(70)နှင်းစီးလှည်းလို ပြေးလွှားခြင်း
Viewers 5k

Chapter (70)

နှင်းစီးလှည်းလို ပြေးလွှားခြင်း


.

လီကျင်လုံက လူတိုင်းအတွက် ကိုယ်တိုင်ကိုယ်ကျ သေရည်လိုက်ငှဲ့ပေးသည်။ 


"ဒီနှစ်တော့ လူတွေအများကြီး ရှိတယ်... သေချာပေါက် ဘုရားရဲ့ ကောင်းချီးမင်္ဂလာပဲ... အဖော်အသစ်နှစ်ယောက်လည်း ရတယ်..."


ဟုန်ကျွင့်က နောက်ပြန်စောင်းပြီး လီကျင်လုံကို သေရည် လောင်းထည့်ခိုင်းလိုက်သည်။ လုရွှီမှာ လီကျင်လုံ သူ့ပန်းကန်လုံးထဲ သေရည် လောင်းထည့်တာကို ကြည့်နေရင်းနဲ့ "မင်းရဲ့အဖော်က ဘယ်သူလဲ" ဆိုတဲ့ အမူအရာနဲ့ ပြန်ကြည့်နေလေသည်။ 


"ကန်းပေ့" 


လီကျင်လုံ ပန်းကန်လုံးကို မြှောက်လိုက်ပြီး။ 


"အားလုံး တစ်နှစ်လောက် အလုပ်ကြိုးစားခဲ့ပြီးပြီ....ကန်းပေ့!"


ငါးကြင်းနတ်ဆိုးသည် ငါးကြင်းကဲ့သို့ ချက်ချင်းထရပ်ကာ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူများကို ဖယ်ထုတ်ကာ ပန်းကန်သေးသေးတစ်လုံးကို ကိုင်လိုက်သည်။ 


"ကန်းပေ့!"


လီကျင်လုံ စောင့်ဆိုင်းနေစဉ် ငါးကြင်းနတ်ဆိုးက ၎င်းကို ဦးစွာ သောက်ပြပြီးနောက် လူတိုင်းသည် ၎င်းတို့၏ သေရည်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်ကြသည်။


"မင်းတို့ရဲ့ စည်းမျဉ်းမှာ ငါးကြင်းကို အရင်သောက်ခိုင်းတာလား" 


အားရှစ်နရှုံ နားမလည်စွာ မေးလိုက်သည်။


အားထိုက်: "သူက လူတိုင်းရဲ့ လောင်တပဲ!" 


ထိုစဥ် ငါးကြင်းနတ်ဆိုးက “အားလုံး စားကြရအောင်” ဟု ဆိုလာသည်။


လီကျင်လုံ: "..."


ဒီလိုနဲ့ အားလုံးကလည်း သူတို့ရဲ့ တူချောင်းတွေကို မြှောက်လိုက်ကြသည်။ ဟုန်ကျွင့်ကလည်း အရမ်းဗိုက်ဆာနေပြီဆိုတော့ ဘာကိုမှ ဂရုမစိုက်​တော့ဘဲ ကြက်သားတွေကိုပဲ ဆွဲထုတ်လိုက်သည်။ ထိုစဥ် လီကျင်လုံက သူလှုပ်ရှားမှာကို မစောင့်ဘဲ ကြက်ခြေထောက် တစ်ချောင်းကို ယူပေးလိုက်၏။ 


ချိုးယုံစစ်က: "ဒီနှစ်ထဲမှာ ဒီလောက်အများကြီး ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... လီရှန်တောင်မှာ လမ်းခွဲခဲ့တုန်းက ငါတို့တွေ နောက်ထပ် မတွေ့ရတော့ဘူးလို့တောင် ထင်ခဲ့တာ"


အားထိုက် ပြုံးပြီး: " မင်းက နောက်ဆုံး ​ရောက်လာတဲ့လူနော်... ဒီစကားကို ဘယ်လို​တောင် ပြောရဲတာလဲ"


မော့ရစ်ကန်း: "ငါတို့ ဘယ်တော့ လျိုရင်ချွန်းရှောင်ကို ထပ်သွားမှာလဲ"


အားလုံး တစ်​ပြိုင်တည်း ရယ်မောလိုက်သည်။ အားရှစ်နရှုံ အားထိုက်ဘက် လှည့်မေးလိုက်စဥ် လုရွှီကလည်း ဟုန်ကျွင့်ကို ကပ်မေးလိုက်ရာ ဟုန်ကျွင့်မှာ ပါးစပ်ထဲ ထမင်းတစ်လုတ် ရှိနေသဖြင့် နောက်မှရှင်းပြမယ်လို့ အချက်ပြခဲ့သည်။


လီကျင်လုံက နည်းနည်းစားပြီး သက်ပြင်းချလိုက်သည်။ 


"ဒီတစ်ခါ သောက်ပြီးရင် အားလုံး ထပ်ပြီး လူစုခွဲရမှာပဲ မဟုတ်ဘူးလား.."


ချိုးယုံစစ်က ကမန်းကတန်း ပြန်ပြောသည်။ 


"မထားခဲ့ပါနဲ့ကွာ အတူတူ ပြန်ကြရအောင်!"


လီကျင်လုံ : "..."


ချိုးယုံစစ်: "ရှဲ့ယွီအကြောင်း လူတိုင်းသိပါတယ်... ငါက အားလုံး ပြောပြမယ်"


အားထိုက်: "ငါဒီတစ်ခါ ရှုံကို ဒီခေါ်လာရင်း နတ်ဆိုးနှင်ဌာန ပြန်သွားဖို့ စီစဉ်နေတာ"


ဟုန်ကျွင့် တစ်ခုခုစားပြီးနောက် အသက်ပြန်ရှင်လာသလို ခံစားရတာကြောင့် ဝင်မေးလိုက်သည်။ 


"ဘာလို့လဲ?"


အားရှစ်နရှုံ: "ငါ့မှာ ပိုက်ဆံမရှိဘူး ဒီပျောက်​နေတဲ့သား အားထိုက်ဟာကလည်း အကုန်ကုန်သွားပြီ ပိုက်ဆံရှာဖို့ ချန်အန်းကို သွားရမယ်လေ... မဟုတ်ရင် တိုင်းပြည်ကို ပြန်ရနိုင်မှာမဟုတ်ဘူး ဒီပျောက်နေတဲ့သားကြောင်း အားလုံး ကုန်သွားလိမ့်မယ်"


လူတိုင်း: "..."


