အပိုင်း (၁) - အတော်လေး ရယ်ရ၏။
"သူ ပြန်လာပြီ"
ဖုန်းတစ်ဖက်မှသူက အေးစက်သည့် အသံဖြင့် ပြောခဲ့သည်။
ချောင်ကွမ်းယွီသည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး ဖုန်းအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဒါဆို... ငါ ဘာလုပ်ရမလဲ ဒေါသထွက်ချင်ယောင်ဆောင်ရမလား သဝန်တိုချင်ယောင်ဆောင်ရမလား"
"..."
ဖုန်းတစ်ဖက်၌ တိတ်ဆိတ်နေပြီးနောက် ထိုသူ၏အသံသည် ပြန်ထွက်လာခဲ့သည်။
"မင်း ဘာမှလုပ်စရာမလိုဘူး သူဌေးဘေးမှာပဲ ဆက်နေပါ… ပြီးတော့ မင်း ဒါကို သိနေပြီးသားဆိုတာ သူမသိစေနဲ့"
"ဟေ့…ဒါက မဖြစ်နိုင်တာကို တောင်းဆိုတာ မဟုတ်ဘူးလား"
ချောင်ကွမ်းယွီမှ ညည်းတွားလိုက်သည်။
"ငါက လျှို့ဝှက်ချက်မထိန်းထားနိုင်ဘူးဆိုတာ မင်း သိသားပဲ… မင်းရဲ့ သူဌေးရှေ့မှာ လျှို့ဝှက်ချက်ပေါက်ကြားသွားရင် ငါ ဘယ်လိုလုပ်ရမလဲ"
ထိုသူသည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားဟန်ရှိ၏။
"သူပြန်လာပြီဆိုတော့ မင်းကို ဖော်ထုတ်ခံရရင်တောင် သိပ်အရေးမကြီးတော့ဘူး၊ သူဌေးက မင်းကို တကယ်ချစ်လာမှာ မဟုတ်ဘူး"
"ဟုတ်ပါပြီ…နားလည်ပါပြီ"
ချောင်ကွမ်းယွီလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"ငါ စိုးရိမ်တာက တစ်ခုခုမှားယွင်းသွားပြီး မစ္စတာဟော့က ရုတ်တရက်ကြီး လရောင်ဖြူလေးကို မကြိုက်တော့ဘဲ ငါ့ကို ချစ်သွားမှာကိုပဲ..."
"မင်း အတွေးလွန်နေပြီ"
ထိုသူမှ ဖြတ်ပြောသည်။
"ချွမ်ကော…အတွင်းရေးမှူးချွမ်၊ မစ္စတာဟော့ ရဲ့'လရောင်ဖြူလေး' နဲ့ တွေ့ရင် ငါ ဘာပြောသင့်လဲ"
ချောင်ကွမ်းယွီသည် စိတ်အားထက်သန်စွာ မေးလိုက်သည်။
အတွင်းရေးမှူးချွမ်၏ အသံသည် တောင့်တင်းနေသည်။
"နည်းနည်း ရိပ်မိသွားသလိုလုပ်ပြီးတော့ ဝမ်းနည်းစိတ်ပျက်ချင်ယောင်ဆောင်လိုက်၊ ဒါပေမဲ့ သူဌေး သနားဂရုဏာသက်သွားအောင်တော့ အလွန်အကျွံ မလုပ်နဲ့ပေါ့"
"ဝိုး…ဒါက အဆင့်မြင့် သရုပ်ဆောင်စွမ်းရည်တွေလိုပဲ!"
ချောင်ကွမ်းယွီက လက်သီးဆုပ်လျက် ပြောလိုက်သည်။
"ငါ မှန်ရှေ့မှာ ရက်နည်းနည်းလောက် လေ့ကျင့်ဖို့ လိုတယ် ၊ ဒါဆို…စန္ဒယားသင်ခန်းစာတွေကို ခဏနားလို့ ရမလား"
"မရဘူး"
အတွင်းရေးမှူးချွမ်က ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
"မမေ့နဲ့…မင်း စန္ဒယားသင်ခန်းစာယူတိုင်း သူဌေးက သူ့ရဲ့ လရောင်ဖြူလေးကို သတိရနိုင်တယ်၊ မင်းရဲ့ ဇာတ်ရုပ်ကို အဆုံးထိ သရုပ်ဆောင်ရမယ်"
"ကောင်းပါပြီ..."
