(33) ဝမ်းကျင်ရဲ့ ဒိုင်ယာရီ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (33)

ဝမ်းကျင်ရဲ့ ဒိုင်ယာရီ



ဒီစာကြောင်းကို မြင်တော့ ဝူရှဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်လေသည်။ နှလုံးသားထဲက ထိတ်လန့်မှုဆိုတာ ရိုးရိုးရှင်းရှင်း ဖော်ပြလို့​တော့ မရပေ။ 


ဤစာပိုဒ်ထဲက အကြောင်းအရာက သူ့အား အအံ့သြ​စေဆုံးသော အရာမဟုတ်ပေ။ ရိုးရိုးသားသား ပြောရလျှင် သူသည် မှတ်စုစာအုပ်ကို မြင်လိုက်သည့်အခိုက်တွင် ထိုကဲ့သို့သော အကြောင်းအရာကို မြင်ရနိုင်မည်ဟု ထင်ထားပြီးသား ဖြစ်ချေ၏။ လူကို ခဏတာ အသက်ရှုကြပ်သွား​စေတာက အဲဒီလက်မှတ်ပါပဲ။


"ချန်ဝမ်းကျင်!"


ဒီအရာကို သူမ ချန်ထားလိမ့်မယ်လို့ ဝူရှဲ့မှာ တကယ်ကို မမျှော်လင့်ထားခဲ့ပါ။ ဒီတော့ သူမက မိမိကို ဗီဒီယိုတိပ်ခွေ ပေးပို့ပြီး ဒီနေရာရောက်လာအောင် ပို့ဆောင်ပေးခဲ့သူလား။


ဒါက တကယ့်ကို လှည့်ကွက်တစ်ခုရဲ့ အလှည့်အပြောင်းဖြစ်ပြီး လူကို စိတ်ရှုပ်သွားစေသည်။ ဦးလေးသုံးကတော့ သူမအကြောင်း အချက်အလက်ကို မပြောပေမယ့် စိတ်ထဲမှာတော့ သူမဟာ တစ်နေရာရာမှာ သေဆုံးသွားရမှာပဲ။ ဒီလိုအချိန်မှာ ရုတ်တရက် သူမက ဘယ်လိုလုပ် ပေါ်လာပြီး မိမိကို ဒီရောက်လာအောင် ခေါ်ဆောင်သွားနိုင်ခဲ့တာလဲ။


ဤစာပိုဒ်တိုလေးထဲတွင် အချက်အလက် များစွာပါရှိသည်။ ဘယ်သုံးယောက်လဲ။ အဲဒါဘာလဲ။ ဘယ်သူ့ကို ရည်ညွှန်းတာလဲ။ ရှီးရှားကလူအုပ်စုလား။ ဘာသုတေသနလဲ။ ဘာလျှို့ဝှက်ချက်​တွေလဲ။


မရေမတွက်နိုင်တဲ့ အတွေးတွေ စိတ်ထဲမှာ ပေါ်လာပေမယ့် အဲဒီထဲက တစ်ခုခုကို ဆက်တွေး​​နေဖို့ အချိန်မရှိတာကြောင့် စိတ်ငြိမ်သွားအောင် ပြန်လုပ်ပြီး မှတ်စုတွေကို ချက်ချင်းဖွင့်ပြီး ပြန်ဖတ်လိုက်သည်။ 


စာမျက်နှာ နှစ်ဆယ့်ခြောက် သို့မဟုတ် နှစ်ဆယ့်ခုနစ်မျက်နှာပါသော စကားလုံးများဖြင့် ပြည့်နှက်နေသော အလွန်ထူသည့် မှတ်စုစာအုပ် ဖြစ်သည်။ ၎င်းတွင် စကားလုံးများ ထူထဲစွာ ပြည့်နှက်နေပြီး အလွန်သေသပ်စွာ ရေးသားထားကာ ပုံပန်းချီများစွာလည်း ပါရှိသည်။ ၎င်းက အပြင်ကကြည့်လျှင် အလုပ်မှတ်စုစာအုပ်ဟု ထင်ရသည်။


ဝူရှဲ့ ဆွဲထုတ်ထားတဲ့ အံဆွဲအစွန်းမှာ မီးခြစ်ကို ချထားလိုက်ပြီး မြေကြီးပေါ် ထိုင်ချလိုက်ပြီး ချက်ချင်း ဂရုတစိုက်နဲ့ စာဖတ်ပါတော့သည်။ ပထမစာမျက်နှာကို ဖွင့်လိုက်သည်နှင့် ခေါင်းစဉ် စာမျက်နှာကို ကြည့်ပြီးနောက် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။


ဒီပန်းချီကားမှာ စာကြောင်းခုနစ်ကြောင်း၊ မျဉ်းကွေးခြောက်ကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ စက်ဝိုင်းတစ်ခုသာ ပါဝင်ပါသည်။ ခဏလေးပဲ ပြန်တွေးကြည့်တော့ ဒီပုံဟာ သူ့ကို ဦးလေးသုံး ပြောပြဖူးတဲ့ စစ်မတ်ကာလ ပိုးထည်စာအုပ်တွေကနေ ပြန်ဆိုထားတဲ့ ပုံပဲဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။ 


ဝမ်းကျင်နဲ့ တခြားသူတွေက တော်တော် အစွမ်းထက်ပုံပေါက်တာကြောင့် အံ့သြသွားတယ်။ ဒီပုံရဖို့က အရမ်းခက်တယ်လေ။ ဒါကြောင့်မို့ သူမလည်း ဒီအရာ​တွေကို စိတ်ဝင်စားသွားခဲ့တာ ​ဖြစ်လိမ့်မည်။ 


ဒါပေမဲ့ သူ့အတွက် ဦးလေးသုံးဆွဲ​ပြတဲ့ ပုံကြမ်းနဲ့ မတူတာက ဒီတစ်ခါတော့ ပန်းချီကားပေါ်မှာ မှတ်စာတွေ ပါရှိပြီး မြင်လိုက်တာနဲ့ အေးစက်စက် ချွေးတွေ ထွက်ကျသွား၏။ အဲဒီ မျဉ်းကွေးခြောက်ခုစီမှာ အနက်ရောင်အစက်တစ်ခုကို တွေ့ရသည်။ ဦးလေးသုံး ပြောသလိုပဲ မျဉ်းဖြောင့်က ကြယ်ခြောက်လုံးကို ရည်ရွယ်ထားပုံရပေမယ့် အနက်ရောင် အစက်လေးခုမှာ စကားလုံးလေးတွေ ပါလာတာ တွေ့ရသည်။ 


