Chapter 1
Viewers 2k

【Volume 1 : ဆင်းရဲနတ်ဘုရားလေး ၀၁】


Chapter 1


စည်ကားသိုက်မြိုက်သော စီးပွားရေးလမ်း၌


စူးချုံသည် ထူထပ်သော လက်ကမ်းစာစောင်များကို ကိုင်ဆောင်ကာ လမ်းသွားလမ်းလာများကို ဝေငှနေသည်။


ဆောင်းရာသီအလယ်တွင် နွေးထွေးမှုမရှိဘဲ နေရောင်ခြည်သည် ပျင်းရိစွာ ဖြာထွက်နေပြီး စူးချုံ၏ လှပသော ပါးပြင်နှင့် နားရွက်များသည် အေးစက်သောလေကြောင့် အနည်းငယ်နီရဲနေလေသည်။


စူးချုံသည် လက်တစ်ဖက်ဖြင့် နားရွက်ကိုပွတ်ကာ လက်ကမ်းကြော်ငြာစာရွက်ကို ထုတ်ပေးသည်။ သူသည် ပြုံးကာ ဖြူဖွေးသွားသော သွားလေးတစ်တန်းကိုပြသလိုက်၏။ သူ၏လှပသောမျက်ခုံးများနှင့် မျက်လုံးများကို အနည်းငယ်ကွေးကာ စိတ်အားထက်သန်စွာ ဆိုလေသည်။ "ဆိုင်သစ်ဖွင့်တာကြောင့် ဟင်းလျာအားလုံးကို 60% လျှော့ပေးထားပါတယ်။ အားပေးဖို့ ကြိုဆိုပါတယ်။"


ဖြတ်သွားဖြတ်လာသူသည် လက်ကမ်းစာစောင်ကို အမူအရာမဲ့ကာ ယူလိုက်ပြီး ခြေလှမ်းနှစ်လှမ်း လှမ်းကာ စာရွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။


စူးချုံက ပြေးလာပြီး စာရွက်တွေကို ကောက်ယူကာ ဖုန်ခါပြီး သူတို့ကို ဆက်လက်ဝေငှာလေသည်။


ဤကဲ့သို့ နှစ်နာရီကြာ ဝေငှာပြီးနောက် စူးချုံသည် ပိုက်ဆံယူရန် ဟော့ပေါ့ စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။


တစ်နာရီလျှင် ဆယ့်ငါးယွမ်၊ တစ်နေ့တာ ပြီးသွားပြီ။

 

စူးချုံသည် ဟော့ပေါ့ စားသောက်ဆိုင် မန်နေဂျာထံမှ ပိုက်ဆံကို ယူကာ တစ်ဖက်လူ၏ မထီမဲ့မြင်ပြုသော အကြည့်ကို သူက တောက်ပသော အပြုံးပေးကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"


မန်နေဂျာ: …


စူးချုံက ဝမ်းသာအားရ ဝှေ့ယမ်းပြီး "နှုတ်ဆက်ပါတယ်"လို့ ပြောလိုက်သည်။


[02]


စူးချုံသည် ယွမ်သုံးဆယ်ယူကာ အေးစိမ့်သောလေ ဆန့်ကျင်လျက် လမ်းမပေါ်တွင် လျှောက်သွားခဲ့သည်။


သူ့အိမ်နားက ဟင်းသီးဟင်းရွက်ဈေးကို ဒီကနေ လမ်းလျှောက်ဖို့ တစ်နာရီလောက်ကြာပေမဲ့ ဘတ်စ်ကားခအတွက် တစ်ယွမ်နဲ့ ငါးဆယ်ဆင့် သက်သာသည်။