ချောင်ကွမ်းယွီသည် စိတ်ပျက်အားငယ်သည့် အသံဖြင့် ပြန်ပြောလိုက်၏။
"ငါ မနက်ဖြန် မင်းကို လာကြိုမယ်"
အတွင်းရေးမှူးချွမ်မှ ထပ်ပြောလာသည်။
"ညဉ့်နက်တဲ့အထိ မနေနဲ့"
"မစိုးရိမ်ပါနဲ့ ချွမ်ကော…ညဉ့်နက်တဲ့အထိ နေရင် ငါ မျက်ကွင်းညိုသွားလိမ့်မယ်၊ ဒါက မစ္စတာဟော့ ရဲ့ လရောင်ဖြူလေးနဲ့ တူညီမှုကို ထိခိုက်စေမယ်…ဒါကိုတော့ ငါ သိပါတယ်"
ချောင်ကွမ်းယွီသည် လက်ဝှေ့ယမ်းပြပြီး ယခုလို လူသားမဆန်သည့်ဘဝအား သုံးနှစ်နီးပါး ဖြတ်သန်းခဲ့ရသည်ကြောင့် ခုလိုအသေးအဖွဲ့ကိစ္စများအား သူ ကိုင်တွယ်နိုင်ပြီဖြစ်ကြောင်း ပြသသည်။
အတွင်းရေးမှူးချွမ်သည် နောက်ထပ် မည်သည့်စကားမှ မပြောလာတော့ပေ။ နှုတ်ဆက်စကား ဖလှယ်ပြီးနောက် သူတို့ ဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက် ချောင်ကွမ်းယွီသည် သက်ပြင်းချလိုက်ပြီး ဖုန်းအား ဘေးသို့ ပစ်ချလျက် အဝတ်အစားများ ချွတ်ကာ မှန်ဆီသို့ လျှောက်သွားသည်။
ကိုယ်လုံးပေါ်မှန်ထဲတွင် အရပ်ရှည်ရှည်နှင့် ပိန်သွယ်သည့် လူငယ်တစ်ဦးသည် သူ့မျက်နှာအား စိုက်ကြည့်နေသည်။
ထိုမျက်နှာသည် အတော်လေး ခန့်ညားပြီး ကောင်းမွန်သော အစိတ်အပိုင်းများနှင့် ထင်ရှားလှ၏။ သွယ်တန်းသော မျက်ခုံးများ၊ ခန့်ညားသည့် မျက်လုံးများ၊ မြင့်မားသော နှာတံနှင့် နူးညံ့သည့် နှုတ်ခမ်းများ ရှိသည်။
အသားဖြူပြီး ကိုယ်ခန္ဓာကြံ့ခိုင်ပုံရကာ တင်ပါး ကောက်ကြောင်းပေါ်၍ ကြွက်သားများဖြင့် ပိန်သွယ်၏။ ဤခန္ဓာကိုယ်သည် လိင်တူစိတ်ဝင်စားသူများအတွက် အတော်လေး ဆွဲဆောင်မှုရှိသည်။
ချောင်ကွမ်းယွီသည် သူ့ခန္ဓာကိုယ်အား ခဏမျှ ကြည့်ရှုဂုဏ်ယူပြီးနောက် ရေချိုးခန်းသို့ သွားလျက် ရေချိုးပြီး အိပ်ရာဝင်ခဲ့သည်။
သူ မီးပိတ်လိုက်သည်နှင့် မှန်ပြတင်းပေါက် အပြင်ဘက်မှ ညမြင်ကွင်းသည် ကြမ်းပြင်မှ မျက်နှာကျက်အထိ ပေါ်လွင်ဝင်ရောက်လာသည်။
ချောင်ကွမ်းယွီသည် ညစ်ညမ်းနေသည့် ညကောင်းကင်အား စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်ပြီးနောက် မျက်လုံးများ မှိတ်လိုက်သည်။
နောက်တစ်နေ့၌ အတွင်းရေးမှူးချွမ်သည် အချိန်မှန်ရောက်လာပြီး တံခါးအား ခေါက်ခဲ့သည်။
ချောင်ကွမ်းယွီသည် အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်ပေးခဲ့၏။ သူသည် ဟော့ကျိုး ဝယ်ပေးထားသည့် တိုက်ခန်း၌ နေထိုင်ပြီး အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်း ရှိသည်။
သူသည် မာစတာအိပ်ခန်းအား ယူထားပြီး ကျန်သည့် အိပ်ခန်းဖြစ်သည့် ဧည့်သည်ခန်းအား ဟော့ကျိုးအတွက် သီးသန့်ထားသော်လည်း ဟော့ကျိုးသည် တစ်ညတစ်ခါမျှ လာရောက်နေထိုင်ဖူးခြင်း မရှိပေ။ ထို့အပြင် သူ့အား တစ်ခါမျှ ထိတွေ့ခြင်းလည်း မရှိခဲ့ချေ။