အပေါ်မှအောက်ခြေအထိ။


ချောင်ပိုင်တောင်- တိမ်ကောင်းကင်နန်းတော်။


ကွာကျစ်ဘုရားကျောင်း - ခုနှစ်စင်ကြယ် နန်းတော်


ဝေါ့ဖူလင် - ထျန်းကွမ်းဘုရားကျောင်းစေတီ


သဲသန္တာကျောက်တန်း - ရေအောက်သင်္ဘောပျက်သင်္ချိုင်း


အတွေးတွေက စက္ကန့်အနည်းငယ် ကြာအောင် ရှုပ်ယှက်ခတ်သွားပြီးနောက် ဉာဏ်အလင်းတစ်ခု မြင်လိုက်ရသလို ဖျတ်ခနဲ သဘောပေါက်သွားသည်။ ဝူရှဲ့ မူးဝေသွားပြီ။ ​​ဒီပုံရဲ့ မျဉ်းကွေးဟာ တကယ်တော့ ဝမ်းကျန့်ဟိုင် ဆုံးဖြတ်တဲ့ နဂါးသွေးပြန်ကြောကြီးထဲက တောင်တန်းတစ်ခုစီရဲ့ လမ်းကြောင်းပြပုံပဲ မဟုတ်ဘူးလား။ 


မျဉ်းကွေးကို အနီးကပ်ကြည့်လျှင် ဒါက အမှန်ပင်ဖြစ်နေတာကို တွေ့ရလိမ့်မည်။ မြေပုံပေါ်မှာလို သေချာ မကြည့်မိလို့ ဒီမျဥ်းခြောက်ကြောင်းကို လုံးဝ မမှတ်မိနိုင်ဘဲ သစ်ရွက်ခြောက်တွေ ဒါမှမဟုတ် မြစ်တွေရဲ့ ဖြန့်ကျက်ထားတဲ့ မြေပုံလိုသာ ခံစားရလေသည်။ ဒါပေမဲ့ အခုကြည့်လိုက်တော့ ၎င်းမှာ အမှန်ပင် "နဂါးသွေးကြော" ဖြစ်နေတာ ချက်ချင်း မြင်လိုက်ရသည်။ 


မျဉ်းခြောက်ကြောင်းသည် နဂါး၏ဦးခေါင်း၊ နဂါးအမြီးနှင့် နဂါး၏ခြေလက်အင်္ဂါများဖြစ်သည်။ မျဉ်းတစ်ကြောင်းစီသည် တောင်တန်းတစ်ခုဖြစ်ပြီး မျဉ်းပေါ်ရှိ အမှတ်များသည် တောင်တန်းပေါ်ရှိ အဖိုးတန်မျက်လုံးများ ဖြစ်​လေသည်။


အဲဒီအခါမှာ ချိုသဲ့ခေါင် ပြောခဲ့တဲ့ ကြယ်ပြမြေပုံ မဟုတ်ဘူးဆိုတာ သိသွားခဲ့သည်။ ရုတ်​တရက်​ သူ့တစ်​ကိုယ်​လုံး ​အေးစက်​သွားသလို ခံစားလိုက်ရစဥ် ဘာတွေဖြစ်​​နေမှန်း သိလိုက်​သည်​။ ချိုသဲ့ခေါင်က လူတွေကို လှည့်စားတာပဲဖြစ်ဖြစ်၊ အဲဒီမှင်စာအိုကြီးက ဦးလေးသုံးကို လှည့်စားထားတာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ တစ်ခုခုပဲ။ 


မရေးထားတဲ့ စာကြောင်းနှစ်ကြောင်းကို ပြန်ကြည့်လိုက် အနက်ရောင် အစက်အပြောက်တွေတော့ ရှိ​​နေတယ်ဆိုတာ တွေ့ရ၏။ ဒါပေမဲ့ ဒါတွေအားလုံးက မေးခွန်း ထုတ်စရာတွေချည်းပဲ ဆိုတာ သိသာထင်ရှားပါသည်။ ဒါတွေက ဖုန်းရွှေကြီးရဲ့ နဂါးအကြောတွေ ဖြစ်သင့်ပေမယ့် အဲဒီပေါ်မှာရှိတဲ့ မျက်လုံးရဲ့အခြေအနေက မရှင်းလင်းချေ။ 


ဒီရုတ်တရက် ရိုက်ခတ်မှုက သူ့ကို နည်းနည်းလေး တုံးအလုနီးပါး ဖြစ်သွားစေခဲ့သည်။ မှတ်စုစာအုပ်ကို ဖွင့်လိုက်တာနဲ့ မူးသွားရလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ဒါကြောင့် မှတ်စုစာအုပ်ကို ချက်ချင်း ပိတ်လိုက်ပြီး အသက်ပြင်းပြင်း အရင် ရှူလိုက်မိသည်။ 


ဒါပေမဲ့ သူ့လက်တွေ တုန်ခါနေဆဲဖြစ်ပြီး ခေါင်းစဉ် စာမျက်နှာပေါ်က စာကြောင်းကို ပြန်စဥ်းစားနေသည်။ အတွင်းမှာရှိတဲ့ အကြောင်းအရာတွေက ကြီးမားတဲ့ လျှို့ဝှက်ချက်တချို့ ပါဝင်နိုင်သည်။ ပထမစာမျက်နှာမှာ 'မင်းငါ့ကို အရမ်းစိတ်ဆိုးစရာ မလိုဘူးလို့ ငါ့နှလုံးသားထဲက ပြောပါရစေ' ဆိုတဲ့ စာကြောင်းက ရှိနေသည်။ 


ဒါပေမဲ့ ဒီတုန်လှုပ် ခြောက်ခြားမှုကို စပ်စုတတ်တဲ့ စိတ်ကြွဆေးပြားနဲ့ အမြန်အစား ထိုးလိုက်ရသည်။ သွားတွေ အံကြိတ်ပြီး ရင်ဘတ်ကို ဖိလျက် မှတ်စုတွေကို ပြန်ဖွင့်ဖတ်လိုက်သည်။ ဂရပ်ပုံ အစက်များကို သေသေချာချာ ကြည့်လိုက်တော့ ဒီတစ်ခါတော့ ပိုအရေးကြီးတဲ့အချက်ကို တွေ့လိုက်ရသည်။


မျဉ်းခြောက်ကြောင်း အပြင် မျဉ်းကွေးခြောက်ကြောင်းနဲ့ ဝိုင်းထားတဲ့ နေရာလွတ်မှာရှိတဲ့ စက်ဝိုင်းရဲ့ အတွင်းပိုင်းမှာ အနက်ရောင် အစက်အပြောက်တွေ ရှိနေတာ တွေ့လိုက်ရသည်။ ဤအနက်ရောင် အစက်သည် ဘယ်မျဉ်းပေါ်မှာမှ မဟုတ်ဘဲ ပုံတစ်ခုလုံး၏ ခန့်မှန်းခြေဗဟိုတွင် သီးခြားရှိ​နေရာ လွတ်လပ်ပြီး အထီးကျန်နေပုံရသည်။


ထိုအနက်ရောင် အစက်ဘေးတွင် ချိုင်တာမု – ထမုထို ဟူသော စာလုံးသေးသေးလေး တစ်ကြောင်းလည်း ရှိသည်။ ဒါကို သူ နားမလည်နိုင်ပေမယ့် ဒီစာလုံးလေးတွေရဲ့ အောက်မှာ နက်နဲတဲ့ မျဉ်းကြောင်းတွေ အများကြီး ရေးဆွဲထားပြီး မေးခွန်း အမှတ်အသား နှစ်ခု သို့မဟုတ် သုံးခု မှတ်ထားသည်။ 