လီကျင်လုံမှာ ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားသည်။ 


"ငါတို့ရဲ့ နတ်ဆိုးနှင်ဌာနက တစ်နှစ်ပတ်လုံး ငွေအများကြီး မရှာနိုင်ပါဘူး... အမှုတစ်ခါရှင်းရင် ငွေထောင်နဲ့ချီပဲ ရနိုင်တယ်"


အားရှစ်နရှုံ: "မင်း ဒီကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး ငါတို့ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါတယ်"


အားထိုက်က ရှုံ့မဲ့ပြီး ပြန်ပြောသည်။ 


"ခေါင်း​ဆောင်က ကိစ္စတွေကိုရှင်းပြီး လုပ်ငန်းသေးသေးလေးတစ်ခု စနိုင်စေဖို့ နတ်ဆိုးနှင်ဌာနကို ပြန်ခိုင်းချင်နေတာမလား"


အားလုံးက ရယ်ကြပြန်သည်။


"မင်းကော ဘယ်လိုလဲ" 


လီကျင်လုံ လုရွှီကို မေးလိုက်သည်။ လုရွှီက ဟုန်ကျွင့်ကို တစ်ချက် ကြည့်၏။ မော့ရစ်ကန်းအတွက် ဤဘဝတွင် အရေးကြီးဆုံးအရာမှာ လုရွှီကိုရှာဖို့မှန်း သိတာကြောင့် ဟုန်ကျွင့်က မော့ရစ်ကန်းကို ကြည့်လိုက်သည်။


"မင်းလည်း လူတိုင်းနဲ့ နတ်ဆိုးနှင်ဌာနကို ပြန်သွားသင့်တယ်" 


လုရွှီ ခေါင်းညိတ်လိုက်သည်။ ဤတော့မှ မော့ရစ်ကန်းလည်း သက်ပြင်းချကာ ဟုန်ကျွင့်ကို ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။


ငါးကြင်းနတ်ဆိုးက "ခွက်တိုက်အောင်!"


လီကျင်လုံ: "လောင်တ မင်းမှာ ကောင်းကောင်းသောက်နိုင်တဲ့ အရည်အချင်း မရှိဘူး... မင်းအတွက် ငါ​သောက်ပေးမယ်"


ငါးကြင်းနတ်ဆိုးက အခိုင်အမာ သောက်မယ်လို့ ပြောနေသည်။ လုရွှီမှလွဲ၍ အားလုံးက အရက်သောက်ပြီးနောက် ညစာစားပွဲတွင် စကားစမြည်ပြောရင်း လွန်ခဲ့သည့် ခြောက်လအတွင်း ဘေးချင်းကပ် တိုက်ပွဲ၏ အတိတ် အကြောင်းလည်း ပါလာသည်။ ညသန်းခေါင်တွင် သူတို့သည် ဖျင်ကန်းလီ အတွင်းသို့ ဝင်ရောက်ခဲ့ပုံ၊ တမင် နန်းတော်အား တိုက်ခိုက်ကာ နယ်ချဲ့စာမေးပွဲခန်းကိုစီစဉ်ပုံ၊ ဂူထဲတွင် ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင် လီကျင်လုံရဲ့ နှလုံးမီးအိမ် ပေါက်ကွဲသွားလို့ လွတ်မြောက်နိုင်ခဲ့တဲ့ အကြောင်းလည်း ပါသေးသည်။ 


ဟုန်ကျွင့်သည် သူတို့၏အတိတ်ကို နားထောင်ရင်း သွေးအိုင်ထဲတွင် ထိုနေ့ကို သတိရလိုက်သည်။ လီကျင်လုံက သူ့ကို ထိန်းထားရပြီး နားရွက်ပြတ်သွားသည်ကို မြင်လိုက်သောအခါတွင် အလွန် စိတ်ပူသွားသည်။ အခု လီကျင်လုံ၏ ချောမောသော မျက်နှာသည် အရက်ငွေ့တွေ လွှမ်းနေကာ သူ့ကိုကြည့်နေသ၏။


လီကျင်လုံက သူ့ဘယ်လက်ကို ညာပခုံးပေါ်တင်ပြီး လက်ကို ရွှေ့လိုက်သည်။ 


"မင်းတို့ပြောတဲ့အတိုင်း သွားနှင့်ကြ... ငါ ဟုန်ကျွင့်ကို အနောက်မြောက်ဘက် တစ်လျှောက်လုံး ခေါ်သွားပြီး ကဲရှူးဟန့်ကို ဝင်တွေ့လိုက်ဦးမယ်...."


သူတို့နှစ်ယောက် အတူရှိနေမှာကို တွေးပြီး မော့ရစ်ကန်းက ရယ်မောရင်း စနောက်လိုက်သည်။ 


"မင်းတို့တွေ ဟိုဟိုဒီဒီ လျှောက်လည်ပြီး ပျော်ပျော်ပါးပါး နေကြမယ်ပေါ့...


"တောင်တန်းတွေ မြစ်တွေထဲ ခရီးသွားနေတာကို ပြောတာလား?.. ဒီသခင်ငယ်လေး မြင်းမစီးနိုင်ဘူး သူက ငါ့ကို ဒုက္ခအများကြီးပေးတယ်"


လီကျင်လုံ သူ့ကို ဆေးလိမ်းပေးတဲ့ အချိန်ကို မစဉ်းစားဘဲ မနေနိုင် ဖြစ်သွားတာကြောင့် ဟုန်ကျွင့် မျက်နှာက နီရဲသွားပေမယ့် သူ့စကားပြန်မဖြေခဲ့ပေ။ လီကျင်လုံက နတ်ဆိုးနှင်ဌာနကို ပြန်သွားမလားဆိုပြီး လူတိုင်းကို မေးခဲ့ပေမယ့် သူ့တစ်ယောက်တည်းကို မမေးခဲ့ပါဘူး။ သူ့မျက်လုံးထဲမှာတော့ မိမိက တခြားနေရာ သွားချင်နေမှန်း သိနေလို့ ဖြစ်မည်။ 


ငါးကြင်းနတ်ဆိုးက အလွန်အကျွံ သောက်ပြီးနောက် စားပွဲပေါ် လှဲချလိုက်သည်။ သုံးကြိမ်သောက်ပြီးနောက် လီကျင်လုံက ဆို၏။ 


"ဒီပန်းကန်ကို သောက်ပြီးရင် ငါဘယ်တော့မှ မသောက်တော့ဘူး"


လုရွှီ မသောက်ချင်တော့တာကို မြင်တော့ ဟုန်ကျွင့်က ပြောလိုက်သည်။ 


"မင်းအတွက် ငါ​သောက်ပေးပါ့မယ်..."


သို့သော် ဟုန်ကျွင့် မလှုပ်ရှားရသေးခင် မော့ရစ်ကန်းက သေရည်ခွက်ကို ယူသွားသည်။ လုရွှီ မော့ရစ်ကန်းကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်းပြောနေတဲ့ အတိတ်က ခင်မင်ရင်းနှီးမှု အကြောင်းကို နားထောင်နေလိုက်သည်။ သူ့ရင်ထဲမှာ အနည်းနှင့်အများတော့ တမ်းတနေမိတာကြောင့် ဟုန်ကျွင့်ကို လှည့်မေး၏။ 


"အဲဒါက တကယ်လား?" 


ဟုန်ကျွင့် ရုတ်တရက်ဆိုတော့ လန့်သွားပြီး ခဏလောက် စဉ်းစားလိုက်ရသည်။ 


"အင်း...."


"ချန်အန်းက ကောင်းလား" 


ဟုန်ကျွင့်: "ဆောင်းတွင်းမှာပဲ နှင်းတွေ ကျနေတယ်... ကျန်တဲ့အချိန် အရမ်းလှတဲ့ နေရာတစ်ခုပဲ.." 


