(27) အမှတ်အသား သင်္ကေတအသစ်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (27)

အမှတ်အသား သင်္ကေတအသစ်



ရေအောက် သင်္ချိုင်းအတွင်းရှိ သင်္ကေတများ၏ အသွင်အပြင်ကို ဝူရှဲ့ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တော့ပေ။ ဒါကြောင့် ကျုံးအောက်ခြေနှင့် စင်္ကြံလမ်း အဝင်ပေါက်တွင် ထွင်းထားသော သင်္ကေတနှစ်ခုက သူ့မှတ်ဉာဏ်ထဲတွင် ဆန်းသစ်နေဆဲ ဖြစ်သည်။ 


ဖန့်ကျစ်၊ ဖက်တီးတို့ တခြားသူတွေက အင်္ဂလိပ်စာလုံးတွေ အကြောင်း လုံးဝ မသိကြပါဘူး။ အင်္ဂလိပ်လို ဖြစ်နေသရွေ့တော့ ခြားနားချက်ကို မမှတ်မိနိုင်တဲ့အတွက် ဘယ်သူမှ ဂရုမစိုက်ဖြစ်တော့ဘူး။ ကောလိပ်တက်ပြီး CET-4 နှင့် CET-6 အောင်မြင်ထားတဲ့ ဝူရှဲ့အတွက်က သူ့အတန်းများက ဘယ်လောက်ပဲ ညံ့နေပါစေ ဤသင်္ကေတ နှစ်ခုသည် ကွဲပြားသော စကားလုံးများ ဖြစ်ကြောင်းကိုတော့ အနည်းဆုံး သတိထားမိပါသေးသည်။ 


သူထင်တာက ရိုးရှင်းသော ပုံသဏ္ဍာန်နှင့် ဆင်တူသော ရိုးရှင်းသော လမ်းညွှန်သင်္ကေတ တစ်ခုမျှသာ ဖြစ်ပြီး 'ဤလမ်းကိုသွားပါ' ဟုသာ ဆိုလိုပါသည်။ လမ်းကို ရိုးရိုးရှင်းရှင်း ညွှန်ပြထားလျှင် သင်္ကေတများက မပြောင်းလဲသွားသင့်ပေ။ ယေဘူယျ လူ့စိတ်သ​ဘောအရ သင်္ချိုင်းဂူထဲသို့ ဝင်ပြီးနောက် ပတ်ဝန်းကျင်ကို အာရုံစူးစိုက်မှု အပြည့်ရှိသင့်သည်။ 


ယခုက ရည်ရွယ်ချက်ရှိရှိနှင့် သင်္ကေတများကို ထွင်းထုထားသလိုပင်။ အမှတ်အသား လုပ်ပြီး ထွက်ခွာသွားသော ပုဂ္ဂိုလ်သည် အလွန်ငြိမ်သက်သော ပုံစံဖြင့် မပြုလုပ်ခဲ့ကြောင်း ညွှန်ပြနေ၏။ အကြောင်းမှာ သူဆွဲသွားတာတွေက အလွန်လျင်မြန်လှသည်။


ယခု ဤဖြစ်စဉ်အတွက် အကြောင်းပြချက်က တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ ဤသင်္ကေတများသည် အဓိပ္ပာယ် အမျိုးမျိုးရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လမ်းပြနေစဉ်အတွင်း သူတို့အား အချက်အလက် တချို့ကိုလည်း ပြောပြနေပုံရသည်။


မေးစရာက အဲဒါက ဘာအချက်အလက်လဲ။ ဤနိုင်ငံခြားဘာသာ စကားသည် အတိအကျ နိုင်ငံခြားဘာသာစကား မဟုတ်သော်လည်း ၎င်းသည် အင်္ဂလိပ် အက္ခရာများဖြင့် ဖွဲ့စည်းထားသော စကားလုံး ဖြစ်သည်။ ၎င်းသည် ဘယ့ဘာသာစကား ဖြစ်ကြောင်း ဝူရှဲ့ တကယ် မပြောနိုင်ပါ။ ဒါပေမဲ့ ဂျာမန်နဲ့ ပြင်သစ်လို စာလုံးတွေရဲ့ အစီအစဉ်လိုလည်း သေချာပေါက် မဟုတ်ပါဘူး။