ဒီအချက်က ဒီပုံဟာ စာရွက်ပေါ်က အရေးကြီးဆုံး အစိတ်အပိုင်းလို ပြသနေသလိုမျိုးပင်။ ဒါ့အပြင် ပုံကိုဆွဲတဲ့အခါတုန်းက ဝမ်းကျင်မှာ သူမကိုယ်တိုင်လည်း မေးခွန်းတချို့ ရှိတာကြောင့် သူစဉ်းစားနေရင်းနဲ့ ဒီမေးခွန်းတွေကို အမှတ်အသား ဆွဲခဲ့တာ ဖြစ်ပေလိမ့်မည်။ 


သူ၏ အတွေ့အကြုံအရ ၎င်းသည် နေရာတစ်ခုကိုလည်း ကိုယ်စားပြုနိုင်သည်။ ချိုင်တာမု? ထမုထို?။ ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုလည်း ဖြစ်နေနိုင်သည်။ ဒီအချက်က ဘာလို့ မျဉ်းအပြင်မှာ ရှိနေရတာလဲလို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိသည်။ 


ဝမ်းကျင်က သူတို့ထက် အများကြီး ပိုသိတယ် ဆိုတာ သိလိုက်ရပြီ။ ဒီမှတ်စုစာအုပ်က သူ့ကို မေးခွန်းပေါင်းများစွာကို ပြောပြနိုင်ပုံပါပဲ။ အဲဒါကိုတွေးပြီး မှတ်စုစာအုပ်ကို ချက်ချင်းလှန်လိုက်ရင်း နောက်ဘက်မှာရှိတဲ့ အကြောင်းအရာကို စဖတ်လိုက်သည်။


အကြောင်းအရာကတော့ စာသားနဲ့ ရုပ်ပုံများကို ရောနှောထားသည်။ ၎င်းပေါ်က လက်ရေးလက်သားဟာ အလွန်သပ်ရပ်ပြီး စနစ်တကျ ရှိသည်။ သို့သော် စာလုံး အရွယ်အစားသည် အလွန်သေးငယ်ပြီး မီးရောင်မှိန်မှိန် အောက်တွင် ဖတ်ရ ခက်ခဲစေ၏။ 


သို့နှင့် စိတ်အေးလက်အေးနဲ့ ခွန်အားတွေ စုဆောင်းပြီး ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။ ဖတ်ရင်းနဲ့ တစ်ချိန်တည်းမှာ ပိုပိုပြီး စိတ်ရှုပ်လာပြီး စိတ်ပျက်လာမိသည်။ ဒါကို ဖတ်ပြီးတာနဲ့ သူ့ရဲ့ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ပျက်မှုက အထွတ်အထိပ်ကို ရောက်သွားတော့သည်။ သူ့ရင်ထဲက ခံစားချက်ကို​တော့ ဖော်ပြမနိုင်ပါ။ 


မှတ်စုစာအုပ် တစ်ခုလုံး၏ အကြောင်းအရာများကို အကြမ်းဖျင်းအားဖြင့် စကားလုံး 100,000 ကျော်ဖြင့် သုံးပိုင်းခွဲနိုင်သည်။ ၎င်းတို့အားလုံးသည် သာမန် ဒိုင်ယာရီများနှင့် ဆင်တူပါသည်။ မှတ်တမ်းတင်ထားသော အကြောင်းအရာက အလွန် ခက်ခဲဖွယ် ရှိသော်လည်း အကြောင်းအရာကို သုံးပိုင်း ခွဲခြားပစ်နိုင်သည်။ 


ပထမပိုင်းကို ၁၉၉၀ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ ၁၉၉၁ ခုနှစ် မတ်လ ၆ ရက်နေ့အထိ မှတ်တမ်းတင်ထားပါသည်။ ဤနေရာတွင် မှတ်စုစာအုပ်တစ်ခုလုံးကို ကူးယူရန် မဖြစ်နိုင်ပါ။ ၎င်းကို အတိုချုံးပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်ရန် အရေးကြီး ဆုံးအခန်းများကို ရွေးချယ်ဖတ်လိုက်သည်။ ပထမပိုင်း၏ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။


ဧပြီလ ၂ ရက် ၁၉၉၀ ခုနှစ်။ 


သူမတို့ ရေအောက် ဂူသင်္ချိုင်းထဲက ကြွေထည်အများစုကို ရေတွက်ပြီး ခွဲထုတ်လိုက်ကြသည်။ ၎င်းတို့အားလုံးနီးပါးကို ကူးယူ၍ ဝမ်းကျန့်ဟိုင်ရဲ့ ဘဝလမ်းကြောင်းကို သိရှိနိုင်ရန် မျှော်လင့်ကာ နံရံဆေးရေးပန်းချီများနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ အဲဒီလို နှိုင်းယှဥ် ကြည့်ခြင်းအားဖြင့် ပုံစံတချို့ကို အမှန်တကယ် ရှာဖွေတွေ့ရှိ ခဲ့ကြသည်။ 


အရှေ့ရှအင်ပါယာသို့ ဝင်ရောက်ခြင်း - တိမ်ထိပ် ကောင်းကင်နန်းတော်သို့ တည်ဆောက်ခြင်းနှင့် ကျူးယွမ်ကျန်းမှ ဆုလက်ခံရယူခြင်း - မင်နန်းတော်ကို ဒီဇိုင်းဆွဲခြင်း အစရှိသည့် သဲလွန်စပေါင်းများစွာကို ဂူသင်္ချိုင်းထဲ၌ ရှာတွေ့ခဲ့သည်။ ထို​အချိန်တုန်းက အစီအစဥ်များကို အလွယ်တကူ ခွဲခြားနိုင်ပြီး တစ်ဦးမှတစ်ဦး စာပေးစာယူ ပြုလုပ်နိုင်ခဲ့သည်။


ဤနည်းလမ်းအရ ပန်းချီကားများသည် ဝမ်းကျန့်ဟိုင်၏ ထင်ရှားသော ဖုန်းရွှေသခင် အဖြစ် အောင်မြင်မှုများကို မှတ်တမ်းတင်ထားသည်ဟု ကောက်ချက်ချနိုင်သည်။ မှတ်တမ်းတင်ထားသော အကြောင်းအရာများ အားလုံးသည် သူ၏လက်ရာများနှင့် ဆက်စပ်နေပါသည်။ 


တခြားလူများအတွက် ပိုအရေးကြီးသော အရာများဖြစ်သည့် မင်္ဂလာပွဲနှင့် အမဲလိုက်ခြင်းကဲ့သို့သော အရာများ ရှိပါသည်။ အဲဒါတွေနဲ့ ပတ်သက်သော မှတ်တမ်းများက​တော့ သိပ်မရှိပါဘူး။ ထိုအရာကို "ဝမ်းနှိုင်းရသီအိုရီ" လို့ခေါ်ပါသည်။ 


စက်တင်ဘာ ၆၊ ၁၉၉၀။ 


ယနေ့တွင် "ဝမ်းနှိုင်းရသီအိုရီ" သည် ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းကို ဝမ်းကျန့်ဟိုင်၏ နောက်ဆုံး ပန်းချီကားတွင် ဤစာပိုဒ်ကို တွေ့ရှိခဲ့သည်။