မော့ရစ်ကန်း: "ချန်အန်းက လှတယ် မင်းကို နတ်ဆိုးနှင်ဌာနကို ပြန်ခေါ်သွားမယ်လေ... မင်းကြိုက်သွားလိမ့်မယ်"


မော့ရစ်ကန်းက စကားတစ်ခွန်းနဲ့အတူ လှည့်ကြည့်လိုက်သည်။ လုရွှီ သိပ်မအေးစက်တော့ဘဲ ထိုစကားကို ကြားတော့ ခေါင်းညိတ်လိုက်၏။ 


"ဟယ်ရှီးကို လာရတော့.." လီကျင်လုံ သေရည်ခွက်ကို ခဏချပြီး စဉ်းစားလိုက်သည်။ 


"ငါ့ကို အစိုးရိမ်​စေဆုံးက ဟုန်ကျွင့်ရဲ့ နတ်ဆိုးမျိုးစေ့ပဲ"


ဒါကိုပြောပြီးတာနဲ့ စားပွဲတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ထမင်းစားပြီးခါနီးမှာ ဒီစကားကို ထပြောနေတဲ့လူကို ဟုန်ကျွင့် ဗြောင်ကျကျပဲ စိုက်ကြည့်လိုက်သည်။ 


လီကျင်လုံ: "ဟုန်ကျွင့် လူတိုင်းက မင်းကို ဘယ်တုန်းကမှ မကြိုက်တာ မရှိခဲ့ဘူး... ငါတို့အားလုံး အတူတူ နေထိုင်ပြီး အတူတူပဲ သေဆုံးသွားကြမယ်..."


ဟုန်ကျွင့် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ 


ချိုးယုံစစ်: "မင်းနဲ့ ခေါင်းဆောင်က သွေးအိုင်ထဲကနေ ငါတို့ကို ကယ်ခဲ့တာ..."


မော့ရစ်ကန်း: "မင်းတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါတို့အကုန်လုံး သေသွားလောက်ပြီ"


အားထိုက်: "အဲဒီအချိန်ကို မှတ်မိသေးရဲ့လား ငါတို့အတူတူ ဒီလူမိုက်တွေကို ရှာနေရတာလေ..."


ဟုန်ကျွင့် ပြုံးပြီး "မှတ်မိပါတယ်"


လီကျင်လုံ: "မင်းငါ့ကို နှလုံးမီးအိမ် ပေးခဲ့တယ်... မင်းကြောင့်သာ မဟုတ်ရင် ငါဒီနေ့အထိ မရောက်ဘဲ သေသွားလောက်ပြီ..."


ဟုန်ကျွင့် ထိုစကားကို ကြားသောအခါ လီကျင်လုံရဲ့ မျက်လုံးများကို ရှောင်လိုက်လေ၏။ ထိုစဥ် လုရွှီက ရုတ်တရက် ဝင်ပြောလိုက်သည် 


"အရာအားလုံးက ဘုရားသခင်အလိုတော်ပဲ...."


လီကျင်လုံ: "ဘုရားသခင်ရဲ့ အလိုတော်ပဲ... မှန်ပါတယ် ဟုန်ကျွင့်လည်း သူ့နှလုံးမီးအိမ် ငါ့ကိုယ်ထဲ ဝင်လာတုန်းက အဲဒီလိုပဲ ပြောခဲ့တာ"


ဟုန်ကျွင့် မဖြေသေး။


လီကျင်လုံ: "တိုတိုပြောရရင် ဒီမှာ ဘယ်သူမှ မင်းကို မကြိုက်တာမရှိဘူး... မင်းမှာရှိတဲ့ နတ်ဆိုးမျိုးစေ့ကို ဘယ်သူမှ စိတ်ထဲထားမှာ မဟုတ်ဘူးဆိုတာ မင်းသိထားရမယ်... အနာဂတ်မှာ ဘာဖြစ်လာပါစေ ငါတို့က မင်းအတွက် ဖြည်းဖြည်းချင်း အဖြေရှာသွားမယ်... နတ်ဆိုးမျိုးစေ့ကို ဖယ်ထုတ်ဖို့ နည်းလမ်း ရှာမယ်!" 


ချိုးယုံစစ်: "ဒါက တကယ်ပဲ ဘုရားသခင်ရဲ့ အလိုတော်ပဲလို့ ငါလည်း ထင်တယ်... အဲဒါကြောင့် ကောင်းကင်နတ်ဆိုးကို အနိုင်ယူဖို့ ငါတို့မှာ မျှော်လင့်ချက်ရှိတယ်"


ဟုန်ကျွင့်က ခေါင်းညိတ်ပြသည်။ လီကျင်လုံ ထပ်ပြီး ပြုံးပြကာ။ 


"ဟုန်ကျွင့် မင်းပြောစရာရှိရင် ပြောပါဦး... မထိန်းထားနဲ့..."


"အင်း.... သိပြီ" 


"နောက်ဆုံးတစ်ခွက်!" 


လီကျင်လုံ သေရည်ခွက်ကို ထပ်ပြီး မြှောက်လိုက်သည်။ သောက်ပြီးနောက် အားထိုက်က သူ့စောင်းကို ထုတ်လေ၏။ 


"ဒါက နောက်ဆုံးတစ်ခွက်ပဲနော်... ငါ တီးပါရစေဦးဟ!"


ချိုးယုံစစ်: "ငါ့ဝမ်းကွဲက သီချင်းအသစ် တစ်ပုဒ် ရေးစပ်ထားသေးတယ်... အရမ်းကောင်းတယ် လာ....ငါ သီချင်းဆိုမယ်"


အားလုံးက ချက်ချင်းဆိုသလို တက်ကြွသွားသည်။ အားထိုက် စတင်တီးခတ်လိုက်တာနဲ့ ချိုးယုံစစ်က သီချင်းဆိုသည်။ 


"ငွေကုန်းနှီးက ကြယ်တစ်ပွင့်လို တောက်ပရင်း မြင်းဖြူပေါ်မှာ လင်းလက်နေတယ်"


ဒီကဗျာကို ကြားလိုက်တဲ့အခါ ဟုန်ကျွင့်လည်း အရာအားလုံးကို မေ့သွားတော့သည်။ ဒီကဗျာကို လူသားတစ်ယောက်က ရေးနိုင်ပါ့မလားလို့သာ တွေးလိုက်မိ၏။ 


"လူတစ်​​ယောက်​ကို ဆယ်​လှမ်း​အတွင်း သတ်​ပြီးရင် မိုင်​တစ်​​ထောင်​​လောက်​ သဲလွန်​စ မကျန်​​စေနဲ့.... မင်း အဝတ်​​တွေကို ချွတ်​ပြီး ကိုယ့်​နာမည်​ကို ဝှက်​ထားလိုက်​ပါ...."


