🍲Chapter 6
ဓားသွားချင်း ယှဉ်ပြိုင်ခြင်း
နွေယဉ်စွန်းချိန်သို့ ရာသီဥတု တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့်အမျှ နေ့ရက်တို့က ပို၍ပို၍ ပူပြင်းလာသည်။ ကံကောင်းထောက်မစွာ ညနေခင်းများတွင် လေပြေညင်းလေးများက သူတို့ထံသို့ အလည်လာတတ်သည်။ သခင်နှင့်အစေခံတို့က ဥယျာဉ်ထဲမှ လမ်းလျှောက်ထွက်လာကြပြီး အဝေးမှ မေယွဲ့အိမ်တော်၏ ဝင်ပေါက်ကို လှမ်းမြင်လိုက်ရသည်။ သူတို့ ပိုမိုနီးကပ်သွားသောအခါ ခြံဝင်းတစ်ခုလုံးကို သန့်ရှင်းအောင် တံမြက်စည်းလှဲထားသည်ကို တွေ့လိုက်ရသည်။ ပန်းပင်များနှင့် သစ်ပင်များအားလုံးကို သေသေသပ်သပ် ညှပ်ထားပြီး ကောင်းမွန်စွာ ဂရုစိုက်ထားသဖြင့် စွန့်ပစ်ခံရပြီး နိမ့်ကျနေသည့် နေရာတစ်ခုနှင့် လုံးဝမတူပေ။
သူတို့က လှေကားထစ်များကို တက်သွားကြပြီးနောက် ဝရန်တာအလယ်တွင် စားပွဲကြီးတစ်လုံး ချထားသည်ကို မြင်လိုက်ရသည်။ စားပွဲပေါ်တွင် အပြာရောင်နှင့် အဖြူရောင် ပန်းခက်ပုံပါသော ကြွေပန်းကန်လုံးကြီးတစ်လုံးရှိပြီး ထိုအထဲတွင် အစားအစာတစ်မျိုးမျိုး ထည့်ထားသည်။ လေပြေတစ်ချက် ဝေ့တိုက်လာရာ စားချင်စဖွယ် မွှေးရနံ့တစ်ခုက သူတို့ထံသို့ လွင့်ပျံလာတော့သည်။
သွမ့်ထင်ရွှမ်းက သိချင်စိတ်ဖြင့် စားပွဲထံသို့ ဦးတည်သွားပြီး ပန်းကန်လုံးထဲမှ အရာတစ်ခုကို နှိုက်ယူလိုက်လေသည်။ သူက လက်ထဲက အရာကို စူးစမ်းစွာ စိုက်ကြည့်နေပြီးနောက် စစ်ဖျင်ဘက်သို့ လှည့်လိုက်သည်။ သူက တွန့်ဆုတ်ခြင်း၊ ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်လေသည်။
"ဒီပုံစံက... ဖက်ထုပ်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား… ဘာလို့ ဒီလောက်ကြီးနေရတာလဲ…"
စစ်ဖျင်က ပြုံးလျက် ပြန်ဖြေသည်။
"ကျွန်တော်ရဲ့ အမေက တစ်ခါတလေ ဒီလိုဖက်ထုပ်မျိုးတွေ လုပ်တတ်ပါတယ်… သခင် အိမ်မှာစားနေကျ ပြုတ်ထားတဲ့ ဖက်ထုပ်တွေနဲ့ မတူပါဘူး… ဒါတွေကို ဂေါ်ဖီဖက်ထုပ်လို့ ခေါ်ပါတယ်… ဒါတွေက ပြုတ်ထားတာမဟုတ်ဘဲ ကြော်ထားတာပါ… ကြည့်ပါဦး… မျက်နှာပြင်က အနည်းငယ် ကြွပ်ရွပြီး ရွှေဝါရောင်သန်းနေပါတယ်…"
သွမ့်ထင်ရွှမ်းက အငွေ့တထောင်းထောင်းထနေသော ဂေါ်ဖီဖက်ထုပ်ကို ကြည့်ရင်း သူ့လက်ချောင်းများက ယားယံလာသလို ခံစားလိုက်ရသည်။ သူက နောက်ထပ် စကားတစ်ခွန်းမှ မဆိုဘဲ အကြီးကြီးတစ်ကိုက်ကို အားရပါးရ ကိုက်ချလိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် မွှေးကြိုင်ပူနွေးသော အသားရည်များက သူ့ပါးစပ်ထဲတွင် ပြည့်လျှံသွားပြီး သူ၏ အာရုံခံစားမှုများကို ပြင်းရှသော အရသာဖြင့် လွှမ်းခြုံသွားသည်။ သူက အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်ကာ သက်ပြင်းချလိုက်သည်။
