အပိုင်း ၃ - ငါ ပြောသင့် မပြောသင့် မသေချာဘူး။
"ငါ မှားသွားပြီ..."
ချောင်ကွမ်းယွီသည် ချွမ်ချွမ်ကမ်းပေးသည့် ပူနွေးနေသော လက်ဖက်စိမ်းခွက်အား ပိုက်ထားရင်းမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ လရောင်ဖြူလေးကို 'အစ်ကိုကြီး နည်းနည်းလောက် သင်ယူလိုက်ပါဦး' ဆိုတဲ့ စကားမျိုး ပြောလိုက်မိတယ်!"
သူတို့သည် လရောင်ဖြူလေးနှင့် တွေ့ဆုံရမည့် အခြေအနေပေါင်းများစွာအား စိတ်ကူးကြည့်ခဲ့ပြီး လက်ဖက်စိမ်းဖြားယောင်းသူ၏ ဆွဲဆောင်မှုရှိသည့် ဟန်ပန်နှင့် သူ့အား မည်သည့်ပုံစံဆွဲဆောင်ပြီး မနာလိုဖြစ်အောင်လုပ်ရမည်ဆိုသည်အထိ လေ့ကျင့်ထားခဲ့ခြင်းဖြစ်သည်။
သူတို့၏ အဓိကရည်မှန်းချက်သည် ဟော့ကျိုးနှင့် လရောင်ဖြူလေးအား ဖူးစာဆုံအောင်လုပ်ပေးပြီး သူတို့၏ အချစ်ဇာတ်လမ်းလေးတွင် မြှားနတ်မောင် ဖြစ်လာရန်ပင်ဖြစ်သည်။
မည်သူက ထင်ထားမည်နည်း။
ပထမဆုံးတွေ့ဆုံမှု၌ပင် ချောင်ကွမ်းယွီသည် လမ်းချော်သွားခဲ့ပြီး အဆိုးဆုံးကမူ သူက ပိုင်ယွဲ့ကွမ်းလေးကိုတောင် သတိမထားမိခဲ့ပေ။ သူသည် သူ၏ မိုက်မဲမှုကြောင့် ငိုချင်စိတ်ပေါက်သွားခဲ့ရ၏။
( T/N ပိုင်ယွဲ့ကွမ်း= လရောင်ဖြူလေး/ငယ်ချစ်ဦး)
ပြန်တွေးကြည့်လျှင် ဝူးယွီနှင့် မျက်နှာချင်းတူသည်မှလွဲ၍ သူ့တွင် ဝူးယွီနှင့်တူသည့်အရာ တစ်ခုမှမရှိပါပေ။ သူ့ကဲ့သို့ ရိုင်းစိုင်းသည့်လူနှင့် သပ်ရပ်လန်းဆန်းသည့် မင်းသားလေးကြား၌ မည့်သည့်နှိုင်းယှဉ်စရာကိစ္စမျိုးမှ မရှိနေပေ။
ဝူးယွီသည် သူ့ထက် အပြတ်အသတ်သာလွန်နေခဲ့သည်။
ဝူးယွီသည် ဟော့ကျိုးကို သူ့ဆီမှ လုယူခံရမည်အား စိုးရိမ်စရာမလိုသကဲ့သို့ ဟော့ကျိုးနှင့် အလျင်အမြန် ပြန်လည်သင့်မြတ်ရန်လည်း မလိုအပ်ခဲ့ချေ။
"မင်း မှားသွားမှန်းတော့ သိသေးသားပဲ"
ချွမ်ချွမ်မှ အေးစက်စွာ ပြုံးလိုက်သည်။
"မင်း ဝူးယွီကို မြင်တာနဲ့ အပျော်လွန်ပြီး ထကတော့မယ် ထင်ခဲ့တာ"
"ငါ မှားပါတယ်… ချွမ်ချွမ် QAQ"
သူတို့သာ ဟော့ကျိုး၏ရုံးခန်းအပြင်ဘက် ဧည့်ခန်းထဲတွင် ရှိနေ၍မဟုတ်ပါက ချောင်ကွမ်းယွီသည် ချွမ်ချွမ်၏ရှေ့၌ ဒူးထောက်ပြီးဖြစ်မည်မှာ သေချာလှသည်။
ချွမ်ချွမ် : "..."
