂါမှာ အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိသွားလေ၏။


ကျိုးရှု၏ဓါတ်ပုံအား တွေ့မြင်သွားသည့်နောက် ချန်ရှောင်ကျွင်းသည် ကျိုးရှုအား ချစ်ကြိုက်မိခြင်းသည် သူ့ဘဝအတွက် အကြီးမားဆုံးသော အရှက်ရမှုဖြစ်ကြောင်း ဖွင့်ဟကြေညာခဲ့လေသည်။ ကောလဟာလနှင့် ဆဲဆိုပြစ်တင်ခြင်းများကို သည်းမခံနိုင်တော့သည့် စိတ်ဓါတ်ကျနေသော ကျိုးရှုသည် ထိုညက ဆယ်တစ်ထပ်အဆင့်မှ ခုန်ချကာ ဘဝကို အဆုံးသတ်ခဲ့လိုက်လေသည်။

လက်ရှိအချိန်တွင် ကျိုးရှုသည် စွဲဆောင်မှုရှိသော အသံကို မကြားရသေးမီ မျက်နှာကြက်ကို စိုက်ကြည့်နေလေ၏။ ထိုအသံသည် လူများကို သက်တောင့်သက်သာဖြစ်စေပြီး အသံပိုင်ရှင်မှာ နွေးထွေးသော လူတစ်ဦးဖြစ်ကြောင်း အလွယ်တကူခန့်မှန်းနိုင်လေသည်။

“ကျိုးရှု ထတော့လေ။ ဒီနေ့မနက် ပထမဆုံး နှစ်ချိန်က သင်ခန်းစာတွေရှိတယ်”

ကျိုးရှုသည် အိပ်ရာမှထကာ သူ့ဘေးမှလူအားကြည့်လိုက်သည်။ တည်ကြည်၊ တောက်ပ နွေးထွေးမှုများသည် သူ့အပေါ်တွင် လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရ၏။

မရေမတွက်နိုင်သော ပရိတ်သတ်များနှင့်အတူ x တက္ကသိုလ်၏ အသည်းနှလုံး ဒီကမ္ဘာ၏ ဇာတ်လိုက် ယိုးလော့ချီးပင်။ သူသည် ကျိုးရှုကို အမုန်းတီးဆုံး လူတစ်ဦးဖြစ်ပြီး ကျိုးရှု၏ ဓါတ်ပုံအား ဖြန့်ဝေခဲ့သူတစ်ဦး ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့ကို တိတ်တဆိတ် ကြိုက်နေသူမှာ ကျိုးရှု ကိုယ်တိုင်လည်း ဖြစ်နေ၏။

ကျိုးရှုသည် ခေါင်းကိုငုံ့လိုက်၏။ သူ၏ ရှည်လျားသည့်ဆံပင်များက သူ့မျက်လုံးများကို ဖုံးအုပ်နေပြီး အေးစက်စွာ ပြုံးလိုက်သည်။

“ကျေးဇူးပဲ၊ ငါအခုပဲ ထတော့မလို့”

မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားလိုက်ကာ လက်ကို ဆေးလိုက်ပြီး စာအုပ်များထည့်ကာ အဆောင်သို့ ထွက်ခဲ့လေသည်။

“ကျိုးရှု၊ ခဏစောင့်ပါဦး၊ ငါတို့ အတူတူ မသွားကြဘူးလား၊ ငါ့ကို ဘာလို့ မစောင့်တာလဲ” ယိုးလော့ချီးသည် သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး အပြစ်တင်သည့် လေသံဖြင့်မေးလိုက်သည်။

