ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (52)
အမှတ်အသားရဲ့ အဆုံး
ဝူရှဲ့ ဖက်တီးကို ခပ်မြန်မြန် ဆွဲထုတ်လိုက်သည်။ ဝူရှဲ့ ဝမ်းကျင်ကို လှည့်ကြည့်လိုက်တော့ သူမနဲ့ ကောင်လေးတစ်ယောက်ဟာ ကြိုးလှေကားပေါ်က ဆင်းလာရင်း ပစ္စည်းတွေကို ပြင်ဆင်နေလေရာ ဖက်တီးရဲ့ လုပ်ရပ်ကို သတိမထားမိလိုက်ပေ။
"မင်းဒီမှာဘာလာလုပ်တာလဲ မင်းငါ့ရဲ့ဦးလေးကို ဂရုစိုက်ပေးရမှာ မဟုတ်ဘူးလား"
ဝူရှဲ့ ဆင်းလာတဲ့ ကောင်လေးကို မေးလိုက်သည်။ သူက ပြုံးပြီး ပြန်ပြော၏။
"သခင်သုံးကို ပြုစုစောင့်ရှောက်ပေးဖို့ လူရှိတာနဲ့ ဆင်းလာခဲ့တာ"
သူ့အပြောအဆိုကို ကြည့်လိုက်တော့ ဝူရှဲ့မှာ တစ်ခုခုမှားနေသလို ခံစားလာရသည်။ ဒီလူယုတ်မာတွေက မကောင်းတဲ့ ကောင်တွေပင်။ အန္တရာယ်ရှိလာတဲ့အခါ ဖြန့်ကျက်ဖို့ အကောင်းဆုံး လုပ်ကြတဲ့ ငှက်တွေလိုပဲ ဖြစ်သည်။ ဒီကောင်ရဲ့ အမူအရာကို ကြည့်ရတာ တစ်ခုခုကို အံသြသွားပုံရ၏။
မကြာခင်မှာပဲ နောက်ထပ်လူ ၃ ယောက်ကလည်း အောက်ကို ဆင်းလာပြီး ကြီးမားလှတဲ့ စက်ဝိုင်းပုံ ဂူသင်္ချိုင်းကြီးကို သူတို့ရဲ့ ဓာတ်မီးတွေကို ထိုးကြည့်ကြရင်း မျက်လုံးတွေက မီးပွင့်သွားလေသည်။ ဦးလေးသုံးသည် ဤနေရာက ဘယ်လောက် ကြွယ်ဝပြီး လိမ်ညာပြောဆို ထားကြသော်လည်း သို့မဟုတ် အန္တရာယ်တွေ ကြုံတွေ့ပြီး ဘယ်လောက်ပင် ကြောက်ရွံ့နေသော်လည်း အုတ်ဂူကို မြင်သည်နှင့်ပင် မျက်လုံးများက အရောင်တောက်သွားသည်။
သူတို့အားလုံးသည် သာမဏေသူခိုးများ ဖြစ်ကြသော်လည်း ရှေးခေတ် သင်္ချိုင်းဂူများအပေါ် သူတို့ထက်ပင် လောဘကြီးကြသည်။ ဝူရှဲ့လည်း ဒီအခြေအနေကို မြင်တော့ ကြိုးလှေခါးပေါ်ကနေ ဆင်းပြီး မျက်နှာမကောင်း ဖြစ်သွားသော်လည်း ဝမ်းကျင်က သူ့ကို တားလာခဲ့သည်။
“သူတို့ကို လွှတ်ထားလိုက်ပါ... ဒီလူတွေအကုန်လုံးက စိတ်ဓာတ်ကျနေကြတာ မင်းရဲ့ဦးလေးသုံးကို အပေါ်ယံက ယဉ်ကျေးပြနေကြတဲ့ ရိုင်းရိုင်းစိုင်းစိုင်း အကောင်တွေ... သူတို့လိုချင်တာ ဥစ္စာပစ္စည်း သက်သက်ပဲ သူတို့ အားလုံးမှာ လက်နက်တွေ ရှိတယ် သူတို့နဲ့ တိုက်ခိုက်ရင် အန်တီတို့အတွက် တော်တော် နစ်နာလိမ့်မယ် ဘာပဲဖြစ်ဖြစ် အန်တို့တို့ထိတွေ့နိုင်တဲ့ အရာတွေရှိရင် သူတို့ကို ပေးလိုက်..."
