ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (18)
သရဲကမီးကိုမှုတ်သွားတယ်
မီးရှူးတိုင် မီးငြိမ်းသွားသည်နှင့် တပြိုင်နက် မူလက မှိန်ဖျော့နေခဲ့သော နေရာသည် ရုတ်တရက် မည်းမှောင်သွားသည်။ ဝူရှဲ ထိတ်လန့်တုန်လှုပ်သွားကာ သူ့တစ်ကိုယ်လုံး ဆံပင်တွေထောင်ကာ ချွေးများဖြင့် ဖုံးလွှမ်းသွားပြီး မီးရှူးတိုင်မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဆရာလျောင်က ပိုလို့တောင် ကြောက်လန့်သွားရာ သူက ထူးဆန်းတဲ့ အော်သံကိုပါ ထုတ်လာပြီး ထွက်ပြေးသွားတော့သည်။ ခြေလှမ်းအနည်းငယ် ပြေးပြီးတဲ့ နောက်မှာတော့ "ဝုန်း" ဆိုတဲ့ အသံကို ကြားလိုက်ရ၏။ ဒါက ဆရာလျောင်တစ်ယောက် တစ်စုံတစ်ခုကို ထိမိပြီး နာကျင်စွာ အော်ဟစ်နေခဲ့တာ ဖြစ်နိုင်သည်။
မီးခြစ်ကို ထုတ်ယူပြီး မီးတိုင်ထိပ်ဖျားကို မီးညှိကြည့်လိုက်တော့ မီးလောင်နေတဲ့ ထိပ်ဖျားက လုံးဝမလောင်တော့တာ သိလိုက်ရတယ်။ ဘာလို့ မီးတောက်က ရုတ်တရက် ငြိမ်းသွားလဲ မသိ။ ဒါပေမဲ့ ဒီမှာက လေလည်း မတိုက်ဘူးလေ။
လောင်းယန်က "လောင်းဝူ... မင်းရဲ့ အရည်အချင်းက မကောင်းလိုက်တာ... ဒီမီးတိုင်ကလည်း အရည်အချင်း မပြည့်မီဘူး... မီးငြိမ်းတဲ့အကြောင်း ပြောလိုက်တာနဲ့ ချက်ချင်း ငြိမ်းသွားတာပဲ... မင်းအခု ကြိုးပေါ်ခုန်တက်နေတဲ့ အာဖရိက အဖေတစ်ယောက်နဲ့ တူနေပြီနော်... ငါရော ပြေးရမလား?"
သို့နှင့် ဝူရှဲလည်း
"မင်းဘာတွေ ပြောနေတာလဲ? မင်းမှာငါ့ကိုဖဲ့ဖို့ အချိန်ရှိသေးတယ်ပေါ့လေ... ဆရာလျောင် ဘယ်လိုနေလဲ ဆိုတာကိုသာ သွားကြည့်စမ်းပါ... လူသေတွေ အရိုး အစုအပုံတွေထဲ မကျသွားစေနဲ့ "
ဝူရှဲ ပြောရင်း မီးတုတ်ကို မီးညှိလိုက်ပြီး နည်းနည်းမြှင့်လိုက်သည်။ ကြည့်လိုက်တော့ ဆရာလျောင်ဟာ အရိုးစုတွေထဲမှာ လဲလျောင်းနေပြီး အရိုးတွေလည်း မြေပြင်မှာ ပြန့်ကျဲနေတာကို တွေ့လိုက်ရသည်။
ဝူရှဲ သူ့ကို ကူညီဖို့ ရှေ့ထွက်လာတော့ သူ့မျက်နှာက ဖြူဖျော့ပြီး အရမ်းထိတ်လန့်သွားတာကို တွေ့လိုက်ရသည်။ လောင်းယန်က သူ့ကိုတစ်ချက် ရိုက်လိုက်ပြီး
"ဆရာရေ ခင်ဗျားကတော့ သိပ်သတ္တိကောင်းတာပဲ.. ဒီသတ္တိနဲ့ ဂူဖောက်ချင်သေးတာလား?"
