(30) အထီးကျန်ခြင်း
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (30) 

အထီးကျန်ခြင်း



အေးစက်စက် လေထုက ဝူရှဲကို နိုးထလာစေခဲ့သည်။ သူ နိုးလာတဲ့အခါ အအေးဓာတ်တွေ ပြည့်နေတဲ့ ကျောက်ဆောင်နှစ်ခုကြားမှာ လဲလျောင်းနေပြီ။ အနောက်ဘက်တွင် ချောက်ငယ်တစ်ခုရှိသည်။ မိုးရေများက ချောက်ကမ်းပါးသို့ စီးဆင်းကာ သူ့မျက်နှာကိုတည့်တည့် ရိုက်ခတ်နေသည်။ 


ရေစီးကြောင်းက အရမ်းအေးသည်။ လက်တွေ ခြေထောက်တွေ ထုံကျင်နေတော့ လူက လှုပ်လို့မရသေး။ မိနစ်အနည်းငယ်အတွင်း အရာအားလုံး ပိုကောင်းလာမယ်ဆိုတာ သိပေမယ့် ဘာမှမတတ်နိုင်သေး။ သူ့​​ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း တုံ့ပြန်ရင်း အကြိမ်အနည်းငယ် လှုပ်ရှားဖို့ ကြိုးစားပြီးမှသာ နောက်ဆုံး မတ်တပ်ရပ်လိုက်သည်။ 


မိုးလင်းနေပြီ ဖြစ်ပေမယ့် နေရာအနှံ့တွင် မြူမှုန်များသာ ရှိနေသည်။ 


ဒါဘယ်မှာလဲ?


ဝူရှဲ ထပြီး သွေးလည်ပတ်မှုကို မြန်စေဖို့အတွက် ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ သို့နှင့် တဖြည်းဖြည်း နွေးလာ၏။ အတွေးအမြင်တွေ ပိုရှင်းလာတော့ သူ့ပတ်ဝန်းကျင်မှာ တစ်ခုခု မှားယွင်းနေတာကို ချက်ချင်း သတိပြုမိခဲ့သည်။ လက်ရှိနေရာက သတိလစ်မဆုံးခင်က ပုံစံနဲ့ လုံးဝကို ကွဲပြားသွားပြီ။ 


မနေ့ညက အဲဒီလူယုတ်မာ သူ့ကို ရိုက်ခဲ့သည်။ ဝူရှဲ နှလုံးသားထဲက နာကြည်းမှုတွေကို ကြွေးကြော်ဖို့ ခွန်အား​တောင် မရှိတော့ချေ။ 


'ကံမကောင်းစွာနဲ့ မင်းကိုယ်တိုင်က မင်းထင်ထားသလောက် အရေးမကြီးပါဘူး... မရဏပြည်ကို သွားတဲ့ လမ်းရောက်မှ ငါဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်လိုက်!' ဆိုတဲ့ ထိုလူရဲ့နောက်ဆုံး စကားတွေကို ချက်ချင်း သတိရပြီး ကိုယ့်ဘာကိုယ် ပြန်တွေးကြည့်မိသည်။ 


ဒါက ဘာကိုဆိုလိုတာလဲ။


“တကယ်လို့ သူက ငါ လုံးဝမသိတဲ့ သူတစ်ယောက်ဆိုရင် ဒီလိုမျိုးပြောဖို့ မဖြစ်နိုင်ဘူး... ငါသူ့ကိုသိ​နေတာလား?"


