(2) အိုဟောင်းနေသော အရိပ်များ
Viewers 5k

Chapter (2)

အိုဟောင်းနေသော အရိပ်များ



ချင်းရှုံသည် ဟုန်ကျွင့်ကို သူ့နောက်ကျောကနေ ဆွဲထုတ်လိုက်ပြီး သေချာ မတ်တပ်ရပ်ခိုင်းလိုက်သည်။


"မင်း ထပ်ပြီး ပြဿနာ ရှာပြန်ပြီမလား?"


ဟုန်ကျွင့်​၏ လက်များသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ယခု သူသည် ချင်းရှူံ၏ မျက်နှာကို ခုန်သုတ်လိုက်ကာ အတော်လေး ရယ်စရာ ကောင်းနေတာကို မြင်လိုက်ရတော့ လက်ညှိုးထိုးပြီး ရယ်နေတာ မရပ်တော့ချေ။ ချင်းရှူံ စိတ်ရှုပ်ထွေးသွားသည်။ သို့နှင့် ဟုန်ကျွင့်က အကြောင်းစုံ ရှင်းပြလိုက်ကာ ချုံမင် စိတ်ငြိမ်သွားကြောင်း သိလိုက်ရသောအခါမှ ချင်းရှူံလည်း မထိန်းနိုင်ဘဲ ရယ်ပစ်လိုက်၏။ 


နှစ်ယောက်သား ခဏရယ်မောကြပြီးနောက် ဟုန်ကျွင့်က ဆိုလိုက်သည်။ 


"ခင်ဗျား ဒီတစ်ခေါက် ပြန်လာတာ ကျွန်တော့်အတွက် ဘာယူလာလဲ... မြန်မြန်ပေး!!"


ချင်းရှုံက "မပါဘူး"


ဟုန်ကျွင့်မှာ မယုံတာကြောင့် ရှေ့ကိုလှမ်းပြီး ချင်းရှုံရဲ့ ခန္ဓာကိုယ်ပေါ်ကို ရှာဖွေလေတော့သည်။ ချင်းရှူံဟာ ​​အမြဲတမ်း အင်္ကျီမဲ့ပြီး အိတ်ကပ်နှစ်ခုပဲ ရှိပေမယ့် ဟုန်ကျွင့်မှာ လက်မလျှော့ဘဲ တူးဆွ​နေတဲ့အတွက် ချင်းရှူံ သူ့ကို ဆွဲတားလိုက်ရသည်။ 


“တကယ် မပါဘူး!"


"စာအုပ်တွေ မပါဘူး စားစရာလည်း မပါဘူး"


ဟုန်ကျွင့် မျက်နှာသည် အနည်းငယ် ဆူပုတ်သွားသည်။ ထိုအခါ ချင်းရှူံက ပြုံးပြီး။ 


"ငါ မင်းကို နောက်ဆုံးတစ်ခေါက်က ပို့လိုက်တဲ့ စာအုပ်တွေ ဖတ်ပြီးပြီလား?"


"ပုပ်တောင်နေပြီ"


ချင်းရှုံသည် ဟုန်ကျွင့်၏ စိတ်ပျက်လက်ပျက် အမူအရာများနှင့် ပြည့်နှက်နေသော မျက်နှာလေးကို မြင်လိုက်ရသောကြောင့် သူ့အား ကျီစယ်ချင်လာရာ မထိန်းနိုင်ဘဲ မေးလိုက်သည်။


"မင်းရဲ့ ကျောက်ကျစ်လုံရော ဘယ်မှာလဲ"  


"ဟို​မှာ" 


