အပိုင်း 190
Viewers 29k

Chapter 190
ပျော်ရွှင်ဖွယ်ရာနေရာ



နန်းတော်ရှိခမ်းနားထည်ဝါသည့်အဆောက်အဦးတန်းအများစုအား သစ်သားဖြင့် တည်ဆောက်ထားလေသည်။လမ်းတစ်ဖက်တစ်ချက်ရှိ သစ်ပင်များ၌ အဖြူရောင် ၊ပန်းရောင် ၊ အနီရောင် အစရှိသည့်ဖဲကြိုးများ ၊ မီးပုံးများအပြင် အိတ်ငယ်များဖြင့် အလှဆင်ထားသည်။အချို့သစ်ပင်များတွင်မူ ဘူးသီးခြောက်ဝိုင်ဘူးငယ်များကိုပင် ချိတ်ဆွဲထားလျက်ရှိပြီး ထိုအရာများက ထူးကဲသောရနံ့အားပေးစွမ်းလေ၏။

လှည်းရထားမှာ တစ်နေရာတွင်ရပ်တန့်သွားခဲ့ပြီး မိန်းမစိုးငယ်က ရိုသေ‌ကျိုးနွံသောလေသံဖြင့်
" ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်အတိုင်းပဲ ဟုန်ယွင်ကျီ ဒီကိုရောက်လာပါပြီ ... " ဟု အသိပေးပြောကြားလိုက်သည်။

ခေတ္တကြာပြီးနောက်တွင် အမှုထမ်းတစ်ဦးက ပြန်လည်ဖြေကြားလာခဲ့၏။

" ဧကရာဇ်မင်းမြတ်က အခု ဒီမှာမရှိဘူး ... သစ်ခွဥယျာဉ်
ကို သွားပါ "

ထိုအခါ မိန်းမစိုးငယ်က ဦးညွှတ်ပြလိုက်ပြီး လှည်းရထားမှာလည်း အရှေ့သို့ဆက်လက်ဦးတည်သွားလေသည်။

အချိန်အနည်းငယ်ကြာသောအခါတွင် မိန်းမစိုးငယ်က ချန်ရုံ့အား " အရှင်မလေး ... သစ်ခွဥယျာဉ်ကိုရောက်ပါပြီ ... " ဟု အသိပေးလာခဲ့သည်။

ထိုအခါချန်ရုံက ခေါင်းညိတ်ပြလိုက်ပြီး တစ်စုံတစ်ဦး၏အကူအညီဖြင့် လှည်းယာဉ်ပေါ်မှ ဆင်းသက်သွားခဲ့၏။

ယခုအချိန်တွင် ချန်ရုံမှာ သစ်တော်သီးပင်နှင့် မက်မွန်ပင်များစိုက်ပျိုးထားလျက်ရှိသည့်ပန်းဥယျာဉ်တစ်ခုထဲတွင် ရှိနေသည်။ထိုအပင်နှစ်မျိုးသာမက စိမ်းလန်းစိုပြေသည့်ယူကလစ်ပင် ၊ ညောင်ပင်နှင့် ထင်းရှူးပင်များလည်း ရှိလေ၏။
ယင်းနောက်တွင် သစ်ပင်များ၏အနောက်၌ ပုန်းကွယ်ဖုံးလွှမ်းနေသည့် အပန်းဖြေမဏ္ဍပ်တစ်ခုအား ချန်ရုံ သတိပြုမိသွားသည်။

" အရှင်မလေး ... ဧကရာဇ်မင်းမြတ်က လာဖို့အမိန့်ပေးထားပါတယ် ... "

နေရာတွင်ပင် ရပ်တန့်တုန့်ဆိုင်းနေသည့်ချန်ရုံ့အားကြည့်ရင်း မိန်းမစိုးငယ်က သတိပေးလာခဲ့လေ၏။ထိုအခါ ချန်ရုံက တစ်ချက်ဦးညွှတ်တောင်းပန်လိုက်ပြီး သူမ၏ပထမဆုံးခြေလှမ်းအား စတင်လိုက်သည်။

မြွေလိမ်မြွေကောက်လမ်းအတိုင်း လျှောက်လှမ်းလာစဉ်တွင် နွေဦးရာသီအစောပိုင်းသာရှိသေးသော်လည်း ဤဥယျာဉ်ရှိ အပင်များမှာ အံ့သြဖွယ်ရာကောင်းလောက်အောင်ပင် စိမ်းလန်းစိုပြေနေကြောင်း ချန်ရုံသိရှိလိုက်ရသည်။ဤနေရာတွင် အလွန်တိတ်ဆိတ်နေပြီး မိန်းမစိုးများ ၊ မောင်းမိသံများကိုလည်း မတွေ့ရပေ။

