Ch 15
Viewers 5k

Chapter 15

[ကမ္ဘာလောက]



ထိုနေ့ညနေ ယွမ်လော့ရီ အိမ်ပြန်ရောက်သည့်အခါ ဖေဖေယွမ်ရော ဖေမေယွမ်ပါ အိမ်တွင်ရှိနေသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ဦးကြားရှိ အခြေအနေမှာမူ တင်းမာလို့နေပေသည်။ မေမေယွမ်က ဆိုဖာပေါ်တွင် မျက်နှာတင်းတင်းဖြင့် ထိုင်နေပြီး ဖေဖေယွမ်ကတော့ သတင်းစာကိုသာ လှန်လှောကြည့်နေ၏။


ယွမ်လော့ရီ၏ အတွေ့အကြုံအရဆိုလျှင် သူတို့နှစ်ယောက် ရန်ဖြစ်ထားသည်မှာ သေချာလေသည်။ သို့သော် မေမေယွမ်မှာ ဓားမြှောင်များ မပစ်သွင်းသေးသလို ဖေဖေယွမ်မှာလည်း ဒဏ်ရာဒဏ်ချက် တစ်စုံတစ်ရာ မရှိသေးသည့်အတွက် ရန်ပွဲက သိပ်မကြီးသေးဟု ဆိုနိုင်၏။


မေမေယွမ်သည် ဖေဖေယွမ်နှင့် လက်ထပ်စဉ်က သူမဘဝ၌ မုဆိုးမပဲဖြစ်ချင်ပြီး ကွာရှင်းပြတ်စဲထားသည့်မိန်းမ (တစ်ခုလပ်) မဖြစ်ချင်ဘူးဟူ၍ ကြေညာခဲ့ဖူး၏။ 


ဖေဖေယွမ်ကလည်း ထိုအချက်ကို လက်ခံခဲ့သည်။ သူကိုယ်တိုင်မှာလည်း စစ်သားဟောင်း တစ်ဦးဖြစ်သောကြောင့် သူ့ကိုသတ်ဖို့ဆိုသည်မှာ ခက်ခဲလိမ့်မည်ဟု ဆိုခဲ့၏။


ဤသို့ဖြင့် အားလုံး၏ ကောင်းချီးပေးမှုများဖြင့် သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပြီး တစ်ယောက်ကိုယ်တစ်ယောက် အသေသတ်မတတ်ချစ်ကြသော အိမ်ထောင်သည်ဘဝကို ပျော်ရွှင်စွာ စတင်ခဲ့ကြလေသည်။


ယွမ်လော့ရီ ပြန်လာသည်ကိုမြင်စဉ် မေမေယွမ်၏ မျက်နှာထားမှာ ပျော့ပြောင်းသွားသည်။ 


“သမီးလေး ပြန်လာပြီလား ဒီနေ့ ကျောင်းမှာအဆင်ပြေရဲ့လား"


"ပြေပါတယ်" 


ယွမ်လော့ရီက ပြန်ဖြေလိုက်၏။


ဖေဖေယွမ်က အေးစက်စက် နှာမှုတ်လိုက်သည်။ 


"ပြေရုံပဲ ဟုတ်လား အတန်းက D အဆင့်ကို ရောက်နေပြီ ဒါတောင် စာမကြိုးစားသေးဘူး၊ တစ်နေ့လုံး ဘာတွေလုပ်နေတာလဲ"


ယွမ်လော့ရီမှာ ဖေဖေယွမ်၏စကားကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချေ။ သူ၏ တင်းမာမှုများကို သူမ ကျင့်သားရနေပြီဖြစ်ပြီး သူ့ကို လုံးဝဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် နေထိုင်သွားရန် ဆုံးဖြတ်ထားပြီးသားပင်။


သို့သော် သူမ၏မေမေယွမ်မှာမူ ခင်ပွန်းဖြစ်သူ၏စကားကြောင့် ဒေါသထွက်သွားသည်။


"ရှင့်ခေါင်းထဲမှာ စာကလွဲရင် လူကို ဂရုစိုက်ဖို့အတွက်ရော မရှိတော့ဘူးလား"


