(16) စီမံကိန်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (16)

စီမံကိန်း



အားကွေ့သည် တံခါးဝတွင် ဝူရှဲ့ကို စောင့်ဆိုင်းနေ၏။ သူက မြေပြင်ပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း ဖန်းမာနှင့် အခြားသူများ ဘာလုပ်နေမှန်းမသိ ဖြစ်နေခဲ့တာ သိသာလှသည်။ ဝူရှဲ့ကို မြင်ပြီးနောက် ချက်ချင်း ထရပ်လိုက်ပြီး ပြန်သွားကြစို့ဟု ပြောလိုက်၏။


လမ်းမှာ ဖန်းမာပြောခဲ့တဲ့ သိုးခြေထောက်တောင်က ရေကန်ကို သူသိလားလို့ မေးလိုက်သည်။ အားကွေ့က ခေါင်းညိတ်ပြပြီး သူအရင်က ကြားဖူးပေမယ့် သူကိုယ်တိုင်တော့ မရောက်ဖူးဘူးလို့ ပြောပါသည်။ ကြေးအကြီးကြီး ပေးချေပြီး မုဆိုးတစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့အောင် ကူညီ​ပေးမယ်လို့ ပြောခဲ့သည်။ 


အားကွေ့က စိတ်နှလုံးအကြွင်းမဲ့ သဘောတူလာတာကြောင့် ဝူရှဲ့လည်း အစမ်းသဘောနဲ့ မေးကြည့်လိုက်သည်။ ဖန်းမာ သူ့ကို ဘာအတိအကျ ပြောတာလဲဟူ၍။ ဒါပေမယ့် အားကွေ့က အရမ်း သတိထားတတ်ကာ ပေါ့ပေါ့ပါးပါး စကားပြောပြီး စကားလမ်းကြောင်းကို ဖြတ်ပစ်လိုက်သည်။


ဝူရှဲ့ အားကွေ့ရဲ့အိမ်ကို အမြန်ပြန်ပြီး ရှာတွေ့ခဲ့တာတွေကို မျက်နှာသေကို ပြောပြဖို့ စိတ်စောနေပေမယ့် ယွင်ချိုင်နဲ့ သူ့အစ်မ နှစ်ယောက်တည်း အိမ်မှာ ရှိနေကြသည်။ နှစ်ယောက်သားက မီးဖိုချောင်ထဲမှာ ရှိနေကြကာ မျက်နှာသေနဲ့ ဖက်တီးတို့ နှစ်ယောက်စလုံး မရှိဘူးလို့ ဆိုပါသည်။ 


ဝူရှဲ့လည်း ထူးဆန်းတယ်လို့ တွေးမိတဲ့အတွက် ယွင်ချိုင်အား လူက ဘယ်သွားတာလဲလို့ မေးလိုက်သည်။ 


"အဲဒီ စကားအများကြီး မပြောတတ်တဲ့ သူဌေးက ပြန်လာပြီး သူဌေးဖက်တီး ပြန်မလာသေးတာကို တွေ့တော့ ပြန်ထွက်သွားတာပဲ...သူဌေးဖက်တီးကလည်း တစ်ညလုံး ပြန်မလာဘူး... ခဏနေတော့ နောက်တစ်ခေါက် အမြန်ထွက်သွားတာပဲ" 


ဝူရှဲ့ခမျာ ပထမတော့ အရမ်းစိတ်လှုပ်ရှားနေပေမယ့် ဖက်တီးက တစ်ညလုံး ပြန်မလာတော့ဘူး ဆိုတာကို ကြားရတော့ အံ့သြသွားလေသည်။ 


တောင်ရွာမှာ သူသွားလည်လို့ရတဲ့ မြို့လို ဖျော်ဖြေရေးကွင်းတွေ မရှိတဲ့အတွက် တစ်ညလုံး ပြန်မလာဖြစ်တာ နည်းနည်းတော့ ထူးဆန်းပါ၏။ ဖက်တီးရဲ့ စရိုက်ကိုတော့ သူ ကောင်းကောင်းသိပါသည်။ ဆာလဖူရစ်အက်ဆစ် မသောက်ခင် သူပြောခဲ့တာတွေကို တွေးကြည့်မိမှာတော့ သေချာ၏။ ထိုအခိုက် သူ့စိတ်ထဲ ချက်ချင်းဆိုသလို ထူးဆန်းတဲ့ ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။


မျက်နှာသေကလည်း သူ့လိုပဲ ဤဖြစ်နိုင်ချေကို ချက်ချင်း စဉ်းစားမိသွားတာ ဖြစ်မယ်လို့ ဝူရှဲ့ ယုံကြည်မိသည်။ ဒါ့ကြောင့် မျက်နှာသေက ဖက်တီးကို ချက်ချင်းရှာရန် ထွက်သွားခဲ့ခြင်းပင်။ 


