Ch 15
Viewers 5k

🍲Chapter 15

: သခင်မယွင် ရောက်လာပြီ



 

ဖုန်းရှန်က အံ့အားသင့်သွားလေသည်။ ရှုရန်ယွင်က အဘယ့်ကြောင့် ထောင်ချောက်ထဲကို တမင်ဝင်သွားရန် ရွေးချယ်ရခြင်းကို သူမ နားမလည်နိုင် ဖြစ်နေသည်။ သူမက တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သခင်မက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထို့ကြောင့် သူမက ပါးစပ်ကို ပိတ်လိုက်ပြီး နောက်တွင် ရှုရန်ယွင်၏ အေးစက်စက် အသံကို ကြားလိုက်ရတော့သည်။ 

 

"အိမ်တော်ရဲ့ ဘဏ္ဍာရေးကို စီမံခန့်ခွဲနေရတဲ့သူတစ်ယောက်အနေနဲ့ မေယွဲ့အိမ်တော်မှာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခု ဖြစ်လာရင် ဒုက္ခရောက်မှာက ငါပဲ… ရွှယ်ကျိလန် မဟုတ်ဘူး… ငါက ဒီအတိုင်းထိုင်ကြည့်ပြီး သူနဲ့ အချိန်ဆွဲပြီး အားပြိုင်နေမိရင်၊ မေယွဲ့အိမ်တော်ကို အင်အားကြီးထွားလာဖို့ အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မယ်… နောက်ဆုံးမှာ အနစ်နာဆုံးက ငါပဲဖြစ်မှာ… ဘယ်လိုပဲဖြစ်ဖြစ် ငါပဲနစ်နာရမှာဆိုရင် ဘာလို့ အခုငြိမ်နေရမှာလဲ…"

 

"ရွှယ်ကျိလန်က ပါးနပ်တဲ့ ကြံစည်သူတစ်ယောက် ဖြစ်နိုင်ပေမယ့် သူအကွက်မှားတွက်လိုက်တဲ့ အချက်တစ်ချက်ရှိတယ်… သခင်မကြီးက ဒီနေ့ငါတို့ကိုခေါ်ပြီး သတိပေးစကားပြောခဲ့တယ်… ငါက အဲဒီသတိပေးစကားကို ကြားခဲ့ပြီး အခုပဲ အဲဒီအတွက် တစ်ခုခုလုပ်ဖို့ ထွက်လာခဲ့ပြီ… သူကတော့ သူ့အခန်းထဲမှာ ပုန်းနေတုန်းပဲ… သခင်မကြီးကသာ ဒီအကြောင်းကို ကြားသွားရင်… ဟမ့်… သူ ဘယ်လိုကောက်ချက်ချမလဲ… ဟက်ဟက်… လူတစ်ယောက်က ဘာမဆို မလုပ်ခင် အကျိုးအမြတ်အားလုံးကို တွက်ချက်တတ်ရတယ်… သူက အရှင့်ကို သခင်မကြီးထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်လိုက်တာပဲလေ… ဒီလိုဖြစ်ပြီးတဲ့နောက်မှာ သခင်မကြီးနဲ့ သူ့ရဲ့ဆက်ဆံရေးက အရင်အတိုင်း ကောင်းနေဦးမယ်လို့ နင်ထင်နေတုန်းပဲလား…"

 

ဖုန်းရှန်က ခေါင်းညိတ်လိုက်သည်။ 

"ဒါက တကယ်ကို ကောင်းတဲ့အချက်ပါပဲ… ဒါပေမဲ့ သခင်မကြီးက သခင်မလန်ကို အမြဲမျက်နှာသာပေးခဲ့တာဆိုတော့၊ ဒီကိစ္စတစ်ခုတည်းနဲ့ သူ့အချစ်တော်အပေါ် အမြင်ပြောင်းသွားမှာတော့ မဟုတ်လောက်ဘူးမလား… ပြီးတော့ သခင်က အမြဲတမ်း ပြတ်သားတဲ့သူ တစ်ယောက်ပဲ… သခင်မကသာ သခင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်၊ ကျွန်မတို့ဘက်က အသာမရဘဲ ဖြစ်သွားနိုင်ပါတယ်…"

