Chapter (23)
Viewers 1k

Chapter (23)

ပန်းချီကားတစ်ချပ်



လူသတ်သမားကို သိ​နေတာလား!


ဖန်းချူ ယွိစစ်ကျဲကို အံ့အားသင့်စွာကြည့်ကာ မေးလိုက်သည်။ 


"သူမကို ဘယ်သူနာကျင်စေခဲ့တာလဲ သိလား" 


ယွိစစ်ကျဲကတော့ အနည်းငယ် ပြုံးပြီး ပျင်းရိတဲ့ အပြုံးကို ထုတ်ပြလာသည်။ 


"မသိဘူး ကိုယ်ပြောချင်တာက တစ်ယောက်ယောက်က တင်းရွှယ်ကို နာကျင်စေတယ်ဆိုရင် အဲဒီလူက သေချာပေါက် ဒီမှာရှိနေတုန်းပဲ သူ အပြင်ကို မထွက်နိုင်ဘူးမလား"


ဖန်းချူ : "..."


ချီကျန်း၊ လင်ပိုင်၊ ချန်ကျား - "... " 


မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုက တကယ်ကောင်းပါတယ်။


ချက်ချင်းပင် အားလုံး ယွိစစ်ကျဲကို ဂရုမစိုက်တော့ဘဲ ခေါင်းလှည့်သွားသည်။ ဖန်းချူကတော့ ယွိစစ်ကျဲကို တိတ်တဆိတ် စိုက်ကြည့်ကာ တစ်ဖက်လူက တစ်စုံတစ်ခုကို တကယ်သိပုံပေါ်သည်ဟု ခံစားမိသော်လည်း သူ့ဘက်က မပြောသောကြောင့် လူသိရှင်ကြား မေးလို့ရမည် မဟုတ်ပေ။


ဘာပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ဘယ်သူကိုမှ အနိုင်ယူလို့ မရသလို သရဲတစ္ဆေနဲ့ တွေ့ရင်လည်း သူ့ဘဝအတွက်ပဲ ပြေးဖို့တတ်နိုင်၏။ အကယ်၍ သူသာ လူသတ်သမားနှင့် ကြုံတွေ့ရပါက အနိုင်ရမည်မဟုတ်ပေ။ ယွိစစ်ကျဲနဲ့ နီးနီးကပ်ကပ်နေတာက တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အလဟသ ဖြုန်းတီးရာ မကျတဲ့အပြင် ရဲတွေကိုလည်း လာရှင်းခိုင်းလို့ ရသည်။ 


ယွိစစ်ကျဲရဲ့ အနှောင့်အယှက်ကြောင့် တင်းမာတဲ့ အငွေ့အသက်တွေတော့ ပျောက်ကွယ်သွားခဲ့သည်။


ဒီအတိုင်း ဆက်သွားလို့ မဖြစ်တာကြောင့် ချန်ကျားက တင်းရွှယ်ကို ကူညီရန် ရှေ့တိုးလာကာ ညင်သာစွာ အကြံပေးလေ၏။ 


"မင်းဒဏ်ရာကို ကုသဖို့ အရင် ခေါ်သွားပါရစေ ဟုတ်ပြီလား" 


တင်းရွှယ်က သူ့ကို ဒေါသထွက်နေတုန်းပင်။ ဒါပေမယ့် ချန်ကျားက လူတွေကို နှစ်သိမ့်ပေးတတ်ကာ ရင့်ကျက်ပြီး တည်ငြိမ်ရာ နောက်ဆုံးတော့ သူမကို ချော့နိုင်ခဲ့သည်။ သူမရဲ့ဒဏ်ရာကို ကုသဖို့ ရှေးဦးသူနာပြု ပစ္စည်းတွေဆီ ထွက်ခွာသွားကြ၏။ 


ချန်ကျားနှင့် တင်းရွှယ် ထွက်သွားပြီးနောက် တခြားလူများလည်း ကွဲသွားကြသည်။


ချီကျန်း၏ အမူအရာသည် ကြမ်းတမ်းနေခဲ့သည်။ သူက ဖန်းချူကို အဆင်မပြေတဲ့ အပြုံးနဲ့ လှမ်းကြည့်ရင်း။ 


"မင်းငါ့ကို သံသယဝင်​နေလား"


ဖန်းချူမှာ သူ့ကိုယ်သူ အမှန်အတိုင်းပြောသင့်လား လိမ်ညာသင့်လား စဥ်းစားနေမိသည်။ နောက်ဆုံးတော့ အခုအချိန်မှာ သူ ၎င်းတို့ထဲက တစ်ယောက်ယောက်ကိုမှ မယုံနိုင်တော့ပါ။ သူ့ရဲ့ တုံ့ဆိုင်းနေတဲ့ အပြုအမူက ချီကျန်းကို နားလည်မှုလွဲသွားစေပြီး ခါးသီးတဲ့ အပြုံးနဲ့ တုံ့ပြန်လာစေသည်။ 


"မင်းမှာ သံသယတွေရှိနေတာ ပုံမှန်ပါပဲ ဒါပေမယ့် မင်းကို ငါ သေချာပေါက် ပြောနိုင်တာက ငါ တင်းရွှယ်ကို ထိခိုက်​အောင် မလုပ်ခဲ့ဘူး"


လင်ပိုင်ကလည်း ရိုးသားစွာ ပြောလာခဲ့သည်။ 


"ချီကျန်းက ငါနဲ့ တစ်ချိန်လုံး အတူရှိနေတာ... တင်းရွှယ် လူမှားနေတာလည်း ဖြစ်နိုင်တယ်" 


နောက်ဆုံးတွင် ၎င်းတို့က တစ်ဖက်တည်းသာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ အထောက်အထားမရှိပေ။


ဖန်းချူ ခြောက်ကပ်စွာ ရယ်မောပြီး ခေါင်းညိတ်လိုက်သည်။ 


"မင်းကို ယုံပါတယ်"


ဒီလိုအချိန်မျိုးမှာ ဘယ်သူကမှ သာယာပျော်ရွှင်မှုကို မခံစားရပါဘူး။ ဖန်းချူနှင့် ယွိစစ်ကျဲတို့လည်း အခန်းထဲသို့ ပြန်လာခဲ့ကြသည်။ ထိုညတွင် ဖန်းချူ အိပ်မပျော်နိုင်သဖြင့် ဖန်းချူ စိုးရိမ်တကြီးဖြင့် နောက်ပြန်လှည့်ကာ မေးလိုက်သည်။ 


"အခုနတုန်းက ဘာသိသွားတာလဲ?"