မြစ်အောက်ခြေနဲ့ စင်္ကြံအဝင်ဝမှာ တွေ့ခဲ့ရတဲ့ သင်္ကေတတွေက ဝင်ပြီးတဲ့နောက် အန္တရာယ်မကြုံခဲ့ဘူး။ ဒါကြောင့် အဓိပ္ပာယ်က ဝင်လို့ စိတ်ချရပြီဆိုတဲ့ သဘောပဲ။ အခုက ဒီမတူခြားနားတဲ့ သင်္ကေတကို ဒီမှာ ရေးထွင်းထားတယ်။ ဒါက ကွဲပြားတဲ့ အဓိပ္ပာယ် ရှိရမယ်။ ဒီသင်္ချိုင်းလမ်းကြောင်းရဲ့ အနောက်မှာ ကြောက်မက်ဖွယ် ကောင်းတဲ့ အန္တရာယ်တချို့ရှိ​​နေ​ကြောင်း ညွှန်ပြနေတဲ့ သတိပေးချက်တစ်ခုများ ဖြစ်နိုင်လား။


ဖန့်ကျစ်နဲ့ တခြားသူတွေကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် တစ်ခုခုမှားနေပြီလို့ ခံစားမိကြပါသည်။ ဒါကြောင့် သူတို့က ရောက်နေတဲ့နေရာမှာ ရပ်လိုက်ပြီး လောလောဆယ် ကမူးရှူးထိုး မလုပ်ရဲတော့ပေ။ 


သို့သော် ဤနေရာအထိ ရောက်လာနိုင်ခြင်းမှာ အလယ်အလတ် အောင်မြင်မှုတစ်ခု ဖြစ်ပြီး သူတို့သည် တစ်ဝက်လောက်အထိ အောင်မြင်နေပြီဟု ဆိုနိုင်သည်။ ယခုအချိန်တွင် သင်္ချိုင်းထဲသို့ သွားရမည့် လမ်းအတွက် မေးခွန်းထုတ်ရန်မှာ အရေးမကြီးပေ။ သူတို့ကို လမ်းပြမယ့် သင်္ကေတ မရှိရင်တောင် ထိတ်လန့်နေတာမျိုး မရှိသင့်ပေ။ 


သို့ရာတွင် ပင်မသင်္ချိုင်းဂူထဲသို့ ၀င်ပြီးနောက် မြေအောက်နန်းတော်ထဲသို့ ဝင်သောအခါတွင် ရှေးသင်္ချိုင်းတွင် ထောင်ချောက်များ ရှိနေသရွေ့ အချိန်တချို့ သုံးစွဲရန် လိုအပ်သောကြောင့် ဒါကို ထည့်သွင်းစဥ်းစားရပေမည်။ 


ထိုအခိုက် ဖန့်ကျစ်က ပြောလာခဲ့သည်။ 


"တတိယသခင်လေး... သခင်လေးက ဒီမှာရှိတဲ့ လူတွေထဲမှာ နိုင်ငံခြားဘာသာစကားကို တတ်ကျွမ်းတဲ့ တစ်ဦးတည်းသောသူပဲ... သခင်လေး မသိရင် ကျုပ်တို့လည်း သိနိုင်စရာ အကြောင်းမရှိ​တော့ဘူး.... ဒီအင်္ဂလိပ်လို စာသားတွေကို တရုတ်လို ဘာသာပြန်ပြကြည့်ပါလား? ဝါကျတစ်ခုလုံးကို ကျုပ်တို့မသိရင်တောင် စကားလုံးတွေက ဘာကိုဆိုလိုတယ်ဆိုတာ ခန့်မှန်းလို့ရတယ်မလား?"


ဖန့်ကျစ်က အင်္ဂလိပ်လို လုံးဝ မသိပေ။ သူ့မျက်လုံးထဲမှာ အင်္ဂလိပ်စာလုံးကက တရုတ်အသဲထွက် စာလုံးနဲ့ အတူတူပါပဲ။ ဒါကြောင့် စာလုံးတစ်လုံးချင်းစီမှာ အဓိပ္ပာယ်ရှိတယ်လို့ သူထင်နေပုံရသည်။ ဒါကြောင့် ဝူရှဲ့ ပြောလိုက်သည်။ 


"မှန်းဆမယ်ဆိုရင် ဒီသင်္ကေတကို ဘယ်သူက ချန်ထားခဲ့လဲဆိုတာ ခန့်မှန်းကြည့်ရအောင်... သူအမှတ်အသားတွေ ချန်ထားခဲ့ရတဲ့ ရည်ရွယ်ချက်ရဲ့ အဓိပ္ပာယ်ကို ခန့်မှန်းကြည့်ရင် ပိုအဆင်ပြေမယ်လို့ ထင်တယ်"