ဟုန်ကျွင့် အော်ပြောလိုက်သည်။ ငါးကြင်းနတ်ဆိုးသည် လွန်ခဲ့သည့် ငါးနှစ်ခန့်က ထိုက်ဟန်တောင်တန်း၌ မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်ပြီး ယခုတော့ လူတစ်ဝက်ခန့် အသွင်သို့ ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ အရင်တစ်ခေါက်က သူသည် ဟုန်ကျွင့်အတွက် အင်ပါယာ သုံးနိုင်ငံရှိ သူရဲကောင်းများ အကြောင်း ဒဏ္ဍာရီတချို့ကို ယူဆောင်လာခဲ့ရာ ဟုန်ကျွင့်ခမျာ အလွန်စိတ်လှုပ်ရှားသွားကာ ငါးကြင်းနတ်ဆိုးကို "ကျောက်ကျစ်လုံ" ဟု အမည်ပေးခဲ့သည်။ နဂါးတံခါးကို ခုန်ကျော်ကာ ရွှေနဂါးအဖြစ်သို့ ပြောင်းလဲသွားနိုင်ဖို့ နိမိတ်ဖတ်သည့် အနေဖြင့် ပေးခဲ့ခြင်းပင်။ 


ချင်းရှုံသည် သူ့လက်ချောင်းများ ကြားမှ သံကြိုးတစ်ချောင်း ကိုင်ထားပြီး မှော်ပညာ​ဖြင့် အလှည့်အပြောင်း လုပ်လိုက်သကဲ့သို့ တစ်စုံတစ်ခုကို ထပ်မံ ထုတ်ယူလိုက်သည်။ သူက ဟုန်ကျွင့် မြင်နိုင်ရန် သံကြိုးမှ ချိတ်ဆွဲထားသော ရတနာတစ်ခုကိုလည်း ထုတ်ပြလိုက်ပါ၏။


"ဒါက ဘာလဲ?!" 


ဟုန်ကျွင့် အံ့သြစွာ ​မေးလိုက်သည်။


ပစ္စည်းလေးက အလွန်သေးငယ်သည်။ ၎င်းသည် ရွှေဆွဲကြိုးဖြင့် ချည်ထားသော ဆွဲသီးဖြစ်ပြီး ဆွဲသီးမှာလည်း ယန္တရားများစွာဖြင့် ဝန်းရံထားသည်။ အတွင်းထဲရှိ ဘောလုံးလို အလင်းသည် ဆီမီးကဲ့သို့ ထွန်းတောက်လျက်ရှိ၏။ ချင်းရှူံ ဆွဲသီးကို ပေးအပ်လိုက်သောအခါ ​ခြံဝင်းထဲတွင် တောက်ပနေသော နေရောင်လေးလို ဖြာထွက်သွားသည်။ 


"အရင်ဆုံး လုံခြုံအောင် သိမ်းထား" 


ချင်းရှူံသည် ဟုန်ကျွင့် လက်ထဲတွင် ဆွဲသီးကို ထည့်ကာ ရွှေဆွဲကြိုးလေးသဖွယ် တပ်ပေးလိုက်သည်။


"ရတနာမှော် ကစားနည်းကိုတော့ ပေါ့ပေါ့ပါးပါး သင်ပေးမှာ မဟုတ်ဘူးနော်... မင်းအ​ဖေငါ့ကို ကြိမ်းမောင်းလိမ့်မယ်"


ဟုန်ကျွင့်ဟာ ဒီနူးညံ့သိမ်မွေ့တဲ့ အရာကို ရရှိပြီးနောက်မှာ ချက်ချင်းပဲ ကိုင်ထားပြီး လေ့လာချင်လာတာကြောင့် ချင်းရှူံက ဖြတ်ပြောလိုက်၏။ 


"ဒါကို မချိုးပစ်နဲ့ဦး ဒီသလင်းက အရမ်း ကြွပ်ဆတ်တယ်... သူ့အကြောင်း နောက်မှ ပြောပြမယ်"


ဟုန်ကျွင့်လည်း အမြန်ပြန်ဖြေရင်း လည်ဆွဲကို ကိုင်ပြီး ထွက်သွား​​လေသည်။


"၁၆နှစ်...."