ဝူရှဲ့လည်း ဒါကို နားလည်ပါသည်။ ဒီလူတွေကို ခြိမ်းခြောက် ချင်ရင်တောင်မှ သူက ဦးလေးသုံး မဟုတ်တော့ ဘာမှမလုပ်နိုင်ဘူး။ ပါးစပ်က အော်လိုက်ရင်တော့ သူ့ကိုဘယ်သူကမှ လေးစားမှုမရှိနိုင်တဲ့ ရှောင်စန်းရယ်လေး ဖြစ်နေမှာမလို့ ဦးလေးသုံး မပါရင် ဒီလူတွေကို ဘာမှမပြောနိုင်ချေ။
ဝူရှဲ့ နည်းနည်း စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။ ဒီလူတွေက သူတို့ရဲ့ ကြီးမားတဲ့ အရာတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အကြောင်းရင်းတစ်ခု ရှိနေနိုင်တယ်လို့ ခံစားနေရလေသည်။ ဖက်တီးကလည်း ဒါတွေကို သတိထားမိတာကြောင့် သူလက်ထဲက သေနတ်ကို ဆုပ်ကိုင်လိုက်ပြီး ဝူရှဲ့တို့ကို မြန်မြန်သွားပစ်ဖို့ အချက်ပြလာသည်။
လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အများကြီး ရှိလာခဲ့ရာမှ နောက်ဆုံးမှာတော့ ကိုယ့်လူမျိုးရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ တကယ့်ကို ထေ့ငေါ့စရာပဲ ဆိုတာကို ဝူရှဲ့ နားလည်လာခဲ့သည်။ ထို့အပြင် ဤလူများသည် စည်းစိမ်ဥစ္စာကိုသာ လိုချင်ကြသည်။ မိမိမှာ မှောင်မိုက်သော စိတ်ရှိလျှင်ပင် သူတို့က မိမိစကားကြောင့် ချမ်းသာသုခကို စွန့်လွှတ်ကြမှာ မဟုတ်ချေ။
မျက်နှာသေက ပစ္စည်းများကို ယူဆောင်လာပြီး ကြိုးလှေခါးမှ ဆင်းလာ၏။ သူကတော့ သူ့ထုံးစံအတိုင်း ထိုလူများကို လျစ်လျူရှုကာ ရှေ့ကိုသာ လှမ်းကြည့်လိုက်သည်။ "非" ပုံသဏ္ဍာန်စင်္ကြံသည် မကြာမီ အဆုံးသို့ ရောက်လာပြီး သူတို့ရှေ့တွင် ဂူတစ်ခု ပေါ်လာခဲ့သည်။ ဂူနံရံတစ်လျှောက်တွင် တည်ဆောက်ထားသည့် ရှေးခေတ်ပုံစံများ အပြင် စင်္ကြံအဆုံးတွင် လှေကားတစ်စင်းလည်း ရှိသည်။
ဤနေရာတွင် မိုင်းတွင်းမီးချောင်းများက မလုံလောက်ပေ။ ဦးလေးသုံးရဲ့ လူတွေဟာ အခြားပစ္စည်းများ၊ အပိုပစ္စည်းများ အများအပြားရှိသဖြင့် ဖက်တီးလည်း သူ့လက်ထဲက မီးတုတ်ကို ချက်ချင်း ငြိမ်းလိုက်သည်။
