Chapter 216
နဂါး၏ ပြောင်းပြန်အကြေးခွံ
“သူမက လိုချင်သမျှအရာအားလုံးတဲ့လား အာ”
တစ်ဖက်လူက ရယ်လာသည်။
“ဒီလူက တကယ်ကိုမမျှတမိသွားတာဘဲ”
သူက ဝမ်ဟုန်ကိုသူ့လှေပေါ်မှ ဦးညွှတ်လိုက်ပြီးနောက် သူ့လမ်းသူသွားလိုက်သည်။
ဝမ်ဟုန်က ဘာမှမပြောဘဲ ပြုံးသာပြုံးနေလိုက်သည်။ တစ်ဖက်လူက ဝမ်ဟုန်သူ့အမည်မမေးလာသည်ကို စိတ်ထဲမထားပေ။ သူကရယ်ရုံသာရယ်လိုက်ကာ ဖြေးဖြေးချင်းထွက်သွားသည်။
ဤအချိန်တွင် လှေများသည် သူတို့ကိုထိန်းသိမ်းထားသော မြစ်ဆုံနေရာသို့ရောက်လာသည်။
ချန်ရုံက ဝမ်ဟုန်ဘေးတွင်ထိုင်ကာ ကောင်းကင်ရှိတိမ်ဖြူဖြူများကို သူနှင့်အတူကြည့်နေလိုက်သည်။
နွေးထွေးသောလက်တစ်ဖက်က သူမ၏သေးသွယ်သောခါးကိုဖက်လာသည်။
သူမက သူ့ကိုတွန်းမထုတ်လာဘဲ ပိုလို့တောင်တိုးဝှေ့ပူးကပ်လာသည်။
သူ၏ကျီစယ်လိုသောအသံက သူမခေါင်းထက်မှထွက်ပေါ်လာသည်။
“ကိုယ့်နားကို ဘာလို့ကပ်နေတာလဲ”
ချန်ရုံက ကောင်းကင်ရှိတိမ်များကို ကြည့်ပြီး အရေးမစိုက်စွာပြန်ဖြေလိုက်သည်။
“ဒီအတိုင်းဘဲ”
သူမအဖြေကိုကြားသောအခါ သူကရယ်လာသည်။
ချန်ရုံက သူ့ကိုမျက်စောင်းထိုးကာ အပြုံးထဲတွင်ဓားဝှက်ပြီးပြောလာသည်။
“မေ့သွားပြီလား ချီလန်၊ အရှင်မင်းကြီးရဲ့ခွင့်ပြုချက်အရ ကျွန်မကအပျော်ကောင်လေးတွေခေါ်ထားလို့ရတယ်”
လေကဲ့သို့ညင်သာနေသော သူမစကားလုံးများက အမှတ်တမဲ့လွင့်ထွက်လာသလိုပင်။
ထိုအခါ ဝမ်ဟုန်မျက်နှာပေါ်မှအပြုံးက တောင့်သွားပြီး ချောင်းဟန့်သံများက သူတို့နားတစ်ဝိုက်တွင်ထွက်ပေါ်လာသည်။ ဝမ်ဟုန်နှင့်ချန်ရုံသို့လှည့်ကြည့်လိုက်သောအခါ လည်ချောင်းရှင်းနေသောယောက်ျားများက အကြည့်လွှဲရန်ခေါင်းငုံ့လိုက်ကြသည်။ သို့သော် သူတို့၏ချောင်းဆိုးသံများက ပိုပိုပြီးကျယ်လာလေသည်။
ချန်ရုံက ဝမ်ဟုန်၏တောင့်တင်းနေသောအပြုံးကို မျက်လုံးမှေးကြည့်ပြီး ကျေနပ်နေသည်။
“စိတ်မကောင်းမဖြစ်ပါနဲ့ ချီလန်၊ ဒီလိုမျိုးတွေးတဲ့သူတွေက ကျန့်ခန်းမှာအများကြီးရှိလိမ့်မယ်လို့ ကျွန်မလောင်းရဲတယ်”
သူမက ပြုံးဖြဲဖြဲလုပ်နေသည်။
“စိတ်မကောင်းဖြစ်နေလို့ ဘာမှအသုံးမဝင်ဘူး”
