(11)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (11)

ကုန်းပတ်



ကုန်းပတ်သည် နှစ်ပေါင်းများစွာ ပင်လယ်ရေထဲ နစ်မြုပ်နေခဲ့တာကြောင့် ယိုယွင်းလာကာ လေးလံသော ဝန်ကို မခံနိုင်တော့ပေ။ သူ့ရဲ့၈၀ ကီလိုဂရမ် အလေးချိန်သည် ၎င်းကို ဖိမိလိုက်ရာ ချက်ချင်းပင် တဆတ်ဆတ် တုန်ခါသွားပြီး ကျိုးတော့မလို ဖြစ်သွားသည်။ ဝူရှဲ တစ်ဖက်က မိန်းကလေး ဘယ်လိုနေလဲ ဆိုတာကို အမြန်သွားကြည့်လိုက်သည်။ 


သူမရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို အမှောင်ခန်းထဲ ဆွဲချသွားတာ မြင်လိုက်ရတော့ သူ့​စိတ်တွေ ပူလာခဲ့ပြန်သည်။ ပထမအချက်က သူ့မှာ မီးထွန်းထားနိုင်တဲ့ ပစ္စည်း မပါလာဘူး။ ဒုတိယအချက်က လက်နက်ကိရိယာ တစ်ခုမှ မရှိဘူး။ သူသာ ဆွဲချခံလိုက်ရရင် သေခြင်းတရားကို ခန့်မှန်းရခက်ပေလိမ့်မည်။


ဝူရှဲ တစ်ချက် လှိမ့်ချလိုက်ပြီး သူမခြေထောက်တွေကို ဆုပ်ကိုင်လိုက်ကာ ကြိမ်ဖန်များစွာ ခွန်အားအပြည့်နဲ့ ဆွဲထုတ်လိုက်သည်။ မိန်းကလေးက လုံးဝ မလှုပ်မယှက် ဖြစ်​နေပြီး တင်းကြပ်တဲ့ ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့လိုက်ရသည်။ ဒါပေမဲ့ ပင်လယ်ရေကြောင့် အရမ်းချောပြီး သူ့ခွန်အားရဲ့ ၈၀%ကိုပဲ သုံးနိုင်လေသည်။


ဒီအခြေအနေ အတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ဒီမိန်းကလေး သေရမှာ သေချာနေပြီ။ ခဏကြာတဲ့အထိ ကောင်းကောင်း မစဉ်းစားနိုင်တော့ဘဲ စိတ်တွေပူလာရာ မိန်းကလေးပေါ် ခုန်တက်ကာ ခါးကို ဖက်ထားလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ အနည်းဆုံးက အလေးချိန် ၁၃၀ ကီလိုဂရမ်ကျော်လောက် ရှိနိုင်လို့ ဒီဖယောင်းတုတ်နဲ့တူတဲ့ လက်နှစ်ချောင်းက ဘယ်လို ဆွဲထုတ်သွားနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့ဟု တွေးလိုက်သည်။ 


ကုန်းပတ်ကြီးဟာ အရေးကြီးတဲ့ နေရာမှာ ဒုက္ခပေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ ဖိလိုက်တာနဲ့ ကုန်းပတ်တစ်ခုလုံး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ပြိုကျသွားတော့သည်။ သူတို့နှစ်ယောက်စလုံး ပုပ်ပွပျက်စီးနေတဲ့ သစ်သားစတွေနဲ့အတူ ပြုတ်ကျသွား၏။ ကံကောင်းထောက်မစွာပင် သင်္ဘောရဲ့ အောက်ခြေမှာ ခိုင်ခံ့နေသေးသည်။ မဟုတ်ပါက နှစ်ယောက်စလုံး ပင်လယ်ထဲသို့ ထိုးကျသွားနိုင်သည်။


ဒီ​ပြုတ်ကျသွားမှုက အရမ်း ပြင်းထန်လွန်းတော့ မတ်တပ်ထရပ်ပြီး စိတ်ထဲမှာ ခါးသက်စွာ ပြုံးလိုက်တော့သည်။ အခုနလေးတင် အခန်းထဲကို မဝင်ချင်ပေမယ့် အခုတော့ ပျော်ပျော်ကြီး ပြုတ်ကျလာရပြီ။ အဲဒီအချိန်မှာပဲ ရုတ်တရက် မိန်းကလေးရဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ 