ဦးလေးသုံးက ဂူထဲတွင် အထူးအသုံးပြုသည့် အမြင့်နိမ့် မီးကျည်များကို ပြင်ဆင်လာခဲ့တာကြောင့် ဖက်တီးက မီးကျည်တစ်ချက် ပစ်လွှတ်လိုက်သည်။ မီးလုံးသည် အမှောင်ထဲသို့ ပျံတက်ပြီး မကြာမီ ပေါက်ကွဲသွားကာ ဂူတစ်ခုလုံးကို တောက်ပသွားစေသည်။ ဖက်တီးက နောက်ထပ် ပစ်ခတ်မှု နှစ်ကြိမ်ကို ပစ်ခတ်ခဲ့ပြီး အနီးနားရှိ မမြင်ရသော နေရာများကိုပါ တောက်ပဝွားစေခဲ့သည်။ ဝူရှဲ့ ဘယ်တုန်းကမှ စက်ပစ္စည်းကိရိယာတွေကို အစုံအလင် မယူလာခဲ့ဖူးဘူး။ ဒါက နောက်ဆုံး အခိုက်အတန့်လည်း ဖြစ်လို့ အလကား သုံးပစ်လိုက်လို့တော့ မဖြစ်ချေ။
ဖက်တီး ကျည်ဆံအိတ်ကို ချလိုက်ပြီး နောက်တစ်ကြိမ် ပစ်ခတ်တော့မည်အလုပ် ဝမ်းကျင်က သူ့ကို လှမ်းတားလိုက်လေသည်။
"မင်း ဘယ်လောက်ပဲ ချမ်းသာနေပါစေ ဒါက မင်းသုံးနိုင်တဲ့ အရာမဟုတ်ဘူး... အခုလည်း တော်တော်လေး တောက်ပနေပြီ ပိုတောက်ပလာရင် ငါတို့ ဘာမှ မမြင်ရတော့ဘဲနေမယ်”
ထို့နောက် ဖက်တီးလည်း ခေါင်းညိတ်ကာ ရပ်လိုက်သည်။ သူတို့တစ်ဖွဲ့လုံး အတောက်ပဆုံး အဆင့်ကို ကျော်သွားတဲ့အထိ စောင့်ဆိုင်းခဲ့၏။ မီးကျာ်ရဲ့ အလင်းရောင် လျော့နည်းသွားကာ ပတ်ဝန်းကျင် အခြေအနေလည်း ရှင်းသွားခဲ့သည်။
ဤသည်မှာ အမှန်ပင် ထမုထို၏ အောက်ခြေ အနက်ရှိုင်းဆုံး အစိတ်အပိုင်း ဖြစ်ကာ လိုဏ်ဂူများကတော့ သဘာဝအတိုင်း ဖွဲ့စည်းထားတာ မဟုတ်ပေ။ လူတွေက တူးထုတ်ထားတာ ဖြစ်ကာ ဂူရဲ့ထိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အားကစားကွင်း တစ်ခုထဲက ထိုင်ခုံများကဲ့သို့ အဆင့်ဆင့် ဆောက်ထားတာကို တွေ့ရလေသည်။ အဆင့်တစ်ခုစီကို အနက်ရောင် ရုပ်တုများဖြင့် ဖုံးအုပ်ထားသည်။
ထိုရုပ်တုများသည် အနက်ရောင် ဖြစ်သောကြောင့် ၎င်းတို့ကို ရှင်းရှင်းလင်းလင်းတော့ မမြင်ရပေ။ ဝူရှဲ့ကတော့ ဤရုပ်တုများသည် အပြင်လူများ မမြင်နိုင်သော သို့မဟုတ် မပိုင်ဆိုင်နိုင်သော တော်ဝင်မိသား စုအတွက် ထူးခြားသည့် ရုပ်တုများလားဟုပင် ကခံစားနေရသည်။
ရုတ်တရက် ဒီနေရာနဲ့ အလားတူ အပြင်အဆင်များ ပါရှိသည့် တိမ်ထိပ် ကောင်းကင်နန်းတော်ရှိ အလောင်းတွေကို တွေးမိသွား၏။ ဤရုပ်တုများသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း အထူးတလည် ပြုထားသော အလောင်းများ ဖြစ်သည်ဟုတော့ ခံစားမိပါသည်။ ၎င်းသည် အဆင့်နိမ့် တော်ဝင်မိသားစု၏ ရုပ်အလောင်းများကို ထိုရုပ်တုများအောက်တွင် ခြောက်သွေ့စေရန် မြှုပ်နှံထားခြင်း ဖြစ်ပေမည်။
