(68) မြွေနဂါး
Viewers 5k

Chapter (68)

မြွေနဂါး 



ယခုအချိန်တွင် အတွင်းနတ်ဆိုးသည် ကိုးထပ်အဆောက်အအုံ အမြင့်တွင် ပိတ်မိနေပြီ။ တစ်ကိုယ်လုံး မီးရှူးမီးပန်းများ ကြွေကျနေသလို အနက်ရောင် စွမ်းအင်များက သမင်ဖြူ၏ ဆန္ဒခြောက်ပါး စိတ်ခံစားမှုနှင့် ဝေးကွာသွားသည့် အိပ်မက်ဆိုးကြီးကို မြောက်မြားစွာသော သရဲတစ္ဆေများ အဖြစ်သို့ ပြောင်းလဲပစ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးသည် တခဏအတွင်း မည်းမှောင်ကျသွားသည်။ 


လုရွှီ: "သူ အိပ်မက်ဆိုးတွေ အားလုံးကို လွှတ်လိုက်ပြီ!"


အားထိုက်: "မင်းက သမင်ဖြူပဲလေ... မင်း မထိန်းနိုင်ဘူးလား"


လုရွှီ သူ့သွားများကို အံကြိတ်ကာ ကောင်းကင်တွင် ပြေးလွှားနေသော သမင်ဖြူတစ်ကောင်အဖြစ် အသွင်ပြောင်းလဲ သွားသော်လည်း အဖြူရောင် အလင်းရောင်များကို ထုတ်လွှတ်မည့် သမင်ချိုများက ကျိုးသွားပြီမလို့ ကောင်းကင်တစ်ခုလုံးက အိပ်မက်ဆိုးများကို စုပ်ယူရန် အဖြူရောင် အလင်းကို မထုတ်နိုင်တော့ပေ။ မြေပြင်ပေါ်တွင် သရဲတစ္ဆေဝိညာဥ် ထောင်ပေါင်းများစွာ ရှိကာ တစ္ဆေဘုရင်နဲ့ သူ့အစောင့်များကို အဆက်မပြတ် နှောက်ယှက်နေသည်။


တစ္ဆေဘုရင်က ဒေါသတကြီး ဟောက်လိုက်သည်။ 


"စွမ်းအင်!"


အစောင့်များ အားလုံးသည်လည်း ၎င်းတို့၏ လက်နက်များကို ဆွဲထုတ်ပြီး တုန်လှုပ်ခြောက်ခြားစရာ ကောင်းသော အတွင်းနတ်ဆိုးရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ရန် စိတ်စွမ်းအားကို လက်နက်များထဲသို့ ထိုးသွင်းကာ ရှေ့သို့ ပြေးထွက်သွားကြသည်။ လက်နက်များသည် ခရမ်းရောင်စွမ်းအင်များဖြင့် တောက်ပလာကာ ဖောက်ထွင်းခံရသော အိပ်မက်ဆိုးများ ပျောက်ကွယ်သွားခဲ့သည်။ 


မီးခိုးရောင် ဝံပုလွေနှင့် သမင်ဖြူတို့က လေထဲတွင် တိုက်နေကြသည်။ အားထိုက်က လေယပ်တောင်ကို ဝေ့ယမ်းနေကာ အားရှစ်နရှုံကလည်း ဓားပျံသုံးကာ တိုက်ခိုက်နေသည်။ အားထိုက် မီးနတ်ဘုရား အသွင်အပြင်ကို ဖန်တီးနေစဥ် အားရှစ်နရှုံကလည်း သူ့နောက်ကွယ်တွင် စစ်နတ်ဘုရား အသွင်ကို ဖော်ဆောင်၍ ကောင်းကင်ယံတွင် ပျံ့နှံ့နေသော အိပ်မက်ဆိုးကို ဖယ်ရှားပစ်သည်။ 


ဟုန်ကျွင့် မော့ကောင်းဂူထဲမှ ခုန်ဆင်းလာသော်လည်း မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားခဲ့သည်။ အဲဒီလို လုပ်လိုက်တာက ကောင်းကင်ဆွင် ပြည့်နေသည့် အိပ်မက်ဆိုးကြီးအား သူ့အပေါ် လုံး၀ မထိရောက်​စေဘဲ နတ်ဆိုးများ၏ ထိုးဖောက်ဝင်ရောက်မှုကို လုံးဝ တွန်းလှန်နိုင်သည်။ 


သမန်းဝံပုလွေ: "မင်း ရှောင်နေ! ဟုန်ကျွင့်!"


ဟုန်ကျွင့် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။ အလွန်ဒေါသ ထွက်ခဲ့သော်လည်း ခွန်အားမရှိသောကြောင့် နောက်ပြန်ဆုတ်ကာ မော့ကောင်းဂူထဲသို့သာ ပြန်သွားခဲ့ရသည်။


ထိုစဥ် လီကျင်လုံသည် မော့ကောင်းဂူ ထိပ်ပေါ်တွင် မြှားရှည်များ ဆွဲထုတ်နေ၏။ အဖြူရောင် အလင်းငွေ့များ ပြည့်လျှံနေသော မြှားဖြူများဖြင့် အတွင်းစိတ်နတ်ဆိုးကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ အတွင်းနတ်ဆိုး၏ ခန္ဓာကိုယ်ထဲရှိ အိပ်မက်ဆိုးများသည် အဆုံးမရှိ လှိုင်းလုံးများနှယ် တစ်ခုပြီးတစ်ခု ထွက်လာနေဆဲ။ 


ဝံပုလွေကြီး: “ခေါင်းဆောင်.... လုပ်တော့!"