"မြန်မြန်ဖယ်... ရှင်ကျွန်မကို ဖိထားတယ်"


ရုတ်တရက် မိမိမှာ သူမပေါ် ထိုင်နေမိတာတွေ့တော့ အနည်းငယ် ပျာယာခတ်သွားမိသည်။ အရင်တုန်းက idol drama တွေ ကြည့်တုန်းက မိန်းကလေးကသာ ယောက်ျားပေါ် ထိုင်တတ်ပေမယ့် အခုက တခြားစီဖြစ်နေ၏။ ဘာပဲဖြစ်ဖြစ် မိန်းကလေးက သူ့ခါးကို ဆန့်ထုတ်ပြီး ထထိုင်ဖို့ ရုန်းကန်ရင်းလိုက်သည်။ ထိုစဥ် သူမပုခုံးပေါ်က လက်တွေ လွတ်သွားတာ တွေ့လိုက်ရတော့ ဝူရှဲ အံ့သြတုန်လှုပ်သွားပြီး 


“အဲဒီ တစ္ဆေလက်နှစ်ချောင်း ဘယ်ရောက်သွားတာလဲ?” 


သူမက ပုခုံးကိုထိပြီး အံ့သြတကြီးနဲ့ 


"ကျွန်မလည်း မသိဘူး.... ဒီသင်္ဘောပေါ်ကျလာပြီးတာနဲ့ သတိလစ်သွားတာ... ဘယ်အချိန် ပျောက်သွားမှန်းလည်း မသိဘူး... ရှင်ရော မတွေ့လိုက်ဘူးလား?"


ဝူရှဲလည်း ခေါင်းခါ​ပြလိုက်သည် ။


"ငါတို့ ပြုတ်ကျလာတဲ့ အချိန်တုန်းက အခြေအနေက အရမ်းရှုပ်နေလို့ ဂရုမစိုက်မိလိုက်ဘူး.... ဒါပေမဲ့ အဲဒီလက်နှစ်ချောင်းက သက်ရှိလူသားကိုတောင် ဆွဲခေါ်သွားနိုင်တယ်... ဒါ ထင်ယောင်ထင်မှား မဟုတ်တာ သေချာတယ်... တကယ့်အစစ်ပဲ ဘာပဲဖြစ်ဖြစ် လေထဲမှာတော့ မပျောက်ကွယ်နိုင်ဘူး.. အခုလေးတင် ပြုတ်ကျလို့ သူလည်း ပြုတ်ကျသွားတာ ဖြစ်မယ် မင်းရဲ့အောက်မှာ တစ်ခုခုရှိမရှိ စစ်ဆေးကြည့်ပါလား"


ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ထိုမိန်းကလေး၏ မျက်နှာသည် ထိတ်လန့်တကြား ဖြူဖျော့သွားကာ အမြန်စစ်ကြည့်ရန် သူမ တင်ပါးများကို ရွှေ့လိုက်သည်။ ကံမကောင်းစွာပဲ သစ်သားပြားတွေကလွဲလို့ အောက်ဘက်မှာ ဘာတစ်ခုမှ မရှိတော့ဘူး။ 


"ရုတ်တရက် ပြုတ်ကျသွားတော့ သူလည်း ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်... ဂိုဒေါင်ရဲ့အဝင်ဝမှာ လှေကားထစ်တွေကို ရှိ​နေတုန်းပဲ ရုတ်တရက် ပြုတ်ကျလာရင် သူလည်း လွှတ်ချဖို့ အချိန်ရှိမှာ မဟုတ်ဘူး... ဒီအောက်မှာ ရှိနေလောက်သေးတယ်"


သူမက ခေါင်းညိတ်ကာ အဓိပ္ပာယ်ရှိရှိ တွေးကာ 


"ကျွန်မကို ဒီအထိ ဆွဲတင်လာတာ ဘာလုပ်ချင်မှန်း မသိဘူး....ကျွန်မတို့ ပိုသတိထားသင့်တယ် ထင်တယ်"