ဝူရှဲ စိတ်တွေ ရှုပ်ကုန်သည်။ သူ့မျက်နှာဖုံးကို တတ်နိုင်သမျှ ဓားနဲ့ လှီးဖြတ်ခဲ့သင့်တယ် ဆိုတဲ့ နောင်တတွေသာ ရုတ်တရက် ဝင်လာတော့သည်။ အခြားလူတစ်ဦးအဖြစ် သင့်ကိုယ်သင် ဖုံးကွယ်ထားဖို့ လူအရေပြားမျက်နှာဖုံးကို သုံးတာဟာ ပါပါရာဇီတွေလို မဟုတ်ချေ။ 


ပထမဆုံးအနေနဲ့ သူရုပ်ဖျက်ချင်တဲ့သူဟာ ဦးလေးသုံး ဒါမှမဟုတ် ရှဲ့လျန်းဟွမ်နဲ့ ခပ်ဆင်ဆင်ဖြစ်ရမယ်။ သွေးတွေနဲ့ ဆက်စပ်နေပြီး အခြေခံအားဖြင့်တော့ မျက်နှာပုံစံ တည်ဆောက်ပုံက တူနေရမည်။ မဟုတ်ရင် မတူညီတဲ့ မျက်နှာသဏ္ဍာန်နဲ့ ဝင်ရောက် အယောင်ဆောင်နေဖို့ မဖြစ်နိုင်ချေ။ 


သူဘယ်သူလဲဆိုတာ ဝူရှဲ မသိနိုင်သေးချေ။ သူ့တစ်ကိုယ်လုံးမှာ ပျံ့နေတဲ့ နာကျင်မှုနဲ့ အေးစက်မှုက သူ့ကို လေးလေးနက်နက် မတွေးတောနိုင်အောင် တားဆီးထားသည်။ အဲဒီလူရဲ့ အရည်အချင်းကို သုံးသပ်ကြည့်တော့ သူဟာ အထူးတလည် သန်မာတဲ့လူမဟုတ်ပေမယ့် သူ့အရည်အချင်းက အနည်းဆုံးတော့ မိမိထက် အများကြီးသာနေသည်။ 


ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ သူ ရောက်နေတာက အကြာကြီး ခန်းခြောက်နေတဲ့ တောင်တန်းကြီးတစ်ခုပဲ ဖြစ်ရမည်။ တောင်ပေါ်ရှိ စိုစွတ်သော ရာသီဥတုကြောင့် ကျောက်တုံးများအားလုံးကို ထူထဲသော စေးရည်များဖြင့် ဖုံးအုပ်ထားသည်။ ကျောက်စရစ်ခဲများအောက်မှ စိမ့်ဆင်းလာသော ရေစီးကြောင်းငယ်တစ်ခု ရှိကာ ရေစီးသံကို ကြားနိုင်သော်လည်း ရေကို မမြင်နိုင်ပေ။


ပတ်ဝန်းကျင်က သစ်ပင်တွေကို ကြည့်လိုက်တော့ သစ်ပင်တွေရဲ့ ပင်စည်တွေကလည်း ထူထဲတဲ့ အလွှာတွေနဲ့ ဖုံးလွှမ်းနေသည်။ ဒီနေရာက စိုထိုင်းဆက မေ့မြောသွားတဲ့နေရာနဲ့ လုံးဝမတူချေ။ အဲဒီလူက သူ့ကို အဝေးကြီး ခေါ်လာခဲ့တာ ဖြစ်မည်။ 


ခေါင်းကိုက်ခြင်းနဲ့ မူးဝေခြင်းများက ရှိ​နေပါသေးသည်။ သို့သော် သူ့ရဲ့ခန္ဓာကိုယ် ကျန်းမာရေးက ယခင်ကထက် များစွာ ကောင်းမွန်လာပါ​ပြီ။ သူ့ကို သတ်သွားတာ မဟုတ်သရွေ့ အမြဲတမ်း ပြန်ထနိုင်သေးသည်။ ထိုင်စရာရှာရင်း အတော်လေးကြီးတဲ့ ကျောက်တုံးတစ်တုံးကို တွေ့လိုက်သည်။ မျက်နှာကို အနည်းငယ်ထိရင်း စိုးရိမ်တကြီး ဖြစ်လာသည်။ 


