(13)ပထမည - ပဋိပက္ခ ပိုမိုပြင်းထန်လာ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (13)

ပထမည - ပဋိပက္ခ ပိုမိုပြင်းထန်လာ



အံ့ဩစရာမှာ သစ်ပင်အောက်သို့ ရောက်သွားသည့်တိုင် သစ်ပင်မှ လျှပ်စစ်သံလိုက်သံကဲ့သို့ တုန်လှုပ်နေသည့် အသံမျိုးကိုသာ ကြားနေရသည်။ လှုပ်ရှားနေဖို့ နေနေသာသာ တခြားအသံတွေပင် မထွက်လာပေ။ ဤနေရာတွင် ထွက်လာသည့် အသံမှာ အသံတစ်ခုထက်ပို၍ ရှိနေသည်ဟု အမြဲလိုလို ခံစားလာရပေသည်။ ဧကန္တ စကားပြောစက်ဆီက အသံ မဟုတ်တာများလား။ 


ဤနေရာသို့ ဝင်ရောက်ပြီးနောက် စီရင်ဆုံးဖြတ်ချက် အားလုံးက မသေချာတော့ပေ။ ဝူရှဲ့မှာ သူအဓိက သော့ချက်ကို လွတ်သွားသည်ဟုသာ ခံစားနေရသည်။


"ဒီအကောင်တွေ အရမ်းငြိမ်နေတယ်!"  


ဖက်တီးက သူ့နှုတ်ခမ်းကို လှုပ်ရုံကလေးလုပ်၍ ပြောလိုက်သည်။ ဝူရှဲ့အတွက် သူ မြင်ယောင်မိတဲ့ အကောင်းဆုံး အခြေအနေကတော့ မြွေတွေဟာ သူတို့ရဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်ပြီး မတုံ့ပြန်နိုင်တာ ဖြစ်လိမ့်မည်ဟုပင်။ 


ဒါကြောင့် သူတို့ အန္တရာယ်မရှိဘဲ ဖြတ်ကျော်သွားနိုင်တာ ဖြစ်နိုင်သည်။ ဒါပေမဲ့ ဒါက နည်းနည်းတော့ လောဘကြီးလွန်းတယ်လို့ ခံစားရလေသည်။ သစ်ပင်က မလှုပ်မယှက်ဆိုပေမယ့် ပတ်ဝန်းကျင်မှာ ပြောလို့ မရနိုင်တဲ့ ဆူညံသံတစ်ခု ရှိနေသလို ခံစားနေရ၏။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလား ဒါမှမဟုတ် ဒီအန္တရာယ်ရှိတဲ့ အနံ့ကို တကယ် ခံစားမိလို့လားတော့ မပြောတတ်ချေ။ 


ဒီမြွေတွေရဲ့ ဥာဏ်ရည်က အရမ်းမြင့်နေပေမယ့် သူတို့ မလှုပ်ရှားသေးသရွေ့ ဒီမြွေတွေကလည်း တော်တော် သတိထားနေတာ သိသာပါသည်။


ဒီမြွေတွေ ရုတ်တရက် စိတ်ပြောင်းသွားပြီး သူတို့ကို သတ်ချင်နေတယ်ဆိုရင် ဒီနည်းဗျူဟာကို တွန်းလှန်နိုင်စွမ်းတောင် မရှိ​လောက်ပါဘူး။ ဒါက ကြက်ပိုင်ရှင်တွေဆီက ကြက်ခိုးတဲ့ လှည့်ကွက်တွေလို့ ထင်ခဲ့ဖူးပေမယ့် ဒီမြွေတွေဆီက ကြက်တွေ ခိုးယူနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။


သုံးယောက်သား တစ်ဖက်ကလည်း တိတ်တိတ်ဆိတ်ဆိတ် ပုန်းနေပြီး တစ်ဖက်ကလည်း ဖြည်းညှင်းစွာ ဖြတ်လျှောက်လာခဲ့သည်။ စကားတစ်ခွန်းမှ မပြောဝံ့ပေ။ ကြီးကြီးမားမား လှုပ်လှုပ်ရှားရှားလည်း မလုပ်ဝံ့သလို ခေတ္တနားနေဖို့ နေနေသာသက အသံက ပိုနီးလာတာနဲ့အမျှ မိုးရေလို စီးကျလာသလို မျက်နှာပေါ်က ချွေးတွေ စီးကျလာ​​လေသည်။


