Chapter (10)
Viewers 1k

Chapter (10)

ချိန်းတွေ့မယ် 



အစည်းအဝေးခန်းရှိ မီးခိုးရောင် မီးချောင်းက အနည်းငယ်တောက်ပနေပြီး နံရံများကို ဖြူစင်သော အလင်းရောင်ဖြင့် လင်းထိန်နေစေကာ စကျင်ကျောက်ပြားပေါ်တွင် ရောင်ပြန်ဟပ်နေပါသည်။


အစည်းအဝေး စားပွဲဘေးရှိ ဆိုဖာပေါ်တွင် ယွိစစ်ကျဲက သူ့လက်နှစ်ဖက်ကို ဆုပ်လျက် ထိုင်ချလိုက်ပြီး သူ့လက်ချောင်းထိပ်များက ကျန်လက်ဖမိုးပေါ်သို့ အသာအယာ ​တောက်နေသည်။


သူ့ဘေးနားတွင်တော့ ရဲအရာရှိငယ်တစ်ဦးသည် စာရွက်စာတမ်း အမြောက်အမြားကို လှန်ကြည့်နေပြီး သူ့အမူအရာမှာ ပြင်းထန်တင်းမာနေသည်။ သူ၏ ချောမော ဖြောင့်စင်းသော မျက်နှာနှင့် စူးစူးရှရှ မျက်လုံးများက လျင်မြန်စွာ အလုပ်လုပ်နေ၏။ အပျော်စီးသင်္ဘောပေါ်ရှိ အခြေအနေကို ထိန်းချုပ်ရန် အဖွဲ့ကို ဦးဆောင်ခဲ့သည့် လူငယ်ပဲ ဖြစ်သည်။


နံနက် ခုနစ်နာရီကျော်နေပြီ ဖြစ်သော်လည်း တစ်ညလုံး မအိပ်ခဲ့ကြ။ ထိတ်လန့်နေသော လူအုပ်ကို ငြိမ်သက်စေရခြင်းအပြင် ၎င်းတို့သည် အလောင်းများကို ကိုင်တွယ်ကာ အမှန်တရားကို စုံစမ်းဖော်ထုတ်ခဲ့ရသည်။ သူတို့ တစ်မိနစ်မျှပင် မအိပ်ခဲ့ကြသေး။ 


ရဲအေဂျင်စီ၏ အထူးစစ်ဆင်ရေး ယူနစ်တစ်ခုအနေဖြင့် ၎င်းတို့တစ်ဦးစီသည် လက်ရွေးစင်အသင်းဝင်များ ဖြစ်သောကြောင့် အချိန်တိုအတွင်း နိဂုံးချုပ်နိုင်ခဲ့ကြသည်။


ကုန်းယောက်ယင်း၏ လေသံမှာ လေးလံနေသည်။ 


"ခင်ဗျားပြောတာ မှန်ပါတယ် ရွှီယိပေးတဲ့ သဲလွန်စနဲ့ အထောက်အထားတွေက အရမ်းအသုံးဝင်တယ် ကျန့်ကျစ်ရွေ့က တကယ့်ကို သံသယဖြစ်စရာကောင်းတဲ့ လူပဲ"


သူ့လက်ထဲမှာ ကိုင်ထားတဲ့ အထောက်အထားတွေက သူစုဆောင်းထားတဲ့ အရာတွေပါပဲ။


ကုန်းယောက်ယင်းသည် သူစုံစမ်းခဲ့သမျှကို ပြန်သတိရပြီး သူ့မျက်လုံးထဲတွင် ဒေါသမီးများ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။ ထိုသို့သော အညစ်အကြေးများ ရှိနေခြင်းက သူတို့အတွက်တော့ စော်ကားမှုတစ်ခုပင်။ 


"ကျန့်ကျစ်ရွေ့က ဖျော်ဖြေရေးနယ်ပယ်က သူ့ရဲ့ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်မှုတွေကို သုံးပြီး အပြစ်မဲ့မိန်းကလေးငယ်တွေကို သူ့အပျော်စီးသင်္ဘောပေါ် ရောက်လာအောင် လွန်ခဲ့တဲ့ သုံးနှစ်လောက်က စပြီး ဆွဲဆောင်ခဲ့တယ်... သူနဲ့ သူ့နောက်လိုက်တွေက အဲဒီမိန်းကလေးတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ သင်္ဘောကို နိုင်ငံတကာရေပိုင်နက်ထဲကို ရွက်လွှင့်သွားပြီးမှ အလောင်းတွေကို ခွဲထုတ်ပြီး ပင်လယ်ထဲ ပစ်ချခဲ့တာ.... အဲဒီနောက် ရွှီရွှီအပါအဝင် ဓာတ်ပုံတချို့ကို ဒီနေ့အထိ သိမ်းဆည်းထားခဲ့တယ်... သူ့လက်ထဲမှာ သားကောင်ရှစ်ယောက်... သူ့ရဲ့ ဂရုတစိုက်လုပ်ဆောင်မှုတွေကြောင့် အခုထိ ရှာဖွေတွေ့ရှိမှု မရှိသေးသလို တချို့လူတွေက တစ်ခုခုကို သံသယရှိ​နေရင်တောင် ဝရမ်းထုတ်ဖို့ အထောက်အထား မရှိဘူး”


ယွိစစ်ကျဲ ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာက မပြောင်းလဲချေ။ 


ကုန်းယောက်ယင်း : "ရွှီရွှီနဲ့အတူ တခြားမိန်ကလေး နှစ်ယောက်ကလည်း သားကောင်တွေပဲ... သူတို့သုံးယောက် ပေါ်လာရတဲ့ အကြောင်းအရင်းက သံလိုက်စက်ကွင်းနဲ့ တခြား အကြောင်းတရားတွေနဲ့ ဆက်စပ်နေတယ်.... ကျ​နော်တို့ ဒီပုံစံကို လုံလုံလောက်လောက် ဆုပ်ကိုင် ထားလို့ မရသေးဘူး..."