ကျိုးရှုသည် ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။ မျော်လင့်ထားသကဲ့သို့ပင် ချောမောသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။ ရုပ်ရည်ချောမောပေမယ် အပေါ်ယံသာ စိတ်ကောင်းရှိတဲ့အတွက်တော့ သနားစရာပင်။ မူလ ပိုင်ရှင် ဖြစ်သူ ကျိုးရှုအနေဖြင့် မိမိ၏မိုက်မဲမှုကို အပြစ်တင်ရန်သာရှိတော့သည်။ သူ့အပေါ်တွင်မည်သူက စစ်မှန်၍ မည်သူက ဟန်ဆောင်သည်ကို သူမပြောတတ်ပေ။

“ငါဘယ်တုန်းက အတူတူသွားချင်တယ်လို့ ပြောခဲ့လို့လဲ” ကျိုးရှုသည် ဆံပင်များကို တစ်ဖက်သို့ ပင့်တင် ခါရမ်းလိုက်ရင်း ခေါင်းကိုမော့လိုက်သည်။

ယိုးလော့ချီးသည် ရုတ်တရက် အံ့အားသင့်သွားပြီး သူ၏ ချောမောလှပသော မျက်နှာသည် ညှို့မှိုင်းသွားလေ၏။ သူထင်ထားသည်မှာ ကျိုးရှုသည် အမြဲတမ်း ရိုရိုကျိုးကျိုး နေတတ်ပြီး ဒေါသမထွက်တတ် စကားပင် ကျယ်ကျယ်မပြောတတ်သည့် သူတစ်ဦးဖြစ်သည်။ သို့သော် ယခု ကျိုးရှုကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်သည့် အခြေအနေကို မြင်တွေ့ရသည်။ ထို့အပြင် ကျိုးရှု၏ မျက်နှာမှာလည်း အလွန်ပင် ကြည့်ကောင်းနေလေ၏။ သူယခင်က ‘ဘာဖြစ်လို့ သတိမထားမိ ခဲ့တာပါလိမ့်’

ယိုးလော့ချီးသည် ကျိုးရှု၏ တည်ကြည်သည့် အမူအရာသွင်ပြင်ကြောင့် စိတ်ထဲတွင် အဆင်မပြေဖြစ်နေ၏။ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

သူသည် ကျိုးရှုအား မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်ရင်း “ကျိုးရှု..မင်းဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ငါအခု လောလောဆယ်မှာ အခြားတစ်ယောက်နဲ့ အတူတူလမ်းမလျှောက်ချင်လို့” ဟု ဖြေလိုက်၏။

ကျိုးရှု လှည့်ထွက်သွားလေ၏။

ယိုးလော့ချီးသည် ကျိုးရှု၏နောက်ကျောကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိလေ၏။ ‘ဒါက သူပြောသမျှကို မျက်စိစုံမှိတ်ပြီး နာခံတက်တဲ့ ကျိုးရှုမှ ဟုတ်ပါ့မလား၊ အရင် ကျိုးရှုနဲ့ ဘာဖြစ်လို့ အဲလောက်တောင် ကွဲပြားသွားရတာလဲ’

သူသည် ခေါင်းကို ခါရမ်းလိုက်ပြီး အတွေးများကို ရပ်တန့်လိုက်၏။ အဲဒီကိစ္စကို မေ့ထားပြီး ကျောင်းကို မြန်မြန်သွားဖို့သာ တွေးလိုက်သည်။

ယခင်ကဆိုလျှင် ကျိုးရှုသည် စာသင်ခန်းထဲတွင် အဝေးဆုံးထောင့်ခုံတွင်ရွေး၍ ထိုင်လေ့ရှိသည်။ သီးသန့်ဆန်ဆန်နေလိုသဖြင့် နောက်ဆုံးခုံများတွင်ရွေးထိုင်ခြင်းဖြစ်၏။ ထိုနေရာမျိုးတွင်ထိုင်ရခြင်းက ပို၍လုံခြုံသည်ဟုလည်း ခံစားရလေ၏။ သို့သော် ယနေ့ ယိုလော့ချီး စာသင်ခန်းထဲသို့ ဝင်လိုက်သည့်အခါတွင် အခန်း၏အလယ်၌ ယုံကြည်မှုအပြည့်ဖြင့်ထိုင်နေသည့် ကျိုးရှုကိုမြင်တွေ့လိုက်ရလေသည်။ 