အဲဒီစကားပြောစက်ရဲ့ အသံလိုလို အသံက ပိုကြည်လင်လေ အာရုံစူးစိုက်မှု နည်းလေလေပါပဲ။ ဒီခံစားချက်က ဝူရှဲ့ကို အတော်လေး ထိတ်လန့်လာစေသည်။ ဖက်တီးက သူ့ကို စိတ်လျှော့ထားဖို့ လက်ပြပေမယ့် လှည့်ကြည့်လိုက်တော့ ဖက်တီးမှာလည်း ချွေးတွေ ထွက်နေတာကို တွေ့လိုက်ရသည်။


ဒါပေမဲ့ ဒီအချိန်မှာ အသံက သူတို့ခေါင်းပေါ်ကို ရောက်နေပြီ။ မော့ကြည့်ပြီး ထိုအရာကြီး ပြုတ်ကျလာမှာကို ကြောက်တဲ့အတွက် သူတို့ရှေ့ကိုသာ ဆက်လျှောက်သွားခဲ့ကြသည်။ 


သတိမထားမိဘဲ ခပ်မြန်မြန် ခြေလှမ်းများဖြင့် ဆယ်မီတာ အကွာလောက်အထိ ရုပ်သေးရုပ်လေးလို လျှောက်လာလာခဲ့သည်။ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ တဟုန်ထိုး ခုန်ပေါက်နေစဥ် သစ်ပင်ကြီးပေါ်က အသံက ရုတ်တရက် ရပ်တန့်သွားပြီး သစ်တောကလည်း ရုတ်ချည်း ငြိမ်သက်သွားရာ သူတို့အားလုံး တုန်လှုပ်သွားကြသည်။


အဲဒီအခိုက်မှာ သူတို့သုံးယောက်လုံး အေးခဲသွားပေမယ့် ဖက်တီးက အလျင်မြန်ဆုံး တုံ့ပြန်သူပင်။ သူက ဝူရှဲ့ကို တွန်းထုတ်ပြီး အမြန် ပြေးခိုင်းလိုက်ပေမယ့် ဝူရှဲ့မှာ မပြေးနိုင်လဲ ချော်လဲသွားလေသည်။ ပြန်မထနိုင်တော့ဘဲ တစ်ခုခု ဖြစ်သွားသလို သူ့အား အံသြသွားစေ၏။


ထိုစဥ် အနီးနားရှိ သစ်ပင်ထိပ်များပေါ်မှ တုန်လှုပ်သံကို ကြားလိုက်ရပြီး အထက်မှတစ်ယောက်ယောက်က “ဘယ်သူလဲ” ဟု တိုးတိုးလေး အော်လိုက်သံကို ကြားလိုက်ရသည်။ 


သူတို့အားလုံး အံ့အားသင့်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဘာဖြစ်နေတာလဲ။ ဘာလို့ တစ်ယောက်ယောက်က စကားပြောနေတာလဲ။


"အဲဒါ သခင်သုံးရဲ့ လူများလား" ဖန့်ကျစ်က ရုတ်တရက် စိတ်လှုပ်ရှားလာပြီး။ 


"ငလူး... မြွေမဟုတ်ဘူးပဲဟ....ဘာဖြစ်လို့ အဆင်ပြေနေတာလဲလို့ တွေးနေတာ လတ်စသတ်တော့ ငါတို့က ကိုယ့်ကိုကိုယ် ခြောက်နေကြတာပဲ" 


ထို့နောက် သစ်ပင်​ပေါ်ကို ချက်ချင်း အော်ပြောလိုက်၏။


"ငါ ဖန့်ကြီး... မင်းက ဘယ်တစ်ယောက်လဲ?"