 

ရှုရန်ယွင်က အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက်လုပ်ရင်း တီးတိုးရေရွတ်လိုက်လေသည်။


"အမြင်မပြောင်းဘူးဟုတ်လား… အင်း… တစ်ခါလောက် ကံဆိုးရုံနဲ့တော့ မပြောင်းလောက်ဘူးပေါ့… ဒါပေမဲ့ ဒီလိုသာ ဆက်ဖြစ်နေရင်ရော… နာကျည်းချက်ထားတတ်တာ လူ့သဘာဝပဲ… ပြီးတော့ ဟိုမိန်းမက မာနကြီးတဲ့သူ… ငါဘာမှမသိဘူးလို့ သူထင်နေတာလား… သူက ပထမသခင်မနေရာကို မျက်စိကျနေတာ အချိန်အတော် ကြာနေပြီလေ… သူ့ရဲ့မြေခွေးအမြီးကို သခင်မကြီးနဲ့ အရှင့်ရှေ့မှာ ထာဝရဖွက်ထားနိုင်မှာ မဟုတ်ဘူးလို့ ငါယုံတယ်…"

 

"ငါ့အတွက်ကတော့… ဟက်ဟက်… ငါက အရှင့်ကို ဘယ်လိုစိတ်အနှောင့်အယှက်ပေးမိမှာမို့လို့လဲ…  ငါက ဟိုသနားစရာမိန်းမတွေကို သွားတွေ့ရုံသက်သက်ပဲလေ… ပြဿနာသွားရှာတာမှ မဟုတ်တာ… ဟုတ်တယ်မလား… ပြီးခဲ့တဲ့လတွေမှာ သူတို့ရသင့်တဲ့ ထောက်ပံ့ကြေးကို ငါ မေ့နေခဲ့မိပြီး သခင်မကြီးက သူတို့အကြောင်းပြောတော့မှ အခုပြန်သတိရသွားတာ… နောင်တတွေနဲ့ ပြည့်နှက်နေတော့ သူတို့ကို သွားတွေ့ပြီး သူတို့အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်တာပေါ့… ဒါက တာဝန်အရှိဆုံး လုပ်ရပ်ပဲ မဟုတ်ဘူးလား… အရှင်ပြန်လာရင် ငါဒီအတိုင်းပဲ ပြောလိုက်မယ်… သူ ငါ့စကားကို အပြစ်ရှာနိုင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်…"

 

ဖုန်းရှန်က ပြုံးရင်း လက်မထောင်ပြလိုက်မိသည်။ 

"သခင်မရဲ့ အမြော်အမြင်ကြီးမားပုံက ကျွန်မကို အံ့အားသင့်စေပါတယ်… သခင်မပြောသလိုဆိုရင်တော့ စိုးရိမ်စရာမလိုတော့ပါဘူး… ဒါပေမဲ့ သခင်မက မေယွဲ့အိမ်တော်ကို ဘယ်တော့သွားတွေ့မှာလဲ…"

 

"အချိန်ဆွဲမနေတော့ဘူး… ငွေတစ်အိတ်၊ ပိတ်စတချို့သွားယူ… ပြီးတော့ ကျူးယွီကို မီးဖိုချောင်လွှတ်ပြီး ဆန်နဲ့ဂျုံမှုန့်တချို့ သွားယူခိုင်းလိုက်… ငါတို့ အခုချက်ချင်းထွက်ခွာမယ်…"

 

မျက်နှာလုပ်ရန် အခွင့်အရေးကို မြင်သော ဖုန်းရှန်က ရင်ကော့ကာ မတ်တတ်ရပ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ 


"သခင်မ… ကျွန်မကို အရင်သွားပြီး အခြေအနေကြည့်ခိုင်းပါလား… ဘာပဲဖြစ်ဖြစ် ပထမသခင်မက မေယွဲ့အိမ်တော်ကို နှင်ထုတ်ခံထားရပေမယ့် သခင့်ကို သူ့ဆီဆွဲဆောင်နိုင်ခဲ့တာပဲလေ… သူ့မှာ လှည့်ကွက်တစ်ခုခု ရှိနေနိုင်တယ်..."