ချန်ရုံ့ခမျာ ခေတ္တတွေဝေသွားရှာသော်လည်း နောက်ဆုံး၌ အရှေ့သို့သာဆက်လက်ဦးတည်ခဲ့လေ၏။

တစ်နာရီ၏လေးပုံတစ်ပုံခန့်အကြာတွင် အပန်းဖြေမဏ္ဍပ်က သူမ၏မြင်လွှာထဲ၌ ကွက်ကွက်ကွင်းကွင်းပေါ်လာသည်။ဘယ်ဘက်ရှိတိုင်လုံးကြီးအောက်တွင် လူတစ်ယောက်ထိုင်လျက်သားရှိနေပေ၏။
ချန်ရုံမှာ ယင်းနေရာသို့ ဖြည်းညင်းစွာ ဦးတည်သွားခဲ့သည်။

တစ်ဖက်လူမှာ အပြာရောင်ဝတ်ရုံနှင့် အဖြူရောင် ကျောက်စိမ်းဦးထုပ်တို့အား သားနားစွာတွဲဖက်ဝတ်ဆင်ထားလေ၏။သူသည် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်လျက်အ‌နေအထားဖြင့် သစ်ကိုင်းတစ်ကိုင်းကို ကိုင်ဆောင်တစ်စုံတစ်ရာအား ဖိနှိပ်ရေးခြစ်နေဟန်ရသည်။

ချန်ရုံက ခေါင်းငုံ့လျက်တစ်ချက်စူးစမ်းကြည့်လိုက်၏။ထိုသူမှာ ဧကရာဇ်မင်းမြတ်ပင်ဖြစ်လေသည်။

ဧကရာဇ်မင်းမြတ်မှာ မည်သည့်အရာ၌ ဤမျှလောက်အထိ ဈာန်ဝင်နေခြင်းဖြစ်မည်နည်း။

ချန်ရုံမှာ နောက်ထပ်ခြေနှစ်လှမ်းခန့်တိုးကပ်သွားလိုက်ပြီး ဧကရာဇ်မင်းမြတ်နှင့် မနီးမဝေး၌ ဦးညွှတ်လျက်သားရပ်နေခဲ့သည်။ငှက်အပေါင်း တေးသီကြူးနေကြစဉ်တွင် ချန်ရုံကတော့ မလှုပ်မယှက်ရှိနေခဲ့လေ၏။အချိန်အတော်ကြာသွားသော်လည်း ဈာန်ဝင်စားနေသည့်ဧကရာဇ်မင်းမြတ်မှာတော့ ချန်ရုံ၏ရောက်ရှိလာမှုအား သတိမပြုမိသေးပေ။

ချန်ရုံမှာ ခေတ္တတုံ့ဆိုင်းသွားခဲ့ပြီး ဧကရာဇ်မင်းမြတ်နှင့် နောက်ဆုံးတွေ့ဆုံခဲ့စဥ်ကအကြောင်းအား စဉ်းစားနေခဲ့လေသည်။ယင်းနောက်တွင် သူမက ဧကရာဇ်မင်းထံသို့ ပိုမိုချဉ်းကပ်သွားခဲ့ပြီး အပေါ်စီးမှနေ၍ စူးစမ်းကြည့်လိုက်၏။

ဧကရာဇ်မင်းမြတ်မှာ မြေပြင်ပေါ်မှပုရွက်ဆိတ်များဖြင့် ကစားရင်းအလုပ်ရှုပ်နေသည်။
သူသည် ကျောက်တိုင်ခြေမှထွက်လာသည့်ပုရွက်ဆိတ်များအား ဘယ်ဘက်လက်ထဲတွင်ကိုင်ထားသောတုတ်ချောင်းဖြင့် တားဆီးနေလေ၏။ညာဘက်လက်ကမူ အဖိုးတန်ကျောက်စိမ်းခွက်ထဲမှ ဆန်စေ့များအား နှိုက်ယူလျက် ပုရွက်ဆိတ်တွင်းဝနံဘေး၌ ချပေးနေ‌သည်။
ဧကရာဇ်မင်းမြတ်မှာ ထိုအမှုကိစ္စ၌ အပီအပြင်အာရုံစိုက်ထားပြီး မျက်တောင်တစ်ချက်ပင်မခတ်ပေ။

ချန်ရုံ့ခမျာ ရယ်ချင်လာလေ၏။
ယင်းနောက်တွင် သူမက ပုရွက်ဆိတ်များအား‌စောင့်ကြည့်ရန် တစ်ဖက်လူ၏‌နံဘေး၌ ဆောင့်ကြောင့်ဝင်ထိုင်လိုက်သည်။တွင်းထဲမှထွက်လာကြသောပုရွက်ဆိတ်အပေါင်းမှာ စပါးစေ့များအား သူတို့၏လမ်းကြောင်းပေါ်မှ ဖယ်ထုတ်ပစ်နေကြသည်။‌ပုရွက်ဆိတ်များက တွင်း‌ဝဆီသို့ ပြန်လည်ဦးတည်ခြင်းမပြုကြသည်ကိုတွေ့လိုက်ရသောအခါ ဧကရာဇ်မင်းမြတ်တစ်ယောက် စိုးရိမ်ပူပန်လာလေ၏။