သူ့နဖူးအား တစ်ဝက်တစ်ပျက် ထောက်လိုက်ရင်းမှ ချွမ်ချွမ်သည် လက်အား အားအင်မရှိတော့သကဲ့သို့ လှုပ်ယမ်းလိုက်သည်။
"ထားလိုက်ပါတော့…နောက်ပိုင်း ပိုသတိထားပါ
ဒီနေ့လို မတော်တဆမှုမျိုး ထပ်မဖြစ်စေနဲ့၊ ဝူးယွီက မင်းအကြောင်းကို အများကြီး မသိသေးဘူး၊ မင်းရဲ့ ထူးခြားချက်ကို… သူရှာမတွေ့သွားပါစေနဲ့လို့ မျှော်လင့်ပါတယ်"
ချောင်ကွမ်းယွီသည် ပိုပြီး စိတ်သက်သာရာရသွားကာ လက်ဖက်စိမ်းပူပူလေးအား တစ်ငုံထပ်သောက်လိုက်ရင်း သက်ပြင်းချသည်။
"ကောင်းလိုက်တာ… ဒီလက်ဖက်ရည်က ဘာလဲ၊ လရောင်ဖြူလေးအတွက် သီးသန့်လား"
ချွမ်ချွမ်သည် သူ့အား အေးစက်စွာ ကြည့်လိုက်ပြီး ပြန်ဖြေခဲ့သည်။
"အော်ဂဲနစ်လက်ဖက်စိမ်း…မင်းအတွက် အထူးဝယ်ထားတာ၊ မင်း စိတ်လန်းဆန်းစေဖို့နဲ့ မင်းရဲ့ ဉာဏ်ရည်နည်းပါးမှုကို နည်းနည်းမြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါမှ သုံးနှစ်ကြာ ပင်ပန်းဆင်းရဲမှုကို ခံခဲ့ပြီးတော့ နောက်ဆုံးအခိုက်အတန့်မှာမှ အရာအားလုံးကို မဖျက်ဆီးမိမှာ"
ချောင်ကွမ်းယွီ : "..."
ရုတ်တရက် ချောင်ကွမ်းယွီသည် ရယ်မောလိုက်ပြီး သူ၏မျက်လုံးများသည် ရွှန်းလဲ့နေကာ ချွမ်ချွမ်အား ကြည့်လိုက်သည်။
ချွမ်ချွမ်သည် ရှုပ်ထွေးစွာမေးလာသည်။
"ဘာကြည့်နေတာလဲ"
"မင်း ဘယ်လောက်ချောလဲဆိုတာကို ကြည့်နေတာ"
ချောင်ကွမ်းယွီသည် မစဉ်းစားဘဲ ဖြေခဲ့၏ ။
ချွမ်ချွမ်က ပြုံးလိုက်သည်။
"ဟုတ်ပါပြီ… ဟုတ်ပါပြီ၊ ငါပြောချင်တာက မင်း နည်းနည်း ထူးဆန်းနေတယ် ထင်လို့ပါ"
ချောင်ကွမ်းယွီသည် သူ့ဘေးမှ ဆိုဖာအား ပုတ်ပြလိုက်ပြီး ချွမ်ချွမ်အား ဘေးမှာလာထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
"မင်းက အတွင်းရေးမှူးလောကမှာ လတ်ဆတ်တဲ့ လေပြေလိုပဲ… တခြားသူတွေက အထက်လူကြီးရဲ့ လူယုံဖြစ်ဖို့ အကောင်းဆုံးကြိုးစားနေချိန်မှာ မင်းက ငါ့ကို လရောင်ဖြူလေးရဲ့ နေရာယူခိုင်းပြီး အစားထိုးတစ်ယောက် ဘယ်လိုဖြစ်ရမလဲဆိုတာ သင်ပေးတယ်၊ တစ်ခါတလေကျ ငါ အတွေးလွန်တဲ့အချိန်တွေကျရင် မင်းက မစ္စတာဟော့ ငါ့ကို ချစ်သွားတာကို မလိုချင်ဘူး၊ ငါနဲ့ သူနဲ့ အတူရှိတာကို မမြင်ချင်ဘူးလို့ တွေးမိတယ်"
ချွမ်ချွမ်က ပြန်ချေပသည်။
"မင်းက သူဌေးရဲ့ ခေါင်းအုံး ဖြစ်ချင်သေးတာလား"
"မဖြစ်ချင်ပါဘူး"
ချောင်ကွမ်းယွီသည် ချက်ချင်း ခေါင်းခါလိုက်၏။
