ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (20)
မီးနဂါးအစီအရင်
ဝူရှဲလည်း ထိုအခိုက် ကွာကျစ်လျှိုမြောင်ရဲ့ ဒဏ္ဍာရီကို သွားသတိရမိသည်။ တောင်တွေထဲ ပျောက်ကွယ်သွားတဲ့ အသံတိတ် မြောက်ပိုင်း ဝေစစ်တပ် အကြောင်းကို တစ်ဝက်လောက်တော့ နားလည်ထားပြီးသားပါ။ အသံတိတ်စစ်တပ်ဟာ ဆွံ့အသူတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်လို့ ဆိုလိုတာ ဖြစ်ပြီး ဆရာလျောင်ကလည်း ဒါက မြောက်ပိုင်း ဝေမင်းဆက်က 'ပုယန်ချီ'ရဲ့ မြင်းစစ်တပ် ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ အဲဒီစစ်သားတွေက လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ဘူး။ ဒါကြောင့် ဧကရာဇ်ဘုရင်က သင်္ချိုင်းတွေကို လုယက်တာလိုမျိုး အရှက်ကွဲစရာကောင်းတဲ့ အလုပ်တွေကို လုပ်ခိုင်းခဲ့တာပဲ ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ထောင်က ရှစ်တိုင်းပြည်၏ သားမြေးများသည် ဟန်လူမျိုးများနှင့် နိုင်ငံရပ်ခြားတွင် ထိမ်းမြားလက်ထပ်ခြင်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရှစ်တိုင်းပြည်ရဲ့ ဘိုးဘေးအုပ်စု တစ်စုသည် ဤဂူရှိ အကြီးအကဲတစ်ဦး၏ သင်္ချိုင်းဂူကို စောင့်ရှောက်ဖို့ အသက်ရှင်ကျန်ရစ်ခဲ့နိုင်သည်။ ဒါကြောင့် မြောက်ပိုင်း ဝေစစ်တပ်ကလည်း ဒီတောင်ပေါ်မှာ ဒီလို ဂူဗိမာန်မျိုး ရှိတယ်ဆိုတာကို သိနေခဲ့တာ ဖြစ်ပေမည်။
ဟန်စစ်တပ်သည် ဤနေရာသို့ အပြေးအလွှား ဝင်ရောက်ကာ ဝင်္ကပါလိုဏ်ဂူများကိုလည်း ဖြတ်ကျော်ကာ၍ သင်္ချိုင်းတွင်းထဲသို့ ဝင်သွားခဲ့နိုင်သည်။ ဒါကြောင့် ရှစ်တိုင်းပြည် ဘိုးဘေးများသည် အသေခံ ခုခံခဲ့ကြသည်။ ကံမကောင်းစွာဖြင့် ၎င်းတို့သည် အဆင့်မြင့် လေ့ကျင့်ရေးဆင်းထားသော ပုယန်ချီစစ်တပ်နဲ့ မယှဉ်နိုင်သဖြင့် လူတိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
ဤနေရာတွင်ရှိ အလောင်းအများစုသည် ရှစ်လူမျိုးများ၏ အကြွင်းအကျန်များ ဖြစ်နေတာ သေချာပေသည်။ အခု သူတို့ဒီနားမှာပဲ ပတ်လည်ဝိုင်းပြီး လျှောက်သွားနေရတာက ဒီနေရာမှာ စုစည်းထားတဲ့ သရဲတစ္ဆေတွေက သူတို့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူတွေကို စောင့်ရှောက်ထားပြီး ကျူးကျော်သူတွေ မချဉ်းကပ်နိုင်အောင် တားဆီးထားဆဲပဲ ဖြစ်နိုင်၏။