မီးတုတ် မီးပြန်လောင်နေတာကို မြင်ရတော့မှ ဆရာလျောင်က သက်ပြင်းတစ်ချက် ချပြီး
"မင်း မင်းတို့နှစ်ယောက် အထင်မလွဲပါနဲ့... ငါအမှောင်ကို မကြောက်ပါဘူး... အခုနက တစ်ခုခုက ငါ့လည်ပင်း နောက်ဖက်ကနေ လေမှုတ်နေသလိုပဲ.... အရမ်းအေးတယ် ငါက ဖုတ်ကောင်တွေ ထွက်လာတာလို့ တွေးပြီး အသက်ခံရမှာကို အရမ်းကြောက်သွားတာနဲ့ ထွက်ပြေးခဲ့တာပါ..."
လောင်းယန်က ရယ်လေသည်။
"ဘယ်နားက လေအေးလဲ? ခင်ဗျားရဲ့ လည်ပင်းက ချွေးတွေ စီးကျနေလို့ အေးနေတာလို့ပဲ ကျုပ်ထင်တယ်.... အဲဒီဖုတ်ကောင်က ခင်ဗျားရဲ့ နောက်ကျောမှာ ရှိနေရင် ဘာလို့ခင်ဗျားကို မကိုက်ဘဲ ခင်ဗျားလည်ပင်းကို လေနဲ့ မှုတ်နေရအောင် ငလူးတဲ့မှ ဖုတ်ကောင်တွေ အားလုံးက မိန်းကလေးတွေလို့များ ထင်နေတာလား?"
"ဟုတ်သားပဲ ဆရာလျောင် စိတ်အေးအေးထားပြီး ကိုယ့်ကိုယ်ကို မခြောက်ပါမဲ့"
သူတို့မယုံတာကို မြင်တော့ ဆရာလျောင်က စိုးရိမ်တကြီးနဲ့ ချောင်းဆိုးပြီး
"ညီအကိုနှစ်ယောက်.... မင်းတို့ငါ့ကို ယုံရမယ်။ ငါ့လည်ပင်းနောက်ကနေ တစ်ယောက်ယောက်က လေမှုတ်ထုတ်လိုက်တာ သေချာတယ် အဲဒါက လူတစ်ယောက်လိုပဲ အရမ်းခံစားရတယ်.... ဒီမှာ ငါတို့သုံးယောက်တင်မကဘူး တခြားတစ်ခုခုလည်း ရှိသေးတယ်!"
ဝူရှဲ သူ့အမူအရာကို ကြည့်ရင်း မီးတုတ် ရုတ်တရက် ငြိမ်းသွားတာကို စဥ်းစားကြည့်တော့ ဆရာလျောင်ရဲ့ စကားတွေက လုံးဝကို မယုံနိုင်စရာတော့ မဟုတ်ဘူးလို့ ခံစားမိလာသည်။ မီးတုတ်က ဖယောင်းတိုင်ထက် သာ၍ကောင်းသည် မဟုတ်ပေလော။ မီးဖျားကို ရေနဲ့ မလောင်းဘဲ ငြိမ်းသတ်ရန် ခက်ခဲသည်။ တစ်ခုခုတော့ မှားနေပြီ။ ဒီလိုနေရာမျိုးမှာ အမြဲသတိထားနေတာ အကောင်းဆုံးပဲ။
အဲဒါကို တွေးကြည့်တော့ လောင်းယန်ကို မျက်စိ မှိတ်ပြပြီး သွားစစ်သင့်တယ်လို့ အချက်ပြလိုက်သည်။ လောင်းယန်ကလည်း ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက်လုံး သေနတ်တွေကို ထုတ်ပြီး ဆရာလျောင် ရပ်နေခဲ့တဲ့ နေရာကို တစ်ယောက်ပြီး တစ်ယောက် လျှောက်သွားကြည့်ကြသည်။