"ငါ သူ့ကို မချစ်ဘူး… ပြီးတော့ သူ့ကို တစ်သက်လုံး မှီခိုနေဖို့လည်း စိတ်ကူးမရှိဘူး"
ချွမ်ချွမ်သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"သူက မင်းကို တစ်သက်လုံး ထောက်ပံ့ပေးဖို့ ဆန္ဒရှိရင် ဘယ်လိုလုပ်မလဲ"
သူသည် ချောင်ကွမ်းယွီအား လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။
"သူက ချမ်းသာတယ်၊ အကျင့်ဆိုးမရှိဘူး၊ ရုပ်ချောတယ်၊ အင်အားပြည့်ဝတယ်… ပြီးတော့ မင်းကို အဘက်ဘက်က ထောက်ပံ့ပေးနိုင်တယ်"
ချောင်ကွမ်းယွီသည် နားထောင်ရင်း ခေါင်းညိတ်လိုက်ပြီး ပေါ့ပါးစွာ ပြန်ဖြေခဲ့သည်။
"သူက တကယ်ပဲ ဒီလောက် ကောင်းတယ်ဆိုရင် ချွမ်ကော သူ့ကို ယူသင့်တယ်"
ချွမ်ချွမ် : "..."
ချောင်ကွမ်းယွီ: "..."
သူတို့ကြား၌ စကားများ မကိုက်ညီသောကြောင့် အနည်းငယ် အဆင်မပြေသည့် တိတ်ဆိတ်မှု ဖြစ်ပွားသွားသည်။
သူတို့သည် တိတ်ဆိတ်စွာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် ချွမ်ချွမ်က ထရပ်ပြီး သူ၏ လက်ဖက်စိမ်းခွက်အား ပြန်ဖြည့်နေချိန်၌ ချောင်ကွမ်းယွီသည် ဆိုဖာပေါ်ရှိ မဂ္ဂဇင်းတစ်အုပ်အား ငြီးငွေ့စွာ လှန်နေခဲ့သည်။
ကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင် အနားယူခန်း၌ စီးပွားရေးဂျာနယ်များသာရှိပြီး ချောင်ကွမ်းယွီသည် ၎င်းတို့ကို နားမလည်နိုင်ခဲ့ပေ။ သူ ဖုန်းထုတ်ပြီး ဂိမ်းကစားရန် စဉ်းစားလိုက်သော်လည်း အစားထိုးတစ်ယောက်၏ ပုံရိပ်အား ထိန်းသိမ်းထားသင့်ပေသည်။
သူသည် ယခုအချိန်တွင် စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းနေသော်လည်း မျက်ရည်များအား ထိန်းထားခဲ့သည့် အစားထိုးတစ်ယောက်ဖြစ်သောကြောင့် သူ့ဖုန်းအား ထိလိမ့်မည်မဟုတ်ကြောင်း သတိရလိုက်သည်။
သူက မဂ္ဂဇင်းကိုသာ ပြန်ဖွင့်လိုက်ပြီး စာမျက်နှာများအား လှန်နေရင်းမှ ရုတ်တရက် အံ့ဩမှုကြောင့် အော်သံထွက်မိသွားသည်။ သူ မဂ္ဂဇင်းထဲ၌ ဝူးယွီ၏ အင်တာဗျူးတစ်ခုအား အမှန်တကယ် တွေ့လိုက်ရသည်ပင်။
ချောင်ကွမ်းယွီသည် မျက်နှာဖုံးအား ကြည့်လိုက်ချိန်၌ ထိုမဂ္ဂဇင်းသည် ယခုလ၏ နောက်ဆုံးထုတ်ဖြစ်မှန်း သိလိုက်ရသည်။
ဝူးယွီ၏ အင်တာဗျူးသည် အသေးစိတ်ပါဝင်ပြီး စာမျက်နှာများစွာရှိကာ သူနှင့်ပတ်သက်သည့် ပေါ့ပါးသော ဓာတ်ပုံများစွာဖြင့်ပါ တွဲဖက်ထားပြီး သူသည် အလွန်ဆွဲဆောင်မှုရှိပုံရသည်။