"ဟက်… သူတို့တွေ ဒီမှာ အသက်ဆက်ဖို့ ရုန်းကန်နေရလိမ့်မယ်လို့ ငါထင်နေတာ… ဘယ်သူသိမှာလဲ… တကယ်တော့ ဒီလိုအရသာရှိတဲ့ အစားအစာတွေစားပြီး ကောင်းကောင်းမွန်မွန် နေထိုင်နေကြတာကိုး…"
သွမ့်ထင်ရွှမ်းက ဂေါ်ဖီဖက်ထုပ်ကို နှစ်ကိုက်သုံးကိုက်ဖြင့် အပြောင်ရှင်းလိုက်ပြီး နောက်တစ်ခုကို လှမ်းယူလိုက်သည်။ သူက စစ်ဖျင်ကို ကြည့်ကာ သွားဖြီးပြရင်း ပြောလိုက်လေသည်။
"မီးဖိုချောင်ကို သွားစမ်း… တခြားစားစရာ ဘာတွေရှိသေးလဲ ကြည့်လိုက်… ဪ ဟုတ်သားပဲ… ဒီမှာရှိတဲ့လူတွေ ဘယ်မှာလဲ…"
စစ်ဖျင်၏ မျက်နှာက ရှုံ့မဲ့သွားပြီးနောက် သူက တိုးတိုးလေး ပြောလေသည်။
"သခင်… သခင်မရဲ့ ဒေါသကို သိရဲ့သားနဲ့… သူ့ရဲ့ ဂေါ်ဖီဖက်ထုပ်တွေကို သခင် စားသွားမှန်းသိရင် သူ ဒေါသပေါက်ကွဲသွားနိုင်ပါတယ်… သခင်က ဒီဟင်းကို တကယ်ကြိုက်တယ်ဆိုရင်တော့ သခင်မ မရောက်လာခင် ပန်းကန်လုံးကိုယူပြီး ထွက်သွားဖို့ အကြံပေးချင်ပါတယ်…"
"သူက ငါ့ကိုမြင်တော့ ဘာဖြစ်လဲ… ဘာလုပ်နိုင်မှာမို့လို့လဲ…"
သွမ့်ထင်ရွှမ်းက အသေးအဖွဲကိစ္စများကို မည်သည့်အခါမှ အရေးမလုပ်တတ်ပေ။ ခဏအကြာတွင် သူ့နှုတ်ခမ်းနှင့် လက်များက ဝက်ဆီများနှင့် ဆီရွှဲနေတော့သည်။ သူက သူ့လက်ချောင်းတစ်ချောင်းကို လျက်လိုက်ပြီး ပို၍ပို၍ စိုးရိမ်လာသော စစ်ဖျင်ကို မသိမသာကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"သူစားတဲ့ အစားအစာ၊ သူနေတဲ့ နေရာအားလုံးက ဒီသခင်ပိုင်တာပဲ… ငါကိုယ်တိုင် သူ ချက်ပြုတ်တာကို လာစားတာကိုတောင် သူ ပျော်သင့်တယ်… စကားနည်းနည်းပြောပြီး အလုပ်များများလုပ်… မင်း မီးဖိုချောင်ကို သွားကြည့်လိုက်… တစ်ခုခုဖြစ်ရင် ငါရှိတယ်… ငါတာဝန်ယူတယ်…"
သူစကားပြောနေစဉ်တွင်ပင် ဂေါ်ဖီဖက်ထုပ်ငါးခုက သူ့ဗိုက်ထဲသို့ ပျောက်ကွယ်သွားသည်။ ပန်းကန်လုံးထဲတွင် ဂေါ်ဖီဖက်ထုပ် တစ်ဝက်ခန့်ပင် မကျန်တော့ပေ။ ဖက်ထုပ်များက ပုံမှန်မဟုတ်ဘဲ ကြီးမားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အလွန်လျင်မြန်စွာ ကုန်သွားသလို ခံစားရလေသည်။
ထိုကဲ့သို့သော သခင်မျိုးနှင့် ကြုံတွေ့နေရသဖြင့် စစ်ဖျင်က မီးဖိုချောင်ထံသို့ သွားရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။ သို့သော် သူခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် ခြေသံကြားလိုက်ရသည်။ သူက လန့်သွားပြီး သွမ့်ထင်ရွှမ်း၏ အနောက်တွင် ချက်ချင်း ပုန်းအောင်းလိုက်ပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။