ဆရာလျောင် အခုလေးတင် ရပ်နေခဲ့တဲ့ နေရာက သူတို့အနောက်မှာ ဖြစ်ပြီး ခြေတလှမ်းလောက်သာ ဝေးကာ ကျောက်တုံးရုပ်ကြီး တစ်ရုပ် ရှိနေသည်။ ကျောက်တုံးရုပ်ရဲ့ ဦးခေါင်းက ခမ်းခြောက်သွားပြီဖြစ်လို့ လေတော့ မမှုတ်နိုင်လိုက်ချေ။ ဒါကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေက အဲဒီလူက ကျောက်တုံးလူရုပ်ရဲ့ အနောက်မှာ ပုန်းနေတာပဲ ဖြစ်နိုင်သည်။
လောင်းယန်နဲ့ ဝူရှဲ သတိထားပြီး စူးစမ်းရန် မီးတုတ်ကို အသုံးပြုထားကြသည်။ ဦးခေါင်းက လှည့်လာကာ တစ်ခုခု ရုတ်တရက် ထွက်လာမှာကို စိုးရိမ်သဖြင့် လောင်းယန်က ခုန်ဆင်းကာ "လက်ကို မြှောက်ထား!" ဟု အော်လိုက်သည်။
ဘာမှမဖြစ်ဘူး ဘာမှလည်း မရှိဘူး!
ဝူရှဲ သက်ပြင်းတစ်ချက်ချကာ ဆရာလျောင်ဟာ တကယ်ကို ထိတ်လန့်ပြီး စိတ်ရှုပ်နေတာ ဖြစ်မယ်လို့ တွေးလိုက်သည်။ ဒါကလည်း သူ့ကို အပြစ်မတင်နိုင်ပါဘူး။ ခုနက ပတ်ဝန်းကျင် ဒီလိုနေရာမျိုး တစ်ခါမှ မရောက်ဖူးရင် ကြောက်ရွံနေပြီး ကယောင်ခြောက်ခြား ကိစ္စတွေက မလွှဲမရှောင်သာ ဖြစ်လာမှာပဲ။ သူကတော့ ဘုရင်လုနန်းတော်က အဖြစ်အပျက်ကို သတိရမိတိုင်း သတ္တိတကယ်လေ့ကျင့်ဖို့ လိုကြောင်း နားလည်ခဲ့သည်။
လောင်းယန်က ဝူရှဲကို မျက်လုံးပြူးပြပြီး ခေါင်းယမ်းလိုက်သည်။ သူတို့ နှစ်ယောက် လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ သေနတ်တွေကို ဖယ်ထုတ်ခါနီးမှာ ရုတ်တရက် “ပေါ့” ခနဲ ဖြစ်သွားပြီး ဝူရှဲလက်ထဲက မီးတုတ်က ငြိမ်းသွားပြန်သည်။
ဝူရှဲစိတ်တွေ ရှုပ်သွားတော့သည်။ ဘာဖြစ်တာလဲ? မီးက ရုတ်တရက် ငြိမ်းသွားခဲ့ပြန်ပြီ။ အဲဒီအချိန်မှာပဲ အမှောင်ထဲက လောင်းယန်က ရုတ်တရက် အော်လေ၏။
"Fuck! လောင်ဝူ သတိထားဦး.... ဒီနားမှာ တစ်ခုခုရှိနေတယ်! မီးကို မြန်မြန်ထွန်းလိုက်တော့"
ဝူရှဲ ရုတ်တရက် လန့်နိုးလာပြီး မီးခြစ်ကို အမြန်ထုတ်လိုက်ပေမယ့် သေချာ မကိုင်မိခင်မှာ ရုတ်တရက် ကျောပြင်ဘက်က အေးစက်တဲ့ ခံစားချက်ကို ခံစားလိုက်ရပြီး လျှပ်စီးလက်သလို ပြင်းထန်တဲ့ လေက ဝူရှဲအပေါ်ကို ရိုက်ခတ်လာခဲ့သည်။ ဝူရှဲစိတ်ထဲမှ သွားပြီလို့ အော်မိသော်လည်း မှောင်နေတော့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ လေပြင်းက သူ့ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့ရာ ဦးရေပြားက ထုံကျင်သွားပြီး တစ်ချိန်တည်းမှာပင် တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