သူက ပန်းကန်လုံးထဲမှ စပါးစေ့များကိုထပ်မံယူကာ တွင်းဝနံဘေး၌ ထပ်မံချထားလိုက်သည်။

ယင်းနောက်တွင် ဧကရာဇ်မင်းမြတ်မှာ ဘေးနားမှ အနွေးဓာတ်အား ခံစားသိရှိလိုက်ရပြီး ချန်ရုံ့အားလှည့်ကြည့်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ချန်ရုံက ပုရွက်ဆိတ်များအား စိတ်ဝင်တစားစောင့်ကြည့်နေလျက်ရှိသည်။သူမက မြေပြင်ပေါ်၌ သေးသွယ်သွယ်လက်ချောင်းများဖြင့် စက်ဝိုင်းတစ်ခုကို ရေးဆွဲကာ ပုရွက်ဆိတ်များအား ထောင်ချောက်ဆင်ရန် ပြင်ဆင်နေလေ၏။

" အဲလောက်နဲ့ မရဘူး ...ဒီလိုဆိုရင်တော့ရလောက်မယ် "

ဧကရာဇ်မင်းမြတ်က ပြောပြောဆိုဆိုဖြင့်ရွံ့အနည်းငယ်ကိုယူကာ တွင်းနံဘေး၌ ကာရံလိုက်ပြီးတစ်ချက်ပြုံးသည်။
ထိုအခါ ချန်ရုံက ခေတ္တစဉ်းစားလိုက်ပြီး ပြန်လည်တုံ့ပြန်ပြောကြားခဲ့လေ၏။

" လုံလုံလောက်လောက် မမြင့်သေးဘူး ... "

၎င်းအချိန်တွင် ပုရွက်ဆိတ်နှစ်ကောင်က ရွှံ့နံရံပေါ်သို့ ကျော်တက်လုဆဲဆဲဖြစ်နေသည်။ဧကရာဇ်မင်းမြတ်မှာ ရွှံ့နွံများကို အလျင်အမြန်ပင် ထပ်မံစုပုံလိုက်ပြီး ချန်ရုံ့အား " စားပြီးပြီလား .... " ဟု မေးသည်။

ချန်ရုံသည်လည်း ရွှံ့လက်တစ်ဆုပ်စာကို ကိုင်တွယ်လျက် အကာအရံအား မွမ်းမံပေးနေခဲ့၏။ဧကရာဇ်မင်းမြတ်၏စကားကိုကြားသောအခါ သူမက ခေါင်းယမ်းပြလေသည်။

" စားမလို့လုပ်နေတုန်း အရှင့်ရဲ့လူတွေလာခေါ်တာပဲ ... အခုဗိုက်ဆာနေပြီ ... "

ထိုအခါ ဧကရာဇ်မင်းက လက်ခုပ်တဖျပ်ဖျပ်တီးလျက် ရယ်မောရင်းပြောလာခဲ့၏။

" ကိုယ်တော်နဲ့အတူတူစားပါ ... "

" ကောင်းပါပြီ ... "

ချန်ရုံကလည်း ပြုံးပြလျက် ပြန်လည်ဖြေကြားလိုက်သည်။

" လာပါ ... "
ယင်းနောက်တွင် ဧကရာဇ်မင်းက မတ်တပ်ထရပ်လိုက်ပြီး သူမ၏လက်အား ‌ဆုပ်ကိုင်လာ၏။

ဧကရာဇ်မင်း၏ရွှန်းလဲ့နေသောမျက်ဝန်းများနှင့် ချွေးစို့နေသည့်မျက်နှာအားကြည့်ရှုရင်း ချန်ရုံတစ်ယောက် တွေးတောနေမိသည်။ဧကရာဇ်မင်းမြတ်မှာ အလွန်ငယ်ရွယ်သေးသည်ဖြစ်ရာ သူမ၏လက်အားကိုင်တွယ်လျှင်ပင် မရိုးမသားစိတ် မရှိမည်မှာသေချာသည်။

ဧကရာဇ်မင်းမြတ်မှာ ချန်ရုံ၏လက်ကိုတွဲလျက် ရေကန်တစ်ခုဆီသို့ ဦးစီးခေါ်ဆောင်သွားခဲ့လေ၏။
၎င်းရေကန်၏နံဘေး၌ ဒါဇင်နှင့်ချီသောမိန်းမစိုးများ ၊ အစေခံများနှင့် နန်းတွင်းအစောင့်တပ်သားများစွာရှိသည်။ဧကရာဇ်မင်းနှင့်ချန်ရုံတို့ ရောက်ရှိလာချိန်တွင် ထိုသူများက ခေါင်းငုံ့ကာ သစ်သားရုပ်တုများကဲ့သို့ ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။