မီးတောက်က တဖြည်းဖြည်း အောက်ကို ကျဆင်းသွားရာ အောက်ခြေ ပတ်ပတ်လည်တွင် ထူးဆန်းသော ပုံသဏ္ဌာန်နှင့် အရွယ်အစား များစွာရှိသော ကြေးထည်က ဒါဇင်များစွာရှိပြီး အရာအားလုံးသည် အလွန် တန်ဖိုးရှိနိုင်တာကို တွေ့လိုက်ရသည်။ အကာအရံ လေးခုရှိတဲ့ တောင်ကြောတွေကို ကြည့်လိုက်ရင် ရှေ့ကို ဆက်သွားရမယ့် ထင်ရှားတဲ့ နေရာတစ်ခုမှ မရှိတာတော့ အမှန်ပါပဲ။ သူတို့လမ်းရဲ့ အဆုံးကို ရောက်နေပြီ။ သဲလွန်စအားလုံးကို ဒီနေရာက ဖြေရှင်းပေးသင့်တယ် ထင်ပါရဲ့။
ဘုရင်၊ မိဖုရား မျိုးနွယ်စုများက တွင်းတူးခြင်းကို အမှန်တကယ် နှစ်သက်ပုံပဲ။ တော်ဝင်မျိုးနွယ်ကို မြှုပ်နှံဖို့အတွက် ဒီလောက် အနက်ကြီးအထိ တူးထားပုံက သူတို့ကို တော်ဝင်ကြွက်မျိုးနွယ်လို့ ဆိုရမလိုတောင် ဖြစ်နေသည်။ ဖက်တီးခမျာလည်း ပတ်ဝန်းကျင်ကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့်။
ဝမ်းကျင်က "ဒီနေရာက ရှီးဝမ်မယ်တော်ရဲ့ တော်ဝင်မိသားစုတွေ... လျှို့ဝှက်လှုပ်ရှားတာတွေ လုပ်ဆောင်တဲ့ နေရာ...ရှီးဝမ်းနိုင်ငံတော်ရဲ့ သူတော်စင်မြေ ဖြစ်နိုင်တယ်။ သူတို့က ဒီနေရာမှာ အရမ်းလျှို့ဝှက်တဲ့ ထုံးတမ်းစဉ်လာ တချို့ကို ကျင်းပနိုင်သလို ဘာသာရေးနဲ့ ဆိုင်တဲ့ ကျင့်ဝတ်တစ်မျိုးမျိုးကိုလည်း လုပ်ဆောင်နိုင်တယ်... ."
ဖက်တီး: "ဟင့် ဒီသူတော်စင်မြေကလည်း အရမ်းညစ်ပတ်တာပဲ... တကယ်ကို စိတ်ပျက်စရာကောင်းတယ် ဒီရှီးဝမ်းမယ်တော်က ဒါကိုကျ သတိမထားမိဘူးလားဟ.. ဒီကြေးတွေက ဘာတွေလဲ... ဒီကျောက်တုံးတွေကရော... ဘုရားဘုရား! ဝူလေး... ဒီကျောက်တုံးတွေက ဘာလဲဆိုတာ ကြည့်စမ်းပါဦး!”
ဖက်တီးမှာ တအံ့တသြ ဆိုလာတာကြောင့် အတွေးလွန်နေတဲ့ ဝူရှဲ့ခမျာလည်း လန့်သွားလေသည်။ မီးကျည်က တဖြည်းဖြည်း ကျဆင်းနေတာမလို့ မြင်နိုင်တဲ့ အလင်းရောင် အကွာအဝေးက သိသိသာသာ လျော့ကျသွားပါပြီ။ ဒါကြောင့် ထင်သာမြင်သာ ဖြစ်သွားအောင် လင်းထိန်ဖို့ မိုင်းတွင်းမီးခွက်ကို မြှင့်လိုက်ပြီး အနီးကပ် ကြည့်လိုက်တော့ အော်မိလုနီးပါး ဖြစ်သွားသည်။ ဂူနံရံပတ်လည်ရှိ ဤ "ကျောက်ထွင်းထုများ" သည် ကျောက်ကို ထွင်းထုထားခြင်း လုံးဝ မဟုတ်ဘဲ ဘုရင်ရုပ်တုတန်းများ တန်းစီနေခြင်းပဲ ဖြစ်သည်။ (TN - ကျောက်ကို ရုပ်တုဖြစ်အောင် ထုထားတာ မဟုတ်ဘဲ လူကိုမှရုပ်တုထဲ ထည့်ထားရင်း ကြာလာတော့ အလောင်းခြောက် ဖြစ်သွားတာမျိုးကို ပြောတာဖြစ်မယ်)