 

ရှုရန်ယွင်၏ လှောင်ရယ်သံက သူမ၏စကားကို ဖြတ်တောက်လိုက်သည်။ 


"သူ့မှာ ဘယ်လိုလှည့်ကွက်မျိုး ရှိနိုင်မှာလဲ… တကယ်လို့ သူ့မှာ အဲဒီလိုလှည့်ကွက်မျိုးတွေသာရှိရင်၊ ဘယ်လိုလုပ် မေယွဲ့အိမ်တော်ကို နှင်ထုတ်ခံရမှာလဲ… သူက အရှင့်ကို လမ်းမှားရောက်အောင် အပေါစား၊ ရိုင်းစိုင်းတဲ့နည်းလမ်းတွေပဲ သုံးခဲ့တာဖြစ်မှာပေါ့… သူက တကယ့်မြေခွေးမ ဖြစ်သွားမယ်လို့တော့ ငါမယုံဘူး… သူ့လိုလူမျိုးကို ရင်ဆိုင်ဖို့တောင် ကင်းထောက်တွေ လွှတ်ရမယ်ဆိုရင်… ဟင်း… ဒီလိုသာလုပ်ရရင် ငါဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ…"


သခင်မက ပြောပြီး လှည့်ထွက်သွားသဖြင့် ဖုန်းရှန်အတွက် တားဆီးရန် အကြောင်းမရှိတော့ပေ။ သူမက ရှုရန်ယွင်ခိုင်းသည့် ပစ္စည်းများကို ပြင်ဆင်ပြီး အသက်ကြီးပိုင်း အမျိုးသမီးအစေခံအချို့ကို ပစ္စည်းများသယ်ရန် ခေါ်လိုက်တော့သည်။ သူမနှင့် ကျူးယွီအပါအဝင် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်ပါသော အဖွဲ့က ရှုရန်ယွင်နောက်မှ မေယွဲ့အိမ်တော်သို့ လိုက်ပါသွားကြသည်။

 

တစ်ချိန်တည်းမှာပင် မေယွဲ့အိမ်တော်တွင် စုနွမ်နွမ်က သူမ၏ ပါဝင်ပစ္စည်းများစာရင်းကို ရေးပြီးကာစ ဖြစ်ပြီး အကြောအချဉ်များကို အားရပါးရဆန့်လိုက်တော့သည်။ စာလုံးကျစ်ကျစ်လျစ်လျစ်များနှင့် ပြည့်နေသော စာရွက်အပိုင်းအစများကို ကြည့်ရင်း သူမဘာသာသူမ ပြုံးလိုက်မိသည်။

 

"သခင်မလေး… သခင်မလေးရဲ့အပြုံးက မြေခွေးတစ်ကောင်လိုပဲနော်…" 


ရှန်းယွင်က သူမသခင်မလေး၏ မျက်နှာကို ကြည့်ရင်း အပြစ်ကင်းစင်စွာဖြင့် ပြောချလိုက်သည်။ သူမက 'အမှန်တရားက နာကျင်စေသည်' ဆိုသော စကားကို တစ်ခါမှမကြားဖူးဘဲ၊ ခေါင်းထဲရှိ စကားလုံးများကို ပါးစပ်ကထွက်ကျစေတတ်သည့် အကျင့်ဆိုးရှိပုံရလေသည်။

 

စုနွမ်နွမ်က နှုတ်ခမ်းစူလိုက်မိသော်လည်း ထိုရိုးအသော ကောင်မလေးကို အပြစ်မတင်ရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမဘေးတွင် ပို၍ဉာဏ်ကောင်းသော အစေခံတစ်ယောက် ရှိနေသေးသည်။ ဟုန်လျန်က စာလုံးများနှင့် ပြည့်ကျပ်နေသော စာရွက်များပေါ်သို့ ကိုင်းကြည့်လိုက်ကာ မျက်တောင်ခတ်ပြီးနောက် စုနွမ်နွမ်ကို လှည့်ကြည့်လိုက်လေသည်။ 