နှစ်ယောက်သား ဟိုဟိုဒီဒီ ကြည့်နေလိုက်သည်။ ကုန်းပတ်မှာ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားလို့ အလင်းရောင်က အထဲကို ထိုးကျနေ၏။ အတွင်းခန်းနံရံမှာ အဖြူရောင် သံချေးတွေ ထူထပ်နေပြီး အတွင်းက အရာအားလုံးနီးပါးကို ဖုံးအုပ်ထားသည်။ သံချေးတွေကို ခွာကြည့်လိုက်ရင် ယေဘုယျအားဖြင့် လမ်းညွှန်ချက်အချို့ကို မြင်တွေ့နိုင်သော်လည်း ယခုမှာ အခြေခံ ပုံသဏ္ဌာန်တစ်ခုပဲ ကျန်ရှိတော့သည့်အထိ ပုပ်သွားခဲ့​ပြီ။


ဒီသင်္ဘောဂိုဒေါင်ရဲ့ အရွယ်အစားနဲ့ ဖွဲ့စည်းပုံကို ကြည့်လျှင် ၎င်းသည် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း အလတ်စား ငါးဖမ်းလှေ ဖြစ်နိုင်သည်။ ၎င်းတွင် သံထည်နှင့် သစ်သားဘုတ်များဖြင့် ပိုင်းခြားထားသော ဂိုဒေါင်ကျယ်ကြီးတစ်ခု ပါရှိပြီး ၎င်းကို သင်္ဘောသား အနားယူရူ အခန်းအဖြစ် ခွဲခြားထား​ခြင်း ဖြစ်နိုင်လေ၏။ 


သူဌေးအခန်းနဲ့ ကုန်လှောင်ရုံ။ သူတို့ရဲ့ လက်ရှိ တည်နေရာသည် ကုန်လှောင်ရုံ အတွင်းတွင် ဖြစ်နိုင်ကာ ကွဲထွက်သွားသည့် အရာများကို တွက်ချက်ကြည့်လျှင် ဤသင်္ဘောသည် ကုန်စည်တင်နေစဉ်တွင် ကျိန်းသေပေါက် မနစ်မြုပ်ခဲ့ချေ။


ဒီသင်္ဘောရဲ့ ကလီတုံးတွေက လုံးလုံးလျားလျား ပုပ်သွားတာမျိုး မဖြစ်နိုင်ဘူး။ ပြီးတော့ ကြည့်ရတာ လှိုင်းဒဏ်လေဒဏ်ကို ခံနိုင်ရည် ရှိနေတုန်းပါပဲ။ မဟုတ်ရင် ဒီလောက်ကြီးမားတဲ့ လှိုင်းလုံးကြီးနဲ့ဆို ကွဲထွက်သွားလိမ့်မယ်။


မိန်းကလေးက တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။ 


“သင်္ဘောတွေအကြောင်း ကျွန်မတကယ် နားလည်ပါတယ်.... ဒါပေမဲ့ ဒီသင်္ဘောပေါ်က အခြေအနေက သိပ်ကို ယုတ္တိမတန်ဘူး.... ဒီလိုထူထပ်တဲ့ ပင်လယ်သံချေးတွေနဲ့ဆို ပင်လယ် အောက်ခြေမှာ ၁၀နှစ်လောက် ရှိနေခဲ့နိုင်တယ်လို့ ကျွန်မ ယူဆမိတယ်"


“မုန်တိုင်းကြီး တစ်ခုက ပင်လယ်အောက်ခြေကနေ လှိမ့်တက်လာလို့ ဒီသင်္ဘော တက်လာတာ ဖြစ်နိုင်ပါ့မလား” 


ဝူရှဲ မေးလိုက်တဲ့အခါ သူမက 


"ဒါဖြစ်နိုင်ခြေက အရမ်းနည်းတယ်... ဆယ်စုနှစ်တွေ ကြာအောင် နစ်နေတဲ့ သင်္ဘောတွေဆို ပင်လယ်သဲထဲမှာ နက်နက်နဲနဲ မြှုပ်နှံထား ခံရမှာ.... ကရိန်းနဲ့ ဆွဲလွှင့်ပစ်ရင်တောင် သယ်ရခက်လိမ့်မယ်... ပြီးတော့ သင်္ဘောကိုယ်ထည်က ဆတ်ဆတ်ထိမခံ ကြွပ်ဆတ်နေတာ သတိမထားရင် ကွဲထွက်သွားနိုင်တယ်"