အားလုံးက တစ်ချိန်တည်းမှာ "ကောင်းပြီ!" ဟု ဝင်ထောက်ခံကြ၏။ 


"ဒါက လီပိုင်ရဲ့ ကဗျာ မဟုတ်လား"


အားလုံးက ဒေါသတကြီး အော်ပြီး ဟုန်ကျွင့်ကို မနှောက်ယှက်ဖို့ တောင်းဆိုပေမယ့် ချိုးယုံစစ်ကတော့ ပြုံးပြီး သီချင်းဆက်ဆိုနေတာကြောင့် စားပွဲမှာရှိတဲ့ လူတိုင်းကလည်း သံစဥ်နောက် ပါသွားကြသည်။ 


“သူရဲကောင်း တစ်ယောက်ရဲ့ ရနံ့နဲ့ သေသွားရင်တောင် ကမ္ဘာ့သူရဲကောင်းတွေကို အရှက်မရပါစေနဲ့.... ဘယ်သူကများ ရေးစပ်နိုင်...."


​စောင်းတီးသံက ရုတ်တရက် ရပ်သွားသည်။ 


ချိုးယုံစစ်: "လီပိုင် ဟုတ်တယ်လေ..."


"လီပိုင်က မင်းရဲ့ဝမ်းကွဲလား?" 


လီကျင်လုံ အံ့သြစွာ ပြောသည်။ ဒါကို ကြားလိုက်တာနဲ့ ဟုန်ကျွင့်ကလည်း ချက်ချင်း လှည့်ကြည့်လာ၏။ 


ချိုးယုံစစ်: "ဟုတ်တယ်လေ..."


လူတိုင်း ထိတ်လန့်သွားသော်လည်း ဟုန်ကျွင့်က်ု ပို၍ ထိတ်လန့်သွားသည်မှာ လီကျင်လုံရဲ့ နောက်ထပ်စကားပဲ ဖြစ်သည်။


"ဘာလို့ သူပြောတာကို မကြားမိတာလဲ... နောက်တစ်ခါ ထပ်တွေ့ရင် သေချာပေါက် မေးရမယ်... မင်း ဆွေမျိုးတွေ လျှောက်စပ်မနေနဲ့"


"မေးကြည့်လေ..." ချိုးယုံစစ်က ပြုံးလိုက်သည်။


"ခင်ဗျား သူ့ကို သိလား" 


ဟုန်ကျွင့် လီကျင်လုံကို အံ့သြစွာ လှည့်မေးလိုက်သည်။


ဟုန်ကျွင့်ဘက်က စတင် စကားပြောဆိုရန် တောင်းတခဲ့သော ရက်များစွာအတွင်း ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။ လီကျင်လုံက မူးနေသော အပြုံးဖြင့် ဟုန်ကျွင့်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။


"နောက်တစ်ခေါက် သူ့ကို ချန်အန်း လာဖို့ချိန်းပြီး သူနဲ့ စကားပြောခွင့်ပေးမယ်လေ..."


ဟုန်ကျွင့် : "..."


လီကျင်လုံက လီပိုင်ကို တကယ်သိတာလား။ သူ့ကိုလည်း တစ်ခါမှ မပြောဖူးဘူး။ 


"အစ်ကိုပိုင်က သောက်ရတာ ကြိုက်တယ်... ငါတို့ အရက်သောက်ရင်း သူငယ်ချင်း ဖြစ်သွားတာ" လီကျင်လုံက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြောသည်။ 


"ကဗျာနည်းနည်းလေး မလေ့လာလိုက်ရလို့ ရှက်လိုက်တာ... ပန်းချီဆွဲဖို့ ပိုက်ဆံအကုန်ခံလည်း ရတာကို... သေရည်၊ လက်ဖက်ရည်၊ စားသောက်ခဲ့တာတွေချည်းပဲ...." 


လီကျင်လုံသည် စားသောက်ပုံ၊ ကစားနည်းမျိုးစုံနှင့် ပျော်ပျော်ပါးပါး ကစားနည်းများကို သိသည်။ ချိုးယုံစစ်က စာပေ ကျွမ်းကျင်သော ဟန်မိသားစုထဲတွင် မွေးဖွားလာသူအဖြစ် အသိအမှတ်ပြု ခံရသော်လည်း သူသည် စုတ်တံကို မိစ္ဆာနှင်၏။ 


“ငါ့ဝမ်းကွဲက တွေ့ဆုံပွဲတွေနဲ့ လိုက်ဖက်မှုရှိပေမယ့် ဟုန်ကျွင့်....အမ်း သူချိန်းလို့ရတယ် ထင်တယ်"


ဟုန်ကျွင့်: "အခွင့်အရေးရရင် သူနဲ့ တွေ့ခွင့်ပေးပါလား!"


လီကျင်လုံ: "ကောင်းပြီ..."မင်းကို အခု ငါ ကတိပေးတယ် ငါ သူ့ကို သွားပြောမယ်... သူ မင်းကို မတွေ့ရင် ငါ ဒူးထောက်ပြီးရင်း ဒူးထောက်လိုက်မယ် အဆင်မပြေရင် ဘုရင်ကို ခွင့်သွားတောင်းမယ်... အဆင်မပြေရင် သူ့ကိုချည်နှောင်ပြီး မင်းကို တွေ့ခွင့်ပေးမယ်ကွာ... ငါကတိကို ဘယ်တော့မှ ဖျက်မှာမဟုတ်ဘူး"


အားလုံးက ရယ်မောလိုက်ကြသည်။ ဟုန်ကျွင့် နေရထိုင်ရ ခက်သွား၏။ လီကျင်လုံ သူ့ကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံခဲ့သလဲ ဆိုတာကို တွေးမိသည်။ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို အမြဲတမ်း ကတိပေးတာကို လုပ်နိုင်သလောက် လုပ်ကာ ဘယ်တော့မှလည်း မငြင်းခဲ့ချေ။ 


"ငါ့မှာ ဝမ်းကွဲဦးလေး တစ်ယောက်လည်း ရှိတယ်... သူ့အကြောင်းကို နားထောင်ဦးမလား?" 


ဟုန်ကျွင့်: "နောက်ထပ် ရှိသေးပြန်တာလား?"


"ကောင်လေးတစ်ယောက် အိမ်ကထွက်သွားပြီး အစ်ကိုအကြီးဆုံးက အိမ်ပြန်တဲ့အခါ သူ့​​ဒေသအသံထွက်က မပြောင်းလဲဘဲ သူ့ပုခုံးပေါ်က ဆံပင်တွေ လွင့်ပျောက်သွားတယ်... ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မမှတ်မိတဲ့အခါ ပြုံးပြီး ဧည့်သည်တွေ ဘယ်ရောက်နေလဲ မေးကြတယ်...."


"အဲ​ဒါ ဟဲ့ကျစ်ကျန်း မဟုတ်ဘူးလား?"


"မင်းမျက်နှာပေါ် ရွှေချမနေနဲ့!"


"လေပေါလိုက်တာ!"


လူတိုင်းက ချိုးယုံစစ်ကို ရယ်မောလိုက်ကြသည်။ 


ချိုးယုံစစ်: "ငါက ငါ့ဝမ်းကွဲပါပဲ" 


ဟုန်ကျွင့် ရယ်မောရင်း သေဆုံးသွားလုနီးပါးဖြစ်သော်လည်း ချိုးယုံစစ်က အပြစ်ကင်းစွာဖြင့် ဆက်ပြောနေသေးသည်။ 


"ငါ့ဝမ်းကွဲက ကဗျာဆရာ ဖြစ်နေတော့ ဘာ​ဖြစ်လဲ!"