ဤအခြင်းအရာအား သူနားလည်နိုင်ပါသည်။ ချောင်ကွမ်းယွီသည် ဟော့ကျိုး၏ လရောင်ဖြူလေးနေရာတွင် အစားထိုးအဖြစ် သရုပ်ဆောင်နေခြင်းဖြစ်ပြီး ဤဇာတ်ရုပ်အား အပြစ်ပြုမိ၍ မရပေ။ ထို့အပြင် ဟော့ကျိုးသည် သူ့အား မချစ်သည့်အတွက် သူတို့၏ အတိတ်ဆက်ဆံရေးအား ပြန်လည်စတင်ရန် လရောင်ဖြူလေး ပြန်လာသည်အထိ စောင့်ဆိုင်းနေဆဲဖြစ်သည်။ သူသည် လရောင်ဖြူလေးအတွက် ကျောက်စိမ်းကဲ့သို့ပင် စင်ကြယ်မှုအား ထိန်းသိမ်းထားရမည်။
ထို့ကြောင့် သူနှင့်ဟော့ကျိုးကြား အရင်းနှီးဆုံး အခိုက်အတန့်များကို အနမ်းများနှင့် လက်တွဲခြင်းများအဖြစ်သာ ကန့်သတ်ထားသည်။ လေထုအခြေအနေများ ပူလောင်လာပြီး စိတ်ပါလာလျှင်တောင်မှ ဟော့ကျိုးသည် နောက်ဆုံးအခိုက်အတန့်၌ သူ့ကိုယ်သူ ထိန်းချုပ်ထားလေ့ရှိသည်။
ဤသို့ သူ့ကိုယ်သူထိန်းချုပ်ထားခြင်းသည် ဟော့ကျိုးအား အသက်ရှူမကျပ်စေဘူးလားဟု ချောင်ကွမ်းယွီအား တွေးမိစေသည်။
သို့သော် ထိုအရာများကို သူစိုးရိမ်ရန်မလိုပေ။ ၎င်းတို့သည် ဟော့ကျိုး၏ လရောင်ဖြူလေးက စိုးရိမ်ရမည့်ကိစ္စများသာ ဖြစ်သည်။ သူသည် သူ၏ဇာတ်ရုပ်အား သရုပ်ဆောင်ပြီး ငွေအတွက် အလုပ်လုပ်ရန်သာ တာဝန်ရှိသည်။
အတွင်းရေးမှူးချွမ်မှ သူ့အား မျက်မှောင်ကြုတ်ကြည့်သည်။
"အထိန်းအကွပ်ရှိစမ်းပါ…ဒီလိုပုံစံမျိုးကို သူဌေးရှေ့မှာ မပြမိစေနဲ့"
သူသည် ချောင်ကွမ်းယွီအား ပေါ့ဆသည်ဟု ဖော်ပြလိုသော်လည်း ထိုစကားလုံးသည် ချောင်ကွမ်းယွီ၏ အာရုံစိုက်မှုအား ရရှိရန် မပြင်းထန်ကြောင်း သူ တွေ့ရှိရသည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်လေးသည် အများမျက်ကွယ်တွင် ရှိသည့်အချိန်တိုင်း ထိုပုံစံမျိုး ရှိနေခြင်းကြောင့် ဖြစ်သည်။ လျော့တိလျော့ရဲ အဝတ်အစားများ၊ ဘယ်ညာတစ်ဖက်စီ စီးထားသော မတူညီသည့် ဖိနပ်အစုံနှင့် ဆံပင်များရှုပ်ပွနေသည်မှာ သူ့အသွင်အပြင်အား ဂရုမစိုက်သည့်ပုံပေါ်သည်။
"ငါ သိပါတယ်…မစ္စတာဟော့ရှေ့မှာ ငါ ပရော်ဖက်ရှင်နယ်မဆန်တာကို ဘယ်တုန်းက မြင်ဖူးလို့လဲ"
ချောင်ကွမ်းယွီမှ သမ်းဝေရင်း အတွင်းရေးမှူးချွမ် ယူလာသည့် ပလတ်စတစ်အိတ်အား ဖွင့်လျက် အတွင်းမှ ထုပ်ထားသည့် မနက်စာအား ဆွဲထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ပုဇွန်လုံးတွေ ဝယ်လာတယ်! ငါ ပုဇွန်လုံးကို အကြိုက်ဆုံးပဲ"
"များများစား"
ချွမ်ချွမ်သည် ရုတ်တရက် လူယုတ်မာပြုံး ပြုံးလိုက်သည်။
"မစ္စတာဟော့က ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူး….မင်း ဒီနေ့ တစ်နေကုန်နီးပါး သူနဲ့အတူ ရှိနေရမယ်..."
