ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2) End
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)
Chapter (55)
နံရံနှစ်ထပ် ပန်းချီကား
ပတ်ဝန်းကျင်က ကြောက်စရာ ကောင်းနေဆဲဖြစ်သည်။ လေကာမီးအိမ်များသည် ကျောက်နံရံ၏ ဘေးဘက်တွင် အလင်းရောင်ကို အားကောင်းစေကာ ခပ်မှိန်မှိန် အလင်းရောင်က ကျောက်ဆောင်ပေါ်တွင် လင်းလက်နေပြီး လူအများကို ရှေးခေတ် ပြန်ရောက်နေသလို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေသည်။
နံရံဆေးရေး ပန်းချီ၏အရောင်သည် အလွန်တောက်ပပြီး သွေးကဲ့သို့ အနီရောင်များစွာကို အသုံးပြုထားရာ မသေချာမရေရာသော အလင်းရောင်အောက်တွင် ကျောက်နံရံကြီး တစ်ခုလုံး သွေးများထွက်နေသကဲ့သို့ ခံစားနေရသည်။ ဆေးသုတ်မှုအောက်တွင် ဝှက်ထားသော နံရံဆေးရေး ပန်းချီကားများကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ပုံမှာ စိတ်ကူးပင် မယဉ်နိုင်သော အရာကြီး ဖြစ်သည်။
သို့သော် သူတို့ကို အမှန်တကယ် အံ့အားသင့်စေတဲ့ အရာမှာ ပန်းချီကားရဲ့ အကြောင်းအရာပဲ ဖြစ်သည်။ စကားလုံးများဖြင့် ရေးဆွဲထားသော ပန်းချီကို ဖော်ပြရန် ဝူရှဲ့အတွက် ခက်ခဲသော်လည်း ဒါကတော့ မတူပေ။ ပန်းချီကားများကို အပိုင်းနှစ်ပိုင်း ခွဲထားပြီး မတူညီသောအရာများကိုလည်း အသီးသီး ဖော်ပြထားသည်။
ဘုန်းကြီးဟွာရဲ့ မျက်လုံးများက တောက်ပလာပြီး။
"ဒါက အရှေ့ပိုင်းရှအင်ပါယာရဲ့ ဧကရာဇ်ဝမ့်နူနဲ့ မွန်ဂိုလီယား လူမျိုးတွေကြားက စစ်ပွဲဖြစ်နိုင်တယ်... ဒီလူကို ကြည့်လိုက်... ဒီလူက ဧကရာဇ်ဝမ့်နူ ဖြစ်မယ် ဒါက အရှေ့ရှအင်ပါယာကို ဖျက်ဆီးပစ်ခဲ့တဲ့ ဒဏ္ဍာရီထဲက စစ်ပွဲဖြစ်နိုင်တယ်"
အရှေ့ရှအင်ပါယာ အကြောင်းကို ဝူရှဲ့လည်း နည်းနည်းလေးပဲ သိသလို တခြားသူတွေလည်း ထိုအကြောင်း မပြောတတ်တာကြောင့် သူ့စကားကို ဆက်ပြီး နားထောင်နေခဲ့သည်။
သူက အပေါ်က ပုံစံကိုကြည့်ရင်း သားမွေးနဲ့ ချပ်ဝတ်တန်ဆာတွေပါတဲ့ စစ်သားအများအပြားကို ညွှန်ပြရင်း
“ဒါက ဧကရာဇ်ဝမ့်နူရဲ့ စစ်တပ်ပဲ..."
ထို့နောက် တစ်ဖက်က မြင်းတပ်ကို လက်ညှိုးထိုးပြပြီး
“ဒါက မွန်ဂိုလူမျိုးတွေရဲ့ စစ်တပ်... ကြည့်လိုက် သူတို့ရဲ့ အရေအတွက်က အရှေ့ရှအင်ပါယာရဲ့ စစ်တပ်ထက် အများကြီး ပိုတယ်... သေချာပေါက် ပြင်းထန်တဲ့ စစ်ပွဲတစ်ခုပဲ"
သူညွှန်ပြနေတဲ့ လမ်းကြောင်းကို ကြည့်လိုက်တော့ မြှားတွေပျံနေတဲ့ ပုံကို မြင်လိုက်ရ၏။ ဖက်တီးက ဘာထူးဆန်းမှန်းမသိဘဲ ကြည့်လိုက်ပြီး မေးခွန်းထုတ်လာခဲ့သည်။
"ဒီလူတွေရဲ့ မျက်နှာတွေက ဘာလို့ မိန်းကလေးတွေလို ဖြစ်နေရတာလဲ?"