လီကျင်လုံ၏ မြှားသည် ညာဘက်လက်မှ လွတ်ထွက်သွားသည်။ မြှားက ညကောင်းကင်ကို ဖြတ်သွားကာ အတွင်းနတ်ဆိုးဆီသို့ ပြေးဝင်သွား၏။ အတွင်းနတ်ဆိုးဟာ သူ့စွမ်းအားကို မျိုသိပ်ထားခဲ့သလို နောက်ထပ် အိပ်မက်ဆိုးများစွာကို ထုတ်လွှတ်ပစ်ခဲ့သည်။


ငါးကြင်းနတ်ဆိုး: "ဟုန်ကျွင့်! ဒီကိုမြန်မြန်လာ!"


ဟုန်ကျွင့် : "..."


ဟုန်ကျွင့်သည် သူ့ကိုယ်သူတောင် လုံးဝ မထောက်ပံ့နိုင်သောကြောင့် တတိယထပ်တွင် မတ်တပ်ရပ်ကာ သူ့သူငယ်ချင်းများ အတွင်းစိတ် ဝိညာဉ်ဆိုးများကို တွန်းလှန်ရန် ရုန်းကန်နေရတာကိုသာ သူ့စိတ်ထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေသည်။ ဝံပုလွေနှင့် သမင်ဖြူတို့သည် လေထဲတွင် ပျံနေကြပြီး ဝံပုလွေက သမင်ဖြူဘက်ကို ဟောက်လိုက်သည်။ 


"ပြန်သွားတော့!"


သမင်ဖြူက ငြင်းခုံမနေတော့ဘဲ လေထဲ၌ ပျံသန်းကာ ဟုန်ကျွင့် အနားရောက်လာပြီး လုရွှီအဖြစ် ပြောင်းသွားသည်။


ဟုန်ကျွင့်မှာလည်း ပြင်းပြင်းထန်ထန် ရုန်းကန်နေရဆဲ။ မျက်လုံးများကို တင်းတင်းမှိတ်ထားရင်း လျို​ဖေး၏ အတိတ်ကို ဝမ်းနည်းပူဆွေးစွာ ခံစားနေတုန်း ဖြစ်သည်။ ညသန်းခေါင် အိပ်မက်ထဲမှ ပြန်နိုးထလာသောအခါ တရုတ်ပြည်ရှိ သူစိမ်းများ၏ ကြောက်ရွံ့မှုက သူ့ဝိညာဉ်ကို လွှမ်းခြုံကာ အမှောင်ကမ္ဘာထဲသို့ ဆွဲငင်သွားခဲ့သည်။ 


 "ကမ္ဘာပေါ်က လူတွေအားလုံး ဒီလိုဝေဒနာတွေကို အမြဲခံစားနေရမှာလား" 


ဟုန်ကျွင့် တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။ လုရွှီက ဟုန်ကျွင့်နောက်ကျောပေါ် လက်တစ်ဖက်တင်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝိညာဥ်စွမ်းအင်များ ထိုးသွင်း​ပေးကာ အိပ်မက်ဆိုးများထဲမှ လွတ်မြောက်အောင် ကူညီပေး​နေခဲ့သည်။


လုရွှီ: "ငါ့ကို အတွင်းနတ်ဆိုးက စုပ်ယူလိုက်တိုင်း ငါလည်း တကယ် နာကျင်မှုကို ခံစားရတယ် လုံးလုံး သေရ​တော့မယ်လို့ ထင်ခဲ့တာ... အဲ့အချိန်မှာ မင်းပြန်လာတယ်လေ... မင်းက ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လိမ့်မယ်... ငါ့ကို ဒီနေ့အထိ ထောက်ပံ့ပေးတာ..”


'ဒါပေမယ့် ငါ့မျှော်လင့်ချက်က ဘယ်မှာလဲ'


ဟုန်ကျွင့် တွေးရင်း ညကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ 


အိပ်မက်ဆိုးများသည် မော့ကောင်းဂူရှေ့တွင် တဟုန်းဟုန်း တောက်နေသည်။ လီကျင်လုံသည် ဓားဆွဲထုတ်ကာ အိပ်မက်ဆိုးများ ပြည့်နှက်နေသော စစ်မြေပြင်သို့ အပြေးအလွှား ဝင်သွားကာ နှလုံးမီးအိမ်၏ အစွမ်းဖြင့် တိုက်ခိုက်နေလေသည်။


"ဟုန်ကျွင့် ဒီမှာမရှိဘူးမလား?" 


လီကျင်လုံ အော်လိုက်သည်။ 


တစ္ဆေဘုရင်: "သူအပြင်မှာ! အရမ်းများလာပြီ... အားလုံးကို သတ်လို့ မရဘူး မင်း အတွင်းစိတ်နတ်ဆိုးကို ဖယ်ရှားပစ်ရမယ် !"


လီကျင်လုံ: "ကျွန်​တော့်မှာ အဲဒီခွန်အားတွေ သိပ်မရှိတော့ဘူး!"


သူသည် နှလုံးမီးအိမ် စွမ်းအင်ကို အကြိမ်များစွာ လွှတ်ထုတ်ခဲ့တာကြောင့် ယခုအခါတွင် သူ့နှလုံးက တုန်နေချေပြီ။ 


"မရတော့ဘူး!"