"သ... သခင်… လူ... လူတစ်ယောက်... လာနေပါတယ်…"
သွမ့်ထင်ရွှမ်းက သူ့အစေခံကြောင့် ဒေါသထွက်ပြီး စစ်ဖျင်ကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်။ ထို့နောက် သူက အံကြိတ်ကာ ပြောလိုက်လေသည်။
"လူတစ်ယောက်လာတာ ဘာဖြစ်လဲ… ကျားလာနေတာလည်း မဟုတ်ဘဲနဲ့… မင်းရဲ့ တုန်တုန်ယင်ယင်ပုံစံကို ကြည့်စမ်း… ငါ့ကို အရှက်ခွဲချင်နေတာလား…"
"အံ့ဩစရာပဲ သခင်မလေး ပြောတာမှန်တယ်… ချယ်ရီသီးတွေက အရောင်အရမ်းလှတာပဲ… ဒီမှာကြည့်ပါဦး… တောက်ပတဲ့အနီရောင်လေး… ကျွန်မ ခုနက မြည်းကြည့်တော့ ဟုန်လျန်ကျဲ အမြဲလုပ်တဲ့ ဆီးသီးချဉ်စွပ်ပြုတ်ထက်တောင် ပိုကောင်းသေးတယ်…"
အသံများနှင့်အတူ ဟုန်လျန်နှင့် ရှန်းယွင်တို့၏ ပုံရိပ်များ ပေါ်လာပြီး သူမတို့နှစ်ဦးစလုံး လက်ထဲတွင် အဖြူရောင်ပန်းကန်လုံးတစ်လုံးစီ ကိုင်ထားကြသည်။ သူမတို့နှစ်ဦးလုံးက စကားပြောနေကြရင်း ရုတ်တရက် သူမတို့ချည်းသာ မဟုတ်ဟု ခံစားလိုက်ရသောကြောင့် စားပွဲထံသို့ လှမ်းကြည့်လိုက်ကြသည်။ သွမ့်ထင်ရွှမ်းကို မြင်လိုက်ရသောအခါ အစေခံမလေးများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး ပန်းကန်လုံးများက လွတ်ကျသွားသည်။
"သတိထား…"
သွမ့်ထင်ရွှမ်းက အော်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း သူက အမျိုးသမီးနှစ်ယောက်၏ရှေ့သို့ ရောက်သွားသည်။ သူက ခါးကိုင်းကာ တစ်ဖက်တစ်ချက်စီရှိ ကြီးမားသော ကြွေပန်းကန်လုံးကြီးများကို လုံခြုံစွာ ဖမ်းယူလိုက်သည်။ ပန်းကန်ထဲမှ အရည်များက ဝေ့ဝဲသွားသော်လည်း တစ်စက်မှပင် ဖိတ်ကျမသွားပေ။
"အိုးဟိုး… ဒါက ဖက်ထုပ်စားပြီးမှ သောက်ရမယ့်ဟာကိုး… မဆိုးပါဘူး… မင်းတို့ တော်တော်လေး စေ့စေ့စပ်စပ် စဉ်းစားတတ်သားပဲ…"
သွမ့်ထင်ရွှမ်းက ရုပ်တုများလို မလှုပ်မယှက်ဖြစ်နေသော ရှန်းယွင်နှင့် ဟုန်လျန်ကို လျစ်လျူရှုကာ ပန်းကန်လုံးကြီးတစ်လုံးထဲသို့ လှမ်းကြည့်လိုက်ပြီးနောက် သူက နှစ်ကျိုက်မျှ အားရပါးရ မော့သောက်ကာ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ သူက ဟဲဟဲ ဟုပင် ရယ်မောလိုက်သည်။
"တကယ်ပဲ ဆီးသီးချဉ်စွပ်ပြုတ်ထက် ပိုကောင်းတယ်… ဒါပေမယ့် နည်းနည်းနွေးနေသေးတာတော့ ဆိုးတာပဲ… ရေခဲစိမ်ပြီး တည်ခင်းရင် ပိုတောင်ကောင်းဦးမှာ…"
"ကျွန်... ကျွန်မ... သ... သခင်ကို ဂ... ဂါရဝပြုပါတယ်..."
