အပိုင်း 227
Viewers 29k

Chapter 227
သူက ဒီမှာ။




“လူခွဲကြ”
ဤအချိန်တွင် အနက်ဝတ်ယောက်ျားက အလောတကြီး အော်ဟစ်လာသည်။

ချက်ချင်းပင် သူကချန်ရုံကိုချီကာ တောင်ကုန်းအောက်သို့ ခုန်ချလိုက်သည်။

ဟူစစ်သည်များက အော်ဟစ်လာကြကာ စိတ်လွတ်လက်လွတ်ရှေ့သို့ တိုးလာကြသည်။ သို့သော်လည်း သူတို့ရှေ့တက်လာသောအခါ မြင်းစီးသူများဆီမှာပစ်ခတ်လာသော မြှားမိုးများကို ရင်ဆိုင်လိုက်ရသည်။

သူတို့က သူတို့ဦးခေါင်းကို အကာအကွယ်ပေးကာ ရှောင်တိမ်းလိုက်ကြသည်။ သူတို့က ထပ်မံချီတက်တော့မည့်အချိန်တွင် နောက်ထပ်မြှားမိုးတစ်ခုက သူတို့ဆီရောက်လာ၏။ သူတို့၏လေးနှင့်မြှားကို မြှင့်လိုက်သည့်အချိန်တွင် မြင်းစီးသူများက လေချွန်သံတစ်ချက်နှင့်အတူ လူခွဲသွားကြပြီဖြစ်သည်။ သူတို့က သစ်တောထဲသို့ လျင်မြန်စွာဒုန်းဆိုင်းနှင်သွားသည်မှာ ပတ်ဝန်းကျင်အနေအထားအား ကောင်းကောင်းရင်းနှီးနေပုံပင်။ ဟူစစ်သည်များ၏ မြှားများက ‌ဗလာဖြစ်နေသောလေကိုထိမိလိုက်ကြသည်။

ဟူစစ်သည်များက ထွက်ပြေးနေသောသူများကို လျစ်လျူရှုကာ ထိုအစား တောင်ကုန်းဆီသို့ပြေးသွားကြသည်။ သူတို့ရောက်သွားသောအခါ အနက်ဝတ်လူက အဝေးသို့ပြေးနေပြီဖြစ်ကာ သူတို့နှင့် ခြေလှမ်း၅၀၊၆၀လောက် ဝေးနေသည်။

သူတို့က အရှေ့မှမီးခိုးလုံးကြီးကို ကြည့်နေလိုက်သည်။ တခနလောက်တွေဝေနေပြီးနောက် တစ်ယောက်ကပြောလာသည်။
“ခုန်ချကြ သူဝေးဝေး မပြေးနိုင်ပါဘူး”

“ဟုတ်ကဲ့ပါ”

ခြေလှမ်းဆယ်လှမ်းလောက်သွားပြီးနောက်တွင် ဂျင်လူမျိုးတို့သည် နိမ့်ကျသော မြင်းစီးသူများဖြစ်သော်လည်း မြေပြန့်ပေါ်တွင် သူတို့က မိန်းမတစ်ယောက်ကို ချီကာပြေးနေသော လူတစ်ယောက်‌ကို ရှူံးနေသည်ကိုတွေ့လိုက်ရသည်။

သူတို့က အော်ဟစ်မာန်ဖီလာသော်လည်း အနက်ရောင်လူက ပိုပိုပြီးဝေးသွားသည်။

“အဲ့ဒီမိန်းမကိုပစ် သူမကိုသတ်”
အချိန်တစ်ချို့ကြာအောင်လိုက်ပြီးနောက် ဟူစစ်သည်များက အော်ဟစ်လာသည်။

တစ်ချိန်တည်းတွင် တောင်ကုန်းဘက်မှ ခက်ထန်သောအော်သံက မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းလာသည်။
“အသင့်ပြင် ပစ်”

သူက မူရုံခယ်နှင့်အတူလိုက်လာသော ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူအမိန့်ပေးလာသောအခါ စစ်သည်များထဲမှတစ်ယောက်က သူ၏လေးကို လပြည့်ဝန်းလိုပင် ဆွဲတင်လာသည်။