ယွိစစ်ကျဲက ဖန်းချူကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပဲ ပြန်ပြော၏။ 


"ကိုယ်ပြောခဲ့သလိုပဲ..."


ဖန်းချူ : "..."


ဖန်းချူအမူအရာကို ကြည့်ရင်း ဘာကြောင့်ရယ်မသိ ယွိစစ်ကျဲအကြည့်လည်း ပျော့ပြောင်းသွားသည်။ သူ့စိတ်က ရှေ့ကို လှမ်းချင်နေပုံရပေမယ့် အဆုံးမှာတော့ မလုပ်ဖြစ်ခဲ့။ ထိုအစား သူသည် ကန့်လန်ကာကို လှန်ထုတ်ကာ အပြင်ဘက်တွင် ညဥ့်နက်ကြီးကို စိုက်ကြည့်လိုက်သည်။ 


"လူသတ်သမားက ဒီနေရာမှာ ရှိနေသေးပေမယ့် သူဘယ်သူဖြစ်ဖြစ် ဘယ်နေရာမှာ ရှိပါစေ အနည်းဆုံး သေချာတာက ကိုယ်တို့အားလုံးကို သတ်နိုင်မှာတော့ မဟုတ်ဘူး... မဟုတ်ရင် သူ ထွက်ပြေးနေဖို့တောင် မလိုဘူး.. ဒီလိုပရိယာယ်တွေ ကစားနေဖို့လည်း မလိုအပ်ဘူး..."


ဒါကိုကြားတော့ ဖန်းချူလည်း နည်းနည်း သက်သာသွားသလို ခံစားလိုက်ရသည်။ 


လူသတ်သမားဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိဘူးဆိုတာ သိထားပြီး အားနည်းချက်တွေ ရှိနေတာက ကောင်းပါ၏။ 


ဖန်းချူ သူ့ကိုယ်သူ တွေးကြည့်သည်။


ဒါပေမယ့် နောက်တစ်ကြိမ်ရော တစ္ဆေတစ်ကောင်က မင်းကိုသတ်နိုင်မယ် ဆိုတာ သေချာနိုင်ပါ့မလား။


………………


ချန်ကျား တံခါးကိုပိတ်ပြီး တင်းရွှယ်ဒဏ်ရာများကို စတင် ဂရုစိုက်​ပေးသည်။ တင်းရွှယ် လက်မောင်းတွင် ဓားဖြင့် ခုတ်ခံရဖွယ်ရှိသော ဒဏ်ရာကြီး ရှိနေသည်။ ဒဏ်ရာက နက်နဲပြီး သွေးတွေ လျှံထွက်နေရာ သူမ နှုတ်ခမ်းကို ခက်ခက်ခဲခဲ ကိုက်ထားသော်လည်း ရုန်းရင်းဆန်ခတ် ညည်းတွားသံကို ထွက်မလာအောင် မထိန်းနိုင်ချေ။ 


ချန်ကျား စိတ်ဆင်းရဲနေတဲ့ပုံနဲ့ ကြည့်ကာ အသံတိုးတိုးနဲ့ ပြောလိုက်သည်။


"ခဏ သည်းခံထား...."


သူသည် ဆေးကို ဂရုတစိုက် အသုံးပြုပြီး တင်းရွှယ်ဒဏ်ရာကို ပတ်တီးပေးသည်။ 


သူ ပြီးသွားသောအခါ တင်းရွှယ်ခမျာ ချွေးများရွှဲနစ်နေပြီး ချန်ကျား၏ လက်နှစ်ဖက်ထဲသို့ ပျော့ခွေကျသွားလေသည်။ သူမ ရင်ဘတ်က စူးအောင့်​နေကာ မျက်နှာမှာလည်း နာကျင်စွာ ဖြူဖျော့နေသည်။


ချန်ကျား သူမနဖူးကို ညင်သာစွာ နမ်းလိုက်ပြီး။


"မကြောက်နဲ့ ဒီည ဒီမှာနေလိုက်... ဟုတ်​ပြီလား"


တင်းရွှယ်၏ သူငယ်အိမ်များမှာ နာကျင်မှုကြောင့်သာမက ဝမ်းနည်းမှုကြောင့်လည်း တွန့်ချိုးနေခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်နှင့် တစ်ညတာ အတွေ့အကြုံများက သူမအား မောပန်းနွမ်းနယ်စေပြီး သည်းမခံနိုင်​စေတော့ပေ။ သူ့အမေကို ဆုံးရှုံးလိုက်ရတဲ့နောက် သူမဟာ ကူကယ်ရာမဲ့ မိန်းကလေးတစ်ယောက်သာ ဖြစ်သွားပြီး ယခုလည်း ဒဏ်ရာက သူမကို ပြိုကျလုနီးပါးဖြစ်အောင် တွန်းပို့ခဲ့ပါ၏။ 


ချန်ကျားအပေါ် အစောပိုင်းစကားများကို ဒေါသတကြီး ပြောနေသော်လည်း သူမမှာ သူကလွဲလို့ အခြားအားကိုးစရာ မရှိပေ။ ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားရသူတစ်ဦးကဲ့သို့ပင် သူမ ချန်ကျား၏ အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်ရည်များ စီးကျလာသည်။ 


"မသွားနဲ့..."