အဲ့လိုဆိုရင်တော့ ကိုင်တွယ်ရတာ တကယ်ကို ခက်ခဲသွားပြီ။ ဒီလိုမျိုး ပြန်လှည့်သွားရင် အချိန်ဖြုန်းနေကြရမှုနလား။ အဲဒီလို လုပ်ချင်စိတ် မရှိဘူး။ ဒါပေမဲ့ ဒုက္ခပေးနေတဲ့ သရဲတစ္ဆေတွေ တကယ်ရှိနေရင် သူတို့မှာ အနိုင်ရဖို့ အခွင့်အလမ်း မရှိတော့ဘူး မဟုတ်လား။
မီးတုတ်က တဖြည်းဖြည်း မီးပြတ်သွားကာ အကြိမ်အနည်းငယ် တုန်ခါသွားပြီး မီးတောက်ကလည်း ဖယောင်းတိုင်မီးလို သေးငယ်လာသည်။
လောင်းယန်ကလည်း သရဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သာမာန်နည်းလမ်းတွေနဲ့ ရှေးခေတ်ဂူသင်္ချိုင်း အဝင်ပေါက်သို့ ရောက်ရန် မဖြစ်နိုင်ကြောင်း သိသောကြောင့် ယခုအချိန်တွင် သူတို့ကို တိုက်တွန်းနေတာမျိုူ ရပ်တန့်လိုက်ပြီး မီးတုတ်ကိုကြည့်ကာ အချိန်မရှိတော့ကြောင်းသာ ပြောလာခဲ့သည်။
ဆရာလျောင်က
"ဒါက စစ်မြေပြင်ဆိုတော့ အလောင်းတွေကို သီးသန့် ကွပ်မျက်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒါက အလောင်းအခင်းအကျင်းပုံစံ တစ်ခုခုများလား? ငါခန့်မှန်း ကြည့်ရသလောက်ဆို ငါတို့တစ္ဆေတွေကြောင့် မျက်စိကွယ်သွားပြီလို့ ထင်ရတယ်။ ဒါက နံရံတွေကို ဖောက်ထွင်းထားတဲ့ သရဲတစ္ဆေတွေ ဆိုရင် ငါတို့ ဘယ်လိုထိန်းနိုင်မလဲ ဆိုတာ မင်းတို့သိလား?"
လောင်းယန်လည်း ကူကယ်ရာမဲ့ သက်ပြင်းတစ်ချက် ချရင်း
"ရှန်းတုံးမြို့က ကျုပ်ဝမ်းကွဲအစ်ကိုကတော့ ပြောပြဖူးတယ်... ဒီလိုအဖြစ်မျိုးနဲ့ ကြုံရင် ဘယ်ခြေကို အနီရောင်ကြိုးနဲ့ချည်ပြီး ထွက်သွားလို့ရတယ်.... ဒါပေမဲ့ ကျုပ်တို့ခန္ဓာကိုယ်မှာ အနီရောင်ဆိုလို့ ဘာမှမရှိဘူး... ကိုယ့်သွေးကို ဆိုးဆေးလုပ်ပြီး သုံးလို့လည်းရတာပဲ"
ဝူရှဲ လောင်းယန်ကို တားလိုက်သည်။
"ဒါဆို မလုပ်နဲ့တော့ ဒီနေရာကိုက သွေးနံ့တွေ ထွက်နေပြီ အကြာကြီး နေလို့မကောင်းဘူး....တခြားနည်းလမ်းကို စဉ်းစားကြည့်ရအောင်"
ဆရာလျောင်က "စကားမစပ် ငါ့ဆရာက ဒီလိုတစ္ဆေနံရံတွေက တိုက်ခိုက်ချင်ရင် မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်မှာ လုပ်တတ်တယ်လို့ ပြောဖူးတယ်... ငါတို့မှာ အချက်ပြမီး ရှိသေးတယ်မလား? တစ်ချက်လောက် ပစ်ပြီး ငါတို့ ပြေးကြမယ်... အဲဒါက မီးတုတ်ကို သုံးတာထက်တော့ ပိုကောင်းမယ်လို့ ထင်တယ်"
ဘယ်ကို သွားရမယ်ဆိုတာ သိနေသရွေ့တော့ ဘယ်အရာကမှ သူတို့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ ဝူရှဲလည်း လောင်းယန်ကို မျက်စောင်းထိုးကြည့်လိုက်၏။