ဟော့ကျိုးနှင့် အတူရှိနေခြင်းသည် ပင်လယ်စာ စားခွင့်မရခြင်းဟု ဆိုလိုသည်။
"ဘဝက ခက်ခဲပါတယ် ချွမ်ကော"
ချောင်ကွမ်းယွီက မတတ်နိုင်သည့်လေသံဖြင့် သက်ပြင်းချသည်။
ချွမ်ချွမ်သည် သူ့ရှေ့ရှိခုံအား ဆွဲယူလျက် ထိုင်လိုက်ပြီး သူ၏ရှည်လျားသည့် ခြေထောက်များကြောင့် စားပွဲအောက်၌ ခြေထောက်များအား လျှို့ဝှက်စွာ ရွှေ့နေသည်။
"ဒီစနေနဲ့တနင်္ဂနွေမှာ မစ္စတာဟော့က ချန်ဖန်းကျွန်းကို သွားမယ်ဆိုတာ ငါ သိလိုက်ရတယ်…သူလည်း မနေ့ကမှ သူ့ရဲ့ အချိန်ဇယားကို အဲဒီကို သွားဖို့ စီစဉ်လိုက်တာ… ချန်ထုန်းက သူ့နောက်ကို လိုက်သွားလိမ့်မယ်"
ချောင်ကွမ်းယွီက ပုဇွန်လုံးတစ်လုံးအား မြိုချရင်း အံ့သြစွာမေးလိုက်သည်။
"ငါတို့ကရော"
"မင်းလုပ်ချင်တာလုပ်…ငါ့မှာ ငါ့ကိစ္စတွေ ရှိတယ်"
အတွင်းရေးမှူးချွမ်က အေးစက်စွာ ပြောသည်။
"ဪ..."
ချောင်ကွမ်းယွီသည် ခဏရပ်ပြီးမှ မေးသည်။
"ဒါပေမဲ့ ပုံမှန်ဆိုရင် မင်းက သူများတွေကို ကိုယ့်ဘာသာ ကိုင်တွယ်ဖို့ အခွင့်အရေး မပေးပါဘူး…ဘယ်လိုကိစ္စကြီးက မင်းကို သူဌေးဆီကနေ ခွာသွားစေတာလဲ"
ချွမ်ချွမ်သည် သူ့အား ကြည့်လိုက်ပြီး ဘာမှ မပြောပေ။
"ဟေး… မင်း ငါ့ကို အဲဒီလို ကြည့်နေမယ်ဆိုရင် မင်း ငါ့ကို ချစ်မိသွားပြီလို့ ငါ ထင်သွားလိမ့်မယ်နော်"
ချောင်ကွမ်းယွီသည် သူ့လည်ပင်းအားကျုံ့ပြီး ကြောက်လန့်သလို အမူအရာအား တမင်တကာ ပြလိုက်သည်။
"သွားစမ်းပါ"
ချွမ်ချွမ်က မချေမငံ ပြန်ပြောသည်။
"ဒီလထဲမှာ မင်းအမေရဲ့ နှစ်ပတ်လည်နေ့ ရှိတယ်မလား၊ မင်း သူ့ရဲ့သင်္ချိုင်းကို သွားဖို့ မလိုဘူးလား"
ချောင်ကွမ်းယွီလည်း လန့်သွားပြီး ပြုံးလိုက်သည်။
"တကယ်ကို မင်းက ကောင်းမွန်တဲ့ အတွင်းရေးမှူးပဲ၊ မင်းရဲ့မှတ်ဉာဏ်က အထင်ကြီးစရာပဲ၊ ငါတောင် မေ့တော့မလို့..."