ဝူရှဲ့လည်း ကြည့်လိုက်ရင်း ထူးဆန်းသလို ခံစားလာရသည်။ အရှေ့ရှအင်ပါယာက လူတွေက စစ်ပွဲအတွက် အမျိုးသမီးတွေကို အားကိုးနေသလားဟုပင် အတွေးဝင်လာ၏။ အဲဒီလိုဆိုရင် တိုင်းပြည်ကို ဖြိုခွင်းဖို့ အကြောင်းပြချက် မရှိတော့ဘူးလားလို့လေ။ သို့သော် ဘုန်းကြီးဟွာက
"မဟုတ်ဘူး... ဒါက အရှေ့ရှအင်ပါယာ ပန်းချီကားတွေရဲ့ လက္ခဏာတစ်ခုပဲ... ဒီလူတွေအားလုံး အရမ်းလှနေတာကို မင်းမြင်တယ်မလား? ငါ ထူးဆန်းတဲ့ အဘိဓာန်တစ်ခုမှာ အရှေ့ရှအင်ပါယာနဲ့ ဆက်ဆံတဲ့ သူတွေ အားလုံးနီးပါးက အရှေ့ရှအင်ပါယာမှာ ရှိတယ်လို့ ပြောကြသလို သူတို့က မအိုကြဘူး လူအကုန်လုံးက အရမ်းငယ်တယ်တဲ့... သူတို့က သေတဲ့အထိ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းနိုင်ကြတယ်လို့တောင် မြောက်ကိုးရီးယားတွေကလည်း ပြောကြတယ်တဲ့"
လူနည်းစု တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ တစ်ခုခုတော့ ဆက်စပ်နေတယ်လို့ ဝူရှဲ့ကတော့ ယူဆမိ၏။ ဖက်တီးမှာတော့ မျက်မှောင်ကြုတ်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ တချို့တိုင်းရင်းသားတွေမှာတော့ သက်ကြီးရွယ်အိုတွေက ဧည့်သည်တွေကို မတွေ့ကြဘူးဟု ဆိုကြ၏။ ဝူရှဲ့ အလေးအနက် မထားဘဲ တခြားလူတွေနဲ့အတူ ဆက်ကြည့်နေလိုက်သည်။
ဘုန်းကြီးဟွာက ပန်းချီကားရဲ့ ဒုတိယအပိုင်းကို လက်ညှိုးထိုးပြပြီး
"ဒီအပိုင်းက တိုက်ပွဲကို မှတ်တမ်းတင်ထားတာ... မင်းတို့ မြင်တယ်မလား? အရှေ့ရှအင်ပါယာက တစ်ယောက်တည်းနဲ့ ဆန့်ကျင် တိုက်ခိုက်နေပေမယ့် မွန်ဂိုတွေက တစ်ယောက်ပြီး တစ်ယောက် ပစ်သတ်ခဲ့တယ်။ နောက်ဆုံးတော့ ဒီစစ်ပွဲက လူသတ်ပွဲကြီး ဖြစ်သွားတယ်.."
ပန်းချီကားများသည် ကြေကွဲဖွယ် စစ်ပွဲကို ဖော်ပြရန်အတွက် အနီရောင်ကို အများအပြား အသုံးပြုထားသည်။ ဒါကြောင့် အစားထိုး ထားတဲ့ အလွှာက အလွန်ပြင်းထန်နေခြင်းပင်။ အရှေ့ရှအင်ပါယာ၏ စစ်သားများသည် အစုလိုက်အပုံလိုက် သွေးအိုင်ထဲတွင် လဲကျနေတာကို မြင်ရပြီး မွန်ဂိုလီးယား သံတပ်သားများသည် ၎င်းတို့၏ အလောင်းများကို နင်းကာ အိမ်များကို မီးရှို့၍ လူသတ်ခြင်းကို စတင်ခဲ့သည်။
နံရံဆေးရေးပန်းချီ၏ တတိယအပိုင်းကို ကျောက်တုံးကြီး တစ်ခု၏ နောက်တွင် ဖိထားလေသည်။ ၎င်းကို သူတို့အားလုံး မရွှေ့နိုင်သော်လည်း အဲဒီပန်းချီကားကလည်း ဤနေရာတွင်ရှိ အကြောင်းအရာ၏ အဆက်အစပ် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိထားသည်။
အဲဒီအချိန်မှာ ဝူရှဲ့ သူ့ကို ပဟေဠိဆန်ဆန် ဝင်နှောက်ယှက်ပြီး မေးလိုက်သည်။
“မဟုတ်သေးဘူး... အရှေ့ရှအင်ပါယာက ဟိုးအရင်တုန်းက မွန်ဂိုလူမျိုးတွေဆီက ဖျက်ဆီးခံခဲ့ရတာ ကြာပြီမလား? ကျွန်တော် အချက်အလက်တွေကို ဖတ်ကြည့်မိတုန်းက သူတို့က နှစ်ပေါင်း ၇၀ ကျော်ပဲ တည်ရှိခဲ့ရုံတင်မကဘူး စစ်ပွဲတွေလည်း ဆင်နွှဲနေခဲ့ရတယ်... တကယ်လို့ သူတို့က တိမ်ထိပ် ကောင်းကင်နန်းတော်ကို တည်ဆောက်ခဲ့မယ်ဆိုရင် အဲဒီလို နိုင်ငံငယ်လေးက ဒီလိုအကြီးစား ဂူဗိမာန်ကို ဘယ်လိုလုပ် တည်ဆောက်နိုင်တာလဲ?"