ယိုလော့ချီးသည် အမြဲတမ်း ကျိုးရှု၏ဘေးထိုင်ခုံတွင် ထိုင်လေ့ရှိသည်။ သို့သော် ယခုအကြိမ်တွင် သူသည် ကျိုးရှု၏နောက် နှစ်တန်းအကွာ ထောင့်ဖြတ်နေရာမှ ထိုင်ခုံတွင် ထိုင်လိုက်ရ၏။ ထိုထောင့်ဖြတ်နေရာမှ ကျိုးရှု၏ အမူအရာ အားလုံးကို မြင်တွေ့နိုင်လေ၏။

သူတို့သည် ဂရပ်ဖစ် ဒီဇိုင်းဘာသာရပ်ကို အဓိက သင်ယူသူများ ဖြစ်ကြသည်။ ပထမနှစ်ဝက်တွင် ကျောင်းသားအသစ်များ ဖြစ်ကြသဖြင့် အရောင်ယှဉ်တွင်ခြင်းနှင့် ဖွဲ့စည်းမှုတို့၏ အခြေခံ သဘောတရားအချို့ကို သင်ယူကြရလေ၏။

ဤသင်ခန်းစာ အကြောင်းအရာများမှာ အရောင်များနှင့် ဆက်စပ်မှုရှိသည်။ ဆရာသည် နွေးထွေးမှုရှိသော အရောင်များနှင့် အဆိုပါအရောင်များ၏ လူသားများ စိတ်အခြေအနေအပေါ် သက်ရောက်မှုများကို သာမက အေးစက်မှုရှိသော အရောင်အမျိုးမျိုး၏ အသုံးဝင်ပုံများကိုပါ သင်ကြားပြသပေးသည်။

သင်တန်းချိန် တစ်ချိန်ပြီးသည့်အချိန်ထိ ကျိုးရှုသည် တစ်လက်မမျှ လှုပ်ရှားမှု မရှိသည်ကို ယိုးလော့ချီး သတိထားမိ၏။ လှုပ်ရှားမှုရှိသော တစ်ခုတည်းသောအရာမှာ သူ၏လက်များပင် ဖြစ်သည်။ ကျိုးရှုသည် ရုပ်တုတစ်ခုကဲ့သို့ ထိုင်နေပြီး သင်ရိုးညွှန်းတမ်းပါ စာအုပ်နှစ်အုပ်ကို အမြန်လှန်၍ ကြည့်နေ၏။

ယိုးလော့ချီး မျက်မှောင့်ကြုတ်၍ စဉ်းစားလိုက်မိသည်။ ‘ယခင်ကျိုးရှုသည် ခေါင်းကိုပင် မော့လေ့မရှိပေ၊ အခုမှ ဘာကြောင့် အမြဲတမ်း ခေါင်းကို မော့နေရတာပါလိမ့်’

“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ၊ အတန်းပြီးပါပြီ၊ ဒီနေ့ပြန်ပြီးတော့ ဖန်ခွက်ပုံစံ ဒီဇိုင်း ရေးဆွဲခဲ့ကြပါ၊ နောက်သင်ခန်းစာမှာ အဲဒီအကြောင်းသင်မှာဖြစ်တယ်” 

စာသင်ချိန်ပြီးသည်နှင့်တပြိုင်နက် ကျိုးရှုသည် ထရပ်လိုက်ပြီး ထွက်သွားတော့သည်။ ထိုအချိန်တွင်မှ ယိုးလော့ချီးအနေဖြင့် အတန်းချိန်တစ်ချိန်လုံး ကျိုးရှုကို မထင်မှတ်ဘဲ ကြည့်နေမိသည်ကို မိမိကိုယ်မိမိ သတိထားမိလေ၏။ 