သစ်ပင်ပေါ်က ဘာသံမှ မကြားရတော့ဘဲ အကြာကြီး ငြိမ်သက်နေပြန်၏။ 


“မင်းကို မေးနေတယ်... ​​မင်းက ဘယ်သူလဲ” 


ဆိုပြီး မီးရှူးမီးချောင်းကို မြှောက်လိုက်သည်။ မီးညှိပြီးတာနဲ့ သစ်ပင်ထိပ်ဖျားက တုန်ခါသွားကာ ငြီးငွေ့တဲ့ “ဘယ်သူလဲ” ဆိုတဲ့ အသံက တစ်ဖန် ထွက်ပေါ်လာပြန်၏။ ဒီတစ်ခါ လေသံပြောင်းသွားပြီ။ ၎င်းက နာကျင်နေပုံရတဲ့ ယောက်ျားအသံပင်။


တစ်ခုခုမှားနေပြီလို့ ခံစားမိပေမယ့် ဒီအချိန်မှာပဲ ထွက်သွားဖို့ မဖြစ်နိုင်တော့တာကြောင့် ဖန့်ကျစ်က ဆို၏။  


"ငါတက်ကြည့်မယ်"


သူကပြောသည့်အတိုင်း မီးတုတ်ကို တစ်ဖက်က ကိုင်ကာ သေနတ်ကို ဖက်တီးဆီပေး၍ သစ်ပင်ပေါ်သို့ တက်သွားလိုက်သည်။ ဝူရှဲ့လည်း ပတ်​ဝန်းကျင်​ကို ​စောင့်​​ရှောက်​ဖို့ ဓားတစ်​လက်​ကို ကိုင်ထားသည်။ ဖန့်ကျစ်ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်ပြီး ခဏအတွင်း လမ်းတစ်ဝက်လောက်ကို တက်သွားပြီ။ 


အဲဒီအချိန်မှာပဲ သူသည် မဆိုင်းမတွ အရှိန်နဲ့ ချက်ချင်း အရှိန်မြှင့်လိုက်ပြီး ခြေလှမ်းအနည်းငယ် တက်ပြီးသော် သစ်ပင်ထိပ်ဖျားထဲကို ပြေးဝင်သွားလေသည်။ 


အစကတော့ ဖန့်ကျစ်ရဲ့ အော်ဟစ်သံကို ချက်ချင်း ကြားရတော့မယ်လို့ ထင်ထားပေမယ့် ဖန့်ကျစ်က အသံမထွက်ပေ။ ဒါကြောင့် ရုတ်တရက် အာရုံကြောတွေ တင်းမာလာလေသည်။ သစ်ရွက်တွေကြားက မီးတုတ် ရွေ့နေတာကို ကြည့်လိုက်တော့လည်း ရန်ဖြစ်နေပုံမပေါ်ပေ။ 


ခဏလောက် အေးခဲနေပြီးတဲ့ နောက်မှာတော့ ဖက်တီးလည်း သံသယ ဝင်လာတာကြောင့် ဝူရှဲ့ဘက်ကို လှည့်ကြည့်လာသည်။ ဝူရှဲ့လည်း စိတ်ထဲမှ သူ့ကိုကြည့်နေလည်း အသုံးမဝင်ဘူးလို့ ပြောလိုက်သည်။ အပေါ်မှာတော့ ဖန့်ကျစ်က မလှုပ်မယှက်ပင်။


ဒါက နည်းနည်းတော့ ပုံမှန်မဟုတ်သလို ခံစားလာရတာကြောင့် အေးစက်တဲ့ ချွေးတွေက ထပ်ထွက်လာပြန်သည်။ ဒါက မြွေထောင်ချောက်ဖြစ်ပြီး ဖန့်ကျစ်တော့ ချက်ချင်း အသတ်ခံရတော့မည်။ 


ဖက်တီးလည်း "ဖန့်ကြီး!" ဟု အော်ခေါ်ကြည့်လိုက်သည်။ 


အပေါ်က လှုပ်ရှားမှု မရှိသေးတဲ့အတွက် ဖက်တီးက ကျိန်ဆဲပြီး ဝူရှဲ့ သေနတ် ပေးလိုက်သည်။ သူကိုယ်တိုင် အပေါ်ကို လိုက်တက်ခါနီးမှာ ဝူရှဲ့မျက်နှာရော ဖက်တီးရဲ့ မျက်နှာပါ ရုတ်တရက် အေးစက်သွားလေ၏။ အကြောင်းမှာ သစ်ပင်ပေါ်ကနေ တစ်ခုခု ပြုတ်ကျလာကာ သူတို့ထိလိုက်တဲ့အခါ အဲဒါကသွေးတွေ ဖြစ်နေသည်။ 


"သောက်ကျိုးနည်းပြီ!"