တကယ်တော့ ဒီကိုယ်ပိုင်မျက်နှာကို မထိချင်ပေ။ မျက်နှာဖုံးကိုပဲ ကိုင်ထားချင်မိသေးသည်။ အဲဒီလူက သတ်ချင်နေတာ သိသာပေမယ့် ဖက်တီးက အနီးအနားမှာ ရှိနေတာကြောင့် ဆူညံသံတွေ သိပ်မလုပ်ရဲခဲ့ချေ။ မဟုတ်ရင် သူ အခုနိုးလာမှာတောင် မဟုတ်ချေ။ ဒါပေမဲ့ မသေခဲ့ရင်တောင် မျက်နှာပေါ်က ဒဏ်ရာတွေက သူမကိုင်တွယ်နိုင်တဲ့ အရာဖြစ်လိမ့်မည်။ 


စိတ်ထဲမှာတော့ အဲဒီလူက ဒီမျက်နှာဖုံးကို ကွဲချင်တာလား ဒါမှမဟုတ် တခြားတစ်ဖက်ကို ကွဲသွားစေချင်တာလား မသိချေ။ အတိုချုပ် ပြောရရင် ခန့်မှန်းနိုင်တာ ၂ခု ရှိသည်။ ဒီမျက်နှာဖုံးနဲ့ တစ်ခုတည်းသော ကောင်းတဲ့အချက်က လူတွေ အများကြီးနဲ့ ဒီကို ရောက်လာနိုင်တာပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ မိမိလုပ်သမျှက မိမိကိုပဲ ဒုက္ခဖြစ်စေသည်။ 


လက်နဲ့ ထိလိုက်တာနဲ့ ထိမိတဲ့နေရာက ပြင်းထန်တဲ့ဝေဒနာကို ခံစားရသည်။ သူ့မျက်နှာက အတွင်းထဲမှာ ပွန်းပဲ့နေတာဖြစ်မယ်။ ဒါပေမဲ့ မျက်နှာဖုံးရဲ့ မျက်နှာပြင်ကတော့ လုံးဝပျက်စီးမသွားပါဘူး။ ဒီလိုဘဝကနေ လွတ်မြောက်ဖို့ဆိုရင် ဒီမျက်နှာဖုံးက အဓိက ဖြစ်နိုင်တယ်ဆိုတဲ့ အချက်တိုင်းကို အပြည့်အ၀ ထည့်သွင်းစဉ်းစားသင့်ပြီ။ 


မျက်နှာဖုံးက သူ့​မျက်နှာကို ဖုံးအုပ်ထားလို့ ဒဏ်ရာကို မကုသနိုင်ပေမယ့် ထိကြည့်ရသလောက် သိပ်ပြင်းထန်ပုံမပေါ်ပေ။ စမ်းချောင်းလည်း မရှိ၊ မှန်ကိုလည်း မကြည့်နိုင်တော့တဲ့ အတွက် ဒီနေရာကို စွန့်စားပြီး အဖြေရှာကြည့်ရတော့မည်။


ချောက်ကမ်းပါး တစ်လျှောက် လျှောက်သွားတော့ ချောက်ကမ်းပါးလမ်းက ပိုတိုလာသည်။ အပေါ်တက်ဖို့ ခွန်အားရှိသမျှကို အသုံးချလိုက်တော့ မတ်စောက်တဲ့ တောင်စောင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရ၏။ ထူးဆန်းတာက တောင်စောင်းမှာ သစ်ပင်တွေ မရှိသလောက်ဘဲ တချို့ချုံပုတ်လေးတွေပဲ ရှိသည်။ ၎င်းသည် မကြာသေးမီနှစ်များအတွင်း အပျက်အစီးများ မတော်တဆ စီးဆင်းမှုကြောင့် ဖြစ်လာရသည့် အပျက်အစီးများ လျှောစောက်တစ်ခုသာ ဖြစ်သည်။ 


