ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)
Chapter (46)
ရိုးရှင်းတဲ့အဖြေ
အဘိုးအိုသည် ချောင်ရှား လေယူလေသိမ်းကိုမှ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလာခဲ့ပြီး သူ့စကားများထဲက အကြောင်းအရာသည် ဝူရှဲ့ကို အံ့အားသင့်သွားစေခဲ့သည်။
သူ အဘိုးအိုကို တိတ်တိတ်လေး ကြည့်လိုက်မိသည်။ သူပုံစံက အရမ်းထူးဆန်းနေပုံရ၏။ အသက် ခုနစ်ဆယ်ကျော်လောက် ရှိပုံရကာ ပိန်ပိန်ပါးပါးနဲ့ အရပ်ပုတယ်။ မျက်ခုံးကြားမှာ ယင်ဓာတ် သဲလွန်စတွေ ရှိနေကာ အနည်းငယ် ရှုံ့တွနေသည်။ သူ့တွင် ဘီယာပုလင်းဖင်ရဲ့ အောက်ခြေပုံသဏ္ဌာန်ရှိသော စာဖတ်မျက်မှန်လည်း ပါရှိပါသေး၏။
ဒီလိုမျိုး ဝတ်ထားတာက ဒီကိုလာတဲ့ ရိုးရိုးဧည့်သည်နဲ့ မတူပေ။ သို့သော် ဒုတိယဦးလေးရဲ့ လက်ဖက်ရည်ဆိုင်တွင် အရည်အချင်းရှိသူ များစွာ ရှိသောကြောင့် စားပွဲထိုးများက မအံ့သြပေ။ ယနေ့ခေတ်တွင် အဲ့လိုဝတ်ထားတဲ့ လူက ဘယ်သူမဆို ဖြစ်သွားနိုင်သည်။
ဝူရှဲ့ ငြိမ်ငြိမ်လေးနေပြီး ထိုသူဘာလုပ်မယ် ဆိုတာကို စောင့်ကြည့်နေသည်။ ထိုလူက စာအုပ်ကို ကောက်ကိုင်လိုက်ပြီး သူ့ထိုင်ခုံဆီကို နောက်ပြန်လှည့်၍ ထွက်သွားလေ၏။ သူ့နောက်ကျောက အရမ်းဖြောင့်ပြီး ခြေလှမ်းတွေကလည်း သွက်သွက်လက်လက်နဲ့ ဖြစ်ရာ သူဟာ ကိုယ်ခံပညာရှင် မဟုတ်ရင် သူအရင်က စစ်သားတစ်ယောက် ဖြစ်ရမည်။
သူ့ရဲ့စားပွဲဝိုင်းမှာ သက်ကြီးရွယ်အိုများ နှင့် စကားစမြည် ပြောနေကြသည့် တခြားလူများစွာလည်း ရှိသေးသည်။ အဘိုးကြီး ပြန်လာတာကို မြင်သောအခါ အားလုံးကသူ့ကို လေးလေးစားစား ကြည့်နေကြ၏။
ဝူရှဲ့လည်း လက်ဖက်ရည်ကို တိတ်တိတ်လေး ယူလာပြီး သူတို့နောက်မှာ ထိုင်လိုက်ရင်း အဘိုးကြီး ပြောတာကို နားထောင်ဖို့ နားရွက်တွေ ဖေါ့ခနဲ ထောင်ထားလိုက်သည်။
ပထမတော့ လူကြီးတွေက စတော့ဈေးတွေအကြောင်း ခဏလောက် စကားစမြည် ပြောကြသည်။ အဲဒါက သူ့အတွက် သိပ်အဆင်မပြေပါဘူး။ နာရီဝက်လောက် ကြာတော့ အဘိုးအိုက သူ့မဂ္ဂဇင်းကို ယူလာတာကို သတိရသွားပြီး သူ့စကားသံကို ကြားလိုက်ရ၏။
"လာ လာ လာ... မင်းတို့အတွက် စိတ်ဝင်စရာကောင်းတဲ့ ကိစ္စရှိတယ်"