" ကိုယ်တော် ဗိုက်ဆာနေပြီ ... "

" မှန်လှပါ ... အရှင်မင်းကြီး ... "

ထိုသို့ပြန်လည်ဖြေကြားလာကြပြီးနောက်တွင် နန်းတွင်းအစေခံများသည် ဧကရာဇ်မင်းနှင့်ချန်ရုံတို့ လက်ဆေးသန့်စင်ရန်အတွက် ပုဝါများနှင့် ရေအင်တုံများကို သယ်ဆောင်လာကြသည်။ယင်းနောက်တွင် ကျန်လူများက စားပွဲများနှင့်စားသောက်ဖွယ်ရာများအား ဆက်တိုက်ယူဆောင်လာကြလေ၏။

ချန်ရုံမှာ ဧကရာဇ်မင်းနှင့် ယခုအချိန်ထိလက်တွဲလျက်သားဖြစ်နေသည်ကို ဂရုမပြုမိသကဲ့သို့ ထိုအခြင်းအရာအား အခြားအစေခံများက ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်ကိုလည်း သတိမထားမိခဲ့ပေ။

×××

ချန်ရုံက နေရောင်ခြည်ဖြင့်တောက်ပနေသော ရေကန်အားစိတ်လှုပ်ရှားစွာ ကြည့်ရှုနေသည်။

"အရှင် ... ဒီနေရာက နောက်ထပ်တစ်လအတွင်း အရမ်းလှလာတော့မှာပဲ ... မက်မွန်ပွင့်တွေ ၊ သစ်တော်ပွင့်တွေ ၊ တွဲလျားကျနေတဲ့မိုးမခပင်တွေ ၊ အဖြူရောင်ပန်းပွင့်တွေနဲ့ အပြည့်ဖြစ်လာတော့မှာ ... "

သူမက ပြောပြောဆိုဆိုဖြင့် ဧကရာဇ်မင်းမြတ်ရှိရာဘက်သို့လှည့်ကာ ပေါ့ပါးသွက်လက်စွာဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

" ကောင်းကင်ပေါ်က နေဝင်ချိန်ရောင်ခြည်တွေ ရောင်ပြန်ဟပ်လာတဲ့အချိန်ကျရင် ဘယ်လောက်တောင်ကြည့်ကောင်းလိမ့်မလဲ တွေးကြည့်ပါဦး ... "

ထိုအခါဧကရာဇ်မင်း၏မျက်ဝန်းများက ရေကန်ဆီသို့ရောက်ရှိသွားလေသည်။ယင်းနောက်တွင် သူက အနောက်သို့လှဲချလိုက်ပြီး သစ်ရွက်တစ်ရွက်အား ခူးယူ၍ မျက်လုံးများပေါ်၌ တင်ထားလိုက်သည်။

" လှပေမဲ့ ငြီးငွေ့စရာကောင်းတယ် "
ဧကရာဇ်မင်းက တိုးညင်းစွာရေရွတ်လေ၏။

" ဘယ်လိုလုပ်ပြီးတော့ ငြီးငွေ့စရာကောင်းမှာပါလဲ ... ရေထဲမှာ ခုန်ပေါက်နေတဲ့ငါးတွေရှိတယ် ... သစ်ပင်အောက်မှာလည်းပုရွက်ဆိတ်အုံတွေရှိပြီးတော့ တောအုပ်ထဲမှာ တေးသီကြူးနေတဲ့ငှက်ကလေးတွေရှိတယ် ... ဘယ်လောက်တောင် သာယာလိုက်လဲ ... "

ချန်ရုံ၏စကားကြောင့် ဧကရာဇ်မင်းက ခပ်ဖွဖွပြုံးသည်။

သူက ချန်ရုံ၏စကားအားပြန်လည်မဖြေကြားဘဲ အစေခံအပေါင်းအား ထွက်ခွာသွားကြရန် အမိန့်ပေးလိုက်လေ၏။

" ငါကိုယ်တော်တို့နှစ်ယောက်ကိုထားပြီး ဝေးဝေးမှာနေကြ ... "

" မှန်လှပါ ... "

ခြေသံများက အစေခံများထွက်ခွာသွားကြကြောင်းအား အသိပေးသည်။အစားအသောက်နှင့် အဖျော်ယမကာများကိုကြီးကြပ်ပေးနေသောအစေခံများပင်လျှင် လုပ်လက်စအရာများအား ရပ်တန့်လိုက်ကြလေ၏။