ဖေဖေယွမ်က တစ်ခွန်းမှ ပြန်မပြောပေ။


မေမေယွမ်က ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။ 


"လုပ်ပြန်ပြီ ကျွန်မ မေးနေတာကို ပြန်မဖြေပြန်ဘူးလား၊ ခုနကလည်း ဓာတ်ပုံထဲကမိန်းမ ဘယ်သူလဲလို့မေးတာကို ဘာမှပြန်မပြောဘူး"


"သူက ကိုယ့်ရဲ့ ညီမလိုခင်ရတဲ့တစ်ယောက်ပါ သူ့နဲ့ကိုယ်နဲ့ကြားမှာ ဘာမှမရှိဘူး" ဖေဖေယွမ်က ဆို၏။


"ဒါဆို ပြောစမ်းပါဦး သူနဲ့ ကျွန်မနဲ့ နှစ်ယောက်လုံး ရေထဲပြုတ်ကျရင် ရှင် ဘယ်သူ့ကို အရင်ကယ်မှာလဲ" 


မေမေယွမ်က အမိန့်ပေးလိုက်သည်။


ယွမ်လော့ရီသည် အခြေအနေမဟန်တော့မှန်း သဘောပေါက်သွား၏။ သူမ မိဘနှစ်ပါး၏ အိမ်ထောင်ရေးအကျပ်အတည်းမှာ စတင်နေပြီဖြစ်သည်။ သူမသည် ဖေဖေယွမ်နှင့် မေမေယွမ်ကို တစ်လှည့်စီ ကြည့်လိုက်၏။


မေမေယွမ်မှာတော့ မကြာခင် ပေါက်ကွဲတော့မည့်ပုံဖြစ်နေပြီး ဖေဖေယွမ့် မျက်မှောင်ကြုတ်ထားလေသည်။


ထိပ်တန်းလက်နက်ကုန်သည်ကြီးတစ်ဦးအနေဖြင့် သူသည် ပေါက်ကွဲမှုများနှင့် မုန်တိုင်းများကြားတွင် စစ်တပ်များကို အေးအေးဆေးဆေး အမိန့်ပေးညွှန်ကြားနိုင်ပေသည်။ သို့သော် ဇနီးသည်က ဤကမ္ဘာဦးအစကတည်းကရှိသည့် မေးခွန်းကိုမေးလာသောအခါ အနည်းငယ် ဦးနှောက်ခြောက်သွားပုံရ၏။


ဤမေးခွန်းသည် မည်သို့ပင်ဖြေစေကာမူ အဆုံးသတ်တွင် ဇနီးသည်၏ ရိုက်နှက်ခြင်းကို ခံရမည်ဖြစ်ကြောင်း လူတော်တော်များများ သိကြသည်။


သေချာစဉ်းစားပြီးနောက် ဖေဖေယွမ်က ပြောလိုက်သည်။ 


"ရှေ့နေမရောက်မချင်း မင်းမေးခွန်းတွေကို ကိုယ် ဘာတစ်ခုမှဖြေမှာမဟုတ်ဘူး"


ဖခင်ဖြစ်သူက "ရှေ့နေမပါဘဲ နှုတ်ဆိတ်နေပိုင်ခွင့်" ကို သုံးရလောက်အောင် ကြောက်လန့်နေလိမ့်မည်ဟု ယွမ်လော့ရီ မထင်ထားခဲ့ပေ။ ကံကောင်းသည်မှာ သူမ၏ ကိုကိုယွမ်ဖာ့ ဤနေရာတွင် မရှိနေခြင်းပင်။ မဟုတ်လျှင် သူပါ ဤအိမ်ထောင်ရေးစစ်ပွဲထဲ ဆွဲသွင်းခံရမည်မှာ သေချာသည်။ ဖေဖေယွမ်သည် မေမေယွမ့်ကို မထိရဲသော်လည်း သားများအပေါ် အပြစ်ပုံချရန် ဝန်မလေးသူဖြစ်၏။