လဲကျတာက အရမ်းနာကျင်တာ မဟုတ်ပေမယ့် ဘေးနားက ကျောက်ရုပ်တချို့ကို ဝင်တိုက်မိလို့ ကျယ်လောင်စွာ ပြိုကျသွားသည်။ မျက်နှာပေါ်ကို ဘာပြုတ်ကျလာမှန်းလည်း မသိလိုက်ချေ။ သိပ်ဂရုမစိုက်နိုင်တော့ဘဲ မီးခြစ်ကို ကမန်းကတန်းခြစ်ကာ မီးညှိလိုက်သည်။ ထို့နောက် တတ်နိုင်သမျှ မြန်မြန် မြှောက်ထားလိုက်သည်။
အလင်းရောင်ရပြီးနောက် လောင်းယန်နဲ့ ဆရာလျောင်တို့သည် မျက်နှာများ ဖြူဖျော့ဖျော့နှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကြတာကို တွေ့လိုက်ရသည်။ ဆရာလျောင်ခမျာလည်း အလွန်ထိတ်လန့်သွားကာ အော်မီတော်ဖူဟုပင် အော်နေပြီ။
လောင်းယန်လည်း ထိတ်လန့်နေတုန်းပါပဲ။
"ဖာ့ဖ် အခုနက ဘာဖြစ်တာလဲ? ဘာလို့ ဒီလောက်တောင် မြန်နေတာလဲဟ!"
ဝူရှဲ အံကြိတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ မီးတုတ်ကိုကိုင်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ သူတို့ ခေါက်ထားတဲ့ ကျောက်တုံးရုပ်တချို့ကလွဲလို့ ပတ်ဝန်းကျင်မှာ ဘာမှ ပြောင်းလဲထားတာ မရှိပေ။ ခြေရာတောင် မရှိတော့ရာ သူတို့ တုန်လှုပ်သွားကြသည်။ အခုနတုန်းက လေပြင်းက ပြင်းထန်လွန်း၏။ မိုးကြိုးပစ်လိုက်သလိုပဲ တစ်ဖက်က အရမ်းနီးကပ်နေမှန်း သိသာပေမယ့် ဒီနေရာကိုက ကျောက်တုံးတွေ၊ အလောင်းတွေနဲ့ ပြည့်နှက်နေသည်။ မီးတုတ် ငြိမ်းသွားတာနဲ့ မည်းမှောင်သွားပြီ။ ဘယ်လောက်ပဲ မြန်နေပါစေ ခြေရာတွေ မချန်ထားတာ မဖြစ်နိုင်ဘူးလို့ ပြန်တွေးလိုက်မိပြန်သည်။ သူတို့တကယ် တစ္ဆေနဲ့တွေ့နေတာ ဖြစ်နိုင်ပါ့မလား။
မီးတုတ်က နှစ်ကြိမ် မီးငြိမ်းသွားခဲ့သည်။ အဲဒီတစ္ဆေသည် မီးကိုမှုတ်ပြီး သူတို့မီးကို ဖယောင်းတိုင်အဖြစ် အသုံးပြုကာ တစ္ဆေသရဲတွေကို ခေါ်ယူတတ်တဲ့ ကစားနည်းကိုများ အတုယူချင်နေတာလားဟု တွေးလာမိ၏။ ဒီလိုဆိုလည်း မီးငြိမ်းသွားတဲ့အထိ မှုတ်စရာမလိုဘူးလေ။