" ဒါပေမဲ့လည်း ကျွန်မ ဗိုက်ဆာနေသေးတယ်လေ ... "

" ဟားဟား ဒါဆိုရင် ဗိုက်ဆာဆာနဲ့ပဲ နေနေရဦးမယ်ထင်တယ် ... "

ချန်ရုံက စားပွဲအား စူးစူးစိုက်စိုက်ကြည့်ရင်း ရေရွတ်လိုက်သောအခါ ဧကရာဇ်မင်းမြတ်က ပြုံးရယ်လျက် ပြန်လည်ဖြေကြားသည်။

ယင်းနောက်တွင် သူသည် မျက်လုံးပေါ်မှသစ်ရွက်များအားမတင်ကာ စကားလုံးများပျောက်ရှနေရှာသည့်ချန်ရုံ့အားတစ်ချက်ကြည့်ရင်းရယ်မောလာခဲ့လေ၏။ဧကရာဇ်မင်းမြတ်က သစ်ရွက်များအား မူရင်းအတိုင်းပြန်လည်နေရာချထားလိုက်ပြီးနောက် တိုးညင်းစွာပြောကြားခဲ့သည်။

" မင်းလိုအဆင့်အတန်းနဲ့သူတွေကို တစ်ခါမှစကားမပြောဖူးဘူး ... သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်က ဒီလောက် အသက်ဝင်ပြီး ချစ်စရာ ကောင်းမယ်လို့ မမျှော်လင့်ထားမိဘူး ... ဝမ်ချီက အရွေးတော်တာပဲ "

" ' လင်းယုန်ငှက်တစ်ကောင်က လင်းယုန်ငှက်ရဲ့ လွတ်လပ်မှုကိုရနေချိန်မှာ စာကလေးတစ်ကောင်ကလည်း စာကလေးရဲ့ပျော်ရွှင်မှုကိုရနေမှာပဲ ' လို့ ကျွမ်းဇီက မပြောခဲ့ဘူးလား "

ချန်ရုံ၏တန်ပြန်စကားကြောင့် ဧကရာဇ်ကရယ်လိုက်ပြီး အနောက်သို့မှီ၍ လှဲလျောင်းနေရာမှ ရုတ်တရက် ထထိုင်လာခဲ့သည်။သူ၏မျက်လုံးများပေါ်တွင် တင်ထားခဲ့သောသစ်ရွက်များက မြေပြင်ပေါ်သို့ပြုတ်ကျသွားလေ၏။

ဧကရာဇ်က ချန်ရုံ့အား လှည့်ကြည့်ပြီး နား နားသို့တိုးကပ်ကာ ခပ်တိုးတိုးပြောလာသည်။

" အမှန်ပဲ ... မင်း ကျန့်ခန်းကို မရောက်ခင်ကတည်းက ငါ မင်းအကြောင်း ကြားဖူးပြီးသား ... မင်းကို အရမ်းတွေ့ချင်ခဲ့တာ... နိမ့်ကျတဲ့‌နောက်ခံနဲ့မိန်းကလေးဆိုပေမဲ့ တာကျီမျိုးအလှတရားနဲ့ ဩချရလောက်တဲ့ သတ္တိစွမ်းပကားရှိတယ်တဲ့လေ ... "

ဧကရာဇ်မင်းက စကားခေတ္တရပ်လိုက်ပြီး ချန်ရုံ့အား မျက်လုံးတစ်ဖက်မှိတ်ပြကာ " ဘယ်လိုလဲ ... မင်းကို အကဲဖြတ်ကြတဲ့စကားတွေကို သဘောကျရဲ့လား ... " ဟု မေးသည်။

ထိုအခါ ချန်ရုံက ဧကရာဇ်မင်းအား စူးစိုက်ကြည့်လိုက်ပြီး မျက်တောင်ခတ်နေခဲ့သည်။ကောင်းမွန်သောကံကြမ္မာက သူမကို ပိုမိုထက်မြက်လာစေလေ၏။ချန်ရုံက အနည်းငယ်ညှိုးငယ်နွမ်းလျနေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

" အရှင်ပြောချင်နေတာက မောယန်မှာပိတ်မိနေတဲ့ဝမ်ချီလန်နဲ့အတူတူရှိနိုင်ဖို့အတွက် အသက်ကိုပါလောင်းကြေးထပ်ပြီးလိုက်သွားခဲ့တဲ့ နိမ့်ကျတဲ့မိန်းကလေးတစ်ယောက်ရှိတယ် ဆိုပြီးတော့မလား ... အဲဒီမိန်းကလေးက အရမ်းလှတော့ ဝမ်ချီ့ခမျာ အရမ်းကံကောင်းသွားရှာပါတယ်လေ ... "

