ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (27)
ခေါင်းစဥ်မဲ့
ဝူရှဲ ဂုတ်ပိုးကို ထိလိုက်တာနဲ့ ကြာပန်းမြှားနဲ့ ထိထားတဲ့ နေရာပဲဆိုတာကို သိလိုက်သည်။ သံချိတ်လေးခုက သူ့အသားထဲမှာ မြုပ်နေခဲ့ပြီး သူ့ကို အသေ မသတ်ခဲ့ပေမယ့် အရေပြား အပိုင်းအစတွေကို ခြစ်ထုတ်ခဲ့တုန်းပဲ။ ခုတော့ ချွေးတွေ ရွှဲလာတာကြောင့် ယားယံလာခဲ့သည်။
ဒါတင်မကသေးဘဲ မြှားနဲ့ထိတဲ့ တခြားနေရာ တော်တော်များများမှာလည်း ယားယံလာသလို ခံစားလာရပေမယ့် ယားယံမှုကိုတော့ ဝူရှဲ ခံနိုင်ရည် ရှိလာပါပြီ။ ခန္ဓာကိုယ်ပေါ်က သိမ်မွေ့တဲ့ အာရုံခံစားမှု အပြောင်းအလဲတွေကို အာရုံစိုက်ဖို့ အချိန်မရှိတော့ဘူး။ ဒါနဲ့ပဲ ထူးဆန်းတဲ့ သင်္ချိုင်းကို ဆက်လေ့လာခဲ့သည်။
မင်မင်းဆက် သာမာန်သင်္ချိုင်းများရဲ့ ဖွဲ့စည်းပုံကို သူမသိပါ။ မြင့်မြတ်သော သင်္ချိုင်းများအကြောင်းကို အနည်းငယ်မျှသာ သိသည်။ ဒီနှစ်ခုကြားက ကွာခြားချက်က ကြီးမားလားလည်း မသိတာကြောင့် ဝူရှဲဟာ သူ့ရှေ့တွင် မြင်နေရသော အရာကို နှိုင်းယှဉ်ရုံမျှသာ တတ်နိုင်၏။
သူ့အမြင်အရတော့ သူဟာ အခု ဘယ်ဘက် အခန်းမှာ ရောက်နေပြီး မျက်နှာချင်းဆိုင် အခန်းက ညာဘက်အခန်း ဖြစ်ရမည်။ ဘယ်ဘက် နဲ့ ညာဘက် အခန်းတို့ဟာ တစ်ခုနဲ့တစ်ခု အချိုးညီညီ တည်ဆောက်ထားလိမ့်မည်။ အတွင်းဘက်မှာ အဖြူရောင် စကျင်ကျောက်များဖြင့် ပြုလုပ်ထားပြီး ခေါင်းတလား၏ မျက်နှာပြင်ကို ရွှေအုတ်များဖြင့် ပြုလုပ်ထားသည်။
ထို့အပြင် ရွှေအုတ်ချပ်များကို အပြားလိုက် ခင်းထားကာ အလယ်ဗဟိုတွင် လေးထောင့်အပေါက်တစ်ခု ပါရှိပြီး ရွှေရေတွင်းဟု ခေါ်တွင်သော အပေါက်တစ်ခုလည်း ရှိသင့်သည်။ ယခုတွင် ထိုအရာများ မရှိတော့ဘဲ ရေကန်ကြီး တစ်ခုမျှသာ ရှိသည်။
ဒါကတော့ ထူးဆန်းတဲ့ နေရာတွေထဲမှ တစ်ခုသာ ဖြစ်သည်။ နောက်တစ်ခုက အခန်းနှစ်ခန်းကြားရှိ တံခါးပေါက်ပင်။ လူတစ်ယောက် မူးမေ့လဲသွားစေရန် အတွက် ခေါင်းတလားကို အင်တုံပုံသဏ္ဌာန် နေရာချထားတဲ့ နေရာတစ်ခုဟုလည်း ဆိုရမည်။
အခု ပင်မသင်္ချိုင်း မဟုတ်တဲ့ အရန်ခန်းမှာ ဘာကြောင့် ခေါင်းတလား ရှိနေပြီး အင်တုံပုံသဏ္ဍာန် ဖြစ်နေရတာလဲ။ ဒီအင်တုံပုံစံနဲ့ ခေါင်းတလား အမျိုးအစားက စစ်မတ်ကာလ ခေတ်ကတည်းက ရှိနေတာ ဆိုရင် မင်မင်းဆက်မှာ ဘယ်တော့မှ မတွေ့နိုင်ဘူး ဆိုတာ သိထားရပါမယ်လေ။