ထိုစဥ် ပစ်ခတ်မှုက သုံးခုဆက်တိုက် ထွက်ပေါ်လာပြီး အလွန်တိတ်ဆိတ်နေသော တောအုပ်အတွင်း မိုးခြိမ်းသံကဲ့သို့ပင် ဟိန်းထွက်သွားသည်။ သစ်ပင်တစ်ပင်လုံး တုန်ခါနေသည့်အထဲ မီးတောက် အကူအညီဖြင့် မရေမတွက်နိုင်သော မြွေအရိပ်များ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို မြင်လိုက်ရလေသည်။


တုန်လှုပ်ခြောက်ခြား သွားသော်လည်း အချိန်နှောင်းနေပြီ။ မရေမတွက်နိုင်သော အနီရောင်မီးလုံးများက လျှပ်စီးလက်သလို သစ်ပင်ပေါ်မှ ပြေးဆင်းလာတာကို တွေ့လိုက်ရပြီး ရာနှင့်ချီသော သွေးနီရောင် ပိုးကောင်များကြောင့် သစ်ပင်တစ်ခုလုံး သွေးကဲ့သို့ ဖုံးလွှမ်းသွားသည်။ ပြီးတော့ အောက်ကို စောင်းပြီး ဝူရှဲ့တို့နှစ်ယောက်ဆီ ဦးတည် ပြေးလာကြလေသည်။ 


"ကောင်းရော... ဒါက မြွေအသိုက်ကြီးပဲ!" 


ဖက်တီးက ဟောက်ပြီး မြွေအုပ်စုကို နောက်ထပ် ကျည်နှစ်ချက် ပစ်ခတ်ခဲ့ပေမယ့် ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက မြွေပေါင်းများစွာနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ချေ။ အခြေအနေ မဟန်တော့တာကြောင့် ဖက်တီးလှည့်ကာ ဝူရှဲ့အား ဆွဲထုတ်သွားလေသည်။ 


"ပြေး!"


အဲဒီအချိန်မှာ ဖန့်ကျစ်ကို ပြေးခေါ်ချိန် မရလောက်အောင် စိတ်ထဲမှာ ဆူပွက်နေသလို ခံစားလိုက်ရင်း ချက်ချင်း လှည့်ပြေးခဲ့ရသည်။ အနောက်ကလည်း ​ရေတံခွန်​လို အသံ​လေး​တွေပဲ ကြား​နေရသည်။


သူတို့နှစ်ယောက် လာခဲ့တဲ့လမ်းအတိုင်း ဆယ်မီတာ ကျော်ကျော်လောက်အထိ ပြေးထွက်လာခဲ့သည်။ အဲဒီလို တောကြီးထဲမှာ မြွေတွေကလည်း မြန်မြန် မလှုပ်ရှားနိုင်တော့ပေ။ ဒီမြွေတွေဟာ နွယ်ပင်တွေနဲ့ မြက်ပင်တွေကြားက လျှပ်စီးတွေ လတ်နေသလို ပြေးလွှားနေ၏။ သူတို့ ရပ်တန့်သွားသည်နှင့် တပြိုင်နက် ၎င်းတို့က ရုတ်တရက် သူ့ဘာသာသူ မတ်တတ်ထရပ်ကာ သူတို့နှစ်ယောက်ကို ကိုက်ရန် အသင့်အနေအထားဖြင့် တိုက်ခိုက်ကြသည်။


မြွေဘုရင် ကြက်အမောက်မြွေဟာ မြေပြင်နဲ့ နီးကပ်စွာ ပျံသန်းနေခဲ့တာတော့ အမှန်ပင်။ ဒီတစ်ခါတော့ ဖက်တီးသည် ဝူရှဲ့တစ်ယောက် မီးရှူးတိုင်ကို ကိုင်ထားဆဲဆိုတာ မြင်လိုက်ရတော့ သူက ပြင်းပြင်းထန်ထန် လှမ်းဆွဲရင်း အနီးဆုံးမြွေတွေကို ရိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဝူရှဲ့ထံသို့ သေနတ်ကို ပစ်ချလိုက်ပြီး အော်လိုက်သည်။


"ကျည်တင်လိုက်...."