ချင်းရှူံ ဘေးနားက ခန်းမထဲကို လျှောက်သွားတဲ့အခါ ချုံမင်သည် လက်ဖက်ရည်သောက်ရင်း စောင့်နေလေသည်။ ချင်းရှူံက စားပွဲရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ကာ ချုံမင်ကို တစ်ချက် ကြည့်လိုက်သည်။


"ဒီနေ့ သူ ထပ်ပြီး ပြဿနာရှာပြန်ပြီ... ငါ့ဆီက အပြစ်ပေးခံထားရတယ်"


ချင်းရှုံက "လူငယ်တွေက အမြဲတမ်း ပြဿနာရှာရတာကို ကြိုက်တယ်လေ... အဲဒီတုန်းက မင်းနဲ့ ငါ ခုန်ရွှမ်းလည်း မကြာခဏ ပြဿနာရှာတတ်တာပဲမလား"


ချုံမင်က မျက်ခုံးပင့်လိုက်ပြီး ပြန်ပြောလိုက်သည်။ 


"သူအဆင်သင့် မဖြစ်သေးဘူး" 


ချင်းရှုံက "ငါဒီစာကို မနေ့ညက လက်ခံရရှိခဲ့တာ.... ဒါကို လူ့ကမ္ဘာမှာရှိတဲ့ နတ်ဆိုးနှိမ်နင်းဌာနက ပေးပို့လာတာ... ကောင်းကင်နတ်ဆိုး ကမ္ဘာပေါ်မပေါ်ခင် လေးနှစ်လောက် အလိုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပင်ကိုယ်စွမ်းရည်ရှိတဲ့ လူငယ်ကို ချန်အန်းကို ပို့ပေးဖို့ တောင်းဆိုတဲ့စာပဲ.... ငါခန့်မှန်းချက်အရဆို လေးနှစ်ကြာပြီးရင် ကောင်းကင်နတ်ဆိုးက နတ်ဆိုးလောကမှာ ပေါ်ထွက်လာဖို့ ပြင်ဆင်ထားတာ ဖြစ်မယ်..."


ချင်းရှူံက စာတစ်စောင်ကို ပေးလိုက်ပေမယ့် ချုံမင်က မကြည့်ဘဲ သူ့လက်ချောင်းတွေကို ပွတ်ဆွဲ​လိုက်သည်။ သူ့လက်ချောင်းတွေဆီကနေ ပြင်းထန်တဲ့ မီးတောက်တွေ ထွက်လာရာ ချင်းရှူံလည်း စာရွက်ကို မလောင်​စေချင်တာကြောင့် အမြန် ဖယ်ထားလိုက်ရသည်။ 


"ချုံမင်...အခု​ကမ္ဘာ​ပေါ်မှာ နတ်ဆိုးတွေ သောင်းကျန်း​နေပြီး ထန်မင်းဆက်ရဲ့ အရည်အချင်းတွေလည်း ညှိုးနွမ်းနေပြီ သိပ်နောက်ကျသွားပြီ"


ချုံမင်သည် ခေါင်းလှည့်ကာ ချင်းရှူံ၏ မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။


"မမေ့နဲ့ဦး.... ငါတို့ကလည်း နတ်ဆိုးမျိုးရိုးပဲ"


"မင်းမှတ်မိသေးတယ်လား... မင်း မေ့သွားတာ ကြာပြီလို့တောင် ထင်နေတာ... အရှင် နတ်ဆိုးဘုရင်"


ချုံနင်သည် သူ့ခန္ဓာကိုယ်ထဲက မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ ချက်ချင်းပင် သူ့မျက်ခုံးမွှေးများ တင်းမာလာပြီး ချင်းရှူံကို ဒေါသနှင့် တိုက်ရိုက် စိုက်ကြည့်လိုက်သည်။