ထိုအခါ လောင်းယန်မှာ သက်ပြင်းချလိုက်ပြီး မီးကျည်ကို ထုတ်ယူပြီး
“ဖြုန်းတီးပစ်ရာ ကျလွန်းတယ်”
ပြောပြီးနောက် သူ့လက်ကို မြှောက်ကာ ခေါင်းပေါ်တည့်တည့်ကို ပစ်ထည့်လိုက်သည်။
ဥက္ကာပျံကဲ့သို့ အချက်ပြမီး တစ်ခုသည် လေထဲသို့ လွင့်ပျံတက်သွားပါ၏။ မီးစတင်လောင်ကျွမ်းမည့် အချိန်ကို မသိစိတ်ဖြင့် မျှော်ကြည့်မိတဲ့အခါ မမျှော်လင့်ဘဲ အချက်ပြမီးသည် ပျံသန်းနေပြီး ရုတ်တရက် လျှပ်တစ်ပြက် ခုန်ပေါက်ကာ ချက်ချင်း ပြန်ပြုတ်ကျသွားသည်။
ဒါကိုမြင်တော့ ဝူရှဲ အူကြောင်ကြောင် ဖြစ်သွားပြီး ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ဒါက လှိုဏ်ဂူဆိုတာကို မေ့သွားခဲ့ကြောင်း သတိရသွားတော့သည်။ မီးကိုအပေါ် တည့်တည့်ပစ်ရင် မီးမလောင်ခင်မှာပဲ ဂူခေါင်မိုးကို ထိသွားလိမ့်မယ်။
မီးတောက်သည် လျင်မြန်စွာ ပြုတ်ကျပြီး မြေပေါ်သို့ ထိလုနီးပါး အချိန်ရောက်မှ ပွင့်ထွက်လာသည်။ ၎င်းသည် လေ့လာရေး အဖွဲ့မှ အသုံးပြုသည့် ဖော့စဖရပ်စ် ပင်အောက်ဆိုဒ် မီးတောက် ဖြစ်သည်။ စက္ကန့်ငါးဆယ်ခန့် လောင်ကျွမ်းနိုင်သည်။ ကနဦး မီးလောင်ကျွမ်းမှု အပူချိန်မှာ အလွန်မြင့်မား၏။ ဝူရှဲ ၎င်းကို မော့ကြည့်လိုက်သောအခါ မြေပြင်ကနေ အကွာအဝေးက သိပ်မရှိတော့တာကြောင့် ဒုက္ခရောက်တော့မယ်ဆိုတာ သေချာသွားပြီ။
ဝူရှဲ လောင်းယန်ကို ကန်ထုတ်လိုက်ပြီး ဦးနှောက်မရှိသူလို့ ကြိမ်းမောင်းခဲ့လိုက်၏။ ကံကောင်းထောက်မစွာနဲ့ ဒီအရာအားလုံး အရိုးတွေ ဖြစ်ကြလေသည်။ မဟုတ်ရင်တော့ သူတို့သုံးယောက် မီးငြိမ်းဖို့ အခုချက်ချင်း ပြန်လှည့်ပြေးလာရလိမ့်မည်။ သူ စကားမဆုံးခင်မှာ ဆရာလျောင်က သူ့ပုခုံးကို လာရိုက်ကာ ဒီတစ်ခါတော့ တကယ် ဒုက္ခရောက်ပြီလို့ ဆိုလိုက်သည်။
ဝူရှဲ နောက်ပြန် ကြည့်လိုက်တော့ မီးတောက်ငယ်က မီးတောက်တွေ ရုတ်တရက် ထလာတာကို တွေ့လိုက်ရ၏။ မယုံနိုင်စရာ ကောင်းလောက်တဲ့ အဲဒီနံရံက ကြောက်မက်ဖွယ် အရှိန်နဲ့ လူသေအလောင်းတွေကြား လမ်းတစ်လျှောက်လုံး ပျံ့နှံ့သွားတော့သည်။ ၎င်းက မီးနဂါးတစ်ကောင်ဘို မှောင်မည်းနေသော ဂူကြီးထဲ ရေကူးလာလေရာ လမ်းနှစ်ဘက်ရှိ အရိုးများဆီမှ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
ဆရာလျောင်လည်း ဒါကိုမြင်တော့ သူ့မျက်နှာက ဖြူဖျော့သွားပြီး ဒူးထောက်လိုက်ပြီစ မြေပြင်က အညစ်အကြေး လက်တစ်ဆုပ်စာကို ကောက်ယူလိုက်သည်။ အနံ့ခံပြီးတာနဲ့ "မီးဆီတွေ!" လို့ အလန့်တကြား အော်လိုက်လေသည်။ မီးဆီကို ရွှံ့ထဲမှာ လောင်းထည့်ထားတာပဲ ဖြစ်လေ၏။