ပြောစရာမရှိတော့ချေ။ ၎င်းတို့သည် ယခင်ကလည်း အလားတူ ကိစ္စရပ်များစွာကို ကိုင်တွယ်ခဲ့ဖူးပြီး ဖြေရှင်းချက်များနှင့် အများသူငှာ ထုတ်ပြန်ချက်များစွာ ရှိနှင့်ပြီးသား ဖြစ်သည်။


သို့သော် ကျန့်ကျစ်ရွေ့ နှင့် သားကောင်အပြင်၊ ယခုတစ်ကြိမ်တွင် အခြားသက်ရှိထင်ရှား ရှိသူတစ်ဦးလည်း ရှိသေးသည်။


ကုန်းယောက်ယင်း ခေတ္တရပ်လိုက်ပြီး ယွိစစ်ကျဲအား လှမ်းပြောလိုက်သည်။ 


"ရွှီယိနဲ့ ပတ်သက်ပြီးတော့ ပြောရရင် သူ့ရဲ့ လူသတ်မှုအတွက် အထောက်အထားတွေက ခိုင်လုံပါတယ်... ဒါပေမယ့် သူက အပျော်စီးသင်္ဘောထဲကို ခိုးဝင်သွားပြီး ကြိုတင် သက်သေတွေ အများကြီးရခဲ့တယ်... ကျန်တဲ့ ရာဇ၀တ်ကောင်တွေကို တရားမျှတအောင် ပို့ဆောင်ပေးနိုင်ခဲ့တယ်.... သူ့ကို ရလဒ်ကောင်းတွေနဲ့ အပြစ်လျော့ပေါ့ပေးလို့ ရတယ်လို့ ယူဆနိုင်ပါတယ် နောက်ပြီး သားကောင်နဲ့ ပေါင်းသင်း ဆက်ဆံရတာ ခက်ခဲတယ်... သဘောထားကြီးကြီးနဲ့ သက်ညှာပေးလိုက်လည်း ပြဿနာ မရှိလောက်ပါဘူး”


ကုန်းယောက်ယင်း ပြောပြီးနောက် ယွိစစ်ကျဲအား စိတ်လှုပ်ရှားစွာ ကြည့်ကာ တစ်ဖက်လူ သူ့အဖြေအတွက် ကျေနပ်မှုရှိမရှိ မသေချာသလို ဖြစ်လာသည်။ တကယ်တော့ ယွိစစ်ကျဲ ဒီလိုအသေးအမွှား ကိစ္စလေးတွေကို ဂရုစိုက်တာ ဒါပထမဆုံးပဲ။ ဒါပထမဆုံးအကြိမ် တောင်းဆိုလိုက်တာ။ အထက်လူကြီးတွေက ယွိစစ်ကျဲနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး Foundation နဲ့လည်း ဆက်ဆံရေးကောင်းဖို့ ညွှန်ကြားထားပါ၏။


ကံကောင်းထောက်မစွာပဲ ယွိစစ်ကျဲသည် ကျိုးကြောင်းဆီလျော်မှု မရှိသော တောင်းဆိုမှုများကို မပြုလုပ်ခဲ့ပေ။ သက်ညှာမှုက ဥပဒေဘောင်အတွင်း၌သာ ရှိသည်။ ယွိစစ်ကျဲ မပြောခဲ့ဘူးဆိုရင်တောင် သူ့ရှုထောင့်ကနေ ထည့်တွေးခဲ့တာပင်။ 


ဒါကိုကြားတော့ ယွိစစ်ကျဲက အနည်းငယ် ခေါင်းညိတ်ပြလာသည်။ 


ကုန်းယောက်ယင်း ချက်ချင်း သက်ပြင်းချလိုက်သည်။


ဤအရာအားလုံးကို နားထောင်ပြီးနောက် ယွိစစ်ကျဲ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။


တကယ်တော့ သူ ရလဒ်ကို စောင့်​နေသေးလို့သာ မဟုတ်ရင် ထွက်သွားပြီးလောက်ပြီ။ ကုန်းယောက်ယင်း၏ အစီရင်ခံစာကို နားထောင်ရန် သူ စိတ်မဝင်စားပါ။ ထို့နောက် WeChat တွင် ဖန်းချူကို ပြန်ထည့်ခဲ့သည်ကို သတိရမိသော်လည်း ၎င်းကို စစ်ဆေးရန် အချိန်မရသေးသဖြင့် မကြည့်ရသေး။ ဤနှစ်များတစ်လျှောက်လုံး သူ ဘာ​တွေဖြစ်သွားသည်ကို သိချင်သည်...


ဒါကိုစဉ်းစားရင်း ယွိစစ်ကျဲ သူ့ဖုန်းကို ထုတ်ပြီး WeChat ကို ဖွင့်ကာ ဖန်းချူရဲ့ ရင်းနှီးတဲ့ပရိုဖိုင်ပုံကို ကြည့်လိုက်သည်။ သူ့ခံစားချက်တွေ ရောထွေးသွား၏။


သူ့မျက်လုံးကို ဖမ်းမိတဲ့ ပထမစာကြောင်းက -


"တစ်ဘီလီယံလောက် လွတ်သွားသလို ခံစားရတယ်"


ယွိစစ်ကျဲ :…


ဟေး ဒါဆို ဒါက မင်းကိုယ့်ကို နှစ်နှစ်လောက်ခွဲ​ပြီး ပြန်တွေ့ရတဲ့ အချိန်မှာ ဖြစ်လာတဲ့ မင်းရဲ့ အထင်အမြင်လား။ ဒါ မင်းပြောချင်တာ တစ်ခုတည်းပဲလား။


ဘာကြောင့်ရယ်မသိ သူ သိပ်မအံ့သြမိပါဘူး။


ကိုယ်တကယ် တောင်းပန်ပါတယ် မင်းကို ဆုံးရှုံးရအောင်လုပ်ခဲ့တာ...။ ယွိစစ်ကျဲ သူ့လက်ချောင်းကို ပြင်းပြင်းထန်ထန် ဖိထားပြီး ချက်ချင်း လက်မထောင်ပြလိုက်သည်။ အရမ်းကောင်းတယ်၊ မင်းအရမ်းကောင်းတယ်။


ကုန်းယောက်ယင်းသည် မနေ့ညက စုံစမ်းစစ်ဆေးမှု ရလဒ်များနှင့် နိဂုံးချုပ်ချက်များကို ရှင်းပြပြီးနောက် မကြာသေးမီက ဖြစ်ပွားခဲ့သော မတော်တဆမှုများ အကြောင်းကို တွေးတောပြီးသောအခါတွင် သူ့စိတ်မှာ လေးလံနေပြီး မပျော်တော့ပေ။ 


"လူကြီးမင်းယွိ... ဖောင်ဒေးရှင်းက ဘက်ပေါင်းစုံက ပွတ်တိုက်မိမှုက အကြိမ်ရေ တိုးလာတယ်လို့ သတင်းပေးပါတယ်... မနေ့ညနေက ခင်ဗျား ရောက်လာတာက တိုက်ဆိုင်မှုတစ်ခုပဲလား... လက်သည်ကို ကြိုတင်ခန့်မှန်းဖို့ ဖောင်ဒေးရှင်းက တီထွင်ထားတာ ရှိလို့လား...?"