"နတ်ဆိုး" အစစ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်တာ လူတိုင်းမှာ အတွေ့အကြုံမရှိသလို ခုခံနိုင်စွမ်းလည်း မရှိကြချေ။ နတ်ဆိုးက သာမာန်မီး၊ လေ၊ မိုးကြိုးနဲ့ တခြားသော စွမ်းအင်တွေနဲ့သာ ခုခံကာကွယ်နိုင်၏။ 


သို့သော်လည်း ထိုအတွင်းနတ်ဆိုးသည် စွမ်းအင်များစွာကို သုံးစွဲပြီး အိပ်မက်ဆိုးများ အားလုံးကို ထုတ်လွှတ်ပစ်ခဲ့သည်။ ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ၎င်းသည် မြေပြင်ပေါ်ရှိ အိပ်မက်ဆိုးများကို ဖြန့်ကျက်ပြီးနောက် နောက်တစ်ကြိမ် လွတ်မြောက်သွားနိုင်သည်။ 


ဟုန်ကျွင့်: "သူတို့အားလုံးကို စုပ်ယူလိုက်မှ အတွင်းနတ်ဆိုးကိုလည်း ဖြေရှင်းနိုင်မှာ"


"မဟုတ်ဘူး! အဲဒီလိုမလုပ်နဲ့!"


ငါးကြင်းနတ်ဆိုးက ရုတ်တရက် ထအော်လေ၏။ 


"ဟုန်ကျွင့် ကြည့်စမ်း! နဂါးရှိသေးတယ်... နဂါးကြီးတစ်​ကောင် လာနေတယ်ကွ!"


တောက်ပနေသော ညကောင်းကင်ယံတွင် တောက်ပသော ငွေရောင်နဂါးကြီး တစ်ကောင်သည် ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းလာ၏။ လူတိုင်း တစ်ချိန်တည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။


ဟုန်ကျွင့်: "အဲဒါက နဂါးအစစ် မဟုတ်ဘူး ...မြွေနဂါး... ဘယ်သူလဲ?!"


"ဟေး ဟိုင်းမြန်ဟော်ပီ!" ချိုးယုံစစ် အသံသည် ​မြွေနဂါးခေါင်း​ပေါ်မှ ထွက်ပေါ်လာပြီး အရပ်ရှည်ရှည်၊ စာပေ ပညာရှင်တစ်ယောက် ကောင်းကင်မှ ခုန်ဆင်းလာသည်။ 


"ချစ်လှသော တိုက်ခိုက်ဖော်တို့...မင်းတို့ဒီမှာ ဘာလုပ်နေတာလဲဟင်"


"ချိုးယုံစစ်!"


"ယုံစစ်!"


အင်အားအသစ် ရောက်လာတာကို မြင်သောအခါ လူတိုင်းက တစ်ပြိုင်တည်း အော်လိုက်သည်။ 


"ကူညီဦး!"


ချိုးယုံစစ်လည်း စုတ်တံ ကိုင်လိုက်ပြီး ဘယ်ညာကြည့်နေသည်။ မြွေနဂါးက သူ့ကိုယ်သူ လှဲချလိုက်ပြီး ချိုးယုံစစ်ကို ချပေးကာ ကောင်းကင်ပေါ် ပြန်ထွက်သွားသည်။ ချိုးယုံစစ်မှာ တစ္ဆေဘုရင်ကိုတွေ့တော့ အရမ်းထိတ်လန့်သွားပြီး အော်လိုက်၏။ 


"မိစ္ဆာကြီး!"


လီကျင်လုံ: "သူ့ကို မဟုတ်ဘူး!... ဒီအရိပ်တွေ... ဒီအရိပ်တွေကိုကွ!" 


ချိုးယုံစစ်က နောက်ပြန်ဆုတ်လိုက်ပြီး "ဘာလို့ အများကြီးလဲ... ဒါက ဘာ​တွေလဲ?!"


အားရှစ်နရှုံ : "ဒါက မင်းရဲ့ နတ်ဆိုးဌာနက လူပဲလား"


အားထိုက် : "..."


ငါးကြင်းနတ်ဆိုးသည် မော့ကောင်းဂူ အမြင့်ထိပ်မှ ချိုးယုံစစ်ကို လှမ်းအော်လေ၏။ 


"ချိုးယုံစစ် စိတ်အေးအေးထားစမ်း! ငါက မင်းရဲ့လောင်တ!"


ချိုးယုံစစ် အမြင့်ကို မျှော်ကြည့်ပြီးနောက် ချက်ချင်းပင် စစ်မြေပြင်ထဲက ရဲစွမ်းသတ္တိကို စုဆောင်းကာ သူ့အသက်ကို စွန့်တော့မည့်နှယ် ခြေလှမ်းအနည်းငယ် နောက်ပြန်ပြေးသွားသည်။ ထို့နောက် အင်္ကျီလက်များကို လှန်ကာ လေပေါ်တစ်ချက် ခုန်တက်လိုက်ပြီး စုတ်တံကို ဝှေ့ယမ်းလိုက်သည်။ 


"ငါ့အတွက် အချိန်ဆွဲပေးထား!"


ချိုးယုံစစ်၏ စုတ်တံသည် နဂါးနှင့် မြွေပန်းချီကားကို တစ်ခဏအတွင်း ဆွဲခြစ်သွားပြီး မော့ကောင်းဂူထဲက ထောင်ပေါင်းများစွာသော နတ်ဘုရား ရုပ်တုများအားလုံးကို ထွန်းလင်းတောက်ပလာ​စေခဲ့သည်။


ရုပ်တုတွေအပြင် ပန်းချီကားတွေကပါ တစ်ချပ်ပြီး တစ်ချပ် လွင့်ထွက်သွားသည်။ ရွှေရောင် ပန်းချီကားထဲက အရာတွေ ဂူထဲကနေ ထွက်လာတာနဲ့ တပြိုင်နက် မြေကြီးပေါ်ရှိ အိပ်မက်ဆိုးများသည် ဒီရေစီးကြောင်းလို အနက်ရောင်စွမ်းအင်များကို ထုတ်လွှတ်ကာ တိုက်မိသွားသည်။


လီကျင်လုံက ဒါကိုမြင်ပြီး လှမ်းအော်လိုက်၏။ 


"အတွင်းနတ်ဆိုးကို သိမ်း!"