ဧကရာဇ်မှာ ချန်ရုံ့အား ငြိမ်လျက်သားစိုက်ကြည့်နေခဲ့ရာမှ ဝါးလုံးကွဲ ထရယ်တော့သည်။သူသည် ကနဦးကတည်းက ဆက်တိုက်ရယ်မောလာခဲ့သော်လည်း ဤတစ်ကြိမ်မှာ အသက်အဝင်ဆုံးဖြစ်လေ၏။
ထိုအခါ မိန်းမစိုးနှင့်အစေခံများအားလုံးမှာလည်း အခင်းနေရာသို့လှမ်းမျှော်ကြည့်ရှုလာကြသည်။

ဧကရာဇ်မင်းမှာ ဟက်ဟက်ပက်ပက်ရယ်မောနေရင်းဖြင့် " ဒီအရှင်မက အရမ်းထက်မြက်တာပဲ ဟားဟားဟားး... " ဟု မှတ်ချက်ပြုလိုက်၏။
နီရဲနေသောချန်ရုံ၏မျက်နှာအား မြင်လိုက်ရသောအခါ ဧကရာဇ်က ဆက်လက်ရယ်မောပြန်သည်။

ခေတ္တကြာပြီးသောအခါမှ သူက ပြုံးစိစိမျက်နှာထားဖြင့်
ချန်ရုံ့အား မေးမြန်းလာခဲ့သည်။

" စိတ်မကျေနပ်ဘူးလား ... မင်းက နိမ့်ကျတဲ့မိန်းကလေးတစ်ယောက်ဆိုပေမဲ့ မင်းရဲ့လှုပ်ရှားမှုတိုင်းက ဧကရာဇ်မင်းကိုတောင်မှ အံ့ဩသွားစေတယ် ... ဒါက မင်းကိုမပျော်စေဘူးလား ... "

ထိုအခါ ချန်ရုံက သက်ပြင်းချလေသည်။
သူမသည် ခေါင်းမော့ကာ ကောင်းကင်ပြာကြီးအား ဝမ်းနည်းစွာ စိုက်ကြည့်ပြီး တိုးညင်းစွာဖြေကြားလိုက်လေ၏။

" ပထမဆုံးစတွေ့ကတည်းက ကျွန်မကို အာရုံစိုက်မိနေပြီးမှန်းသာသိခဲ့ရင် အရှင်မအရာကိုဝင်ဖို့ ခွင့်ပြုချက်တောင်းခဲ့မှာမဟုတ်ပါဘူး ... အဲဒီအစား ဝမ်ချီနဲ့ ထိမ်းမြားပေးဖို့ပဲ တောင်းဆိုလိုက်မှာ ... "

ထိုအခါ ဧကရာဇ်မင်းက တစ်ချက်ငြိမ်ကျသွားပြီးလွတ်လွတ်လပ်လပ် ရယ်မောလေသည်။ဤတစ်ခေါက်ရယ်မောခြင်းမှာတော့ တိုတောင်းပေ၏။
ယင်းနောက်တွင် သူက အနောက်သို့ပြန်လည်လှဲချလိုက်ပြီး သစ်ရွက်များအားကောက်ယူကာ မျက်လုံးပေါ်ပြန်တင်သည်။

" မှတ်မိအောင်ပြန်ပြောနေစရာမလိုပါဘူး ... "

ဧကရာဇ်မင်းမှာ ယခုအချိန်၌ အနည်းငယ်စိတ်ဆတ်နေပုံရလေသည်။တစ်ဖက်လူ၏ရုတ်တရက်ပြောင်းလဲသွားသည့်စိတ်အခြေအနေကြောင့် ချန်ရုံတစ်ယောက် အံ့အားသင့်သွားသည်။
ထို့နောက်တွင် ဧကရာဇ်မင်းက သစ်ရွက်များအား ကောက်ယူကာ ‌စိတ်မရှည်ဟန်ဖြင့် ဆက်တိုက်လွှင့်ပစ်နေလေ၏။

" မင်းက ဝမ်ချီ့အပိုင်မှန်း ငါသိပြီးသား ... "

ဧကရာဇ်မင်းမြတ်မှာ ကလေးကလားဟန်ဖြင့် စိတ်ကောက်နေရင်း ချန်ရုံ့အား ကျောပေးသွားတော့သည်။

ချန်ရုံ့ခမျာ ကနဦးတွင် ပြာယာသွားသော်လည်း သူ၏အမူအရာကြောင့် ရယ်ချင်လာသည်။

" အရှင် ကျေနပ်မယ်လို့ထင်ခဲ့တာကို ... "

ချန်ရုံ တိုးညင်းစွာ ပြောလိုက်သောအခါ ဧကရာဇ်မင်းမှာ ကျောခိုင်းလျက်အနေအထားဖြင့်ပင် ထထိုင်လာပြီး ဆက်လက်နားစွင့်နေခဲ့လေ၏။
ထိုအခါ ချန်ရုံလည်း တစ်ချက်ပြုံးလျက် ‌စကားဆက်လိုက်သည်။