သူကပြောလည်းပြော မဂ္ဂဇင်းကို လှန်ပြီး မီးလောင်ထားတဲ့ စာမျက်နှာကို လှည့်ကြည့်လိုက်တော့ တစ်ခုခု မှားနေပြီဆိုတာ သိနေပုံပင်။ သူက အကျယ်ကြီး ထုတ်ပြောဖို့တောင် မဝံ့ရဲတော့ဘဲ အဘိုးအိုကြီးတွေကို ထပ်ပြောပြန်သည်။
"လာကြည့်ကြည့်စမ်း... ဒီမြေပုံရဲ့ ထူးခြားချက်က ဘာပါလဲ ဆိုတာ ငါ မင်းတို့ကို စမ်းသပ်ချင်တယ်"
အဘိုးအိုတွေက ဝိုင်းကြည့်လာကြပြီး စကားတွေ အများကြီး ပြောကြသည်။ စီးကရက်မီး ပေါက်နေတဲ့ မြေပုံတစ်ခုရဲ့ ထူးခြားချက်က ဘာလဲလို့ တွေးနေကြ၏။ အဘိုးကြီးတွေက ဟာသတွေ ဖယ်ထုတ်တဲ့ နေရာမှာ တကယ်ကို ကောင်းကြသည်။ တချို့က အဲဒါကို သုံးပွင့်ဆိုင် အခြေအနေထဲတောင် ဆွဲထည့်လိုက်ကြသေးသည်။ သို့သော် အဘိုးအိုက မဟုတ်သေးဘူးဟူ၍ ခေါင်းလာလေသည်။
ဒါကိုကြားတော့ ဝူရှဲ့မှာ အူတွေယားယံလာပြီး အဖြေကို မကြာခင် ကြေညာပေးလာဖို့တောင် မျှော်လင့်နေမိသည်။
ဘယ်သူမှ စကားမပြောနိုင်တာကို မြင်တော့ အဖိုးအိုက ရယ်မောပြီး ရုတ်တရက် သူ့အသံကို လျှော့လိုက်ကာ ဝူရှဲ့ နားမလည်နိုင်တဲ့ အရာတစ်ခုကို ပြောလိုက်သည်။ တခြားလူများစွာသည် ချက်ချင်း စိတ်လှုပ်ရှားလာပြီး မဂ္ဂဇင်းကိုဖတ်ရန် အမြန် ခေါင်းငုံ့လိုက်ကြသည်။
ဝူရှဲ့မှာ ရုတ်တရက် စိတ်ဓာတ်ကျသွားသလိုပင် ခံစားလိုက်ရသည်။ ဒါဆို သူတို့က ဘာဒေသိယစကား ပြောနေကြတာလဲ။ သူသိချင်တဲ့ အကြောင်းအရာတွေ သိဖို့ ကံကြမ္မာက မျက်နှာသာ မပေးတာများလား။
သူ မမျှော်လင့်ထားတဲ့ အရာကတော့ ဒီလူအုပ်စုကြားက နောက်ဆက်တွဲ စကားပြောဆိုမှုတွေ အားလုံးဟာ ထူးဆန်းတဲ့ ဘာသာစကားကို အသုံးပြုကြလိမ့်မယ်လို့ပင်။ အချိန်အတော်ကြာအောင် ဂရုတစိုက် နားထောင်ပြီးနောက် တရုတ်ဘာသာစကား မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဒီလူတွေက ဘယ်ကများ လာကြတာလဲ။
အချိန်အတော်ကြာတဲ့အထိ ထပ်နားထောင်ပြီးနောက် သည်းမခံနိုင်တော့ဘဲ စိတ်တွေ ပူလာပြီး 'ငါ့ကို နားမလည်စေချင်ဘူးပေါ့ ဟုတ်လား ငါမေးပြမယ်...ငါ့ကို အရူးလုပ်လို့ မရဘူး" စိုးရိမ်တကြီးနဲ့ မတ်တပ်ထရပ်ပြီး တက်ကြွတဲ့ လူငယ်တစ်ယောက်လို ဟန်ဆောင်ကာ သူတို့အနားကို လျှောက်သွားလိုက်သည်။
"ဒီကလူကြီးတွေက ဘယ်ကလာတာလဲဟင်? ဒီစကားတွေက ဘာလို့များ ထူးဆန်းနေတယ်လို့ ခံစားနေရပါလိမ့်??"