အားထိုက်နဲ့ အားရှစ်နရှုံတို့လည်း သူတို့ပုံဖော်ထားသော နတ်ဘုရားများနှင့်အတူ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ အစောင့်များက လှံရှည်များ ကိုင်ဆောင်ကာ လီကျင်လုံကလည်း ခန္ဓာကိုယ်ထဲက နှလုံးမီးအိမ်ရဲ့ နောက်ဆုံးလက်ကျန်ကို ဓားထဲ ထည့်သွင်းကာ အတွင်းနတ်ဆိုးဆီသို့ ပြေးဝင်ခဲ့ကြသည်။ 


အတွင်းနတ်ဆိုး တုန်လှုပ်သွားရုံသာမက လူတိုင်း မျက်လုံးများကလည်း ခပ်ကျယ်ကျယ် ဖွင့်ကာ အံ့သြသွား၏။ အတွင်းနတ်ဆိုးက အရူးအမူး ဟောက်နေသည့် စစ်မြေပြင်ကို ကြည့်လိုက်သည်။


"မင်း...မင်းငါ့ကိုသတ်ရင်တောင် ဒါတွေကို မရပ်နိုင်ဘူး..."


အတွင်းနတ်ဆိုး၏ နက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော အသံနဲ့အတူ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်ကာ ပြန့်ကျဲသွားသည်။ လီကျင်လုံဟာ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော လေမုန်တိုင်းထဲတွင် ရပ်နေကာ သူ၏ မှော်စွမ်းအားအားလုံးကို အသုံးပြုကာ နှလုံးမီးအိမ်၏ အလင်းရောင်ကို နတ်ဆိုးစွမ်းအင်များထဲသို့ စိမ့်ဝင်သွားအောင် ဆက်လက် ကြိုးစားနေခဲ့သည်။ 


လူတိုင်းကလည်း ဤအခိုက်အတန့်ကို ထိတ်လန့်စွာ စောင့်ကြည့်​နေကြသည်။ နှလုံးမီးအိမ် အစွမ်းကြောင့် အတွင်းနတ်ဆိုး ပြိုကျပြီး သူ့ပတ်ဝန်းကျင်တွင် အိပ်မက်ဆိုးများလည်း မှိန်ဖျော့လာခဲ့သည်။


အတွင်းနတ်ဆိုး၏ အနက်ရောင် မီးတောက်ကလည်း အားပျော့လာသည်။ ၎င်းက အလုံးတစ်လုံးအသွင်း အားပျော့သွားကာ လီကျင်လုံရဲ့ ဓားက ထိုအလုံးရဲ့ဗဟိုကို ထိမှန်သွားတာ တွေ့လိုက်ရမှသာ လူတိုင်း သက်ပြင်းချနိုင်ကြသည်။


ရုတ်တရက် အနက်ရောင်မီးထဲကနေ ပေါက်ကွဲထွက်လာတဲ့ ဧရာမမြွေကြီးဟာ လီကျင်လုံရဲ့ လက်မောင်းကို ကိုက်ပစ်လိုက်သည်။


လီကျင်လုံ နာကျင်စွာ အော်လိုက်သည်။ သူ့စိတ်ဝိညာဉ်ကိုပါ စူးစူးစိုက်စိုက် ထိုးထွင်းထားတဲ့ မြွေကြီးရဲ့ ချွန်ထက်တဲ့ သွားတွေက သူ့လက်မောင်း တစ်ဝက်လောက်ကို ပြင်းထန်စွာ နာကျင်သွားစေသည်။ နှလုံးမီးအိမ်ရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားပြီး သူ့ညာလက်မောင်းမှာ အနက်ရောင် မီးတောက်​တွေ လောင်ကျွမ်းသွားသည်။ 


"လီကျင်လုံ!"


"ခေါင်းဆောင်!"


လူတိုင်း ရှေ့သို့ ပြေးသွားသော်လည်း ဧရာမမြွေကြီးသည် မြေပြင်ပေါ်သို့ လှိမ့်ကာ လီကျင်လုံရဲ့ ညာလက်မောင်းကို ကိုက်လျက် သူ့ခန္ဓာကိုယ် အလယ်နှင့် ရစ်ပတ်ကာ ကောင်းကင်သို့ တက်သွားခဲ့သည်။


“သနားစရာကောင်းတဲ့ သတ္တဝါလေးတွေပါလား.... ” အသံတစ်သံထွက်လာ၏။ 


"ဒီမှာ မြင့်မြတ်တဲ့ တန်ခိုးရှိတယ် ဒါပေမဲ့ နည်းလမ်းမရှိဘူး..."


တစ္ဆေဘုရင်: "ရှဲ့ယွီ!... သူ့ကို လွှတ်လိုက်!" 


မြွေကြီးသည် ညကောင်းကင်ယံ အထက်တွင် ကျယ်လောင်စွာ မြည်ကာ ၎င်း၏တစ်ကိုယ်လုံးကို အသံပြု၍ စကားပြောနေသည်။ 


"ဒီအတွင်းစိတ်နတ်ဆိုးကို ဖျက်ဆီးပြီးတာတောင် ငါဒီမှာ ပုန်းနေနိုင်တာကို အံ့သြနေတာလား!"