လီကျင်လုံက ဝင်ပြောလေသည်။ 


"နွေဦးမြစ်နဲ့ လရောင်ည ဆိုရအောင်... ရက်နည်းနည်းလောက် ကြာပြီးရင် ချန်အန်းကို ပြန်သွားမယ်... ဒီမှာနေနေရတာ ပင်ပန်းနေပြီ"


အားထိုက်က စောင်းဆက်တီးသည်။ လီကျင်လုံသည် လက်ကျန်သေရည်ကို သူ့ဘာသာသူ လောင်းချလိုက်ပြီး ဟုန်ကျွင့်ဘေးမှာ ထိုင်လိုက်၏။ ထို့နောက် သူ့လက်ကို ဆန့်တန်းပြီး ဟုန်ကျွင့်ပုခုံးပေါ် တင်ထားလိုက်သည်။ 


ထို့နောက် လူတိုင်းသည် ​စောင်းသံဖြင့် "နွေဦးမြစ်နှင့် လရောင်ည" ကို သီဆိုကြသည်။ ဟုန်ကျွင့်လည်း လီကျင်လုံသူ့ကို အပျော်မယ်ဂေဟာဆီကို ပထမဆုံး ခေါ်သွားတဲ့ညကို ပြန်တွေးမိနေ၏။ အဲဒီနေ့မှာပဲ သူတို့ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် ပွေ့ဖက်ပြီး သီချင်းဆိုခဲ့ကြပါသေးသည်။ 


"ပြန်ရောက်ရင် ဘယ်ကို သွားဆော့ချင်လဲ" 


လီကျင်လုံသည် ဟုန်ကျွင့်အနား ချဉ်းကပ်လာပြီး သူ့စကားကို အရက်အငွေ့အသက်ပါသော အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။


ဟုန်ကျွင့်: "ကျွန်တော် အဲဒါကို မစဉ်းစားရသေးဘူး။"


ဟုန်ကျွင့်မှာလည်း အနည်းငယ် မူးနေသောကြောင့် လီကျင်လုံကို "ခင်ဗျားက... လူယုတ်မာပဲ" ဟုပင် ပြောထွက်သွားသည်။


လီကျင်လုံက ပြုံးပြီး "မင်း ဘာဖြစ်နေတာလဲ... ငါ့ကို ပြောပြလေ...


ဟုန်ကျွင့် ဘာမှပြန်မပြောဘဲ လီကျင်လုံရဲ့ရင်ခွင်ထဲကိုသာ တွားသွားပြီး တိုးဝင်သွားလိုက်သည်။ လီကျင်လုံရင်ဘတ်ထဲက တောက်ပနေတဲ့ အလင်းရောင်က ဟုန်ကျွင့်ကို မီးထဲ တိုးဝင်နေတဲ့ ပိုးဖလံတစ်ကောင်လို ခံစားသွားရစေ၏။ သူသည် လီကျင်လုံ ပုခုံးပေါ် မှီထားခဲ့သည်။ သူ့ရင်ဘတ်ထဲမှာ ခဏတာ ဝမ်းနည်းမှုဖြင့် ပြည့်နေသော်လည်း သူ့အသိစိတ်သည် တဖြည်းဖြည်း မှုန်ဝါးလာပြီး သတိပျောက်သွားသည်။ 


​စောင်းတီးသံကလည်း တဖြည်းဖြည်း ရပ်တန့်သွား၏။ အားထိုက် စောင်းကို လွှတ်ချလိုက်ကာ လီကျင်လုံကို တစ်ချက် ကြည့်သည်။ လီကျင်လုံက သူတို့ကို ခေါင်းညိတ်ပြပြီး ဆက်လုပ်ဖို့ အချက်ပြလိုက်သည်။ 


လုရွှီသည် လီကျင်လုံရဲ့ နောက်ကျောကို စိုက်ကြည့်ကာ ငြိမ်သက်စွာ ထိုင်နေ၏။ သူ အတွေးပျက်နေချိန်တွင် မော့ရစ်ကန်းက သူ့ခန္ဓာကိုယ်တစ်ဝက်ကို စားပွဲပေါ်တင်ကာ လုရွှီကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။


"တစ်ခုခု ပြောပါဦး" 


မော့ရစ်ကန်း တိုးတိုးလေး အသံနဲ့ ပြော၏။ 


လုရွှီ မော့ရစ်ကန်းအား တစ်ချက်​တော့ ကြည့်လာသည်။ ဟုန်ကျွင့်မှလွဲ၍ တခြားလူတွေနဲ့ စကားမပြော ဖြစ်လုနီးပါးပင်။


"ခေါင်းဆောင်က သူ့ကို ကြိုက်နေတာ..." 


မော့ရစ်ကန်းလည်း အနည်းငယ်မူးနေပြီ ဖြစ်တာကြောင့် လုရွှီဘက်သို့ မျက်ခုံးပင့်ကာ ပြောလိုက်သည်။ 


"ဒါပေမယ့် ခေါင်းဆောင်က လက်မခံနိုင်​သေးဘူး... လူတိုင်း မြင်နေရတာကို"


လုရွှီက မော့ရစ်ကန်းကို ပြန်စိုက်ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။ 


"ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"


မော့ရစ်ကန်းက သူ့လက်မောင်းနဲ့ လက်ဖဝါးကို အနည်းငယ် ဖြန့်ကာ အဖြေပေး၏။ 


"ဒါက ငါနဲ့ မဆိုင်ပါဘူး... တစ်ခါတလေ သူတို့ကို ကြည့်လိုက်ရင် ငါပျော်သလို ခံစားရတယ်.. တစ်ခါတလေ သူတို့ကို ကြည့်ပြီး ဝမ်းနည်းမိ​ပြန်တယ်...အဲဒီခံစားချက်ကို မင်း သိလား? ဟုန်ကျွင့်က နေ့တိုင်း သူ့နောက်ကို လိုက်နေတဲ့ လူတစ်ယောက်ရှိတယ် သူ လှည့်ကြည့်ရင်... အဲဒီလူက သူ့ကို ပြုံးပြီးကြည့်​နေတတ်တယ်...……”


မော့ရစ်ကန်းက သူ့မျက်လုံးတွေကို ချစ်ခင်မြတ်နိုးစွာ ရယ်မောပြရင်း။ 


"ဒီလိုကြည့်လိုက်ရင် မင်းနှလုံးသားထဲမှာ ငါရှိတယ်ဆိုတာ ငါသိတယ်... ငါ့နှလုံးသားထဲမှာလည်း မင်းရှိတယ်... အသက်ရှင်နေရတာ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်လဲ"


ထိုစဥ် ငါးကြင်းနတ်ဆိုးက စားပွဲပေါ် ရုတ်တရက် ခုန်တက်လာတာကြောင့် ပန်းကန်လုံးပေါ်ကို ခေါက်လုလုနီးပါး ဖြစ်သွားရာ လုရွှီ ထိတ်လန့်သွားသည်။ မော့ရစ်ကန်းမှာ ရယ်ရခက်ငိုရခက်ဖြင့် ငါးကြင်းနတ်ဆိုးကို တို့ထိလိုက်ပြီး။ 


"ထားလိုက်ပါတော့... ငါ ဒီလောင်တနဲ့ပဲ အိပ်လိုက်​တော့မယ် နှစ်သစ်မှာ ပျော်ရွှင်ပါစေ လုရွှီ!...ညီအစ်ကိုတို့!... မင်္ဂလာနှစ်သစ်ပါ!"