တစ်ဖက်က စာဖတ်ခန်းတွင်တေ့ ဟုန်ကျွင့်သည် ပထမဦးစွာ အပေါက်ဖောက်ရန် ဓားပျံနှစ်ချောင်းကို အသုံးပြုပြီး ဖြတ်ရန် ကတ်ကြေးတစ်လတ်ကိုပါ အသုံးပြုခဲ့သော်လည်း ဆွဲသီး အပြင်ဘက်က ယန္တရားကို မဖွင့်နိုင်ဘဲ နောက်ဆုံးတွင် ချွေးများစွာသာ ပေါက်ထွက်လာသည်။ သူသည် နောက်ဆုံး တူကို အသုံးပြုခဲ့သည့်တိုင် ဆွဲသီးအတွင်းမှ သေးငယ်သော အပိုင်းကို မဖယ်ရှားနိုင်ပေ။


"အား...." 


ဟုန်ကျွင့်မှာ ကြေးပုလင်းကို ယူလိုက်ပြီး တိုက်ရိုက် ရိုက်ချိုးချင်ခဲ့သည်။


"မင်းဘာကြောင့် ပြဿနာ ရှာနေ​ပြန်တာလဲ"


ငါးကြင်းနတ်ဆိုးက မေးလေသည်။ 


"အရှင်ချင်းရှူံက မင်းကို မချိုးဖျက်ပစ်ဖို့ ပြောထားတယ်မလား..."


"ငါ ဒါကို ဖယ်ပြီး ငါ့ဓားလက်ကိုင်မှာ တပ်ဆင်မလို့!"


"ဒီထဲက အလင်းရောင်ကို ကြည့်ရတာ သာမန်အရာတော့ မဖြစ်နိုင်ဘူး" 


ငါးကြင်းနတ်ဆိုးသည် စားပွဲပေါ်သို့ တက်ကာ စာအုပ်တစ်အုပ်ကို နင်းဖြတ်၍ ချဥ်းကပ်လာသည်။ ငါး၏မျက်လုံးများသည် ဆွဲသီးအတွင်းမှ တောက်နေသော အလင်းရောင်ကြောင့် ရောင်ပြန်ဟပ်နေသည်။


"အပြင်မှာ အစီအရင် အဝိုင်းတစ်ခုရှိိတယ်" 


"ဘာလဲ? ဒါကို တံဆိပ်ခတ်ထားတာလား အလင်းရောင်ကတော့ အရမ်းသက်တောင့်သက်သာ ရှိနေသလိုပဲ"


“အဲဒါကို ကြည့်လိုက်ရုံနဲ့ နွေးနွေးထွေးထွေး ဖြစ်သွားသလို ခံစားရတယ်”  


ငါးကြင်းနတ်ဆိုးက ဆိုလေသည်။ 


“ငါ့စိတ်တွေ တော်တော် တိုးတက်လာတာပဲ” 


ဟုန်ကျွင့်က ဆွဲသီးကို ကောက်ကိုင်လိုက်ပြီး ထပြောလိုက်၏။ 


"ချင်းရှုံကို သွားမေးရအောင်..."


"မင်း မတ်တပ်ရပ်လို့ မပြီးသေးဘူးနော်!"


ငါးကြင်းနတ်ဆိုး သတိလှမ်းပေးပေမယ့် ဟုန်ကျွင့်တစ်ယောက် သူ့လက်ထဲက ဆွဲသီးတစ်လုံးနှင့် ထွက်ခွာသွားပြီ။


နေဝင်ချိန်သည် တောင်တန်းများကို သွေးရောင်ကဲ့သို့ နီရဲသွားစေသည်။ နေဝင်ချိန်၌ တောင်ပေါ်ရှိ အိပ်တန်းတက်တော့မည့် ငှက်အော်သံများကိုလည်း ကြား​နေရပါသည်။


ဟုန်ကျွင့် ခန်းမဘေးသို့ ရောက်သွားသောအခါ ခန်းမထဲက ပြင်းထန်သော ငြင်းခုံသံများကို ကြားလိုက်ရရာ သူ လန့်ဖျပ်သွားပြီး တိုင်နောက်ကွယ်တွင် ပုန်းနေလိုက်သည်။