ဒီတောင်စောင်းကနေ လှိမ့်ချသင့်လား။ တွေးရင်း လက်တွေ ခြေတွေကို ရွှေ့လိုက်ပြီး လှိမ့်ချလိုက်တော့ သူ့ခန္ဓာကိုယ် ကွဲမသွားတာကို အံ့သြသွား၏။ သို့သော် လှည့်ပတ်ကြည့်ပြီးနောက်မှ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေမှန်း သိလိုက်ရသည်။ 


သာမန်ဒဏ်ရာတွေနဲ့ မတူတာက ဒါဟာ အရိုးထဲက ဒဏ်ရာရဲ့ နာကျင်မှုတွေ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က လုံးဝ ပြန်ကောင်းမလာသေးတာမလို့ ခဏကြာလို့ ဒဏ်ရာတွေ ပေါ်လာရင် လမ်းတောင် မလျှောက်နိုင်​တော့တာလည်း ဖြစ်သွားနိုင်သည်။ 


သစ်ပင်ကို မှီပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ မနေ့ညက မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်နေ၏။ မနေ့က သူတို့ တည်းခိုခဲ့တဲ့နေရာဟာ ဒီတောင်စောင်းရဲ့ အထက်မှာ ရှိလိမ့်မည်။ အဲဒီလူယုတ်မာကြောင့် သူ သတိလစ်သွားပြီးနောက်၊ သူ့ကို တိုက်ရိုက်တွန်းချပြီး ချောက်ကမ်းပါးငယ်တစ်ခုရဲ့ အောက်ခြေကို လှိမ့်ချခဲ့တာ ဖြစ်ပေမည်။ 


ထိုသူ ဟုတ်မဟုတ်လည်း မပြောနိုင်ချေ။ 


သူ့ကိုသေစေချင်သလား။ ဒါပေမဲ့ ဖက်တီးကတော့ သူ့ကို ထပ်မရှာချင်ဘူး ဆိုတာ သိသာပါ၏။ မနေ့က ဖက်တီးနဲ့ မိမိ သူ့ကို စစ်ဆေးမေးမြန်းတဲ့ နေရာမှာ အဲဒီလောက် မတ်စောက်တဲ့ တောင်စောင်း မရှိချေ။ ပြန်သွားတဲ့အခါ ဖက်တီးကို ရှာတွေ့ဖို့ အခွင့်အလမ်းကလည်း အရမ်းနည်းသွားလိမ့်မည်။ 


တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးနောက် တောင်စောင်းထိပ်ကို လှမ်းကြည့်တော့ လှမ်း​တောင် မလှမ်းနိုင်တော့တာ တွေ့လိုက်ရသည်။ တောင်စောင်းက အရမ်းမတ်စောက်ပြီး လမ်းလျှောက်ရခက်သည်။ 


နောက်ဆုံးအပိုင်းကတော့ 90 ဒီဂရီနီးပါး မတ်စောက်တဲ့ လျှောစောက်တစ်ခု ဖြစ်လေသည်။ ဝူရှဲ တွယ်တက်ဖို့ လက်နဲ့ခြေကို အသုံးပြုခဲ့ရ၏။ ကံကောင်းထောက်မစွာပဲ ဒီအပိုင်းဟာ မီတာအနည်းငယ်သာ ရှည်နေခဲ့သည်။ အပေါ်ကို တက်ပြီးနောက်၊ အပေါ်ထပ်မှာ ညင်သာတဲ့ ကုန်းစောင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ 


သစ်ပင်တွေက ရုတ်တရက် ပိုမြင့်လာပြီး နွယ်ပင်တွေကပါ ဝိုင်းရံထားကြတာ တွေ့လာသည်။ ချုံပုတ်တွေနဲ့ ရောထွေးနေတဲ့အတွက် လမ်းလျှောက်ဖို့ နေရာက မရှိသလောက်ပါပဲ။