ဖက်တီးက ထူးဆန်းတယ်လို့ ခံစားရတာကြောင့် ဝင်ပြောလာ​သည်။ 


"ဘယ်သူထားခဲ့လဲ ငါတို့မသိဘူးလေ...ဒါတောင့ သူချန်ထားခဲ့တဲ့ ရည်ရွယ်ချက်ကို မှန်းဆရမှာလား? ဒါပ ငါတို့ကို လမ်းပြနေတာ အသိသာကြီးကို"


ဝူရှဲ့ ခေါင်းခါပြီး ပြောလိုက်သည်။ 


"ငါလည်းအရင်က ဒီလိုထင်ခဲ့တာပဲ... ဒါပေမဲ့ အခုက မမှန်တော့ဘူး တကယ် ချန်ထားခဲ့ရင်တော့ အနည်းဆုံးတော့ ငါတို့ နားလည်နိုင်တဲ့ သင်္ကေတတွေနဲ့ ရေးထားသင့်တယ်... ဒီသင်္ကေတတွေကို ထွင်းထုတဲ့သူက ဒီလို မထင်မရှားပုံစံတွေကိုပဲ သုံးသွားတယ်... .အခုငါခန့်မှန်းမိတာ သူ့ရည်ရွယ်ချက်က ငါတို့ကို ကူညီမယ့်အစား အခွင့်ကောင်းယူပြီး သင်္ကေတကို တခြားသူတွေ မြင်အောင် လုပ်​နေသလိုပဲ”


ဖန့်ကျစ်သည် ခဏလောက်စဉ်းစားပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ထပ်မေးလာခဲ့သည်။ 


“ဒါဆို တခြားလူက ဘယ်သူလဲ?” 


"အားနင်တို့က လူတွေအများကြီးပဲ... ဒါကြောင့် သူတို့သာလုပ်ရင် အစုလိုက်အပြုံလိုက် လုပ်ခဲ့တာ ဖြစ်နိုင်တယ်... ဒီသင်္ကေတက သူတို့အဖွဲ့တွေကြားက လျှို့ဝှက်သင်္ကေတ ဖြစ်နိုင်ပါတယ်" 


ဖက်တီးက ဆိုလေသည်။ ဝူရှဲ့ ခေါင်းညိတ်ပြပြီး ဖြစ်နိုင်ချေရှိကြောင်း ထောက်ခံလိုက်သော်လည်း ဘာအခြေခံမှ မရှိဘဲ တကယ့်အခြေအနေကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ ဒါကြောင့် သူကပြောလိုက်သည်။ 


"တခြားအကြောင်းတွေ ရှိကောင်းရှိနိုင်တယ်... အခု ခန့်မှန်းဖို့က အသုံးမဝင်ဘူး" 


သူ့အတွက် အစိုးရိမ်ဆုံး အချက်မှာ ဤသင်္ကေတ၌ ပါရှိသော အချက်အလက်များ ဖြစ်ပါသည်။ ဤသင်္ကေတသည် နိုင်ငံတကာ စွန့်စားခန်းမြေပုံပေါ်က ပုံသဏ္ဌာန်နှင့် ဆင်တူနေလောက်၏။ တချို့သော ရှေးဦးတောတွင်းလမ်းများသည် မြေပုံပေါ်တွင် အန္တရာယ်အဆင့်များဖြင့် အမှတ်အသား ပြုထားတတ်သည်။ သင်္ကေတတစ်ခုသည် အန္တရာယ် ယကို ပြောပြရုံသာမက ဤလမ်းတွင် ကြုံတွေ့ရမည့် အရာများကိုလည်း သိနိုင်သည်။ ဥပမာ မြစ်ထဲတွင် ရေငုပ်ပုတ်သင် တစ်ကောင်ရှိနေပါက ရေပုတ်သင် ဟူသော ကုဒ်တစ်ခု ရှိလိမ့်မည်။