ဝူရှဲ့လည်း သေနတ်ကို ဖမ်းဖို့သွားပေမယ့် ဖမ်းမမိဘဲ သေနတ်က ပြုတ်ကျသွားသည်။ မြေပြင်ကို ငုံ့ပြီး ကောက်ကိုင်လိုက်တော့ မြွေက သေနတ်အနီးမှာ ရောက်နေတာကြောင့် အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။


ဖက်တီးမှာ သွေးအန်လုမတတ် မီးတုတ်ကို ဝှေ့ယမ်းရင်း မြွေကို နောက်ပြန် ဆုတ်ခိုင်းလိုက်သည်။ သေနတ်ကို ဖနောင့်နဲ့ချိတ်ပြီး နောက်ပြန် ပစ်ချလိုက်ပါသည်။ ဝူရှဲ့ ဒီတစ်ခါတော့ ဖမ်းမိသွား၏။ သူက သေနတ်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ကျည်ဆံနှစ်တောင့်ကို ထည့်လိုက်တာနဲ့ ရုတ်တရက် လည်ပင်းနားက ချမ်းသွားသလို ခံစားလိုက်ရသည်။ 


သူ့လည်ပင်းနားက အရာကို သေချာ မကြည့်ရသေးခင်မှာပဲ ဖက်တီးရဲ့ မီးတုတ်ကြီးက သူ့နားရွက်နားမှ ဖြတ်ပြေး၍ မြွေတစ်ကောင်ကို ရိုက်ထုတ်လိုက်လေသည်။ 


တစ်ချိန်တည်းမှာပင် သူ့ဆံပင်များ မီးလောင်သွားကာ ဖက်တီးသည်လည်း သေနတ်ကို ကိုင်ကာ လက်တစ်ဖက်တည်းဖြင့် ချဉ်းကပ်လာသော မြွေများကို နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဦးခေါင်းကို ခွဲပစ်လိုက်သည်။ ဒါပေမဲ့ သူတို့နောက်က မြွေအုပ်ကြီး အသတ်ခံရတဲ့ မြွေကို ဖုံးအုပ်လိုက်ပါ၏။ 


ဖက်တီးခမျာ ပစ်သတ်ချင်နေ သေးသော်လည်း ကျည်ဆန်က နှစ်ကြိမ် ပစ်ခတ်ပြီးနောက် ကုန်သွားပြီ။ 


"ခွေးဖြစ်ပြီ!... မင်းက ကျည်နှစ်ချောင်းပဲ သွင်းလိုက်တာလားဟ"


"မင်းအဲဒါကို အမြန်ပစ်လိုက်တဲ့ နှစ်ချက်ကတင် ကောင်းနေပြီ!"


ဒီအချိန်မှာတော့ ဧရာမသစ်ပင်ကြီး တစ်ပင်အနား ရောက်သွားကာ နောက်ထပ် ထပ်ဆုတ်ဖို့နေရာ မရှိတော့ပါဘူး။ ဖက်တီးက မီးတုတ်ကိုကိုင်ပြီး မြွေတွေကို ခဏတဖြုတ် ပြန်ဆုတ်ခိုင်းလိုက်ရုံပဲ လုပ်နိုင်သည်။ ဖက်တီးတစ်ယောက် ချို့ယွင်းချက် နည်းနည်းပြမိလိုက်သရွေ့ သူတို့နှစ်ယောက် ဆုံးခန်းတိုင်သွားမယ် ဆိုတာ ဝူရှဲ့ သိပါသည်။ 


သူတို့အနီးနားကပါ မီးလောင်ခါနီး ဖြစ်လာတဲ့ အချိန်မှာတော့ တစ်ဖက်က သစ်ပင်ကြီးဆီကနေ မီးတောက်တွေ ရုတ်တရက် ပေါက်ကွဲ ပြေးဝင်လာကာ တောအုပ်ထဲက မြွေတွေကို ဝင်တိုက်ပြီးတော့ တောက်လောင်သွားလေသည်။ နှစ်ယောက်စလုံး မျက်လုံးမဖွင့်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာပဲ မြန်မြန် တုံ့ပြန်ခဲ့ကြ၏။ မဟုတ်ရင် မျက်စိပါ ကွယ်သွားလိမ့်မည်။


"အချက်ပြမီးတောက်!"