အင်တာဗျူး၏ ခေါင်းစဉ်သည် { ဂီတမင်းသားလေး စီးပွားရေးသို့ ကူးပြောင်းခြင်း… ဝူးမိသားစုသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ထိုးရန် စီစဉ်နေပြီး စွမ်းအင်သစ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများသို့ စွန့်စားဝင်ရောက်ခြင်း } ဟူ၍ ဖြစ်သည် ။
ချောင်ကွမ်းယွီသည် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအား နားမလည်သော်လည်း ဝူးယွီသည် ပြည်ပ၌ ဂီတပညာအား သင်ယူခဲ့ကာ တရုတ်ပြည်သို့ ပြန်ရောက်သည့်အချိန်၌ ဂီတအား စွန့်လွှတ်ပြီး ဝူးအဖွဲ့၏ အမှုဆောင်အရာရှိအဖြစ် ဝင်ရောက်ခဲ့သည်အား အင်တာဗျူးမှ သိလိုက်ရသည်။
သူသည် မရေမတွက်နိုင်သည့် မကျေနပ်ချက်များအား မခံစားရဘဲ မနေနိုင်ခဲ့ပေ။ သူက သူ့ကိုယ်သူ ဖယောင်းတိုင် တစ်တန်းတည်း ထွန်းညှိပေးချင်စိတ်ပင် ပေါက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ စိုးရိမ်မိသည်။
အနာဂတ်၌ သူ၏ "ပြင်ပ သင်ကြားမှု" အတွက် စီးပွားရေးကဲ့သို့သော အခြားဘာသာရပ်တစ်ခုအား သင်ယူရန် လိုအပ်ဦးမည်လား..
ထို့နောက် ဟော့ကျိုးသည် သူ့ရုံးခန်းထဲ၌ တစ်နေ့ကုန် ကုန်ဆုံးပြီးနောက် နောက်ဆုံး၌ လေကောင်းလေသန့် ရှူရန် ထွက်လာခဲ့ပြီး တံခါးအားတွန်းဖွင့်လိုက်သည့်အခါ၌ ဝူးယွီ၏ ကိုယ်လုံးပြည့်ဓာတ်ပုံအား ပြထားသည့် မဂ္ဂဇင်းနှင့်အတူ စိတ်ဓာတ်ကျနေသည့် ချောင်ကွမ်းယွီအား တွေ့လိုက်ရသည်။
ချောင်ကွမ်းယွီ၏ မျက်ရည်ကျလုနီးပါး ဖြစ်နေသော မျက်နှာအမူအရာသည် ဟော့ကျိုး၏ ခြေလှမ်းများအား ရပ်တန့်စေခဲ့ပြီး သူ၏ ခံစားချက်များကို သူကိုယ်တိုင် အဖြေမရှာနိုင်သေးခင်မှာပင် တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကြောင့် ချောင်ကွမ်းယွီဆီသို့ သူ လျှောက်သွားခဲ့သည် ။
သူ့လက်ထဲရှိ မဂ္ဂဇင်းအား ကောက်ယူပြီး ဘေးသို့ ပစ်ချလိုက်၏။ ထို့နောက် ချောင်ကွမ်းယွီအား
တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
ချောင်ကွမ်းယွီအား တင်းကျပ်စွာ ဖက်ထားသည့်အချိန်တွင် သူ၏ဗလာဖြစ်နေသည့် နှလုံးသား၌ တစ်စုံတစ်ခုကပြည့်နှက်သွားခဲ့ပြီး သူ၏မတည်ငြိမ်မှုအား ငြိမ်သက်စေလျက် သူ့ကမ္ဘာအား ငြိမ်းချမ်းမှုယူဆောင်လာပေးသကဲ့သို့ ခံစားလိုက်ရသည်။
ချောင်ကွမ်းယွီ : "???"