ဟန်ကျိုးက ပေကျင်းနဲ့မတူဘဲ လက်ဖက်ရည်ဆိုင်ဝင်းထဲက လူအနည်းစုဟာ တစ်ယောက်နဲ့ တစ်ယောက် သိသွားကြတဲ့ ရုတ်ချည်း အခြေအနေမျိုး ရှိကြ၏။ ဝူရှဲ့မှာ မေးပြီးမှ နောင်တရသွားသည်။ သူ မျက်တောင်လေး ခတ်ပြလိုက်သင့်လား။
မထင်မှတ်ပဲ အဘိုးအိုတွေက အံ့အားသင့်သွားပုံဖြင့် ရယ်မောလိုက်ကြသည်။ မဂ္ဂဇင်း စာအုပ်ကို ယူတဲ့လူက ပြောလာ၏။
"ကောင်လေးရေ မင်း နားမလည်တာ သာမာန်ပါပဲ.... ဒါက မြောင်လူမျိုးတွေရဲ့ ဒေသိယစကားပဲ... တစ်တိုင်းပြည်လုံးမှာ လူတစ်ထောင်ထက်မနည်း ပြောတတ်တယ်"
"လူကြီးတို့က မြောင်လူမျိုးတွေလား? ဘာလို့မတူပါလိမ့်နော်?"
လူကြီးတွေက ရယ်ပြီး ပြန်မဖြေပေ။ ဒီလူတွေက စကားပြောတတ်ကြတာ တစ်ခုခုမေးလို့ ရနိုင်တာကို တွေ့တော့ ဝူရှဲ့ သူ့အရှိန်ကို ထပ်မြန်လိုက်ပြီး
"မရယ်ကြပါနဲ့ဗျာ.... ဒီကလူကြီးတွေ ပြောတာကို ကျွန်တော် ကြားလိုက်သေးတယ် ဘာကိုဖုန်းရွှေ ဗျူရိုလဲဟင်? ဒီမြေပုံကို ကျွန်တော် ချခဲ့လိုက်တာလား... အဲဒါက တစ်မျိုးမျိုး ထူးခြားနေလို့လား?"
ခေါင်းဆောင် အဘိုးအိုက သူ့ဘက်ကို လှည့်ကြည့်လာပြီး ဆို၏။
"လူငယ်လေး ဖုန်းရွှေကို စိတ်ဝင်စားလို့လား? ဒီပညာကို မင်းသင်လည်း နားမလည်လောက်ဘူး"
"နားလည်ပါတယ် နားလည်ပါတယ်"
မြန်မြန်ပြောနိုင်အောင် ဝူရှဲ့မှာ သူ့ခြေထောက်တွေကို နမ်းလိုက်ချင်မိပေမယ့် တကယ်တမ်း သူပြောလိုက်တာက
"ကျွန်တော့်ကို ဘယ်လိုပြောပြော ပြောပြကြည့်ပါလား? ကျွန်တော်လည်း မျက်လုံးဖွင့် နားပွင့် ဖြစ်သွားတာပေါ့"
အဘိုးကြီးနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး မင်းလုပ်ထားတဲ့ အစက်သုံးစက်မှာ ထူးခြားချက်တွေ ရှိတယ်.... အဲဒါတွေကို ချိတ်ဆက်ပြီး ဘေးကိုဖြတ်ကြည့်လိုက် ဘာမြင်လဲ?"
ဝူရှဲ့ မဂ္ဂဇင်းကို ကောက်ကိုင် ကြည့်လိုက်တော့ ရုတ်တရက် အေးခနဲ ဖြစ်သွားတော့သည်။
"ဒါ....."
