(4)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (4)

ဆက်ပြီး ခြေရာခံခြင်း



ထိုလူတွေက လက်မှတ်တွေ ဝယ်ပြီးတာနဲ့ ရှုခင်းသာရှိတဲ့ နေရာကို တိုက်ရိုက် ဝင်သွားကြသည်။ ဝူရှဲတို့ကတော့ သတိထားပြီး အဝေးကနေပဲ လိုက်ခဲ့ကြသည်။


ဤရှုခင်းသာ နေရာမှာ လူသိပ်မရှိပေ။ သူတို့ကို ရှာတွေ့သွားမှာကို ကြောက်သောကြောင့် ချုံပုတ်များထဲကသာ တွားသွား၍ လိုက်ရသည်။ ဝူရှဲရဲ့ အရေပြားမှာ အနည်းငယ် နာသွားပြီး ထိုနေရာက ချွန်ထက်သော ပေါင်းပင်များနှင့် ချုံပုတ်များဆီက ဆွဲခြစ်ခံ​နေရသည်။ အရေပြားတွေက နာကျင်ပြီး ယားယံလာသည်။ အချိန်အတော်ကြာအောင် လိုက်ကြည့်ပြီး နောက်မှာတော့ နည်းနည်း ရင်ခုန်သလို ခံစားလာရသည်။


မြွေခေါင်းတောင်ခြေကို ရောက်လေပြီ။ မြွေခေါင်းတောင်ရဲ့ နယ်ပယ်ထဲကို တကယ်ရောက်လာပြီပေါ့။ ဒီနေရာက ခရီးသွားနေရာ တော်တော်များများကို ကျောက်လမ်းတွေ ခင်းထားတာကြောင့် သွားလာရ မခက်ခဲချေ။ တောင်တက်လမ်းက လေ​တွေ တိုက်ပြီး လမ်းရဲ့ ဘေးတစ်ဖက်ဆီမှာ တောင်ပေါ်ချောင်းတွေနဲ့ ချောက်ကမ်းပါးတွေလည်း အများကြီးရှိသည်။ ရှုခင်းများက အလွန်လှပသော်လည်း လူအုပ်စုသည် ချင်လင်တောင်ရဲ့ ရှုခင်းကို လုံးဝစိတ်မဝင်စားသကဲ့သို့ လမ်းတစ်လျှောက်လုံး မရပ်တန့်ဘဲ ဖြောင့်ဖြောင့်တန်းတန်းပဲ သွား​နေခဲ့သည်။


မကြာသေးမီက ဝူရှဲ သူ့ရဲ့ ကာယကြံ့ခိုင်မှုက အားကောင်းလာပြီး လမ်းလျှောက်ရင် မောပန်းတာကို သိပ်မခံစားခဲ့ရတော့ချေ။ သို့သော် လောင်းယန်ဟာ ထောင်ထဲမှာနေပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတာကြောင့် သူ့ရဲ့ နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်တွေက ဝူရှဲထက် လုံးဝကို ညံ့ဖျင်းလေသည်။ သိပ်မကြာခင်မှာပဲ သိသာ ထင်ရှားလာ၏။ သူ့ခမျာ မောပန်းနွမ်းနယ်ပြီး အသက်ရှုကြပ်လာသည်။


လမ်းလျှောက်ရင်း တောင်တန်းတွေကြား ပိုတိတ်ဆိတ်လာပြီး စကားလည်း မပြောဝံ့ကြရာ မှောင်ရိပ်ခိုပြီး လရောင်သန်းလာချိန်အထိ သူတို့နောက်က တိတ်တဆိတ် လိုက်သွားခဲ့သည်။