ဟော့ကျိုး၏ "သုံးမှတ်တန်"လှုပ်ရှားမှုသည် အလွန်မြန်လွန်းသည့်အတွက် ချောင်ကွမ်းယွီသည် ဟော့ကျိုး၏ စိတ်ခံစားမှုခရီးစဉ်အား ခွဲခြမ်းစိတ်ဖြာပြီး မည်သည့်အမူအရာမျိုး ပြုလုပ်ရမည်ဆိုသည်ကို ရှာဖွေရန် အချိန်ပင်မရလိုက်ပေ။
သူသည် ဟော့ကျိုး၏ ပွေ့ဖက်မှုကိုခံယူနေရင်းမှ ခေါင်းအား လျှို့ဝှက်စွာ ထောင်လိုက်ပြီး အရာအားလုံးကို သိသည့် အတွင်းရေးမှူးချွမ်အား တောင်းပန်သည့် အကြည့်တစ်ချက် လှမ်းပေးမိတော့၏။
ချွမ်ချွမ်၏ မျက်နှာအမူအရာသည် “ မင်းကိုတော့ ကယ်လို့မရတော့ဘူး ” ဟူသည့် ပုံစံမျိုး ဖြစ်နေပြီး သူသည် သူ၏ တည်ငြိမ်မှုကိုပင် မနည်းထိန်းထားရပုံ ပေါ်နေသည်။
ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုအပြီး၌ ချောင်ကွမ်းယွီနှင့် ချွမ်ချွမ်သည် အပြန်အလှန်နားလည်မှုရှိသည့် ဆက်သွယ်မှုအား တည်ဆောက်ထားနိုင်ခဲ့သည်။
ချွမ်ချွမ်သည် ပါးစပ်ဟကာ တစ်ခုခုအား အရိပ်အမြွက်ပြောလိုက်ပြီးနောက် ချောင်ကွမ်းယွီလည်း ဘာလုပ်ရမည်ဆိုသည်ကို ချက်ချင်းသိလိုက်တော့သည်။
သူသည် ဟော့ကျိုးအား ညင်သာစွာ တွန်းထုတ်ပြီး သူ့နှုတ်ခမ်းများအား စူလိုက်ကာ တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီနေ့ ကျွန်တော် နေလို့မကောင်းဘူး… အတွင်းရေးမှူးက ကျွန်တော့်ကို အိမ်ပြန်ပို့ပေးလို့ရမလား"
"မစိုးရိမ်ပါနဲ့..."
ဟော့ကျိုး ထိုစကားလုံးများအား ပြောလိုက်မိသည့်အချိန်၌ သူကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဝူးယွီနှင့် ချောင်ကွမ်းယွီအား တစ်နေရာတည်းတွင် မြင်ရသည့်အခါ သူ၏ပထမဆုံးတုံ့ပြန်မှုသည် ချောင်ကွမ်းယွီအား နှစ်သိမ့်ရန် ဖြစ်နေသည်ဆိုသည့် အချက်မှာ မယုံနိုင်စရာကောင်းနေခဲ့သည်။
ထိုအချက်အား သဘောပေါက်သည့်အခါ၌ သူသည် သူ၏ ဒုတိယဝါကျအား ရုတ်တရက် ဖြတ်တောက်ပြီး ပြောင်းလဲလိုက်တော့သည်။
"အဆင်ပြေပါတယ်… ဒီနေ့ မင်းပင်ပန်းနေလောက်ပြီ စောစောအနားယူလိုက်ပါ"
ချောင်ကွမ်းယွီသည် ဟော့ကျိုး၏ ပွေ့ဖက်မှုမှ ပေါ့ပါးစွာရှောင်ထွက်သွားခဲ့ပြီး ဟော့ကျိုး၏မျက်နှာပေါ်မှ ဝန်လေးနေသည့် အရိပ်အယောင်အား သတိမထားမိခဲ့ချေ။
သူသည် ချွမ်ချွမ်ဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့ပြီး သူ့ခြေလှမ်းများသည် ပို၍ပင်မြန်လာခဲ့ကာ သူ၏ စိတ်လှုပ်ရှားမှုအား သူ့မျက်နှာပေါ်၌ ဖော်ပြလုနီးပါး ဖြစ်နေသည်။
ချွမ်ချွမ် : "..."
---------
စာရေးသူ၏ မှတ်ချက်-
ချောင်ကွမ်းယွီ : ငါ့မှာ ပြောစရာတွေ အများကြီးရှိတယ်...
ချွမ်ချွမ် : အဲဒါ ငါပြောသင့်တဲ့ စကားလေ
ဟော့ကျိုး: ?
ဝူးယွီ : ဒီမဂ္ဂဇင်းထဲက ဓာတ်ပုံတွေက လှတယ်… အနာဂတ်မှာ သူတို့နဲ့ အင်တာဗျူးတွေ ပိုလုပ်သင့်တယ်
~~~