မော့ကြည့်လိုက်တော့ ယွိစစ်ကျဲက သူ့ဖုန်းကို စိုက်ကြည့်နေ၏။ ​​သူ့မျက်နှာက ဒေါသတွေကြောင့် မည်းမှောင်နေသည်။ မျက်လုံးတွေက အေးစက်ပြီး ကြောက်စရာကောင်းတဲ့ အလင်းရောင်တွေ တောက်ပနေတာကို တွေ့လိုက်ရ​လေ၏။


ကုန်းယောက်ယင်း အံ့သြလွန်းလို့ မတ်တပ် ထရပ်မိသွားသည်။


သူသည် ဖောင်ဒေးရှင်းနှင့် ဆက်ဆံရ​ရေးအတွက် အထူးတာဝန်ယူခဲ့ပြီး ယွိစစ်ကျဲကို လူအများစုထက် အနည်းငယ်ပိုသိသည်။ ဖောင်ဒေးရှင်းထဲက အာရှတိုက်၏ အထွေထွေမန်နေဂျာအဖြစ် ယွိစစ်ကျဲသည် သူ့ထက် အသက် ပိုမ​ကြီးသော်လည်း ဖောင်ဒေးရှင်း၏ အဓိကကျသော ပုဂ္ဂိုလ်ငါးဦးထဲမှ တစ်ဦးဖြစ်သည်။ သူသည် အမြဲတမ်း နိမ့်ကျသော ကိုယ်ရေးအကျဉ်းကို ထိန်းသိမ်းထားသော်လည်း အလွန်ပင် အရည်အချင်း ရှိသူဖြစ်သည်။


သူပိုသိလေလေ၊ နားမလည်နိုင်သော ယွိစစ်ကျဲရဲ့ ခွန်အားက ကြီးလေလေဖြစ်သည်။


ကုန်းယောက်ယင်းသည် အထင်အမြင်မှာတော့ ယွိစစ်ကျဲဟာ အမြဲတမ်း တည်ငြိမ်ပြီး ပြတ်ပြတ်သားသား တင်းမာသော ဖိအားအောက်တွင်ပင် မတုန်မလှုပ် မလှုပ်မယှက် ဖြစ်နေသည့် လူအမျိုးအစားဖြစ်သည်။ လူတိုင်းက သူ့အမူအရာနဲ့ မလိုက်ဖက်တတ်ချေ။ မကြာသေးမီက မြန်မာနိုင်ငံရှိ မြို့ငယ်လေးတစ်မြို့တွင် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဆိုးရွားသော အခြေအနေက သုံးရက်လုံးလုံး ကြာမြင့်ခဲ့သည်။ တစ်မြို့လုံးတွင် အသက်ရှင်ကျန်ရစ်သူ မရှိခဲ့။ 


နောက်ပိုင်းတွင် စေလွှတ်ခံရသူအားလုံးသည် မိမိတို့ကိုယ်ကို စတေးပြီး အဆက်အသွယ် ပြတ်သွားကြသည်။ လူတိုင်း ကူကယ်ရာမဲ့ကာ ဧရိယာတစ်ခုလုံးကိုပင် ပိတ်ပစ်ခဲ့ရသည်။ အဆုံးမှာတော့ ယွိစစ်ကျဲ တစ်ယောက်တည်း ဝင်သွားပြီး အကျပ်အတည်းကို ရှောင်ရှားရင်း အသက်ရှင်လျက် ထွက်လာခဲ့လေ၏။ 


၎င်းတို့၏ အဆင့်သတ်မှတ်ချက်အရ ၎င်းသည် A-level ပရောဂျက်ဧရိယာဖြစ်သည်။


ဒါတောင်မှ ယွိစစ်ကျဲဟာ အရေးမပါတဲ့အရာတစ်ခုကို လုပ်လိုက်ရသလိုမျိုး ဝင်လိုက်ထွက်လိုက်နဲ့ လုံးလုံးလျားလျား မတုန်မလှုပ် ဖြစ်နေတုန်းပါပဲ။ တခါတရံတွင် ကုန်းယောက်ယင်းသည် တစ်ဖက်လူက ကမ္ဘာကြီး ဘာဖြစ်လာမည်ကို ဂရုမစိုက်သလို သူ့ကိုယ်ပိုင်အသက် သို့မဟုတ် သေဆုံးခြင်းကိုလည်း ဂရုမစိုက်သလို ခံစားလာရသည်။


သူလုပ်သမျှ အရာအားလုံးနှင့် သူလုပ်ဆောင်ခဲ့သော အခြေခံအုတ်မြစ်သည် မည်သည့်အရာမှမဖြစ်အောင် အမြဲတစေ ကြိုးစားနေသော်လည်း ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် သူ့အသက်အန္တရာယ်ကို စွန့်စားနေပါသည်။


ဒါပေမယ့် ကုန်းယောက်ယင်းကတော့ တစ်ဖက်လူဟာ သူ့ကိုယ်သူ သိပ်ဂရုမစိုက်ဘူးလို့ ခံစားမိသည်။ 


သူလုပ်သင့်တာကို ရိုးရိုးရှင်းရှင်းပဲ လုပ်နေ၏။ 


ယခုမူ ယွိစစ်ကျဲ၏ အမူအရာသည် တစ်စုံတစ်ရာက နှောင့်ယှက်နေသလိုမျိုး အလွန်လေးနက်ပြီး ကြမ်းတမ်းလာသည်ကို တွေ့လိုက်ရသည်။ ယွိစစ်ကျဲကို ဒီလိုအမူအရာနဲ့ ပထမဆုံးမြင်ဖူးတာဘဲ။ ဒါဟာ D အဆင့် ဖြစ်ရပ်တစ်ခုသာ ဖြစ်​နေ​ပြီဆိုတာ ထင်ရှားပါသည်။ 


ကုန်းယောက်ယင်း သူ့ဘာသာ တွေးပြီး စိုးရိမ်လာသည်။ အခြေအနေက ဒီအထိ တိုးလာပြီလား။ ဒါမှမဟုတ် ကြောက်စရာ ကောင်းတဲ့သတင်းကို သူရရှိခဲ့တာများလား။


သူက လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး ယွိစစ်ကျဲကိုကြည့်လျက် စကားလုံးတစ်လုံးစီကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ 


"လူကြီးမင်းယွိ... အဲဒါက ဘာကိစ္စလဲဆိုတာ ပြောပြလို့ရမလား"