အဝေးက ချုံပုတ်တစ်ခုကို တွေ့တော့ သူတို့ကို စောင့်ကြည့်ဖို့ ထိုင်ချလိုက်သည်။ အဲဒီအချိန်မှာ လောင်းယန်က သူ့ ကို ဆွဲလာ၏။ ဝူရှဲ သူ့ကို ပြန်ကြည့်လိုက်တော့ သူ့မျက်နှာက ဖြူဖျော့ပြီး ချွေးတွေ ထွက်နေတာကို တွေ့လိုက်ရသည် ဒါကြောင့် သူ့ကို လက်တစ်ဖက် အမြန်ကမ်းပေးလိုက်သည်။


လောင်းယန်က ဟောဟဲဆိုက်ပြီး ပြောလာခဲ့သည်။ 


"ဟူး...လောင် လောင်ဝူ... ထား ထားလိုက်ပါတော့... သူတို့တူးတာ သူတို့... ငါတို့တူးတာ ငါတို့နေရာပေါ့... ဆက်သွား​နေရင် ငါဟောဟဲဆိုက်တော့မယ်"


ဝူရှဲ သူကိုယ်တိုင်လည်း အဲ့လိုဖြစ်တော့မည်။ လောင်းယန် ပြောတာကိုကြားတော့ အရမ်းစိတ်မချမ်းသာသလို တိုးတိုးလေး ကျိန်ဆဲလိုက်မိသည်။ 


“အေးပါကွာ မင်းထောင်ထဲမှာ သုံးနှစ်လောက် အလုပ်လုပ်ခဲ့ရတာတောင် ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ? မင်း အခု မလိုက်ရင်... မင်း ခံနိုင်ရည်ရှိခဲ့တဲ့ အရာတွေအားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား? အံကြိတ်ပြီး တောင့်ခံထားစမ်းပါ"


"ဒါဆို မင်းနောက်က လိုက်နေတာ အချိန်ဘယ်လောက် ရှိ​ပြီထင်လဲ... သူတို့ရပ်လိုက်တာနဲ့ သင့်တော်တဲ့ နေရာရောက်ပြီလို့ ဆိုလိုလား?"


ဝူရှဲသူတို့ကို လှမ်းကြည့်လိုက်ပြီး 


"မဟုတ်ဘူး.... ဒီမှာက မြေဆီလွှာ အရမ်းတိမ်နေပြီး တောင်နဲ့ ဝေးသေးတယ်...သူတို့ လမ်းလျှောက်ပြီး အခု အနားယူနေတာက ပင်ပန်းနေပြီ ထင်တယ်ကွ... မီးတွေထွန်းပြီး ညဘက်ဒီမှာပဲ နေတော့မယ်ပုံပဲ... ငါတို့လည်း အချိန်မဖြုန်းဘဲ ဗိုက်အရင်ဖြည့်ပြီး ခဏနေ အိပ်ရာဝင်ရအောင်"


ဝူရှဲတို့လည်း အခြေချနေထိုင်ပြီး အမိုးအကာတစ်ခုကို ရှာတွေ့ခဲ့သည်။ ကံမကောင်းစွာပဲ မီးထွန်းလို့က မရချေ။ မီးထွန်းလိုက်တာနဲ့ တစ်ဖက်လူတွေ သူတို့ကို ရှာတွေ့သွားနိုင်သည်။ အခု အဝတ်အစားနဲ့ ဖိနပ်တွေ စိုနေရင်တောင် အခြောက်ခံလို မရသလို မစားခင်မှာ အခြောက်လှန်းထားတဲ့ အစားအစာတွေကို လှော်စားနိုင်ပေမယ့် အခုချိန်မှာတော့ ဝါးစားရင်းသာ သက်ပြင်းချနေရ၏။ စိတ်ထဲမှာ ညည်းညူရင်း မကောင်းတဲ့ အကြံအစည်ကိုလည်း ထိန်းထားရသည်။ 