ယွမ်လော့ရီမှာ မိခင်ဖြစ်သူ၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ 


အင်း လူသတ်တော့မည့်ရုပ် ဖြစ်နေပြီ။ 


ဖေဖေယွမ်၏အဖြေမှာ မှားယွင်းသွားပြီဖြစ်ကြောင်း ထင်ရှားနေပြီး အဖိုးအခအနေနှင့် ဤည ဟိုတယ်မှာ အိပ်ရပေတော့မည်။ အိပ်သည့်အခါတွင်လည်း ကျည်ကာအင်္ကျီဝတ်ထားလျှင် ပိုကောင်းပေလိမ့်မည်။


သို့သော် ယခင်ဘဝက မှတ်ဉာဏ်များအရ ယွမ်လော့ရီ သိနေသည်။ သူမ၏ဖခင် တကယ်ဖောက်ပြန်ခဲ့ခြင်း မဟုတ်ချေ။ ထိုညီမဆိုသူမှာ သေအံ့ဆဲဆဲ ရဲဘော်တစ်ဦးက သူ့အား အပ်နှံသွားခဲ့သူဖြစ်သောကြောင့် အထူးဂရုစိုက်ပေးနေခြင်းသာ ဖြစ်သည်။ မေမေယွမ်မြင်လိုက်ရသည့် မသင်္ကာဖွယ်ရာ ဓာတ်ပုံများမှာ ယွမ်မိသားစု၏ ရန်သူများက မရိုးသားသည့်စိတ်ဖြင့် ရိုက်ကူးထားခြင်းပင်။


တိုတိုပြောရလျှင် ဤသည်မှာ လင်မယားကြားက သာမန်စကားများခြင်းတစ်ခုသာဖြစ်ပြီး အသေအကြေ တိုက်ခိုက်ကြသည့်အခြေအနေသို့ မရောက်သေးချေ။ သူတို့အချင်းချင်း အထင်အမြင်လွဲမှားမှုကို ဖြေရှင်းသွားကြပေလိမ့်မည်။


ယွမ်လော့ရီ လှည့်ထွက်ရန် ပြင်လိုက်စဥ် ဖေဖေယွမ်က သူမကို လှမ်းအော်လေ၏။


"ဘယ်သွားမလို့လဲ"


ယွမ်မိသားစုတွင် မည်မျှပင် သဘောထားကွဲလွဲမှုများရှိစေကာမူ ယွမ်လော့ရီရှေ့တွင် အားလုံး သဟဇာတဖြစ်အောင် နေကြရမည်ဟူသော မပြောဘဲသိသည့် သဘောတူညီချက်တစ်ခုရှိသည်။ အကြောင်းမှာ သူမက အငိုလွယ်ပြီး မေမေယွမ်ကလည်း သူမရှေ့တွင် အကြမ်းမဖက်သောကြောင့်ပင်။


မေမေယွမ်က သူ့ကို မတိုက်ခိုက်စေရန် ယွမ်လော့ရီအား နေစေချင်သည့် ဖေဖေယွမ်၏မျှော်လင့်ချက်မှာ သိသာထင်ရှားလှသည်။


နာကျင်သွားဟန်ဖြင့် ယွမ်လော့ရီက ပြောလိုက်၏။


“သမီး စာတွေမကျက်ရသေးလို့ အခုသွားကျက်တော့မလို့ပါ"


ထို့နောက် မေမေယွမ်၏ ဓားဆွဲထုတ်သံကို ကြားလိုက်ရပြီး သူမမှာ ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားလေသည်။