အရှင်မင်းကြီးက သူမကိုအပျော်ကောင်လေးများ ထားခွင့်ပေးသော်လည်း သူမကမူ ဒီလူတစ်ယောက်တည်းကိုသာ မြင်ဖူးသည်။ ထို့အပြင် သူတို့က ဒီလိုညနောက်ကျသည်အထိ အတူရှိနေကြဆဲဖြစ်သည်။....ဒါက အရှင်မင်းကြီးစိတ်ထဲမှာတွေးထားတာနဲ့ အတိအကျဘဲမဟုတ်လား။
ဝမ်ဟုန်က ရွှင်မြူးနေသောချန်ရုံကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူက သူမ၏ပီတိဖြာနေသော မျက်နှာကိုလျစ်လျူရှုရန်ဆုံးဖြတ်လိုက်ပြီး ရှေ့တည့်တည်သို့ မျဉ်းဖြောင့်အတိုင်းသာ စိုက်ကြည့်နေလိုက်သည်။
ချန်ရုံက သူ၏ရန်ပွဲမှ ရှောင်ထွက်သွားမှုကို သဘောတွေ့ သွားသည်။ သူမက တခစ်ခစ်ရယ်ပြီး သူ့ဆီတိုးဝှေ့ပူးကပ်လာသည်။ သူမက သူ့လက်မောင်းကိုဖက်ကာ ရေရွတ်လိုက်သည်။
“ကျွန်မက ရှင့်ရဲ့အပျော်မယား၊ ရှင်က ကျွန်မရဲ့အပျော်ကောင်လေးဘဲ၊ ချီလန် ရှင်နဲ့ကျွန်မကို အခြားလူတွေရဲ့မျက်လုံးထဲမှာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့များ မြင်ကြမလားမသိဘူး”
သူမ၏ရယ်သံက နူးညံ့ကာ သူမအသံက သိမ်မွေ့နေသည်။ 'ဖောက်လွှဲဖောက်ပြန်လုပ်သူ' ဟူသောစကားလုံးကအောက်တန်းကျသော်လည်း သူမပြောလာသောအခါ အတော်လေးကို ကလူကျီစယ်သောပုံစံပေါက်နေ၏။
ဝမ်ဟုန်က စိတ်အနှောင့်အယှက်ဖြစ်စွာ နှုတ်ခမ်းစေ့လိုက်ပြီး ချန်ရုံကို ဆက်လျစ်လျူရှုနေလိုက်သည်။
ဤအရာကိုမြင်သောအခါ သူမက ပိုပြီးစိတ်ချမ်းသာစွာ ရယ်မောလာလေသည်။
ဒါက သူမက သူ့ကိုပြောစရာမရှိအောင်လုပ်နိုင်သည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
ချန်ရုံ၏ ရယ်သံလွင်လွင်များကြားတွင် ဝမ်ဟုန်က အေးစက်စွာပြောလာသည်။
“အချစ်လေးရေ အရမ်းပျော်နေတာက ဝမ်းနည်းမှုကိုခံစားရလာတတ်တယ်နော်”
ချန်ရုံ၏ရယ်သံများက ပိုပြီးတောင်ဟိန်းလာသည်။
နာရီဝက်လောက်ကြာသောအခါ လှေများက အကွေ့တစ်ခုပြုလုပ်ကာ မြစ်ကမ်းဆီကပ်လာကြသည်။
ချန်ရုံက ကျွတ်ကျွတ်ညံနေသောလူများနှင့် ဟီသံပေးနေသည့်မြင်းများရှိနေသည့် လရောင်တောက်နေသော လမ်းကိုငေးလိုက်သည်။ သက်ပြင်းတစ်ချက်ချကာ သူမကပြောလာသည်။
“ကျွန်မတို့တွေ တကယ်ပြန်ရောက်လာတာဘဲ”
သူမဘာသာစကားပြောနေစဉ်တွင် အဖြူဝတ်ယောက်ျားက ရှေ့သို့ရောက်နေပြီဖြစ်ကာ သူ့နောက်မြန်မြန်လိုက်လာရန် သူမကိုနှိုးဆော်လာသည်။