"နဂါးနက်ရဲ့ အနေအထားက မမှန်ဘူး... သူ ဘယ်တော့မှ နတ်ဆိုးဘုရင် ဖြစ်လာမှာ မဟုတ်ဘူး မြောင်းထဲက တွားသွား သတ္တဝါတစ်ကောင်က ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ"


"ဒါပေမဲ့ ငါတို့ ရှုံးသွားပြီ... ဒါက ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပဲ"


ချင်းရှူံက လေးနက်စွာနဲ့ ပြောနေသည်။ 


"သူဟာ လူ့လောကထဲ ပြန်ရောက်လာရင် အကုန်လုံးကို ဖျက်စီးပစ်လိမ့်မယ်.... ကောင်းကင်နတ်ဆိုး အသက်ပြန်ရှင်လာလို့ နတ်ဆိုးမျိုးရိုးကို ဦးဆောင်လာရင် ကမ္ဘာကြီးပါ ပျက်စီးသွားလိမ့်မယ်!"


"သူတို့ဘဝ သေရေးရှင်ရေးက ငါနဲ့ဘာဆိုင်လို့လဲ?"


ချုံမင်က ကျယ်လောင်စွာ အော်လိုက်သည်။ 


"လူသားမျိုးနွယ် ကျေးဇူးကန်းတာက ကျေးဇူးကန်းတာပဲ...သူက သုံးလေးကို ခေါ်ချသွားတာ... ဟမ့် တစ်ဆယ့်နှစ်နှစ်ကြာအောင် ပြုစုပျိုးထောင်ဖို့ ငါ့အတွက် လူသားတစ်ယောက်တောင် ချန်ထားခဲ့သေးတယ်... လူ့သွေးတစ်ဝက်ပါတဲ့ မိဘမဲ့ကလေးကို ငါက ဘာကိစ္စ ကျွေးမွေးရမှာလဲ..."


"အဲဒါက ခုန်ရွှမ်းရဲ့ ကလေးပဲ!" 


ချင်းရှူံရဲ့ အသံက နိမ့်ပြီး ကဲ့ရဲ့သံတွေအပြည့်နဲ့ ဆက်ပြောလေသည်။ 


"ခုန်ရွှမ်း ထွက်သွားတုန်းက မင်းမှာနောင်တ မရှိခဲ့ဘူးလား?"


"ငါ့မှာ ဘာနောင်တရှိရမှာလဲ?" 


ချုံမင်က ပြန်ဟောက်လေသည်။ 


"အဲဒီလူသာ ခုန်ရွှမ်းကို မသတ်ခဲ့ဘူးဆိုရင် အခု ဟုန်ကျွင့်လည်း အဖေနဲ့အမေမရှိတဲ့ ကလေးဖြစ်လာမှာလား"


"လူသားမျိုးနွယ်ထဲမှာ ကျေးဇူးကန်းတဲ့ သူတွေရှိတယ်... အကျိုးအမြတ်အတွက် သူတို့ရဲ့သစ္စာစောင့်သိမှုကို မေ့သွားတဲ့လူတွေ ရှိတယ်... ဒါပေမဲ့ တိရန်ကျယ်လို သူငယ်ချင်းလည်း ရှိတယ်"


"သူငယ်ချင်း?" ချုံမင်က လှောင်ပြောင်ပြီး။ 


"သူက လူသားမျိုးနွယ် အတွက်ကလွဲလို့ ဘာမှလုပ်မှာ မဟုတ်ဘူး.... ဘယ်တော့မှ!"