ဒီစကားသံကို ကြားလိုက်ရတော့ ဝူရှဲ အံ့သြတုန်လှုပ်သွားသည်။ သူဒူးထောက်ကာ အနံ့ခံကြည့်တော့ လုံးဝ မမှားချေ။ ဒီအလောင်း အခင်းအကျင်းထဲမှာ ပုန်းကွယ်နေတဲ့ အစွမ်းထက်တဲ့ အကွက်တစ်ခုက ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီလူတွေရဲ့ ဘိုးဘွားစဉ်ဆက်က ရှေးဟောင်းသင်္ချိုင်းမှာ ရှိတဲ့ အရာတွေကို ကာကွယ်ဖို့ နောက်ဆုံး ကာကွယ်ရေးလိုင်းကိုပါ ထူထောင်ခဲ့တာပဲ။ ကံမကောင်းစွာနဲ့ ရလဒ်ကတော့ သူတို့သုံးယောက်က အစပြုလိုက်ပြီ။
သူတို့ လမ်းတစ်လျှောက်မှာ ဘာမှမဖြစ်ခဲ့တာ အံ့ဩစရာတော့ မရှိတော့ပေ။ သူတို့ အစောတုန်းက မီးတုတ်သာ မတော်တဆ ပြုတ်သွားကျရင် သူ့အဘိုးနောက် လိုက်သွားရမယ့် ပြာဖြစ်သွားလောက်ပြီ။
အဝေးမှ မီးနဂါးသည် အရှိန်လျော့သွားမယ့် အရိပ်အယောင်မျိုးကို မတွေ့ရသေးဘဲ တစ်ချိန်တည်းတွင် လမ်းနှစ်ခွကို ခွဲထွက်သွားကာ လူတစ်ယောက်စာရှိ မီးတောက်များက ဂူအတွင်း လင်းထိန်သွားလေသည်။ ဝူရှဲ အမြန် ကြည့်လိုက်တော့ ဒီနေရာရဲ့ အပြင်အဆင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လူသေအလောင်းတွေဟာ တစ်ခုလုံးရဲ့ အလယ်ဗဟိုကို သွေးကြောတွေလို ဆက်စပ်နေတာ တွေ့လိုက်ရတယ်။ အဲဒီနေရာဟာ ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် အဲဒီနေရာရဲ့ လမ်းကြောင်းတွေက တဆက်တည်း ဖြစ်သွားသည်။ နောက်ပိုင်းမှာ ဒီမီးနဂါးက သူတို့ဆီရောက်လာပြီး သူတို့ကိုပယ လောင်ကျွမ်းစေလိမ့်မည်။ ထို့ကြောင့် ခိုလှုံဖို့နေရာ ရှာရတော့မည်။
စိုးရိမ်တကြီးနဲ့ လှည့်ပတ် ကြည့်လိုက်တော့ ချောင်ပိတ်နေတဲ့ နေရာဟာ သူတို့ရဲ့ ဘယ်ဘက်ဆယ်မီတာလောက်မှာ ရှိနေပေမယ့် အလယ်မှာ မီးထရံတွေ ကွဲနေပေမယ့် အတွင်းမှာရှိတဲ့ မြေဆီလွှာက မလောင်ဘူးဆိုတာကို မြင်လိုက်ရ၏။ ထိုနေရာက ပုန်းလို့ကောင်းတဲ့ နေရာပင်။ ဒီအချိန်မှာတော့ မီးနဂါးကြီးက သူတို့ဆီကို ပြေးလာနေပြီ။ ဝူရှဲ အဲဒါကို စဉ်းစားဖို့ အချိန်မရှိတော့တာကြောင့် သူတို့ကို ငတုံးလို ရပ်ကြည့်မနေဖို့နဲ့ ပုန်းဖို့နေရာ အရှင်ရှာဖို့ပဲ အလျင်စလို အော်ပြောလိုက်ပါတော့သည်။
သူတို့နှစ်ယောက်ကလည်း ခပ်မြန်မြန်ပဲ တုံ့ပြန်ပြီး အလောင်းတွေပေါ် တက်နင်းကာ အဲဒီနေရာလွတ်ထဲကို အပြေးအလွှား ပြေးဝင်သွားကြသည်။ ဝူရှဲမှာ သူက အတားအဆီး ဖြစ်နိုင်တဲ့ အလားအလာ ရှိနေတုန်းပဲ ဆိုတာ မသိသေးပါဘူး။ သူက အဲဒီကျောက်တုံးရုပ်တွေပေါ်ကနေ ခုန်ချနိုင်ခဲ့တဲ့ အချိန်မှာ မီးနံရံကတက်လာတဲ့ လေပူလှိုင်းက သူ့မျက်နှာကို ရိုက်ခတ်သွားခဲ့သည်။