ထိုနေရာတွင် မြင်းအကောင်ရေ နှစ်ဆယ်၊သုံးဆယ်ကျော်ရှိသော ရထားလုံးများနှင့် မရေတွက်နိုင်သော လားကုန်တွဲများရှိနေသည်။ ချန်ရုံက အဆုံးမရှိသောအတန်းကြီးကိုကြည့်ကာ မေးလိုက်သည်။
“ဒါတွေအားလုံးကို ဆန်စပါးသယ်ဖို့ သုံးတာလား”
သူမက ဝမ်ဟုန်ကိုကြည့်လာကာ သူမမျက်လုံးများကအရောင်တောက်နေသည်။
“အခုချိန်မှာ ယာယီအားဖြင့် စားစရာတွေပြတ်လပ်နေတယ်၊ နန်ယန်က အခုမှဘေးဒုက္ခကိုကျော်ဖြတ်လာနိုင်တာ၊ ဒါကြောင့် လူတွေက သေချာပေါက်ကို အစာရေစာငတ်မွတ်နေကြမှာဘဲ၊ ဒီတစ်ကြိမ်နန်ယန်ကို ပို့မယ့်ဆန်စပါးတွေဆိုရင် အမြတ်ဆယ်ဆတောင်ရှိတယ်”
ဤအဆင့်တွင် သူမကအနည်းငယ်နောင်တရလာသည်။ သူမသာ ဝမ်ဟုန်နန်ယန်ကိုသွားမည်ဟု စောစောသိခဲ့ပါက အတူယူလာရန် လှည်းအစီးများစွာကို စီစဉ်ထားမှာဖြစ်သည်။
ဝမ်ဟုန်ကမျက်မှောင်ကြုတ်နေချိန်တွင် လက်ခုပ်တီးသံတစ်ခုထွက်လာကာ ခရီးဦးကြိုပြုလုပ်ပေးသည့် အသက်နှစ်ဆယ်အရွယ်စာသင်သားတစ်ယောက်ထွက်လာသည်။ သူကချန်ရုံကိုကြည့်ကာ ချီးကျူးလိုက်သည်။
“အမြတ်ဆယ်ဆတဲ့လား ဘယ်လိုတောင်ပြောရမလဲ”
ထိုသို့ပြောပြီးနောက် သူက ဝမ်ဟုန်ဘက်လှည့်ကာ မေးလိုက်သည်။
“အရှင် သူမက အရည်အချင်းရှိတဲ့ စီးပွားရေးသမားဘဲ၊ သူမကို ကျွန်တော့်ဆီ ပေးလိုက်လို့ရလား”
မျိုးရိုးမြင့်သူလို ဝတ်ဆင်ထားသော်လည်း ချန်ရုံ၏ဆွဲဆောင်မှုရှိသောမျက်နှာက သူမကိုဝမ်ဟုန်၏ကိုယ်လုပ်တော်ဟု ထင်ရအောင်ပြုလုပ်နေသည်။ ကိုယ်လုပ်တော်တစ်ယောက်က ဘယ်လိုဘဲ အချစ်ခံရပါစေ ထိုထက်ဘာမှပိုမနေပေ။ မင်းမျိုးမင်းနွယ်ဝင်များအတွက် သူမ၏သခင်ရှေ့တွင် သူမကိုဆော့ကစားရန်မှာ လုံးဝကိုဖြစ်နိုင်သောအရာဖြစ်သည်။
ဤစာသင်သားက ရာထူးအမြင့်ဆုံးမဟုတ်လျှင်တောင်မှ ဂုဏ်ဒြပ်တစ်ချို့ရှိသဖြင့် သူပြောသောအရာသည် ခံစားပိုင်ခွင့်ရှိသည်။
ဒီအချိန်တွင် မည်သို့ပင်ဆိုကာမူ ထိုင်းမှိုင်းနေသောလေထုက သူအား သိသာလာစေသည်။
စာသင်သားက လူအုပ်ကိုကြည့်ကာ သူ့မျက်နှာပေါ်ရှိအပြုံးက တောင့်တင်းလာသည်။
တိတ်ဆိတ်နေသောအချိန်တွင် ဝမ်ဟုန်ကပျင်းရိစွာ ပါးစပ်ဖွင့်လာသည်။
“မင်း သူမကိုပြောတာလား”