ချောင်ကွမ်းယွီ ကောလိပ်ကျောင်းပြီးတဲ့နှစ်မှာ ဟော့ကျိုး၏ကုမ္ပဏီ၌ သူ၏ကိုယ်ရေးအကျဉ်းအား တင်သွင်းကာ အလုပ်လျှောက်ခဲ့သည်။ ကိုယ်ရေးအကျဉ်းများအား စစ်ဆေးရန် တာဝန်ယူသူသည် အတွင်းရေးမှူးချွမ် ဖြစ်သည်။ သူ ချောင်ကွမ်းယွီကို မြင်သည့်အခါ ဟော့ကျိုး၏ချစ်သူ ဝူးယွီနှင့် အလွန်တူသည်ဟုထင်ပြီး ဟော့ကျိုးအား တင်ပြခဲ့သည်။
ဟော့ကျိုးသည် သူ့အား တကယ်ကြိုက်သည်။ သို့မဟုတ် သူ၏မျက်နှာအား ကြိုက်သည်။ ဟော့ကျိုးက မကြာခင်မှာပဲ သူနှင့်အတူရှိရန် အဆိုပြုခဲ့ပြီး သုံးနှစ်အတွက် ယွမ် ၅ သန်းနှင့် အိမ်တစ်လုံး ပေးခဲ့သည်။
ထိုသဘောတူညီချက်တွင် အချစ်ရေးလုပ်ငန်းများ မပါဝင်ခဲ့ပေ။ ချောင်ကွမ်းယွီထံမှ အဖော်ပြုမှုနှင့် စကားပြောဆိုဆက်ဆံမှုသာ လိုအပ်ခဲ့သည်။ ထိုနှစ်မှာပင် ချောင်ကွမ်းယွီ၏ အမေသည် ဆိုးရွားစွာ နာမကျန်းဖြစ်နေပြီး ပိုက်ဆံလိုနေခဲ့သည်။ သို့သော် ပိုက်ဆံရပြီးသည်နှင့် သူမ ကွယ်လွန်သွားခဲ့သည်။
ချွမ်ချွမ်သည် ချောင်ကွမ်းယွီ၏အမေ ဈာပနအတွက် စီစဉ်မှုအားလုံးအား လုပ်ဆောင်ပေးပြီးနောက် ကောလိပ်ဘွဲ့ရများအတွက် အလုပ်ရှာရခက်ခဲသည်ကို သတိတရှိနှင့် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ ထိုပိုက်ဆံနှင့်ဆိုလျှင် သူ နှစ်အနည်းငယ် အနားယူနိုင်လောက်သည်။
ချွမ်ချွမ်သည် အလွန်လက်တွေ့ကျသောသူ ဖြစ်သည်။ သူသည် ချောင်ကွမ်းယွီအား အစားထိုးတစ်ယောက်အဖြစ် ရှာဖွေတွေ့ရှိခြင်းအားဖြင့် ဟော့ကျိုး၏ အတွင်းရေးမှူးရာထူးအား တက်လှမ်းနိုင်သည် ဟုလည်း ရှင်းလင်းစွာ ပြောပြခဲ့သည်။ ထိုကိစ္စသည် ချောင်ကွမ်းယွီမှ သူ့အတွက် ယူဆောင်လာသည့် အကျိုးကျေးဇူးပင် ဖြစ်သည်။
ထို့နောက် သူက ချောင်ကွမ်းယွီ၏ ယွမ် ၅ သန်းအား ရင်းနှီးမြှုပ်နှံရာမှာလည်း ကူညီပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိကြောင်းကိုလည်း သေချာအောင် လုပ်ပေးနိုင်သည်။ ဤသည်မှာ သူ ချောင်ကွမ်းယွီအား ပြန်ပေးနိုင်သည့် အကျိုးကျေးဇူးပင်။
သူတို့၏ အကျိုးစီးပွားများသည် ချည်နှောင်မှုရှိသည်။
ချောင်ကွမ်းယွီသည် အမှန်အားဖြင့် ချွမ်ချွမ်အား အလွန်လေးစားသည်။ အသက်အားဖြင့် အနည်းငယ် ကြီးသော်လည်း ချွမ်ချွမ်သည် သူ့ထက် အများကြီးပိုပြီး ရင့်ကျက်တည်ငြိမ်သည်။