ဒီလိုပြောပြီး ညီအစ်ကိုတွေဆီ ဦးညွှတ်လိုက်ရာ အားလုံးကလည်း မတ်တပ်ရပ်ပြီး တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်လိုက်သည်။ ဦးညွှတ်လိုက်တဲ့အခါမှာတော့ အားထိုက်ကာ လုရွှီရဲ့ မေးစေ့ကို လှမ်းဆွဲမလို လုပ်နေတာကြောင့် မော့ရစ်ကန်းလည်း အားထိုက်နောက်​ကို လိုက်​ရင်း အလုပ်​ရှုပ်​​နေ​သွားသည်။ 


နှစ်ယောက်သား တစ်​ခန်းလုံး ​ပြေးပြီး ကန်​လိုက်​​ ပြေးလိုက် လုပ်နေစဥ် လုရွှီ ခေါင်းတွေ ထုံကျဉ်​ပြီး အိပ်​​ပျော်​သွားခဲ့သည်​။ 


အခန်းထဲမှာတော့ လီကျင်လုံဟာ ဟုန်ကျွင့် ကောင်းကောင်း အိပ်နိုင်စေဖို့ စောင်ခြုံပေးနေသည်။ 


"ဒီည ငါမင်းနဲ့ မအိပ်​ပေး​တော့ဘူးနော်... အိမ်ရှေ့စံ မင်းသားဆီ အရင်စာတစ်စောင် ရေးရဦးမယ်" 


လီကျင်လုံ တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် ဟုန်ကျွင့်ခေါင်းအုံးပေါ်မှာ စာအိတ်အနီလေးကို ချ၍ အပြင်ထွက်ပြီး တံခါးကို ပြန်ပိတ်ပေးသွားခဲ့သည်။ 


ဟုန်ကျွင့် မျက်လုံးဖွင့်ကြည့်လိုက်စဥ် ခေါင်းနည်းနည်း နာနေသေးသည်။ အပြင်မှာတော့ အားရှစ်နရှုံနဲ့ အားထိုက်က တစ်ယောက်နဲ့တစ်ယောက် သီချင်း ပြိုင်ဆိုနေတာကို ကြားနေရဆဲ။ ခေါင်းအုံးပေါ်က အနီရောင် စာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ အတွင်းတွင် ငွေစက္ကူတစ်ရာ ပါရှိသည်။


ဟုန်ကျွင့် တိတ်တိတ်ဆိတ်ဆိတ် ထရပ်လိုက်ပြီး အနီရောင်စာအိတ်ကို သူ့ရင်ခွင်ထဲ ထည့်ကာ သားမွေးကုတ်အင်္ကျီကို ဝတ်လျက် တံခါးအပြင်ကို တိတ်တဆိတ် ထွက်သွားခဲ့သည်။


နှင်းများ ထူထပ်စွာ ကျဆင်းနေ၏။ မော့ကောင်းဂူထဲရှိ လိုဏ်ဂူတိုင်းတွင် နှင်းပွင့်များကြား မီးပုံးများက လင်းလက်တောက်ပနေသည်။ နှင်းများ ထူထပ်သော ညတစ်ညတွင် အနှီမီးပုံးများက နတ်သမီးလေးများကဲ့သို့ တောက်ပနေပါသည်။


"မင်္ဂလာနှစ်သစ်ပါ ညီအစ်ကိုတို့" 


ဟုန်ကျွင့် မြင်းပေါ်တက်ရင်း ဒူးရှည်သားမွေးကုတ်အင်္ကျီကို ခြုံကာ တိုးတိုးလေး ပြောသွားသည်။ ထို့နောက် အရှေ့တောင်ဘက် လမ်းတစ်လျှောက် ဦးတည်ရင်း မော့ကောင်းဂူမှ ထွက်ခွာသွားခဲ့သည်။


"နှင်းတွေကျနေတယ်!" မော့ရစ်ကန်းသည် လက်ရန်းကို ဖိပြီး အပေါ်ထပ်နဲ့ အောက်ထပ်ကို ဝေ့ကြည့်နေသည်။ 


"မိစ္ဆာတစ်ကောင် လာနေတာလား!" 


အားရှစ်နရှုံလည်း မူးမူးနဲ့ ဆီးသွားရင်း နှင်းထဲမှာ ရပ်နေတဲ့ မြင်းခွာကြိုးတန်း​ကြီးကို ရုတ်တရက် မြင်လိုက်သည်။ 


"ဘယ်သူလာတာလဲ" 


အားရှစ်နရှုံ ဆီးသွားနေစဉ် လှမ်းအော်သည်။


လူတိုင်းသည် အိပ်စက်ရန် အခန်းများဆီသို့ ပြန်သွားကြသော်လည်း လီကျင်လုံနဲ့ ချိုးယုံစစ်တို့သည် နှစ်သစ်ကူးအကြိုညကြီး အော်ဟစ်သံကို ကြားသောအခါ ကြည့်ရန် ထွက်လာကြသည်။ လီကျင်လုံသည် နေ့ခင်းဘက်တုန်းက ဟုန်ကျွင့် ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားပြီး ဟုန်ကျွင့်အခန်းဆီသို့ ချက်ချင်း ပြေးသွားပြီး တံခါးကို ဖွင့်ကြည့်လိုက်တော့ အခန်းက ဗလာကြီး။ 


..........


နှင်းများပေါ်က ဟုန်ကျွင့်သည် မြင်းပေါ်မှ ခုန်ချကာ မဟာတံတိုင်းတစ်လျှောက် ငါးမိုင်အကွာအထိ ပြေးပြီးနောက် အော်သံတစ်ချက် ကြားလိုက်ရသည်။ 


"ဟုန်ကျွင့်--" 


ဟုန်ကျွင့် နောက်ပြန် လှည့်ကြည့်တော့ လီကျင်လုံက သူ့နောက်ကို အရှိန်ပြင်းပြင်းနဲ့ အရှိန်မြှင့်လိုက်နေတာကို တွေ့လိုက်ရသည်။


"ဟုန်ကျွင့်!" 


လီကျင်လုံက အင်္ကျီတစ်ထည်နှင့် သားမွေးဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ပညာရှိ ဓားရှည်တစ်ချောင်းကို ခါး၌ချိတ်ကာ ဖိနပ်ကိုလည်း ကန်ထုတ်ရင်း သူ့နောက်သို့ လိုက်လာခဲ့သည်။ ဟုန်ကျွင့် မြင်းကို ဆွဲကိုင်ကာ တောအုပ်ထဲတွင် ပုန်းနေပြီး သစ်ပင်များကြားမှ လှမ်းကြည့်​နေသည်။


"ဟုန်ကျွင့်! မင်းဘယ်မှာလဲ?!" 