ရုတ်တရက် မီးပြန်မငြိမ်းနိုင်အောင် ပခုံးအောက်မှာ မီးတုတ်ကို ထားလိုက်ပြီး ဆရာလျောင်ကို ဆွဲထူလိုက်သည်။ ဒီလူဟာ မြေကြီးပေါ်မှာ ကပ်နေသလိုမျိုး ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ဆွဲဆွဲ မတ်တပ်မရပ်နိုင်ပေ။ နှစ်ကြိမ်ဆက်တိုက် မြှောက်လိုက်ပေမယ့် ရွှံ့တွေနဲ့ ကပ်နေသလိုမျိုး မဆွဲနိုင်တော့ရာ လောင်းယန်လည်း ဘာမှ မလုပ်နိုင်တော့တဲ့အတွက် သူ့မျက်နှာကို နှစ်ကြိမ်လောက် ရိုက်ပေးလိုက်သည်။
လောင်းယန် ရက်စက်လွန်းတယ်လို့ ထင်တာကြောင့် ဝူရှဲသူ့ကို အမြန်တားလိုက်သည်။ အဲဒီအချိန်မှာတော့ ဆရာလျောင်က ဖြစ်ပျက်နေတာကို သဘောပေါက်ပြီး သတိပြန်ဝင်လာကာ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း
“အိုး အမေရေ! မင်းပြောငါက ဒီလောက် ဒုက္ခပေးတယ်လို့ ထင်ရလား? ငါအိမ်မှာပဲနေချင်တာပါ... ဘာလို့ တခြားသူတွေနဲ့ ဂူဖောက်တာတွေ သင်ယူဖို့ ကြိုးစားနေခဲ့မိပါလိမ့်? အခုပြီးသွားပြီ... အခု တိုင်းတစ်ပါးမှာ သေရတော့မယ်--"
သူပြောလို့ မပြီးသေးတာကို မြင်တော့ လောင်းယန်ကို ပါးစပ်ကိုပိတ်ခိုင်းပြီး ကျိန်ဆဲလိုက်တော့သည်။
"မပြီးသေးဘူးလား? ခင်ဗျားပုံစံက ရှက်ဖို့ကောင်းလွန်းတယ်...ခင်ဗျားထပ်ပြီး ဆူညံနေရင် ကျုပ်တို့က ခင်ဗျားကို ဒီမှာပဲ ပစ်ချခဲ့မှာ... ခင်ဗျား တစ်ယောက်တည်း ပြန်တွားသွားနိုင်တယ်နော်...."
ဆရာလျောင် ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားသည်။ ထို့နောက် လောင်းယန် ဝူရှဲဘက်ကို လှည့်ပြီး မေးလိုက်သည်။
"လောင်ဝူ... အခုနက ဘာကောင်လဲ မင်း ရှင်းရှင်းလင်းလင်း မြင်လိုက်လား? တကယ် ဖုတ်ကောင်လား?"
ဝူရှဲသူ့ကို လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"မဟုတ်ဘူး.... ငါတို့အရှေ့ကို ကြည့်လိုက် ဘာအမွေးမှ မတွေ့ရဘူး... ဖုတ်ကောင်ကလည်း အဲ့လောက် သိပ်မမြန်ဘူး"
လောင်းယန်က "ဒီမှာ လူသေအလောင်းတွေ ဒီလောက်များတာ... ဖုတ်ကောင်တွေ မရှိဘူးဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး... ဖုတ်ကောင်တွေမှာလည်း အဆင့်တွေ ရှိတယ်လို့ ငါကြားဖူးတယ်.... ဧကန္တ ငါတို့ ကိုယ်ဖော့သိုင်းတတ်တဲ့ အဆင့်မြင့်ဖုတ်ကောင်နဲ့ မတော်တဆ တွေ့နေတာများ ဖြစ်နေမလား !"