သူ့နှုတ်ခမ်းက အလျင်မလိုစွာတွန့်ကွေးပြီး ဆက်ပြောလာသည်။
“သူမကိုရဖို့ မင်းမတတ်နိုင်ဘူး”
ခနရပ်ပြီးနောက် သူက နောက်စကားတစ်ခွန်းကို တစ်လုံးချင်းစီပြောလာသည်။
“ဘယ်သူမှတတ်နိုင်မှာ မဟုတ်ဘူး၊ သူမက ငါ့အတွက်ဘဲ”
ထိုသို့ပြောပြီးနောက် ဝမ်ဟုန်၏အရှေ့တွင်ရှိနေသော ရထားလုံးများဆီသွားလိုက်သည်။
သူထွက်သွားသောအခါ လူတိုင်းကလည်း အလျင်အမြန်လိုက်သွားကြသည်။
ဝမ်မျိုးရိုးနှင့် အစေခံတစ်ယောက်က အနောက်မှာကျန်နေခဲ့သည်။ ဝမ်ဟုန်ထွက်သွားသောအခါ သူက စာသင်သားဆီကိုသွားပြီး ကရုဏာသက်စွာပြောလိုက်သည်။
“ယန်ဇီရှိုး ဒီတစ်ကြိမ်တော့ ငါမင်းကိုမကူညီနိုင်တော့ဘူး”
ယန်ဇီရှိုးက တုန်လှုပ်သွားသည်။ ချွေးစေးများက သူ့နဖူးပေါ်မှစီးကျလာပြီး ကတုန်ကယင်ဖြင့်မေးလာသည်။
“တော်ဝင်မင်းသမီးဆိုရင်တောင်မှ လူတစ်ယောက်ကို စကားတစ်ခွန်းကြောင့်နဲ့ သေစေတဲ့အထိမလုပ်နိုင်ပါဘူး ဟုတ်တယ်မလား”
ဝမ်မျိုးရိုးအစေခံကခေါင်းခါလိုက်သည်။
“နဂါးတိုင်းမှာ ပြောင်းပြန်အကြေးခွံရှိကြတာဘဲ”
သူက ယန်ဇီရှိုးကို သက်ပြင်းချကာ ပြောပြလိုက်သည်။
“သွားတော့ အခုကစပြီးကျန့်ခန်းမှာ မပေါ်လာနဲ့”
ထို့နောက် သူက ဝတ်ရုံလက်ကိုလွဲကာ ဝမ်ဟုန်နောက်လိုက်သွားသည်။
ယန်ဇီရှိုးက မြေကြီးပေါ်လဲကျသွားသည်။ သူ့မျက်နှာက အရောင်အဆင်းကင်းမဲ့ကာ ချွေးစေးများဖြင့်ရွှဲနစ်နေသည်။ သူက ချန်ရုံထွက်သွားသည်ကိုစိုက်ကြည့်ပြီး ထုံထိုင်းစွာရေရွတ်လာသည်။
“သူမက တကယ်ဘဲ ပြောင်းပြန်အကြေးခွံလား၊ တကယ်လို့ သူက သူမကိုအရမ်းတန်ဖိုးထားရင် ဘာလို့အိမ်တော်ထဲမှာ မဝှက်ထားတာလဲ၊ ဟုတ်တယ် ဟုတ်တယ် သူက အခြားသူတွေကို သတိပေးချင်လို့ ငါ့ကိုဥပမာအဖြစ်လုပ်ပြနေတာ၊ ငါကဒီအတိုင်းကံဆိုးသွားရုံဘဲ”
လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ချို့တွင် လန်ယာဝမ်အိမ်တော်၏တရားဝင်သားတစ်ယောက်သည် လူထုရှေ့တွင် အရက်မူးပြီး အဝတ်ဗလာဖြစ်ကာ သူ့သူငယ်ချင်း၏ဇနီးကို စော်ကားခဲ့သည်....လူတိုင်းက သူ့ကိုဆွဲရုံသာဆွဲလာကြပြီး ရယ်ရယ်မောမောသာရှိခဲ့ပေသည်။