(အောက်ဖက်က ပုံသည် အကြမ်းဖျင်းအားဖြင့် ပန်းချီကား၏ မိတ္တူပုံဖြစ်သည်။ စားပွဲကို လှန်လိုက်သောအခါ မြင်လိုက်ရသော ကလေးတစ်ယောက် ပုံကြမ်းများဆွဲထားသလို အရာများမှာ ဝမ်းကျင်တို့ နံရံဆေးရေးမှ ကူးယူထားတာမှန်း သိရသည်။


ပုံကြမ်းရဲ့ အကြောင်းအရာကို ဖော်ပြရန်မှာ ခဲယဉ်းပါသည်။ ပုံဆွဲပုံမှာ အလွန်ညံ့ဖျင်းသောကြောင့် ၎င်းသည် သိက္ခာရှိသော လူတစ်ဦးအား အခြားသူတစ်ဦးမှ နှုတ်ဆက်လာတဲ့ မြင်ကွင်းတစ်ခုဟုသာ အကြမ်းဖျင်းအားဖြင့် ဆိုနိုင်ပါသည်။ နောက်ခံကတော့ နန်းတော်တံခါးကြီး ဖြစ်ကာ ပတ်ပတ်လည်တွင် ကုလားအုပ်ကဲ့သို့ တိရစ္ဆာန်များကို သပ်သပ်ရပ်ရပ် စီတန်းထားသည်။ 


ခွေးနှင့် ကြွက်များကဲ့သို့ အကောင်များကိုတော့ အတိအကျ ခြယ်မှုန်းထားသည်။ ဝူရှဲ့သည် ရှေးရှုခင်းပန်းချီများ၊ တိရိစ္ဆာန်ပန်းချီများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဤအသိပညာ နယ်ပယ်တွင် တင်းကျပ်သော လေ့ကျင့်မှုကို ရရှိထားသောကြောင့် စုတ်တံ ပုံသဏ္ဍာန်များဖြင့်ပင် ဤထူးဆန်းသော ရုပ်ပုံသဏ္ဌာန်မှာ မြင်း သို့မဟုတ် ကုလားအုတ်များ ဖြစ်နိုင်သည်ဟု ခန့်မှန်းနိုင်ပါသည်။ 


နန်းတော်တံခါး နောက်တွင် အစေခံအဖွဲ့များရှိပြီး အခမ်းအနား အစောင့်အကြပ်များဖြင့် စီတန်းထားသော ပန်းချီကားသည် အလွန်ခမ်းနားသော မြင်ကွင်းကို ပုံဖော်ထားကြောင်း တွေ့မြင်နိုင်သည်။


အဲဒီနောက်မှာတော့ ပန်းချီကားတွေ ပြည့်နှက်နေတဲ့ စာမျက်နှာ နှစ်မျက်နှာ သုံးမျက်နှာလောက်ရှိနေရာ ဝူရှဲ့ စိတ်မဝင်စားတော့ဘဲ အားလုံးကို ကျော်ပြီး နောက်ကွယ်က အကြောင်းအရာတွေဆီကိုပဲ တည့်တည့် သွားကြည့်လိုက်သည်။)


ဝမ်းကျန့်ဟိုင်သည် သူ၏နောက်ဆုံး ပရောဂျက်ကို ပြီးမြောက်သွားသည့် အသက်၆၈နှစ် အကြာက ရေးဆွဲထားသော ပန်းချီကားများ ဖြစ်နိုင်ချေရှိသည်။ ပန်းချီကားများ၏ အကြောင်းအရာမှာ ဧကရာဇ်မင်းမြတ်၏ အမိန့်ကို လက်ခံပြီး အပြင်ထွက်ရသလိုပင်။ အခြားနိုင်ငံများနှင့်လည်း ထိတွေ့ဆက်ဆံနိုင်စေမည့် နေရာတစ်ခုအတွက် ရေးဆွဲထားခြင်း ဖြစ်သည်။ 


ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် ထန်မင်းဆက်၏ အနောက်တိုင်း ဒေသများသို့ ထန်ရွှမ်ကျန့် ရောက်သွားသောအခါက အရာကို ရေးဆွဲထားသည့် ပန်းချီကား ဖြစ်ကာ စီစဥ်ထားပုံကတော့ ထူးဆန်းလှသည်။ သို့သော် သူတို့သည် ကြွေထည်များ အားလုံးကို ရှာဖွေခဲ့ရာ ယင်းနှင့် ယှဉ်နိုင်သော ကြွေပန်းချီများကို မတွေ့ခဲ့ရဘူးဟု ဆို၏။ 


တချို့သော လူများက ၎င်းသည် သူ၏နောက်ဆုံး အတွေ့အကြုံ ဖြစ်နိုင်ပြီး သူ့အား ဗိသုကာလက်ရာများနှင့် နှိုင်းယှဉ်စရာ မရှိဟု ဆိုကြသည်။ သို့သော် တချို့သော သူများသည် ဝမ်းကျန့်ဟိုင် ကဲ့သို့ လူကတော့ ခြွင်းချက်မရှိဘူးဟု ဆိုကြသည်။ ကြွေပန်းချီနှင့် သက်ဆိုင်သော ပန်းချီကားတစ်ချပ်မှ မရှိနိုင်သောကြောင့် အထူးအဓိပ္ပာယ် သို့မဟုတ် အကြောင်းပြချက် တချို့ ရှိနိုင်​​သေးသည်။ 


သို့တည်းမဟုတ် သူ့လက်ရာကို တခြား တစ်နေရာရာမှာ ရေးထွင်းထားခဲ့တာလည်း ဖြစ်နိုင်၏။ နောက်ပိုင်း သုတေသနကို ဆက်လေ့လာတဲ့အခါ ဝမ်းကျန့်ဟိုင်ရဲ့ နောက်ဆုံး နှစ်အနည်းငယ်ဟာ အလွန်လျှို့ဝှက် ဆန်းကြယ်ပြီး သမိုင်းအချက်အလက် လုံးဝ မကျန်တော့တာကို တွေ့ရှိခဲ့ရသည်။


သူဘယ်မှာနေပြီး အဲဒီနှစ်တွေမှာ ဘာတွေလုပ်ခဲ့လဲ ဒါတွေကိုတော့ မသိခဲ့ရပေ။ ဒါက ကြီးမားတဲ့ မေးခွန်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ 


ဒီဇင်ဘာ ၆၊ ၁၉၉၀။ 


လွန်ခဲ့သည့် လအနည်းငယ် အတွင်းက သူမတို့သည် ဝမ်းကျန့်ဟိုင်ရဲ့ နေရာကို စုံစမ်းစစ်ဆေးခဲ့ရာ နှစ်အနည်းငယ် ပြည့်သွားခဲ့ကာ နောက်ဆုံးတွင် သဲလွန်စများ ရရှိခဲ့သည်။ နောက်ဆုံး ပရောဂျက်ပြီးနောက် ဝမ်းကျန့်ဟိုင်သည် ချောင်ပိုင်တောင်ပေါ်ရှိ တောင်ဝတ်ပြုပွဲတစ်ခုတွင် ဧကရာဇ်မင်းနှင့်အတူ လိုက်ပါသွားခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ယင်းနောက်တွင် မှတ်တမ်းများ မရှိ​တော့ပေ။