ဝူရှဲ သူနဲ့ စကားတွေ အငြင်းမပွားချင်တော့ဘဲ ဆရာလျောင်ကြောင့် အကွဲအပြဲ ပြိုကျသွားတဲ့ အလောင်းတွေဆီ လျှောက်သွားပြီး အကြောင်းအရာတွေကို တူးဆွဖို့ သူ့ပစ္စတိုကို သုံးလိုက်သည်။
“ဒီမှာ ပတ်ဝန်းကျင်က အရမ်းစိုစွတ်နေတယ်... အလောင်းတွေမှာ အရိုးတွေပဲ ကျန်တော့တယ်။ ပြီးတော့ အဲဒီပေါ်မှာ မှိုမည်းတွေလည်း ပေါက်နေတယ်။ ဒီအရာက ဖုတ်ကောင်ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ့ခေါင်းနဲ့ အာမခံရဲတယ်"
ဤအချိန်တွင် ဆရာလျောင်လည်း တဖြည်းဖြည်း ငြိမ်သက်သွားကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
"ညီအကိုတို့နှစ်ယောက်.... ဒါက ဖုတ်ကောင်လား ဆိုတာ ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး.... မီးတွေရှိနေတုန်း ငါတို့ ချောက်ကမ်းပါးကို အမြန်ပြန်တက်သင့်တယ်လို့ ထင်တယ်နော် နောက်ပိုင်းကိစ္စကို နောက်မှ စဥ်းစားကြရင်ရော?"
သူ့နှိုးဆော်မှုကနေ တစ်ဆင့် ဒီအဖြစ်အပျက်ကို လက်မခံနိုင်ဘဲ ပြန်ဆုတ်ချင်နေမှန်း ဝူရှဲလည်း သိပါ၏။ ဒါဟာ ရန်သူက အမှောင်ထဲမှာ ရှိနေပြီး သူတို့က အလင်းထဲမှာ ရှိနေကြောင်း ရှင်းပြနေတာပင်။ အခု ချောက်ကမ်းပါးကို တက်မယ်ဆိုရင် နောက်လှိုင်း ဘယ်အချိန် လာမယ်ဆိုတာ မပြောနိုင်သေးဘူး။ လာပြီးတော့ ငါတို့ရှောင်လို့မရဘူး၊ ငရဲဘုရင်ကို အော်ဟစ်ဖို့သာ ငါက ငရဲပြည်ကို သွားနိုင်တာမို့ အခြေအနေ မရှင်းခင်မှာ ကမူးရှူးထိုး မလုပ်တာ ပိုကောင်းပါ၏။
လောင်းယန်က "လောင်ဝူပြောတာ မှန်တယ်... ငါတို့မှာ သေနတ်တွေ ရှိနေတုန်းပဲ တကယ် ဖုတ်ကောင် ဆိုရင်တောင် ငါတို့က တစ်ချက်နှစ်ချက် ပစ်လို့ရတယ် သူ့ကို ကြောက်နေမှာ မဟုတ်ဘူး"
ဆရာလျောင်က နှာရည်တွေယိုပြီး မျက်ရည်တွေလည်း စီးကျလာကာ ခေါင်းခါယမ်းလိုက်သည်။
“အစ်ကိုရယ် ကျေးဇူးပြုပြီး ငါ့ကိုအဲ့လိုကြီးတော့ မနှစ်သိမ့်ပါနဲ့... ဒီသေနတ်နှစ်ချက်နဲ့ ဖုတ်ကောင်ကို ထိနိုင်ရင်တောင် ငါတို့ သေမှာ သေချာတယ်နော်"
ဝူရှဲလည်း တကယ့်ဖုတ်ကောင် အစစ်နဲ့ တစ်ခါမှ မကြုံဖူးပေ။ သေနတ်နဲ့ ပစ်လို့ ရမလား မသိပေမယ့် အသားနဲ့ လုပ်ထားတဲ့အတွက် ကျည်ဆန်ထက် ပိုပြင်းထန်နိုင်မယ်လို့တော့ မယုံပါဘူး။