သူမပြောတာ မှန်တယ်လို့ ဝူရှဲလည်း တွေးလိုက်မိပေမယ့် နားမလည်နိုင်သေးတာက လှေကြီးက နစ်မြုပ်သွားပြီး အခုရေပေါ်ကို ဘယ်လိုလုပ် ပြန်မျောပါလာရသေးတာလဲ ဆိုတာပါပဲ။ တစ်စုံတစ်ယောက်က မျှားထုတ်လာခဲ့လျှင်ပင် သင်္ဘောကိုယ်ထည်တွင် ထိုအချိန်က အပေါက်များ ကျန်နေခဲ့မှာ သေချာပါသည်။


ဧကန္တ ဒီသင်္ဘောကိုယ်ထည်ရဲ့ အပေါက်က သူ့ဘာသာ ပြန်ဖြည့်သွားတာလား?


ဒီနေရာလေးမှာ စိတ်ဝင်စားစရာ ဘာမှ မမြင်ရသလို လက်နှစ်ချောင်းကိုလည်း မတွေ့ရတော့တာကြောင့် အနည်းငယ် သက်သာရာရသွားသည်။ ခန္ဓာကိုယ်ပေါ်က သစ်သား အပိုင်းအစများကို ပွတ်သပ် ခါချရင်း မတ်တပ် ထရပ်ကာ ဂိုဒေါင်ထဲသို့ မိန်းကလေးကို လှမ်းခေါ်လိုက်ပါသည်။ ဂိုဒေါင်နှစ်လုံးကို အခြေခံအားဖြင့် အပေါက်များ ပြည့်နေသော သစ်သားပျဉ်ပြားများဖြင့် ခြားထားသည်။ ပျဉ်ပြားကို ကန်ထုတ်ချင်သော်လည်း မိန်းကလေးက သူ့ကို တားလာပြီး 


“ဒီဘုတ်ပြားက ကုန်းပတ်နဲ့ တွဲနေတယ်... ရှင်ကန်လိုက်ရင် ကြမ်းပြင်တစ်ခုလုံး ပြုတ်ကျသွားမှာကို ကြောက်ရတယ်”


ကြမ်းပြင်တစ်ခုလုံး ပြုတ်ကျသွားရင်တော့ တော်တော် ကောင်းသွားပြီလို့ ကိုယ့်ဘာသာ ခါးသက်သက် တွေးလိုက်မိသည်။ ဒီနေရာမှာ အလင်းရောင်က အနည်းငယ် တောက်ပနေတာကြောင့် ထိတ်လန့်မ​နေပါဘူး။


ဘုရင်လုနန်းတော်ရဲ့ အတွေ့အကြုံတွေ အရတော့ ဝူရှဲလည်း အရာတော်တော် များများကို နက်နက်နဲနဲ နားလည်လာခဲ့ပါသည်။ အထူးသဖြင့် သေခြင်းတရားရဲ့ အစွန်းမှာ အကြိမ်ကြိမ် လမ်းလျှောက် လာရပြီးနောက်မှာ သူ့ရဲ့ ပတ်ဝန်းကျင်အပေါ် လိုက်လျော ညီထွေဖြစ်အောင် စွမ်းဆောင်နိုင်မှုဟာ အများကြီး အားကောင်းလာခဲ့​ပြီ။ သို့သော် တစ္ဆေသင်္ဘောက သူ့အာရုံတွေ အရမ်း ဆွဲဆောင်ထားတုန်းပဲ။ 


သစ်သားအကန့်တွင် တံခါးကို သေချာစွာ တပ်ဆင်ထားတာကို တွေ့ရပြီး တွန်းလိုက်ရမလား ဆွဲရမလားတော့ မသိတော့ပေ။ အရင်ဆွဲကြည့်တော့ လက်ကိုင်ကို တံခါးဘောင်တစ်ဝက်နဲ့ ဆွဲထုတ်လိုက်တယ်။ အမျိုးသမီးကို ကြည့်လိုက်တော့ 


"ဒါက ဘုတ်ပြားတစ်ခုလုံး ဖျက်တာနဲ့ အတူတူပဲ မဟုတ်လား"


သူမက သူ့ကို လျစ်လျူရှုပြီး အမှောင်ထဲက တံခါးဝကို ငုံ့ကြည့်လိုက်သည်။ ဒီမိန်းကလေးက အတော် သတ္ဆိကောင်းသူ ဖြစ်မည်။ သို့သော် အခုနကကိစ္စ ဖြစ်ပျက်သွား​ပြီးတဲ့ နောက်မှာတော့ သူမ ရူးမိုက်မိုက်ရိုင်း ဝင်မဝံ့ရဲဘူးလို့ ထင်ရသည်။ သူမက ပြောလာသည်။ 