ချင်းရှူံရဲ့ အသံက တုန်တုန်ယင်ယင်ဖြင့်။


"ခုန်ရွှမ်းက နတ်ဘုရားနဲ့ နတ်ဆိုးတစ်ပိုင်း... ဟုန်ကျွင့်က သူ့ရဲ့ အလင်းငါးရောင်ကို အမွေဆက်ခံထားတယ်... သူက နတ်ဆိုးမျိုးရိုးအတွက် နဂါးနက်ကို ချေမှုန်းနိုင်ပြီး သူ့အဖေ လက်စားချေပေးနိုင်လိမ့်မယ်... ရှင်ပြန်ထမြောက်လာတဲ့ ကောင်းကင် နတ်ဆိုးကိုလည်း သူ ဖျက်ဆီးပစ်နိုင်လိမ့်မယ်... ဒါ့အပြင် မင်းသာ သဘောတူရင် သူ့တစ်သက်လုံး ဒီမှာပဲနေပြီး မကြာခင်မှာ အမှန်တရားကို သိလာလိမ့်မယ်!"


"အလယ်ပိုင်းလွင်ပြင်က ထွက်ခွာတဲ့နေ!"


ချုံမင်က ဆို၏။


"ငါပြောပြီးပြီ... နတ်ဆိုးမျိုးနွယ်ရဲ့ သေရေးရှင်ရေးကို ငါ ဂရုမစိုက်ဘူး... ကောင်းကင်နတ်ဆိုးလား အဲ့ကောင်းကင်နတ်ဆိုးက အမြန်ဆုံး ရှင်ပြန် ထမြောက်လာဖို့ပဲ မျှော်လင့်တယ်... ဒီလူယုတ်မာကို ငါ သတ်ပစ်မယ်!”


"မင်း နည်းနည်းလောက်တောင် မရိုးသားနိုင်ဘူးလား? ချုံမင်!"


ချင်းရှူံက ရုတ်တရက် ရှေ့ကို လှမ်းလာပြီး သူ့ယခင်ရောင်ဝါတွေ ကွယ်ပျောက်သွားသည်။ နှစ်ယောက်သား ထိပ်တိုက်တွေ့ချိန်မှာတော့ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်က တုန်ခါသွားကယ တစ်ဆက်ဆက် အသံနှင့်အတူ ပြတင်းပေါက်များပါ တုန်လှုပ်သွားသည်။


တံခါးအပြင်ဘက်တွင် ရုတ်တရက် ခြေသံများထွက်လာတာကြောင့် ချင်းရှူံနဲ့ ချုံမင်တို့ တပြိုင်နက်တည်း အရှိန်ပျက်သွားကာ ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ ချင်းရှူံ သူ့နောက်သို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သော်လည်း သူမြင်လိုက်ရသည်မှာ ဟုန်ကျွင့်ရဲ့ နောက်ကျော​လေး ဖြစ်​​နေသည်။


"ခုန်ရွှမ်း ထွက်သွားတုန်းက မင်း သူ့ကို ထိန်းထားဖို့ စကားတစ်ခွန်းတောင် ပြောနိုင်ခဲ့ရင် ဒီလိုနေ့မျိုး ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ" 


ချင်းရှူံက သက်ပြင်းချလိုက်ပြီး 


"မင်း သူ့အတွက် နောက်ဆုံးထားခဲ့တဲ့ စကားက 'ထွက်သွား' ဆိုတဲ့ စကားပဲလေ....အဲဒီအချိန်ကစပြီး ကောင်းကင်က လူကို ထာဝရ ကွဲကွာသွား​စေခဲ့ပြီးသား..."


ထိုစကားကို ပြောပြီးနောက် ချင်းရှုံသည် ခန်းမဘေးမှ ထွက်ခွာသွားခဲ့ပြီး ချုံမင်သည်လည်း တံခါးအပြင်ဘက်တွင်ရှိ နေဝင်ရီတရော ရှုခင်းများကို မျက်နှာမူကာ တိတ်တဆိတ် တွေးတောနေခဲ့သည်။


ညဘက် ကောင်းကင်ယံတွင် ကြယ်များဖြင့် ပြည့်နေပြီး နဂါးငွေ့တန်း ဂလက်ဆီသည် ထိုက်ဟန်တောင်ထွတ်ပေါ်ရှိ ရေတံခွန် တစ်ခုလိုပင် ဖြာကျနေသည်။ 