ယွိစစ်ကျဲ မော့ကြည့်လိုက်တော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံလိုစိတ်ရှိပုံနဲ့ သူ့ရှေ့က ရဲအရာရှိငယ်ကို တွေ့လိုက်ရသည်။ အနည်းငယ် အံ့ဩသွားပေမယ့် ဆိုးရွားသော ခံစားချက်ကြောင့် ပြန်ပြောရန် စိတ်မ၀င်စားဘဲ တိုးတိုးလေးသာ ညည်းလိုက်သည်။ 


ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ WeChat Moments မှာ ရှိခဲ့ဖူးတဲ့ ပို့စ်ဟာ ပြန်လည်ဆန်းသစ်မှု တစ်ခုအလား ပျောက်သွားပါပြီ။ 


ဖန်းချူ ပို့စ်ဖျက်လိုက်ပြီ။


ယွိစစ်ကျဲ လှောင်ပြောင်သည်။ သူ့မှာ သတ္တိရှိရင် ဘာလို့ ဖျက်လိုက်တာလဲ။ အဲဒါကို မြန်မြန်ဖျက်လိုက်တာက သူ့အပြစ်ရှိတယ်ဆိုတဲ့ အသိစိတ် ရှိနေလို့ မဟုတ်ဘူးလား။ သူ့ဖုန်းကို ချက်ချင်း တင်းတင်းကျပ်ကျပ် ညှစ်ပစ်လိုက်တဲ့အခါ ကျယ်လောင်တဲ့ အက်ကွဲသံပါ ထွက်သွားသည်။


ကုန်းယောက်ယင်း : "..." 


ပြီးသွားပြီ နောက်ဆုံးတော့ ကမ္ဘာကြီး အဆုံးသတ်တော့မည်။ 


ဒါပေမယ့် ရဲအရာရှိတစ်ယောက်အနေနဲ့ ကမ္ဘာပျက်သွားရင်တောင် ရှေ့တန်းမှာ တိုက်ပွဲဝင်ရမယ်၊ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရမယ်။


ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ခြင်းသည် သူ့တာဝန်ဖြစ်သည်။ တာဝန်သိစိတ်နှင့် ပြည့်နှက်နေသော သူ၏နှလုံးသားထဲတွင် ပြင်းထန်သောမီးတောက်တစ်ခု တောက်လောင်သွားသည်။


ယွိစစ်ကျဲ သူ့လက်ထဲက ဒေါသကို ထုတ်ဖော်မပြဘဲ လွှတ်လိုက်ပြီး ကုန်းယောက်ယင်း၏ မျက်နှာကို မော့ကြည့်လိုက်သည်။ 


"...?"


ပြီးတာနဲ့ ချက်ချင်းထရပ်ပြီး တံခါးကိုတွန်းဖွင့်ကာ ထွက်သွားသည်။


သူ ထွက်သွားစဉ်မှာပင် ဖန်းချူထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။ 


"မင်း ငါ့ရဲ့အသက်ကယ်တဲ့ ကျေးဇူးကို ငါပြန်မဆပ်ရ​​သေးဘူး.... မင်းကို ညစာကျွေးပါရစေ မင်းဒီညအချိန်ရှိလား (ချစ်စရာ ပုံလေးဖြင့်)"


ယွိစစ်ကျဲ အကြောင်းမပြန်ဘဲ သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်၏။


မင်းရဲ့အရေခြုံထားတဲ့ မျက်နှာကို ကိုယ် မြင်ဖူးတယ်။ မင်းရဲ့မက်ဆေ့ချ်ကို ပြန်မယ်လို့ ထင်လား။ ကိုယ်က မင်းမတတ်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေတယ်ဆိုတာ မင်းကိုပြောပြရဦးမယ် ဟမ့်။


………………


ပို့စ်ကို အမြန်မဖျက်မီ ခဏလောက် အေးခဲနေသော ဖန်းချူသည် ယွိစစ်ကျဲ "like" နှိပ်လိုက်သည်အား ကူကယ်ရာမဲ့ ကြည့်နေခဲ့သည်။


သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြင်းပြသော လုပ်ရပ်ကို ဝမ်းနည်းမိသွားလေသည်။ ယွိစစ်ကျဲကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မှန်း သူမသိဘူး။ သူ ပို့စ်အဓိပ္ပာယ်ကို နားလည်တာလား နားမလည်ဘူးလား။ နားမလည်ရင် ဘာလို့like လုပ်တာလဲ။ နားလည်ရင်ရော ဘာလို့ like လုပ်သွားတာလဲ။ 


စဉ်းစားရတာ ကြောက်စရာကြီး။


ဖန်းချူ အချိန်အတော်ကြာ စိတ်တိုနေကာ စိုးရိမ်သောကဖြင့် သူ့ဖုန်းကို စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သွားများကို အံကြိတ်ကာ အခြေအနေကို ကယ်တင်ရန် အခွင့်အရေးရှိသေးသည်ဟု မျှော်လင့်ရင်း ယွိစစ်ကျဲကို ညစာဖိတ်ကျွေးပြီး ကျေးဇူးဆပ်ချင်သည်ဟု ဆိုလိုက်သည်။ 


ရလဒ်- မက်ဆေ့ဂျ်က အဖြေမရရှိပါ။


ဖန်းချူ သူ့ဖုန်းကို စိုက်ကြည့်ရင်း အတွေးပျက်သွားသည်။ ဒါက ဘာကို ဆိုလိုတာလဲ။ မက်ဆေ့ချ်ကို မြင်တာလား မမြင်တာလား။ မြင်ရဲ့သားနဲ့ စာမပြန်ဖို့ ရွေးချယ်ခဲ့တာလား။


ဟမ့်... မင်းဘယ်လို ရိုက်ချက်ကြီးကြီး လုပ်ဖို့ တွေးနေလဲဆိုတာ ခန့်မှန်းလို့ကို မရဘူး။


ဖန်းချူဟာ သူ့ကိုယ်သူ စိတ်ပြေလက်ပျောက်နဲ့ လိုက်လျောညီထွေ နေတတ်သူလို့ ယူဆထားလေသည်။ ကံကြမ္မာဆိုတာ မိမိဘာသာသာ အတင်းအကြပ် မလုပ်နိုင်တဲ့ အရာပင်။ ကံကြမ္မာကို လွဲချော်ရတာက တကယ်ကို နာကျင်ရပေမယ့် သူ့စားချင်စိတ်ကို ပျောက်ပျက် သွားစေလောက်အောင် မလုံလောက်ချေ။ 


ဖန်းချူ ထိုကိစ္စကို စိတ်ထဲက အမြန်ထုတ်လိုက်ပြီး အားအင်အပြည့်ဖြင့် စတူဒီယိုဆီသို့ ဦးတည်သွားခဲ့သည်။ သူသည် အမည်မသိသရုပ်ဆောင်တစ်ဦးသာ ဖြစ်ပြီး တစ်ခါတရံတွင် ထိုမျှမကဘဲ သူပါဝင်သည့် အခန်းကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။


"အချစ်အတွက် အလုပ်လုပ်နေတဲ့ သူက အိပ်မက်တွေနဲ့ ပျင်း​နေတဲ့သူပဲ!"