ချန်ကျား ခေါင်းညိတ်ပြရင်း သူ့မျက်လုံးတွေက နူးညံ့မှုအပြည့်နဲ့ သူမပုခုံးတွေကို ဆုပ်ကိုင်လိုက်သည်။ 


"ကိုယ် မသွားဘူး" 


တင်းရွှယ် ချန်ကျားရင်ခွင်ထဲတွင် နစ်မြုပ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမသည် အနည်းငယ် ငြိမ်သက်သွားပုံရသော်လည်း နာကြည်းမှုနှင့် မုန်းတီးမှုများက သူမ၏ယမျက်လုံးထဲတွင် တဖြည်းဖြည်း ပြန်လည်ပေါ်လာသည်။ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ချက် ချလိုက်သလိုပဲ သူမ ချန်ကျားကို မော့ပြောလိုက်သည်။ 


"ငါတို့ ဒီမှာထိုင်ပြီး သေဖို့စောင့်နေလို့ မရဘူး"


ချန်ကျား သူမကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။


"ချီကျန်းကို သံသယဝင်နေတုန်းပဲလား"


တင်းရွှယ်က ချန်ကျား၏ မျက်လုံးများကို စေ့စေ့ကြည့်ကာ သူမ၏ သွားများကို အံကြိတ်ထားလိုက်သည်။ 


"ယုံပါ.... ငါ မမှားဘူး!"


ချန်ကျား တိတ်ဆိတ်သွားသည်။


တင်းရွှယ်က စိုးရိမ်တကြီးနဲ့ :"အဲဒါက သူပဲ သူက ငါတို့ကို မကြိုက်တာကြာပြီလေ...ဦးလေးချီကိုတောင် သတ်ခဲ့တာ ဖြစ်နိုင်တယ် အခု ငါတို့ ဒီမှာ ပိတ်မိနေပြီ သူက ငါတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်လိမ့်မယ်.. ငါ... ငါ... မပြောနဲ့ နင်လည်း လွတ်မှာ မဟုတ်ဘူး။"


ချန်ကျားရဲ့ အမူအရာက တဖြည်းဖြည်း မည်းမှောင်လာသည်။ 


"မင်းဘာပြောနေတာလဲရော သိရဲ့လား"


တင်းရွှယ် : "ငါသိပါတယ် ငါတို့အားလုံး အန္တရာယ်ရောက်နေပြီ ဆိုတာလည်း ငါသိတယ် သူ ငါတို့ကို သတ်ချင်တာ... အဲဒါကြောင့် ငါတို့ကို အရင်လုပ်ကြံမှာပဲ...!"


ချန်ကျား အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ ပြောလာသည်။ 


"မင်း ဒါကို လုပ်ချင်တာ သေချာလား?"


တင်းရွှယ်သည် နာကြည်းမှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူမသည် သတ်ပစ်ရန် မဆုံးဖြတ်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့​သေးသည်။ သို့သော် နောက်ဆုံးတော့ သူမ ပြောလာသည်။ 


"ချီကျန်း​ကို သတ်ပစ်မယ်... ချီကျန်း မရှိရင် သခင်မချီက ကြောက်စရာ မလို​တော့ဘူး "


ချန်ကျား သူမကို စူးစူးဝါးဝါးကြည့်ကာ စကားမပြောဘဲ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။


တင်းရွှယ် မျက်လုံးများ ခေတ္တ မှိတ်သွားသော်လည်း နောက်ဆုံးတွင် သူမ တစ်ဖက်လူကို စိုက်ကြည့်ကာ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ 


"နင်ငါ့ကိုကူညီမှာလား မကူညီဘူးလား? နင်မကူညီရင် ငါသေပြီးရင် နင့်အလှည့်ပဲ ဖြစ်လိမ့်မယ်။ သူတို့မျက်လုံးထဲမှာ နင်က အပြင်လူ အတွင်းလူမဟုတ်ဘူး... အခု ဦးလေးချီက သေသွားပြီ နင့်ကို သည်းခံနိုင်တုန်းပဲလို့ ထင်နေလား... အထူးသဖြင့် အခု ဘယ်မှမသွားနိုင်ဘူးဆိုတာ သိနေကြပြီလေ..."


ဤစကားများက ချန်ကျားကို အနည်းငယ် ယိမ်းယိုင်သွား​စေပုံရသည်။


ဒါကိုမြင်တော့ တင်းရွှယ် သူ့အားသာချက်ကို အမြန်နှိပ်လိုက်သည်။ 


"ငါတို့ သူတို့ကိုသတ်ဖို့ ပူးပေါင်းလိုက်မယ်ဆိုရင် ချီအိမ်ကို ငါတို့ပိုင်လိမ့်မယ်..."


ရုန်းကန်မှုတစ်ခုက ချန်ကျားရဲ့ မျက်လုံးများကို ဖြတ်ကျော်သွားခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လေ၏။ 


"ကောင်းပြီ ကိုယ်မင်းကို ကတိပေးတယ်"


တင်းရွှယ်လည်း ဝမ်းသာသွားသည်။ 


"ဒါဆို အခုသွားရအောင်!"


သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ချွန်ထက်တဲ့ ကတ်ကြေးတစ်စုံကို တွေ့လိုက်ကာ အပြင်ထွက်ဖို့ အသင့်ဖြစ်နေပါပြီ။ ချန်ကျား သူ့လက်ထဲက ကတ်ကြေးကို တွန့်ဆုတ်စွာ ကိုင်လိုက်ပြီး နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ 


"ဒါတွေကို ယောက်ျားတွေပဲ လုပ်ပါရစေ... မင်း ကိုယ်နဲ့ လိုက်လို့ရတယ် ကိုယ်တို့... နောက်ပြန်မလှည့်ဘူး" 


တင်းရွှယ်ကလည်း ချန်ကျားကို ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ပြန်ပြော၏။ 


"အခုချိန်ကစပြီး ချီအိမ်​က နင်ပိုင်တယ်... ငါရောပဲ..."