ချီမန်တောင်ရှိ အနောက်ကျိုးမင်းဆက် ဂူသင်္ချိုင်းများ၊ ကွမ်ရှီးရှိ ဝေါ့ဖူလင် ဘုရားကျောင်းမျှော်စင် မြေအောက်နန်းတော်နှင့် ရှီရှားရှိ ပင်လယ်ရေအောက် သင်္ချိုင်းဂူများသည် တရုတ်ကမ်းရိုးတန်းတစ်လျှောက် မျဉ်းကွေးများဖြင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ ပုံသဏ္ဌာန်က အလွန်ရင်းနှီးနေရာ အနီးကပ် ကြည့်လိုက်တော့ နဂါးပုံသဏ္ဌာန် သွေးပြန်ကြောတွေ ပေါ်ထွက်လာ၏။
သူ့မျက်နှာကို ပါးရိုက်ချင်လိုက်ချင်တော့သည်။ စိတ်ထဲကလည်း 'ဝူရှဲ့ရာ မင်းဘာလို့ ဒီလောက် တုံးနေရတာလဲ! မြေပုံပေါ်မှာ ဘယ်လိုဆွဲရမှန်းကိုတောင် မသိခဲ့ဘူး ဒီနေရာတွေမှာရှိတဲ့ မတူညီတဲ့ မင်းဆက်တွေကိုပဲ ဂရုစိုက်ပြီး သူတို့ကြားက ဆက်ဆံရေးကို ဘာလို့ မစဉ်းစားမိတာလဲ' ဟု တွေးနေမိတော့သည်။
အဘိုးအိုသည် ဝူရှဲ့ အံ့အားသင့်ဖွယ်ရာ သဲလွန်စများကို မြင်ပြီဆိုတာ သိလိုက်ရသဖြင့် အနည်းငယ် သဘောကျသွားသလို ခံစားလိုက်ရကာ
"ဒါက သိပ်မသိသာတဲ့ 'ရေနဂါးထွက်ပေါ်ခြင်း' ပဲ.... ပြောရမယ်ဆိုရင် ပင်လယ်ထဲက ပုန်းကွယ်နေတဲ့ နဂါးလို့ ခေါ်တယ်.... ဒါပေမဲ့ ဒီဗျူရိုက နည်းနည်းလေး တိုနေသေးတယ်... ဘာလဲဆိုတော့ နဂါးခေါင်းလိုနေတာ”
သူပြောရင် စီးကရက်ကို ကောက်ကိုင်လိုက်ပြီး မဂ္ဂဇင်းပေါ်က ချောင်ပိုင်တောင်ရဲ့ တည်နေရာကို ညွှန်ပြလိုက်သည်။ မဂ္ဂဇင်းက ဆေးလိပ်သောက်ထားတဲ့ မီးနဲ့ထိနေပေမယ့် လုံးဝ မတုံ့ပြန်နိုင်တော့ဘဲ ခဏလောက်အထိ အံ့အားသင့်သွားပြီး
"ဒါ~ ဒါက ဆရာကြီး... ဒီဂိမ်းရဲ့ ရည်ရွယ်ချက်က ဘာများလဲ?"
အဘိုးအိုက ရယ်မောရင်း
“ကြည့်... ဟိုဘက်ခြမ်းက တောင်ထွတ်လို့ ခေါ်တဲ့ တောင်ထိပ်တွေလို့ ခေါ်တယ်...ချောင်ပိုင်တောင်၊ ချင်လင်တောင်၊ ချီမန်တောင်နဲ့ ခွင်လွန် တောင်တွေကို မြေကြီးနဲ့ ချိတ်ဆက်ထားတဲ့ ဒီအချက်တွေကို ကြည့်လိုက်... ဒါက နဂါးတစ်ထောင် အမြီးဖိအားလို့ ခေါ်တယ် တရုတ်ပြည်က နဂါးသွေးပြန်ကြောတွေ ဆိုတာ မြေအောက်မှာ ဆက်စပ်နေတတ်တယ်။ ဖုန်းရွှေနဲ့ ကြည့်တဲ့အခါကျရင် သဘာဝအတိုင်း စွမ်းအင်စုဆောင်းဖို့နဲ့ လေရဲ့လိုင်းတစ်ခုလုံးကို သိုလှောင်ဖို့ မရေမတွက်နိုင်တဲ့ နေရာတွေရှိရတယ်... မင်းထားခဲ့တဲ့ ဒီအမှတ်တွေက အရေးကြီးတဲ့ ရတနာတွေပဲ... တစ်ဖက်က ရေထဲမှာရှိပြီး တစ်ဖက်က ကမ်းစပ်မှာ ရှိနေတယ် အဲဒါကြောင့် ရေနဂါးထွက်ခြင်းလို့ ခေါ်တယ်”