မကြာသေးမီက သူသည် ဂျပန်ဆန့်ကျင်ရေး ဒရာမာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူ့ရုပ်ရည်ကောင်းမွန်မှုကြောင့် ဇာတ်ဆောင်ယူနစ်တွင် အမည်ရှိသော စစ်သားတစ်ဦးအဖြစ် သရုပ်ဆောင်ခွင့်ရခဲ့သည်။ ဒါရိုက်တာက သူ့ကို တစ်ခါတလေ ဖန်သားပြင်မှာ အချိန်ပိုပေးတတ်ပေမယ့် ဒီနေ့ကတော့ ဒီတိုက်ပွဲမှာ အမြောက်စားစရာနေရာက သေရတော့မှာမို့လို့ ဒီနေ့က သူ့ရဲ့နောက်ဆုံးပြကွက်ပါပဲ။


ဖန်းချူသည် ရိုက်ကူးရေးမစတင်မီ အချိန်အစောကြီးကတည်းက ရောက်လာပြီး သူတွေ့ခဲ့သော အပေါင်းအသင်းနှင့် စကားစမြည် ပြောရင်း ထိုင်နေလိုက်သည်။ သူတို့နှစ်ယောက်ဟာ ဒီဇာတ်လမ်းတွဲမှာ ဆုံတွေ့ခဲ့ကြပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါ၏။


သူငယ်ချင်းနာမည်က ကျန်ဖေးယွီ ဖြစ်ပြီး သူ့နာမည်က စွဲမက်ဖွယ်ကောင်းပေမယ့် သူ့အသွင်အပြင်က သာမန်ပါပဲ။ သူက ဆံပင် ခပ်တိုတိုနဲ့ မျက်နှာသေးသေးမို့ ဂျပန်စစ်သားအဖြစ် သရုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရသည်။ အခုအချိန်မှာတော့ ဂျပန်စစ်ဗိုလ်ဝတ်စုံကို ၀တ်ထားပြီး မုန့်ပေါင်းထုပ်ကို ဆွဲထုတ်လိုက်ပြီး။


"ဒီနေ့ ရုပ်ရှင်ရိုက်ပြီးရင် လစာရပြီ... မုန့်ပေါင်းချည်း စားရတာ တစ်ပတ်လောက် ရှိ​နေပြီ ဒီရက်တွေမှာ ပိုက်ဆံရှာရတာ အရမ်းခက်တာပဲ..."


ဖန်းချူ : “မှန်တယ် ငွေရှာရတာ ခက်တယ်…”


ကျန်ဖေးယွီက လှည့်ကြည့်လိုက်ပြီး :"ဟေ့ အစ်ကိုဖုန်း ဘာလို့ မလာသေးတာလဲ သူက ပုံမှန်ဆို စေတနာအရှိဆုံး မဟုတ်ဘူးလား မြန်မြန်မလာရင် နောက်ကျလိမ့်မယ်...."


သူတို့ဟာ ကြယ်ပွင့်ကြီးတွေ မဟုတ်ချေ။ သူတို့သည် အခြားသူများကို အမြဲတစေ စောင့်မျှော်နေရသူများဖြစ်ပြီး တခြားလူတွေရဲ့ လမ်းကိုလည်း မရောက်ဖူးပါ။


ဖန်းချူလည်း အနည်းငယ် အံ့သြသွားသည်။ ဝမ်ဖုန်းသည် ရုပ်ရှင်စတူဒီယိုတွင် သူတွေ့ဖူးသော အကိုကြီးဖြစ်သည်။ နှစ်ပေါင်းများစွာ အချိန်ပိုအလုပ်များ လုပ်ဖြစ်ခဲ့ပြီး အဆက်အသွယ်များ ထူထောင်ကာ ထိုနေရာတွင် စားသောက်ဆိုင်ငယ်တစ်ခုကိုပင် ပိုင်ဆိုင်ခဲ့သည်။ နှစ်တွေကြာလာပြီးနောက် နာမည်ကြီးမလာပေမယ့် တီဗီဒရာမာတွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ ရင်းနှီးတဲ့မျက်နှာမျိုး ဖြစ်ပြီး နာမည်ကိုတော့ မမှတ်မိတော့ရင်တောင် ဇာတ်ပို့နေရာတွေမှာ ပါဝင်သရုပ်ဆောင်လေ့ ရှိကြောင်း သိနိုင်သူပင်။ သူသည် အလွန် စိတ်အားထက်သန်သူဖြစ်ပြီး မျိုးဆက်သစ်လူငယ်များကို အမြဲရှာဖွေနေသူတစ်ဦး ဖြစ်တာကြောင့် စေတနာရှိကာ ဖြောင့်မတ်ပြီး အလွန်ရေပန်းစားသူဖြစ်သည်။


ဖန်းချူ : "မင်းအရင်စားနှင့် ငါဖုန်းဆက်လိုက်မယ်"


ဝမ်ဖုန်း၏နံပါတ်ကို ခေါ်ဆိုသော်လည်း မည်သူမျှ ​ပြန်မဖြေလာခဲ့။ အဓိက သရုပ်ဆောင်တွေ ရောက်လာပြီး ဇာတ်ပွဲစတော့မှာကို မြင်လိုက်ရတဲ့အခါမှ ဝမ်ဖုန်း အဝတ်အစားလဲပြီး ကမန်းကတမ်းနဲ့ ကျားကွက်တွေ စုဆောင်းဖို့ ပြေးထွက်သွားတာ တွေ့လိုက်ရသည်။ 


ဖန်းချူ သူ့ဖုန်းကို ဖယ်လိုက်ပြီး ကျန်ဖေးယွီဘက် ပြုံးပြလိုက်သည်။ 


"တစ်ခုခုတော့ ထိန်းထားရမှာပဲ... သွားကြရအောင် စရိုက်ဖို့ အဆင်သင့်ဖြစ်နေကုန်ပြီ"


ကျန်ဖေးယွီမှာ ပေါင်းထားသော ပေါင်မုန့်ကို ပါးစပ်ထဲ အတင်းမျိုချလိုက်ပြီးနောက် သူ့ကိုယ်သူ ဖုန်မှုန့်များ ခါထုတ်လိုက်သည်။ ထို့နောက် သူ၏ "လှံစွပ်" ကို ကိုင်ကာ လူစုနေရာဆီသို့ ဦးတည်သွားခဲ့သည်။