ဝူရှဲ့ရဲ့စကားတွေ ထွက်လာတာနဲ့ လူတော်တော်များများက သူတို့ရဲ့သံသယ သဘောထားကို ပြသလာခဲ့ကြသည်။ အရှေ့ရှသည် နွီကျန်းခေတ်တွင် ကျီလင်နှင့် ဟေးလုံးကျန်းတို့တွင် ရုတ်တရက် ပေါ်လာသော အစိုးရဖြစ်သည်။ ဝူရှဲ့ရဲ့ မှတ်ဥာဏ်ထဲမှာ တည်ထောင်သူ ဧကရာဇ်ဝမ့်နူဟာ ထီးနန်းကို နောက်မျိုးဆက်တွေဆီ အပ်ဖို့ အချိန်တောင် မရှိခဲ့ပါဘူး။
သူက မွန်ဂိုလူမျိုးများကို မြောက်ကိုရီးယားက ဖျက်ဆီးပစ်ရန် လမ်းလွှဲတစ်ခု ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် မွန်ဂိုလီးယားသည် အလွန်အစွမ်းထက်လှကာ နတ်ဘုရားကိုတွေ့ရင် နတ်ဘုရားကိုတွေ့ပြီး ဗုဒ္ဓကိုတွေ့ရင် ဗုဒ္ဓကိုသတ်မယ့် လူတွေပင်။ ပန်းချီကားပေါ်က မြင်ကွင်းက မွန်ဂိုတွေရဲ့ ဇာတ်ရုပ်ကို ကြည့်ရလျှင် သူတို့သာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့မယ် ဆိုရင် ဒါကြီးက လုံးလုံး ပျက်စီးသွားသင့်ပြီ။
ထိုအချိန်တုန်းက နွီကျန်းလူမျိုးများရဲ့ ဝန်ကြီးဌာန အသီးသီးက ကုန်ထုတ်လုပ်မှု စွမ်းအားက အလွန်နိမ့်ကျနေသေးသည်။ တိုင်းပြည် မပျက်စီးဘူး ဆိုရင်တောင် အလုပ်သမား အများအပြား မရှိရင်တော့ ဒီလို ကြီးမားလှတဲ့ ဂူဗိမာန်ကို ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။
ချန်ဖီအားစစ်က အရှေ့ရှဧကရာဇ်ကို တိမ်ထိပ်ကောင်းကင်နန်းတော်ထဲတွင် အမှန်တကယ် မြှုပ်နှံထားကြောင်း ပြောလေ၏။ ဝူရှဲ့ကတော့ ဘယ်လိုပဲ တွေးနေပါစေ ၎င်းတို့တွင် အဲဒီတုန်းက အချိန်မရှိသလို ခွန်အားလည်း မရှိသောကြောင့် မဖြစ်နိုင်ဘူးလို့သာ ထင်မိသည်။
ထို့ထက် ပို၍ပင် မဖြစ်နိုင်သည့် အကြောင်းအရင်းမှာ ရေအောက် ဂူသင်္ချိုင်းထဲတွင် သူတို့ တွေ့မြင်ရသည့် အရာများအတိုင်း ကောက်ချက်ချပါက ဤဒဏ္ဍာရီလာ ဂူဗိမာန်ကို ဝမ်းချောင်ဟိုင်မှ တည်ဆောက်ခဲ့ပြီး ဘယ်လိုပဲပြောပြော မင်းဆက်မှာ ယွမ်မင်းဆက်ရဲ့ အဆုံးသတ်ကာလမှာ ဖြစ်သင့်သည်။ ထိုအချိန်တွင် အရှေ့ရှအင်ပါယာသည် သုတ်သင်ရှင်းလင်း ခံခဲ့ရတာ နှစ်ရာနှင့်ချီ ရှိပြီဖြစ်ကာ ဧကရာဇ်ကို မြှုပ်နှံရန်အတွက် ဘယ်လိုလုပ် သုံးနိုင်ပါဦးမလဲ။
ဧကရာဇ်ဝမ့်နူကို တိမ်ထိပ်ကောင်းကင်နန်းတော်မှာ မြှုပ်နှံထားတယ်လို့ ချန်ဖီအားစစ်က ဆိုသောကြောင့် သူတို့အားလုံး ချန်ဖီအားစစ်ကို အာရုံစိုက်လာခဲ့သည်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါက လုံးဝဖြစ်နိုင်ချေ မရှိဘူးလို့သာ ထင်ရလေ၏။
ချန်ဖီအားစစ်ကလည်း သူတို့ဘာတွေ တွေးနေလဲ ဆိုတာကို သိနေပုံပဲ။ သူက မျက်နှာဗလာနဲ့ ပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီး ဘုန်းကြီးဟွာကိုလည်း တစ်ချက် ကြည့်လိုက်ပြီး
"မယုံရင်... ဘုန်းကြီးဟွာ... မင်း သူတို့ကို ပြောပြလို့ရတယ်"
ဘုန်းကြီးဟွာက သဘောတူဟန်ဖြင့် ခေါင်းကိုလှည့်ကာ ဆိုလေ၏။
"မင်းတို့သံသယ ဝင်နေတာကို ငါသိတယ်.... ဒါ့အပြင် မင်းတို့စဥ်းစားနေတာ အားလုံး မှားနေပြီလို့လည်း ငါပြောရဲတယ်....မင်းတို့ကြည့်ဖူးတဲ့ အရှေ့ရှနဲ့ ပတ်သက်တဲ့ အချက်အလက် အများစုက မပြည့်စုံတဲ့ ရှေးဟောင်းစာအုပ်တွေ အပေါ်မှာပဲ အခြေခံထားတာ... တကယ်တော့ အရှေ့ရှအင်ပါယာက ထားခဲ့တဲ့ အချက်အလက်တွေက အရမ်းနည်းတယ်... တချို့ နိုင်ငံခြား တိုင်းပြည်တွေမှာတောင် ဒီလိုနိုင်ငံမျိုး ရှိခဲ့တယ်ဆိုတာကို ဝန်မခံထားဘူး... ဒါကြောင့် မင်းတို့ကြည့်နေတဲ့ အချက်အလက်တွေက ဘယ်လောက် မှန်လဲလို့တော့ ပြောဖို့ခက်တယ်"
ဖက်တီးက "ဆိုတော့ မင်းရဲ့အချက်အလက်က မှန်တယ်လို့ မင်းဘာလို့ ပြောနိုင်တာလဲ?"