ချွမ်ချွမ်မရှိလျှင် ချောင်ကွမ်းယွီ၏ သရုပ်ဆောင်မှုမှာ ယခုလောက် ချောမွေ့ခဲ့မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် လရောင်ဖြူလေး၏နေရာတွင် အစားထိုးရန်အတွက် ဆွဲဆောင်မှုရှိပြီး စျေးပေါသည့် ကောင်လေးများ အများကြီး ရှိခဲ့သော်လည်း ဟော့ကျိုးသည် သူ့ကိုသာ အနားမှာ အမြဲထားချင်ခဲ့သည်။
ချွမ်ချွမ်သည် ချောင်ကွမ်းယွီအတွက် အောက်ခြေစည်းတစ်ခုအား အမြဲ ထိန်းသိမ်းထားပေးခဲ့သည်။ သူ့အား ယခုသုံးနှစ်တာ ကပ်ပါးဘဝတွင် သူ့ကိုယ်သူ မဆုံးရှုံးစေရန်အတွက် တားဆီးပေးခဲ့သည်။
အတွင်းရေးမှူးချွမ်၏ စကားနှင့် ပြောရမည်ဆိုလျှင် ဤသို့ဖြစ်လိမ့်မည်။
"မင်းကို ငါရှာတွေ့ပြီးကတည်းက မင်းကို ကြည့်ရှုပေးဖို့ တာဝန်ရှိတယ်"
သို့နှင့် ထိုသူသည် ချောင်ကွမ်းယွီအား သူ၏တာဝန်အဖြစ် သတ်မှတ်ခဲ့သည်။
ချွမ်ချွမ်သည် ကောင်းမွန်သည့် အတွင်းရေးမှူး တစ်ယောက်ဖြစ်သည်။ သူသည် ချောင်ကွမ်းယွီကိုလည်း ကောင်းမွန်သည့် သရုပ်ဆောင်တစ်ယောက်အဖြစ် လေ့ကျင့်ပေးခဲ့သည်။
သရုပ်ဆောင်ကောင်းတစ်ယောက်နှင့် အတွင်းရေးမှူးကောင်းတစ်ယောက်သည် သူဌေးအား အချိန်အကြာကြီးစောင့်ခိုင်းမည် မဟုတ်ပေ။ ချောင်ကွမ်းယွီသည် ချွမ်ချွမ် ယူလာပေးသည့် မနက်စာအား အမြန်စားပြီး ချွမ်ချွမ်နှင့်အတူ မြေအောက်ကားပါကင်သို့ ဆင်းသွားလျက် မစ္စတာဟော့၏ ကားတစ်စီးထဲသို့ ဝင်လိုက်သည်။
ချောင်ကွမ်းယွီသည် ခရီးသည်ထိုင်ခုံတွင် သက်သောင့်သက်သာဝင်ထိုင်လိုက်ပြီး ခါးပတ်ပတ်ကာ ရေဒီယိုဖွင့်ပြီးနောက် သတင်းနားထောင်တော့သည်။ ဘေးနားမှ ချွမ်ချွမ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလာသည်။
"မင်း ကားမောင်းတတ်အောင်လည်း သင်သင့်တယ်"
"လရောင်ဖြူလေးက ကားမောင်းတတ်လား"
ချောင်ကွမ်းယွီက ပခုံးတွန့်ပြသည်။
"ငါ့မှာ သင်ယူစရာ အများကြီး ရှိသေးတယ်၊ အခုတော့ အချိန်မရှိဘူး…နောက်မှပေါ့"
ချွမ်ချွမ်သည် ကားမောင်းခြင်းအား အာရုံစိုက်ရင်း စကားပြောနေသည်။
"မင်းရဲ့ နောက်မှဆိုတဲ့ အချိန်က မကြာခင် ရောက်လာတော့မယ်"
ချောင်ကွမ်းယွီက ပြုံးသည်။
“လရောင်ဖြူလေး ပြန်လာပြီ…ဒါဆိုရင် အဲဒီ နောက်မှဆိုတဲ့ အချိန်က တကယ်ပဲ မြန်မြန် ရောက်လာတော့မှာ မဟုတ်ဘူးလား”