ဝမ်ဖုန်းက သူ့အဝတ်အစားတွေကို ပြောင်းဝတ်​ပြီးနေပြီ။ သူသည် ချောမောပြီး တောက်ပြောင် မည်းမှောင်တဲ့ အသားအရည်နဲ့ ယောက်ျားဆန်လွန်းသူ ဖြစ်သည်။ ရင့်ကျက်ပြီး တည်ငြိမ်ပုံလည်းရကာ ယခုတစ်ကြိမ်တွင် သူသည် ဇာတ်ဆောင်၏ လက်ထောက်အဖြစ် သရုပ်ဆောင်နေပြီး ဖန်းချူဟာ ဇာတ်ဝင်ခန်းစတင်ချိန်တွင် သူ့နောက်မှ လိုက်သွားရမည်ဖြစ်သည်။


ဝမ်ဖုန်းက ဖန်းချူကို မြင်တော့ ပြုံးပြသည်။ 


"မင်းငါ့ကို စောစောကခေါ်​နေတာအလား တောင်းပန်ပါတယ် ငါအပြေးအလွှား သွားနေရတော့ လွတ်သွားတယ်... လမ်းမှာ မတော်တဆ ဖြစ်​နေတာနဲ့ နည်းနည်းနောက်ကျသွားတာ"


ဖန်းချူ ပြုံးပြီး :"အဆင်ပြေပါတယ် မနက်စာစားပြီးပြီလား"


ဝမ်ဖုန်းက ပြုံးပြီး :"စားခဲ့ပြီးပြီ"


ဒါရိုက်တာက အသံချဲ့စက်ဖြင့် အော်ဟစ်လိုက်သည်။ ဖန်းချူ၊ ဝမ်ဖုန်းနှင့် ကျန်ဖေးယွီတို့ ပင်မအဖွဲ့သားများ ရှိရာ နေရာများသို့ အမြန်လိုက်သွားကြသည်။ ဒီနေ့တော့ ချောင်းမြောင်း တိုက်ခိုက်ရတဲ့ ရိုက်ကွက်ကို ရိုက်ကူးရမည်။ 


ဒါရိုက်တာရဲ့ အမိန့်အရ ဖန်းချူလည်း လူတိုင်းနဲ့ တိုက်ပွဲဝင်ခဲ့သည်။ 


လှံစွပ်များနှင့် သေနတ်များကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားသလို တောင်စောင်းမှ လှိမ့်ဆင်းလာသော ကျောက်တုံးများကလည်း အမြှုပ်များထွက်နေပါသည်။ အနီးကပ်ဆို ရယ်စရာကောင်းပေမယ့် သရုပ်ဆောင်တွေက ပရော်ဖက်ရှင်နယ်တွေပင်။ မှန်ကန်သော သရုပ်ဆောင်ချက်များဖြင့် ရယ်ကြမည် မဟုတ်ပေ။


တစ်နေကုန် ရိုက်ကူးခဲ့ကြသည်။ 


ကျန်ဖေးယွီက မြက်ခင်းပြင်ပေါ်သို့ သိသိသာသာ ပြိုကျပြီး မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။


ဖန်းချူက ဝမ်ဖုန်းနှင့်အတူ အဆုံးအထိ တိုက်ခိုက်ခဲ့ပြီး ဇာတ်ဆောင်ကို ကာကွယ်ရန်အတွက် သူပစ်သတ်ခံရသည်။ အနီးကပ်ပစ်ချက်ပင် လက်ခံပစ်ခဲ့ပြီး ကျေနပ်နေပုံဖြင့် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။ ကျန်တာတွေကတော့ ဂျပန်တွေကို အလုံးအရင်းနဲ့ အနိုင်ယူပြီး အဓိကဇာတ်ကောင်ရဲ့ လူစွမ်းကောင်း စွမ်းရည်တွေ အကြောင်းပါပဲ။ အတိုချုပ်ပြောရရင် သူနဲ့ ဘာမှမဆိုင်တော့ချေ။ 


ဖန်းချူအိပ်​နေရာကနေ သွေးတွေဖုံးလွှမ်းနေတဲ့ ကျန်ဖေးယွီကိုလည်း အဝေးက မြင်နေရသည်။ တစ်ဖက်လူ အလောင်းတွေကြားထဲမှာ ငြိမ်သက်စွာ အိပ်ပျော်နေစဥ် ဖန်းချူလည်း 'အလောင်း' သည် ထိုနေရာတွင် ငြိမ်သက်စွာ လှဲလျောင်းနေ၏။


ပတ်ဝန်းကျင်က ဆူညံသံတွေက ဆူညံနေဆဲ။ ဖန်းချူ ပျင်းလာစဥ် သူ့ဖုန်းသည် သူ့အိတ်ကပ်ထဲမှ တစ်ချက် တုန်ခါသွားသည်။ ပထမတော့ သူ အံ့အားသင့်သွားပြီး မျက်လုံးတွေ တောက်ပလာသည်။ ယွိစစ်ကျဲက သူ့မက်ဆေ့ချ်ကို နောက်ဆုံးမှာတော့ ပြန်ဖြေခဲ့​ပြီလား။


ဟုတ်လား၊ မဟုတ်လားဆိုတာ သူ မသိပေမယ့် သူတကယ် တွေ့ချင်ခဲ့တာ!


ဖန်းချူ၏ နှလုံးသားသည် ကြောင်တစ်ကောင် လက်သည်းလေးနဲ့ ကုတ်ခြစ်နေသလို စူးစမ်းလိုစိတ်နှင့် တင်းမာမှုတို့နှင့်အတူ ရင်ခုန်နေသော်လည်း သူ မလှုပ်ဝံ့ပေ။ နောက်ဆုံး ကင်မရာက လှည့်ထွက်သွားတော့မှ အိတ်ကပ်ထဲ သူ့လက်ကို တိတ်တဆိတ် လျှောချပြီး အသက်ပြင်းပြင်းရှူကာ ဖုန်းကို ထုတ်လိုက်သည်။ သူကြည့်လိုက်တော့…