စစ်မတ်ကာလ အကြောင်း ပြောရရင် ဘုရင်လု နန်းတော်ထဲက ထုတ်ယူလာတဲ့ မြွေမျက်ခုံး ငါးကြေးရုပ် အကြောင်းကို တွေးကြည့်မိသည်။ မြွေမျက်ခုံးငါးကြေးရုပ်က ဒီနေရာနဲ့ အဲဒီနေရာတွေမှာ ထွက်ပေါ်လာခဲ့ဖူးပြီး စစ်မက်ဖြစ်ပွားတဲ့ ကာလမှာသာ ရနိုင်တဲ့ ခေါင်းတလားလည်း ရှိနေ၏။ ဒါက တိုက်ဆိုင်မှု သက်သက်ပဲဆိုရင် ဖြစ်နိုင်ပါ့မလား။
ဒါကလည်း တွေးရတာ ရှုပ်လွန်းလို့ တွေးလို့တောင် မရတော့ဘူး။
အဲဒီအချိန်မှာ ရေကူးကန်ကို လှည့်ပတ်ကြည့်ပြီး တံခါးဆီကို ပြန်လာခဲ့သည်။ လူသတ်လက်နက် အဖြစ် သုံးလို့ရတဲ့ ကြွေအိုးကြီးဟာ အစောတုန်းက စွန့်ပစ်ခံခဲ့ရပြီး ဝူရှဲ နှလုံးခုန်သံ တစ်ချက်နဲ့အတူ ကောက်ကိုင်လိုက်ရင်း ကြွေပန်းချီကို ကြည့်လိုက်သည်။
ဒါက တခြားနားခန်း တစ်ခန်းမှာဖြစ်လို့ တစ်ခုခု ဖြစ်လာနိုင်ပေမယ့် တစ်ခုတည်းသော ပုံစံက သတင်း အချက်အလက်ကို မဖော်ပြနိုင်ပါဘူး။ ပန်းချီထဲမှာ မင် မင်းဆက် ၀တ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ တောင်ပေါ်မှာရပ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြည့်နေကာ သူ့ဘေးမှာလည်း အခြားလူများစွာကို တွေ့ရပါသည်။ တရားဝင်ဝတ်စုံများဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စစ်ဆေးနေပုံရသည်။
ဤကြွေထည်များပေါ်ရှိ ပုံစံများကို ကြည့်ခြင်းဖြင့် သင်္ချိုင်းပိုင်ရှင်သည် တော်ဝင်မျိုးရိုး မြင့်မြတ်သူ မဟုတ်သော်လည်း လက်သမားဆရာ သို့မဟုတ် ဗိသုကာပညာရှင် ဖြစ်နိုင်တယ်လို့ ဝူရှဲ ခန့်မှန်းနိုင်သည်။ အဲဒီလို လူသာလျှင် ရှေးခေတ်သင်္ချိုင်းတွင် ထူးဆန်းသော ကိရိယာများကို အသုံးပြုထို့ အရည်အချင်းနှင့် ဗဟုသုတရှိလိမ့်မည်။ တခြားလူတွေမှာ စိတ်ကူး ရှိရင်တောင် ဒီလိုဒီဇိုင်းက မဆောက်နိုင်လောက်ချေ။
မင်မင်းဆက် အစောပိုင်းတွင် ကျွမ်းကျင်အဆင့် လက်သမား အများအပြား မရှိခဲ့ပေ။ ဒီသင်္ချိုင်း အရွယ်အစားကို ကြည့်ရလျှင် ထိုလူသည် ထင်ရှားသော ရာထူးနှင့် ဘွဲ့တံဆိပ် ပေးနိုင်မည့်သူသာ ဖြစ်ရမည်။ ထိုလူသည် မင်နန်းတော်ကဲ့သို့ ကြီးမားသော ပရောဂျက်တစ်ခုကို တည်ဆောက်ရန် အရည်အချင်း ပြည့်မီသူ ဖြစ်နိုင်ရုံသာမက ဖုန်းရွှေ နှင့် ညစ်ညမ်းခြင်းအနုပညာတို့ကိုလည်း သိထားသူ ဖြစ်နိုင်သည်။