ယခုအချိန်တွင် ဤသင်္ကေတသည် အစောကနဲ့ မတူဘဲ အမှန်တကယ် ပြောင်းလဲသွားသောကြောင့် လူအများသည် ဤအထူးသင်္ကေတ၏ အဓိပ္ပာယ်ကို အာရုံစိုက်ထားရန် လိုအပ်လာသည်။ ဧကန္တ ဒီသင်္ချိုင်းလမ်းထဲမှာ ဖုတ်ကောင်တွေ ရှိနေတယ်လို့ ဆိုလိုတာလား။


လမ်းကြမ်းပေါ်ရှိ 'ဝက်ဝံများ ဖြတ်သွားတတ်သည် သတိထားပါ' ဆိုင်းဘုတ်တွေကို ဝူရှဲ့ သွားတွေးတောမိသည်။ ဤသင်္ကေတကို ချန်ထားခဲ့သော သူသည်လည်း စွန့်စားခန်းတွေ လုပ်ဖူးကာ သူ့မှာ သီအိုရီအရ လုပ်ဆောင်ရမည့် နည်းလမ်းတစ်ခုလည်း ရှိနိုင်သည်။ ဤသင်္ကေတသည် "ဖုတ်ကောင် ထွက်လာတတ်သည် သတိထားပါ" ဟု သတိပေးနေတာလည်း ဖြစ်နိုင်၏။  


ဖန့်ကျစ်သည် ဝူရှဲ့ ရိုင်းစိုင်းစွာ တွေးတောနေပြီဖြစ်ကြောင်း မသိသဖြင့် ရုတ်တရက် ဝူရှဲ့ကို ပြောလာသည်။ 


"မဟုတ်သေးဘူး... ဒီသင်္ကေတနဲ့ ကိုယ်စားပြုထားတဲ့ အချက်အလက်တွေက အန္တရာယ်တစ်ခုခုကို ညွှန်ပြနိုင်မယ်လို့ မထင်ဘူး... သခင်လေး စဥ်းစားကြည့်... ဒီလိုနယ်မြေမှာ အန္တရာယ်တစ်ခုခု ရှိမရှိဆိုတာ သင်္ချိုင်း လမ်းကြောင်းထဲကို သွားကြည့်ပြီးမှ သိမှာ... ဒီအမှတ်အသားကို ထားခဲ့တဲ့လူက သူ ဒီလမ်းကြောင်းအတိုင်း ဆက်သွားခဲ့တယ်လို့ ပြောချင်တာလည်း ဖြစ်နိုင်တယ်... နောက်က လူတွေကို လမ်းလျှောက်တဲ့အစီအစဥ်ကို ပြောပြဖို့ ထွင်းထုလိုက်တဲ့ အချိန်မှာ သူလည်း အတွင်းထဲမှာ ဘာတွေရှိနေလဲ မသိ​လောက်ဘူး တကယ်တော့ ထူးထူးခြားခြား တွေးလို့ရတာ တစ်ခုတော့ ရှိတယ်... အဲဒါကို 'ခြေရာခံဘာသာစကား' လို့ခေါ်တယ်" 


ဒီစကားကို ဝူရှဲ့ တစ်ခါမှ မကြားဖူးတာကြောင့် ပြန်မေးလိုက်သည်။ 


"ဘယ်လို ခြေရာခံဘာသာစကားလဲ?