ဝူရှဲမှာ ခွန်အားတွေ အပြည့်နဲ့ အပြေးအလွှား သွားချင်ပေမယ့် မီးနံရံနားကို ရောက်တာနဲ့ ဆံပင်ညော်နံ့တွေ ရလာတာကြောင့် တုံ့ဆိုင်းနေပြီး ရပ်လိုက်ချင်ခဲ့သည်။ ကံဆိုးစွာနဲ့ပဲ အရှိန်ပြင်းပြင်းနဲ့ ဘရိတ်အုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မတတ်နိုင်ခဲ့ပါဘူး။ သူ ဟစ်အော်ပြီး မျက်လုံးတွေကို မှိတ်ကာ ခုန်ချလိုက်တဲ့အခိုက် ကံကောင်းထောက်မစွာနဲ့ မြန်မြန်ဆန်ဆန် အရှိန်ပြင်းပြင်းနဲ့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။ သူ့ကိုယ်ပေါ်က မီးကို ငြိမ်းသတ်ဖို့ ကြမ်းပြင်ပေါ် လှိမ့်ချလိုက်ပြီးတော့ လောင်းယန်နဲ့ ဆရာလျောင်ကလည်း ပြေးလာပြီး မီးငြိမ်းသတ်ဖို့ တစ်ယောက်ပြီး တစ်ယောက် လှိမ့်ချလိုက်လေ၏။
ဒီအချိန်မှာ ဒီမြေကြီးက ဘာကြောင့် အောက်ကို နစ်မြုပ်သွားရတယ် ဆိုတာ ဝူရှဲ သိလိုက်သည်။ အပေါ်ယံ မြေဆီလွှာကို တစ်ယောက်ယောက်က ဖယ်ထုတ်ထားတာပဲ။ ဝူရှဲမှာ အနီးကပ်ကြည့်ဖို့ အချိန်မရှိလိုက်ပေ။ အကြောင်းမှာ လောင်းယန်က သူ့ဘက်ကို လှိမ့်ချလာပြီး အော်ဟစ်လာခဲ့လို့ပါပဲ။
ဝူရှဲ သူ့အင်္ကျီကို အမြန်ချွတ်လိုက်ပြီး လောင်းယန်ရဲ့ ခန္ဓာကိုယ်က မီးကိုငြှိမ်းသတ်ဖို့ ကူညီပေးလိုက်သည်။ သူ့ခမျာ အဆင်ပြေနေပေမယ့် သူ့မျက်ခုံးမွှေးတွေ မီးလောင်သွား၏။ ဝူရှဲ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ ဆရာလျောင်ကလည်း လှည့်ပတ်နေတာကို တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်က မီးတွေကတော့ မငြိမ်းသေးချေ။ ကြည့်ရတာ ဆရာလျောင် အလောင်းပေါကို လဲကျခဲ့စဥ်က သူ့အဝတ်အစားတွေကို ရေနံဆီတွေ စွန်းထင်းခဲ့တာကြောင့် ဖြစ်နိုင်သည်။ သူ့အင်္ကျီသူ မချွတ်နိုင်တော့ဘဲ အမြန်လှဲချလိုက်ပြီး မြေပြင်ပေါ်က ရွှံ့နွံတွေကို သုံးပြီး သုတ်ပစ်လိုက်တော့သည်။
ဆရာလျောင်က အော်ဟစ်ငိုယိုနေပြီး သူ့တစ်ကိုယ်လုံးမှာ အဖြူရောင် အခိုးအငွေ့တွေ ထွက်လာနေသည်။ လောင်းယန်နဲ့ ဝူရှဲတို့လည်း သူ့အဝတ်တွေကို ချွတ်လိုက်ရာ သူ့နောက်ကျောက နေရာတော်တော်များများက မည်းနက်နေမှန်း သိလိုက်ရ၏။ ကံကောင်းထောက်မစွာပဲ သူ ချွေးတွေ အများကြီး ထွက်နေတာမလို့ အကာအကွယ် သက်ရောက်မှုတွေ ရခဲ့လေသည်။ ယေဘူယျအားဖြင့် ပြောရလျှင် ဒဏ်ရာက မပြင်းထန်သွားပေ။ ဝူရှဲ ရေဘူးကိုဖွင့်ပြီး ရေတစ်ဝက်ကို သူ့ကျောပေါ် လောင်းချလိုက်ကာ အေးမြသွားအောင် ကူညီပေးလိုက်သည်။ ထို့နောက် အနီးနားပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်သည်။