မြှားဦးက အနက်ဝတ်လူသယ်ထားသော အနီရောင်ပုံရိပ်ကို တိုက်ရိုက်ချိန်ရွယ်ထားသည်။

ခေါင်းဆောင်ရန်က သူ၏ပစ်မှတ်ကိုစိုက်ကြည့်နေသည်။ လေးကြိုးက တင်းသထက်တင်းအောင် နောက်သို့ဆွဲဆန့်လာသည်။
“ဝှစ်-”
မြှားက အလင်းရောင်ကဲ့သို့ပင် လျှပ်ခနဲပြေးထွက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းက အနက်ဝတ်လူ၏နောက်ကျောသို့ထိသွားသည်။ သူကသိမ့်ခနဲတုန်သွားကာ ချန်ရုံကို အရှေ့သို့ပစ်ထုတ်လိုက်ပြီး ဘယ်ဘက်သို့ကိုင်းလိုက်သည်။

ဒုတ်ခနဲအသံနှင့်အတူ မြှားဦးက သူ၏အသားကို ဖောက်ထွက်သွားသည်။ ၎င်းက သူ၏ရင်ဘတ်ကိုဖြတ်ရာ ဘယ်ဘက်နံပါးဆီဝင်သွားသည်။

ချန်ရုံလှည့်ကြည့်လိုက်သောအခါ အနက်ဝတ်လူက သွေးအလွန်အကျွံထွက်နေပြီး သူ့ကိုယ်က တုန်ယင်နေသည်ကို မြင်သွားသည်။

သူမ သူ့ဆီပြန်ပြေးလာသည်ကို မြင်သောအခါ သူကပါးစပ်ဖွင့်ကာ သွေးတစ်လုတ်အန်ပြီးနောက် အော်ပြောလိုက်သည်။

“ပြေးတော့”
သူကအရှေ့ဘက်သို့ ညွှန်ပြလိုက်ပြီးနောက် မြေကြီးပေါ်လဲကျသွားသည်။

ချန်ရုံက သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အံကြိတ်ကာ တစ်ဖက်ပြန်လှည့်ပြီး ပြေးသွားလိုက်သည်။

သူမက ခြေလှမ်းသုံးလှမ်းလောက်သာ သွား‌ရသေးချိန်တွင် နောက်ထပ်လေခွင်းသံတစ်ခုက သူမနောက်မှလိုက်လာသည်။ သို့သော်ငြား ၎င်းက အရင်ဟာများထက်စာလျှင် အားလျော့ပေသည်။

ချန်ရုံက သူမနောက်တွင်ဘာဖြစ်နေသည်ကို ဂရုမစိုက်နိုင်ပေ။ သူမက အံကြိတ်ပြီး သူမအစွမ်းရှိသလောက် ပြေးနေလိုက်သည်။

ဗြိခနဲအသံထွက်လာသည်။ မြှားတစ်စင်က သုမဝတ်ရုံကိုဖြတ်ကာ မြေကြီးပေါ်သို့ စိုက်သွားသည်။

တတိယမြှားက သူမနှင့် ခြေငါးလှမ်းအကွာတွင် စိုက်သွားသည်။

ချွေးစက်များက သူမနဖူးပေါ်တွင် သီး‌လာကာ မျက်နှာပေါ်သို့ကျလာသည်။

သို့သော် သူမလုပ်နိုင်သည့် အရာအားလုံးမှာ ဂါဝန်စကိုမပြီး အရူးတစ်ယောက်လို ပြေးနေရန်သာဖြစ်သည်။

ပို၍များပြားလာသော ဟူလူမျိုးများက သူမနောက်မှလိုက်လာကြသည်။ ချန်ရုံက ကောင်းမွန်သောကိုယ်ခန္ဓာရှိပြီး မြေပြန့်ပေါ်တွင်ပြေးနေသောအခါ ဟူစစ်သည်များထက် နှေးမနေပေ။ ဒါဇင်နှင့်ချီသော ဟူစစ်သည်များက သူမနောက်မှလိုက်လာကြကာ သူတို့ကြားတွင် ခြေလှမ်း၈၀မှ ၉၀အထိ ဝေးနေဆဲဖြစ်သည်။

တောင်ကုန်းပေါ်တွင် မူရုံခယ်က သူမ၏ပုံရိပ်ဝေးသထက်ဝေးသွား‌နေသည်ကို ကြည့်နေသည်။ သူကရေရွတ်လိုက်သည်။

“သူမက တကယ်ကို ဝမ်ဟုန်အတွက် အရေးကြီးတာဘဲ”