ဘုန်းကြီးဟွာက "မှန်တယ်.. အဲဒါက ငါတို့ရဲ့ အချက်အလက်က ပိုတိုက်ရိုက်ဖြစ်လို့ပဲ"
သူ့အိတ်ကပ်ထဲက အဖြူရောင် ပိုးထည်တစ်ထည်ကို ထုတ်ပြီး ဝူရှဲ့တို့ရှေ့မှာ ဖြန့်ချလိုက်လေသည်။ ဝူရှဲ့ မြင်လိုက်ရတဲ့ ပစ္စည်းကြောင့် နှလုံးခုန်သံတွေ ရပ်သွားရ၏။ ၎င်းက လေလံပွဲတွင် လေလံတင်ခဲ့သော မြွေမျက်ခုံးငါးကြေးရုပ် ဖြစ်လေသည်။ ဒါက သူတို့လက်ထဲမှာ ဘယ်လိုလုပ် ရှိနေတာလဲ။ ဘယ်သူမှ မဝယ်သွားဘူးလို့ မပြောထားဘူးလား။
ဝူရှဲ့ မျက်မှောင်ကြုတ်ပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ ဘယ်သူမှ မဝယ်သွားတဲ့ ငါးက ချန်ဖီအားစစ်ရဲ့ လက်ထဲမှာ ရှိနေတယ် ဆိုတော့ ချန်ဖီအားစစ်က ဒီငါးကို ရောင်းခဲ့သူလို့ ပြောလို့ရမလား။
သူ့တစ်ကိုယ်လုံးကို တုန်ယင်နေတာကို ထိန်းထားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။ ဒါကြောင့် အရမ်းအံ့သြသွားတဲ့ အမူအရာမျိုး မပြသခဲ့ချေ။ ဒါပေမဲ့ သူ့နှလုံးသားက ရှုပ်ပွနေပြီး မရေမတွက်နိုင်တဲ့ ပြဿနာတွေက သူစိတ်ထဲမှာ ပေါက်ကွဲသွားနေသည်။ ကြောက်ရွံ့နေတာလား သို့မဟုတ် စိတ်လှုပ်ရှားနေတာလား မသိသော်လည်း သူ့ရဲ့ လက်ခြေများကတော့ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဘုန်းကြီးဟွာက ဝူရှဲ့ရဲ့ အမှတ်တမဲ့ အမူအရာကို သတိမထားမိဘဲ ဆက်ပြောလေသည်။
"ဒီကြေးနီငါးမျိုးက နဂါးရဲ့ ပုံသဏ္ဌာန်ပဲ... ဒါကို ငါတို့သခင်ကြီးက မတော်တဆ ရခဲ့တာ... သူက အရှေ့ရှရဲ့ အတွင်းရေး ကိစ္စတွေကို သိတဲ့လူနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းဖြစ်မယ်လို့ ငါ ယုံကြည်တယ်.... ထူးဆန်းတာက သူ ဖုံးကွယ်ထားတဲ့ နည်းလမ်းက အရမ်းကျွမ်းကျင် လိမ္မာပါးနပ်တဲ့ နည်းလမ်းမျိုးပဲ... ဒီကြေးနီငါးမှာ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေ ရှိတယ်... မင်းတို့ကြည့်.... "
သူသည် ကြေးနီငါးကို လေကာမီးဘေးတွင် ထားလိုက်ရာ ရွှေရောင်ငါး အကြေးခွံများသည် ရွှေရောင် အလင်းတန်းများကို ရောင်ပြန်ဟပ်ကာ နံရံဆေးရေး ပန်းချီပေါ်တွင် အစက်အပြောက် များစွာအဖြစ် ရိုက်ခတ်သွားခဲ့သည်။ ဘုန်းကြီးဟွာက ငါးရုပ်ကို လှည့်လိုက်သည်နှင့် နေရာက ပြောင်းသွားသည်။ တဖြည်းဖြည်းနဲ့ ၎င်းသည် စာသားပုံစံ အစက်အပြောက် အနည်းငယ် အဖြစ်သို့ ပြောင်းလဲသွားသည်။
"လျှို့ဝှက်ချက်က ဒီမှာရှိတယ်... ဒီငါးရဲ့အကြေးခွံမှာ ဝှက်ထားတဲ့ နွီကျန်းစာလူံး ၄၇ လုံး ရှိတယ်"
ဝူရှဲ့ခမျာ အာကနဲ ဖြစ်သွားရှာ၏။ ဒီလို ကျွမ်းကျင်မှု တစ်မျိုးလည်း ရှိတယ်လား။ ဝူရှဲ့ သူ့အိတ်ကပ်ထဲမှ ကြေးနီငါးနှစ်ကောင်ကို ဖိလိုက်ပြီး မေးလိုက်သည်။
"အ... အကြောင်းအရာက ဘာတဲ့လဲ?"