ဝူရှဲ နောင်တရနေပါပြီ။ စိတ်ထဲမှာ အဆင်မပြေသလို ခံစားရပေမယ့် လောင်းယန ပြောတာကို မကြားချင်ပေ။ မင်းကို ကူညီဖို့ ငါလာနေပြီလို့ စိတ်ထဲက ပြောနေပေမယ့် လောင်းယန်က မိုက်မဲတဲ့ စကားတွေ ပြောနေတုန်းမို့ ဝူရှဲသူ့ကို ကြိမ်းမောင်းလိုက်တော့သည်။ 'ဒီဝေဒနာလေးကို သည်းမခံနိုင်ရင်လည်း ပြန်သွားကြရအောင် မဟုတ်ရင် တောင်တန်းတွေဆီ ပြန်သွားမယ်'


လောင်းယန်လည်း အချိန်အတော်ကြာ စိတ်ဓာတ်ကျကာ ရုတ်တရက် ပြောလာခဲ့သည်။


"မဟုတ်ဘူး... လောင်ဝူ ငါတို့ သူတို့နောက်ကို လိုက်နေတာက ရွေးချယ်စရာတစ်ခု မဟုတ်ဘူး... သူတို့ တောင်ကို ဖြတ်သွားချင်တာလားတောင် ငါတို့မသိဘူး တောထဲကို တိုက်ရိုက် သွားဖို့ တောင်ထိပ်ကနေ လျှောက်သွားမယ်ဆိုရင် ငါတို့သွားပြီလေ!"


ဝူရှဲ ဒီလိုကြားလိုက်တာနဲ့ ရင်ထဲမှာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ တောင်ထဲကို ဝင်တဲ့လူတွေက တောင်ပေါ်ကို အရင် တက်ရမယ်ဆိုတာ သူလည်း ယုံကြည်ထား၏။ တကယ်လို့ ဒီလူတွေက အနီးနားမှာပဲ ပတ်သွားနေမယ်ဆိုရင် သူတို့ကို အသေသတ်နေတာပဲ မဟုတ်ဘူးလား။


ဒါက ကိုင်တွယ်ရတာ တကယ်ကို ခက်ခဲပြီး သူတို့ကို သွားမေးလို့ကလည်း မဖြစ်ချေ။


ဝူရှဲလည်း မသိတာကို မြင်တော့ လောင်းယန်က သက်ပြင်းချပြီး ခဏလောက် စဉ်းစားနေလိုက်သည်။ လောင်းယန်က သူ့ကိုအားကိုးတာက ပိုကောင်းမယ်လို့ ပြောပြီး အဲဒီလူတွေ စကားပြောနေတာကို ခိုးနားထောင်မယ်လို့ ဆို၏။ သူတို့ဘာလုပ်မယ် ဆိုတာ မပြောဘဲ တောင်ထဲကို ဝင်လာကြမယ့် လူတွေတော့ မဟုတ်ချေ။ 


ဝူရှဲလည်း ဒေါသမထွက်ဘဲ သူပြောတာကို သဘောတူလိုက်သည်။ သို့ပေမယ့် လောင်းယန် တစ်ယောက်တည်း ဖြစ်နေမှာကို စိတ်ပူတာကြောင့် သူ့နောက်က လိုက်သွားလိုက်သည်။ 


တလမ်းလုံး ခြေဖျားထောက်ပြီး လမ်းလျှောက်ခဲ့ကြပေမယ့် တောင်တန်းတွေထဲမှာတော့ တိတ်ဆိတ်လွန်းလှရာ သူတို့ရဲ့ အသံတွေကို ခပ်ဝေးဝေးကနေတောင် ​ကြားရလေသည်။ လောင်းယန်က ဝူရှဲကိုဆွဲ၍ ဒီမှာ ပုန်းနေဖို့နဲ့ အရှေ့ကို ဆက်သွားဖို့ မလိုဘူးကြောင်း ခပ်တိုးတိုး သတိပေးလာခဲ့သည်။