ချန်ကျား ရယ်မောလိုက်သည်။


နှစ်ယောက်သား တိတ်တဆိတ် အခန်းထဲမှ ထွက်လာကြသည်။


ချန်ကျား၏အခန်းသည် အစွန်ဆုံးအခန်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ တင်းရွှယ်မှာ ယခုကိစ္စကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်ပြီး တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ လက်ဖဝါးများမှာ ချွေးထွက်များကာ တုန်လှုပ်ချောက်ချား​နေခဲ့သည်။ ထိုအခိုက် သူမ အကြောက်ဆုံးအရာက တကယ်ဖြစ်လာ​တော့၏။ ချီကျန်းရဲ့ တံခါးကို မရောက်ခင်မှာ အလယ်တံခါးက ရုတ်တရက် ပွင့်သွားသည်။ သခင်မချီက တံခါးဘောင်ကို မှီ၍ ပဟေဠိဆန်သော အမူအရာဖြင့် သူတို့ကိုကြည့်ကာ တိုးတိုးလေးပြောသည်။


"မင်းတို့ဘယ်သွားမလို့လဲ" 


တင်းရွှယ် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အေးခဲသွားသည်။


အခြေအနေမှန်ကို ရင်ဆိုင်ရတဲ့အခါ သူမဟာ အတွေ့အကြုံ မရှိသူဆိုတာကို သဘောပေါက်ခဲ့ပေမယ့် ချန်ကျား သူ့ဘေးမှာရှိနေခဲ့တာ ကျေးဇူးတင်ရမည်။ မူလက ချီကျန်းကို အရင်သတ်ဖို့ စီစဉ်ခဲ့ပေမယ့် သခင်မချီက သူမကို အထင်အမြင်သေး မထီမဲ့မြင်ပြုပြီး အရှက်တကွဲကြည့်နေတတ်တဲ့ ယုတ်မာတဲ့အမျိုးသမီး၊ သူ့အမေ ခြေရင်းမှာသေနေတာတောင် သေတဲ့အထိ အရှက်ခွဲနေခဲ့သူပင်။ 


ချီကျန်းအမေကြောင့်သာ မဟုတ်ရင် သူမအမေ သေမှာမဟုတ်ချေ။ သခင်မချီဆီသို့ ရောက်နေသော တင်းရွှယ်အကြည့်များက နာကြည်းမှုများနှင့် ပြည့်နှက်နေပြီး သူမ၏ နှလုံးသားထဲတွင် ဒေါသများ တဟုန်ထိုး တက်လာသည်။ သူမသည် အားလုံးကို ဖျက်စီးပစ်ဖို့ ဆုံးဖြတ်လိုက်တော့၏။ 


"သူမကို အရင်သတ်လိုက်!"


သခင်မချီ၏ အမူအရာလည်း အနည်းငယ်ပြောင်းသွားပြီး တင်းရွှယ်၏ ပုံပျက်ပန်းပျက် မျက်နှာကို အံ့သြစွာ ကြည့်လိုက်သည်။


ချန်ကျား လှည့်ကြည့်ကာ :"တကယ်လား?"


တင်းရွှယ်က တစ်ခုခုမှားနေပြီဆိုတာ မသိလိုက်ဘဲ :"ဟုတ်တယ်... သတ်ပစ်လိုက်!"


ချန်ကျား သူမကို ကြည့်ပြီး သနားခြင်းအရိပ်အမြွက်တစ်ခု ရုတ်တရက်ပေါ်လာသည်။  


"ကောင်းပြီ" 


ထို့နောက် သူသည် တင်းရွှယ်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ တစ်ဆက်တည်း မဆိုင်းမတွပင် ကတ်ကြေးက သူမဝမ်းဗိုက်ထဲသို့ ထိုးသွင်းပစ်ကာ ကျန်လက်တစ်ဖက်က သူမပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ထားပြီး အသံမထွက်အောင် ဟန့်တားထားသဖြင့် ခပ်တိုးတိုးလေးသာ ညည်းတွားနိုင်ခဲ့လေ၏။ 


တင်းရွှယ် တစ်ဖက်လူကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပြီး သူဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာ နားမလည်တဲ့ပုံပေါ်သည်။ ချန်ကျားကတော့ ရယ်စရာကောင်းတဲ့ ဟာသကို ကြည့်နေရသလိုမျိုး တင်းရွှယ် မြေပြင်ပေါ်သို့ ခိုကိုးရာမဲ့ ပြိုလဲသွားသည်အား လျစ်လျူရှုကာ လက်ကို လွှတ်ချလိုက်​​ပေသည်။


ထိုစဥ် သခင်မချီက ချောမောစွာ လမ်းလျှောက်လာခဲ့သည်။ မျက်နှာက ပျော့ပျောင်းပြီး ဖြူဖျော့နေသော်လည်း တင့်တယ်သော၊ မွန်မြတ်ပြီး စွဲမက်ဖွယ်ကောင်းသော အလှကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဖျားယောင်းနေသော အသွင်အပြင်သည် သူမ၏ သနားစရာကောင်းသော ဆွဲဆောင်မှုကိုသာ တိုးလာစေ၏။ သူမသည် ချန်ကျားဘက်သို့ ညင်သာစွာ မှီရင်း တင်းရွှယ်ကို ပြုံးပြလိုက်သည်။ 


"မင်းတို့လို မိန်းကလေးတွေက အမြဲတမ်း အချစ်ကို အလေးအနက်ထားကြတာပဲ...."


သခင်မချီ၏ ခါးကိုဖက်ထားသော ချန်ကျားမှာ နာကျင်သော အရိပ်အမြွက်ဖြင့်။ 


"ကျနော်ခင်ဗျားကို ချစ်တာ မယုံဘူးလား?"