ဝူရှဲ့ခမျာ အေးစိမ့်နေသော လေများကို ရှူရှိုက်မိသွားသည်။ ခုနှစ်စင်ကြယ်နန်းတော်က သင်္ချိုင်းဖောက် အမှတ်တရများဟာ သူ့ခေါင်းထဲ၌ ဒီရေကဲ့သို့ ထွက်ကျလာခဲ့သည်။ တစ်ချိန်တည်းမှာပင် မျက်နှာသေဘက်ကလည်း သိသိသာသာကို နှိုးဆွခံလိုက်ရသလို မျက်ခုံးမွှေးများ တွန့်ချိုးသွားတာကို ဝူရှဲ့ လှမ်းသတိထားမိလိုက်သည်။
သေချာပါ၏။ ဒီနေရာတွေ အားလုံးက ဆက်နွယ်လျက် ရှိနေပေသည်။ ဒါဆို ဒီကျောက်စိမ်းရုပ်တွေ တစ်ခုစီထဲမှာ သက်ရှိ အလောင်းကောင်တွေ ရှိနေတာများလား။
ဖက်တီးသည် ရဲရင့်လွန်းသဖြင့် နံရံကို ချက်ချင်း ဆွဲကိုင်ကာ လှေကားထစ်တစ်ခုပေါ်သို့ တက်ချသွားလေသည်။ ဝူရှဲ့ ဖက်တီးတစ်ယောက် ဒုက္ခရောက်မှာကို ကြောက်တာကြောင့် သူ့ကို လှမ်းဖမ်းဆွဲပြီး အောက်ထပ်ကို သွားကြည့်ဖို့ လိုသေးတာကြောင့် ဒီလောက်အထိ အားထုတ်စရာ မလိုဘူးလို့ ပြောလိုက်သည်။
ဝူရှဲ့တို့သည် စိတ်များကို စုစည်းကာ နောက်ဆုံးအဆင့်သို့ ရောက်သည်အထိ ကျောက်တုံးကြီးပေါ်မှ အလျင်အမြန် ဆင်းလာခဲ့၏။ ဖက်တီးလည်း ခုန်ဆင်းလာကာ ကျောက်စိမ်းရုပ် တစ်ရုပ်ဆီသို့ ချဥ်းကပ်သွားခဲ့ရာ ရုပ်တုက အလောင်းကောင် လုံးလုံး ဖြစ်နေကြောင်း ထင်ရှားစွာ တွေ့လိုက်ရလေသည်။
ဤအခြောက်ခံထားတဲ့ မမ်မီဟာ အသေးစိတ် အချက်အလက်တွေကို မမြင်နိုင်လောက်အောင် သေးငယ်လွန်းတာကြောင့် သူတို့ကို တစ်ခုပြီးတစ်ခု ကြည့်လိုက်ရင် ကျောက်စိမ်းရုပ် တစ်ခုစီရဲ့ အတွင်းထဲမှာ တစ်ခုခု ရှိနေသလိုပင်။
"မမကြီး ပြောတာ မှန်တယ်... ဒါက တကယ်ကို ပွဲလမ်းသဘင် ကျင်းပတဲ့ နေရာ ဖြစ်နိုင်ပါတယ်" ဖက်တီးက ဆို၏။
"ငလူး... ဒါတွေက တရုတ်ဒဏ္ဍာရီထဲက ရှီးဝမ်းမယ်တော် လက်အောက်က မသေနိုင်တဲ့ အကောင်တွေလား မသိဘူးနော်... ဒါကြီးကျက ဝေးလွန်းတယ် မဟုတ်ဘူးလား”
ဝူရှဲ့ : "ဒါပေမဲ့ ဒီကျောက်စိမ်းရုပ်တွေက ဘုရင်လုနန်းတော်ထဲက ပုံစံတွေနဲ့ နည်းနည်းတော့ ကွာတယ်.... ဘုရင်လုနန်းတော်ထဲက ကျောက်စိမ်းရုပ်တွေက အခုထိ အသက်ရှင်နေသေးတယ်... ဒါတွေကတော့ မံမီတွေ ဖြစ်သွားကြပြီ ထင်တယ်"