ဝူရှဲ စက္ကန့်အနည်းငယ်လောက် တွေးကြည့်နေတုန်း ရုတ်တရက် ဝမ်ကျန့်ဟိုင် ဆိုတဲ့ နာမည်တစ်ခုက သူ့စိတ်ထဲကို ခုန်ပေါက်ဝင်လာခဲ့လေသည်။
အဲဒီဝမ်ကျန့်ဟိုင် ဆိုတဲ့ လူဟာ ထူးဆန်းတဲ့ လူတစ်ယောက်လို့ ဆိုနိုင်ပြီး ဖုန်းရွှေပညာမှာ သူ့ရဲ့ အောင်မြင်မှုတွေဟာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် သူသည် မင်နန်းတော်တစ်ခုလုံးရဲ့ ဒီဇိုင်းကို ပါဝင်ရေးဆွဲရန် ခန့်အပ်ခြင်း ခံရပြီး အကြီးစား နန်းတော်များစွာကိုလည်း ရေးဆွဲခဲ့သည်။
ထိုအချိန်က သူ့ရဲ့ စာကြောင်းတစ်ကြောင်းကြောင့်နဲ့ တရုတ်ပြည်ထဲရှိ မြို့အများအပြားမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူ့မှာ ဖုန်းရွှေနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် ရှိတယ်ဆိုတာ ဝူရှဲ ရှေးဟောင်း စာအုပ်တွေ လေ့လာရင်း သိခဲ့ရ၏။ အဲဒီထဲက အကြောင်းအရာတွေဟာ အရမ်းလေးနက်ပြီး ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေရဲ့ တစေ့တစောင်းလို့တောင် ပြောလို့ရသည်။ ကံမကောင်းစွာနဲ့ သူ့သားမြေးတွေက စာအုပ်အနည်းငယ်သာ ကူးယူထားခဲ့ကြလေသည်။
ထို့အပြင် ကျိုးကျွမ်းမှာ ရှိတဲ့ ငွေသဲသောင် အောက်က သင်္ချိုင်းနဲ့ ရှန်ဝမ့်စန်းရဲ့ ဒီရေအောက် သင်္ချိုင်းကိုလည်း ထိုလူက ဒီဇိုင်းထုတ်ခဲ့တာဟု ဆိုနိုင်သည်။ အဲဒီလို လူအတွက်ကတော့ မိမိအတွက် ထိုသင်္ချိုင်းကို ဆောက်ရန် လုံလောက်တာထက်တောင် ပိုနေပါသေးသည်။
ဝူရှဲကတော့ သူ့ခန့်မှန်းချက်က အလွန် ကျိုးကြောင်း ဆီလျော်တယ်လို့ ထင်မိသည်။ ယခု ရေးသားထားသော အချက်အလက် တချို့ကို ရှာဖွေနိုင်သရွေ့ သူခန့်မှန်းတာ မှန်လားမှာလား သိရပြီ။ ကံမကောင်းစွာနဲ့ပဲ သင်္ချိုင်းပိုင်ရှင်က စာမတတ်ပုံ မရပေ။ သူက ကမ္ပည်းပြားလေး တစ်ခုတောင် မထားခဲ့ဘူးလေ။
အဲဒီအချိန်မှာ ရေကန်ထဲက အူသံတချို့ ရုတ်တရက် ထွက်ပေါ်လာ၏။ ဝူရှဲလည်း ထိတ်လန့်သွားပြီး လက်နှိပ်ဓာတ်မီးကို ကမန်းကတန်း ထိုးကြည့်လိုက်ရာ အောက်ခြေ မရှိသောရေထဲတွင် တစ်ခုခု ရွေ့လျားနေသလို အရိပ်တစ်ခုကို တွေ့ရလေသည်။