"ဒါပေမဲ့ ဒီလို ဦးခေါင်းကြီးတဲ့ ဖုန်းရွှေမျိုးက သိပ်မသုံးပါဘူး..... ဒီဖုန်းရွှေ အမျိုးအစားနဲ့ မြင်ရတဲ့ နဂါးအကြောတွေက အတော်လေး စိတ္တဇဆန်တယ်... သူတို့ကို နဂါးခေါင်းကြီးလို့ ခေါ်ကြတယ်။ ရှေးခေတ်တုန်းက ဗေဒင်တွက်တဲ့အခါ သုံးတတ်တယ်...အဲဒီကနေ ပေကျင်းမြို့ရဲ့ တည်နေရာက အဆုံးအဖြတ် ပေးတာပေါ့ ဧကရာဇ်မင်းဆက် အတွက် ဂူဗိမာန်ကို ရွေးချယ်တဲ့ ဖုန်းရွှေပညာကတော့ ကြီးလွန်းတော့ ငါ့လည်း အဲဒီအကြောင်းကို နည်းနည်းပဲ သိတယ်....ဆရာကြီး ဆိုရင်တော့ မင်မင်းဆက် အစောပိုင်းက ဝမ့်ချောင်ဟိုင် ဖြစ်မယ်ဆိုရင် ဦးခေါင်းကြီး ဖုန်းရွှေပညာက သူ့လက်ထဲကနေ ထွက်ပေါ်လာခဲ့တာပဲ"
[TN - ဝမ်းချောင်ဟိုင်ကို အရင်က ဝမ်ကျန့်ဟိုင်လို့ ဘာသာပြန်ခဲ့ပါတယ်။ အသံထွက်အမှန်က wāng cáng hâi ပါ ဝမ်းချောင်ဟိုင်ပါ cáng က အသံထွက်ယူရခက်လို့ ချောင်လို့ပဲ ယူလိုက်ပါတယ်]
ဒီစကားကို ကြားလိုက်တာနဲ့ ဝူရှဲ့ သူ့မျက်လုံးတွေ မှိတ်တက်သွားပြီး အာရုံကြောတွေ ပွင့်သွားသလိုတောင် ခံစားလိုက်ရသည်။ မှန်းဆလို့မရတဲ့ အရာတွေ တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲ ပေါ်လာတော့သည်။
လုနန်းတော် အပြင်ဘက်ရှိ ဝူဖန်းလင် လူသေဂူအတွင်းထဲရှိ ဆဋ္ဌဂံခေါင်းလောင်းက ဘာကြောင့် ပင်လယ်ရေအောက် ဂူသင်္ချိုင်းထဲမှာ ပေါ်လာရတာလဲ။ အနောက်ကျိုးမင်ဆက် အုတ်ဂူထဲက ရုပ်ကြွင်းက မြွေမျက်ခုံးငါးကြေးရုပ် အဖြစ် ပြောင်းလဲသွားရခြင်း အကြောင်းရင်းက ရှင်းပါ၏။ အကြောင်းမှာ အဲဲဒီနေရာများ အားလုံးကို ဝမ်းချောင်ဟိုင် သွားခဲ့ဖူးတာကြောင့်ပဲ။
ရေနဂါး၏ ရတနာမျက်လုံးသည် အများအားဖြင့် နဂါး၏သွေးကြောများက လေကိုဖုံးကွယ်ကာ စွမ်းအင်စုဆောင်းရာ နေရာဖြစ်လို့ အများအားဖြင့် အဆောက်အအုံ သို့မဟုတ် ဂူဗိမာန်တစ်ခုကို ဆောက်လုပ်ကြသည်။ ဤအဖိုးတန် မျက်လုံးများတွင် ကြေးနီငါးထည့်ရခြင်း၏ ရည်ရွယ်ချက်ကို မသိသေးသော်လည်း ဖုန်းရွှေ၏ ယေဘူယျ အလေ့အကျင့်အရဆို ဤဖုန်းရွှေ လိုင်းခေါင်းကြီးသည် ချောင်ပိုင်တောင်ပေါ်ရှိ နဂါးခေါင်းအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လိမ့်မည်။