သူတို့လက်ရှိ ရှိနေရာ နေရာကို မီးနံရံဖြင့် ပိတ်ဆို့ထားသည်။ အပြင်ဘက်တွင် ရှုပ်ပွနေပါပြီ။ အပူလှိုင်းက ရိုက်ခတ်လာတာကြောင့် ခန္ဓာကိုယ်ရှိ ဆံပင်တွေအားလုံး အကောက်အကောက်များ ဖြစ်ကုန်ကာ လောင်ကျွမ်းနေတဲ့ အသံတစ်ခုပင် ထွက်လာသေးသည်။ အရိုးများထဲအထိ လောင်ကျွမ်းကာ အငွေ့ပျံသွားတာကြောင့် ဖြစ်နိုင်သည်။ အနံ့ကတော့ ဆိုးရွားပေ၏။ မီးကြောင့် ဆက်တိုက်ပေါက်ကွဲ၍ အရိုးအပိုင်းအစများ ပျံတက်၍ လေထဲအထိ မြင့်တက်သွားသည်။ ဒီအခြေအနေတွေ ပြီးသွားတဲ့အခါ အလောင်းဂူဟာ လုံးဝ မီးသင်္ဂြိုလ်ထားပြီးသား ဖြစ်သွားလိမ့်မည်။ ဒီနေရာက မြေနိမ့်ပိုင်းမှာ တည်ရှိပြီး ခဏကြာပြီးရင် အောက်ဆီဂျင်က လောင်ကျွမ်းသွားနိုင်ပြီး သူတို့လည်း မီးလောင်ပြီး သေတဲ့အထိ ဖြစ်နိုင်သည်။
ဝူရှဲ ရူးသွပ်တော့မလို လောင်းယန်က သူ့ကို ဖမ်းကိုင်လိုက်ပြီး
"တစ် တစ်ခုခု... ငရဲမင်းကြီးက နာမည်ကို ခေါ်နေပြီကွ!"
ဝူရှဲ ရုတ်တရက်မို့ သူဘာကိုဆိုလိုမှန်း မသိလိုက်ပေ။ လှည့်ကြည့်လိုက်တော့ မီးကြောင့် ရူးသွားလောက်တဲ့ ကြွက်ကြီး ခြောက်ကောင် ခုနှစ်ကောင်လောက်က မီးနံရံပေါ် ခုန်တက်သွားကြတာ တွေ့လိုက်ရသည်။ တစ်ကောင်က ဝူရှဲမျက်နှာပေါ်ကို ခုန်တက်လာပြီး ကိုက်ဖို့ပြင်၏။ ဝူရှဲလည်း နောက်တစ်ကြိမ် ထပ်ခုန်ဖို့ မလုပ်တော့ဘဲ တစ်ကောင်ကို ကျည်တစ်ချက် ကျွေးလိုက်သည်။ ဝူရှဲလည်း ငြိမ်းသွားတဲ့ မီးတုတ်ကို မြှောက်လိုက်ပြီး သူ့အပေါ်ကို တက်လာတဲ့ ကြွက်ကို ခေါက်ချဖို့ လက်နက်အဖြစ် အသုံးပြုလိုက်သည်။
ထိုအချိန်တွင် တခြားကြွက်တွေကလည်း ဒါဇင်နဲ့ချီပြီး လျှပ်စီးလက်သလို နေရာအနှံ့ကနေ ပေါက်ထွက်လာ၏။ အဲဒီအချိန်မှာ သူတို့ရဲ့ အကွာအဝေးက နီးကပ်လွန်းတော့ ဝူရှဲကျောကို အကြိမ်အနည်းငယ် ကုတ်ခြစ်ခံလိုက်ရပြီး ချက်ချင်း မြေပြင်ပေါ် လှိမ့်သွားသည်။ လောင်းယန်က သူတို့ကို နောက်ပြန်ဆုတ်စေဖို့ နောက်ထပ် ပစ်ခတ်မှု အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ ဝူရှဲ လှမ်းကြည့်လိုက်တော့ မီးနံရံ အပြင်ဘက်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ကြွက်တွေ ရှိနေပြီး အားလုံးက နီရဲနေတဲ့ မျက်လုံးတွေနဲ့ သူတို့ဘက်ကို စိုက်ကြည့်နေတာ တွေ့လိုက်ရလေ၏။