ထိတ်လန့် တုန်လှုပ်သွားကာ သေနတ်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး ပူဖောင်းတွေ ထလာတဲ့နေရာကို အထိတ်တလန့် စိုက်ကြည့်နေမိသည်။ ရုတ်တရက် ကမ်းပေါ်တက်လာသော အဖြူရောင် အရိပ်တစ်ခုသည် နံရံပေါ်သို့ လှိမ့်ဝင်ကာ လေကို အငမ်းမရ ရှူရှိုက်နေတော့သည်။
ထိုအခါမှ ဝူရှဲ သက်ပြင်းချမိသွား၏။ လတ်စသတ်တော့ ဖက်တီး ဖြစ်နေတာပဲ။ သူ့အင်္ကျီက ချွတ်လိုက်တာကြောင့် ပူဖောင်းနေတဲ့ ဝမ်းဗိုက်ကြီးတစ်ခုလုံးကို ပေါ်လွင်လာစေသည်။ မောဟိုက်နေချိန်မှာ သူက ဝူရှဲကိုမြင်တော့ သူ့လက်ကို ခါယမ်းပြပြီး
“အေးပါကွာ.... ငါလူးတဲ့မှ.... ငါ့မှာ အသက်ရှူကြပ်ပြီး သေတော့မလိုပဲ”
ဘာဖြစ်တာလဲလို့ မေးလိုက်တော့ သူ့ခြေရင်းနားက ရေထဲကနေ ရုတ်တရက် ထွက်လာတော့ မျက်နှာသေကို တွေ့ရ၏။ သူလည်း အဝတ်မပါပေမယ့် သူ့ကိုယ်ပေါ်က အနက်ရောင် ချီလင်တတ်တူးက ဘယ်ရောက်သွားမှန်းတော့ မသိချေ။ သူက ဖက်တီးလောက် အားတွေအများကြီး မထုတ်ခဲ့ရမှန်း သိသာသည်။ သူက ခေါင်းကို မော့ကာ အသက်ပြင်းပြင်းရှူရင်း ဝူရှဲကို မြင်သောအခါ မေးလာခဲ့သည်။
“ဒါက ဘယ်ဘက်လား ညာဘက်လား”
ဝူရှဲက ဘယ်ဘက်လို့ ပြောလိုက်တဲ့အခါ သူက သက်ပြင်းတစ်ချက် ချကာ ချက်ချင်း ထထိုင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို အုပ်လိုက်သည်။ သူ့လက်ကောက်ဝတ်မှာ အနက်ရောင် ခြစ်ရာ တစ်ခုကို တွေ့လိုက်ရတဲ့အခါ ရုတ်တရက် စိတ်ထဲမှာ မကောင်းသလို ခံစားလိုက်ရသည်။
ဖက်တီးက အချိန်အတော် ကြာအောင် မောဟိုက်နေ၍ ဗိုက်ကို ကိုင်ကာ သက်ပြင်းတွေလည်း ချနေသည်။ ဝူရှဲ သူတို့ကို ဘယ်လို ရောက်လာတာလဲလို့ မေးတော့ သူက ပါးစပ်ထဲက တံတွေးကို ထွေးပြီး ပြောလာ၏။
"ပြောမနေစမ်းပါနဲ့ကွာ... ကံကောင်းလို့ မင်း မမြင်လိုက်တာ... ငါတော့ လန့်ပြီး သေတော့မလို့ ... အဲဒီခေါင်းတလား အောက်မှာ ဒီနေရာအထိ ချိတ်ဆက်ထားတဲ့ လိုဏ်ခေါင်းတစ်ခု ရှိနေတာကို ကျေးဇူးတင်ရမယ်... မဟုတ်ရင် ငါတို့တော့ သေနေလောက်ပြီ"
ဝူရှဲလည်း အံ့ဩသွားပြီး ပြန်မေးလိုက်သည်။
"ဘာက ဒီလောက် ကြောက်စရာ ကောင်းနေတာလဲ?"
ဖက်တီးက ကျိန်ဆဲလိုက်လေ၏။
"Fuck.... ငါအဲဒါကို စကားနဲ့တောင် မပြောပြတတ်တော့ဘူး... တစ်ကြောင်းတည်းနဲ့ ပြောရမယ် ဆိုရင် အဲဒီခန္ဓာ၆ခုနဲ့ အလောင်းရဲ့ ဗိုက်ထဲမှာ တစ်ခုခု ရှိနေတာကွ!"