"အဲဒီနေ့က အရှင်သာ လူတိုင်းရှေ့မှာ ကျွန်မတို့ကို ထိမ်းမြားခွင့်ပေးတယ်လို့ကြေငြာလိုက်ရင် ဝမ်ချီဘယ်လောက်တောင် လန့်သွားမလဲ တွေးကြည့်ပါဦး ... သူက ကျွန်မကိုကြည့်လိုက် အရှင့်ကိုပြန်လှည့်ကြည့်လိုက် လုပ်နေမှာသေချာတယ်... "

ဧကရာဇ်မင်းမှာ ချန်ရုံပြောသောစိတ်ကူးယဉ်ဇာတ်လမ်း၏ကွင်းကွင်းကွက်ကွက်ဖော်ပြချက်အား မရယ်ဘဲ မနေနိုင်ချေ။
လန်ယာဝမ်ချီတစ်ယောက် ကိုယ့်နားကိုယ်ပင်မယုံနိုင်ဘဲ နန်းတွင်းမှ မှူးမတ်များနှင့် မင်းမျိုးမင်းနွယ်များကို ခေါက်တုံ့ခေါက်ပြန်ကြည့်ရှုကာ သူ၏မလျော်မကန်ဖြစ်နေမှုကြောင့် ကွန်ဖြူးရှပ်ဝါဒအား လက်ကိုင်ထားကြသောရှေးရိုးစွဲလူများထံမှ ဝေဖန်လေကန်ခံနေရရှာသည့်မြင်ကွင်းအား မြင်‌ယောင်လာသောအခါတွင်မူ ဧကရာဇ်မှာအလွန်ပင်ကျေနပ်အားရသွားလေသည်။

" ဟုတ်တယ် ... ဟုတ်တယ် ... မင်းပြောတာမှန်တယ် ... အရမ်းလန့်စရာကောင်းမှာ ... "

ဧကရာဇ်က ရယ်မောလျက် ထပ်တလဲလဲပြောကြားထောက်ခံခဲ့၏။သူသည် ယခုအချိန်၌ စိတ်ကောင်းဝင်နေပြီး ချန်ရုံရှိရာဘက်သို့လှည့်ကာ လေးလေးနက်နက် စူးစိုက်ကြည့်လာသည်။ယင်းနောက်တွင် ဧကရာဇ်က ချန်ရုံ၏အနားသို့တိုးကပ်ပြီး တိုးညင်းစွာပြောလာခဲ့လေ၏။

" ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိရင် ကိုယ်တော့်ကို စစ်မားကျန်းလို့ပဲခေါ်ပါ ... ကိုယ်တော့်နာမည်ကိုကြားရတာ သဘောကျတယ် ... "

ချန်ရုံလည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ဧကရာဇ်က အနောက်သို့ပြန်ဆုတ်ပြီး လည်ချောင်းရှင်းလျက် " စားပွဲပြင်ကြတော့ ... " ဟု အော်ဟစ်အမိန့်ပေးလိုက်၏။

ယင်းသို့အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ခြေလှမ်းငါးဆယ်အကွာတွင် ရပ်နေကြသော မိန်းမစိုးများနှင့် နန်းတွင်းအစေခံများက စတင်လှုပ်ရှားလာခဲ့ကြသည်။

ခဏချင်းအတွင်းမှာပင် အသားနှင့်ဝိုင်များက စားပွဲထက်၌ ဖွယ်ဖွယ်ရာရာပြည့်နှက်သွားလေ၏။

ချန်ရုံမှာ ဧကရာဇ်၏မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေသည်။ဧကရာဇ်မင်းမြတ်မှာ တူချောင်းများအားကောက်ကိုင်လိုက်ပြီး အသားလုံးတစ်လုံးအား ပါးစပ်ထဲထည့်ကာ မြည်းစမ်းကြည့်ပြီးနောက် ထိုပန်းကန်အား ချန်ရုံ၏အရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ချပေးလာခဲ့သည်။

"အရမ်းကောင်းတယ် ... မြည်းကြည့် "

ထိုအခါ ချန်ရုံလည်း တစ်ကိုက်နှစ်ကိုက်စားကြည့်ပြီး သဘောတကျဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

" နန်းတော်က စားဖွယ်တွေက ဘယ်လိုနေလဲ ... "
ဧကရာဇ်မင်းမြတ်က စပျစ်ဝိုင်သောက်နေရင်း ဝူးဝူးဝါးဝါးမေးမြန်းလာခဲ့သောအခါ ချန်ရုံကလည်း ပလုပ်ပလောင်းလေသံဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။