နေကလည်း ပိုအားကောင်းလာတာကြောင့် သစ်ပင်အောက်မှာ ငုံ့နေရသည်။ နေရောင်က တောက်ပလာသလို တချို့ဒဏ်ရာရထားတဲ့ နေရာတွေက ပြောမပြတတ်အောင် နာကျင်ပြီး လမ်းလျှောက်ရတာ တော်တော်ကြာလာတော့ ခန္ဓာကိုယ်ထဲမှာ ခွန်အားတွေ သိပ်မကျန်တော့သလို ဖြစ်လာပြီ။ 


အရိုးတွေ မကွဲပါစေနဲ့လို့သာ စိတ်ထဲမှာ ဆုတောင်းနေမိ၏။ ဒီလိုနေရာမျိုးမှာ ခြေထောက် အရိုးကျိုးတာထက် နံရိုးအနည်းငယ်သာ ကျိုးလိုက်ချင်သည်။ 


စဉ်းစားရင်း ရုတ်တရက် ရယ်ချင်လာသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အတွေ့အကြုံတွေကို ပြန်တွေးကြည့်တော့ ဒီလို ရှက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံခဲ့ရတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။


ယခု သူ အခုလို ထပ်ကြုံရတော့ သူ့​ငြိမ်သက်မှုက သူ့ထိတ်လန့်မှုထက်တောင် ပို၍ ကြီးမားလာသည်။ မိမိကိုယ်ကို မသေဘဲ အကြိမ်ပေါင်းများစွာ အရိုက်ခံရတဲ့ ယင်ကောင်လို ခံစားရပြီး နောက်ဆုံးမှာတော့ သူဘာကြောင့် မသေမှန်း ရုတ်တရက် သိလိုက်ရသည်။ 


ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီမှာ အရိုက်ခံရပေမယ့် ဘုရားသခင်က သူ့​ကို အကြိမ်များစွာ အသက်ရှင်စေခဲ့သည်။ 


တစ်ရေးတစ်မော အိပ်မောကျပြီးနောက် အံကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သို့သော် မြေပြင်ပေါ် ဒူးထောက်လုနီးပါး လဲကျသွားသည်။ အရင်က ပွတ်တိုက်မှုကြောင့် ပေါက်ပင်များ ကျိုးသွားဖူးသည့် သေးငယ်သော အစက်အပြောက်များကို ရှာကြည့်နေသည်။ 


ညဘက်ရောက်လာသည်။ သူ မှတ်မိနိုင်တဲ့ နေရာနဲ့ ပတ်သက်တာ ဘာမှ ထူးထူးခြားခြား မရှိချေ။ အခု သူဟာ လုံးဝ အထင်ကြီးစရာ မရှိနေပေ။ သေချာတာပေါ့။ သူ ဖက်တီးရဲ့ အရိပ်အယောင်ကိုလည်း လုံးဝ မတွေ့ရပေ။ 


နိုင်ငံခြားအဖွဲ့တွေ စခန်းချတဲ့ နေရာကို လိုက်ရှာဖို့ လုံးဝ မရပ်ဘဲ သွားနေခဲ့သည်။ အဲဒီမှာ မီးပုံတွေနဲ့ အိမ်တွင်းအမှိုက်တွေ ရှိနေတာမလို့ အဲဒီပစ္စည်းတွေကို ရှာတွေ့တဲ့အခါ တခြားနေရာတွေရဲ့ တည်နေရာကို ဆုံးဖြတ်နိုင်ပါ​ပြီ။


သို့သော် ဘယ်နေရာက ပြဿနာဖြစ်နေလဲ မသိ။ ဤတစ်ကြိမ်တွင် သူ့မှတ်ဉာဏ်တွေကို အခြေခံကာ ဘယ်လောက်ပဲ ဂရုတစိုက် ရှာဖွေနေပါစေ၊ ကျိုးကျနေသော ချုံပုတ်ခြေရာများကို ဘယ်လောက်ပဲ ဂရုတစိုက် ရှာဖွေနေပါစေ ဘာမျှမတွေ့ချေ။