ချောင်ပိုင်တောင်။ သူ တောင်တွေထဲ ရောက်သွားတယ်လို့လည်း ပြောရမလား အရမ်းသံသယ ဝင်စရာ ကောင်းလေသည်။ 


ဒီဇင်ဘာ ၇၊ ၁၉၉၀။ 


ဤနေရာတွင် ဆက်ရှာဖွေစရာ မရှိတော့တာကြောင့် သူတို့ရဲ့ ဦးတည်ချက်ကို ပြောင်းကာ ဧကရာဇ်မင်းထံမှ စတင်ခဲ့သည်။ ၎င်းတွင် သံတမန်များနှင့် အခမ်းအနားများ၏ အသေးစိတ် မှတ်တမ်းများရှိသည်။ ဝမ်းကျန့်ဟိုင်ရဲ့ နံရံဆေးရေးပန်းချီများ သို့မဟုတ် သူ၏အခြားမစ်ရှင်များတွင် ဖော်ပြထားသော အခမ်းအနားများ၏ မှတ်တမ်းများကို ရှာဖွေလိုခဲ့သည်။ 


ဧကရာဇ်မသေဆုံးမီ နှစ်နှစ်အတွင်း ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီး ခုနစ်ခုရှိခဲ့ကြောင်း သူတို့တွေ့ရှိခဲ့သည်။ ယင်းတို့အနက် ခြောက်ခုသည် ပုံမှန်ပဲ ဖြစ်သည်။ သို့သော် တစ်ခုမှာ အလွန်ထူးဆန်း​လေသည်။ မှတ်တမ်း မှတ်ထားတာကတော့ ဘာဘေးထွက် မှတ်ချက်မှမပါဘဲ အလွန်ရိုးရှင်းလှပါသည်။ 


"ဟုန်ဝူ နန်းစံနှစ်ဆယ့်ကိုးနှစ်မှာ ထမုထိုကိုပြုလုပ်ဖို့ အစောင့်လေးဆယ့်ခြောက်ဦး၊ ပညာရှင်ဆယ့်နှစ်ယောက်၊ မြင်းတစ်ရာ့နှစ်ဆယ့်ခြောက်စီး၊ ပုလဲဆယ်ချောင်း၊ ရွှေသုံးဆယ်ကီလိုဂရမ် သုံးခဲ့တယ်..."


ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားနဲ့ မစ်ရှင်ဟာ ပြီးပြည့်စုံတဲ့ အခြေအနေတွေနဲ့ မှတ်တမ်းနှစ်ခုပဲ ဖြစ်လေသည်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မစ်ရှင်အဖြစ် စေလွှတ်ခံရတဲ့ တာဝန်ရှိသူတွေကို ဒီမှတ်တမ်းထဲမှာ မှတ်တမ်း တင်မထားပါဘူး။ အံ့သြစရာ အကောင်းဆုံးကတော့ ထမုထိုက ဘယ်မှာလဲ ဆိုတာပါပဲ။ 


နိုင်ငံတစ်ခုလား။ တရားဝင် သမိုင်းတွင် မှတ်တမ်း မရှိသော်လည်း မင်မင်းဆက်၊ အရှေ့တောင် အာရှနှင့် အနောက်တိုင်း ဒေသများတွင် မရေမတွက်နိုင်သော နိုင်ငံငယ်များ ရှိခဲ့တာကြောင့် ထမုထို ရှိခဲ့တာက အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ သို့သော် ဝမ်းကျန့်ဟိုင်သည် သံတမန်အဖြစ် နိုင်ငံငယ်တစ်ခုနှင့် ဆက်သွယ်သွားတာတော့ အနည်းငယ် ထူးဆန်းသည်။ သူ့အသက်အရွယ် အရ ဒီလိုခရီးရှည်ကြီး သွားဖို့အတွက် မသင့်တော်တော့ပါဘူး။


ဖေဖော်ဝါရီ ၁၁၊ ၁၉၉၁။


သူတို့တွေဟာ စုံစမ်း စစ်ဆေးမှုတွေ ဆက်လုပ်ခဲ့ပြီး အဲဒီ့အတောအတွင်းမှာပဲ နှစ်ကြိမ်ခန့် ဆက်ဆွေးနွေးခဲ့ကြသည်။


(အားလုံးသည် ဆွေးနွေးမှုများနှင့် ထင်ကြေးပေးမှုများသာ ဖြစ်ပြီး အလယ်တွင် အဓိပ္ပာယ်မရှိသော စာမျက်နှာ ဆယ်မျက်နှာ ရှိသော်လည်း ၎င်းတို့အားလုံးသည် မှားယွင်းကြောင်း နောက်ပိုင်းတွင် သက်သေပြခဲ့ပြီး ဖြစ်သောကြောင့် ဝူရှဲ့ ၎င်းတို့ကို ဖျက်ပစ်ခဲ့သည်။)


မင်မင်းဆက်၏ သမိုင်းသည် ချင်မင်းဆက်တွင် ကပ်ဆိုးကြီးတစ်ခု ကြုံတွေ့ခဲ့ရသောကြောင့် မှတ်တမ်းများ မရှိတော့ရာ ဤတစ်ကြိမ် စုံစမ်းရန် အလွန်ခက်ခဲသွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ ရလဒ်မရှိခဲ့ပေ။ နောက်ပိုင်းတွင် စုံစမ်းရေးထောင့်ကို ပြောင်းလဲခြင်းဖြင့် ပြဿနာတစ်ခုကို ဖြေရှင်းခဲ့သည်။ 


"ထမုထို"မှ သယ်ဆောင်လာသော အရာများကို နှိုင်းယှဉ်ပြီးနောက် လက်ဆောင် အမျိုးအစားများသည် အနောက်တိုင်း ဒေသကြီးရှိ နိုင်ငံတစ်ခု ဖြစ်သင့်ကြောင်း ညွှန်ပြထားတာ တွေ့ရှိရပြီး လက်ဆောင် အရေအတွက်မှာ အလွန်နည်းပါးနေပုံရသည်။ သို့ရာတွင် သံတမန်အဖွဲ့ထက် ကာရန်ဗန်နှင့် ပိုတူသော မြင်းတပ်များစွာ ရှိနေခဲ့သည်။


မတ်လ ၆ ရက် ၁၉၉၁ ခုနှစ်။ 


သဲလွန်စ လုံးဝ မရှိလာတော့ပါဘူး။ ဖောက်ထွင်း ဝင်ရောက်လည်း မတွေ့နိုင်ရာ သုတေသနပြုမှု ရပ်တန့်သွားကာ လူတိုင်းလည်း စိတ်ဆိုးနေခဲ့ကြသည်။


ဒီစာပိုဒ်က ပထမအပိုဒ် ဖြစ်သည်။ သိသာထင်ရှားသည်မှာ ဤစာပိုဒ်၏ ရှေ့တွင် အကြောင်းအရာများ ရှိသင့်သည်။ သို့သော် ရှေ့တွင် စုတ်ပြဲနေသော စာမျက်နှာများလည်း မပါရှိနေချေ။ ၎င်းသည် သီးခြားမှတ်စုစာအုပ် မဟုတ်သင့်ဘဲ မှတ်စုစာအုပ်များက အတွဲလိုက် ရှိနေတာ ဖြစ်လိမ့်မည်။ 