သွမ့်ထင်ရွှမ်းက ပန်းကန်လုံးနှစ်လုံးကို စားပွဲသို့ ယူသွားပြီး ထိုင်ချကာ နောက်ထပ်ဖက်ထုပ်တစ်ခုကို အားရပါးရ စားသုံးနေမှသာ ထိုသနားစရာ အစေခံမလေးနှစ်ယောက်က ရုတ်တရက် အသိပြန်ဝင်လာပြီး အပြေးအလွှား ဂါရဝပြုကြသည်။
သွမ့်ထင်ရွှမ်းက သူတို့ကို ပေါ့ပေါ့ဆဆ လက်တစ်ဖက်သာ ဝှေ့ယမ်းပြရင်း ပြောလေသည်။
"ရပါတယ်… ငါနဲ့ဆို အဆောင်အယောင်တွေ မလိုပါဘူး… မီးဖိုချောင်ကနေ ငါ့အတွက် ကောင်းကောင်းမွန်မွန် ဟင်းပွဲနည်းနည်း ထပ်ယူခဲ့ပေး… အင်း… ဂေါ်ဖီဖက်ထုပ်က ဆန်ပြုတ်လေးနဲ့ဆို လိုက်ဖက်မယ်ထင်တယ်… ဟုတ်တယ်မလား… သာမန်ဆန်ပြုတ်ဆို ရပါပြီ… သကြားခဲလေးနဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်လေး ယူခဲ့…"
ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ… ဒါ အိမ်မက်လား…
ရှန်းယွင်နှင့် ဟုန်လျန်တို့က မိမိတို့ကိုယ်ကိုယ် ထိုမေးခွန်းများအား မမေးဘဲ မနေနိုင်ခဲ့ကြပေ။ သို့သော် သူမတို့ထဲမှ မည်သူမျှ တစ်ခွန်းမှ မပြောရဲကြပေ။ သူတို့က ဤအရှက်မရှိသော လူသားက ပန်းကန်လုံးထဲမှ ဂေါ်ဖီဖက်ထုပ်တစ်လုံးကို ထပ်ယူပြီး ကိုက်စားနေသည်ကို အားမတန်မာန်လျှော့ဖြင့်သာ ကြည့်နေနိုင်ခဲ့ကြသည်။
ထိုအချိန်တွင်ပင် ခြင်္သေ့မတစ်ကောင်၏ အစွမ်းဖြင့် ဟိန်းဟောက်လိုက်သော အားကောင်းသည့် အသံတစ်ခုက ထွက်ပေါ်လာသည်။
"အဲ့ဒီဖက်ထုပ်ကို ချထားလိုက်စမ်း…"
ဤဟိန်းဟောက်သံနှင့်အတူ စုနွမ်နွမ်က မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။ သူမ၏လက်ထဲတွင်မူ သကြားခဲဆန်ပြုတ် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားလေသည်။ သူမက လျင်မြန်သော ခြေလှမ်းများဖြင့် ရှေ့သို့တိုးလာပြီးနောက် သူမ၏ ခြေထောက်က သွမ့်ထင်ရွှမ်း၏ မျက်နှာထံသို့ ကန်ကျောက်လိုက်သည်။
သွမ့်ထင်ရွှမ်း၏ အရပ်က ဖိနပ်မပါဘဲ ၆ ပေ ရှိသည်။ ခေတ်မီတိုင်းတာမှုများအရ သူက ၁.၈၃ မီတာခန့် ရှည်သည်။ စုနွမ်နွမ်၏ သွယ်လျနူးညံ့သော ခန္ဓာကိုယ်က သွမ့်ထင်ရွှမ်း၏ မျက်နှာကို မည်သို့မျှ ကန်နိုင်စရာအကြောင်းမရှိပေ။ သို့သော် သွမ့်ထင်ရွှမ်းက ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ ထိုင်ကာ သူမ၏ အစားအစာကို စားသုံးနေသောကြောင့် ဤရက်စက်သော အမျိုးသမီးဇာတ်ကောင်အား ထိုလူရှုပ်လူပွေ ယောင်္ကျား၏ မျက်နှာကို တိုက်ခိုက်ရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။