ခြေသံတွေက အဝေးကနေ တဖြည်းဖြည်း နီးလာပေမယ့် ဟုန်ကျွင့်ကတော့ ချောက်ကမ်းပါးပေါ်ရှိ ပြန့်ပြူးတဲ့ ကျောက်တုံးပေါ်မှာ လဲလျောင်းနေခဲ့သည်။ သူသာ ဂရုမစိုက်ရင် ချောက်ထဲကို အချိန်မရွေး လျှောကျသွားပါလိမ့်မယ်။


ချင်းရှူံ တက်လာခဲ့သည်။ ဟုန်ကျွင့် အနားမှာ ထိုင်လိုက်သော်လည်း နှစ်ယောက်သား တိတ်ဆိတ်နေခဲ့ကာ တောက်ပတဲ့ ညကောင်းကင်နဲ့ ကြယ်တွေကို ကြည့်နေလိုက်သည်။


"အမှန်ပဲလား?" ဟုန်ကျွင့် ရုတ်တရက် မေးလိုက်သည်။


"မှန်လား မှားလားဆိုတာ မင်းနှလုံးသားထဲမှာ အဖြေရှိနေပြီးသားပါ" 


ဟုန်ကျွင့်သည် မမောနိုင်မပန်းနိုင် ထိန်းကာထားသော်လည်း ချင်းရှူံသည် လက်မြှောက်ကာ ဟုန်ကျွင့်မျက်ရည်များကို သုတ်ပေးလိုက်သည်။ ဟုန်ကျွင့် ချင်းရှူံလက်ကို ဆုပ်ကိုင်၍ ငိုချလိုက်ပေ၏။ 


"ဖေဖေ ကျွန်တော့်ကို မုန်းနေတာမလား?"


"သူ့နှုတ်ခမ်းပေါ်မှာ သူပြောနေတဲ့အရာနဲ့ သူ့စိတ်ထဲမှာ တွေးနေတဲ့ အရာတွေက မကြာခဏဆိုသလို မတူညီတဲ့ အရာနှစ်ခုပဲ... သူပြောခဲ့တဲ့ စကားအတွက် သူ့ကို အပြစ်မတင်ပါနဲ့... ဒီ​နေ့​သူမင်းကို ပေးတဲ့ဟာက မင်း​ဆီ​မှာ ရှိနေတုန်းပဲမလား...."


ဟုန်ကျွင့်က ခေါင်းယမ်းပြီး ဆွဲသီးကို ထုတ်ယူလိုက်သည်။


"မင်း လူ့ကမ္ဘာကို မသွားချင်ဘူးလား?"


ချင်းရှူံက ဆွဲသီးကို ယူလိုက်သည်။ ဆွဲသီးလေးထဲက အလင်းတန်းလေး တစ်ခု တောင်ရဲ့တစ်ဝက်လောက်ကို ရုတ်တရက် လင်းထိန်သွားပြီး ကြယ်ရောင်စုံနေတဲ့ ဟုန်ကျွင့်ရဲ့ အလင်းရောင်အောက်မှာ တဖြည်းဖြည်း ငြိမ်သက်သွားပါတော့သည်။ 


"ငါလာတိုင်းက မင်းက မင်းကို လူ့လောကထဲ ခေါ်သွားခိုင်းတာမှ ဆူညံနေတာပဲ... အခု မင်း ကြီးလာပြီ" 


ချင်းရှူံ ထပ်ပြောပြန်သည်။


"ငါပြောမယ်... သွားပါ... ဘာကြောက်စရာ ရှိလို့လဲ?"