ပထမစာပိုဒ်တွင် ဖော်ပြထားသည့် အရာမှာ ၎င်းတို့သည် ဝမ်းကျန့်ဟိုင်ကို သုတေသနပြုကာ "ထမုထို" ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ "ထမုထို" ကို လေ့လာကာ နောက်ဆုံးတွင် သုတေသန ရပ်တန့်သွားခြင်း ဖြစ်သည်။ ဤစာပိုဒ်မှ အရာများစွာဟာ ၎င်းတို့သည် ပင်လယ်ရေအောက် သင်္ချိုင်းတွင်းရှိ နံရံဆေးရေး ပန်းချီနှင့် ကြွေထည်များကို လေ့လာရာမှ သိလာခဲ့ခြင်းပင်။ 


ထို့ပြင် သုတေသနသည် အလွန်ရှေးရိုးဆန်ပြီး စနစ်ကျပုံပေါ်ကာ ၎င်းသည် ဂန္ထဝင် ရှေးဟောင်းသုတေသန လုပ်ငန်းစဉ် (အချက်အလက်စစ်ဆေးသည့် လုပ်ငန်းစဉ်) ဖြစ်ပုံရသည်။ ပျင်းစရာ ကောင်းပေမယ့် ရှေးဟောင်း သုတေသန ပညာရှင်တွေအတွက် နေ့စဉ်သုတေသန ပြုလုပ်ရတာက အဓိကနည်းလမ်း ဖြစ်နေလေသည်။ 


ဒါပေမဲ့ ဦးလေးသုံးနဲ့ တခြားသူတွေ အဲဒီကိုသွားတဲ့အခါ ဒီလိုအခြေအနေမျိုး မဖြစ်နိုင်ပါဘူး။ ဝမ်းကျန့်ဟိုင်ရဲ့ သင်္ချိုင်းဟာ အရမ်းကြီးပြီး လူအနည်းငယ်သာရှိတဲ့ သင်္ချိုင်းတွင်းက အရာအားလုံးကို မှတ်တမ်းတင်ဖို့ ဘယ်လောက်ကြာမလဲမသိ။ ဒါနဲ့ ဒီအလုပ်ကို ဘယ်တုန်းက စလုပ်ခဲ့တာလဲ စဥ်းစားရဦးမည်။ 


ဒါက ကြီးမားတဲ့ သဲလွန်စတစ်ခုပါ။ ဒါပေမဲ့ လောလောဆယ် ဝူရှဲ့မှာ အဲဒါကို စဉ်းစားဖို့ အချိန်မရှိသေးပါဘူး။ ဒါကြောင့် ဆက်ဖတ်နေခဲ့သည်။ အဲဒီတုန်းကတော့ ဒီလုပ်ငန်းစဉ်က နောက်မှ ဆက်ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် ၁၉၉၁ ခုနှစ် မတ်လ ၆ ရက် နောက်ပိုင်းမှာ သူ့အတွက် စိတ်ရှုပ်ထွေးစေတဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။


ဤစာပိုဒ်ပြီးနောက် အချက်အလက် စုဆောင်းခြင်းဆိုင်ရာ ဖော်ပြချက် အားလုံးဖြစ်သည့် အကြောင်းအရာက စာမျက်နှာ ခြောက်မျက်နှာခန့် ရှိလေသည်။ ထို့ကြောင့် ၎င်းတို့ကို ကျော်သွားပါမည်။ အလုပ်ဒိုင်ယာရီ၏ နောက်အပိုင်းရှိ အချိန်သည် ဇန်နဝါရီ ၁၉၊ ၁၉၉၃ သို့ ခုန်တက်သွားသည်။


ထို့နောက် မှတ်တမ်းတင်ထားသော အကြောင်းအရာကို ကြည့်လိုက်လျှင် ၎င်းသည် ယခင်အကြောင်းအရာနှင့် အတော်လေး ကွာခြားသွားတာကို တွေ့ရပါသည်။ ဤစာပိုဒ်ထဲက အကြောင်းအရာသည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်မှ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဖြစ်သည်။ အချိန်ကာလကြောင့် မှတ်တမ်းက ယခင်စာပိုဒ်ထက် ပိုရှည်ပါသည်။ သို့သော် မှတ်တမ်းတင်နိုင်သော အရာများစွာ မရှိပေ။ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။


နောက်ဆုံး ဆွေးနွေးမှုအပြီး ၁၉၉၃ ဇန်နဝါရီ ၁၉ တွင် ဝမ်းကျန့်ဟိုင်ရဲ့ ကိစ္စက ရှင်းလင်းလာသည်။ ထမုထိုသို့ သွားခဲ့သော သူ၏ ခရီးစဉ်သည် ချောင်ပိုင်တောင်က ဧကရာဇ်မင်းမြတ်၏ ပူဇော်သက္ကာနှင့် ဆက်စပ်နေပုံရသည်။ သူသည် တိမ်ထိပ် ကောင်းကင်နန်းတော်သို့ ပြန်သွားပြီးနောက် ထမုထိုသို့ ခရီးထွက်ခဲ့လိမ့်မည်။ ဤထမုထိုသည်လည်း ချောင်ပိုင်တောင်က အခြေအနေနှင့် ဆက်စပ်နေရမည်။


၁၉၉၃ ခုနှစ် ဧပြီလ ၁၈ရက်နေ့တွင် သူတို့သည် ပန်းချီကားများမှ တိမ်ထိပ် ကောင်းကင်နန်းတော်သို့ လမ်းကြောင်းသုံးကြောင်းကို စီစဥ်ပြီး နောက်ထပ် အကြောင်းအရာများကို သိရှိရန် ချောင်ပိုင်တောင်သို့သွားရန် ဆုံးဖြတ်ခဲ့သည်။


၁၉၉၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ချောင်ပိုင်တောင်တန်းသို့ ဝင်ရောက်သောအခါ ရာသီဥတုက အလွန်ဆိုးရွား​​နေခဲ့သည်။


ထို့နောက် စွန့်စားခန်းဝတ္ထုကဲ့သို့ ခရီးသွားမှတ်တမ်း စာမျက်နှာက တစ်ဒါဇင်ခန့် ရှိ​လေသည်။ ၎င်းသည် ဝူရှဲ့တို့ ကောင်းကင်နန်းတော်ထဲ ဝင်ရောက်ခြင်း အကြောင်းအရာနှင့် ဆင်တူ​လေသည်။ 


ဇွန်လ ၁၅ ရက်၊ ၁၉၉၃ တွင် သူတို့ တခြားသူများ အဆက်အသွယ် ပြတ်တောက်သွားပြီး သူတို့နှစ်ဦးတည်း ရှေ့ဆက်ခဲ့ကြ၏။ 


ဇွန်လ ၁၇ရက်တွင် ကောင်းကင်နန်းတော်အောက်ခြေသို့ သူတို့ရောက်ရှိခဲ့သည်။ အခြေအနေမှာ အလွန်ဆိုးရွားလာပြီး တခြားသူများလည်း ဒုက္ခရောက်နိုင်သည်။ သို့သော် သူတို့မှာ တွန့်ဆုတ်နေရန် အချိန်မရှိချေ။ အတွင်းထဲရှိအရာများကို ကြည့်ရန် ကြေးတံခါးထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။