ရာစုနှစ်များစွာ မင်းမျိုးမင်းနွယ်နှင့် စာသင်သားများသည် တစ်စုံတစ်ယောက်၏အိမ်တော်ကိုအလည်သွားပြီး မိန်းမလှတစ်ယောက်ကိုတွေ့ပါက ထိုမိန်းမကိုတိတ်ဆိတ်သောနေရာသို့ခေါ်သွားကာ သူ့ကိုသူ သူမပေါ်တွင်ဖိရန်ကြိုးစားလေ့ရှိသည်။ ဒီလိုအရာများသည် သာမာန်လိုတောင်ဖြစ်နေပြီဖြစ်သည်။
စကားတစ်ခွန်းလွတ်ထွက်လာမှုက သူ၏မျိုးနွယ်ကိုငြိစွန်းသွားစေကာ သူသည်လည်း ဝမ်ဟုန်၏ အဆင့်အတန်းလျှော့ချခြင်းကိုခံလိုက်ရသည်။ သူ၏မကောင်းသောကံကိုသာ အပြစ်တင်နိုင်တော့သည်။ ဝမ်ဟုန်က ထိုအမျိုးသမီးပိုင်ဆိုင်သော ခန္ဓာကိုယ်ဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ ဘာကိုမဆိုကာကွယ်ပေးချင်နေသည်။ သူမက သူ၏ပြောင်းပြန်အကြေးခွံဖြစ်သည်ဟု မင်းမျိုးမင်းနွယ်ဝင်များကို သတိပေးနေခြင်းပင်။ ထို့နောက် စကားတစ်ခွန်းတည်းဖြင့် ယန်ဇီရှိုးက စတေးခံမီးအိမ်ဖြစ်သွားခဲ့သည်။
ချန်ရုံက သူမနောက်တွင်ဘာဖြစ်နေခဲ့သည်ကို မသိချေ။သူမက ဝမ်ဟုန်၏ရထားလုံးပေါ်တက်လိုက်ကာ သူ့ဘေးတွင်ထိုင်ပြီး လမ်းမပေါ်သို့ကြည့်ရန် အပြင်ဘက်သို့ချောင်းကြည့်လိုက်သည်။
ဤအချိန်တွင် ဝမ်ဟုန်၏အသံထွက်လာသည်။
“အာ ဟုတ်သား၊ အားရုံက စီးပွားရေးကိစ္စတွေကိုင်တွယ်ရတာကို ရင်းနှီးနေပြီးသားဘဲ၊ ဖျင်မြို့မှာတုန်းကဆို မင်းမိသားစုရဲ့စည်းစိမ်ချမ်းသာအများစုကို မင်းဘဲဖြန့်ဖြူးပေးတာလေ၊ နန်ယန်ကိုရောက်တော့လည်း မြေယာပိုင်ဆိုင်မှုတွေကို လုပ်ခဲ့သေးတယ် ဒါဆိုရင် ကျန့်ခန်းမှာ မင်းရဲ့ငွေတွေကို ဘယ်လိုစီစဉ်ရမလဲဆိုတာ သိနေမှာပေါ့”
“မင်းကတော့ လျို့ဝှက်ချက်တွေအပြည့်ဘဲနော် အားရုံ”
သူက ထပ်ပြောလာသည်။
ချန်ရုံက ပြုံးသာပြုံးပြီး သူ့ကိုပြန်မဖြေ လိုက်ပေ။
ဝမ်ဟုန်က သူမကိုမှီပြီး နူးညံ့စွာပြောလာသည်။
“ခနလောက် တစ်ရေးအိပ်ကြရအောင်”
သူမက သူ့ကိုတုန့်ပြန်ချက်တစ်ခုပြန်ပေးလိုက်ပြီး ကန့်လန့်ကာကိုချလိုက်သည်။
ဒီတစ်ကြိမ်တွင်သူတို့က ဟူစစ်သည်များကိုစိုးရိမ်နေစရာမလိုသောကြောင့် နန်ယန်ဆီသို့ရောက်ရန် ရက်နှစ်ဆယ်သာကြာပြီး မြို့ပြင်ဝန်းကျင်ထိရောက်သည့် အနီးဆုံးလမ်းမှ သွားလိုက်ကြသည်။
မျက်စိရှေ့တွင် တဖြေးဖြေးပေါ်လာသည့် မြို့မြင်ကွင်းကိုကြည့်ကာ ဝမ်ဟုန်က နောက်ကိုမှီပြီးခေါ်လာသည်။