"အချက်အလက်တွေ မပြည့်စုံတဲ့ အတွက် အဲဒါတွေ အားလုံးကို ငါလည်း ပုံဖော်မပြတတ်ဘူး ဒါပေမဲ့ ဒီငါးက တချို့အရာတွေကို မှတ်တမ်းတင်ချင်ပြီး တခြားသူတွေကို မရှာစေချင်ဘူးဆိုတာ သေချာတယ်... အဲဒါကလည်း အရှေ့ရှရဲ့ တကယ့်သမိုင်းကြောင်းပဲ ဖြစ်မယ်"
ဘုန်းကြီးဟွာက အနည်းငယ် ဂုဏ်ယူစွာနဲ့ ပြောလေသည်။
"တကယ်တော့ ဒီပစ္စည်းကို မတွေ့ခင်က သဲလွန်စတွေ အရဆို အရှေ့ရှအင်ပါယာက အမြဲတမ်း ရှိနေခဲ့တယ်လို့ ငါ ကောက်ချက် ချခဲ့တယ်.... သူတို့က တောင်တန်းတွေရဲ့ အနက်ပိုင်းအထိ ဆုတ်ခွာသွားကြတာ... နှစ်ရာနဲ့ချီပြီး ဘာကို အားကိုးရမှန်း မသိရလောက်အောင် အရမ်းအားနည်းတဲ့ အဲဒီလူတွေက အရမ်း အားကောင်းတဲ့ မွန်ဂိုလီးယားနှင့် ကိုးရီးယား၂နိုင်ငံ စစ်ပွဲကြားမှာ ရှင်သန်နေခဲ့တယ်... မင်မင်းဆက် တည်ထောင်ချိန်အထိ ရေးထားတဲ့ ကောင်းလိကျစ် မှတ်တမ်းတွေကို ငါလေ့လာခဲ့ဖူးတယ်... အဲဒီမှာ ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး နှင်းဖုံးတောင်တန်းတွေမှာ သွားလာလှုပ်ရှားတဲ့ လူတွေ ရှိတယ်... သူတို့က အရှေ့ရှအင်ပါယာမှာ နေထိုင်ခဲ့တဲ့ လူတချို့လို့ ငါထင်တယ်"
သူက ကြေးနီငါးကို ထပ်မံညွှန်ပြပြီး
“ဒီနေရာက ကြိုကြားမှတ်တမ်းတွေက ငါ့အတွေးတွေ မှန်နေတယ်လို့ သက်သေပြနေတယ်...မွန်ဂိုလီးယားနဲ့ အရှေ့ရှအင်ပါယာရဲ့ အဆုံးအဖြတ် တိုက်ပွဲအပြီးမှာ အရှေ့ရှသည်က ကျီလင်နဲ့ မြောက်ကိုရီးယား နယ်စပ်ကို ဆုတ်ခွာသွားပြီး နှစ်ရာနဲ့ချီ လျှို့ဝှက် နေထိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိတယ်...သူတို့က နှစ်ပေါင်းရာကျော် ရှိနေခဲ့တာကွ... ၁၄ဆက်မြောက် ဧကရာဇ်လက်ထက်ပြီးတော့ မွန်ဂိုလီးယားနဲ့ ဂေါရီယို(မြောက်ကိုးရီးယား) တို့က ဒီနိုင်ငံငယ်လေးကို တစ်ကြိမ်ထက်မက ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် ထူးဆန်းတဲ့ အကြောင်းကြောင့် သူတို့အားလုံး မအောင်မြင်ခဲ့ကြဘူး”
“ဘာကြောင့်လဲ” ဖန့်ကျစ်က မေးလေ၏။
“ဘုန်းကြီး... ခင်ဗျား နည်းနည်းလောက် ပိုပြီး မြန်မြန်လေး ပြောပြလို့ရလား”
ဘုန်းကြီးဟွာက ပခုံးတွန့်ပြပြီး ပြန်ဖြေသည်။
"မသိတော့ဘူး... ငါးနဲ့ပတ်သက်တဲ့ အချက်အလက်တွေက မပြည့်စုံဘူး တခြားအပိုင်းတွေကို တခြားနေရာတွေမှာ မှတ်တမ်းတင်ထားလိမ့်မယ်။ ဒါပေမဲ့ ငါ့လက်ထဲက ဒီစကားလုံး အနည်းငယ်ကို အခြေခံပြီး ပြောရရင် အရှေ့ရှအင်ပါယာက စစ်ပွဲအပြီးမှာ ဆက်တည်နေခဲ့တယ်လို့ ငါပြောရဲတယ်... သူတို့ဆီမှာ အရမ်းထူးထူးဆန်းဆန်း ဖြစ်ပျက်ခဲ့တာတွေ ရှိနိုင်တယ် ပြီးတော့ ငါတို့ ဘာအကြောင်းအရာမှ မရှာနိုင်ခဲ့ဘူး... သဲလွန်စကို ရှာဖို့ ကြိုးစားနေပေမယ့် ကံမကောင်းတာက ငါတို့ရဲ့ သခင်ကြီး (ချန်ဖီအားစစ်)က နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့ပြီး တခြားအပိုင်းတွေကို ရှာမတွေ့ခဲ့ဘူး"
သူခေတ္တရပ်လိုက်ပြီး
"နွီကျန်းရဲ့ နောက်ဆုံးစာကြောင်းက ဘာကို ရေးထားတာလဲ မင်းတို့သိလား?"