"သခင်မလေး… ဒါတွေက ဘာတွေလဲဟင်…"

 

"ငတုံးမလေး… ငါအရင်က မပြောခဲ့ဘူးလား… စာရင်းလေ… ဒါတွေက နောက်လအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ စာရင်းပဲ… နင်တို့သခင်က ပိုးဟပ်လိုပဲ… ရိုက်သတ်လို့လည်းမသေ… မောင်းထုတ်လို့လည်း မရဘူး… ဒါကြောင့် သူ့ကိုနည်းနည်းသွေးစုပ်လိုက်မယ်လေ…" 

စုနွမ်နွမ်က သူမ၏ ကြိုးပမ်းအားထုတ်မှု၏ သက်သေကို ကြည့်ရင်း အလွန်ကျေနပ်နေတော့သည်။

 

"သခင်မလေး… ဒါက တကယ်သေချာလို့လား... ဒါက တစ်လစာ ပါဝင်ပစ္စည်းတွေပဲလား… တစ်နှစ်စာ ဒါမှမဟုတ် သုံးနှစ်စာလောက်များ မဟုတ်ဘူးလား…" 


ဟုန်လျန်က ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။ သူမက သခင်မလေး မှားသွားသည်ဟု သေချာနေပေသည်။ ဤမျှများပြားသော အစားအစာများဖြင့် အိမ်တော်ရှိလူတိုင်းကို ကျွေးမွေးရလျှင်ပင် တစ်လအတွင်း အားလုံးကုန်နိုင်မည် မဟုတ်ပေ။

 

"အိုး… နည်းနည်းများသွားပုံပဲ…" 

 

စုနွမ်နွမ်ကဲ့သို့ လောဘကြီးသော အစားအသောက်ချစ်သူတစ်ယောက်ထံမှ ထိုသို့သော ရှက်ရွံ့သည့် မျက်နှာကို မြင်ရခြင်းက ရှားလှပေသည်။ စာရွက်ပေါင်းများစွာပေါ်ရှိ ပါဝင်ပစ္စည်းအရေအတွက်က ရူးသွပ်လောက်သည့် အခြေအနေသို့ ရောက်နေပြီဖြစ်လေသည်။ သို့သော် ထိုရှက်ရွံ့မှုက ခဏမျှသာခံပြီး သူမက ရဲရဲဝံ့ဝံ့ ကြေညာလိုက်လေသည်။ 


"ဟီးဟီး… နည်းနည်းများသွားတယ်ဟုတ်တယ်မလား… အဲဒီတော့ရော ဘာဖြစ်လဲ… ကြိုတင်ပြင်ဆင်ထားတာက ကံကောင်းခြင်းကို ဆောင်ကျဉ်းပေးတတ်တယ်လေ…"

 

"ကျွန်မတော့ သွေးနည်းနည်းစုပ်တာထက် သခင်မလေးက အသားတစ်ဖဲ့ကို ကိုက်ဖြတ်ယူမလို့ ကြံနေတာလို့ ထင်မိတယ်… ဟင်း…"

 

ဟုန်လျန်က သူမခေါင်းကို လက်ဖြင့်ကိုင်ထားလိုက်စဉ် စုနွမ်နွမ်က ဟီးဟီးဟုရယ်ရင်း ပြောလိုက်လေသည်။