ခေါင်းတညိတ်ညိတ်နဲ့ နှစ်ယောက်သား ထိုင်ချလိုက်သည်။ အသက်ရှုကြပ်လာသလို ခံစားရပေမယ့် အဲဒီနေရာက ရယ်မောသံကို ကြားလိုက်ရတော့ နှစ်ယောက်သား နားစွင့်နေလိုက်သည်။ အံ့သြဖို့ကောင်းတာက အဲဒီအထဲက လူနှစ်ယောက်က ထူထဲတဲ့ ကွမ်တုံး လေယူလေသိမ်းနဲ့ ပြောနေတာကို ကြားလိုက်ရခြင်းပင်။ 


ဒါက တကယ်ကို ထူးဆန်းပါ၏။ ကွမ်တုံး လူမျိုးတွေ ဒီလိုလုပ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးချေ။


အဲဒီမှာ သူတို့စကားပြောပြီး ရယ်မော​နေရင်း လူတစ်ယောက်က ပြောလာ၏။


“ဦးလေးထိုက် အဲဒီကိုရောက်ဖို့ ဘယ်လောက် ကြာဦးမယ်ဆိုတာ ခန့်မှန်းပေးနိုင်မလား? ဒီနေ့တော့ လျှောက်ရလွန်းလို့ ခြေသလုံးတွေတောင် ကျိုးလုနီးပါး ဖြစ်နေပြီ” 


တစ်ဖက်လူက ဆူညံသော လေသံဖြင့် ပြန်ပြော​လေသည်။


"ခုတလော မင်းရဲ့ကျန်းမာရေးကို ပြုစုပျိုးထောင်ထားဖို့ ငါပြောခဲ့သားပဲ... မင်းမေကြီးတော် စားလိုက်သောက်လိုက် လောင်းကစားလုပ်လိုက် မိန်းမတွေနဲ့ သွားပွေလိုက် ဒါလုပ်ဖို့ပဲ သိတယ်.... ဒီတစ်ခါတော့ မင်းဒုက္ခရောက်ပြီမလား? ငါပြောမယ် နည်းလမ်းတစ်ခုတော့ ရှိတယ် မြွေခေါင်းတောင်ကို ဖြတ်ဖို့ လမ်းလျှောက်သွားမယ်ဆိုရင် နှစ်ရက်လောက် ကြာမယ်... လမ်းမရှိဘူး ဆိုရင်တော့ မပြောတတ်ဘူး သည်းမခံနိုင်ရင် အခုတောင်ပေါ်က ဆင်းပြီး နောက်ဆုတ်လိုက်တော့"


လူငယ်လေးသည် ဦးလေးထိုက်ကို မနာလိုဖြစ်နေသည်မှာ သိသာ ထင်ရှားလှပြီး သူက ပြန်ပြောလေ၏။ 


"ကျွန်တော်က နည်းနည်းတော့ အားနည်းပေမယ့် စိတ်မပူပါနဲ့.... ဒီသဘောတူညီချက်က လုပ်ပြီးသွားပြီလေ ဒါပြီးရင် ကျွန်​တော်တို့ ဒီချောက်ကိုထဲ ထပ်လာစရာ မလိုတော့ဘူး... သူဌေးဝမ်နဲ့ သူဌေးလီတို့လို ဟောင်ကောင်ကို သွားပြီး အဆင့်မြင့် လူတန်းစားတစ်ခုရဲ့ ဘဝနေထိုင်မှု ပုံစံမျိုးနဲ့ နေသွားလို့ရပြီ မဟုတ်ဘူးလား?"