" အရသာရှိပါတယ် ... ကျောင်းတော်ကထက် ပိုကောင်းတယ် ... "

ထိုအခါ ဧကရာဇ်မင်းက ရယ်မောပြန်သည်။

ခဏအကြာတွင် သူက အဝါရောင်အရည်များပါရှိသောကျောက်စိမ်းခွက်တစ်လုံးအား ချန်ရုံ့ကို ပေးကာ “ သောက်ကြည့်ပါ ” ဟု ဆိုလာသည်။

" ဘယ်လိုနေလဲ ... "

ချန်ရုံတစ်ကျိုက်မော့နေခိုက်တွင် ဧကရာဇ်မင်းမြတ်က အလျင်စလိုမေးမြန်းလိုက်လေ၏။ချန်ရုံ့ခမျာတော့ ၎င်းအရည်အား မျိုချနိုင်ရန် မနည်းရုန်းကန်နေရသည်။

“ခါးလွန်းတယ် ... ဝိုင်အကြွင်းအကျန်တွေနဲ့ လုပ်ထားသလိုပဲ ”

ထိုအခါ ဧကရာဇ်က လက်ခုပ်တဖျပ်ဖျပ်ထတီးလိုက်ပြီး မျက်လုံးများကွေးညွတ်သွားသည်အထိ ရယ်မောလေ၏။ယင်းနောက်တွင် သူကချန်ရုံ၏အနားသို့တိုးကပ်လာကာ ပါးစပ်ထဲမှ အစာကို အမြန်မျိုချလိုက်ပြီး တိုးညင်းစွာပြောသည်။

" ဟုတ်တယ် ... ဝိုင်အကြွင်းအကျန်နဲ့ လုပ်ထားတာ"

ချန်ရုံတစ်ယောက် မျက်လုံးအပြူးသားဖြစ်နေစဉ်တွင် ဧကရာဇ်က ထပ်လောင်းပြောကြားခဲ့ပြန်သည်။

" ပွဲသဘင်တွေရှိတိုင်း ကိုယ်တော်က ဒီဝိုင်ကိုမြည်းစမ်းပြီး အမြဲတမ်းသောက်ချင်ယောင်ဆောင်တယ် ... ပြီးတော့ ဘာဆက်ဖြစ်လဲသိလား ... "

ချန်ရုံက ခေတ္တတွေးတောလျက် " ကြင်ယာတော်တွေအကုန်လုံးကလည်း ကြိုက်သွားကြတာလား” ဟု ပြန်လည်မေးမြန်းလိုက်သည်။

ထိုအခါ ဧကရာဇ်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြပြီး ဆက်လက်ပြောကြားလာလေ၏။

" အကြိမ်နည်းနည်းလောက် အဲလိုလည်းလုပ်ပြီးရော ပွဲသဘင်ရှိတိုင်းလာတဲ့အခါတိုင်းမှာ သူတို့ရော တခြားမြှောက်ထိုးပင့်ကော်လုပ်‌တဲ့သူတွေရော ဒီဝိုင်ကို သောက်ကြရတယ်လေ ... ဒီဝိုင်က အရမ်းခါးတော့ စားချင်စိတ်တွေပါ ပျောက်သွားရော ... လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မိန်းမလှလေးဘယ်နှယောက်များ ကိုယ်အလေးချိန်ကျသွားကြတယ်မသိဘူး ... "

ယင်းစကားအဆုံး၌ ချန်ရုံက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး မျက်နှာအား အင်္ကျီလက်ဖြင့်ဖုံးကွယ်ကာ အတောမသတ်နိုင်အောင် ရယ်မောတော့သည်။

ထိုအသံက မလှမ်းမကမ်းမှ မရေမတွက်နိုင်သောအကြည့်များစွာအား ဆွဲဆောင်နေခဲ့သည်။

စားသောက်ခြင်းအမှုပြီးဆုံးရန် တစ်နာရီခွဲခန့် အချိန်ယူခဲ့ရ‌လေ၏။ထိုအချိန်အတွင်း၌ အေးစက်သွားသော စားသောက်ဖွယ်ရာများအား အကြိမ်ကြိမ်အခါခါ ပြန်နွှေးခဲ့ရသည်။
အသေအချာသတိမထားမိလိုက်ခင်မှာပင် နှစ်ဦးသားက ပိုမိုနီးစပ်လာခဲ့သည်။ချန်ရုံမှာ ဝမ်းဗိုက်ပေါ်လက်တင်ထားရင်းဖြင့် ကြီးမြတ်လှသောဧကရာဇ်မင်းမြတ်၏ငယ်ကျိုးငယ်နာအရှက်ရဖွယ်ရာဇာတ်ထုပ်များအား သေသေချာချာနားထောင်ပေးနေခဲ့သည်။