"ချစ်ခင်ရပါသော ဖောက်သည်- သင်၏ အလွန်ကောင်းမွန်သော ခရက်ဒစ်ကို အခြေခံ၍ သင့်အား XX ဘဏ်မှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြွေးချေးငွေ ကန့်သတ်ချက်ကို ပေးအပ်ထားပါသည်။ ကိုယ်ပိုင်ဝန်ဆောင်မှု၊ လျင်မြန်စွာ ငွေပေးချေခြင်း၊ စရံမလိုအပ်ပါ၊ အနိမ့်ဆုံးနှစ်စဉ် အတိုးနှုန်း 6% ရှိပါသည်။ အသေးစိတ်အချက်အလက်များအတွက် ကျေးဇူးပြု၍ 199XXXXXXXX သို့ ဖုန်းခေါ်ဆိုပါ... စာရင်းသွင်းမှုကို ရပ်ဆိုင်းရန် TD ဟု စာပြန်ပါ"


ဖန်းချူ သူ့ဖုန်းကို ပြန်ထည့်ထားလိုက်သည်။


ရှေ့က အီတလီအမြောက် ပေါက်ကွဲမှုများမှ အမှုန်အမွှားများသည် သူ့မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲနေသည်။ သူ့ပခုံးပေါ်မှ မခံနိုင်သော အလေးချိန်ကိုလည်း ခံစားလိုက်ရသည်။


ဒါပေါ့။ သူ့ 'အလောင်း' လည်း ဖြစ်နိုင်သည်။


တစ်နာရီကျော်ကြာအောင် လှဲလျောင်းပြီး ရိုက်ကူးရေး ပြီးဆုံးသွားပါပြီ။ ဖန်းချူ၏ ခြေလက်များသည်ပင် မတ်တတ်ထလာသောအခါ တောင့်တင်းသွားသည်။ ကျန်ဖေးယွီဆို အိပ်ပျော်နေတုန်း ဖြစ်ပြီး အသက်ရှူသံ မှန်မှန်ဖြင့် ဟောက်တာကို မြင်လိုက်ရလေ၏။ 


ဖန်းချူ သူ့ဗိုက်ပေါ် လှမ်းတက်လိုက်သည်။


ကျန်ဖေးယွီ : "အိုက်ယိုး!"


အိုး... သူအသက်ပြန်ရှင်လာပြီ။


ရိုက်ကူးရေး ပြီးဆုံးချိန်မှာတော့ ညနေစောင်းနေပြီ။ လူတိုင်းက သူတို့ရဲ့ နေ့လည်စာအတွက် တန်းစီနေကြတော့သည်။ ဒီမှာ စားစရာရှိတာကို ကြားတော့ ကျန်ဖေးယွီက စိတ်အလှုပ်ရှားဆုံးဖြစ်ပြီး စိတ်အားထက်သန်စွာနဲ့ တန်းစီဖို့ အပြေးအလွှား သွားလိုက်သည်။ ဖန်းချူ အသံတိတ်ဖုန်းကို ကြည့်နေဆဲ။ သူ ယွိစစ်ကျဲကို ညစာ ဖိတ်ကျွေးဖို့တောင် စီစဉ်ခဲ့ပေမဲ့ သူ့ကို လာမခေါ်နိုင်ဘူး။ သေချာပေါက် ထမင်းထုပ်စားဖို့ ရည်မှန်းရတော့မည်။ 


ဤအခိုက်အတန့်တွင် သူသည် ကျန်ဖေးယွီ၏ သဘောထားကို အနည်းငယ် မနာလိုဖြစ်လာမိသည်။ ထိုသူသည် ရှေ့တန်းတွင်သာမက၊ သူ့ဘေးနားရှိ အမျိုးသမီးငယ် တစ်ဦးကိုလည်း မျက်စိ မှိတ်ပြနေသည်။ သူမသည် ရုပ်ရှင်စတူဒီယိုတွင်လည်း ဇာတ်ရံတစ်ဦး ဖြစ်ခဲ့သော်လည်း နုပျိုလှပပြီး ဆွဲဆောင်မှုရှိသော သူနာပြုဆရာမအဖြစ် သရုပ်ဆောင်ထားသည်။


ကျန်ဖေးယွီက သူမကို စိတ်ဝင်စားနေပြီး : "ရှောင်ရှန် မင်းတစ်နေကုန် ပင်ပန်းနေလောက်ပြီ ခဏလောက် အနားယူလိုက်ပါလား ငါ မင်းကို ကူပြီးတန်းစီပေးထားမယ်"


ပိုင်ရှောင်ရှန်မှာလည်း နည်းနည်း ပင်ပန်းနေပါပြီ။ သူမခြေထောက်တွေကို ပွတ်သပ်ရင်း ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်သည်။


"ကျေးဇူးတင်ပါတယ်"


ကျန်ဖေးယွီသည် ကြက်သွေး ထိုးသွင်းခံရသကဲ့သို့ ချက်ချင်းပင် ထကြွလာပြီး အစာကို အပြေးအလွှား ဖမ်းယူချင်​နေ​တော့သည်။


ဖန်းချူ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။


ဒီအခိုက်အတန့်မှာ ဝမ်ဖုန်းက အဖွဲ့ကို လှမ်းကြည့်ရင်း ရယ်မောလိုက်သည်။ 


"တန်းစီမနေနဲ့ ဒီထမင်းထုပ်ကလည်း နေ့တိုင်း အတူတူပါပဲ... မပျင်း​ကြဘူးလား... မင်းတို့တွေ ဒီနေ့ မင်းတို့ရဲ့ ဇာတ်ဝင်ခန်းတွေ အကုန်ရိုက်ပြီးပြီမို့လို့ အထိမ်းအမှတ်အနေနဲ့ ငါ့အိမ်ကို ညစာလာစားကြ"


ဝမ်ဖုန်း၏ မိသားစုသည် များသောအားဖြင့် သူ့ဇနီး ချွေးယွိရှီးမှ ဦးစီးသော စားသောက်ဆိုင်ငယ်တစ်ခု ပိုင်ဆိုင်ကြောင်း လူတိုင်း သိကြသည်။ အိမ်ပုံစံ ချက်ပြုတ်ခြင်းမျှသာ ဖြစ်သော်လည်း ဤထမင်းထုပ်ထက် အကန့်အသတ်မရှိ ပိုကောင်းပါသည်။ ဒါကြောင့် သူတို့ ချက်ချင်း သဘောတူပစ်လိုက်သည်။ 


ဝမ်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး: "ဖေးယွီ... ရှောင်ဖန်းနဲ့ ရှောင်ရှန်တို့လည်း သွားကြရအောင်!"