အနက်ဝတ်လူက အလွန်လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် သူက ဝမ်ဟုန်၏နားမှ အလွန်အရေးကြီးသောသူတစ်ယောက်ဖြစ်နိုင်ပေသည်။ သို့သော်ငြား သူက သူ့သခင်၏အပျော်မယားတောင်မဖြစ်သေးသော မိန်းမတစ်‌ယောက်အတွက် အသက်စွန့်ရန်ဆန္ဒရှိနေ၏။

“အရှင်မင်းသား ပြန်ဆုတ်ကြရအောင်”

ဟူစစ်သည်တစ်ယောက်က သူ့နားကပ်ကာပြောလာသည်ယ

“သူမက ဒီအတိုင်းမိန်းမတစ်ယောက်ပါဘဲ၊ တကယ်လို့ သူမကိုသတ်လိုက်နိုင်ရင်တောင် ဘာမှအကျိုးရှိမှာမဟုတ်ဘူး အရှင်မင်းသား ကျွန်တော်တို့တွေ ဆုတ်ခွာဖို့အချိန်ရသေးပါတယ်”

သူက သူ့အရှေ့မှ ဖုန်လုံးကြီးကိုစိုက်ကြည့်နေလိုက်သည်။

_၎င်းက လူထောင်နှင့်ချီရှိသော စစ်တပ်ကြောင့် ဖြစ်ပေါ်လာနိုင်တာမျိုးပင်။စိုးရိမ်ကြောင့်ကြမှုများက သူ့မျက်လုံးထဲတွင် ပြည့်နှက်လာသည်။

သူသာမက အခြားခေါင်းဆောင်များသည်လည်း စိတ်မအေးနေကြပေ။

မူရုံခယ်က အရှေ့သို့ဆက်ကြည့်နေဆဲပင်။

ခနကြာပြီးနောက် သူကအေးစက်စွာပြောလာသည်။

“ငါတို့ရှေ့ကလူတွေက ရှီရွှမ်ဘက်ကမဖြစ်နိုင်ဘူး ၊ ဝမ်ဟုန်ရဲ့လူတွေဘဲ”

သူ၏တပ်ခွဲခေါင်းဆောင်များက စိတ်ရှုပ်ထွေးနေချိန်တွင် မူရုံခယ်က ဖြေးဖြေးချင်းပြောလာသည်။
“ဝမ်ဟုန်ရဲ့ လူတွေက လူနှစ်ထောင်ထက်ပိုမှာမဟုတ်ဘူး”

“ဒါပေမယ့် ဒီအရှေ့ကဟာတွေကိုကြည့်ရသလောက်ဆိုရင် ဂျင်စစ်သည်သောင်းနဲ့ချီလောက်တယ်လေ ”

“အဲ့ဒါကြောင့်ဘဲ ငါကအခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်ချင်တာ”
မူရုံခယ်က ဖုန်လုံးကြီးကိုကြည့်ပြီး ရက်စက်စွာပြောလာသည်။

“ဝမ်ဟုန်ရဲ့ မျက်နှာကိုမတွေ့ရဘဲ ငါတို့ ဆုတ်လို့မရဘူး၊ အဲ့ဒါက ငါ၊မူရုံခယ် လက်မခံနိုင်တဲ့ အရာမျိုးဘဲ”

ခေါင်းဆောင်များက အချင်းချင်းကြည့်လိုက်ကာ ဘာမှမပြောနိုင်တော့ပေ။

ချန်ရုံက ဆက်ပြေးနေသည်။

သူမခြေထောက်များက ပျော့ခွေလာကာ တစ်ကိုယ်လုံးက လေးလံလာသည်။

မဝေးတော့ဘူး၊ ရောက်ဖို့ သိပ်မဝေးတော့ဘူး

သူမက ထိုနေရာသို့ ရောက်အောင်သွားရမည်ကို သူမသိပေသည်။ သူမအရောက်သွားနိုင်ရမည်။ မဟုတ်ပါက အနက်‌ဝတ်လူ၏သေခြင်းသည် အကျိုးမဲ့သွားလိမ့်မည်။ မဟုတ်ပါက ဝမ်ဟုန်သည် ဒီမြို့တော်နှင့် လူအင်အား အားလုံးကို ဖြုန်းတီးလိုက်သလိုဖြစ်သွားလိမ့်မည်။