ဤအရာအားလုံးသည် တိမ်ထိပ်ကောင်းကင်နန်းတော် အတွက် ဖြစ်သည်။ သူအရမ်းကို စွဲလန်းနေခဲ့တာပဲ။ ဒီလောက် ကြိုးစားအားထုတ်နေတာ အံ့သြစရာတော့ မရှိတော့ပေ။ ဤသို့ဆိုလျှင် တိမ်ထိပ် ကောင်းကင်နန်းတော်ထဲမှာ ဘယ်သူ့ကို သင်္ဂြိုဟ်ခဲ့တာလဲ။
အဘိုးအိုက ဝူရှဲ့တစ်ယောက် အတွေးတွေ ပျောက်ပြီး ဘာတွေ တွေးနေမှန်း မသိတာကြောင့် သူတို့တွေက မတ်တပ်ထရပ်ပြီး မဂ္ဂဇင်းကို ဝူရှဲ့လက်ထဲ ထည့်ခဲ့လိုက်သည်။
ဝူရှဲ့ အတွေးလွန်နေတာကြောင့် ဘာမှ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ ထို့နောက် သူ့ဆီကို ဆက်သွယ်နိုင်မယ့် အချက်အလက်ကို တောင်းဖို့ သတိရတဲ့ အခါမှာတော့ ထိုလူက လက်ဖက်ရည်ဆိုင်က ထွက်သွားခဲ့ပြီ။ ဝူရှဲ့ ပြေးထွက်ကြည့်လိုက်သော် ထိုလူသည် သူ့မျက်မှန်ကို ချွတ်လိုက်တာကြောင့် သူ့မျက်လုံးများနှင့် မျက်နှာအသွင်အပြင်ကို မြင်လိုက်ရရာ ဝူရှဲ့ လိုက်မသွားနိုင်တော့ဘဲ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ထိုလူရဲ့မျက်လုံးထောင့်ကစပြီး အလွန်ကြောက်စရာကောင်းတဲ့ အမာရွတ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအမာရွတ်ဟာ သူ့နှာခေါင်းကို ဖြတ်ပြီး နောက်တစ်ဖက်က သူ့မျက်လုံးထောင့်မှာ အဆုံးသတ်နေတာကို တွေ့ရကာ ချွန်ထက်တဲ့ လက်နက်နဲ့ ခြစ်မိသလိုမျိုး သူ့နှာခေါင်းမှာ အစွန်းအထင်း တစ်ခုလည်း ရှိနေသည်။
သူ့မျက်လုံးတွေကို မြင်လိုက်ရချိန် ဝူရှဲ့ ထိတ်လန့်သွားပြီး သူ့နောက်ကို လိုက်ဖို့ မေ့သွား၏။ ဝူရှဲ့ သတိပြန်ဝင်ချိန်ရောက်တော့ သူတို့အုပ်စုက ကားထဲကို ဝင်ပြီး မောင်းထွက်သွားကြပြီ။
ပြန်တွေးကြည့်တော့ ဒီအဘိုးအိုဟာ သူတို့စကားဝိုင်းမှာ ထူးထူးခြားခြား အနေအထား ရှိပြီး အားအင်တွေလည်း ကင်းမဲ့နေသလို ခံစားရပေသည်။ အဲဒါ လောင်ဟိုင် ပြောပြတဲ့ ချန်ဖီအားစစ်များလား။ အခုနက ထမင်းစားနေတုန်း သူ့အကြောင်း ပြောနေကြတာ အခု လက်ဖက်ရည်ဆိုင်မှာ သူနဲ့တွေ့နေရပြီ။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။
အဲဒါကို တွေးလိုက်မိတော့ လောင်ဟိုင် ဟန်ကျိုးကို ရောက်လာတော့မှ ထိုအဖြစ်အပျက်တွေကို ပြောပြလာခဲ့တာ ဖြစ်ကြောင်း ရုတ်ခနဲ ခံစားလိုက်ရတယ်။ ဒီအဘိုးကြီးနဲ့ လောင်ဟိုင်ကြားမှာ တစ်ခုခုရှိနေတာ ဖြစ်နိုင်မလား။ သူ့ကိုဂိမ်းထဲဆွဲဆောင်ဖို့ ဒီလို ထောင်ချောက် တစ်ခုကို ဆင်ထားခဲ့တာလား။