စိတ်မပူပါနဲ့ ဖေဖေယွမ်က ရှောင်တတ်တဲ့လူမလို့ အသက်ရှင်ပါလိမ့်မယ်။


အခန်းထဲသို့ ပြန်ရောက်သည်နှင့် သူမ၏လွယ်အိတ်ကို လွှင့်ပစ်လိုက်၏။


စာကျက်ရမယ်တဲ့လား။


ည ၈ နာရီကျော်လျှင် သူမ ဘယ်လိုမှ စာမကျက်နိုင်ချေ။ 


ဂိမ်းဆော့တာပဲ အေးတယ်။


ဖုန်းထဲရှိ ဗီဒီယိုနှင့် ဝတ္ထုအချို့ကို ခဏမျှကြည့်ပြီးနောက် သူမသည် သူမ၏ အကောင့်ခွဲထဲသို့ ဝင်လိုက်သည်။ Follower အရေအတွက်မှာ ၂၉၀,၀၀၀ အထိ တိုးလာသည်ကို တွေ့လိုက်ရ၏။


သူမ မကြာသေးမီက ဘာမှမလုပ်ခဲ့ဘဲ စနစ်တစ်ခုတည်းကပင် သူမအတွက် Follower များစွာကို ရရှိစေခဲ့သည်။


[ဒင်! စနစ်၏ သတိပေးချက်: လွှမ်းမိုးမှုအဆင့် ၃၀ သို့ ရောက်ရှိသွားပါပြီ၊ အထူးအခွင့်အရေးကာလ ပြီးဆုံးသွားပါပြီ၊ ယခုမှစ၍ Hostအနေဖြင့် ကိုယ့်ရဲ့ လွှမ်းမိုးမှုကို ကိုယ်တိုင်တိုးမြှင့်ပါ]


ယွမ်လော့ရီ ရုတ်တရက် နားလည်သွားသည်။


ဒါဆို ဒါတွေက အထူးအခွင့်အရေးကာလရဲ့ အကျိုးသက်ရောက်မှုတွေကြောင့်ကိုး။ 


[ဒင်! Hostအနေနဲ့ အတိတ်ပြန်သွားခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုပါသလား]


ယွမ်လော့ရီ အနည်းငယ် အံ့ဩသွားသည်။ ဤမျှအမြန် ဖွင့်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော လုပ်ဆောင်ချက်ကို သူမ အတော်လေး စိတ်ဝင်စားနေပြီး ယခုလည်း ဘာမှလုပ်စရာမရှိသည့်အတွက် စမ်းကြည့်လျှင် ကောင်းမည်ဟု တွေးလိုက်၏။


"အတိတ်ပြန်သွားခြင်း လုပ်ဆောင်ချက်ကို ဖွင့်ပါ" 


ယွမ်လော့ရီက ပြောလိုက်သည်။


[ဒင်! ဖွင့်ခြင်းအောင်မြင်ပါသည်၊ Host အနေဖြင့် သတိလစ်သွားနိုင်ခြင်းရှိသဖြင့် စိတ်ပြင်ဆင်ထားပါ]


"ဟမ်" 


သူမ တုံ့ပြန်ချိန်မရလိုက်ခင်မှာပင် ရုတ်တရက် မူးဝေလာလေ၏။ အခန်းကြီးတစ်ခုလုံး လည်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်စက္ကန့်အကြာတွင် အခန်း ဂျာလည်လည်နေခြင်းမဟုတ်ဘဲ သူမ ကုတင်ပေါ်သို့ ပစ်လဲကျသွားမှန်း သိလိုက်ရသည်။


အရာအားလုံး မှောင်မိုက်သွားတော့သည်။


ယွမ်လော့ရီမှာ ဆူညံသော ကားသံများနှင့် မရေမတွက်နိုင်သော ခြေသံများကို ကြားနေရ၏။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ လူစည်ကားသော ရင်ပြင်တစ်ခုတွင် ရပ်နေမိမှန်း သိလိုက်ရပြီး လူများက သူမ၏ရုတ်တရက်ပေါ်ပေါက်လာမှုကို သတိမထားမိသည့်အလား အလျင်အမြန် ဖြတ်သွားနေကြသည်။


ဒီနေရာက ဘယ်နေရာလဲ။


ယွမ်လော့ရီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရင်းနှီးသလိုနှင့် စိမ်းသက်နေလေ၏။