ဖက်တီး တစ်ခုခု ဖြစ်ခဲ့တာ သေချာနေပြီမလို့ အားကွေ့ကို ရွာရုံးသို့ ခေါ်သွားခိုင်းလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဖက်တီးနဲ့ မျက်နှာသေတို့ ပြန်ရောက်လာသည်။ ဖက်တီး မျက်နှာကို ပိတ်စများဖြင့် ဖုံးအုပ်ထားပြီး ဒဏ်ရာရသွားပုံပင်။ သူက လမ်းလျှောက်လာရင်း ဆူပူကြိမ်းမောင်းနေပါသည်။


ဆာလဖူရစ်အက်ဆစ် ဝယ်ရာမှ ပြန်လာရာလမ်းတွင် ပျားအသိုက်ကို တွေ့၍ စိတ်ဝင်စားလာသဖြင့် သူ့အတတ်ပညာကို အသုံးချလိုက်သည်။ သို့သော် လွဲမှားစွာ ပစ်ခွင်းလိုက်မှသာ နကျယ်ကောင်တွေ ဖြစ်နေမှန်း သိလိုက်ရသည်။ သို့နှင့် သူ့ခမျာ ရွာရုံးထဲမှာ တစ်ညလုံး အိပ်နေခဲ့တယ်။ ဖက်တီးပြောပုံအရဆိုရင် အရင်က တွေ့ဖူးတဲ့ နကျယ်​ကောင်တွေနဲ့ မတူဘူးလို့ ဆိုလေသည်။ အနားကပ်လိုက်သည်နှင့် ချက်ချင်းကို တုတ်တော့၏။ 


ဖက်တီးက သူ့အား ရည်ရွယ်ချက်ရှိရှိနဲ့ မကြည့်ပါနဲ့လို့ တောင်းဆိုလာသည်။ သူ့မျက်နှာက တခြားလူတွေကို ရယ်အောင်လုပ်ဖို့ ခြယ်သထားသလို ဖြစ်နေလို့ပါပဲ။ ဖက်တီးက သူ့ရဲ့ ဝတ်စားဆင်ယင်မှုကို ပြောင်းလဲရန် အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ ယွင်ချိုင်ရှေ့မှာ သူ့ရဲ့ ယောက်ျားပီသမှုကို ပြသဖို့ ရည်ရွယ်ချက်နဲ့ပင်။ မဟုတ်ရင် အသတ်ခံရတော့မယ့် ဝက်တစ်ကောင်လို ဖြစ်နေမှာ သေချာပါ၏။ 


ယွင်ချိုင်က အလွန်အေးဆေးသည်။ သူမက ဖက်တီးမျက်နှာကို ပုစဉ်းတစ်ကောင် သေးပန်းလို ပိုးသတ်ဆေး ဖြန်း​​ပေးသည်။ ထိုအခါမှ ဝူရှဲ့လည်း ဖက်တီးမျက်နှာပေါ်က လက်သည်းခွံလောက်ကြီးတဲ့ အဖုတွေ ရောင်းရမ်းနေတာကို တွေ့လိုက်ရသည်။ ယွင်ချိုင်က သူ့မေးစေ့က ရောင်နေတဲ့နေရာကို ဝါးတံနဲ့ခြစ်ပြီး ဆေးလိမ်းလိုက်သည်။ ၎င်းက အသက်ရှင်လျက် အသားကို ခြစ်ချခံနေရသလို သေလောက်အောင် နာကျင်စေမှာ သေချာ၏။ 


ပြီးသွားတော့ အတူတူ ထမင်းစားကြသည်။ ကောင်းကင်က မှောင်လာပြီမလို့ အုတ်တံတိုင်းအဆောက်အဦး အနောက်ကနေ ထွက်လာတဲ့ စင်္ကြံလမ်းဆီမှ အေးမြတဲ့လေကို ခံစားလိုက်ရသည်။ ဝူရှဲ့ ပြန်ပြောပြတာတွေကို နားထောင်ပြီးနောက် နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကာ ဖက်တီးက ဆိုလေသည်။ 


“ဒီလိုမျိုးလည်း ရှိသေးတယ်ပေါ့... ငါ ငယ်ငယ်က မိန်းကလေးတွေကို ခြောက်ဖို့ သုံးတတ်တဲ့ တစ္ဆေပုံပြင်တွေလိုပဲရော... ဒါက မှန်နိုင်ပါ့မလား?”