"ဗီယက်နမ်မှာ မျောက်တွေကို မတိုက်ခင်တုန်းက စစ်တပ်မှာ ယဉ်ကျေးမှုသင်တန်းတွေ တက်ခဲ့ရတယ်... တောထဲမှာ တာဝန် ထမ်းဆောင်ရလို့ ကယ်တင်ရေး အကြောင်းလည်း အများကြီး သင်ယူခဲ့ဖူးတယ်။ 'ခြေရာခံခြင်း' ဘာသာစကားက အန္တရာယ်ထဲ ရောက်ပြီဆိုတာနဲ့ တောထဲမှာ လမ်းပျောက်သွားရင် မင်းကိုယ်တိုင်ပဲ လမ်းပြန်ရှာရမယ်.... အဲဒီအခါကျရင် ဒီဘာသာစကားကို သုံးရတယ် ထွက်လမ်းရှာတဲ့အခါ မင်းလျှောက်ခဲ့တဲ့ လမ်းကို အမှတ်အသား လုပ်ထားရမယ်။ ဒီအမှတ်အသား လုပ်နည်းမှာ အထူးစည်းမျဉ်းတွေ ရှိတယ်။ ကယ်ဆယ်ရေးအဖွဲ့က မင်းရဲ့အမှတ်အသားကို တွေ့တဲ့အခါ မင်းမှာ ဘာတွေ ရှိတယ်ဆိုတာ သိလိမ့်မယ်...အဲ့လိုနေရာမှာဆို ဥပမာ စားနပ်ရိက္ခာ လုံလောက်တဲ့ နိမိတ်လက္ခဏာဆို ဘယ်လို... အစားအသောက် မစားရတဲ့ အခြေအနေဆို ဘယ်လိုပေါ့... အဖွဲ့ထဲက တစ်ယောက်ယောက် ဒုက္ခရောက်နေတဲ့ လက္ခဏာလည်း ဖြစ်နိုင်တယ်... ကယ်ဆယ်ရေးအဖွဲ့က မင်းရဲ့ အမှတ်အသားအတိုင်း လိုက်ရှာမှာ ဒီလိုနဲ့ လမ်းတလျှောက် မင်းရဲ့လက်ရှိ အခြေအနေကို သိနိုင်တယ်... အခြေအနေ အရမ်းဆိုးလာရင် သူတို့ရဲ့ ကယ်တင်ရေး ဗျူဟာကို အဆင့်မြှင့်ဖို့ အခြေခံအနေနဲ့ ဒီအမှတ်အသားကို သုံးနိုင်တယ် ဒါက... ဗီယက်နမ်ကို တိုက်ခိုက်တုန်းက အမေရိကန်တွေ တီထွင်ခဲ့တာလို့ ကြားတယ်"


ဖက်တီးက “မင်း လေ့လာပြီးပြီ ဆိုတော့ ဒါကို နားလည်နိုင်လား” 


ဖန့်ကျစ်က ခေါင်းခါလိုက်ပြီး "ငါဆိုလိုတာက ဒီကုဒ်က အဲဒီ့အချိန်တုန်းက ငါလေ့လာခဲ့တဲ့ အရာတွေနဲ့ လုံးဝကို ကွဲပြားတယ်...ငါသေချာ မပြောနိုင်ပေမယ့် ဒါက ခြေရာခံ ဘာသာစကားတစ်မျိုး ဖြစ်နိုင်တယ်လို့ ငါ ယုံကြည်တယ်... ဒါကို အဓိပ္ပာယ်စဥ်းစားနေဖို့ မလိုပါဘူး ဒီသင်္ကေတ ပြောင်းသွားတာက သူဒီမှာ သူ့ခြေရာကို ပြောင်းခဲ့တယ်လို့လည်း ပြောနိုင်တာပဲ”


ထိုစဥ် ဖက်တီးက သက်ပြင်းချလိုက်ပြီး ဆိုလေ၏။ 


"အခြေအနေ မကောင်းဘူး... တကယ် 'ခြေရာခံ' ဘာသာစကားဆိုရင် ဒီသင်္ကေတကို ချန်ထားခဲ့တဲ့သူက အနိုင်ရဖို့ မဆုံးဖြတ်ဘူးလို့ ဆိုလိုတာပဲ... သူက ဒုတိယအဆင့်အတွက် ပြင်ဆင်နေတာ ဖြစ်နိုင်တယ် တနည်းဆိုရရင် အဲဒီအချိန်တုန်းက သူ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ် ဆိုတာ သူ့ကိုယ်သူလည်း ယုံကြည်မှု မရှိဘူးပုံပဲ"


ဖန့်ကျစ်က : "ဟုတ်တယ် ဒီလောက်ပြောပြီးပေမယ့် လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှု မရှိဘူးလို့ ငါလည်းထင်တယ်... ဒီသင်္ကေတက ငါတို့အတွက် မဟုတ်တဲ့အတွက်ကြောင့် ဒီအမှတ်အသားကို မမြင်ခဲ့ဘူးလို့ ဟန်ဆောင်နေရုံပါပဲ... ငါတို့ရဲ့ အဓိကတာဝန်က အခုအချိန်မှာ သခင်သုံးကို ရှာဖွေဖို့ပဲ...ဒါက သခင်သုံးရဲ့ သင်္ကေတ မဟုတ်ဘူး အဲဒါကြောင့် သခင်သုံးကလည်း ဒီလမ်းအတိုင်း မသွားလောက်ဘူး... ဘယ်လောက်ပဲ ချောမွေ့ပါစေ ငါတို့လမ်း ငါတို့သွားရမယ်... ဒီလိုလမ်းမျိုးကို တစ်ခါမှ မကြုံဖူးတာလည်း မဟုတ်ဘူးလေ အခြေအနေ အရတော့ ငါတို့ ဒီသင်္ချိုင်းလမ်းကြောင်းကိုတောင် မစူးစမ်းရသေးဘူးမလား”