သခင်မချီက ခပ်ဖျော့ဖျော့ပြုံးရင်း "ငါ့အသက်အရွယ်မှာ အချစ်က အရေးမကြီးတော့ဘူး မင်းငါ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး ငါ့အတွက်အရာရာတွေကို လုပ်ပေးရင် ငါမင်းကို ညှင်းပန်းနှိပ်စက်မှာ မဟုတ်ပါဘူး"


ချန်ကျား၏ မျက်လုံးများ အနည်းငယ်မှိန်သွားကာ သူက ရယ်မောလိုက်သည်။ 


"ပထမတုန်းက သူမနဲ့ အတူမနေချင်ခဲ့ဘူး... ခင်ဗျားက ကျနော့်ကို လှည့်ဖြားခိုင်းလို့သာ... ကျနော် ခင်ဗျားအတွက် ဘာမဆို လုပ်ခဲ့ပေမဲ့ ခင်ဗျားကျတော့ ကြင်နာတတ်တဲ့ စကား​လေးတောင် မပြောတတ်ဘူး"


တင်းရွှယ် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူမဝမ်းဗိုက်မှ သွေးများ စီးကျနေပြီး ထိုနှစ်ယောက်အား စိတ်ပျက်လက်ပျက်၊ နာကျင်စွာ ကြည့်နေကာ မျက်လုံးများက မယုံကြည်နိုင်သော အရိပ်အမြွက်တို့ဖြင့် ပြည့်နေသည်။


သခင်မချီမှာ သူမအား သနားစိတ်ဖြင့် ကြည့်နေသော်လည်း သူမစကားများက အေးစက်စက်ပင်။ 


"သေချာ ရှင်းလိုက်... ငါ သူ့ကို ထပ်မတွေ့ချင်တော့ဘူး"


ချန်ကျား သဘောတူပြီးနောက် တင်းရွှယ်ထံသို့ အေးစက်သော အပြုံးဖြင့် လှည့်လိုက်သည်။


တင်းရွှယ်လည်း အဲဒီလူကို စိုက်ကြည့်နေမိ၏။ သူသည် တစ်ချိန်က သူမကို အလွန်ချစ်ခင်ကြင်နာခဲ့ဖူးသည်။ သို့သော် ယခု သူမကိုကြည့်နေသည့်ပုံစံက သူမက အလောင်းတစ်လောင်းအလား။ သူ့လက်ထဲရှိ ကတ်ကြေးမှ သွေးများ စီးကျလာကာ သူမဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။


တင်းရွှယ် : "နင် ဦးလေးချီကို သတ်လိုက်တာလား"


ချန်ကျားက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး :"ဒါ ငါမဟုတ်ဘူး.... မင်း ငါ့ဆီကနေ တစ်ခုခု သတင်းရဖို့ မကြိုးစားနဲ့ မင်း ကိုယ့်ကိုကိုယ်ပဲ အရင်စိတ်ပူသင့်တယ်... ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းကို ကောင်းကောင်း သင်္ဂြိုဟ်ပေးမှာပါ..."


တင်းရွှယ် အသတ်ခံရတော့မည့်ဟန်ဖြင့် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ 


သို့သော် ချန်ကျား သူမထံသို့ ရောက်ရှိလာပြီး ရိုက်ခတ်ခါနီးတွင် ရုတ်တရက် မျက်လုံးပွင့်လာကာ တစ်ဖက်လူရဲ့ ခြေထောက်ထိုးခံလိုက်၏။ ချန်ကျားလည်း ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထို့နောက် နောက်ပြန် လှည့်မကြည့်ဘဲ ရုန်းကန်ထွက်ပြေးသွားခဲ့သည်။ သူ့နောက်က ခြေသံကိုကြားပေမယ့် မျက်စိရှေ့က တံခါးကို အသဲအသန် ခေါက်လိုက်သည်။


ဒါက ဖန်းချူနဲ့ ယွိစစ်ကျဲရဲ့ အခန်းဖြစ်ကြောင်း သူမ မှတ်မိသည်။ ချီကျန်းရဲ့ အခန်းကို သူမ မသွားရဲတော့ဘူး။ ဒီမှာ သူမ အကူအညီတောင်းနိုင်တဲ့သူ ရှိမရှိ စမ်းကြည့်ဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာလည်း မရှိတော့ချေ။


သူမနောက်မှ ခြေလှမ်းများသည် ပိုမိုနီးကပ်လာကာ ယောက်ျားတစ်ယောက်၏ လေးလံသောအသက်ရှုသံကို သူမ ကြားနိုင်လုနီးပါးပင်။ သူမ၏ ဦးရေပြားက တဆတ်ဆတ် တုန်လာကာ တံခါးကို အစွမ်းကုန် ခေါက်လိုက်သည်-


"တံခါးဖွင့်ပေးပါဦး... ကူညီပါဦး ကူညီပါဦး"


စိတ်ပျက်လက်ပျက် အမူအရာများ မျက်လုံးတွေထဲ ပြည့်နှက်လာရင်ပဲ တံခါးက ရုတ်တရက် ပွင့်လာ၏။


တံခါးရှေ့မှာ ရပ်နေတဲ့ အရပ်မြင့်မြင့် မျက်နှာတင်းတင်းနဲ့ လူတစ်ယောက်။ 


တင်းရွှယ် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး ယွိစစ်ကျဲဘောင်းဘီစကို ဆုပ်ကိုင်လိုက်သည်။ 


"ကျွန်မကိုကူညီပါဦး.... ချန်ကျားက ကျွန်မကိုသတ်ဖို့ ကြိုးစားနေတာ... ချန်ကျားနဲ့ သခင်မချီက တစ်ဖွဲ့တည်း... သူတို့က ငါ့ကိုသတ်ဖို့ကြိုးစားနေတာ..."


