(31) တတိယည - အလောင်းဖျောက်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (31)

တတိယည - အလောင်းဖျောက်



အလောင်းတွေကို နောက်တစ်ခါ ပြန်ကြည့်လိုက်တော့ ဒီအလောင်းတွေဟာ ရေစိမ်ထားတာကြောင့် မီးခိုးရောင် ပြောင်းသွားတာကို တွေ့ရပေမယ့် ရွှံ့ရေထဲမှာ စိမ်ထားတာ သိပ်မကြာသေးတဲ့ပုံပဲ။ ဒါကြောင့် သေထားတာ သိပ်မကြာသေးဘူး ဆိုတာ ထင်ရှားပါ၏။ ရွှံ့ရေထဲမှာ စိမ်ပြီးနောက် ခန္ဓာကိုယ်က ဖြူမသွားဘဲ အနည်းငယ် ပြာသွားတာက ထူးဆန်းနေသည်။ 


ဤနေရာတွင် လူသေများစွာ ရှိပြီး သူတို့အားလုံးသည် မကြာသေးမီကမှ သေဆုံးသွားခဲ့ကြကာ ဦးလေးသုံး၏ လူများပင် ဖြစ်ပေလိမ့်မည်။ လူသူကင်းမဲ့တဲ့ စခန်းကို တွေးကြည့်ပြီးနောက် ဝူရှဲ့ တုန်တုန်ယင်ယင် ဖြစ်လာသည်။ ဒီလူတွေကို ကြက်အမောက်မြွေက ကိုက်ပြီး ဒီနေရာရောက်အောင် ပို့ဆောင်ခဲ့တာ ဖြစ်လိမ့်မည်။ 


ဒီလူတွေဟာ မတော်တဆမှု ဖြစ်ဖူးတဲ့ ပထမဆုံးသူတွေလား ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဦးလေးသုံးရဲ့ လူတွေလား။ သူတို့အထဲမှာ ဦးလေးသုံးရော ရှိလား စသည်ဖြင့် ဝူရှဲ့ခမျာ အတွေးပေါင်းစုံဖြင့် ခေါင်းကိုက်သွားတော့သည်။ 


အခုနတုန်းက ကြားလိုက်ရတဲ့ တတိယ သခင်လေးဆိုတဲ့ ငိုသံကို ရုတ်တရက် တွေးမိသွားသည်။ သူ တွေးလိုက်မိတာက အဲဒီလူက သူ့ကို ခေါ်နေတာ မဟုတ်ဘူး။ ဒီနေရာကို ဖော်ထုတ်ပြီး လမ်းပြပေးချင်တဲ့ တစ္ဆေတစ်ကောင်က သူ့ကို ဆွဲဆောင်ပြီး ခေါ်လာတာလားဟုပင် စဥ်းစားမိပြန်၏။ 


နှလုံးခုန်သံက အရမ်း ခုန်နေပေမယ့် နာရီရဲ့ အပြာရောင် အလင်းတန်းလေး ပျောက်ကွယ်သွားတဲ့အခါ ပတ်ဝန်းကျင် တစ်ခုလုံးက အမှောင်ကျသွားပြန်သည်။


ဝူရှဲ့ လက်ပတ်နာရီကို ပြန်ဖွင့်ပြီး အလောင်းရဲ့ အိတ်ကပ်တွေကို ကိုင်​ကြည့်လိုက်သည်။ ရေစိမ်နေပြီဖြစ်တဲ့ သူ့ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ကျောက်နံရံဘက်ကို ပစ်ပေါက်ကာ စမ်းသပ်လိုက်သော်လည်း ပထမတစ်ချက်မှာ ပစ်တာ မထိပေ။ 


ဒါကြောင့် လူတစ်ယောက်ရဲ့ ခါးပတ်က ဓာတ်မီးကို ဖြုတ်ပြီး လှန်လိုက်တာနဲ့ တစ်ခုခု မှားနေပြီ ဆိုတာ သိလိုက်ရ၏။ အကြောင်းမှာ သူ ဓာတ်မီးလို့ ထင်ထားတဲ့ အရာက ပြေးထွက်လာလေသည်။ ဝူရှဲ့ သူ့ကိုယ်သူ ပါး​ပြန်ရိုက်မိတော့မယ့် အချိန်မှာ ပျံသန်းလာတဲ့ အရာကြီးကို ရိုက်ချမိသွားသည်။ တစ်ချိန်တည်းမှာပဲ မိုင်းတွင်းမီးခွက်ဟာ ၎င်းကပ်ထားတဲ့ ချုံပုတ်ကနေ ပြုတ်ကျပြီး ရေထဲကို ပြုတ်ကျသွားတော့သည်။ 