ကံဆိုးစွာပင် သွမ့်ထင်ရွှမ်း၏ သိုင်းပညာက အစစ်အမှန်ဖြစ်ပြီး သူက သူ့ထိုင်ခုံမှ နောက်သို့ ခုန်ရှောင်လိုက်ခြင်းဖြင့် ဤရုတ်တရက် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ရုတ်တရက်တိုက်ခိုက်ခံရသောကြောင့် သူ၏ လှုပ်ရှားမှုများက အလွန်အမင်း ထိတ်လန့်တကြား ဖြစ်သွားပြီး သူကိုင်ထားသော ဂေါ်ဖီဖက်ထုပ်က ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားရသည်။
"ရ... ရပ်လိုက်စမ်း... ဒါ ဘာတွေဖြစ်နေတာလဲ…"
သွမ့်ထင်ရွှမ်းက ထိုအမျိုးသမီးက တစ်ဝက်စားပြီးသား ဖက်ထုပ်ကို အေးအေးဆေးဆေး ကောက်ယူနေခြင်းကို ကြည့်နေမိသည်။ ထို့နောက် သူ၏ ပါးပြင်များ ပူနွေးလာပြီး အံကြိတ်ရင်း မေးလိုက်လေသည်။
"မင်း... မင်းငါ့ကို ပုန်ကန်မလို့လား…"
"ရှန်းယွင်… ဒါကို ကြက်တွေကျွေးလိုက်…"
စုနွမ်နွမ်က တစ်ဝက်စားပြီးသား ဖက်ထုပ်ကို ရှန်းယွင်အား ပေးလိုက်ပြီးနောက် သွမ့်ထင်ရွှမ်းကို ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်… ဒါနဲ့ရှင်က ဘယ်သူပါလဲ…"
"မ... သခင်မလေး… ဒါ... ဒါက သခင်ပါ…"
ဟုန်လျန်က မျက်နှာဖြူဖျော့စွာဖြင့် အပြေးအလွှား ပြောလိုက်သည်။ သူမ၏ သခင်မက 'သေလုနီးပါး' အတွေ့အကြုံပြီးနောက် ရောဂါပြန်ထလာပြီး သူမ၏ ခင်ပွန်းကိုပင် မေ့သွားသည့်အထိ ဖြစ်သွားခဲ့သည်။
"သခင်လား… ငါ့ ခင်ပွန်းကို ဆိုလိုတာလား…"
စုနွမ်နွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သွမ့်ထင်ရွှမ်း၏ အိုးမဲသုတ်ထားသလို မည်းမှောင်နေသော မျက်နှာကို မြင်သောအခါ သူမက အေးဆေးစွာ ထိုင်ချလိုက်ပြီးနောက် ပြုံးလိုက်လေသည်။
"အော်… အရှင်ကိုး… အရှင်က ဘာလို့ ကြိုတင်အကြောင်းမကြားဘဲ ရောက်လာရတာလဲ…"
"ငါက မင်းကို ဘာလို့ အကြောင်းကြားရမှာလဲ… မင်းအကြံအစည်တွေဆွဲပြီး ပြဿနာပိုကြီးအောင် လုပ်ဖို့လား…"
သွမ့်ထင်ရွှမ်းက အေးစက်စွာ ရယ်မောလိုက်သည်။ စုနွမ်နွမ်က ကြမ်းတမ်းပြီး ရန်လိုသူအဖြစ် နာမည်ကြီးသော်လည်း ဤအဆိပ်ပြင်းသော ဇနီးသည်က သူ့မျက်နှာကို ကန်ကျောက်ရန် သတ္တိရှိလာလိမ့်မည်ဟု သူ မည်သည့်အခါကမှ မထင်ခဲ့ပေ။
သူက ဒီလိုအကွက်တွေ ဘယ်တုန်းက သင်ထားတာလဲ…
"အရှင်… နောက်နေတာတွေ ရပ်ပေးပါ… ကျွန်မ ဘယ်သူ့ကိုမှ ပြဿနာမရှာတာ ကြာပါပြီ…"
စုနွမ်းနွမ်က အနည်းငယ် ပြုံးလိုက်ပြီး ချောမွေ့သော လှုပ်ရှားမှုဖြင့် ဂေါ်ဖီဖက်ထုပ် ပန်းကန်လုံးကို ဆွဲယူကာ ရှန်းယွင်ထံ ပေးလိုက်သည်။