ကံကောင်း‌ထောက်မစွာဖြင့် မြေပြင်အနေအထားက ပြန့်ပြူးနေသည်။ သူမ၏ဝတ်စုံက ပြေးလွှားရန် အဆင်မပြေသော်လည်း ဟူစစ်သည်များက ကောင်းမွန်သော မြင်းစစ်သည်များသာဖြစ်ကာ ခြေလျင်စစ်သားများမဟုတ်ပေ။ ချန်ရုံက သူမတတ်နိုင်သလောက် ပြေးနေသရွေ့ သူတို့ကြားရှိ အကွာအဝေးကို ခြေလှမ်း၈၀စာလောက်ထိ ချန်ထားနိုင်ပေသည်။

ဤအကွာအဝေးတွက် စွမ်းရည်ရှိသောလေးသည်တော်တစ်ယောက်ဆိုပါက မြှားတစ်စင်းထဲဖြင့် သူမကို ပစ်ချလိုက်နိုင်ပေသည်။ ကံကောင်းသည်မှာ သူမနောက်ကိုလိုက်နေသော ဟူစစ်သည်များထဲတွင် လေးသည်‌ေတာ်မရှိနေခြင်းပင် ။

နေရောင်က တောက်ပစွာထွန်းလင်းနေသည်။

မြင်းစီးလာသူတစ်စုက လှိုင်းထနေသော ဖုန်လုံးကြီးထဲမှ ထွက်ပေါ်လာကာ စစ်ကြောင်းဆီမှ ခွဲထွက်လာပြီး ချန်ရုံအတွက် တစ်ဟုန်ထိုးနှင်လာသည်။

ဦးဆောင်နေသောသူသည် အ‌ဖြူရောင်ကို ဝတ်ဆင်ထားသည်။

မြင်ကွင်းက ရုတ်တရက် အလွန်ရှင်းလင်းလာကာ မြင်နိုင်လာသည်။ ချန်ရုံက သူမပြေးနေရင်း မော့ကြည့်လိုက်သည်။

“အရမ်းကို ညစ်ပတ်နေတာဘဲ”

သူမ၏ရေရွတ်သံတွင် ပျော်ရွှင်မှု၊ ခံစားချက်များနှင့် မျက်ရည်များက ရောယှက်နေသည်။

ရုတ်တရက်ဆိုသလိုပင် သူမက ခွန်အားပြည့်သွားသည်။

သူမက လက်မောင်းကိုဖွင့်ကာ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။

သူမနှင့် ဟူစစ်သည်များကြားတွင် ခြေလှမ်း၉၀လောက်ဝေးသွားသည်။

နတ်ဘုရားများ၏ကောင်းချီးပေးခြင်းကို ခံလိုက်ရသလိုပင် ပြေးနေသည့်အရှိန် ရုတ်တရက်မြင့်လာသော အနီရောင်ပုံရိပ်ကိုကြည့်ကာ ဟူစစ်သည်များက အချင်းချင်းကြည့်မိပြီး မသိလိုက်စွာပင် အရှိန်လျော့လိုက်ကြသည်။

ချန်ရုံက ပြေးထွက်လာသောအခါ မြင်းပေါ်မှသူကလည်း မြင်းဗိုက်ကိုကန်ကာ သူမဆီ ဒုန်းဆိုင်းနှင်လာသည်။

တဖြေးဖြေးနီးကပ်လာသည်။

‌တောက်ပနေသော နေရောင်အောက်တွင် သူ၏အဖြူရောင်ဝတ်ရုံက ကျပ်ခိုးတိုက်ထားသလိုပင် အနက်ရောင်သန်းနေပြီဖြစ်သည်ကို မြင်လိုက်ရသည်။ အမြဲတမ်းသန့်ရှင်းကြည်လင်နေခဲ့သော သူ၏မျက်နှာကလည်း ချွေးများစိုရွှဲကာ ခက်ထန်နေသည်။

သူက အစက်အပြောက်များရှိနေသော ကြောင်တစ်ကောင်နှင့် တူနေ၏။

သူ့ကိုမြင်သောအခါ ချန်ရုံ၏မျက်လုံးများက အရောင်တောက်လာသည်။ သူမက ဟူစစ်သည်များ ဆက်မလိုက်လာတော့သည်ကို သတိမပြုမိပေ။ သူမသိသမျှမှာ သူ့ဆီသို့ပြေးသွားရန်လိုသည်ဟုပင်။

သူ၏စီးတော်မြင်းက သိသာစွာပင် ကောင်းမွန်သောမြင်းဖြစ်သည်။ ၎င်းက သူ့အား သူမဆီသို့ အချိန်ဘယ်လောက်မှမရှိသေးဘဲ သယ်လာသည်။ ၎င်း၏ခွာများမှ ဖုန်များက တွေဝေနေသော ချန်ရုံကိုဝန်းရံလာသောအခါ သူက အလျင်အမြန်ပင်ရပ်လိုက်သည်။