ဝူရှဲ့မှာ ကျောက်တုံးကြီးရဲ့ အချွန်အတက်တွေကို လက်တစ်ဖက်က ဆုပ်ကိုင်ထားပြီး ကျန်တဲ့ လက်ကို တတ်နိုင်သမျှ ဆန့်ထုတ်လျက် မိုင်းတွင်း မီးခွက်ကို ကောက်ကိုင်လိုက်သည်။ မီးက အရမ်းလင်းပေမယ့် ရေစီးကြောင်းနဲ့ မီတာပေါင်းများစွာ ရေထဲ မျောပါသွားခဲ့သည်။


ဒီတစ်ခါတော့ သူလည်း မိုင်းတွင်းမီးခွက် အတိုင်း တောက်လျှောက် လိုက်ကြည့်လိုက်တော့ ဒီရေကန်ဟာ ရှေးဦးရေကန်တစ်ခုနဲ့ ခပ်ဆင်ဆင်တူတဲ့ ကျောက်တုံး အပျက်အစီးတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ သားရဲ၏ ပါးစပ်ထဲသို့ စီးဆင်းသွားတယ်လို့ ထင်ရသည့်အတိုင်း အောက်ဖက်တွင် ရေတွင်းတစ်ခု ရှိနေသလို စီးဆင်းသွားခြင်း ဖြစ်သည်။ 


ဝူရှဲ့ ရေကူးသွားပြီး မီးအိမ်ကို သူ့ခါးမှာ ချိတ်ဆွဲထားလိုက်သည်။ ကျောက်နံရံဘက်ကို လှမ်းကြည့်လိုက်တော့ ရွှံ့နွံထဲမှာ အလောင်းတွေ အများအပြား နစ်မြုပ်နေတာကို တွေ့လိုက်ရ၏။ တောင့်တင်းတဲ့ လက် ဒါမှမဟုတ် တခြား အစိတ်အပိုင်းတွေက ရေကန်အောက်ခြေမှာ ဖုံးလွှမ်းလုနီးပါး ဖြစ်နေပါ​ပြီ။ 


လမ်းလျှောက်ရင်း အလောင်းတွေကို ရှောင်ခဲ့ပေမယ့် အလောင်းတွေက အများကြီးမလို့ သွားစရာလမ်းက မရှိချေ။ ဝူရှဲ့ ခြေထောက်နဲ့ တွန်းတိုက်ကြည့်တော့ ရွှံ့ရေတွေထဲ မျောပါသွားကြသည်။ ဝူရှဲ့ သူတို့ရဲ့လည်ပင်းမှာ အနက်ရောင် အပေါက်နှစ်ခု ရှိနေတာကိုပါ တွေ့လိုက်ရသည်။ လည်ပင်းတစ်ခုလုံး အနက်ရောင်ဖြစ်ပြီး ပတ်ပတ်လည် အစိတ်အပိုင်းများသည် အပြာရောင် ဖြစ်​နေသည်။


သူတို့အားလုံး မြွေကိုက်ခံထားရ၏။ စခန်းတစ်ခုလုံးမှာ တိုက်ပွဲဖြစ်ထားတဲ့ အရိပ်အယောင်တွေ မတွေ့ခဲ့ရပေ။ ဒါကြောင့် သူတို့ အိပ်ပျော်နေချိန်မှာ တိုက်ရိုက် အကိုက်ခံရတာ ဖြစ်နိုင်သည်။ ဒါမှမဟုတ် ဒီကို ချီတက်လာစဉ်မှာ အကြီးစား တိုက်ခိုက်ခံရတာ ဖြစ်နိုင်သည်။