မြွေကြီးသည် လီကျင်လုံလက်ထဲက ဓားကို ကိုက်ယူလိုက်သည်။ လီကျင်လုံ ဓားကို ထိုးသွင်းရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော်လည်း အနက်ရောင်မီးသည် သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းသွားပုံရသည်။ သူ မလှုပ်နိုင်တော့ပေ။ 


တစ္ဆေဘုရင်က ရှေ့သို့ အရှိန်ပြင်းစွာ ပြေးသွားသော်လည်း ပြင်းထန်သော လေပြင်းနဲ့အတူ ဆန်းကြယ်မိန်းမပျိုနဲ့ ပလိပ်ရောဂါနတ်ဘုရားက ပျံသန်းသွားကာ တစ္ဆေဘုရင်ရဲ့ လှုပ်ရှားမှုကို ပိတ်ဆို့ထားလိုက်သည်။


ဆန်းကြယ်မိန်းမပျိုက တင်းမာစွာ ပြောသည်။ 


"တစ္ဆေဘုရင်... ဒီနေ့လို ဖြစ်လာမယ်လို့ မထင်ဖူးဘူးမလား"


ပလိပ်ရောဂါနတ်ဘုရားကလည်း ကဲ့ရဲ့ရှုံ့ချသည်။ 


"လီကျင်လုံ မင်းရဲ့လှည့်ကွက်တွေ အကုန်လုံး ကုန်ဆုံးသွားရင်တောင် အတွင်းနတ်ဆိုး မျိုးစိတ်မှာ ဘုရင်မင်းမြတ်က နတ်ဆိုးဘုရင်ပဲ ဆိုတာကို မင်း မသိခဲ့ဘူးမလား...."


လီကျင်လုံ ဆက်လက် ရုန်းကန်​နေခဲ့သော်လည်း မော့ကောင်းဂူထဲမှ အော်သံကို ကြားလိုက်ရသည်။


ဧရာမမီးနက် မြွေကြီးက ရုတ်တရက် မျက်လုံးပွင့်လာပြီ။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်များသည် လီကျင်လုံ ကိုယ်ခန္ဓာမှ ခွဲထွက်ကာ ပြန်လည် တွန်းထုတ်ခံရလိုက်ရသလို ၎င်း၏အမြီးဆီသို့ ပျံသန်းသွားသည်။ ထို့နောက် ရှဲ့ယွီက သူ့ပါးစပ်ကို ဖွင့်ဟပြီး အကြာကြီး ဆွဲဆွဲငင်ငင် အော်လိုက်သည်။


"ဟုန်ကျွင့်!"


ထိုအချိန်တွင် ဟုန်ကျွင့်က လေထဲတွင် ရပ်တန့်နေပြီး ရှဲ့ယွီ၏ အမြီးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အနက်ရောင်မီးသည် သူ့လက်ဆီသို့ အရူးအမူး လူးလွန့်ကာ ပြေးဝင်နေပြီး တစ်ဖန် ရှဲ့ယွီ၏ နှလုံးသားထဲသို့လည်း အဆက်မပြတ် စိမ့်ဝင်သွားကာ သူ့အပေါ်ရှိ နတ်ဆိုးမီးတောက်များကြောင့် ခန္ဓာကိုယ်သည် ပို၍ပို၍ တင်းမာလာသည်၊


လီကျင်လုံ သူ့လက်ကို ချက်ချင်း ထုတ်လိုက်သည်။ လူများအားလုံး ကောင်းကင်အထက်က ဟုန်ကျွင့်ကို မျှော်ကြည့်​နေကြသည်။ ယခုအချိန်တွင် ရှဲ့ယွီခန္ဓာကိုယ်ရှိ နတ်ဆိုးမီးတောက် အားလုံးဟာ ဟုန်ကျွင့်ဆီ ပြေးလွှားနေ၏။ ရှဲ့ယွီက အနောက်သို့လှည့်ကာ သူ၏ချွန်ထက်သော သွားများကို ဖွင့်ကာ ဟုန်ကျွင့်ခေါင်းကို လှမ်းကိုက်လိုက်သည်။


ဟုန်ကျွင့်သည် ဘယ်လက်ဖြင့် ၎င်း၏အမြီးကို ကိုင်ထားပြီး ညာလက်ကို မြှောက်ကာ သူ့ဆီသို့ ပြေးနေသော မြွေဦးခေါင်းကို ဖိလိုက်သည်။ ဟုန်ကျွင့်ရဲ့ နတ်ဆိုးမီးသည် ရှေ့သို့ ပြေးထွက်သွားကာ တားဆီးလိုက်တာကြောင့် ရှဲ့ယွီလည်း ရုတ်တရက် လေထဲတွင် ဟန်ချက်ပျက်ကာ လှည့်သွားခဲ့သည်။ ထို့နောက် အလင်းတန်းတစ်ခုနဲ့ ပျောက်သွား၏။ 


ဆန်းကြယ်မိန်းမပျိုနဲ့ ပလိပ်ရောဂါနတ်ဘုရားတို့လည်း တစ်ချိန်တည်းမှာပင် တုန်လှုပ်ခြောက်ခြား သွားကုန်သည်။ ဆက်မ​နေရဲတော့ဘဲ ပြေးထွက်သွားစဥ် ဟုန်ကျွင့်က ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်တာ တွေ့လိုက်ရသည်။ ချက်ချင်းပင် လေထဲတွင် အနက်ရောင်မီးလျှံ နှစ်ခု ပေါက်ကွဲသွားပြီး ဆန်းကြယ်မိန်းမပျိိုနဲ့ ပလိပ်ရောဂါနတ်ဘုရားကို ထိသွားသည်။