ဝူရှဲ့: "ဖန်းမာ လိမ်​နေတာ မဟုတ်ဘူးလို့ ငါထင်တယ်.... ဒီကိစ္စက အမှန်ပဲ ဒါပေမယ့် သူ့သဘောနဲ့သူတော့ မမှန်ဘူး"


"မင်းက ဘာကိုဆိုလိုတာလဲ" 


"အသင့်တော်ဆုံး ဖြစ်နိုင်ချေကို စဉ်းစားကြည့်ရအောင်... နတ်ဆိုးရေကန် ဒါမှမဟုတ် မိစ္ဆာတွေကို မစဉ်းစားနဲ့.... ဒီကိစ္စအတွက် ဖြစ်နိုင်ခြေအရှိဆုံး မြင်ကွင်းက ဘာထင်လဲ"


ဖက်တီးက ခေါင်းယမ်းပြီး "ဒီလိုမလုပ်ပါနဲ့... ငါ့ဦးနှောက်ဆဲလ်တွေ အားလုံးကို နကျယ်ကောင်တွေက ချုပ်ထားပြီ.... မင်းဘယ်လိုထင်လဲ ဆိုတာ ငါမခန့်မှန်းတတ်ဘူး ငါ့ကိုပဲ တိုက်ရိုက် ပြောပြတော့"


ဝူရှဲ့ ရှိုက်ကြီးတငင် ပြုံးပြဖို့ ကြိုးစားပေမယ့် ဖက်တီးကတော့ ပူးပေါင်းဖို့ ငြင်းဆိုခဲ့ပြန်သည်။ 


"ကောင်းပြီ မဖြစ်နိုင်တဲ့ အချက်တွေ အားလုံးကို ဖယ်လိုက်ကြရအောင်... နတ်ဆိုးရေကန်၊ လူသေတွေ ရှင်ပြန်ထမြောက်တာတွေ မရှိတော့ဘူး မိစ္ဆာတွေ မရှိဘူး... ဒါပေမဲ့ တခြား ကျိုးကြောင်းဆီလျော်တဲ့ အရာတွေတော့ ရှိရမယ်... ဟုတ်တယ် ဖန်းမာ ပြောခဲ့တာတွေက အမှန်ပဲဖြစ်ရမယ်... ဒါကြောင့် ဒီကိစ္စအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေက တကယ်တော့ ရှင်းတယ်.... လူတွေ ရှင်ပြန်ထမြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.... တောင်ပေါ်ကို တက်သွားတဲ့ ရှေးဟောင်း သုတေသနအဖွဲ့နဲ့ ပြန်ထွက်သွားတဲ့ ရှေးဟောင်းသုတေသန အဖွဲ့က လုံးဝ မတူတဲ့ ၂ဖွဲ့ပဲ...."


ဖက်တီးက ခေတ္တရပ်ခိုင်းပြီး “မင်းဆိုလိုတာက သေတဲ့လူတွေက ပြန်မထမြောက်ဘဲ တခြားလူအုပ်စုက ထပ်ရောက်လာတာပေါ့??”


"ဖန်မာနဲ့ အခြားသူ​တွေဆီက အသတ်ခံရတဲ့ လူတစ်စုက တကယ်သေသွားပြီ... ဖန်းမာက အဲဒီအဖွဲ့ဝင်တိုင်းကို မသိထားဘူးလေ... ဝတ်စုံတူ အသွင်ယူတဲ့ တခြားအဖွဲ့ရှိရင် ဖန်းမာတို့ကို လှည့်စားဖို့ ခေတ်မီတဲ့ အသွင်ယူထားစရာ မလို​တော့ဘူးလို့ ထင်တယ်"


ဖက်တီး: "ဒါပေမယ့် သူတို့ဘာလို့ ဒီလိုလုပ်ရတာလဲ သက်သက်မဲ့ လှည့်စားချင်လို့လား?"