"ငါတို့ကို ထားခဲ့ကြ… အရှင်က ငါနဲ့ ပြောစရာရှိနေပုံပဲ… ဒါတွေကို အရင် မီးဖိုချောင်ထဲ ပြန်ထားလိုက်… အရှင့်ရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရစရာ မလိုပါဘူး…"
သွမ့်ထင်ရွှမ်း၏ မျက်လုံးများက ဟုန်လျန် ယူသွားသော ပန်းကန်ပြားပေါ်တွင် ကပ်နေသည်။ သူက စားရင်းသောက်ရင်း စကားပြောလို့ရကြောင်း ပြောချင်သော်လည်း စုနွမ်နွမ်က ပြုံးကာ မှတ်ချက်ပြုလိုက်သည်။
"နောက်တစ်ခါ အရှင်လာချင်ရင် ကျွန်မကို အရင် အကြောင်းကြားရပါမယ်… ဒီလို သာမန်အရပ်သူရဲ့ အစားအစာက အရှင့်လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နဲ့ မတန်ပါဘူး…"
"မင်းက မင်းရဲ့သခင်ကို ဖက်ထုပ်လေးနည်းနည်းကျွေးဖို့အတွက်တောင် နှမြောနေတာလား…"
ဒါကတော့ တော်တော်လွန်သွားပြီ…
သွမ့်ထင်ရွှမ်းက စားပွဲပေါ်သို့ သူ့လက်ဖဝါးဖြင့် ဒေါသတကြီး ရိုက်ချလိုက်သည်။
တော်တော်မုန်းစရာကောင်းတာပဲ… ဒီမှာ နှစ်ဝက်လောက်နေပြီးနောက်မှာ ဒီမိန်းမက ရိုင်းစိုင်းကြမ်းတမ်းတာတွေ လျော့သွားပေမယ့် သူ့လျှာကတော့ တော်တော်ထက်မြက်လာပုံပဲ… တော်တော်မုန်းဖို့ကောင်းတယ်… တကယ်ကို မုန်းဖို့ကောင်းတာပဲ…
"အရှင် နားလည်သဘောပေါက်ရင် ပြီးတာပါပဲ…"
အစားအစာခိုးစားသော ယခုလိုလူရှုပ်လူပွေ ယောင်္ကျားတစ်ယောက်ကို စုနွမ်နွမ်က သဘာဝအတိုင်းပင် ဂရုမစိုက်ပေ။ သူမ၏ သရော်စကားကြောင့် သူ့မျက်နှာက ပိုမည်းမှောင်သွားသောအခါ သူမ၏ နှလုံးသားက အလွန်ပင် ပေါ့ပါးသွားရသည်။
"မင်း ဒီနေ့ တော်တော်ထက်မြက်နေပါလား… အထူးသဖြင့် မင်းရဲ့လျှာပဲ… ပြီးတော့ မင်း ခုနက ငါ့ကို မမှတ်မိပုံမပေါ်ဘူး… ဒါ ဘာဖြစ်နေတာလဲ…"
သွမ့်ထင်ရွှမ်းက လျင်မြန်စွာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အရေးကြီးဆုံးကိစ္စကို ဆုပ်ကိုင်လိုက်သည်။ သူ၏ မည်းမှောင်နေသော မျက်နှာက ပုံမှန်ပြန်ဖြစ်သွားပြီး သူက စက္ကူယပ်တောင်တစ်ချောင်းကို အေးအေးလူလူ ယပ်ခတ်နေလေသည်။ အပူအပင်ကင်းမဲ့သော လူကြီးလူကောင်းတစ်ဦး၏ ပုံရိပ်အတိုင်းပင်။
"သေမင်းခံတွင်းဝကနေ လွတ်လာပြီးတဲ့နောက်မှာ ကျွန်မရဲ့ မှတ်ဉာဏ်က နည်းနည်း ဝေဝါးသွားပုံရပါတယ်… တစ်ခါတလေ ကျွန်မ အရှင့်မျက်နှာကိုတောင် မမှတ်မိနိုင်တဲ့ အချိန်တွေ ရှိပါတယ်… အခုလို သေလုနီးပါးဖြစ်ပြီးမှ ပထမဆုံးအကြိမ် တွေ့ဆုံကြတော့ အမှတ်မထင် အရှင့်ကို မမှတ်မိလိုက်တာပါ…"
စုနွမ်နွမ်က ဖိအားတစ်စုံတစ်ရာမရှိဘဲ ပေါ့ပေါ့ဆဆပင် ပြောချလိုက်သည်။
လိမ်ညာပြောဆိုဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ…