သူက မြင်းပေါ်မှမဆင်းလာပေ။ သို့သော် သူမကိုကြည့်ရန်ခေါင်းငုံ့လာပြီးနောက် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလာသည်။

“အရမ်းရုပ်ဆိုးတာဘဲ”
သူ့အသံက ရေရွတ်သံတစ်ခုကဲ့သို့ပင်အရမ်းညင်သာကာ...ခပ်ဖျော့ဖျော့ပြုံးနေ၏။

ချန်ရုံက ကြောင်တောင်တောင်ဖြင့် ပြုံးဖြီးဖြီးလုပ်ပြလာသည်။ သူ၏စကားများကိုကြားသောအခါ သူမကသူ့ကိုစိုက်ကြည့်လိုက်ပြီးနောက်တွင် မျက်လုံးများနီလာသည်။

ထိုလူက သူမကို လက်ကမ်းပေးလာသည်။

ချန်ရုံက သူမလက်များကို သူ့လက်ပေါ်တွင်တင်လိုက်သည်။

သူက သူမကို မြင်းပေါ်သို့ ဆွဲတင်လာသည်။

သူ၏နွေးထွေးကာ ရင်းနှီးနေသော ရနံ့က သူမနှာခေါင်းဆီသို့ ရောက်လာသောအခါ ချန်ရုံ၏လည်ချောင်းထဲတွင် ခံစားချက်များဖြင့် ဆို့နင့်လာသည်။ သူမက သူ၏အရှေ့ဝတ်ရုံလွှာဖြင့် သူမ၏ချွေးထွက်နေသော မျက်နှာကိုသုတ်လိုက်ပြီး ရေရွတ်လာသည်။

“ရှင် မလာခဲ့သင့်ဘူး”

“မင်းလည်း မလာခဲ့သင့်ဘူး”
သူကချောင်းဟန့်လိုက်သည်။

သူ၏လက်များက သူမ၏ဒဏ်ရာအား နွေရာသီလေ‌ညှင်းလေးလို ဖြတ်ကျော်သွားကာ သူမခါးအား ရစ်ပတ်လာသည်။

သူက သူမကိုပြန်မဖြေဘဲ အရှေ့သို့ကြည့်ကာ ရေရွတ်လိုက်သည်။

“မင်းက ငါ့ကိုတွေ့ချင်နေတာလား၊ ဒါဆိုလည်း တွေ့ကြတာပေါ့”

“ဆက်သွားမယ်”
သူက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

ချန်ရုံမသိလိုက်ခင်တွင် သူတို့အနောက်သို့ရောက်လာသော သူ၏စစ်သည်များက ပြန်ဖြေလာသည်။

သူမလှမ်းကြည့်လိုက်သောအခါ မျက်လုံးပြူးသွားသည်။ သူမ၏မြင်ကွင်းထဲတွင် တစ်ထောင်ထက်လူများပေါ်လာကာ တစ်ယောက်ချင်းစီက သူတို့မြင်းနောက်တွင် သစ်ကိုင်းတစ်ခုဆီဆွဲလာကြသည်။

အဲ့ဒီတော့ သူတို့က သစ်ကိုင်းတွေကို ဆွဲလာလို့ကိုး။

အဝေးမှကြည့်သောအခါ ဖုန်လုံးကြီးက မိုးထက်တိုင်အောင် ပြန့်ကျဲနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

တစ်ယောက်က ဝမ်ဟုန်ဆီမြင်းကိုနှင်လာပြီး မူရုံခယ်၏နေရာသို့ စိုက်ကြည့်လိုက်သည်။

“ဟုတ်တယ်၊ အဲ့ဒါမှန်တယ်”
သူက ပြုံးဖြဲဖြဲလုပ်လာသည်။

“အခုက အဲ့ဒီမျက်နှာဝှက်ထားတဲ့ ကလေကချေကို တကယ့်ဂျင်စစ်သည်တွေနဲ့ ပေးတွေ့ရမယ့် အချိန်ဘဲ”

ထိုသို့ပြောပြီးနောက် သူက ဝမ်ဟုန်အား လှည့်ကြည့်လာသည်။

“အရှင် သူ့ကို မျက်နှာသန့်စင်၊ အဝတ်အစားလဲပြီးမှ တွေ့ချင်ပါသလား”