ဒါကိုတွေးရင်းနဲ့ ဝူရှဲရဲ့အမူအရာက ငြိမ်သက်သွားပြီး အရင်ကလောက် မစိုးရိမ်တော့ချေ။ အဲဒါကို တွေးပြီး ဒီမှာစောင့်နေတာက ရွေးချယ်စရာ မဟုတ်ဘူးလို့ ခံစားလာရသည်။ ရှေ့ကို ဆက်သွားရမယ်။ အဲဒါက အဆင်မပြေဘူးဆိုရင် အလောင်းပေါ်က နင်းသွားရုံပဲလေ။ ဘာပဲပြောပြော သူတို့ အခုထိ ဖြတ်ကျော်လာခဲ့တာ အများကြီး ရှိနေပြီလေ။ ဘာကြောက်စရာမှ မရှိပါဘူး။ ကိုယ်ကျင့်တရားက ကိုယ့်ဘဝ အန္တရာယ်ဖြစ်လာရင် သိပ်ဂရုမစိုက်နိုင်တော့ဘူးမလား။
ဒါကို ကြားလိုက်တဲ့အခါ လောင်းယန်ကလည်း ဒါက ရွေးချယ်စရာ အားလုံးထဲမှာ အကောင်းဆုံး ဖြေရှင်းချက်လို့ သူခံစားရတယ်လို့ ပြောလာသည်။ သူတို့နှစ်ယောက် ဆရာလျောင်ကို ဆွဲထူပြီး ပစ္စတိုတွေကို မောင်းတင်ထားလိုက်သည်။ ထို့နောက် လောင်းယန်က ဦးဆောင်ပြီး ဝူရှဲနောက်က လိုက်လာခဲ့၏။ သူတို့သုံးယောက် သွားတွေကို အံကြိတ်ပြီး အလောင်းကောင် အခင်းအကျင်းရဲ့ နက်နဲတဲ့ လမ်းကြောင်းအတိုင်း လျှောက်သွားကြပြန်သည်။
အစောတုန်းက ဖြတ်သန်းသွားခဲ့တဲ့ ခြေရာတွေက အခုထိ ရှိနေတုန်းပဲ။ လောင်းယန် ရွှံ့ပေါ်ကို ခက်ခက်ခဲခဲ နင်းပြီး ခြေရာတွေ ချန်ထားခဲ့တဲ့ နေရာတချို့ကို သတိရလာသည်။ အဲဒီခြေရာတွေကို လိုက်ကြည့်မိတော့ လမ်းမှာ လမ်းခွတွေ မတွေ့မိရချေ။ လမ်းလျှောက်ရင်း ရုတ်တရက် တစ်ခုခုမှားသွားသလို ခံစားလိုက်ရသည်။ ဒီနေရာက အလောင်းတွေက ဘာကြောင့် ဒီလောက် မညီမညာ ဆွေးမြေ့သွားရတာလဲ။တချို့ အလောင်းတွေက အရိုးမရှိလောက်အောင် ပုပ်ပွသွားပေမယ့် တချို့ကျတော့ အရေခွံနဲ့ အသားတွေ ကျန်နေသေးသည်။
ဝူရှဲ သူတို့ကို ခဏရပ်ခိုင်းပြီး သေချာကြည့်မလို့ တွေးလိုက်ချိန်မှာပဲ ရုတ်တရက် "ဘန်း"ကနဲ အသံနဲ့အတူ မြေပြင်ပေါ်ရှိ အရိုးစုတစ်ခု ရုတ်ချည်း ပြိုကျသွားသည်။ အရိုးစုက ဘေးဘက်ကို လှိမ့်သွားရာ ဝူရှဲလည်း လန့်သွားတော့သည်။ လှည့်ကြည့်လိုက်တာနဲ့ "ဖောက်" ဆိုတဲ့ အသံကြားရပြီး သူ့လက်ထဲက မီးတုတ်က တတိယအကြိမ် ငြိမ်းသွားပြန်၏။
နောက်ဆုံးအကြိမ်မှာ အတွေ့အကြုံ ရှိခဲ့ပြီမို့ ဝူရှဲ ချက်ချင်း ငုတ်တုတ်ထိုင်ချလိုက်သည်။ အဲဒီအချိန်မှာ သူ့ဘေးနားက ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အသံတွေကြားရပြီး လောင်းယန်ရဲ့ အော်သံကိုပါ ကြားလိုက်ရသည်။
"Fuck! ငါမိထားပြီကွ!"