လီကျင်လုံ အမြန် ပြန်ပြေးလာပြီး မြေပြင်ပေါ်မှ ခြေရာများကို ရှာဖွေနေသည်။ 


ဟုန်ကျွင့်ခန္ဓာကိုယ်သည် နှင်းများဖြင့် ဖုံးလွှမ်းနေပြီး သူသည် သစ်ပင်များနှင့် တစ်သားတည်း ဖြစ်နေပြီ။ ညလယ်ခေါင် ရောက်နေပြီ ဖြစ်တာကြောင့် လီကျင်လုံ သူ့ကို မတွေ့ရတော့ဘဲ ပြင်းထန်သော နှင်းထုကြောင့် ရှေ့ကို မနည်း လိုက်နေရ၏။ 


ဟုန်ကျွင့် သူ့မြင်းကို တောအုပ်ထဲတွင် လှည့်၍ လမ်းကြောင်းပြောင်းကာ အရှေ့သို့ ဦးစွာ ဦးတည်သွားခဲ့သည်။


နှင်းကျ​နေတာတွေ တဖြေးဖြေး ရပ်တန့်သွားပြီ။ နေက ထွက်လာတော့ ဟုန်ကျွင့်လည်း လေတိုက်နေတာကို အန်တုကာ ဖြည်းညှင်းစွာ မောင်းနှင်လား။ သူ့စိတ်က ကျယ်ပြောလှတဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ အားလုံးကို ဖြူဖြူဖွေးဖွေးသာ လှမ်းမြင်နေရသည်။ 


ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သွားရင်း မနေ့ညက သူ့အဖော်တွေ ပြောခဲ့တာကို သတိရပြီး သူ့စိတ်ထဲမှာ အထီးကျန်ကာ စိတ်ပျက်အားငယ်နေသလိုလည်း ခံစားလာရသည်။ 


လှည့်ပြီး သူတို့ဆီ ပြန်သွားရမလား?


သူ အရှိန်လျှော့လိုက်သော်လည်း မမျှော်လင့်ဘဲ လူတစ်ယောက် ချိုင့်ထဲမှ ရုတ်တရက် ထွက်လာ၏။ 


"ဟုန်ကျွင့်! မင်းဘယ်သွားမလို့လဲ!"


ဟုန်ကျွင့်ကို နောက်ဆုံး တွေ့ချင်သူကတော့ သူပဲမို့ ဟုန်ကျွင့် ချက်ချင်း မြင်းကို မောင်းထွက်လိုက်သည်။ 


"မသွားနဲ့!" လီကျင်လုံ အော်လိုက်သည်။


ဟုန်ကျွင့် :"ပြန်သွား!" 


လီကျင်လုံ မြင်းတစ်ကောင်နဲ့ ပြေးလာစဥ် ဟုန်ကျွင့်က ချိုင့်ထဲသို့ ပြေးဝင်သွားသည်။  


"အရှိန်လျှော့ ငါ မင်းကို ပြန်မခိုင်းဘူး... မင်းငါ့ကို စကားပြောပါ!"


ဟုန်ကျွင့် အရှိန်မလျှော့ဘဲ နေထွက်လာတဲ့အထိ ဆက်မောင်းသွားသည်။ 


"ငါ မင်းကို မလိုက်တော့ဘူး!.. အလျင်လိုမနေနဲ့၊ အရှိန်လျှော့လိုက်ပါ ဟုတ်ပြီလား.. မင်းဒီအတိုင်း ပြေးနေရင် မြင်းက ထိန်းနိုင်ပေမယ့် ဘယ်သူမှ မခံနိုင်​လောက်​တော့ဘူး!"


ဟုန်ကျွင့် မနေ့ညကမှ ယခုအထိ ခြောက်နာရီနီးပါး ပြေးလာခဲ့ရတာကြောင့် သူ၏ ကြံ့ခိုင်မှုမှာလည်း အနည်းငယ် လွန်ကဲနေပြီ ဖြစ်သည်။


မြင်းသည် တဖြည်းဖြည်း နှေးကွေးလာစဥ် လီကျင်လုံကလည်း ခပ်ဝေးဝေးကနေသာ လိုက်လာ၏။ ဟုန်ကျွင့် နှေးလိုက်ရင် သူနှေးကာ ဟုန်ကျွင့်မြန်ရင် သူကလည်း လိုက်မြန်ကာ အရှေ့ကို မလှမ်းလာချေ။ 


နေဝင်လာပြန်တာကြောင့် ဟုန်ကျွင့် လှည့်ပြောလိုက်၏။ 


"ပြန်သွား!"


လီကျင်လုံ ဘာမှပြန်မဖြေခဲ့။ 


ဟုန်ကျွင့်သည် သူ့မှာ ဖီးနစ်အမွေးတွေရှိပြီး ရေခဲနဲ့ နှင်းတွေရဲ့ အအေးဒဏ်ကို မကြောက်ပေ။ သို့သော် လီကျင်လုံမှာက မရှိ။ နေဝင်ရီတရောမှာ ဒီလိုမျိုး ပြေးနေတာမျိုးက သူ့ကို ဖျားစေလိမ့်မည်။ 


ဟုန်ကျွင့် စိတ်ထဲမှာ ရှုပ်ယှက်ခတ်နေသည်။ သူက ထိုက်ဟန်တောင်ကို ပြန်သွားပြီး ချုံမင်နဲ့ ချင်းရှူံဆီက အဖြေတွေရချင်၏။ အဲဒီနေ့က သူ့ကိုခေါ်လာသူက ချင်းရှူံမလို့ ချုံမင်ဆီကို အဖြစ်အပျက်တွေ သေချာ​ပေါက် ပြောပြပါလိမ့်မယ်။ သို့သော် တစ္ဆေဘုရင် ပြောသည့်အတိုင်း ဖြစ်မလာမည်ကို စိုးရိမ်သည်။ ဤအရာအားလုံးသည် ချုံမင်ရဲ့ ညွှန်ကြားချက်ဖြစ်ပြီး သူသည် သူ့ဖခင်၏ ဘေးဒုက္ခအတွက် ယဇ်ပူဇော်ခံရမယ့် သား​ကောင်သာ ဖြစ်သည်။


ချင်းရှူံ သူ့ကို ခေါ်သွားသည့်နေ့တွင် လီကျင်လုံ ထိုနေရာ၌ ရှိနေခဲ့မည်ကို သူ ကြောက်ရွံ့နေသည်။


ဒါကို သူဘယ်လိုရင်ဆိုင်ရမလဲ။


အမှန်တရားကို အပြင်းအထန် ဖော်ထုတ်လိုက်သောအခါတွင် သူ အားကိုးရမယ့် အရာအားလုံး ပြိုကွဲသွားမှာကို ကြောက်မိသည်။ ဟုန်ကျွင့် နှေးကွေးသွားသည်။ နေဝင်သည်။ ကောင်းကင်တွင် ကြယ်များဖြင့် ပြည့်နေပြီး ညက တဖြည်းဖြည်း မှောင်လာ၏။ 


သူက နေ့ရောညပါ ပြေးနေပြီး လီကျင်လုံကလည်း နေ့ရောညပါ သူ့နောက်က လိုက်နေခဲ့သည်။ ဒီတစ်ခါ နောက်ပြန် ကြည့်လိုက်တော့ လီကျင်လုံ မရှိတော့တာကို တွေ့လိုက်ရသည်။


ပြန်သွားတာလား? 