ဤအငြင်းအခုံသည် ဖက်တီးလိုချင်သည့် အရသာနှင့် လိုက်ဖက်ပါသည်။ ဒါကြောင့် သူက ခေါင်းညိတ် သဘောတူလိုက်သည်။


"ဖန့်ကြီး... မင်းရဲ့ ဒီစကားကမှ လူသားစကားကွ! ငါတို့ လူခွဲပြီး သွားကြရင်ရော? မင်းနဲ့ ရှောင်ဝူက အဲဒီဘက်ကိုသွား... ငါနဲ့ ရှောင်ရွှင့်ကျစ်က ဒီဘက်လမ်းက သွားမယ် ဘယ်သူနိုင်မလဲ ကြည့်လိုက်ရအောင်.... ဒါက လမ်းဖြောင့် တစ်ကြောင်းပဲ အဆုံးမှာ တစ်ခုခုမှားနေတာကို တွေ့ရင် နောက်ပြန်လှည့်လိုက်မယ်... ခန်းမထဲကို ရောက်သွားတဲ့ အဖွဲ့က နောက်တစ်ဖွဲ့ကို ခန်းမထဲမှာ စောင့်နေရမယ်...ဒီနေရာမှာ ထိုင်နေတာက အဆင်မပြေဘူးနော်”


ဒါက မသင့်တော်ဘူးလို့ ခံစားမိတဲ့အတွက် ဝူရှဲ့ ဝင်ပြောလိုက်သည်။ 


“ပြောတာ မှန်တယ်... အဓိက သင်္ချိုင်းလမ်းက လျှောက်ရမလွယ်တော့မှာ ကြောက်ရတယ်... မြေအောက်ကို လေးပေအထိ နစ်ဝင်နေတဲ့ ကျောက်တုံးတွေကို ကြည့်လိုက်... ဒီသင်္ချိုင်းလမ်းကြောင်းမှာ ယန္တရားတွေ တပ်ဆင်ထားတာ ရှိနိုင်တယ်.... မြှားတွေနဲ့ ပစ်ခတ်ထားတာတွေ ဘာတွေ... အဖွဲ့က အဆုံးထိ ရောက်သွားတဲ့အခါ တစ်ဖွဲ့က သင်္ချိုင်းလမ်းကြောင်းထဲမှာ သေဆုံးသွားလောက်ပြီ... ငါတို့ လမ်းခွဲပြီးတာနဲ့ ထာဝရ နှုတ်ဆက်ပြီးသားပဲ"


ထိုအခါ ဖက်တီးက ဝူရှဲ့ကိုကြည့်ပြီး ရယ်လေသည်။ 


"မင်းပြောတဲ့အတိုင်းဆို မင်း မလာခဲ့သင့်ဘူး.. မင်းစိတ်က ဗလာကျင်းနေတာ မင်းဘာလို့ ဒီကို ဆင်းလာသေးလဲကွာ... မြေအောက်နန်းတော်ထဲ ဆင်းလာပြီးကတည်းက မင်းလုပ်သင့်တာက ဒီလိုအသေးအဖွဲတွေကို မကြောက်ဖို့ပဲ"


ဝူရှဲ့ စိတ်ထဲမှ သူလာချင်လွန်းလို့ မဟုတ်ကြောင်း အော်ပြောလိုက်သည်။ သူ့အိမ်မက်က ချမ်းသာတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ဖို့ပဲလေ။ ဒီနှစ်မှာ ငါဘယ်လို​တောင် ကံမကောင်းလိုက်လဲ မသိဘူး။ သူလုပ်မိတဲ့ အမှားတွေအားလုံးက ဖုတ်ကောင်တွေနဲ့ တွေ့နေတာချည်းပဲ။ တွေ့နေကျမို့ မကြောက်တော့ပေမယ့် သတိမထားတာက အဆင်မပြေနိုင်ဘူးလေ။ 


ဖန့်ကျစ်ကလည်း ဝူရှဲ့နဲ့ အတွေးတူတာကြောင့်။


"မဟုတ်ဘူး... သခင်​လေး ပြောတာ မှန်တယ်... အကြောင်းပြချက်က အားနင်ရဲ့ မြင်းတပ်က လူတွေက အနီးအနားမှာ ရှိရမယ်... ငါတို့က ဖုတ်ကောင်တွေဆီက ကာကွယ်ရုံတင် မကဘူး လူတွေကိုလည်း ကာကွယ်ရမယ် သေနတ်နှစ်လက်ဟာ တစ်လတ်တည်းထက် အမြဲပြင်းထန်တယ်... ငါတို့လူခွဲသွားလို့ လူတစ်စုက ပျောက်သွားပြီး ပြန်မလာရင် နောက်တစ်ဖွဲ့က ဘယ်လိုလုပ်ကြမလဲ?"