ဖန်းချူ မြင်ကွင်းကြောင့် အံ့အားသင့်သွားကာ ယွိစစ်ကျဲကို ထိတ်လန့်စွာ ကြည့်နေလေသည်။ ယွိစစ်ကျဲ အနည်းငယ် မျက်မှောင်ကြုတ်ကာ တင်းရွှယ် ဆုပ်ကိုင်ထားသော ခြေထောက်ကို ဆွဲထုတ်လိုက်သည်။ 


"ဟုတ်လား? ငါ့ကို ကြည့်ဖို့ ခေါ်သွားပေး..."


တင်းရွှယ် အစကတော့ ပြန်သွားဖို့ ချီတုံချတုံဖြစ်နေပေမယ့် ချန်ကျား နောက်က မလိုက်ဘူးဆိုတာကို ပြန်ကြည့်လိုက်မိသည်။ ယွိစစ်ကျဲနဲ့ ဖန်းချူကလည်း အနီးအနားမှာ ရှိနေတာကို တွေ့လိုက်ရတော့ သူမဟာ ယုံကြည်မှုတွေ နည်းနည်းပိုလာပြီး အံကြိတ်ကာ။ 


"ကောင်းပြီ... ကျွန်မ ရှင်တို့ကို ခေါ်သွားပေးမယ်.. အဲဒါက သခင်မချီရဲ့ တံခါးနားမှာ..."


သူမ မတ်တပ်ထရပ်ကာ သွေးထွက်နေသော ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း နဖူးမှ ချွေးများဖြင့် ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ 


ထို့နောက် သခင်မချီရဲ့ တံခါးဝက မြင်ကွင်းကြောင့် သူမ မယုံကြည်နိုင်စွာ အေးခဲသွားသည်။ ချန်ကျား မရှိတော့ဘဲ၊ သွေးအိုင်တစ်ခုသာ ကျန်ခဲ့၏။ 


သခင်မချီက မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ ရင်ဘတ်တွင် ထက်မြက်သော ဓားမြှောင်တစ်ခု မြှုပ်ထားသည်။ သူမ သေဆုံးသွားချိန်တွင် မျက်လုံးများ ပြူးကျယ်နေခဲ့ရာ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်လိုက်ရသလိုပင်။ သူမ၏ လက်သီးများကိုလည်း တင်းတင်း ဆုပ်ထား​​သေးသည်။ 


ယွိစစ်ကျဲ၏ စူးရှသော မျက်လုံးများက တင်းရွှယ်ဆီသို့ လှည့်သွားသည်။ 


"သခင်မချီနဲ့ ချန်ကျားက မင်းကို သတ်ချင်နေတယ်လို့ မင်း ပြောခဲ့တာမလား "


တင်းရွှယ်၏ သူငယ်အိမ်များလည်း ကျုံ့သွားသည်။ သူမ အထိတ်တလန့်ဖြင့် ခြေတစ်လှမ်းဆုတ်ကာ။ 


"ဟုတ်တယ် ကျွန်မမျက်စိနဲ့ မြင်လိုက်တာ ကျွန်မကိုယ်တိုင် မျက်စိနဲ့ မြင်တာ... သူ သခင်မချီနဲ့ ပူးပေါင်းနေတာ ကြာပြီ... ကျွန်မဆီ ချဥ်းကပ်ခဲ့တာလည်း သခင်မချီရဲ့ အမိန့်အတိုင်းပဲ သူ ကျွန်မကို သတ်ဖို့ တွန်းအားပေးနေတာ..."


ဖန်းချူ: "ဒါပေမယ့် အခု သခင်မချီကတော့ သေပြီ ချန်ကျားလည်း သွားပြီ မင်းပြောတာကို ဘယ်သူမှ စိစစ်လို့မရပေမယ့် ချန်ကျားက မင်းရဲ့ ချစ်သူဆိုတာတော့ ငါတို့အားလုံးသိတယ်"


"ကျွန်မကိုမယုံဘူးလား? ကျွန်မလည်း ချန်ကျားကြောင့် ဒဏ်ရာရသွားတာ... ချန်ကျားပဲ သူပဲဖြစ်မယ်!"


ချီကျန်းနဲ့ လင်ပိုင်လည်း ရုန်းရင်းဆန်ခတ် အသံများကို ကြားပြီးနောက် ပြေးလာကြသည်။ သခင်မချီက တံခါးဝတွင် သေဆုံးနေသည်ကို တွေ့လိုက်ကြရပြီး တင်းရွှယ်ကလည်း မြေပြင်ပေါ်တွင် လဲကျနေသည်။ သူမဝမ်းဗိုက်တွင် သွေးများစွန်းထင်းနေပြီး မျက်လုံးများ အသက်မဲ့နေကာ မျက်နှာမှာ အတော်လေး ထိတ်လန့်နေကြောင်း သိသာ၏။ 


ချီကျန်းရဲ့ ပထမဆုံး အတွေးက တင်းရွှယ်က သူ့အမေကို သတ်လိုက်တာပဲ။ သူ့အမေအလောင်းကို ကိုင်ထားရင်း ဝမ်းနည်းပူဆွေးစွာ ဟစ်အော်လိုက်သည်။ 


"မင်းပဲ! ငါမင်းအမေကို မရည်ရွယ်ဘူးလို့ ပြောခဲ့ပြီးသား... မင်းတကယ် လက်စားချေချင်ရင် ငါ့ဆီလာသင့်တယ်... မင်းဘာလို့ သူ့ကိုသတ်လိုက်တာလဲ..."