သူသည် မြန်မြန်ပင် ကျိုးရှုနောက်သို့ ပြေးလိုက်ပြီး သူ၏ပုခုံးကိုပုတ်လိုက်ကာ “ကျိုးရှု တတိယအထပ်က စားသောက်ဆိုင်ကို သွားပြီး အတူတူ သွားစားကြရအောင်” ဟု ခေါ်လိုက်သည်။

ကျိုးရှုသည် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်ကာ “တောင်းပန်ပါတယ်၊ ငါလူတွေနဲ့ ရောရောထွေးထွေး မနေချင်လို့ပါ” ဟု ပြန်ဖြေလိုက်၏။

ထိုအချိန်တွင် ယိုးလော့ချီးသည် အမှန်တကယ်ပင် ရှက်သွား၏။ ကျိုးရှုသည် အလွန်ပြောင်းလဲသွားသည့် လူတစ်ဦးဖြစ်သည်ကို သူသိလိုက်သည်။ ‘ကျိုးရှုက သူ့ကို ကြိုက်ခဲ့တာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့အခုမှ ရုတ်တရက် ပြောင်းလဲသွားရတာလဲ’

အမှန်တကယ်အားဖြင့် ယိုးလော့ချီးသည် သူ့အား ကျိုးရှု ကြိုက်နေသည်ကို အစပိုင်းကတည်းက သိလေ၏။ ကျိုးရှုကို ပြန်၍ မကြိုက်သော်လည်း ကျိုးရှုအတွက် သူက ကမ္ဘာတစ်ခုကဲ့သို့ဖြစ်နေသည့် ခံစားချက်ကို သူကြိုက်သည်။ ထိုကဲ့သို့ မှီခိုခံရခြင်းသည် ယိုးလော့ချီးအတွက် အောင်မြင်မှုတစ်ခုပင်၊ သို့သော် ယခုတွင် မည်သို့ ဖြစ်ရတာပါလိမ့်၊ ကျိုးရှုသည် သူ့ကို ရုတ်တရက် မကြိုက်တော့ပေ။

နည်းနည်းတော့ အံ့ဩစရာကောင်းလေ၏။ ယိုးလော့ချီးသည် လှည့်ထွက်သွားလေတော့သည်။

သူသည် တက္ကသိုလ်တွင် လူသိများ ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်သည့်အတွက် သူ့ကို ကြိုက်သည့် ယောကျ်ားလေး မိန်းကလေးများ တန်းစီနေသည်။ ကျိုးရှုသည် သူ့ကိုမျက်နှာသာမပေးလျှင် သူသည်လည်း ပြန်၍ ဂရုစိုက်စရာမလိုတော့ပေ။

အပြန်အလှန်အားဖြင့် ကျိုးရှုသည် ယိုးလော့ချီးအား သိပ်အာရုံမစိုက်တော့ချေ။ လူတစ်ယောက်သည် ရင့်ကျက်လာသည်နှင့်အမျှ နှလုံးသားတွင် ဖြစ်နေသည့် ခံစားချက်ကို မျက်နှာပေါ်တွင် မပေါ်အောင် နေနိုင်လေ၏။

ကျိုးရှုသည် အဆောင်သို့ မပြန်မီ ကျောင်းတွင်းစားသောက်ဆိုင်တွင် တစ်ခုခု ဝင်စားခဲ့သည်။ သော့ခတ်ထားသည့် သူ၏အဝတ်ဗီရိုထဲတွင် ကျိုးရှုသည် စွဲဆောင်မှုရှိသော အမျိုးသမီးဝတ်စုံနှစ်စုံ၊ ဆံပင်တုနှစ်ခုနှင့် မိတ်ကပ်ပစ္စည်းအချို့ကို တွေ့ခဲ့လေ၏။