သူမ၏ရှေ့တွင် ကြီးမားသော 3D မျက်နှာပြင်များ တပ်ဆင်ထားသည့် မိုးမျှော်တိုက်ကြီးတစ်လုံးရှိပြီး လက်ရှိတွင် သတင်းများ ထုတ်လွှင့်နေသည်။


သတင်းကြေညာသူအမျိုးသမီးက စာမူကို ဖတ်ပြနေသည်မှာ။ 


"ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်ဆက်စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ယွမ်မိသားစုရဲ့ နောက်ဆုံးကျန်ရစ်သူတစ်ဦး ယနေ့ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်"


ယွမ်လော့ရီ၏ခေါင်းထဲတွင် တဝီဝီမြည်ဟီးသွား၏။ 3D မျက်နှာပြင်ပေါ်တွင် အရွယ်ရောက်နေပြီဖြစ်သော သူမ၏ပုံ၊ မေမေယွမ်နှင့်ဖေဖေယွမ်၏ပုံ ထို့အပြင် သူမ အစ်ကိုငါးယောက်၏ ဓာတ်ပုံများကို မယုံနိုင်စွာ မြင်လိုက်ရသည်။ 


ဓာတ်ပုံတစ်ပုံချင်းစီ၏အောက်တွင် "ကွယ်လွန်" ဟူသော စကားလုံးကို ရေးထားသည်။


စတူဒီယိုထဲမှ တက်ကြွနေသော သုံးသပ်သူအချို့က ယွမ်မိသားစုဝင်များ၏ ထူးဆန်းသောသေဆုံးမှုများအကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် သတင်းကြေညာသူက ဆက်လက်တင်ဆက်နေသည်။


ရင်ပြင်မှ ဆူညံသံများ တဖြည်းဖြည်း တိုးဝင်သွား၏။ ယွမ်လော့ရီ နားထဲတွင် တဒိတ်ဒိတ်ခုန်နေသည့် သူမ၏ နှလုံးခုန်သံမှလွဲ၍ ဘာကိုမှ မကြားရတော့ချေ။


အသက်ကို အကြိမ်ကြိမ်ရှူသွင်း၊ ရှူထုတ်လုပ်လ်ိုက်ပြီးနောက် ယွမ်လော့ရီ ပုံမှန်အတိုင်း ပြန်လည်စဉ်းစားနိုင်လာသည်။


သူမ နားလည်သွားပြီဖြစ်၏။ 


ဤသည်မှာ အနာဂတ်ပင်။ 


သူမ မတရားသေဆုံးသွားပြီးနောက် သူမ၏ အစ်ကိုငါးယောက်သည် တရားခံကို စုံစမ်းစစ်ဆေးပြီး သူမအတွက် လက်စားချေရန် ကြိုးစားခဲ့ကြရာမှ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။ 


ဤသည်ကား ယွမ်မိသားစု၏ ကံကြမ္မာပင်တည်း။


[ဒင်! စနစ်၏ သတိပေးချက်: အတိတ်သို့ပြန်သွားချိန် ကုန်ဆုံးတော့မည်]


[၃] 


[၂] 


[၁] 


[အတိတ်ပြန်သွားခြင်း ပြီးဆုံးပါပြီ]


ပတ်ဝန်းကျင်မြင်ကွင်းများ နောက်တစ်ကြိမ် လည်ထွက်သွားသည်။ နောက်ထပ်မူးဝေမှုတစ်ခုနှင့်အတူ ယွမ်လော့ရီ ဆတ်ခနဲထထိုင်လိုက်ရာ အသက်ရှူနေသော အရာတစ်ခုနှင့် ဝင်တိုက်မိလေသည်။


"အင့်! မင်းခေါင်းလေးကလည်း မာလိုက်တာကွာ!" 