လင်ပိုင်ခမျာ သူ့အား ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိတော့သလိုမျိုး ထိုနေရာတွင် ရပ်နေကာ အလွန်ဝမ်းနည်းသွားသည်။


အခုဆို လူ ၃ ယောက်သေပြီမလို့ အားလုံးရဲ့စိတ်ကလည်း လေးလံနေ၏။ 


တင်းရွှယ်: "ငါမဟုတ်ဘူး! ချန်ကျား သူ့ကို သတ်လိုက်တာ... နင့်​အမေနဲ့ ပေါင်းနေတာကြာပြီ ငါ့ကို သတ်ဖို့တောင် ကြိုးစားနေတာ သူသေသွားတာ ငါကဘယ်လိုလုပ်သိမလဲ... ချန်ကျားနဲ့ ဖောက်ပြန်ပြီး အသတ်ခံရတာ ဖြစ်နိုင်တယ်... သူ့ကို ဘယ်သူက သစ္စာမဲ့ပြီး ယောက်ျားတွေနဲ့ ကစားခိုင်းလို့လဲ ငါနဲ့ ဘာဆိုင်လို့လဲ"


ချီကျန်းလက်သီးသည် တင်းရွှယ်မျက်နှာအနီး တစ်စင်တီမီတာထက် မနည်းသော အကွာအဝေးအထိ ရွေ့လာကာ အနည်းငယ် တုန်ခါသွားသည်။ သူ့ရဲ့ နောက်ဆုံး ချုပ်တည်းမှုကတော့ ဒဏ်ရာရ အမျိုးသမီးကို မထိအောင် တားဆီးနိုင်ခဲ့၏။ 


"သူသေပြီ မင်း သူ့ကို ထပ်ပြီး ဆဲရေးရဲသေးရင်တော့ ငါ မင်းကို ခွင့်မလွှတ်ဘူး"


တင်းရွှယ်လည်း ပြိုကျလုနီးဖြစ်နေပါပြီ။ သူမ အမှန်အတိုင်း ပြောနေသော်လည်း ဘယ်သူမှ သူမကို မယုံ။


သူမ၏ သွေးများ တဖြည်းဖြည်း ​များလာသည်အား ခံစားလိုက်ရသည်။ သူမ သေခါနီးပြီ။ ဒီကြောက်စရာကောင်းတဲ့ ​နေရာမှာ သေတောင် သေသွားရနိုင်၏။ သူမ မသေချင်ခဲ့။ သူမ ဤနေရာမှ ထွက်ခွာပြီး ပြင်ပကမ္ဘာကို ကြည့်ချင်​သေးသည်။ သူမ ဒီလောက်နဲ့ မသေချင်သေးပါ။ 


ဖန်းချူသည် သခင်မချီ၏အလောင်းကို ကြည့်ပြီးနောက် ဒဏ်ရာရနေသော တင်းရွှယ်ကိုကြည့်ကာ မျက်ခုံးတို့ တွန့်သွားသည်။ ယွိစစ်ကျဲမှာ ထိုကိစ္စ အားလုံးကို ဂရုမစိုက်သလိုသာ ကြည့်နေခဲ့သည်။ တဖြည် ငြင်းခုံလာကြတာကို မြင်တော့ သူက မျက်ခုံးပင့်လိုက်ပြီး ဝင်ပြောလာသည်။ 


"တကယ်တော့ အမှန်တရားကို သိဖို့ ချန်ကျားကို ရှာဖို့ပဲလိုတာ.... ဒီအိမ်ကြီးက သိပ်မကျယ်ဘူး သူ့ကိုရှာဖို့က မခက်ပါဘူး"


သူ ချီကျန်းကိုလည်း စေ့စေ့ကြည့်လိုက်သည်။ 


"မင်းလည်း အမှန်တရားကို သိချင်နေတာပဲမလား... စိတ်မြန်နေရင် ဘာမှဖြေရှင်းလို့ မရဘူး"


ချီကျန်း မိခင်၏ မျက်ခွံများကို နှိမ့်လိုက်စဥ် သူ့မျက်တောင်များလည်း အနည်းငယ် တုန်နေခဲ့သည်။ အချိန်အတော်ကြာ ခေတ္တနားပြီးနောက် ခေါင်းညိတ်လေ၏။ 


"ကောင်းပြီ" 


လင်ပိုင်လည်း ချီကျန်းလက်ကို လှမ်းဆွဲပြီး ပြောလိုက်သည်။


"ငါမင်းနဲ့လိုက်ခဲ့မယ်" 


ချီကျန်း ခေါင်းညိတ်လိုက်သည်။


တင်းရွှယ်မှာ ဒဏ်ရာ ရခဲ့သော်လည်း သူမတစ်ယောက်တည်း ဤနေရာတွင် မနေခဲ့ရဲပေ။ ထို့ကြောင့် သူမသည် ဒဏ်ရာကို အဝတ်ဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ကာ အံကြိတ်ရင်း ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ 


"ကျွန်မ ရှင်တို့နဲ့လိုက်ခဲ့မယ်..."


ယွိစစ်ကျဲ မဖြေချေ။ သူက သဘောမတူတာ မလုပ်သလို တုံ့ပြန်မှုလည်း မပေးခဲ့။ 


ဖန်းချူ သနားစိတ်ပြင်းပြလာကာ တင်းရွှယ်ကို ကူညီရန် ပြေးသွားပြီး သူမကို တွဲထားထားလိုက်သည်။ သို့သော် ထိုအခိုက် ယွိစစ်ကျဲ၏ အကြည့်ထဲတွင် အေးစက်စက် အာရုံကို ရုတ်တရက် ခံစားလိုက်ရသည်။ 


ဒါပေါ့။ ဒါက သူ့စိတ်ကူးသက်သက်ပါပဲ။ 


ယွိစစ်ကျဲက ခေါင်းကို လှည့်သွားလေ၏။


ချီကျန်း : "ငါတို့ ဟိုဘက်ကို သွားကြည့်မယ်"


ယွိစစ်ကျဲ : "ကောင်းပြီ တစ်ဖက်ကို သွားကြရအောင်...တစ်ခုခုဖြစ်ရင် ငါတို့ကို ချက်ချင်းဆက်သွယ်လိုက်..."