ထိုအခိုက် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ရွှင့်ကျစ်ကလည်း ဝင်ပြောလာ၏။ 


"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူဌေးဝူကို ကာကွယ်ရမှာပဲ.... ကျွန်တော် သူ့နောက်ကို လိုက်မယ်"


ဖက်တီး သူ့လက်ကိုမြှောက်ပြီး။


“မင်းတို့နှစ်ယောက်က ကိုယ်ရည်ကိုယ်သွေးကို ဖန်တီးဖို့ ကြိုးစားနေကြတာပဲ... ငါ့မှာတော့ အထီးကျန်လိုက်တာ ကံလည်း မကောင်းဘူး။ မင်းတို့လုပ်ချင်တာ လုပ်လို့ရတယ် အဆိုးဆုံးကတော့ ငါတို့အတူတူ သေကြတာပေါ့"


ဖန့်ကျစ်က "သတ်မှတ်ထားတဲ့ လမ်းကြောင်းကို အရင်သွားကြရအောင်... တစ်ခုခု မှားသွားရင် ပြန်လှည့်လို့ ရတယ်... အားလုံး သတိထားကြ"


ဝူရှဲ့ ခေါင်းညိတ် သဘောတူ၍ ကောင်းကောင်း နားလည်ကြောင်း ပြောလိုက်သည်။ ဒီအချိန်မှာ သူတို့ဆွေးနွေးတာ ဘယ်လောက်ပဲ ကောင်းနေပါစေ အသုံးမဝင်ဘူး ဆိုတာကို ကောင်းကောင်းသိပါ၏။ အခုဘယ်လမ်းကို သွားရမလဲ၊ ဘယ်လိုသွားမလဲ ဆိုတာကတော့ ကံတရားပေါ်မှာပဲ မူတည်သွားပြီ။ 


ဒီလိုနဲ့ သူတို့ထပြီး ဖန့်ကျစ်က မျက်မမြင်တစ်ယောက် ကိုင်တဲ့ တုတ်နဲ့ဆင်တူတဲ့ လမ်းရှာတုတ်ချောင်းကို ဆွဲထုတ်ပြီး မြေကြီးကို ပုတ်ရင်းနဲ့ အဲဒီအပေါ်မှာ ရေးထွင်းထားတဲ့ သင်္ကေတတွေရဲ့ ဦးတည်ရာအတိုင်း လျှောက်လှမ်းလာခဲ့ကြလေသည်။ 


အေးအေးဆေးဆေး လမ်းမလျှောက်နိုင်ဘဲ သတိထားနေရတာကြောင့် ဒီလိုနေရာမျိုးမှာ လမ်းသွားရတာ ပင်ပန်းလွန်းလှသည်။ ဒါပေမဲ့ မတတ်နိုင်ပေ။ အခုဒီကိုရောက်လာပြီ ဆိုမှတော့ ဒီခြေလှမ်းကို လွှတ်ထားလို့ မဖြစ်တော့ပေ။ မဟုတ်ပါက ကြိုးစားအားထုတ်မှု​တွေက အချည်းနှီး ဖြစ်သွားလိမ့်မယ်။


ဒီသင်္ချိုင်းမှာ အနည်းဆုံး နာရီဝက်လောက် အချိန်ယူရမယ်လို့ မထင်ထားမိတဲ့အချက်ကတော့ ဒီသင်္ချိုင်းရဲ့ အပိုင်းဟာ အလွန်တိုတောင်းပြီး မီတာ 200 ထက်နည်းပြီး ရုတ်တရက် ကျယ်လာလာလေသည်။ ခဏကြာတော့ သူတို့ရှေ့မှာ ကြီးမားလှတဲ့ ကျောက်စိမ်းတံခါးကြီး ပေါ်လာခဲ့သည်။