ဇွန်လ ၁၈ ရက် ၁၉၉၃မှာ အဆုံးစွန်ကို တွေ့လိုက်ရပါ၏။


(ဤအချက်အပြီးတွင် မှတ်စုက ပြတ်တောက်သွားသည်။ အကြောင်းအရာ​တွေ ဆက်မရှိတော့ဘဲ နောက်ဒိုင်ယာရီတွင် နောက်ဆုံး အပိုဒ်သာ ဖြစ်ချေသည်။ သူမသည် တစ်နှစ်ခွဲနီးပါးမျှ မှတ်တမ်းတင်ထားခြင်း မရှိပေ။)


နောက်ဆုံး မှတ်တမ်းကတော့ ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ထမုထိုကို ရှာဖွေဖို့ စတင် စီစဉ်ခဲ့ကြသည်။ ဒါက ဘယ်လိုဖြစ်သွားလဲ ဆိုတာတော့ သိမှ​ဖြစ်မည်။ 


ဤအချက်တွင် စုစုပေါင်းစာမျက်နှာ သုံးဆယ်ခန့်ရှိသည့် အပိုင်းနှစ် ဖြစ်သည်။ ဤဒုတိယ အပိုင်းတွင် သူတို့သည် တိမ်ထိပ် ကောင်းကင်နန်းတော်သို့ ခရီးစတင်ခဲ့ကြ​တာကို တွေ့လိုက်ရသောအခါတွင် ဝူရှဲ့စိတ်ထဲ မေးခွန်းတစ်ခု ရှင်းသွားသည်။ 


ကောင်းကင်နန်းတော်ထဲ၌ သေဆုံးသွားသော လူများသည် ၎င်းတို့ အုပ်စုထဲမှ ဖြစ်သင့်သည်ဟု ထင်မြင်ပါသည်။ သူတို့သယ်လာတဲ့ ပစ္စည်းတွေကို ကြည့်ပြီး ဒီမှာဖော်ပြထားတဲ့ အကြောင်းအရာကို ကြည့်လိုက်လျှင် ရှီးရှားကိုသွားတဲ့ ဝမ်းကျင်တို့ လူအုပ်စုပဲ ဖြစ်လိမ့်မည်။ 


ဒီတော့ သူတို့မှာ တခြား ထွေထွေထူးထူး အခက်အခဲတွေ မရှိဘူးဆိုရင် တော်တော် အဆင်ပြေနေပုံရ၏။ ဒါ​ပေမဲ့ အဲဒါ​တွေက သာမညသာ ဖြစ်​ပါပဲ။ ဝူရှဲ့ကို ထိတ်​လန့်​တုန်​လှုပ်​သွားစေတဲ့ အရာက​တော့ ဝမ်းကျင်ပါ ​ကြေး​ရောင်​တံခါးကို ​တွေ့လိုက်​ရပြီး သူမလည်း လိုက်ဝင်​သွားခဲ့တာပင်။


'အဆုံးစွန်ကို မြင်လိုက်ရတယ်!'


မှတ်တမ်း တင်ထားသည့် အချိန်ကို ကြည့်လိုက်တော့ သူမ ဝင်ရောက်လာပြီးနောက် တစ်နှစ်ခွဲနီးပါးကြာအောင် ဒိုင်ယာရီကို ရေးသားခြင်း မရှိ​တော့ပေ။ ဒါက သူမရဲ့စရိုက်နဲ့ မကိုက်ညီပါ။ ဝူရှဲ့မှာ သူမ ဆက်မရေးခဲ့တာက ကြေးတံခါးမှာ တစ်စုံတစ်ခုကို မြင်လိုက်ရလို့ ဖြစ်နိုင်တယ်လို့ ခံစားရလေသည်။ ဒါကြောင့် ဘာမှတ်စုကိုမှ ရေးဖို့ မတွေးရဲတော့တာ ​ဖြစ်မည်။ 


ဒုတိယပိုင်းတစ်လျှောက်လုံး ဝူရှဲ့ကိုပေးခဲ့တဲ့ အကြီးမားဆုံး ခံစားချက်က ကြေးတံခါးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသင့်တယ် ဆိုတာပါပဲ။ ဝမ်းကျင် ကြေးတံခါးထဲကို ဝင်ပြီးတာနဲ့ ဒီ "ထမုထို" ကိုရှာဖို့ စိတ်ကူးပေါ်လာခဲ့တာပဲ ဖြစ်လေသည်။ 


အဲဒီနောက် တတိယအပိုင်း ထွက်လာသည်။ ဒီအပိုင်းက အရမ်းရှည်ပေမယ့် အချိန်ကာလက အရမ်းတိုတောင်းပါသည်။ ဖေဖော်ဝါရီလ ၈ ရက်၊ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၅ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိပဲ ပါဝင်၏။


ဖေဖော်ဝါရီ ၈ရက်၊ ၁၉၉၅။ 


နဂါးသွေးပြန်ကြော မြေပုံကို အခြေခံ၍ ထမုထို ၏ တည်နေရာကို သူတို့ ဆုံးဖြတ်နိုင်ခဲ့သည်။ အဲဒီနောက် စူးစမ်းရှာဖွေမှု တစ်ခု လုပ်ဆောင်တော့မှာ ဖြစ်ပြီး ဤစူးစမ်းရှာဖွေမှု အတွင်း လျှို့ဝှက်ဆန်းကြယ်မှုများ၏ အဖြေများကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ထားပါသည်။ ရိုးရိုးသားသား ပြောရရင် ဒီနောက်ကွယ်မှာ အများကြီးရှိမယ်လို့ မမျှော်လင့်ထားပါဘူး။


အဲဒီနောက်မှာတော့ "ထမုထို" လို့ ခေါ်တဲ့ နေရာကို သွားကြတာပါပဲ။ အပေါ်က ဖော်ပြချက်ကို ကြည့်ရင် အဲဒီ "ထမုထို" ဟာ ကောပိထဲက အိုအေစစ် ဖြစ်နိုင်သည်။ ဝမ်းကျင်ဟာ ၁၉၉၅ ခုနှစ် အစောပိုင်းမှာ ကုလားအုတ် လှည်းနောက်က လိုက်သွားခဲ့သည်။ သွမ်းဟွမ်မှ စတင်ပြီး ချိုင်တာမုထဲကို နက်နက်နဲနဲဝင်ပြီး ဒီခရီးကို စခဲ့ပေသည်။ 


တင့်ကျူကျောမာလို့ အမည်ရတဲ့ အမျိုးသမီး လမ်းပြက ကောပိထဲကို ခေါ်ဆောင်သွားခဲ့ပြီး ကျောက်ဆောင်တောင်မှာ သူနဲ့ လမ်းခွဲပြီး "ထမုထို"လို့ ခေါ်တဲ့ ဒီနေရာကို ဝင်သွားကြသည်။ ထိုအိုအေစစ်တွင် အလွန်အန္တရာယ် များပုံရသည်။ လမ်းတစ်လျှောက်တွင် လူများစွာ သေဆုံးခဲ့သည်။