ဝူရှဲ့ စိတ်ထဲမှ သေချာပေါက် မသိဘူးပေါ့ဟလို့ အော်လိုက်မိသည်။ ယဲ့ချန်ကလည်း စိတ်ဝင်စားနေတာကြောင့် မေးလိုက်၏။
"ဘာတဲ့လဲ?
ဘုန်းကြီးဟွာက သူတို့ကို ကြည့်ပြီး ခပ်တိုးတိုးလေး ပြောလေသည်။
"ဟိုးအရင်တုန်းက ဝမ့်နူးဧကရာဇ်တွေ အားလုံးက လူသားတွေ မဟုတ်ဘူးလို့ ပြောကြတယ်"
“လူမဟုတ်ဘူး? အဲဒါဆို ဘာကောင်လဲ?” ဖက်တီးက မေး၏။
ထိုအခါ ဘုန်းကြီးဟွာက ကြေးနီငါးကို သိမ်းလိုက်ပြီ။
"သူတို့အားလုံး မြေကြီးထဲကနေ တွားသွားထွက်လာတဲ့ မကောင်းဆိုးဝါးတွေလို ပြောတယ်!"
ဟုတ်ပါ့မလား? အားလုံးက တစ်ယောက်နဲ့ တစ်ယောက်ကြည့်ရင်း ကိုယ်စီအတွေးတွေ တွေးကြည့်မိရင်း ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ ယဲ့ချန်က
"အဲလိုပြောလို့ မရဘူး... ဧကရာဇ်မင်းက လူသား မဟုတ်ဘူးဆိုရင် နဂါးတစ်ကောင်လို့ ဥပစာ ဖော်ညွှန်းရမှာ မဟုတ်ဘူးလား?"
"အစတုန်းကတော့ သူက နဂါးဧကရာဇ်ရဲ့ နိမိတ်လက္ခဏာကို ရည်ညွှန်းတာလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းကျတော့ အဲဒီလူက လျှို့ဝှက်ချက်တချို့ကို မှတ်တမ်းတင်ချင်ခဲ့တာ ဖြစ်နိုင်တယ်... အရှေ့ရှအင်ပါယာရဲ့ သမိုင်းကြောင်းကို ဓမ္မဓိဋ္ဌာန်ကျကျနဲ့ မှတ်တမ်းတင်ခဲ့တာ ဆိုတော့ အဲဒီလို ဥပစာအသုံးအနှုန်းကို လေးစားထိုက်တဲ့ ဘာသာစကားနဲ့ ရေးသားထားမှာ မဟုတ်ဘူး ပြီးတော့... မင်းပြောသလို ဧကရာဇ်မင်းက စစ်မှန်တဲ့ နဂါးဖြစ်တယ် ဆိုတဲ့ အယူအဆကို တစ်စုံတစ်ယောက်က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဘာလို့ ထင်တာလဲ? အရင်ဆုံး ဥပမာပြောရရင် အဲဒီဧကရာဇ်ရဲ့ မွေးနေ့ပွဲမှာ မင်းက အရှင်မင်းကြီး ကိုယ်တော်က လူသားတစ်ဦး မဟုတ်ဘူးလို့ သွားပြောကြည့်... မင်း ဒုတိယစာကြောင်းကိုတောင် ပြောလို့ မပြီးသေးဘူး အပိုင်းပိုင်း ခုတ်ထစ်ခံနေရလောက်ပြီ... အဲ့တော့ သူက လူ မဟုတ်ဘူးလို့ ရေးမယ့်သူ မရှိဘူးလေ...အခု ငါရထားတဲ့ အချက်အလတ်က ရှင်းရှင်းလင်းလင်းနဲ့ ရုတ်တရတ် ရေးထားတာ... တခြားအပိုင်းတွေ ရနိုင်ရင် ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ် ပုံဖော်နိုင်မယ်လို့ ထင်ရတယ်”
ဖက်တီးနဲ့ မျက်နှာသေတို့ နှစ်ယောက်စလုံးက ဝူရှဲ့လက်ထဲမှာ တခြားကြေးနီငါး နှစ်ကောင် ရှိနေတာကို သိပေမယ့် သူတို့ဟာ သတိထားပြီး ဘာမှမပြောလာပေ။ ဝူရှဲ့လည်း အိတ်ကပ်ထဲက ကြေးနီငါးကို ဆွဲယူလိုက်ပြီး ရုတ်တရက် သူတို့နှစ်ကောင်မှာ လေးလံသွားတယ်လို့ပင် ခံစားလိုက်ရသည်။
ဒီငါးနှစ်ကောင်ကို ထုတ်ရမလား ဆိုတာတော့ မသိသေးပေ။ တကယ်တော့ ဒီငါးနှစ်ကောင်က သူ့အတွက် ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ သူက နွီကျန်းစာတွေကိုလည်း မဖတ်တတ်လို့ မြင်ရလည်း နားလည်မှာ မဟုတ်ချေ။ ဒါပေမဲ့ သူတို့ကို ပေးလိုက်တာက မသင့်တော်ဘူးလို့ပဲ ခံစားနေရသည်။