ဝူရှဲ့သည် မိုင်းတွင်းမီးအိမ်ကို ချိန်ညှိပြီး ဦးလေးသုံးရှိမရှိ သိရန် ကြိုးပမ်းရင်း သူတို့၏ မျက်နှာများကို တချက်ချင်းစီ လိုက်ရှာသည်။


ဦးလေးသုံးကို ဒီလိုနေရာမှာ မတွေ့ချင်ပေ။ သူ့ပုံစံက သားရဲ့အလောင်းကို ဖော်ထုတ်ဖို့ လိုက်ရှာနေတဲ့ မိဘတစ်ယောက်လို ဖြစ်နေ၏။ ဦးလေးသုံး ဒီလူတွေထဲမှာ ရှိနေဖို့ တကယ်ကို အတည်မပြုချင်ပါဘူး။ နုန်းအဖုံးအောက်က အလောင်းတွေကို တစ်လောင်းပြီး တစ်လောင်း ရှာကြည့်လိုက်ပေမယ့် ဦးလေးသုံးနဲ့တူတဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ပါ။


ထိုစဥ် အရှုံးမပေးချင်ဘဲ လိုက်ရှာကြည့်လိုက်ရာ မျက်နှာတစ်ပြင်လုံးမှာ ရွှံ့တွေ ဖုံးထားတဲ့ လူတစ်ယောက်ကို မြင်လိုက်ရသည်။ ဒီမျက်နှာက နည်းနည်း ရင်းနှီး​နေမှန်း သိလိုက်ရချိန် လူကလည်း ချက်ချင်း ရပ်သွားခဲ့သည်။ 


အဲဒါ အားနင်ပဲ။ 


အားနင်ဟာ သူမမျက်လုံးများကို မှိတ်ထားပြီး သူမ၏ တစ်ကိုယ်လုံးမှာ အလွန်ထူးဆန်းသော အသွင်အပြင်ဖြင့် ရှိနေသည်။ သူမ၏ တစ်ကိုယ်လုံးကို ရွှံ့အလွှာပါးပါးဖြင့် ဖုံးအုပ်ထားကာ မျက်နှာပေါ်ရှိ အလောင်းကောင် အသားအရေကလည်း အလွန်ထင်ရှားနေပြီ ဖြစ်သည်။


ဒီမြွေတွေက သူမခန္ဓာကိုယ်ကို ဒီနေရာအထိ ယူလာတယ်လို့ တွေးလိုက်မိချိန် လူက အသက်ရှူကျပ်လုနီးပါး ဖြစ်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေခဲ့သည်။ 


မိုင်းတွင်းမီးအိမ်ဖြင့် အလောင်းရဲ့ မျက်နှာပြင်ကနေ ဖြတ်ကြည့်လိုက်တော့ အားနင်ရဲ့ ခန္ဓာကိုယ်မှာ မြွေနဲ့တူတဲ့ ဗီဇပြောင်းလဲမှုမျိုး မရှိပေ။ ဆိုတော့ အဲဒီတုန်းက သူ မြင်ခဲ့ရတဲ့ အနက်ရောင်ရုပ်က သူမ မဟုတ်ဘူးလား။ ဒါဆို ရေဒီယိုဆူညံသံကို ထုတ်လွှတ်တဲ့ အနက်ရောင်အရိပ်က ဘယ်သူလဲ။


ဝူရှဲ့ အသက်ပြင်းပြင်းရှူပြီး အပေါ်အောက် ငုံ့ကြည့်ရင်း လက်ကို ဆန့်ပြီး သူမခန္ဓာကိုယ်ကို ထိလိုက်ပေမယ့် ဘယ်လို ခံစားရတယ်ဆိုတာ ဖော်ပြလို့ မရပါဘူး။ ဝူရှဲ့ သူမအ​လောင်းကို သယ်ယူချင်သော်လည်း မတတ်နိုင်တော့တာ တွေ့ခဲ့ရသည်။ စိမ့်ရေကြောင့် သူမမျက်နှာက သန့်စင်ဆေးကြောပြီးသား ဖြစ်သွားကာ သူ့ဆံပင်တွေ ငိုက်စိုက်ကျနေရာ ဒီအခိုက်မှာ သူမ အသက်ရှင်နေသေးတယ်လို့တောင် ခံစားရလေသည်။ 