မှတ်စုများထဲက လမ်းကြောင်း မြေပုံပေါ်တွင် အမှတ်အသား ပြုထားသည့် အန္တရာယ်များသော ဆိုင်းဘုတ်များစွာကိုလည်း တွေ့ခဲ့ရသည်။ နောက်ဆုံးတွင် သူတို့သည် ထမုထိုသို့ ရောက်ရှိခဲ့သော်လည်း သူမသည် တခြားသူတစ်ဦးနှင့် သဘောထားကွဲလွဲကာ နောက်ထပ် ဆက်မလျှောက်ဘဲ ပြန်လှည့်လာခဲ့သည်။


ဂရုတစိုက် မကြည့်ဘဲ မြန်မြန်ပဲ ဖတ်ခဲ့သည်။ အဲဒီအကြောင်းအရာတွေ ပြီးတော့ ဘာအကြောင်းအရာမှ မရှိတဲ့ ဗလာစာမျက်နှာ တစ်ခုရှိ၏။ ဤအပိုင်းသည် စာမျက်နှာ သုံးဆယ်ခန့်ရှည်ပြီး အလွန်အသေးစိတ်သော လမ်းကြောင်းမြေပုံများနှင့် စက်ကိရိယာ ချွတ်ယွင်းမှု၊ ရာသီဥတုစသည်ဖြင့် ဖော်ပြချက်များစွာ ပါရှိသည်။


မှတ်စုစာအုပ် တစ်အုပ်လုံးတွင် သတင်းအချက်အလက်ရယူပုံ၊ မည်သို့ စုံစမ်းစစ်ဆေးကြောင်းတော့ ဖော်ပြထားခြင်း မရှိခဲ့ချေ။ ရှီးရှားက တခြားသူများ ပျောက်ဆုံးမှုနှင့် ယခုဆေးကုခန်း အတွင်း ဖြစ်ပျက်ခဲ့သည်များကို ဖော်ပြထားခြင်းမရှိ။ ၎င်းတွင်ပါရှိသော အချက်အလက် အားလုံးသည် ဤ "ထမုထို" နှင့်သာ သက်ဆိုင်​နေသည်။ 


စာမျက်နှာ တစ်ဝက်နီးပါးဟာ ဝမ်းကျန့်ဟိုင် ချန်ထားခဲ့သော အရာများကို ခွဲခြမ်းစိတ်ဖြာထားကာ အဲဒီနောက်မှ "ထမုထို" နှင့် ဆက်စပ်မှုကို တွေ့ရှိခဲ့သည်။ ထို့အပြင် ဤစာပိုဒ်သုံးပိုဒ်သည် အလယ်တွင် သိသာထင်ရှားစွာ ကွဲထွက်သွားတာကြောင့် ဝူရှဲ့အလွန် စိုးရိမ်မိလာသည်။


စာမျက်နှာများကြားရှိ ကွက်လပ်များကို ဆွဲဖွင့်လိုက်ရာ စာမျက်နှာများကို ပြန်လည် ပေါင်းစည်းထားတာ သို့မဟုတ် ဆုတ်ဖြဲထားတဲ့ သဲလွန်စ မရှိတာ တွေ့ရှိရသည်။ ဤစာအုပ်သည် ပြီးပြည့်စုံသော မှတ်စုစာအုပ် ဖြစ်သည်။ ဆိုလိုတာက ဒီမှတ်စုစာအုပ်ကို ဝမ်းကျင်က ထပ်ပြီး ကူးယူထားတာ ဖြစ်နိုင်တယ်။ သူမသည် ထမုထိုအကြောင်း မှတ်စုစာအုပ်များစွာ၏ အကြောင်းအရာများကို ရွေးချယ်ပြီး ကူးယူကာ ဤမှတ်စုစာအုပ် တစ်အုပ်တည်းတွင် စုစည်းထားပုံရသည်။


သူမ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ဒါက မယုံနိုင်စရာ နောက်တစ်ခုပါပဲ။ ဒီလူတွေက ဘာကြောင့် ဒီလောက် လျှို့ဝှက် ဆန်းကြယ်မှုတွေကို အမြဲလုပ်နေရတာလဲ။ တခြားသူများ မသိစေလိုသော မှတ်စု၏ အခြားအကြောင်းအရာများတွင် တစ်စုံတစ်ခု ရှိနေနိုင်လို့လား။


ထို့အပြင် ဤမှတ်စုကို ကြည့်လိုက်တော့ "ထမုထို" နေရာသည် အလွန်အရေးကြီးကြောင်း သိစေလိုပုံရပြီး ထိုနေရာကို သွား​စေချင်ပုံရတာလည်း ထင်ရှား​ပေသည်။


ဝူရှဲ့သည် စိတ်ထဲမှာ မေးခွန်းပေါင်းများစွာကို တစ်ခါတည်း ရှင်းမပြနိုင်တော့ဘဲ ပုခုံးတွေကိုသာ ပွတ်သပ်လိုက်သည်။ မှတ်စုတွေကို အစကနေ ပြန်လှည့်ပြီး သေချာစဉ်းစားပြီးမှ သဲလွန်စတွေ ရနိုင်မလားဆိုတာ သိနိုင်ဖို့ အစကနေ စဖတ်ဖို့ အသင့်ဖြစ်နေပါပြီ။ သို့သော် ဤအချိန်တွင် သူ့ရှေ့ရှိ မီးခြစ်က မှိန်သွားခဲ့သည်။ မီးတောက်တွေ ကျုံ့သွားပြီး အလင်းရောင်က တော်တော် မှိန်သွား၏။ 


မီးခြစ်ကို အချိန်အတော်ကြာ အသုံးပြုပြီး ဂတ်စ်ကုန်တော့မည်ကို သတိရမိသောကြောင့် သတင်းစာနှင့် အံဆွဲများကို အနည်းငယ် ရှို့၍ မီးထွန်းချင်လာသည်။ မီးခြစ်ကို တတ်နိုင်သမျှ ထွန်းထားတာ အမှောင်ထဲတွင် မနေစေရန် မိမိကိုယ့်ကို သတိပေးနေရသည်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ မတ်တပ်ထရပ်ပြီး ကြွက်သားတွေကို ဆန့်ထုတ်လိုက်သည်။


ဒီအချိန်မှာတော့ တစ်ခုခုလွဲနေပြီလို့ ခံစားလာရသည်။ ထင်ယောင်ထင်မှား ဖြစ်နေတာ ဟုတ်မဟုတ် သိရအောင် မီးခြစ်ကို မြှောက်ကြည့်လိုက်သည်။ မကြည့်မိရင်တော့ သေလောက်တဲ့အထိ မကြောက်ခဲ့လောက်ချေ။ ထိုအချိန်တွင် စားပွဲတစ်ဖက်မှာ “လူ” တစ်ယောက် ဘယ်အချိန်က ပေါ်လာမှန်း မသိဘဲ ပေါ်လာခဲ့သည်။ ဒီလူက သူထိုင်နေခဲ့တဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေကာ အခုမှန်ကို ကြည့်ပြီး ဆံပင်ကို ဖြီးနေလေပြီ။