ဟုန်ကျွင့်သည် အစပိုင်းတွင် ပျော်ရွှင်နေပြီး ချုံမင်အကြောင်းကို တွေးလိုက်သောအခါ သူ့အမူအရာမှာ ဝမ်းနည်းလာကာ ချင်းရှူံကို ဗြောင်ကျကျ ကြည့်​နေလိုက်သည်။ ချင်းရှူံ ဆွဲသီးထဲက တောက်ပတဲ့ အလင်းရောင်ကို ရင်ဆိုင်ပြီး ပြောလိုက်သည်။ 


"လူသား​လောကမှာ စားစရာတွေ အများကြီးရှိတယ် ဆော့စရာတွေလည်း အများကြီး ရှိတယ်... လှပတဲ့မိန်းကလေးတွေ၊ သူငယ်ချင်းတွေနဲ့ သောက်ဖို့ အရည်တွေ... ဆယ်မိုင်လောက်အထိ နား​ထောင်နိုင်တဲ့ သီချင်းတွေ ရှိတယ်... သွားကြပါ... သေမျိုးကမ္ဘာကို သွားကြည့်ရင် မင်း နောင်တရမှာ မဟုတ်ဘူး"


နောက်တစ်နေ့တွင် ခန်းမကို သန့်ရှင်းရေး လုပ်ခဲ့သည်။


ဟုန်ကျွင့်သည် ဘေးဘက်ခန်းမထဲသို့ လျှောက်သွားခဲ့ပြီး မူလပလ္လင်သုံးခုကိုတော့ ချုံမင်နဲ့ ချင်းရှူံတို့က တစ်ဖက်ခန်းသို့ ရွှေ့လိုက်သည်။ ချုံမင်၏အမူအရာသည် ယခင်အတိုင်း အေးစက်နေသောကြောင့် ဟုန်ကျွင့်မှာ "အဖေ" ဟု ခေါ်ပြီး ထောင့်တွင် ယဉ်ကျေးစွာ ရပ်နေလိုက်သည်။


"ငါက မင်းအဖေ မဟုတ်ဘူး" 


ချုံမင်ရဲ့အသံက ခံစားချက် မရှိသလိုပဲ။


ဟုန်ကျွင့်သည် မြေပြင်ပေါ်၌ မတ်တပ်ရပ်ကာ အနည်းငယ် ရှက်ရွံ့စွာဖြင့် ချုံမင်အား "အ​ဖေက ကျွန်တော့်အဖေပဲ" လို့ ပြန်ပြောပေမယ့် ချုံမင်ကတော့ အဝေးကို လှမ်းကြည့်ပြီး တတိယမြောက် ပလ္လင်ပေါ်မှာ ပေါ်လာခဲ့သည်။ 


"မင်းအဖေနာမည်က 'ခုန်ရွှမ်း' "


သူက လေးနက်စွာ ပြောပြသည်။ 


"ငါနဲ့ ချင်းရှုံက ယောင်ကျင်းနန်းတော်ရဲ့ အရှင်သခင်တွေ... ကျန်တဲ့ပုလ္လင်ပေါ်မှာ ဘယ်သူထိုင်လဲလို့ မေးရင်တော့ ငါဖြေနိုင်ပြီ"


"မင်းရဲ့အဖေအရင်းက တစ်ခါတုန်းက ဒီပုလ္လင်ပေါ်မှာ ထိုင်သွားခဲ့တယ်.... မင်းအဖေဆုံးသွားတော့ ချင်းရှူံက မင်းကို ယောင်ကျင်းနန်းတော်ဆီ ပြန်သယ်လာခဲ့တယ်... အခု မင်း ကြီးလာပြီဆိုတော့ ပြန်သွားဖို့ အချိန်တန်ပြီ"


"ဘယ်ကိုပြန်ရမှာလဲ" 


ဟုန်ကျွင့် ပြန်မေးလိုက်သည်။


"မင်းဘယ်က လာတာလဲ... မင်း လာခဲ့တဲ့ နေရာကို ပြန်သွား!"


"ကျွန်တော်က ဒီက လာတာ... ဘယ်မှမသွားနိုင်ဘူး"


ဟုန်ကျွင့် ပြန်ပြောလိုက်၏။