ဖန်းချူမှာ ဒီလို ခွဲထွက်တာက မသင့်တော်ဘူးလို့ ခံစားရလေသည်။ သူ ထိတ်လန့်စရာ ရုပ်ရှင်များစွာကို မကြည့်ဖူးသော်လည်း ထိုသို့သောအခြေအနေများသည် သေခြင်းဆီသို့ အလွယ်တကူ ပို့ဆောင်နိုင်တာကိုတော့ သူသိပါသေးသည်။ ဒါပေမယ့် ချီကျန်းနဲ့ ယွိစစ်ကျဲတို့ နှစ်ယောက်စလုံးက အဲဒီလိုပြောနေကြတော့ သူ ခဏလောက်စဉ်းစားပြီး တိတ်ဆိတ်နေကာ ရိုးရိုးရှင်းရှင်းပဲ တင်းရွှယ်နဲ့အတူ ယွိစစ်ကျဲနောက်ကို အနီးကပ် လိုက်သွားခဲ့သည်။ 


ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသဖြင့် ဖန်းချူ အလွန်ထိတ်လန့် တုန်လှုပ်သွားသည်။ နှလုံးတောင် သူ့အရေပြားထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားကာ အသံထွက်လာရာဆီသို့ သတိကြီးကြီးဖြင့် လျှောက်သွားလိုက်သည်။


သေချာ ကြည့်လိုက်တော့မှ နံရံပေါ်မှာ ချိတ်ဆွဲထားခဲ့တဲ့ ပန်းချီကားတစ်ချပ် ပြုတ်ကျလာခဲ့တာမှန်း သဘောပေါက်သွားတော့၏။ 


ဖန်းချူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပျက်သွားတယ်လို့ ထင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ ပန်းချီကား ပြုတ်ကျသွားရုံသာ ဖြစ်သည်။ သူ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ဆက်လျှောက်သွားတော့မည့် အခိုက် တိကနဲ ရပ်တန့်သွားကာ သူ့မျက်လုံးများထဲတွင် သံသယနှင့် မရေရာသော အကြည့်များ ပေါ်လာသည်။ 


ဒီပန်းချီကားဟာ အတုဖြစ်ကြောင်း ယွိစစ်ကျဲ ဖော်ထုတ်ခဲ့တဲ့ နေကြာပန်း ဖြစ်ကာ ဒီနေရာမှာတော့ ဂုဏ်ပြုခြင်း သို့မဟုတ် အတုယူခြင်းအတွက် ချိတ်ဆွဲထားခြင်း ဖြစ်နိုင်သည်။


ယွိစစ်ကျဲက အချိန်အတော်ကြာအောင် စစ်ဆေးခဲ့သောကြောင့် သူလည်း ပါဝင်၍ အနီးကပ်ကြည့်ရှုခဲ့ရာ ပန်းအိုးထဲမှ နေကြာပန်းနှစ်ပွင့် ညှိုးနွမ်းနေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။


သို့သော် ယခုတစ်ကြိမ်တွင် ညှိုးနွမ်းနေသော နေကြာပန်းက သုံးပွင့်ရှိ​နေသည်။


ဖန်းချူ ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်။ သူ မမှတ်မှားနေဖို့သာ အပြင်းအထန် မျှော်လင့်ခဲ့သည်။ သို့သော် မထိန်းနိုင်ဘဲ ယွိစစ်ကျဲကို အကူအညီတောင်းလိုက်၏။


"အစတုန်းက ညှိုးနေတဲ့ နေကြာပန်း ဘယ်နှစ်ပွင့်ရှိလဲ မှတ်မိ​သေးလား" 


ယွိစစ်ကျဲ : "နှစ်ပွင့်"


ဖန်းချူ : "....."


နှစ်ယောက်စလုံး မြေပြင်ပေါ်ရှိ ပန်းချီကားကို စိုက်ကြည့်နေကြသည်။ ဖန်းချူရဲ့ လက်ချောင်းများမှာ အစကတည်းက အေးစက်နေခဲ့ရာ ယခု ယွိစစ်ကျဲအဖြေကြောင့် သူ့ကျောရိုးကပါ အေးစိမ့်သွားလေ၏။ 


မနေ့က ပန်းချီကားကို သူမြင်လိုက်တဲ့အချိန်တုန်းက သခင်မချီနှင့် တင်းရုံရဲ့ သေဆုံးမှုကို ကိုယ်စားပြုတဲ့ ညှိုးနွမ်းနေသလို နေကြာပန်းနှစ်ပွင့် ရှိခဲ့သည်။ ယခုတွင်မူ နေကြာပန်းက သုံးပွင့်မလို့ သခင်မချီရဲ့ သေဆုံးခြင်းကိုလည်း ကိုယ်စားပြုပုံပေါ်သည်။


ဤပန်းချီကားသည် သေခြင်း​တွေကြောင့် ပြောင်းလဲသွားပေလိမ့်မည်။ နေကြာပန်းတစ်ပွင့်ဟာ နေ့ရက်တိုင်းလိုလို ညှိုးနွမ်း နွမ်းလျနေခဲ့၏။ သို့ပေမယ့် ဒါက ကြောက်စရာအကောင်းဆုံးအပိုင်းတော့ မဟုတ်သေးချေ။ အကြောက်ဆုံးအပိုင်းကတော့ ပန်းချီကားထဲတွင် နေကြာပန်းရှစ်ပွင့် ရှိသည်။


၎င်းက သူတို့ လူအရေအတွက်က နံပါတ်နှင့် မကိုက်ညီပါ။ သူနှင့် ယွိစစ်ကျဲ မပါဝင်ပါက ဗီလာတွင် လူခုနစ်ယောက်ရှိသည်။ သူတို့ပါ ထည့်ပေါင်းရလျှင် ကိုးယောက်ရှိသည်။


သို့သော် ပန်းချီကားတွင် နေကြာပန်းရှစ်ပွင့်ကိုသာ ပြသထားသည်။


အကယ်၍ လူတစ်ယောက် ပျောက်ဆုံးနေတာမျိုး မရှိပါက ဗီလာထဲတွင် အခြားလူတစ်ဦး ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။


သူတို့ မတွေ့ဖူးသောလူတစ်ယောက်!