ဝမ်ဟုန်က မျက်ရည်များထွက်နေဆဲဖြစ်နေသော ချန်ရုံအား ပုတ်ပေးကာ သဘောတူလာသည်။

“ကောင်းပြီ”

သူလက်ခံလိုက်သည်နှင့် မြင်းပေါ်မှ လူအနည်းငယ်က ဆင်းလာကြသည်။ သူတို့က‌ ရေအိတ်တစ်ခု၊ သဘက်နှင့် အပြင်ဝတ်ရုံတို့ကို ယူထုတ်ကာ ဝမ်ဟုန်အား ဝန်းရံလာကြသည်။

ချန်ရုံက ဝမ်ဟုန်တစ်ယောက် အစက်ပြောက်များနှင့် ကြောင်ဘဝမှ မိန်းမပျိုများ၏အသည်းစွဲယောက်ျားပြန်ဖြစ်သွားသည်ကို သိချင်စွာကြည့်နေလိုက်သည်။ ထို့နောက် သူမက အသံတိတ်ဖြင့် သူမဝတ်ရုံစကိုဆွဲကာ မျက်နှာအား ပွတ်လိုက်သည်။

ဤအချိန်တွင် ရေအိတ်တစ်ခုနှင့် သဘက်တို့ကို သူမဆီယူပေးလာသည်။

သူမက ချက်ချင်းပင် ရေအိတ်ကိုယူကာ သူမမျက်နှာကို သစ်လိုက်သည်။

ထို့နောက်သွယ်လျသော လက်တစ်ဖက်က သူမအား အဖြူရောင်ဝတ်ရုံကမ်းပေးလာသည်။

ချန်ရုံမော့ကြည့်လိုက်သောအခါ ဝမ်ဟုန်၏ကြည်လင်ကာ ညင်သာနေသောမျက်လုံးများနှင့် အကြည့်ဆုံသွားသည်။ သူမက ဝတ်ရုံကိုလှမ်းယူလိုက်သည်။ သို့သော်ငြား ဘာအကြောင်းကြောင့်မှန်းမသိ သူမလက်များက တုန်ရီနေသည်။

သူမက နှုတ်ခမ်းကိုက်ကာ ဝတ်ရုံကိုဝတ်လိုက်သည်။

“လာခဲ့”
ဝမ်ဟုန်က ပြောလာသည်။

သူမကခေါင်းမော့ကာ သူ့လက်ကိုဆွဲပြီး မြင်းပေါ်သို့တက်လိုက်သည်။

မြင်းစီးသူများက အရှေ့သို့နှင်လာကြကာ။မျက်စိတမှိတ်အတွင်းတွင် တောင်ကုန်းပေါ်၌ရပ်နေသောသူများက ချန်ရုံ၏မြင်ကွင်းထဲတွင်ပေါ်လာသည်။

သူမက ကြေးမျက်နှာဖုံးကိုတပ်ကာ တောင်ကုန်းပေါ်တွင် ရပ်နေသည့် မူရုံခယ်ကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။ သူမက သူ့ကိုဒီလိုမျိုး မတွေ့ချင်ပေ။

ဝမ်ဟုန်အားစိုက်ကြည့်ကာ မူရုံခယ်က ဖြေးဖြေးချင်းပြောလာသည်။

“ဝမ်ချီလန် မင်းက မင်းအရှေ့ကမိန်းမအတွက်ဆို တကယ် ဘာကိုမှမချန်ဘူးဘဲ”

ထိုသို့ပြောပြီးနောက် သူကခေါင်းမော့ပြီးရယ်လိုက်ကာ သူ၏ဘယ်ဘက်တွင်ရှိနေသော အနက်ဝတ်လူ၏‌အလောင်းကို တစ်ချက်ကြည့်လိုက်သည်။

ဝမ်ဟုန်၏လူများက တစ်ချက်မလှုပ်သည်ကို မြင်သောအခါ မူရုံခယ်က လက်သီးဆုပ်လိုက်ပြီး ဝမ်ဟုန်အား လေးစားသလိုပြောလာသည်။

“မင်းက မောယန်မြို့အရှင်ရဲ့ ခရီးစဉ်ကို ထုတ်ဖော်လာပြီး မင်းချစ်တဲ့မိန်းမအတွက် မင်းရဲ့မျိုးနွယ်‌ဆီက အတော်ဆုံး အစောင့်တစ်ယောက်ကိုလည်း စတေးလိုက်တယ်....မင်းက အရမ်းချစ်တတ်တာဘဲ ဝမ်ချီလန်”