"နင်က ဒါကို အသားတစ်ဖဲ့လောက် ယူတယ်လို့ ထင်နေတာလား… ဟုန်လျန်ရယ်… နင်က ဟိုလူကို အထင်သေးနေတာပဲ… ဟုတ်တယ်မလား… ဟိုလူရဲ့ ကြံ့ခိုင်မှုက တော်ရုံမဟုတ်ဘူးဟဲ့… ငါပြောပြမယ်… ဒါက အဖွင့်ပွဲပဲရှိသေးတယ်… ဟွန်း… ငါ့ကို စိန်ခေါ်ရဲတယ်ဟုတ်လား… ငါ့ကို စိန်ခေါ်ရဲတဲ့သူတွေက ငါ့ရဲ့တန်ပြန်တိုက်ခိုက်မှုကို လက်ခံဖို့ ပြင်ဆင်ထားရမယ်… သွမ့်ထင်ရွှမ်းရေ… ရှင်စောင့်နေလိုက်… ရှင်ငိုရဖို့ အချိန်စောလွန်းသေးတယ်…"

 

သူမ၏ သခင်မလေး၏ လောဘကြီးမှုကို တွေးမိရင်း ဟုန်လျန်နှင့် ရှန်းယွင်တို့က သူမတို့၏သခင်ကိုယ်စား ငိုချင်လာသလို ခံစားလိုက်ရသည်။ ရှန်းယွင်ကလည်း စာရွက်တစ်ရွက်ကို လက်ညှိုးထိုးပြရင်း အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ ထိုစာရွက်တွင် နေရာလွတ်တော်တော်များများ ကျန်နေသေးသည်။ 


"သခင်မလေး… သခင်မလေးက ပစ္စည်းတွေအများကြီး ရေးထားပြီးပြီပဲ… ဒါပေမဲ့ ဘာလို့ ဟိုမှာ နေရာလွတ်တွေ အများကြီးကျန်နေသေးတာလဲဟင်… ဒီအတိုင်းအလွတ်ထားရတာ နှမြောစရာကြီး မဟုတ်ဘူးလား…"

 

ဟုန်လျန်က အခြားအစေခံမလေးကို မျက်စောင်းထိုးကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

 

ဒီငတုံးမလေးတော့လေ… သခင်မလေးက သူ့စာရင်းထဲမှာ ပစ္စည်းရာပေါင်းများစွာ ထည့်ရေးထားပြီးပြီ… ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှ ပါဝင်ပစ္စည်းအားလုံးကို ရေးထားပြီးလောက်ပြီလေ… စာမျက်နှာရဲ့ ကျန်တဲ့နေရာကို ဘယ်လိုလုပ်ဖြည့်နိုင်တော့မှာလဲ…

 

သူမက ရှန်းယွင်ကို ရှင်းပြမည်ပြုချိန်တွင် စုနွမ်နွမ်၏ ဟားတိုက်ရယ်မောသံက ကြားဖြတ်ဝင်လာ‌လေသည်။


"ဟားဟားဟား… နင် ဒီငတုံးမလေး… 'အတိုင်းအတာထက်လွန်သွားခြင်းက မလွန်သွားသေးခြင်းကဲ့သို့ပင် ဆိုးသည်' ဆိုတာ မကြားဖူးဘူးလား… ဒီစာရွက်မှာ နေရာနည်းနည်းလွတ်နေတာက ငါ၊ နင့်သခင်မလေးက တခြားဘာမှ မစဉ်းစားမိသေးလို့ပဲ… စဉ်းစားမိတာနဲ့ ရေးထည့်လိုက်မှာပေါ့…"

 

[ဂွမ်း…]

 

ဟုန်လျန်က ထိတ်လန့်တကြားဖြင့် စားပွဲပေါ်သို့ မှောက်ကျသွားသည်။

 


အို… ကောင်းကင်ဘုံက နတ်မင်းကြီးတို့ရယ်… မြေပြင်လောကက နတ်မင်းကြီးတို့ရယ်… သခင်မလေးရေ… 'အတိုင်းအတာထက်လွန်သွားခြင်းက မလွန်သွားသေးခြင်းကဲ့သို့ပင် ဆိုးသည်' လို့ ပြောရဲသေးတယ်လား… ဒါတောင်မလုံလောက်သေးဘူးလို့ ထင်နေတုန်းပဲလား…