နတ်ဆိုးနှစ်ကောင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ၎င်းတို့သည် လေထဲတွင် မာနထောင်လွှားတာတွေ မလုပ်နိုင်တော့ဘဲ လုံးလုံး ကြေမွသွားကြသည်။


ကမ္ဘာမြေကြီး တစ်ခုလုံး ရုတ်တရက် အလွန်တိတ်ဆိတ်သွားသည်။ ဟုန်ကျွင့် နတ်ဆိုးမီးကို ငြိမ်းသတ်လိုက်ရာ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားကာ မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။ ခေါင်းငုံ့ပြီး ဘယ်လက်ကို ကြည့်လိုက်တော့ သူ့ဘယ်ဘက်လက်ဖဝါးမှာ အနက်ရောင်လေတစ်ခု ရှိနေ၏။ ၎င်းစွမ်းအင်က သူ့နှလုံးသားဆီ ပျံ့နှံ့သွားပြီး တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ 


လီကျင်လုံ ဓားကို ဆွဲသိမ်းပြီး ဟုန်ကျွင့်ဆီသို့ လျှောက်သွားကာ ကတိမတည်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်လိုပုံရသည်။ ဒါမှမဟုတ် သူ့​ကိုယ်ပိုင် အရည်အချင်းမရှိမှုကို ဝန်ခံချင်နေသလိုပင်။ 


သူတို့သည် ကိုးထပ်ကြီးရှေ့တွင် ရပ်ကာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်နေကြသော်လည်း ဟုန်ကျွင့် သူ့အကြည့်ကို ရှောင်ကာ လှည့်သွားခဲ့သည်။


နေထွက်လာချေပြီ။ 


တစ်ညတာ တိုက်ပွဲအပြီးတွင် ချိုးယုံစစ်၊ အားထိုက်၊ လီကျင်လုံ၊ မော့ရစ်ကန်းနဲ့ တစ္ဆေဘုရင်တို့ အတူတကွ စုရုံး​နေခဲ့ကြသည်။


"...ကိစ္စတွေ အများကြီး ဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘူး" ချိုးယုံစစ်က သက်ပြင်းရှည် ချလိုက်ပြီး။ 


"ခေါင်းဆောင်ဆီက စာရပြီးတာနဲ့ ငါလည်း ချက်ချင်း ချိုးမိသားစုနဲ့ သဘောတူညီထားတဲ့ မြွေနဂါးတစ်ကောင်ကို စီးပြီး နေ့ရောညပါ ပြေးလာခဲ့တာပဲ... လန်ကျိုးမှာ စစ်သူကြီး ကဲရှူးဟန့်က ငါ့ကို ယွိမန်ခရိုင်သွားဖို့ လမ်းညွှန်လိုက်တာ"


လီကျင်လုံက ခဏလောက် စဉ်းစားပြီး မေးလိုက်သည်။ 


"မင်း အဲ့မြွေနဂါးကို မောင်းနိုင်​သေးလား" 


ချိုးယုံစစ်: "ဒါက နောက်ဆုံးအကြိမ်ပဲ"


မော့ရစ်ကန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူက စားပွဲခုံပေါ်ကို ထောက်ကာ ခန်းမအတွင်းရှိ နံရံဆေးရေးပန်းချီများကို မျှော်ကြည့်ကာ ဆို၏။ 


"သမင်ဖြူကို ရှာတွေ့ပြီ... ဒါပေမယ့် သူရဲ့ ဝိညာဉ်စွမ်းအားတွေ အကုန်ဆုံးရှုံးသွားပြီ" 


လီကျင်လုံ: "ဦးချိုဖြတ်တဲ့ နည်းလမ်းက ငါ့အကြံပဲ... ငါ့အမှားပါ"


မော့ရစ်ကန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 


"ကိစ္စမရှိပါဘူး... ငါတို့ သူ့ကို ကယ်တင်ရင် ဘာမဆို ဆက်ပြောလို့ရတယ်... အခုပြဿနာက ဟုန်ကျွင့်ပဲ..."


အားထိုက်: "နတ်ဆိုးမျိုးစေ့က သူ့ခန္ဓာကိုယ်မှာ တကယ် ရှိနေမယ်လို့ မမျှော်လင့်ထားဘူး... နောက်ဆုံးပေါ်လာတဲ့ ဟာက ဘာလဲ"


လီကျင်လုံ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။ 


"တစ္ဆေဘုရင် ပြောဖူးတယ်... ရှဲ့ယွီက ကောင်းကင် နတ်ဆိုးကို ရှင်ပြန်ထမြောက်စေချင်တာ... ဒါပေမဲ့ သူ နတ်ဆိုးမျိုးစေ့ကို ရှာမတွေ့ခဲ့ဘူး... သူ့စိတ်ဝိဥာဉ်ထဲက ဆိုးရွားတဲ့ စွမ်းအင်တွေကို စုပ်ယူဖို့ မျိုးစေ့တစ်ခုအနေနဲ့ သမင်ဖြူကို အသုံးချခဲ့တာဖြစ်မယ်... သမင်ဖြူရဲ့ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့တဲ့ အိပ်မက်ဆိုးတစ်ခုထဲက အတွင်းနတ်ဆိုး တစ်ကောင်ရှိနေတာကို သူအသုံးချလိုက်တာ..."