ဒါပေမဲ့ နောက်တော့ ဝူရှဲ့ သူမကို စိမ့်ထဲကို တစ်ဖန် နစ်မြုပ်သွားအောင် ဖိချပစ်လိုက်သည်။ စိမ်းစိုနေတဲ့ ရေဟာ ရုတ်တရက် အရာအားလုံးကို ဖုံးကွယ်သွားလေရာ သူ့ခေါင်းထဲက ထင်ယောင်ထင်မှားတွေလည်း သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ 


ပတ်ဝန်းကျင်က မြင်ကွင်းတွေကို ကြည့်လိုက်တော့ စိတ်ထဲမှာ အရမ်းဝမ်းနည်းလာသည်။ ဒီငုပ်လျှိုးနေတဲ့ နေရာက ဘယ်လိုနေရာလဲ။ စပါးအုံး မြွေကြီးတစ်ကောင်ကို အစာကျွေးဖို့ ဒီနေရာကို သုံးထားတာလား။ 


ဒီအတွေးကြောင့် ဝူရှဲ့ဟာ ဒီနေရာက မလုံခြုံ​တော့ဘူးလို့ ခံစားလာရတာကြောင့် ဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။ 


မီးအိမ်ကို ဝှေ့ယမ်းပြီး တောင်တက်ဖို့ နေရာတွေ ရှာကြည့်တော့ ရေစီးကြောင်းရဲ့ ဆန့်ကျင်ဘက်မှာ ရေထဲမှာ တွဲလောင်းကျနေတဲ့ သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ သို့နှင့် မီးအိမ်ကို ကိုက်ပြီး ဟိုဟိုဒီဒီ ကူးခတ်သွားခဲ့သည်။


မြူခိုးတွေက နည်းနည်း ပါးသွားပြီမလို့ အံကြိတ်ပြီး နွယ်ပင်တွေပေါ် တက်ခဲ့ပေမယ့် လွယ်တော့မလွယ်ချေ။ အဲဒီအချိန်မှာပဲ မျက်နှာသေ ပြောတာကို ပြန်သတိရမိသွားသည်။ ရွှံ့နွံက မြွေတွေကို တားဆီးနိုင်သည်။ ဒီအချက်ကို သတိရကာ ရွှံ့နွံတွေကို လည်ပင်းနဲ့ မျက်နှာတွေကို သုတ်လိုက်သည်။ အဲဒီနောက် နွယ်ပင်တွေနဲ့ ပတ်ထားတဲ့ အကိုင်းအခက်တွေဆီ တက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ 


အကိုင်းအခက်တွေ အတိုင်း လိုက်လျှောက်ရင်း သစ်ပင်ပေါ်တက်ခါနီးမှာ တစ်ဖက်က ရေကန်ထဲက တစ်ခုခု ပြုတ်ကျသွားတဲ့ အသံကို ကြားလိုက်ရလေသည်။ 


ဝူရှဲ့လည်း ချာကနဲလှည့်ကာ အသံကို လိုက်ရှာကြည့်တော့ ရေထဲ၌ လှိုင်းလုံးတွေ လှိမ့်ဆင်းနေတာကို တွေ့လိုက်ရသည်။ ကမ်းစပ်မှ တစ်စုံတစ်ခု လှိမ့်ဆင်းလာတာကြောင့် ဝူရှဲ့လည်း မိုင်းတွင်းမီးခွက်သည် ထိုထောင့်သို့ ထွန်းလင်းလာကာ မြွေများစွာ ရောထွေးနေသော လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ပြီးတော့ သူတို့ထဲမှာ တစ်ခုခုကိုလည်း ထုပ်ပိုးထားပုံရ၏။


သေသေချာချာ ကြည့်လိုက်တော့ မြွေပုံထဲက လက်တစ်ချောင်းကို လှမ်းမြင်ရပြီး တစ်ဆက်တည်း ဖက်တီးရဲ့ဦးခေါင်းကိုပါ တွေ့လိုက်ရလေသည်။ ဝူရှဲ့ တစ်ကိုယ်လုံး အေးစက်သွားရှာ၏။ ၎င်းက ဖက်တီးပင်တည်း။