ကွမ်တုံး လေယူလေသိမ်းရှိသူ တစ်ဦးက 


"ဟုတ်တယ် ဟုတ်တယ် ပြဿနာ မရှိပါဘူး.... ငါတို့လည်း သဘောတူတယ် ပစ္စည်းတွေ ရခဲ့ရင် ငါတို့လိုချင်သလောက် ယူလို့ရတယ်... အဲ့ကျရင် တစ်သက်လုံး ငွေပေးငွေယူ လုပ်လို့ရပြီ... ပြီးတာနဲ့ လူတိုင်း အနားယူချိန် ရောက်တဲ့အခါ ဟောင်ကောင်ကို သွားကြမယ်... ဟောင်ကောင်ရဲ့ အရောင်အသွေးစုံတဲ့ ကမ္ဘာမှာ ငွေအများကြီးသုံးဖို့ နေရာတွေ ပြည့်နှက်နေတော့ ဒီအလုပ်ကြိုးစားမှုက တန်ဖိုးရှိနေတုန်းပါပဲ ဟားဟား”


ထိုအခါ ဦးလေးထိုက်က ဝင်ဆိုလာ၏။


"သူဌေးလီ စကားအများကြီး မပြောနဲ့ ဂူဖောက်ရရင် ဖြစ်စေ မဖောက်ရရင်ဖြစ်စေ ခင်ဗျား ပါးစပ်က လျှောက်ပြောပြီး ကျုပ်​တို့ကို သတင်းမှားတွေ မပေးမိစေနဲ့ပေါ့"


သူဌေးလီက "အိုက်ယိုး လောင်ထိုက် အဲဒါကြောင့် မင်းကို အမြင်ကျဉ်းလွန်းတယ်လို့ ပြောတာ... ငါတို့ အတူတူ အလုပ်လုပ်နေတာ ကြာပြီ။ ငါ ဘယ်လို အမှားတွေ လုပ်ဖူးလို့လဲ? မင်းတို့ကို အမှန်အတိုင်း ပြောပြမယ်... ငါတို့ သွားခဲ့ဖူးတဲ့ နေရာကို ဒီအချိန်မှာ ထပ်သွားရမယ်ဆိုရင် မင်းတို့လည်း ချင်ရှစ်ဟွမ်ရဲ့ အုတ်ဂူကို တူးဖို့တောင် တွေးမိမှာ မဟုတ်ဘူး"


ဦးလေးထိုက်ကတော့ ဒီလိုမျိုး စကားမျိုးကို ကြားရတာကို သဘောမကျဟန်ဖြင့် လှောင်ပြောင်ပြီး 


“ကျုပ်ကတော့ ဒီစကားကို သိပ်မယုံဘူး... ဒါကြောင့် ခင်ဗျားလည်း အရမ်း စိတ်မဝင်စားပါနဲ့ အဲဒါကို ပြောရမယ်ဆိုရင် ကျုပ်တို့ တကယ် ပူးပေါင်းဆောင်ရွက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဆိုတာတော့ အမှန်ပဲ ဒါပေမဲ့ ခင်ဗျားဒီသတင်း အချက်အလတ်တွေကို ဘယ်ကရလာမှန်း ဘယ်တော့မှ မသိခဲ့ရဘူး... ဒါနောက်ဆုံး အကြိမ်လည်း ဖြစ်နေပြီ ခင်ဗျားမှာ တားမြစ်ချက်တစ်ခုမှ မရှိဘူးဆိုရင် ကျုပ်တို့ညီအစ်ကိုတွေကို ပြောပြပြီး ညီအစ်ကိုတွေ ပိုလေ့လာခွင့် ရအောင် လုပ်ပေးရမှာပေါ့"


"ဟုတ်တယ်... ကျွန်​တော်တို့ကို ပြောပြ!" 


လူငယ်က ချက်ချင်းသဘောတူပြီး 


"နောက်နောင် ကျွန်တော်တို့လည်း ကျွန်တော်တို့ မိန်းမတွေကို ကြွားလို့ရတာပေါ့!"


သူဌေးလီက ပြုံးပြီး ပြန်ပြောလေ၏။


"အိုး မင်းတို့ နှစ်ယောက်ကတော့ တကယ်ပါပဲ... မင်းတို့တကယ် သိချင်ရင် ငါပြော​ပြလို့ရတယ်... ဒါပေမယ့် မင်းတို့မယုံမှာကို ငါကြောက်တယ်"