သူမက စိတ်ထဲမှ တိတ်တဆိတ် ငိုကြွေးနေမိသည်။ သွမ့်ထင်ရွှမ်းအပေါ် ယခင်က သူမထားရှိခဲ့သော မကျေနပ်မှုများအားလုံးက ပျောက်ကွယ်သွားခဲ့ရသည်။ ထို့အစား သူမက သနားစရာကောင်းသော သခင်အတွက် စတင်စိုးရိမ်လာမိသည်။ 

 

သခင်က ဒီဆိုးရွားလှတဲ့စာရင်းကိုမြင်ပြီး ဒေါသထွက်လွန်းလို့ သေများသွားမလားပဲ…

 

စုနွမ်နွမ်က ဟုန်လျန်ကို မသိမသာတစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှတွေးလိုက်မိသည်။

 

အဲဒီစိုးရိမ်နေတဲ့ပုံနဲ့ ဘာဖြစ်နေတာလဲ… ဟွန်း… နင်က သင်ယူစရာတွေ အများကြီးလိုသေးတယ်… ကောင်မလေး… 

 

သို့သော် သူမက အစေခံမလေးကို တစ်စုံတစ်ခုမပြောမီမှာပင် ဟုန်လျန်က နောက်တစ်ကြိမ် မတ်တတ်ရပ်လိုက်ပြီး တီးတိုးပြောလိုက်လေသည်။ 


"သခင်မလေး… ကျွန်မ ပဲတွေကို သွားစစ်လိုက်ဦးမယ်… နေပူထဲမှာ ထားတာကြာပြီဆိုတော့ လောင်ပြီးခြောက်မသွားအောင် သေချာကြည့်ရမယ်…"

 

"သွားချင်ရင် သွားပေါ့… သွားဖို့အတွက် အဲ့လို မဟုတ်ကဟုတ်က ဆင်ခြေတွေပေးစရာမလိုပါဘူး…"

 

စုနွမ်နွမ်က ဟုန်လျန်၏ ဉာဏ်ရည်ကို အထင်မကြီးဘဲမနေနိုင်တော့ပေ။ 

 

"နေပူထဲမှာ လောင်ပြီးခြောက်သွားတယ် ဟုတ်လား… နင်က နေကို ပြဿနာရှိတဲ့ မီးဖိုတစ်ခုလို့ ထင်နေလား… အခုက နွေရာသီရဲ့ အပူဆုံးအချိန်တောင် မဟုတ်သေးဘူး…"

 

ထိုအခါ ဟုန်လျန်က ရှက်သွေးဖြာနေသော မျက်နှာကို လက်ဖြင့်အုပ်၍သာ ထွက်ပြေးသွားနိုင်တော့သည်။ ရှန်းယွင်ကလည်း သူမနောက်မှ တောက်လျှောက်လိုက်သွားလေသည်။ စုနွမ်နွမ်တစ်ယောက်တည်းသာ သူမ၏ 'လက်ရာမြောက်စာရင်း’ ကို ဖြည်းညှင်းစွာ ချီးကျူးရင်း ကျန်ရစ်ခဲ့ လေသည်။ သူမက ထိုစာရွက်များကို လုံခြုံသောနေရာတွင် သိမ်းဆည်းမည်ပြုချိန်၌ ခြေသံများ တဒုန်းဒုန်းဖြင့် ပြန်ပြေးလာသံကို ကြားလိုက်ရသည်။ သူမက မီးဖိုချောင်ပြတင်းပေါက်မှ ခေါင်းပြူထွက်ကြည့်လိုက်ရာ ရှန်းယွင်က ဖင်ကိုမီးလောင်နေသော မျောက်တစ်ကောင်လို ပြေးလာနေခြင်းကို တွေ့လိုက်ရလေသည်။

 

အစေခံမလေးက မီးဖိုချောင်ထဲသို့ ခုန်ဝင်လာပြီး အော်ဟစ်လိုက်တော့သည်။ 


"သခင်မလေး… မကောင်းတော့ဘူး… သခင်မယွင်က သူ့လူတွေခေါ်ပြီး ရောက်လာပြီ…"




🍲🍲