ဒီလူကြီးက နည်းနည်း လိမ္မာပါးနပ်ပုံရတာမို့ သတိထားရမည်။
ဝူရှဲ့ စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲမိပေမယ့် ဒီလှည့်ကွက်က ဘာအကြောင်းကြောင့် မှန်း မသိခဲ့ပေ။ ရုတ်တရက် စိတ်ထဲမှာ သံသယတွေလည်း ခံစားလာခဲ့ရ၏။ လောင်ဟိုင်ပြောတဲ့ ဇာတ်ကြောင်းကို ပြန်စဥ်းစားကြည့်ရင် ဒီအဘိုးကြီးက မျက်ကန်းဖြစ်နေပြီ မဟုတ်ဘူးလား? ဘယ်လိုလုပ် မြင်နေရတာတုန်း။ ဒါ့အပြင် သူသည် အသက်ကိုးဆယ် အရွယ်ရှိသူတစ်ဦးနှင့် မတူဘဲ ပြင်းထန်သော အသံဖြင့် ပြောတတ်သူပင်။
သို့သော် ဦးခေါင်းကြီး နဂါး၏ ဖုန်းရွှေ အခြေအနေကို တွေးကြည့်ပြီးနောက် ဝူရှဲ့လည်း ပို၍ သက်တောင့်သက်သာ ခံစားလာခဲ့ရရာ ထိုင်းမှိုင်းသော ခံစားချက်က လုံးဝ မရှိတော့ပေ။ ထို့နောက် ဝူရှဲ့ လှည့်ပြီး ဘေပေးချေဖို့ ပြန်သွားလိုက်သည်။ ပြီးတော့ အိမ်ပြန်ပြီး ကောင်းကောင်း အိပ်ပစ်လိုက်သည်။
နောက်နေ့ နေ့လယ် အိပ်ရာက နိုးလာလို့ ဖိတ်စာကို ကြည့်လိုက်တဲ့အခါ လေလံပွဲက ပြီးသွားပြီဆိုတာ သိလိုက်ရသည်။ လောင်ဟိုင်ကို ဖုန်းခေါ်လိုက်ပေမယ့် အဲဒီငါးကို ဘယ်သူမှ မဝယ်ခဲ့တာကလွဲလို့ သူ့မှာ ပြောစရာ စကားသိပ်မရှိပါဘူး။ ဒီပစ္စည်းဝယ်ရတာက အရူးတစ်ယောက်သာ ဝယ်မှာ ဖြစ်တာကြောင့် ဝူရှဲ့စိတ်ထဲ အရမ်းပျော်သွားသည်။ စကားအနည်းငယ် ရှင်းပြပြီးသောအခါ လောင်ဟိုင်သည် တစ်ဖက်မှာ အလုပ်များနေပုံရပြီး သူ့ခမျာ ပစ္စည်းများစွာဝယ်ထားပုံရသည်၊ ထို့ကြောင့် ဝူရှဲ့ သူနဲ့ စကားမပြောတော့ဘဲ ဖုန်းချလိုက်လေသည်။
နေ့ခင်းဘက် ဆိုင်ကို မသွားချင်ပေ။ လက်ဖက်ရည်ဆိုင်ကို သွားပြီး အဲဒီလူကို စောင့်ချင်ပေမယ့် ဦးလေးသုံးရဲ့ ဆိုင်ကလူဟာ လူတစ်ယောက်က သူ့ကိုရှာနေကြောင်း ပြောလာခဲ့သည်။
လောင်းယန် ပြန်ပေါ်လာတာလားလို့ ကိုယ့်ဘာသာ တွေးပြီး စိုးရိမ်တကြီးနဲ့ ကားမောင်းထွက်လာခဲ့လေ၏။ ဆိုင်ထဲကို လှမ်းကြည့်လိုက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတော့သည်။ ထိုလူကို တွေ့လိုက်တာနဲ့ ဝူရှဲ့ မျက်လုံးတွေ နာကျင်လာပြီး မျက်ရည်တွေလည်း ကျလုမတတ် အော်ခေါ်လိုက်တော့သည်။
"ဖန့်ကျစ်!"