ကျိုးရှုသည် ဖျော့တော့စွာ ပြုံးလိုက်၏။ မူလပိုင်ရှင်မှာ လိင်တူချစ်သူတစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် သူသည် ယိုးလော့ချီးနှင့် ချန်ရှောင်ကျွင်းတို့၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ထိုအချက်သည် သူ၏အကောင်းဆုံးနှစ်များတွင် သူ့ကိုယ်သူသတ်သေရန် ကြိုးစားမှုကို ဖြစ်စေခဲ့သည်။

အဖြူနှင့်အနက်ရောင်စပ်ထားသည့် မီနီစကပ်ကို ကိုင်ထားရင်း ကျိုးရှုသည် ပေါ့ပါးစွာ ပြုံးလိုက်သည်။ သူသည် မူလကျိုးရှု၏ လိင်တူချစ်သူဖြစ်သည့် သွင်ပြင်ကို တစ်ကျောင်းလုံး လက်ခံစေလိုသည်။ မည်သူမျှ ထပ်မံ လှောင်ပြောင်ခြင်း မပြုစေလိုတော့ပေ။ သူသည် မူလကျိုးရှု၏ သူငယ်ချင်းအစစ်အမှန်များကို ရှာဖွေပူးပေါင်းပြီး သူ့ကို ဂရပ်ဖစ်ဒီဇိုင်းလောက၏ ထိပ်တန်းတွင် ရပ်တည်ခွင့် ရရှိစေလိုသည်။ ယိုးလော့ချီးအား အပြတ်အသတ်ပင် ချန်ထားခဲ့လိုပြီး အစစ်အမှန်ကို မမြင်တွေနိုင်သည့် ချန်ရှောင်ကျွင်းကိုလည်း သင်ခန်းစာပေးလိုသည်။

ရက်သတ္တပတ်ကြာအောင် ကျိုးရှုသည် တိတ်ဆိတ်စွာ နေထိုင်ပြီး သူ့အလုပ်သူ လုပ်နေသည်။ သူသည် ယိုးလော့ချီးအား လစ်လျူရှုထားသကဲ့သို့ ယိုးလော့ချီးသည်လည်း သူ့ကို လစ်လျူရှု ထားဟန်တူသည်။ သို့သော် မတူညီသည့်အချက်မှာ ကျိုးရှုသည် အေးချမ်းမှုနှင့် တိတ်ဆိတ်မှုကို ကြိုက်နှစ်သက်ခြင်းပင်။

အဆောင်အခန်းတွင် အခြားနှစ်ဦးရှိသေး၏။ သို့သော် ထိုနှစ်ဦးစလုံးမှာ ဂိမ်းသမားများ ဖြစ်ကြပြီး နေ့တွင် တစ်နေ့လုံးအိပ်နေ၍ ညအချိန်တွင် ဂိမ်းကစားကြသည်။ သူတို့၏ ရှားရှားပါးပါး အားလပ်ချိန်များတွင် သူတို့၏ အိမ်စာများကို အလောတကြီးလုပ်ကြရ၏။ ထို့အပြင် သူတို့နှင့်ကျိုးရှုသည် ဌာနချင်း မတူကြသည့်အတွက် စာသင်တန်းအချိန်လည်း မတူကြပေ။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးတွေ့ချိန်မှာ အလွန်နည်းပါးလှသည်။

အမှန်တကယ်တော့ ကျိုးရှုသည် ကျောက်ဟွမ် ဟုခေါ်သည့် အခန်းဖော်တစ်ယောက်ကို အတော်ကလေး သဘောကျသည်။ သူသည် ဂိမ်းကစားရာတွင် အမြဲတမ်းဆူညံနေသကဲ့သို့ အနည်းငယ်လည်း ထုံထိုင်းလေ၏။ ကျောက်ဟွမ်သည် သူတစ်ပါးအပေါ်တွင် ညစ်ပတ်ကောက်ကျစ်လို စိတ်မရှိဘဲ စိတ်ကောင်းရှိသူ တစ်ယောက် ဖြစ်သည်။ သူ စိတ်တိုဒေါသထွက်သည့်အချိန်မှာ ကစားနေသည့် ဂိမ်းကစားပွဲအတွင်း၌သာ ဖြစ်သည်။ 