ဖန့်ကျစ်က ပန်းချီကားကို စိုက်ကြည့်ကာ တစ်ယောက်တည်း စကားပြန်ပြောသည်။ ပန်းချီကားပေါ်ရှိလူမှာ ဧကရာဇ်ဝမ့်နူ ဖြစ်နိုင်၏။ သူသည် လူနှင့်သာတူပြီး မကောင်းဆိုးဝါးပုံ မပေါက်ပေ။ ဖက်တီးက သူ့ကို လက်ဖြင့်ပုတ်ကာ ဘုန်းကြီးဟွာဘက်ကိုလည်း လှည့်ပြောလိုက်သည်။
“အစ်ကိုရဲဘော်... ဘာကို ပုံဖော်နေတာလဲ? ငါတို့ကတော့ လူအစစ်တွေပါကွ... ပညာတတ်တွေလို မလုပ်နဲ့ ခေါင်းတလားကို ဖွင့်လိုက်တာနဲ့ လူလား ခွေးလား ရှင်းသွားလိမ့်မယ်"
ဘုန်းကြီးဟွာက ပြုံးပြီးပြော၏။
"ငါဆိုလိုတာက ရန်သူရဲ့ အသွင့ကို အမြဲသိထားတာက ပိုကောင်းတယ်လေ"
“ဒါပေမဲ့ ဒီပန်းချီကားကို ဆွဲတဲ့သူက ဘာလို့ ဒီကို ဒီပန်းချီကားတွေကို ဒီမှာ ရေးဆွဲရတာလဲ? တိုင်းပြည်နဲ့ မိသားစုရဲ့ ရန်ငြိုး မုန်းတီးမှုကို မမေ့နိုင်လို့များလားနော်”
ဖက်တီးက ဆက်မေးရာ ဘုန်းကြီးဟွာက သေချာမသိတာကြောင့် ခေါင်းခါပြလိုက်သည်။ ဝူရှဲ့လည်း ဒီအချက်ကို တွေးကြည့်နေတာကြောင့် ဆိုလိုက်သည်။
"ဒီမှာ ပန်းချီကားတွေကို ဆွဲပြီးတာနဲ့ ကျောက်တုံးတွေကို အစိတ်စိတ် အမြွှာမြွှာ ဖြိုချပစ်ချင်နေခဲ့တာ ဖြစ်နိုင်တယ်...ဒါမှမဟုတ် အချိန်ကိုသတ်ဖို့ အလောတကြီး ခြယ်သလိုက်တာ ဖြစ်မယ်... ဒါကို ကြည့်လိုက်... နွေးထွေးနေတာပဲ အဲဒီအချိန်တုန်းက လက်သမားဆရာတွေ ဒီနေရာကို အနားယူဖို့ သုံးခဲ့တာ ဖြစ်နိုင်တယ်။ယ”
ဘယ်သူကမှ ဝူရှဲ့စကားကို ခွန်းတုံ့မပြန်သလို မယုံကြည်တဲ့အတွက် ဘုန်းကြီးဟွာက မှတ်တမ်းအဖြစ် သိမ်းထားဖို့ ဒီအရာတွေကို ဓာတ်ပုံရိုက်ပါတော့သည်။
သူတို့ လုံလောက်စွာ အနားယူပြီးနောက် စိတ်ဓာတ်များလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ အလှည့်ကျ အနားယူရန် စတင်လိုက်ပါ၏။ ချန်ဖီအားစစ်က သူ့လူများကို အပြင်ထွက်ပြီး အပြင်ထွက်ကြည့်ရန် စေခိုင်းလိုက်ကာ အလှည့်ကျ အိပ်စက်ကြသည်။
ဝူရှဲ့ နိုးလာတဲ့အခါ ရွှင့်ကျစ်လည်း နိုးလာပြီ။ သူက သူတို့ကို တောင်းပန်နေခဲ့၏။ ဖက်တီးကတော့ သူ့ကိုဂရုစိုက်ဖို့ ပျင်းလွန်းနေသဖြင့် ဘာမှ မဆိုလာချေ။ ဝူရှဲ့လည်း သူ့စားဖို့ တစ်ခုခုယူလာပေးပြီး ကောင်းကောင်း အနားယူခိုင်းလိုက်သည်။ သူတို့တောင် ဆက်တက်ဖို့ ရွှင့်ကျစ်ကို အားကိုးရဦးမယ်လေ။
အထဲမှာ နေနဲ့လ လှည့်ပတ်မှု မရှိသလို အချိန်ဘယ်လောက် ကြာသွားလဲ မသိချေ။ နှစ်ရက်သုံးရက်လောက် ကြာမှ နှင်းတွေကျတာ ရပ်တန့်သွားသည်။ ဝင်လာတုန်းက အက်ကွဲကြောင်းအတိုင်း တစ်ယောက်ပြီး တစ်ယောက် ပြန်တက်သွား၏။ အပြင်မှာ နေက တောက်နေပြီး နေရာတိုင်းမှာ အဖြူရောင်ကမ္ဘာကြီး ဖြစ်လို့နေသည်။