“အားရုံ”
ချန်ရုံကလှည့်ကြည့်လိုက်သောအခါ သူကသူမကိုပြောလာသည်။
“ဘယ်လိုညီမျှအောင်လုပ်ရမလဲဆိုတာကို မင်းစပြီးတွေးချင်တွေးလို့ရပြီ”
ချန်ရုံက သူ့ကိုပြုံးစစဖြင့် သူ့ကိုကြည့်လိုက်သည်။
“အရှင် ဘာကိုပြောချင်နေတာလဲ”
သူမက မေးလိုက်သည်။
ဝမ်ဟုန်ကပြုံးပြီး နူးညံ့စွာငြီးလိုက်သည်။
“လောကကြီးထဲမှာ အတက်အကျတွေက အကြောင်းအရင်းရှိလို့ဖြစ်နေတာ၊ ကံကောင်းမှုတွေနဲ့ ဘေးဒုက္ခတွေဆိုတာ တည်မြဲခြင်းမရှိဘူး”
ဘာအဖြေမှပြန်မရလာသောအခါ ချန်ရုံက စိတ်ရှုပ်ထွေးစွာ တအီအီငြီးငြူပြီး တစ်ဖက်လှည့်သွားသည်။
သူမက လမ်းဘေးရှိ ဖုန်မှုန့်ဝါများနှင့် အဝေးတွင်မြင်နေရသော မားမားမြင့်မြင့်တည်ရှိနေသော မြို့တော်ကိုလှမ်းကြည့်နေလိုက်သည်။ ယခင်နှစ်ကဖြစ်ခဲ့သည့် အရာအားလုံးက သူမမျက်လုံးရှေ့တွင် လွင့်မျောလာသည်။
ရုတ်တရက် သူမက ဝမ်ဟုန်ကိုလှည့်ကြည့်ပြီး မေးလိုက်သည်။
“အရှင် မောယန်မှာရှိနေတုန်းက ဘာလို့မူရုံခယ်ကတိုက်ခိုက်လာတာလဲ၊ အရှင်ရောက်တာရက်အနည်းငယ်ဘဲရှိသေးတာကို သူက သတင်းဒီလောက်မြန်မြန်ရသွားပြီး မြို့ကိုလာစစ်ခင်းတာ ထူးဆန်းတယ်လို့မထင်ဘူးလား”
ဝမ်ဟုန်င သူမကို ခပ်ဖျော့ဖျော့ပြုံးကာကြည့်လိုက်သည်။
“ကိုယ်က နန်ယန်မှာတုန်းကလည်း အဝိုင်းခံခဲ့ရပါတယ်.....ဘာလို့ မောယန်ကကိစ္စကိုဘဲ ပြောရတာလဲ”
ဘာလို့လဲ၊ ဘာကြောင့်လဲဆိုတော့ ရှင်က အရင်ဘဝတုန်းက အဲ့ဒီနေရာမှာ သေခဲ့တာလေ။
ချန်ရုံက ဘာပြောရမှန်းမသိဖြစ်နေချိန်တွင် ဝမ်ဟုန်က အပြင်ဘက်ကိုငေးကြည့်ပြီး ပြောလာသည်။
“ဒီမေးခွန်းအတွက် အဖြေကို ဒီမှာဘဲဖြေပေးဖို့ ကိုယ်အမိန့်ပေးတယ်”
ဒါဆိုရင် သူ နန်ယန်ကိုလာရတဲ့ရည်ရွယ်ချက်ထဲက တစ်ခုက ဒီကိစ္စကိုစုံစမ်းဖို့လား။
ချန်ရုံက တစိမ့်စိမ့်တွေးနေချိန်တွင် ဝမ်ဟုန်က သူမလက်ကိုဖိကာ သူမကိုကြည့်လာသည်။
“မင်းက အတော်လေးဉာဏ်ကောင်းတာဘဲ အားရုံ”
ချန်ရုံက ပြုံးရုံသာပြုံးပြလိုက်သည်။
လှည်းတန်းကြီးက ဖြေးဖြေးချင်းနီးကပ်လာသည်။
နန်ယန်၏ခံတပ်နံရံကြီးက သူတို့ရှေ့တွင်ပေါ်လာသည်။
ချန်ရုံက ၎င်းကိုစိုက်ကြည့်လိုက်ပြီး လူအုပ်ကြီးဆီသို့ အကြည့်ရွှေ့လိုက်သည်။