ကိုယ်တိုင်က အမှန်တရားဟု သတ်မှတ်လိုက်လျှင် ၎င်းက အမှန်တရားဖြစ်လာလိမ့်မည်။
သွမ့်ထင်ရွှမ်း၏ မျက်နှာမှ ပျောက်ကွယ်သွားခဲ့သော မည်းမှောင်သောအမူအရာက ဤသေးငယ်သောမိန်းမကို အနည်းငယ် မသေချာမရေရာစွာ ငုံ့ကြည့်လိုက်သည်။ ဤသူတွင် တစ်စုံတစ်ရာ ထူးခြားနေသည်ဟု ထူးဆန်းသောခံစားချက်တစ်ခု ဝင်လာသော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ တိတိကျကျ မပြောနိုင်ခဲ့ပေ။ သူမက ယခင်ကအတိုင်း ရိုင်းစိုင်းကြမ်းတမ်းပြီး ရန်လိုနေဆဲဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူမပတ်ဝန်းကျင်ရှိ ဂုဏ်သိက္ခာရှိဟန်ပန်က တိုးတက်လာသယောင်ရှိသည်။ စုနွမ်နွမ်က အမြဲတမ်းရုပ်ရည်ချောမောသူဖြစ်သော်လည်း ယခင်က ဤမျှလွှမ်းမိုးနိုင်သောဩဇာကို ပိုင်ဆိုင်ခဲ့ခြင်းမရှိခဲ့ပေ။
"ကဲ… နေ့ကလည်း မှောင်လာနေပြီ… ညစာစားချိန် ရောက်ပြီထင်တယ်… ဟုတ်တယ်မလား… ငါ ခုနက ဗိုက်မပြည့်သေးဘူး… အင်း… မင်းကတော့ တကယ်ကို ပျော်တတ်တာပဲ… ညနေခင်းလေပြေနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ခံစားဖို့ အပြင်မှာ စားပွဲတစ်လုံးချထားတယ်… အင်း… ဒါက တကယ်ကို ဇိမ်ကျတဲ့ ခံစားချက်မျိုး ပေးတာပဲ…"
မြို့စားငယ်လေးက စကားလမ်းကြောင်းလွှဲလိုက်ပြီး သူစကားပြောနေစဉ် စုနွမ်နွမ်၏ မျက်နှာအမူအရာကို အနီးကပ် လေ့လာနေသည်။
သို့သော် စုနွမ်နွမ်က ထိုသတင်းစကားကို လက်ခံရရှိပုံမပေါ်ပေ။
အိုဟိုး… နင်က စကားလမ်းကြောင်းလွှဲပြီး ငါ့စားစရာကို စားချင်တယ်ပေါ့လေ… ဟေးဟေး… နင့်ရဲ့ အချည်းနှီး စိတ်ကူးယဉ်မှုကို ငါအခုပဲ ချေမှုန်းပစ်မယ်…
"ကျွန်မတို့ ညစာမစားသေးပါဘူး… အရှင့်ရဲ့ စေတနာကို အထူးကျေးဇူးတင်ပါတယ်… ညစာစားဖို့ နည်းနည်းစောပါသေးတယ်… ညမှောင်တဲ့အထိ စောင့်ပြီးမှ စားလို့ရပါတယ်…"
ငါက ဘာလို့ နင့်ကို ကျွေးရမှာလဲ… ပါဝင်ပစ္စည်းတွေအားလုံးက ငါရှာထားတာ… နင့်လို လူရှုပ်လူပွေအတွက် ဘာမှမရှိဘူး…
"ခုနက စားစရာတွေက အပူချိန်အတော်ပဲလေ… မင်းတို့ အရမ်းကြာကြာစောင့်နေရင် အရသာက ပျက်သွားမှာမဟုတ်ဘူးလား…"
သွမ့်ထင်ရွှမ်းကလည်း အစားအစာကို သူအလွယ်တကူရနိုင်မည်မဟုတ်ကြောင်း ရိပ်မိလေသည်။ သို့သော် သူက အလွယ်တကူလက်လျှော့ရန် ဆန္ဒမရှိဘဲ သွယ်ဝိုက်သောနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဘယ်သူသိနိုင်မလဲ…
ဤမှတစ်ဆင့် စိတ်ဝင်စားစရာတစ်ခုခုကို သူသိရှိလာနိုင်ပေသည်။
🍲🍲