ဝူရှဲစိတ်ထဲမှ မကောင်းတော့ဘူးဟု အော်ဟစ်လိုက်သည်။ လောင်းယန်ရဲ့ သေနတ်သံကြောင့် ကြောက်လန့်တကြား ခုန်ဝင်လာသော ကြွက်တချို့မှာ အနီးသို့ မကပ်ရဲကြတော့ပေ။ သို့သော် မီးနံရံအပြင်ဘက်ရှိ သူများသည် ကျွန်ုပ်တို့ရပ်နေသော နေရာသည် မီးလောင်မှာမဟုတ်ကြောင်း သိကြသည်။ သူတို့ကလည်း သူတို့အသက်အန္တရာယ် အတွက် တစ်ကောင်ပြီး တစ်ကောငိ အလျင်စလို ပြေးဝင်လာကြရာ အရေအတွက် တိုးလာသည်။ မိနစ်အနည်းငယ်ကြာတဲ့အခါ သူတို့ရဲ့ ကိန်းဂဏာန်းတွေက အားသာချက် ဖြစ်လာတဲ့အခါ မိမိတို့အား မလွှဲမရှောင်သာ ဝိုင်းအုံလာပြီး အရိုးစုဖြစ်တဲ့အထိ စားသောက်ပစ်ကြလိမ့်မည်။
ဒီကြွက်တွေကို တိုက်ဖို့ အဆင်မပြေဘူးလို့ ထင်ခဲ့တာကြောင့် လောင်းယန်ကို ဆွဲထုတ်ပြီး ဒီကြွက်တွေကို လောလောဆယ် ဂရုမစိုက်ဖို့နဲ့ အရေးကြီးဆုံးက လွတ်မြောက်ဖို့ နည်းလမ်းရှာဖို့ပဲလို့ ပြောလိုက်သည်။ အဲဒီအချိန်မှာပဲ ဆရာလျောင်က သူတို့ဘက်ကို လှမ်းအော်လာ၏။
"ဒီမှာ ဖောက်ထွင်းထားတဲ့ လိုဏ်ဂူတစ်ခု ရှိတယ်!!"
နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ တွင်းအလယ်မှာ မထင်ရှားတဲ့ အပေါက်ငယ် တစ်ခုကို တွေ့လိုက်ရသည်။ ဘယ်သူက ဖောက်ခဲ့လဲတော့ မသိ။ လောင်းယန်က ကျည်အိမ်ကို အမြန်ချွတ်ကာ ကျည်ဆန်များကို တစ်ချက်ကြည့်ပြီးနောက် ဝူရှဲအား သေနတ်ကို ပစ်ပေးလိုက်သည်။ ထို့နောက် ဆရာလျောင်ကို သူ့နောက်ကျောပေါ့ ထမ်းကာ တွင်းအလယ်သို့ လျှောက်သွားခဲ့သည်။ ဝူရှဲလည်း လက်တစ်ဖက်က သေနတ်တစ်လက်နှင့် တခြားလက်က အိမ်လုပ်သေနတိကို ကိုင်ဆောင်ကာ သူ့နောက်မှ လိုက်သွားခဲ့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အနီးဆုံးအနားက ကြွက်များသည် ရုတ်တရက် ထအော်ကာ လျှပ်စီးလက်သွားသလို သူတို့ဆီသို့ အပြေးအလွှား ဝင်လာကြသည်။ ဝူရှဲ လက်ကိုမြှောက်ကာ လေးကြိမ်တိတိ ပစ်ခတ်လိုက်ရာ သုံးကောင်ကို ထိမှန်ပြှး နောက်ထပ်နှစ်ကောင်က ဝူရှဲရှေ့ကို ခုန်အုပ်လိုက်ပြီ ဖြစ်သည်။ တခြားရွေးချယ်စရာ မရှိတော့တာကြောင့် သေနတ်ကို လွှင့်ပစ်လိုက်ပြီး အိမ်လုပ်သေနတ်ကို ထုတ်သုံးလိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြွက်နှစ်ကောင်ကို ပျော့အိအိ အသားတုံးလေး ဖြစ်သွားစေခဲ့သည်။