ကျိုးရှုသည် နောက်တစ်ပတ်တွင် စာသင်ခန်းထဲ၌ သူရေးဆွဲထားသည့် ဒီဇိုင်းကိုအပ်လိုက်သည့်အခါတွင် ဆရာသည် ကျိုးရှု၏ဒီဇိုင်းကို ကြည့်ပြီး အံ့ဩသွားသည်။ “မင်းကို ဘယ်သူ ကူညီပြီး ဆွဲပေးတာလဲ” ဟုမေးလိုက်သည်။

“ကျွန်တော့် ဘာသာဆွဲတာပါ၊ နောက်ထပ် အသစ်တစ်ခု ထပ်ပြီး ဆွဲပြစေချင်လို့လား”

ဆရာသည် ခေတ္တခဏမျှ ရပ်လိုက်ပြီးနောက် ရယ်မောလိုက်ရင်း “ကလေး ဘာဖြစ်လို့ ဒီလောက် စိတ်တိုရတာလဲ၊ မင်းရဲ့အယူအဆနဲ့ ဘာလို့ဒီအရောင်တွေကို ရွေးခဲ့တာလည်းဆိုတာ ငါတို့ အားလုံးကို ရှင်းပြပါလား”

ကျိုးရှုသည် မတ်တပ်ရပ်လိုက်ပြီး စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် အိပ်ကပ်ထဲမှ ဆံညှပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ၏ ဆံပင်ရှည်များကို ညှပ်လိုက်ကာ အသာအယာပင် ပြုံးလိုက်ပြီး အတန်းထဲရှိ ကျောင်းသားများအား “လိမ္မော်ရောင်ဖျော့ဖျော့ကို ဘာဖြစ်လို့ ဝဘ်ဆိုဒ်ပေ့ချ်ရဲ့ နောက်ခံအဖြစ် အသုံးပြုရသလဲဆိုရင် အဲဒါက အသုံးပြုသူတွေကို သက်တောင့်သက်သာဖြစ်စေပြီး နွေးထွေးမှုကို ပေးလို့ပဲ၊ ဒီမှာဆိုရင် ကျွန်တော်က အချို့သော အလွှာပုံစံတွေကို ဖန်တီးဖို့ ဖန်ခွက်ရဲ့ ကြည်လင်ပြတ်သားပြီး ဖောက်ထွင်းမြင်နိုင်တဲ့ အခြေအနေကို အသုံးပြုထားတယ်၊ အဲလိုပဲ လိမ္မော်ရောင် ဖျော့ဖျော့ရှိတဲ့နောက်ခံမှာလည်း အခြားအလင်းလွှာတစ်ခု ထည့်ထားသေးတယ်။ အဲဒီအပိုင်းရဲ့တောက်ပမှုက လူတွေကို တကယ့် ဖန်ခွက်တစ်ခွက်လို့ ထင်သွားစေတာပေါ့”

သူ အားလုံး ရှင်းပြပြီးတဲ့နောက် အခန်းထဲတွင် ရှိနေကြသည့် ကျောင်းသားအားလုံးသည် သူတို့၏လက်များကို မြှောက်လိုက်ကြလေ၏။ အချို့မှာ သူ့ကို စိတ်ဝင်တစား အထင်ကြီးစွာ ကြည့်နေကြပြီး အချို့မှာ အံ့အားသင့် နေကြသည်။ ကျိုးရှုသည် အသာအယာပင်ပြုံးလိုက်ပြီး စင်မြင့်ပေါ်မှမဆင်းမီ “အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်နာမည် ကျိုးရှုပါ” ဟု ပြောလိုက်လေသည်။