"အထဲမှာ အလင်းရောင် မလုံဘူးဆိုတော့ အထဲကို ဝင်ချင်ရင် အလင်းရောင် နည်းနည်းရဖို့အတွက် ကုန်းပတ်ပေါ်က အမိုးကို ဖွင့်လိုက်တာက ပိုကောင်းမယ်.... ဝင်သွားတဲ့အခါ တစ်ခုခုကို ထပ်မထိမိစေနဲ့"


ဒီစာကြောင်းက တကယ် အသုံးဝင်မယ် ဆိုတာ ဝူရှဲလည်း သိပါသည်။ မျှော်လင့်ထားသလိုပဲ သူမ တုံ့ဆိုင်းသွားတဲ့အခါ ဝူရှဲ တိတ်တဆိတ်ရယ်မောရင်း ရှေ့ကိုလှမ်းပြီး အကြိမ်အနည်းငယ် ချိုးချလိုက်ကာ ဘုတ်တစ်ခုလုံးကို ကျိုးသွားလုနီးပါး ဖြစ်သွားခဲ့သည်။ 


သံနဲ့လုပ်ထားတာကြောင့် အခုထိ ရှိသေးတာပင်။ အခန်းထဲက ခုတင်ပျဉ်တွေက ပုပ်ပွနေပြီ။ ပရိဘောဂတွေကို ကြည့်ပြီး သင်္ဘောပေါ်က လူတွေ တည်းခိုတဲ့နေရာ ဖြစ်နိုင်တယ်လို့ တွေးလိုက်သည်။ ဂိုဒေါင်ရဲ့ ထောင့်မှာ သံဗီရိုတစ်ခုတွေ့ရကာ ၎င်းက ကောင်းကောင်း ပိတ်သွားထား၏။ ဝူရှဲ တစ်ချက်နှစ်ချက် ဆွဲထုတ်ကြည့်လိုက်ရာ ခဏလောက်​နေတော့ ချောင်သွားခဲ့သည်။ 


ဒီလို သင်္ဘောပေါ်မှာ ရေးမှတ်ထားခဲ့တဲ့ မှတ်တမ်းတွေကို ရှာရတာက ခက်ခဲလေသည်။ အခု သင်္ဘောသူဌေးက နေ့စဥ်မှတ်တမ်း စာအုပ်တစ်အုပ် ရေးထားခဲ့သည်။ အဲဒီတုန်းက စာတတ်သူတွေ များများစားစား မရှိတဲ့အတွက် ဒီလိုအသုံးဝင်တဲ့ ပစ္စည်းမျိုး ရှာတွေ့မယ်လို့ ဝူရှဲလည်း မမျှော်လင့်ထားခဲ့ပေ။ 


သံဗီရိုကို ဖွင့်လိုက်တော့ အထဲမှာ ရေစိုခံ အိတ်ဟောင်းတစ်လုံး တွေ့လိုက်ရတာကြောင့် ဝူရှဲ အံ့သြသွား၏။ အိတ်ကို ဖွင့်ကြည့်လိုက်တော့ ကွဲ​ပြဲလုမတတ် ဖြစ်နေတဲ့ မှတ်စုစာအုပ် တစ်အုပ် ပြုတ်ကျလာသည်။ ဝူရှဲ ​ကောက်ကိုင် ကြည့်လိုက်တော့ အဖုံးမှာရေးထားတဲ့ စကားလုံးတချို့ကို တွေ့လိုက်ရ၏။ 


'ရှီးရှားဇလုံကျောက်တန်းရဲ့ ရှေးဟောင်း သုတေသန မှတ်တမ်းများ'


ခေါင်းစဉ် စာမျက်နှာကို ဖွင့်ကြည့်လိုက်တဲ့အခါ လှပတဲ့ စကားလုံးတချို့ ရေးသားထားတာ ထပ်တွေ့ရ၏။ ဇူလိုင်လ ၁၉၈၄ ဝူစန်းရှင်မှ ချန်ဝမ်ကျင်သို့ လက်ဆောင်။