"ဒါက ခန့်မှန်းထားတာချည်းပဲ... အဲဒီအဖွဲ့ရဲ့ အခြေအနေနဲ့ ဖန်းမာရဲ့ အခြေအနေပေါ် မူတည်ပြီး ငါကတော့ ဒီကိစ္စမှာ အမှားအယွင်းတွေလည်း ရှိနိုင်တယ်လို့ ယူဆမိတယ်.... ဒါက အချိန်ယူပြီး ကြံစည်ထားတဲ့ ပူးပေါင်းကြံစည်မှုလို့ ယူဆရအောင်... ပြီးတော့ သူတို့ဘက်ကလည်း ဖန်းမာကို သတ်ဖို့ ကြံစည်ထားတာလည်း ဖြစ်နိုင်တယ်... ဖန်းမာက အဲဒီနေ့မှာ ရှေးဟောင်းသုတေသန အဖွဲ့ကို ချေမှုန်းပစ်ဖို့ စီစဉ်ထားပေမယ့် တစ်ယောက်နှစ်ယောက်ကတော့ လွတ်သွားလိမ့်မယ်... လူသတ်သမားက အလုပ်ပြီးသွားပြီလို့ ထင်ပြီး ထွက်သွားတဲ့ အချိန်မှာ အစားထိုးအဖွဲ့ အတုက ဒီကိုရောက်လာပြီး သူတို့ စီစဉ်ထားတဲ့အတိုင်း ဟန်ဆောင်နေလိုက်တယ်.... ဘာမှ မသိသေးတဲ့ ဖန်းမာကတော့ နတ်ဆိုးရေကန် ဆိုတဲ့ စိတ်ကူးကြီး ပေါ်လာရောပေါ့.... ကျိုးကြောင်းဆီလျော်တဲ့ ထင်ကြေးပေးတာတွေက တကယ်တော့ ဖြစ်မလာနိုင်ဘူး ဆိုပေမယ့် ဒါက ဖြစ်နိုင်ချေရှိတယ်လို့ ငါထင်တယ်"


ဖက်တီး: "ဟေး ဒီခန့်မှန်းချက်က နည်းနည်းတော့ စိတ်ချရတယ်ကွ... ဒါပေမယ့် ဖက်တီးငါ အဲဒီလို လုပ်ကြံမှုမျိုး ဘယ်နားမှာ ကြားဖူးတာပါလိမ့်... မင်းမှာ ဘာအထောက်အထားရှိလို့လဲ"


“အသေးစိတ် အချက်တချို့ပဲ ရှိတယ် ဥပမာ ပထမရှေးဟောင်း သုတေသနအဖွဲ့ကို ဖန်းမာက ခေါ်သွားပေမယ့် ထွက်လာတဲ့အခါမှာတော့ ဖန်းမာနဲ့ လမ်းတစ်ဝက်မှာ တွေ့တယ်... သူတို့က ဖန်းမာ လာခေါ်တာကို မစောင့်ဘဲ သူတို့ဘာသာသူတို့ ထွက်လာတာလေ ဆိုလိုတာက နောက်ကွယ်က အဖွဲ့က ဒီမြေပြင်အနေအထားနဲ့ ရင်းနှီးပြီး သူတို့မှာ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေကို ဖော်ထုတ်နိုင်တဲ့ စွမ်းရည်ရှိတာ ဖြစ်မယ်... အဲ့ရှေးဟောင်း သုတေသနအဖွဲ့က ဖန်အာ့ကွေ့ နဲ့ တခြားသူတွေကို သတ်ပစ်ခဲ့တာ ဖြစ်နိုင်တယ်... အဲ့အဖွဲ့ကလည်း ဒီကနေပြန်ပြီး ရှီးရှားကို ရောက်သွားတဲ့ အဖွဲ့ဖြစ်မယ်... ဒါပေမဲ့ သူတို့အားလုံး​တော့ မဟုတ်ဘူး...အဖွဲ့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်” 


ဝူရှဲ့အတွေးတွေဟာ အရင်ကထက် အရမ်းရင့်ကျက်လာပါပြီ။ 


ဖက်တီး: "ဒါပေမဲ့ မင်းဘယ်လို သက်သေပြမလဲ"


"တိုက်ရိုက် အရှိဆုံး နည်းလမ်းက သိုးခြေထောက်တောင်မှာရှိတဲ့ ရေကန်ကို သွားကြည့်သင့်တာပဲ... အခုရေကန်က ပိုသေးသွားတော့ အောက်ဘက်မှာ ဘာရှိလဲဆိုတာ ရှာလို့ရနိုင်တယ်....ဥပမာ ရေကန်ထဲမှာ အလောင်းတွေရှိမရှိကို ငုံ့ကြည့်နိုင်မယ်ထင်တယ်"


"အမ်... နည်းနည်းတော့ ခက်တယ် အခု အနှစ်လေးဆယ်လောက် ရှိပြီ ဆိုတော့ အလောင်းတွေရှိရင်တောင် ပုပ်ပွနေလောက်ပြီ"


ဝူရှဲ့: “အရိုးတွေ ရှိနေတုန်းပဲလေ .... ဖန်းမာနဲ့ တခြားသူတွေက လှေမရှိဘူး ဒါကြောင့် အလောင်းကို စွန့်ပစ်တဲ့နေရာက ရေကန်နားမှာ ဖြစ်ရမယ် ငါတို့ ကံစမ်းနိုင်မယ်လို့ ထင်တယ်”