ကွာဟနေသည့် အက်ကြောင်းထဲတွင် ချန်ဖီအားစစ်သည် ခြေထောက်ချွေးများကို စုပ်ယူနိုင်ပြီး ခြောက်သွေ့စေမယ့် အရာတွေ၊ တစ်ကိုယ်လုံးကို နွေးထွေးစေမည့် သန့်စင်သော လက်သုတ်ပုဝါများ ကဲ့သို့သော လုပ်သင့်လုပ်ထိုက်သည့် နှင်းတောင်တက်ခြင်းဆိုင်ရာ အကြံပြုချက်များစွာကို သင်ပေးပါသည်။ သူ့နည်းလမ်းကို လိုက်နာကြည့်တော့ တကယ်ကို ကောင်းမွန်နေတာ တွေ့ရ၏။ သို့သော် ရှေးခေတ် ဂူသင်္ချိုင်းအတွင်းသို့ ဝင်၍ ဤအရာများကို စွန့်ပစ်ခဲ့ပါက မည်သို့မည်ပုံ ဖြစ်မည်ကို တွေးတောရင်း ကိုယ့်ကိုကိုယ် အလွန် ငြီးငွေ့စရာကောင်းတယ်လို့ ခံစားလာခဲ့ရသည်။
မတ်စောက်တဲ့ တောင်စောင်းကို တက်ဖို့ဆို ကြိုးတွေကို သုံးရသည်။ မြေပြင်ပေါ်မှာ မြင်းခွာရာ အသစ်တွေ အများကြီး တွေ့လိုက်ရတဲ့အခါ ဖက်တီးက ငုတ်တုတ်ထိုင်ကြည့်ပြီး ပြောလေ၏။
“အားနင်ရဲ့ ဂိုဏ်းက ငါတို့ကို ကျော်ပြီး ပြေးသွားပုံရတယ်... ငါတို့ရှေ့မှာ ရောက်နေလောက်ပြီ"
သူတို့အားလုံး စကားမပြောဘဲ နေကာမျက်မှန်တွေ တပ်ပြီး ချက်ချင်း ထွက်ခွာလိုက်သည်။ နောက်နှစ်နာရီကြာတော့ အားနင်ရဲ့အဖွဲ့ကို တောင်ကုန်း တစ်ခုပေါ်မှာ လှမ်းတွေ့လိုက်ရသည်။ သူတို့လည်း အရှုံးပေါ်ခဲ့တာ ထင်ရှားပေ၏။ အကြောင်းမှာ လူသုံးဆယ်မှာ နှစ်ဆယ်ပဲကျန်တော့ကာ မြင်းစီးရေ အရေအတွက်ကလည်း နည်းနေပြီ။ သူတို့ထဲတွင် ဦးလေးသုံးရဲ့ အရိပ်ကိုတော့ မတွေ့ရသေးချေ။
အားလုံး တိတ်တိတ်ဆိတ်ဆိတ် ပုန်းနေပြီး တစ်ဖက်ကအဖွဲ့ကို စောင့်ကြည့်နေလိုက်သည်။ အားနင်က အဝေးကြည့် မှန်ပြောင်းနဲ့ တစ်နေရာကို လှမ်းကြည့်နေတာ တွေ့လိုက်ရတော့ သူမ ကြည့်နေတဲ့ ဘက်ကို လှမ်းကြည့်လိုက်တော့ ရုတ်တရက် ဝူရှဲ့မျက်ခွံတွေ လှုပ်ခတ်သွားတော့သည်။
အဝေးတစ်နေရာမှာ နှင်းတွေလား တိမ်လား မသိပေမယ့် နှင်းဖုံးနေတဲ့ တောင်ကြီးက ခံ့ညားစွာ တည်ရှိရပ်နေ၏။ တခြားတောင်တွေနဲ့ ဆက်စပ်နေပြီး ကြည့်လိုက်တာနဲ့ ရုတ်ခြည်းဆိုသလို မြင်ရလေသည်။ အဲဒါက ပင်လယ်ရေအောက် ဂူသင်္ချိုင်းထဲမှာ မြင်ခဲ့ရတဲ့ တောင်တန်းနဲ့ အတိအကျ တူနေကာ သူ့ပုံသဏ္ဌာန်က ရုပ်ရှင်ထဲကအတိုင်း အတိအကျနီးပါး တူနေပေ၏။
"အဲဒီနေရာပဲ!!" လို့ ကိုယ့်ဘာသာကို တွေးပြီး ရွှင့်ကျစ်ဘက်ကို လှည့်ကာ မေးလိုက်သည်။
"အဲဒီမှာ ရှိနေတာက ဘာတောင်လဲ? အဲဒီကို ဘယ်လိုသွားရမှာလဲ?"
ရွှင့်ကျစ်က သူ့နဖူးပေါ်ကို လက်တင်လိုက်ပြီး တစ်ဖက်က တောင်တန်းအား လှမ်းကြည့်လိုက်တဲ့အခိုက် သူ့အမူအရာက ပြောင်းသွားလေသည်။
"လတ်စသတ်တော့ ခင်ဗျားတို့သွားချင်နေတာ အဲဒီနေရာကိုး.... အဲဒီကို သွားလို့မရဘူး!"
Volume 2 ပြီးသွားပါပြီ။ Volume 3 မှာ တိမ်ထိပ်ကောင်းကင်နန်းတော်ရဲ့ ဒုတိယအပိုင်း ဆက်လာပါမယ်။