သူ သုံးနှစ်ကြာပြီးနောက် ဟော့ကျိုးဆီမှ ရုန်းထွက်ရန် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ ကောလိပ်ကျောင်းပြီးနောက် သုံးနှစ်ကြာ အလုပ်မလုပ်ဘဲ နေခဲ့လျှင် အလုပ်ရှာရန်အတွက် ပိုခက်ခဲလိမ့်မည်။ ရှာတွေ့လျှင်ပင် အစကနေ ပြန်စရန် စိတ်ဓာတ်အနေအထားက မှန်ကန်ချင်မှမှန်တော့လိမ့်မည်။
သို့သော် ဟော့ကျိုးအား ဖယ်ရှားလိုက်ရန်ဆိုသည့် အတွေးမှာ သူ့နှလုံးသားအား ယခုလောက် ပေါ့ပါးစေလိမ့်မည်လို့ သူမမျှော်လင့်မိခဲ့ပေ။ လှောင်အိမ်တံခါး ဖွင့်ထားသည်အား မြင်သည့် ဇီးကွက်ငှက်လေးကဲ့သို့ပင်၊ မျှော်လင့်ခြင်း၏ နံနက်ခင်းအတွက် သူ၏ အလှပဆုံး တေးသံအား သီဆိုရန်အတွက် မစောင့်နိုင်တော့ပါပေ။
ချောင်ကွမ်းယွီသည် ထိုင်ခုံအားမှီပြီး မျက်လုံးမှိတ်လိုက်သည်။
"ရောက်ပြီ"
အတွင်းရေးမှူးချွမ်၏ အသံသည် သူ့အား ငိုက်မျဉ်းလုနီးပါးအခြေအနေမှ ပြန်ဆွဲခေါ်လာသည်။
"ဟင်း"
ချောင်ကွမ်းယွီသည် သူ့နဖူးအား ပွတ်ပြီး မျက်လုံးဖွင့်လိုက်သည်။ တက်ကြွပြီး ဆော့ကစားတတ်သည့် အမူအရာများအားလုံး သူ့နှလုံးသားထဲမှ ပန်ဒိုရာသေတ္တာထဲအား ထည့်လိုက်ပြီး အနည်းငယ်ဝေးကွာခြင်းနှင့် အေးစက်ခြင်းအား အစားထိုးလိုက်သည်။
"သွားကြရအောင်…သင်တန်းချိန် ရောက်ပြီ"
ချောင်ကွမ်းယွီ စန္ဒယားသင်ယူသည့်နေရာမှာ "ထာဝရ တေးသွားများ" ဟုခေါ်သည့် ဂီတဆိုင်တစ်ဆိုင် ဖြစ်သည်။ ဆိုင်က ဆိုင်ခန်းသုံးခန်း နေရာယူထားပြီး ပထမထပ်သည် စန္ဒယားများ ရောင်းကာ ဒုတိယထပ်၌ သင်ကြားရန် သီးသန့်ထားသည်။ ချောင်ကွမ်းယွီသည် အနောက်တံခါးအား အသုံးပြုသည်ကြောင့် သူအတွက် သီးသန့်အတန်းတစ်ခု ရှိသည်။
(T/N အနောက်တံခါးကို သုံးတယ်ဆိုတာ နောက်ခံအင်အားနဲ့ ဝင်တာကို ပြောတာပါ)
သူ့အား စန္ဒယားသင်ပေးသူသည် ပြည်တွင်းမှာ နာမည်ကြီးပြီး နူးညံ့သိမ်မွေ့သည့် သက်လတ်ပိုင်း အမျိုးသမီးစန္ဒယားပညာရှင် တစ်ယောက်ဖြစ်သည်။ သို့သော် သူမသည် မာနမကြီးဘဲ အတော်လေး စိတ်ဝင်စားစရာကောင်းသည်။
"နောက်ဆုံးသင်ခန်းစာရဲ့ ပထမပိုင်းကို တီးပါ"
ချင်လိသည် ထိုသို့ပြောပြီးနောက် ဘေးနားရှိ ဆိုဖာပေါ်တွင် ထိုင်ပြီး မဂ္ဂဇင်းတစ်အုပ်အား ကောက်ကိုင်လျက် ဖွင့်လိုက်သည်။