သူတို့လည်း လိုက်သွားကြသည်။ ဝမ်ဖုန်း၏ စားသောက်ဆိုင်သည် ရုပ်ရှင်စတူဒီယို၏ တစ်ဖက်စွန်းတွင်ရှိပြီး နောက်ပြန် လမ်းလျှောက်ရန် အနည်းငယ် အလှမ်းဝေးသောကြောင့် ကားတစ်စီးကို ခေါ်ခဲ့ရသည်။


စားသောက်ဆိုင်ငယ်လေးက သုံးထပ်တိုက်ဖြစ်ပြီး ရိုးရှင်းသော်လည်း အလွန်သန့်ရှင်းသပ်ရပ်ပါသည်။ သူတို့ရောက်သွားစဥ် ဆယ်ကျော်သက်တစ်ဦးက တံခါး လာဖွင့်ပေးသည်။ ကောင်လေးသည် နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိပြီး ဝမ်ဖုန်း၏ ငယ်ရွယ်သော လူငယ်ပုံစံအတိုင်းပင်။ 


ပိုင်ရှောင်ရှန်က ပြုံးပြီး။ 


"ထောင်းထောင်းလည်း ဒီရောက်နေတာကိုး" 


သူနှင့်သူ့ဇနီး ချွေးယွိရှီးတွင် ဆယ့်သုံးနှစ်အရွယ်သားလေး ဝမ်ထောင်းရှိသည်။ လင်မယားနှစ်ယောက်မှာ သူ့ကို ဂရုမစိုက်နိုင်သဖြင့် သူ့မိခင်ဘက်က အဖွားတို့နဲ့ အတူနေထိုင်ခဲ့သည်။


ဝမ်ဖုန်းက ပြုံးပြီး :"ဟုတ်တယ် နွေရာသီ အားလပ်ရက်မို့ ဒီကောင်လေးက ရက်အနည်းငယ်လောက်နေဖို့ လာတာတဲ့... ယွိရှီးကလည်း သူ့အကြောင်း တစ်ချိန်လုံး ပြောနေတာ"


ကျန်ဖေးယွီ : "ဟုတ်သားပဲ မရီး ဘယ်မှာလဲ" 


"သူ ဒီနေ့ အအေးမိထားလို့ နေမကောင်းဘူး... အပေါ်ထပ်မှာ အနားယူနေတာ ဖြစ်နိုင်တယ် အားလုံး ခဏလောက် အနားယူကြ... ဒီနေ့ မင်းတို့ကို ငါ့လက်ရာ မြည်းခိုင်းမယ်"


ဒီလိုနဲ့ ဝမ်ဖုန်းက သူ့အင်္ကျီလက်တွေကို လှန်ပြီး မီးဖိုချောင်ထဲကို ဝင်သွားတော့သည်။ ဝမ်ထောင်းက ဦးလေးနှင့် အန်တီဟု လူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ခွေးခြေလေးကို ယူကာ နွေရာသီ အိမ်စာလုပ်ရန် ထွက်သွားခဲ့သည်။


ကျန်ဖေးယွီကတော့ ပိုင်ရှောင်ရှန် တစ်ဝိုက်တွင် လှည့်ပတ်နေသည်။ သူ့ခမျာ သူမကို အချိန်အတော်ကြာ သဘောကျခဲ့လေသည်။ ပိုင်ရှောင်ရှန်က သူ့ခံစားချက်တွေကို ပြတ်ပြတ်သားသား ပြန်မတုံ့ပြန်ခဲ့ပေမယ့် သူ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး။ သူသည် ပညာရေး၊ အရင်းအမြစ်များ ချို့တဲ့ပြီး သာမန်ကြည့်ကောင်းသူ ဖြစ်သော်လည်း သူ၏စစ်မှန်သောအချစ်သည် တစ်နေ့တွင် သူမကို အနိုင်ယူလိမ့်မည်ဟု ယုံကြည်​နေခဲ့သည်။


ဖန်းချူ : "....."


အမှောင်ကျသွားသည်အထိ ယွိစစ်ကျဲဘက်မှ စကားတစ်ခွန်းမှ ​ပြန်မပြောသေးပေ။ ဒီနေ့ သူ့ဖုန်းက ထူးထူးခြားခြား တိတ်ဆိတ်နေသဖြင့် ဖန်းချူ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ မနက်ခင်းတုန်းက ယွိစစ်ကျဲ မက်ဆေ့ချ်ကို မမြင်ဘူး ဒါမှမဟုတ် စာပြန်ဖို့ အရမ်းအလုပ်ရှုပ်နေတာကြောင့်လို့ သူ့ကိုယ်သူ လိမ်ပြောလို့ရပါသေးသည်။ သေချာတာကတော့ သူ့ဖုန်းက ပျက်သွားလို့ မဟုတ်ချေ။ 


အခုထိ စာမပြန်ချင်ဘူးဆိုရင် ဆိုလိုတာက...


သူတကယ်ပဲ အတွေးလွန်နေခဲ့သည်။ WeChat တွင် တစ်ယောက်နှင့်တစ်ယောက် ပြန်အပ်ခြင်းသည် အနာဂတ်ကို လမ်းဖောက်ပေးဖို့ ရည်ညွှန်းသည်ဟု သူထင်ခဲ့သော်လည်း နောက်တစ်ရက်ခန့်ကြာသောအခါတွင် သူ့အိပ်မက်လေးက ကွဲအက်သွားခဲ့၏။ ဖန်းချူ စိတ်ပျက်လက်ပျက်ဖြင့် ဘဏ်မှချေးငွေ အကြောင်းကြားစာကို တစ်ချက်ကြည့်လိုက်သည်။ သူ များသောအားဖြင့် ဖျက်လိုက်တတ်ပေမယ့် ဒီတစ်ခါတော့ "TD" စာလုံးကို ဒေါသတကြီး နှိပ်ပစ်လိုက်သည် ။


ငါမင်းတို့ကို စိတ်ပျက်ခြင်းရဲ့ ခါးသီးမှုကို မြည်းစမ်းခိုင်းပစ်မယ်!


ဖန်းချူ send ကို နှိပ်ပြီးတာနဲ့ သူ့ဖုန်းက တိတ်သွားပြန်သည်


"သင် ယွိစစ်ကျဲဆီက မက်ဆေ့ချ်တစ်ခု ရထားပါတယ်"


ဖန်းချူ :...


သူ စိတ်လှုပ်ရှားစွာ နှိပ်လိုက်သည်နှင့် တိုတိုတုတ်တုတ် စကားလုံးတစ်လုံးကို တွေ့လိုက်ရသည်။ 


"ကောင်းပြီ"


စာရေးသူ၏မှတ်ချက်-

မနက်ခင်း ယွိစစ်ကျဲ : သူငါ့ကို အခုအချိန်မှာ မဆက်သွယ်နိုင်တဲ့အထိ ငါ မြင့်နေပြီ ဆိုတာ ပြောပြရမယ် ။


ညနေခင်း ယွိစစ်ကျဲ : ကောင်းပြီ...