"ဒါက မကောင်းဘူးလား?" အားထိုက်က သူ့လက်ကို ဖြန့်ပြီး ပြောသည်။ 


"အတွင်းစိတ်နတ်ဆိုးတွေကို ရှင်းပြီးပြီ ရှဲ့ယွီရဲ့ စွမ်းအားတွေလည်း အားနည်းလာပြီ... ဟုန်ကျွင့်ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ထပ်ပြီး မနှောက်ယှက်သေးသရွေ့ သူ လုံခြုံနေနိုင်ပါသေးတယ်"


လီကျင်လုံက သူ့မျက်ခုံးတွေကို လက်ညိုးနဲ့ပွတ်ပြီး ပြန်ပြော၏။ 


"ဒါပေမယ့် ရှဲ့ယွီက အသက်ရှင်နေသေးတယ်... ဒီအခွင့်အရေးကို လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး" 


ဟုန်ကျွင့်သည် သူ့ဖခင်၏ နတ်ဆိုးမျိုးစေ့ကို အမွေဆက်ခံခဲ့ပြီမလို့ နောက်ထပ် နတ်ဆိုးဖြစ်လာတော့မည် ဖြစ်သည်။ ဒါပေမဲ့ မတော်တဆ သူ့ကို ယောင်ကျင်း နန်းတော်ဆီ ခေါ်ဆောင်သွားပြီး ချုံမင်ရဲ့ အကာအကွယ်အောက်မှာ ရှိနေခဲ့သည်။ ရှဲ့ယွီကလည်း ထိုနတ်ဆိုးမျိုးစေ့ကို ရှာမတွေ့သဖြင့် အတုယူသုံးခဲ့သည်။ 


"မထူးဆန်းပါဘူးလေ..."


"ဘာတွေ အံ့သြနေတာလဲ?" ချိုးယုံစစ် မေးသည်။


လီကျင်လုံနဲ့ မော့ရစ်ကန်းတို့ တစ်ယောက်နဲ့တစ်ယောက်သာ ကြည့်လိုက်ကြသည်။ အချင်းချင်းရဲ့ ရည်ရွယ်ချက်တွေကို သိနေတာကြောင့် တိတ်ဆိတ်နေ၏။ ဟုန်ကျွင့် ငယ်ငယ်တုန်းက သူ့ကိုရှာနေတဲ့ မိစ္ဆာတွေ ရှိနေသလို ခုန်ရွှမ်းနဲ့ ကျာယွိကျစ်ကလည်း ဟုန်ကျွင့်ကို ကာကွယ်ဖို့ သေဆုံးသွားခဲ့ကြသည်။ 


"ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင် ရှိတယ်လို့ ဟုန်ကျွင့် ပြောခဲ့တာ မထူးဆန်းပါဘူး"


ချိုးယုံစစ်: "ဟုန်ကျွင့် ဘယ်မှာလဲ" 


"လုရွှီနဲ့ အတူရှိနေတယ်..." လီကျင်လုံ သက်ပြင်းချပြီး။ 


"သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို ဖယ်ထုတ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်" 


မော့ရစ်ကန်း: "ဒါက သူ့အဖေတောင် မလုပ်နိုင်ဘူး.. မင်း လုပ်နိုင်မယ် ထင်လား။"


လီကျင်လုံ တိတ်ဆိတ်သွားသည်။


ချိုးယုံစစ်: "ဘာပဲဖြစ်​ဖြစ်​.... လူတိုင်း​ ပြန်​​ဆုံနေကြပြီပဲ... ဟုန်ကျွင့်ရဲ့ကိစ္စကို ငါတို့ ဂရုစိုက်နေသ​ရွေ့ ထိန်းချုပ်​နိုင်​လိမ့်​မယ်​... ဟုတ်တယ်မလား ခေါင်းဆောင် "


လီကျင်လုံ: "ကောင်းကောင်း မထိန်းနိုင်တော့မှာကို ငါကြောက်တယ်" 


"မင်း သေချာပေါက် လုပ်နိုင်တယ်!"


မော့ရစ်ကန်း: "ဒါက သေချာပေါက် အလုပ်ဖြစ်မှာပါ... ခေါင်းဆောင် မင်းအပေါ်မှာ မူတည်သွားပြီ!"


ချိုးယုံစစ်: "ခေါင်းဆောင်... ဒါကို မင်းပဲ လုပ်နိုင်မှာ...."


တခြားခန်းမတစ်ခုတွင် ဟုန်ကျွင့်သည် တောက်ပသော နံနက်ခင်းနေရောင်ကို လှမ်းကြည့်ရင်း လက်ရန်းရှေ့တွင် ထိုင်နေသည်။ လက်ရန်းသည် ထောင်တစ်ခုလို ဖြစ်နေတာကြောင့် လက်ရန်းမှတဆင့် အပြင်ဘက်က ကွဲအက်နေသော ရှုခင်းများကို မြင်တွေ့နိုင်သည်။


ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး စကားစလိုက်သည်။ 


"လုရွှီ... မင်းဘာတွေ တွေးနေတာလဲ မင်းတကယ် သေချင်နေတာလား"


လုရွှီ မှော်အဝိုင်းကို ဖွင့်လိုက်တဲ့အတွက် နောက်ဆုံး အခိုက်အတန့်ကို ဟုန်ကျွင့် မမေ့နိုင်သေးချေ။ 


လုရွှီ: "ငါ့ခန္ဓာကိုယ်ထဲမှာ အတွင်းနတ်ဆိုးကို ပိတ်ထားလိုက်ရင် သတ်ရတာ ပိုလွယ်သွားလိမ့်မယ်" 


 "ဒါပေမယ့် မင်းလည်း သေသွားလိမ့်မယ်" 


"ဘယ်သူက မသေလို့လဲ... သေပြီးရင် လူပြန်ဖြစ်မှာပဲကို"


"မင်းအတိတ်ကို ဘယ်တော့မှ မမှတ်မိတော့သလို နောက်ထပ် လုရွှီတစ်ယောက် ဖြစ်လာဦးမှာလား..."