မျက်လုံးကို မှိတ်ထားသော်လည်း အဖြူရောင်အလင်းတန်း တစ်ခုကို မြင်ရနေပြီး ခြေဖဝါးကိုထိလိုက်တာနဲ့ ဘောင်းဘီက အရမ်းပူနေတာကြောင့် နှစ်ယောက်သား အားရပါးရ ပိတ်ရိုက်လိုက်ကြသည်။ 


အချက်ပြ မီးတောက်သည် ထိုးစစ်လက်နက် မဟုတ်သော်လည်း အံ့သြဖွယ် တိုက်ခိုက်မှု တစ်ခုအတွင်း လောင်စာဆီ သိုလှောင်ရုံကိုပင် လောင်ကျွမ်းစေနိုင်တဲ့အထိ အပူချိန် မြင့်မားပေ၏။ ဒါကြောင့် အရှိန်ပြင်းပြင်းဖြင့် တိုက်ရိုက်ထိမိပါက သူတို့သည် ချက်ချင်းဆိုသလို အသားကင်များ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။


အလင်းရောင် မမှိန်သွားခင် စက္ကန့်ငါးဆယ်လောက်ကြာအောင် မျက်လုံးကို မှိတ်ထားရသည်။ မျက်လုံးကို ဖွင့်ဖို့ ကြိုးစားလိုက်ပေမယ့် အမြင်အာရုံ အားလုံး မီးတောက် အရိပ်အယောင်တွေသာ ဖုံးလွှမ်းထားလေသည်။ ထိုအထဲ ကြက်အမောက်မြွေ တော်တော်များများကလည်း မီးလောင်သွားပြီလို့ သိလိုက်ပါပြီ။ 


ထိုမြင့်မားသော အပူချိန်သည် သူတို့၏ ခြေအောက်တွင် ပေါက်ပင်များနှင့် နွယ်ပင်များကို မီးပင်လယ်အဖြစ် ဖြစ်ပေါ်စေပြီး နေရာတိုင်းတွင် လောင်ကျွမ်းနေသော အနံ့များက လှိုင်းလှိုင်းသင်းနေသည်။ မီးတောက်ကြောင့် ကျန်ရှိသော မြွေတွေ အားလုံး ဆုတ်ခွာသွားကြသည်။


ဒါတွေအားလုံးက အရမ်းမြန်ပြီး ကျဉ်းမြောင်းတဲ့ လွတ်မြောက်မှု တစ်ခု ဖြစ်တာကြောင့် ဝူရှဲ့ခမျာ သူရှေ့က အခြေအနေကိုကြည့်ပြီး ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။ 


ဖက်တီးကတော့ ဘောင်းဘီရှည်ကို မီးငြိမ်းသတ်ပြီးတဲ့အခါ တစ်ဖက်ရှိ ချုံပုတ်တွေထဲကနေ ဖန့်ကျစ်တစ်ယောက် သူ့ပုခုံးကို အုပ်ပြီး မီးသေနတ်ကို ကိုင်ကာ ပြုတ်ကျလာတာကို တွေ့လိုက်ရလေသည်။ 


"ခင်ဗျား မသေသေးဘူး!"


ဖန့်ကျစ် တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေတာကို မြင်လိုက်ရသဖြင့် သူဒဏ်ရာ အပြင်းအထန် ရသွားမှန်း သိလိုက်သည်။ ဝူရှဲ့ အမြန်ပြေးပြီး သူ့ကို ကူညီပေးလိုက်သည်။ သူ့ခမျယ ထဖို့ ရုန်းကန်ရင်း သေလုမြောပါးနဲ့ ဖြစ်နေရှာသည်။ 


"ပြေးတော့!"


ဝူရှဲ့ အံ့ဩသွား၏။ ဘယ်ကို ပြေးရမှာလဲ။


သို့သော်လည်း ရုတ်တရက် ဖန့်ကျစ်၏ နောက်ကွယ်ရှိ ချုံပုတ်များထဲမှ ကြီးမားသော အသွင်အပြင် တစ်ခုက မတ်တပ်ထရပ်ကာ ဖန့်ကျစ် ခြေထောက်များကို ဆွဲယူသွားလေသည်။ ဖန့်ကျစ်မှာ အော်ဟစ်ရင်း ချုံပုတ်ထဲသို့ ဆွဲယူခံလိုက်ရ၏။