ဝူရှဲ့ နန်းတော်ရဲ့ တံခါးအဖြစ်ကို တစ်ချက် ကြည့်လိုက်သည်။ သင်္ချိုင်းဂူလမ်းရဲ့ တံခါးဝက အုတ်ဂူတံခါးဟာ ကောင်းမွန်တဲ့ ကျောက်တုံး​တွေနဲ့ လုပ်ထားတာ မဟုတ်ပါဘူး။ တံခါး၏အောက်ပိုင်း တစ်ဝက်သည် လွင့်ထွက်ထားပြီး အပေါက်ကြီးတစ်ခု ထွက်ပေါ်ထားသည်။ အားနင်ပဲဖြစ်ဖြစ် တခြားသူတွေပဲ ဖြစ်ဖြစ် တစ်စုံတစ်ယောက်ကတော့ ဝင်ရောက်ထားပုံပါပဲ။


ဝူရှဲ့ တိတ်တဆိတ် ပျော်ရွှင်မိသွားသည်။ ဒါက လမ်းမှန်ပေါ် ရောက်လာခဲ့တာကဲ​။ တံခါးနောက်ကွယ်မှာ မြေအောက်နန်းတော် တစ်ခုလုံးရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဧကရာဇ် ဂူဗိမာန်များစွာရဲ့ ဖွဲ့စည်းပုံ​တွေဟာ သူ့စိတ်ထဲ ချက်ချင်းပေါ်လာ၏။ ဒါက ရှအင်ပါယာရဲ့ ဘုရင့်ဂူဗိမာန် ဖြစ်ပေမယ့် ဟန်လူမျိုးတို့ ဆောက်ခဲ့တာကြောင့် အလယ်ပိုင်း လွင်ပြင်မှာရှိတဲ့ သင်္ချိုင်းတွေနဲ့ သိပ်မကွာခြားဘူးလို့ ယူဆလို့ ရပါသည်။ 


ဝင်ပြီးရင် ဘာမြင်ရမလဲ။ ဘုရင်၀မ့်​နူရဲ့ ခေါင်းတလားမှာ ဘယ်လို ပုံသဏ္ဌာန်ရှိသလဲ။ ပတ်ပတ်လည်တွင် ခြံရံပါ၀င်သည့် ခေါင်းတလားရော ရှိမလားမသိ။ 


အုတ်ဂူ၏ ကျောက်စိမ်း တံခါးများတွင် ယန္တရားတစ်ခု ပါရှိပေလိမ့်မည်။ နှစ်ဖက်စလုံးရှိ ကျောက်နံရံများသည် အဆိပ်ရှိသော ကျောက်မှုန့်များဖြင့် ပြည့်နှက်နေတတ်သည်။ ထို့အပြင် သင်္ချိုင်းအတွင်း ပိတ်ပြီးသည်နှင့် ယင်းယန္တရားကို ခဏအတွင်း ဖြိုခွဲရန် နည်းလမ်းမရှိပေ။ နောက်တစ်ကြိမ် ထပ်ဖွင့်ဖို့လည်း မလွယ်ပေ။ သင်ဟာ ဒီတံခါးကို ဒီဇိုင်းဆွဲခဲ့တဲ့ လက်သမားဆရာ ဖြစ်နေရင်တောင် ဝင်လို့ မလွယ်ကူတော့ချေ။


သို့သော် တံခါးသည် ယခုလို ပေါက်ကွဲထားတာကြောင့် ယန္တရားအချို့ ပျက်စီးသွားဖွယ်ရှိရာ သိပ်စိတ်ပူစရာ မလိုတော့ပေ။ သူတို့အားလုံး နီးနီးကပ်ကပ် ရပ်​နေကာ သတိကပ်ထားကြသည်။ ဖက်တီးသည် သင်္ချိုင်း၏ အပြင်အဆင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် သူတို့အတွက် မီးရှူးမီးပန်းများကို ထွန်းညှိပေးထားသည်။ 


မီးရှူးမီးပန်းတွေ လင်းနေတဲ့အခိုက်မှာ အသက်ရှူကြပ်​စေတဲ့ မြင်ကွင်းတစ်ခုက သူတို့ရှေ့မှာ ပေါ်လာလေတော့သည်။ ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားတာကြောင့် တစ်ကိုယ်လုံး အေးခဲလုနီးပါး တောင့်တင်းသွားလေ၏။