"အဲဒါက အချိန်ကြောင့်ပဲ... ရှီးဝမ်းမယ်တော်က သူမရဲ့နိုင်ငံတော် အထွတ်အထိပ် ရောက်သွားတဲ့ချိန်မှာ ဒီဂူကို တူးဖော်ခဲ့တာ ဖြစ်လိမ့်မယ်... အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်လောက်က ဖြစ်မှာပေါ့.... အချိန်တွေက အများကြီး ကြာသွားတော့ အလောင်းတွေလည်း အစိုဓာတ်တွေ ခမ်းခြောက်သွားတာ ဖြစ်နိုင်တယ်"
ဖက်တီးက ကျောက်စိမ်းရုပ်၏ အနက်ရောင်အခွံကို လက်ဖြင့် ထိကြည့်မည်အလုပ် မျက်နှာသေက သူ့လက်ကောက်ကို ဖမ်းကာ သတိထားရန် အချက်ပြရာ ဝူရှဲ့လည်း ဝင်ပြောလိုက်သည်။
"ကိုင်ချင်စိတ်ကို လျှော့လိုက်ရယတာ ပိုကောင်းမယ်.... အဲဒီတုန်းက အစ်ကိုလေး မပြောခဲ့ဘူးလား အချိန်မှားရင် ကျောက်စိမ်းရုပ်က သူ့အခွံထဲက ထွက်လာလိမ့်မယ်"
ထိုအခါ ဖက်တီးက စိတ်ဓာတ်ကျစွာနဲ့ ပြန်ပြောလေသည်။
"ငါဒါကို ထိချင်တယ်လေကွာ... အမှတ်တရလေးတွေ သိမ်းထားပါရစေ"
ဖက်တီးတစ်ယောက်က ဒဏ်ရာ သက်သာရာ ရလာတာနဲ့အမျှ ရထားတဲ့ ဝေဒနာကို မေ့သွားချေပြီ။ ပြောနေရင်တောင် အသုံးမဝင်တာကြောင့် ဝူရှဲ့လည်း သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။ တစ်ဖက်မှ ဝမ်းကျင်သည် အခြားအရာများ၏ ဆွဲဆောင်မှုကို ခံထားရပြီး ကြေးတန်ဆာများ ပြည့်သည့်နေရာဆီသို့ လျှောက်သွားနေခဲ့သည်။
ဝူရှဲ့ သူမနောက်ကို လိုက်ကြည့်တော့ အဲဒီကြေးအိုးကြီးက သူ့ထက်တောင် ပိုမြင့်နေတာကို တွေ့ရတော့ အံ့သြသွားခဲ့ရသည်။ သူ့ခမျာ ကြေးအိုးတွေကို နာမည်တပ် မခေါ်နိုင်ပေ။ သို့သော် ကြေးအိုးတစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင် ရည်ရွယ်ချက်ရှိနေတာ ထင်ရှားလှသည်။ ၎င်းတို့အပေါ်က အံ့သြစရာကောင်းတဲ့ ပုပ်ပွနေတဲ့ အရာတွေကို မြင်လိုက်ရတဲ့အခါ အသုံးပြုထားတဲ့ ခြေရာလက်ရာတွေ ရှိနေမှန်း ခန့်မှန်းကြည့်နိုင်၏။
အကယ်၍ ဤဂူသည် ရှီးဝမ်းမယ်တော်၏ မျိုးနွယ်မှ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို လေ့ကျင့် ကျင်းပရန် သို့မဟုတ် လုပ်ဆောင်ရန် အသုံးပြုသည့် နေရာဖြစ်ပါက ဤအရာများသည် ကျင့်ကြံခြင်းနှင့် ဘာသာရေးဆိုင်ရာ ထုံးတမ်းများနှင့်လည်း သက်ဆိုင်နေသင့်သည်။
ထိုအချိန်တွင် ဝမ်းကျင်က တအံ့တသြနဲ့ ဆိုလာခဲ့သည်။
"အို ဘုရားရေ..... ဒါက ရှီးဝမ်းမယ်တော်ရဲ့ အဂ္ဂိရတ်အခန်း ဖြစ်မယ်.... ဒါကြီးက တကယ် ရှိနေတာပဲ..."