နှစ်ယောက်သား ဘေးချင်းယှဉ်ထိုင်ကာ ထိုင်နေကြသည်။ ဟုန်ကျွင့်က လက်နှစ်ဖက်ကို ဆန့်ကာ လုရွှီပုခုံးပေါ်တင်လျက် အသာ ပွေ့ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။ 


"မင်းနောက် ဒီလိုလုပ်လို့ မရဘူး"


"အင်း" 


လုရွှီ ဟုန်ကျွင့်ရဲ့ပေါင်ပေါ်မှာ ခေါင်းလေးအုံးကာ လှဲနေလိုက်သည်။ 


"မင်းငါ့ကို အိပ်မက်မက်တွေ ဖန်တီးပေးနိုင်သေးလား... ငါ့မိဘတွေကို တွေ့ချင်တယ်"


"အလုပ် မဖြစ်တော့ဘူး" 


လုရွှီ ညည်းညူရင်း ဟုန်ကျွင့်ရဲ့ မျက်နှာကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်ကာ နဖူးကို ဖိလိုက်သည်။ 


"ငါ့ဦးချိုတွေ ​ပြန်မပေါက်သေးဘူး" 


"ဘယ်လောက်ကြာမှာလဲ" 


လုရွှီ ခေါင်းအသာ ခါလိုက်သည်။


"အဲဒီအိပ်မက်က အမှန်လား?"


လုရွှီ ပြန်မဖြေတာကြောင့် ဟုန်ကျွင့်နှလုံးသားကလည်း တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ 


လုရွှီ: "အတွင်းနတ်ဆိုး ငါ့ကို ချုပ်ကိုင်ပြီး မင်းကို အိပ်မက်ထဲ ပြုတ်ကျစေတဲ့အခါတုန်းက မင်းရဲ့အတိတ်ကို ငါမြင်ခဲ့တယ်" 


"အင်း" 


"ဒါပေမဲ့ မင်းရဲ့အတိတ်တွေက အများကြီး မပြသေးပါဘူး မင်းရဲ့ မှတ်ဉာဏ်တွေကို တံဆိပ်ခတ်ထားတာလေ... အပိုင်းအစတွေ အများကြီး ပျောက်ဆုံးနေတယ် အထူးသဖြင့် မင်းနဲ့... အဲဒီလူ လီကျင်လုံဆုံပြီး လမ်းခွဲလိုက်တဲ့နောက်ပိုင်းပဲ... မင်းကိုဘယ်သူ တံဆိပ်ခတ်ထားလဲ မင်းသိလား"


ဟုန်ကျွင့် မျက်မှောင်ကြုတ်ကာ တွေးတောမိသည်။ ရုတ်တရက် သတိရမိတာက သူသည် ထွက်ခွာသွားသော ဝတ်မှုန်တစ်ခုခုကို ရှူရှိုက်မိခဲ့သည်။ အဲဒီတုန်းက ချင်းရှူံ သူ့ထံလာပြီး တစ်ခုခုပြောပြီး ရီဝေဝေ မှတ်မိသော်လည်း ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေ။


"ချင်းရှုံ?" 


"မင်းရဲ့မှတ်ဉာဏ်ကို တံဆိပ်ခတ်ထားတဲ့သူက လီကျင်လုံရဲ့ မှတ်ဉာဏ်ကို တံဆိပ်ခတ်ထားတဲ့လူပဲ ဖြစ်နိုင်တယ်...."


ဟုန်ကျွင့် ဒါကိုကြားတော့ လုရွှီကို ပြန်ကြည့်ရင်း ရှိုက်ကြီးတငင် ပြုံး​ပြလိုက်သည်။ 


"ငါ အရမ်းအိပ်ချင်နေပြီ..." 


ဟုန်ကျွင့် တိုးတိုးလေး ပြောလာသည်။


"သွားအိပ်တော့... ပြန်နိုးလာရင် မင်း အဆင်ပြေသွားမှာပါ"


"ငါ့အဖေအကြောင်း ထပ်ပြောပြပါလား..." 


ဟုန်ကျွင့် ပြန်ပြောနေသော်လည်း လဲလျောင်းနေပြီး​ပြီ။ ဒီတစ်ခါတော့ လုရွှီက ထိုင်ကာ စကားပြောနေသည်။ 


"ပြောမနေနဲ့တော့... အားလုံး ပြီးသွားပြီပဲ" 


ဟုန်ကျွင့် သူ့မျက်လုံးတွေကို မှိတ်လိုက်တာနဲ့ မသိစိတ်က အိပ်ပျော်သွားသည်။ 


သိပ်မကြာခင်မှာပဲ လီကျင်လုံရဲ့ အရပ်ရှည်ရှည် ပုံစံက နန်းတော်တံခါးကို ပိတ်ဆို့လိုက်သည်။ လုရွှီ မော့ကာ လီကျင်လုံကို ကြည့်လိုက်ရင်း မတ်တပ်ထရပ်ပြီး လီကျင်လုံကို ဖြတ်ကာ ထွက်ခွာသွားခဲ့သည်။ လီကျင်လုံကတော့ အိပ်ပျော်နေသော ဟုန်ကျွင့်ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး သူ့ကို ခဏလောက် စိုက်ကြည့်နေမိ၏။ 


မျက်နှာသည် ဟုန်ကျွင့်၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသေးသည်။ သို့သော် သူက ခဏအကြာတွင် အသက်ပြင်းပြင်းရှူကာ ဟုန်​ကျွင့်ဘေးတွင် လှဲချလိုက်လေ၏။