သူ့ဘာသာသူ တွေးနေပေမယ့် တစ်ခုခု မကောင်း​တော့ဘူးလို့ ယောင်ဝါးဝါး ခံစားလိုက်ရတာနဲ့ မြင်းခေါင်းကို အမြန်လှည့်ပြီး သူလာတဲ့လမ်းဘက်ကို ပြေးလာခဲ့သည်။ တရားဝင်လမ်း အလယ်တွင် မြင်းသည် နံဘေး၌ တုန်တုန်ယင်ယင် ဖြစ်နေစဉ် လီကျင်လုံကတော့ လူသေအလောင်းကဲ့သို့ မြေပြင်ပေါ်၌ လဲကျနေလျက် ရှိ၏။ 


"ခေါင်းဆောင်!" 


ဟုန်ကျွင့် ထိတ်လန့်စွာအော်လိုက်ပြီး ဆယ်လှမ်းအကွာမှ အမြန် ပြေးချလာသည်။ လီကျင်လုံခန္ဓာကိုယ်သည် နှင်းများဖြင့် ဖုံးလွှမ်းခံထားရကာ သူ့လက်များက အေးစက်နေပြီး ဘောလုံးအဖြစ်သို့ ကွေးကောက်နေသည်။ 


"ခေါင်းဆောင်!"


မထင်မှတ်ပဲ လီကျင်လုံက ရုတ်တရက် သူ့လက်ကိုဆွဲပြီး ပုခုံးကို ဆွဲကိုင်ကာ သူ့အောက်မှာ ဖိချလာခဲ့သည်။


"ရပ်!"


"ရပ်လိုက်!"


"ရပ်လိုက်--!"


ဟုန်ကျွင့်သည် နှင်းထဲတွင် လီကျင်လုံနှင့် ရုန်းကန်ရင်းနေသည်။ လီကျင်လုံမှာ မြေပြင်ပေါ်သို့ သူ့ခွန်အားရှိသမျှသုံးပြီး ဖိချထားကာ လက်ကောက်ဝတ်များကို အတင်းဆုပ်ကိုင်ထားလျက် အခိုင်အမာ တွန်းလှဲချထားသည်။ 


"ဘာလို့ငါ့ကို မစောင့်တာလဲ!"


လီကျင်လုံ သူ့အား စိတ်ဆိုးဒေါသ ထွက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။ ဟုန်ကျွင့်ရဲ့ မသိစိတ်က သူ့လက်ကိုလှည့်ကာ ပျံသန်းနေသော ဓားကို လှုပ်ခါလိုက်သော်လည်း သူ့လက်ကောက်ဝတ်ကို လီကျင်လုံက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြန်သည်။


 "မင်း ငါ့ကို မုန်းတယ် ဟုတ်တယ်မလား"


လီကျင်လုံရဲ့ အသံက တုန်တုန်ယင်ယင်နဲ့။ 


"မင်းကို ဒီလိုမျိုး ဆက်ဆံတာ ငါ့မှာ လိပ်ပြာသန့်တယ် ဒါပေမယ့် မင်း ငါ့ကို အရမ်းမုန်းတယ်... ဘာလို့လဲ!"


ဟုန်ကျွင့်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားတဲ့ လီကျင်လုံးရဲ့လက်က လှုပ်ရမ်းလို့ မဆုံးနိုင်တာကြောင့် လွှတ်ချလိုက်သည်။ 


"မင်းငါ့အသက်ကို လိုချင်နေတာလား မင်းက နတ်ဆိုးဆိုတော့ ငါကလူသားမို့လား... မင်းရဲ့လူတွေကို ငါသတ်ခဲ့လို့လား"


ဟုန်ကျွင့်: "မဟုတ်ဘူး... မဟုတ်ဘူး..." 


"လာ!" လီကျင်လုံ စိတ်လွတ်သွားသလို ဟုန်ကျွင့်လက်ကို ဆုပ်ကိုင်လိုက်၏။ 


"လုပ်လိုက်! ဓားနဲ့ထိုး!... မင်းရဲ့ နှလုံးမီးအိမ်ကို ပြန်ပေးလိုက်မယ်... ယူသွား!"


ဟုန်ကျွင့် လီကျင်လုံကို တအံ့တသြ စိုက်ကြည့်လိုက်မိသည်။ လီကျင်လုံရဲ့ မျက်လုံးများက နီရဲနေပြီး သူ့မျက်နှာက အေးစက်နေသည်။ ဘယ်ဘက်လက်က အဝတ်စကို အလိုအလျောက် ဆုတ်ဖြဲလိုက်ပြီး အတွင်းဘက် အဝတ်အစားကိုပါ ဖွင့်ပစ်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်ကို ကိုင်ကာ ဓားပျံကို ရင်ဘတ်ထဲ ဖိသွင်းလိုက်သည်။


ကောင်းကင်နှင့်မြေကြီး၊ တောကန္တာရ၊ နှင်းလွင်ပြင်များ၊ ကြယ်များနှင့် မြစ်များသည် ထာဝရ ညင်သာသော ဒီရေကဲ့သို့ ငြိမ်သက်သွားကာ လူနှစ်ယောက်၏ အသက်ရှူသံမှလွဲ၍ အားလုံး တိတ်ဆိတ်သွားသည်။


ဟုန်ကျွင့်​သည် လီကျင်လုံရဲ့ ဘယ်ဘက်ရင်အုံပေါ်တွင် ဖြန့်ကျက်ထားသည့် အမွေးအတောင်များပါရှိသော ကျက်သရေရှိ ဒေါင်းပုံကို မြင်လိုက်ရသည်။ လီကျင်လုံ သည်းမခံနိုင်တော့ဘဲ ဟုန်ကျွင့်မျက်နှာပေါ် မျက်ရည်တစ်စက် စီးကျသွားစေခဲ့သည်။ 


ထိုအချိန်တွင် ဟုန်ကျွင့်ရဲ့ အတွင်းစိတ်က ဝမ်းနည်းမှုကို မထိန်းနိုင်တော့ဘဲ ဓားပျံကို လွှတ်ချလိုက်သည်။ ဓားပျံက အသံတိုးတိုးလေးဖြင့် နှင်းထဲသို့ ကျသွားသည်။


လီကျင်လုံလည်း ဟုန်ကျွင့်ကို လွှတ်​ပေးလိုက်သည်။ ထိုစဥ် ဟုန်ကျွင့် သူ့ကို ပွေ့ဖက်လပြီး ခေါင်း​လေးကို သူ့ပခုံးမှာ မြှုပ်လျက် ငိုချလိုက်ပါတော့၏။ 




ဘာသာပြန် - ကျမလည်ချောင်းမှာ အလုံးကြီး တစ်နေတယ်။