သူမ၏ ဒုတိယအစ်ကိုယွမ်ဖာ့က နာကျင်စွာ အော်လိုက်၏။


ယွမ်လော့ရီသည် ယွမ်ဖာ့ကို ကြောင်တောင်တောင်ကြည့်ရင်း နဖူးကို ပွတ်လိုက်သည်။ 


"ကိုကိုက ဘာလို့ သမီးအခန်းထဲ ရောက်နေတာလဲ"


စားပွဲပေါ်တွင် ပြန့်ကျဲနေသော မုန့်ထုပ်များကို တွေ့မှ သူမ နားလည်သွားသည်။ 


ငါ့ရဲ့ မုန့်သိုလှောင်ရုံလေး နောက်တစ်ကြိမ် ဝင်စီးခံလိုက်ရပြန်ပြီ။


"မင်း ခုနက ဘာဖြစ်သွားတာလဲ အရမ်းနာကျင်နေတဲ့ပုံပဲ၊ နှိုးမလို့ကြံတုန်း မင်းက ရုတ်တရက်ထပြီး ကိုကို့ကို ဝင်တိုက်တာပဲ"ယွမ်ဖာ့က ပြော၏။


ထိုကံဆိုးမည့်အနာဂတ်ကို ခဏတာမြင်လိုက်ရခြင်းက ယွမ်လော့ရီ၏ ခြေဖျားလက်ဖျားများကို အေးစက်သွားစေသည်။ ယွမ်မိသားစုအပေါ်တွင် သေမင်းက အရိပ်မည်းကြီးသဖွယ် ဝဲနေ၏။ သူမတစ်ယောက်တည်းသာမက အားလုံးသည် အဆိုးရွားဆုံးအဆုံးသတ်နှင့် တွေ့ကြုံရမည်။


သူမ အရာအားလုံးကို ကိုကိုယွမ်ဖာ့ထံ ဖွင့်ပြောချင်သော်လည်း သူမ၏လည်ပင်းကို မမြင်ရသောလက်များက ညှစ်ထားသကဲ့သို့ ဖြစ်နေပြီး စကားတစ်ခွန်းမှ ထွက်မလာနိုင်တော့ပေ။


စနစ်က သူမအား ဖွင့်ပြောခွင့်မပြုချေ။


ညီမဖြစ်သူ၏ ပုံမှန်မဟုတ်သောအမူအရာကို သတိထားမိသည့် ယွမ်ဖာ့က သူ့လက်ဖြင့် သူမ လက်ကလေးကို အုပ်ကိုင်လိုက်သည်။ 


“တုန်နေပါ့လား အိပ်မက်ဆိုး မက်နေတာလား"


ယွမ်လော့ရီ ခေါင်းညိတ်ပြလိုက်သည်။


"ဘာအိပ်မက်မက်လို့လဲ" ယွမ်ဖာ့က မေးသည်။


"ကိုကို သေသွားတယ်လို့ မက်တယ်" 


ယွမ်လော့ရီက ဖြေလိုက်၏။


ယွမ်ဖာ့က ပြုံးလိုက်ပြီး ယွမ်လော့ရီကို ပွေ့ဖက်လိုက်သည်။


"ဒီကောင်မလေးကတော့ကွာ မင်းရဲ့ ကိုကိုက ဘယ်လိုလုပ်သေရမှာလဲ"


ယွမ်လော့ရီမှာ ပို၍ပင် ပြင်းထန်စွာ တုန်ယင်လာသည်။ သူမသည် ယွမ်ဖာ့၏ ရှပ်အင်္ကျီအဖြူကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်နေမိ၏။


ဤအဖြစ်အပျက်က ယွမ်ဖာ့အား ကြောက်လန့်သည့်အခါတိုင်း သူ့ရင်ခွင်ထဲသို့ တိုးဝင်လာတတ်သည့် သုံးနှစ်အရွယ် ယွမ်လော့ရီလေးကို အမှတ်ရမိစေသည်။


သူသည် ယွမ်လော့ရီကို သူ့ရင်ခွင်ထဲတွင် လုံခြုံစွာထွေးပိုက်ထားပြီး ညင်သာစွာ ပြောလိုက်သည်။ 


"အိပ်မက်ဆိုးတစ်ခုပါပဲကွာ မကြောက်နဲ့တော့နော်၊ ကိုကိုက ဒီမှာ မင်းနဲ့အတူရှိနေတုန်းပဲ”