ချောင်ကွမ်းယွီသည် သူ၏ ထိုင်ခုံအား ချိန်ညှိပြီးနောက် ခိုးကြည့်နေသည့် မစ္စတာဟော့က နေရာယူထားပြီးဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ချောင်ကွမ်းယွီက သူ့လက်များအား လှပစွာ မြှောက်လိုက်ကာ စန္ဒယားခလုတ်များပေါ် တင်လိုက်သည်။
လှပပြီး သာယာနာပျော်ဖွယ်ကောင်းသည့် စန္ဒယားတီးလုံးများသည် သူ့လက်ချောင်းများမှ စီးဆင်းလာသည်။ သို့သော် အချို့သော အမြန်အလှည့်များတွင် တစ်ခါတစ်ရံ ချောမွေ့စွာ ဆက်သွယ်နိုင်ခြင်း မရှိပေ။ သေချာစွာ နားထောင်ကြည့်လျှင် အချို့သော သံစဉ်မညီညွတ်မှုများ ရှိနေသော်လည်း ချောင်ကွမ်းယွီ၏ အမူအရာသည် အလွန်လေးနက်သည်။
သူ၏ တီးခတ်မှုတွင် ချို့ယွင်းချက်များ ရှိသော်လည်း ဤအချိန်တွင် သူ၏ ခန့်ညားသောမျက်နှာမှ ထွက်ပေါ်လာသည့် သူတော်စင်ရောင်ခြည်အား မလွှမ်းမိုးနိုင်ပေ။
ချွမ်ချွမ်က ပြောဖူးသည်။ လရောင်ဖြူလေးနှင့် ခြားနားအောင် သူသည် စန္ဒယားအား အလွန်အမင်း ပြည့်စုံအောင် မတီးသင့်ပေ။ သူ ကောင်းကောင်းတီးနိုင်လျှင်ပင် ချို့ယွင်းချက်များရှိသယောင် ဟန်ဆောင်ရမည်။ ထိုမှသာ သူဌေးသည် လရောင်ဖြူလေးတစ်ယောက်တည်းကသာ အလှပဆုံးနှင့် အပြည့်စုံဆုံးဆိုသည်အား အမြဲ သတိရနေလိမ့်မည်။
ဆရာမချင်လိသည် ချောင်ကွမ်းယွီ၏ ဤပုံစံအား ရင်းနှီးနေပုံရသည်။ ထို့ကြောင့် သူမက ဘာမှမပြောဘဲ သူ၏ အနည်းငယ်မျှ သံစဉ်မညီညွတ်သည့် ဂီတတွင်သာ လုံးဝ နစ်မြုပ်နေသယောင် ရှိသည်။
တံခါးအပြင်ဘက်တွင် ဟော့ကျိုးသည်လည်း စန္ဒယားတီးနေသည့် လှပသောပုံရိပ်အား ထင်ရှားသည့် စွဲလမ်းမှုအရိပ်အယောင်ဖြင့် အလေးအနက် ကြည့်နေသည်။
ချွမ်ချွမ်သည် ဟော့ကျိုးနောက်တွင် ရပ်လျက် သူ့နာရီအား အချိန်တိုင်း စိုက်ကြည့်နေသည်။ နေ့လယ်စာအတွက် စားသောက်ဆိုင်တွင် ကြိုတင်မှာယူရန် အချိန်အား တွက်ချက်နေသည်။
ဤနေရာတွင် ဂီတအားနားလည်သူ လေးဦးရှိနေသော်လည်း သူတို့၏ သက်ဆိုင်ရာရည်မှန်းချက်များအတွက် ချို့ယွင်းနေသည့် ဂီတအား တစ်နေကုန်လုံး သည်းခံခဲ့ကြပြီး သူတို့၏နားများအား ညှဉ်းပန်းနှိပ်စက်လျက် လုံးဝစွဲလမ်းနေဟန်ဆောင်ခဲ့ကြသည်။
ထိုအရာသည် အတော်လေး ရယ်စရာကောင်း၏။
~~~