ထိုလူများက လှည်းတန်းကြီးနီးကပ်လာသောအခါ ဝမ်းသာအားရ အားပေးကြသည်။
ဖုန့်မှုန့်များငြိမ်သွားသောအခါ သူတို့တစ်ယောက်ချင်းစီမျက်နှာက သူမရှေ့တွင်ရှင်းလင်းလာသည်။
ပိန်သွယ်ကာ ကျက်သရေရှိသောစာသင်သားတစ်ယောက်က အရှေ့ဘက်မှလျှောက်လာသည်။ သူ၏ဘေးတွင် လေးထောင့်ဆန်ဆန်မျက်နှာနှင့် အသက်နှစ်ဆယ်လောက်ရှိပြီဖြစ်သော လူငယ်တစ်ယောက်က ရပ်နေသည်။ ထိုလူငယ်၏ မျက်နှာကအချိုးအစားညီမျှကာ မဲမှောင်သောအသားအရေ၊ စိတ်ဝိဉာဉ်အထိစွဲကျန်စေနိုင်သော မျက်ဝန်းကျယ်များနှင့် ဖြောင့်တန်းသောပုံစံရှိသည်။ ဒါကကျန်းရှန့်မလား။
သူမအနေဖြင့် သူ့ကို သူတို့နှစ်ယောက်နောက်ဆုံးတွေ့ခဲ့ပြီးနောက် ခြောက်လကြာသောအခါ ဒီလောက်အမြန်ကြီးရာထူးတိုးလာလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။ အခုချိန်တွင် သူကဒီလိုကိစ္စမျိုးကိုတောင် တက်ရောက်နိုင်သည်အထိ အရည်အချင်းရှိနေပြီဖြစ်ကာ အခြားအားကောင်းသောလူများ၏ရှေ့တွင် မတ်မတ်ရပ်နေနိုင်ပြီဖြစ်သည်။
အားပေးချီးမြှင့်သံများက ပိုပိုပြီးကျယ်သထက်ကျယ်လာသည်။
ဖြေးဖြေးချင်းဖြင့် “အရှင်ချီလန် အရှင်ချီလန်”ဟုအားပေးခေါ်ဝေါ်နေကြသော အသံများက မိုးကောင်းကင်ထက်တိုင်အောင် မြည်ဟိန်းလာသည်။
လှည်းများကို အရှိန်လျှော့လိုက်ကြသည်။
အစေခံနှစ်ယောက်က ရှေ့သို့တိုးလာသည်။ သူတို့က ဝမ်ဟုန်၏ရထားလုံးကန့်လန့်ကာကိုမကာ ဝမ်ဟုန်နှင့်ချန်ရုံတို့၏မျက်နှာကို လူအုပ်ကြီးမှာ လှစ်ပြလာသည်။
နားကန်းလုမတတ်အော်သံများက ပေါက်ကွဲထွက်လာသည်။
ပိန်ပါးသောစာသင်သားနှင့် ကျန်းရှန့်က သူတို့ဆီရောက်လာသည်။
“အရှင်ချီလန်ရောက်လာမယ်ဆိုတာသိလို့ အရှင်မင်းသားက ကျွန်တော့်ကို ဒီမှာစောင့်ပြီး ကြိုခိုင်းထားတာပါ”
ထုံးတမ်းစဉ်လာများကိုလုပ်ဆောင်ပြီးနောက် စာသင်သားက ဝမ်ဟုန်ကိုဖော်ရွှေစွာပြောလာသည်။
“အရှင်ယူလာတဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေက ကျွန်တော်တို့လိုအပ်နေတဲ့အချိန်မှာ နနန်ယန်ကိုကူညီပေးလိုက်တာဘဲ”
သူ့အကြည့်က ချန်ရုံဆီရွေ့လာကာ မေးလာသည်။
“ဒါက လောကမှာနာမည်ကြီးတဲ့ တော်ဝင် အိမ်တော်ဝန်မဟုတ်လား”