စူးချုံသည် သူ့စိတ်ထဲတွင် အနည်းငယ် တွက်ချက်နေသည်။ အရောင်ကျွတ်အောင် လျှော်ဖွပ်ထားသော ဘောင်းဘီရှည်တွင် အနားများ ဟောင်းနွမ်းစုတ်ပြတ်နေသည်။ အညိုရောင် ဆွယ်တာအင်္ကျီတွင် အပေါက်ငယ်တစ်ခု ရှိနေသည်။ နှစ်နှစ်ကြာ နေ့တိုင်းနီးပါးစီးခဲ့သော ဖိနပ်များကို တစ်ပတ်တစ်ကြိမ် ဆေးကြောပြီး ဟောင်းနွမ်းသွား၍ ယခုအခါ ပုံပျက်သွားပြီ။


‘ဆင်းရဲခြင်း(ချုံ)’၊ စူးချုံသည် သူ့နာမည်အတိအကျ သတ်မှတ်ထားသည့်အတိုင်း သူသည် စာလုံးကြီး ‘ဆင်းရဲခြင်း(ချုံ)’ဖြစ်သည်။


စူးချုံသည် ယွမ်သုံးဆယ်ကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ယွမ်နှစ်ဆယ်တန်တစ်ရွက်နှင့် ယွမ်တစ်ဆယ်တန်တစ်ရွက်ကို ဘောင်းဘီအိတ်ထဲ ထည့်ရန် မဝံ့မရဲဖြစ်နေသည်။ ငွေစက္ကူနှစ်ရွက်သည် စူးချုံ၏ လက်ဖဝါးမှ ချွေးများဖြင့် စိုစွတ်နေလေသည်။


စူးချုံ၏ စံနှုန်းအပေါ်အခြေခံ၍ ယွမ်သုံးဆယ်က အလွန်များသည်။ မတွေးဘဲ သူ့အိတ်ကပ်ထဲမှာ ထည့်ထားရင် ပျောက်ဆုံးသွားနိုင်သည်။


စူးချုံက ဆင်းရဲခြင်းနတ်ဘုရားဖြစ်တာကြောင့်ပင်။


ရွှေကို ကျောက်အဖြစ်သို့ ပြောင်းလဲစေနိုင်သော အစွမ်းထက်သော အစွမ်းကြောင့် စူးချုံသည် သူအသက်ရှင်ရန် လိုအပ်သည်ထက် စည်းစိမ်ဥစ္စာများမရှိနိုင်ပါ။ သူရရှိသောငွေများသည် ထူးထူးဆန်းဆန်း နည်းလမ်းအမျိုးမျိုးဖြင့် ပျောက်ကွယ်သွားတတ်သည်။ သူထိတွေ့မိသော အဖိုးတန်ပစ္စည်းများသည် ကျိုးပဲ့ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးသွားလိမ့်မည်။ စူးချုံသည် ကမ္ဘာမြေပေါ်ရောက်လာတုန်းက သူ၏တစ်ခုတည်းသော ပစ္စည်းဥစ္စာမှာ ကောင်းကင်မှ ပေးအပ်သော အိမ်ငယ်လေးတစ်လုံးသာဖြစ်သည်။


[03]


တစ်နာရီကြာပြီးနောက် စူးချုံသည် ဟင်းသီးဟင်းရွက်ဈေးသို့ လမ်းလျှောက်လာပြီး ဟင်းသီးဟင်းရွက်တချို့နှင့် မုန့်ပေါင်းအနည်းငယ်ကို ယွမ်သုံးဆယ်ဖြင့် ဝယ်ခဲ့သည်။ သူက ဆပ်ပြာတစ်ပိုင်းနှင့် လက်ဆေးဇလုံတစ်လုံးကိုလည်း ဝယ်ယူခဲ့သည်။


ဘာကြောင့်လဲဆိုတော့ အရင်က သုံးတဲ့လက်ဆေးကန်၏ အောက်ခြေက ပျက်စီးသွားလို့ပါပဲ။


ဆင်းရဲခြင်းနတ်ဘုရားလေးသည် မုန့်ပေါင်း၊ ဟင်းသီးဟင်းရွက်၊ ဆပ်ပြာနှင့် လက်ဆေးဇလုံတစ်လုံးကို သယ်ဆောင်လာသည်။ တစ်နေရာရာမှ ထွက်လာသော ဘဲကင်နံ့ကို သူသည် လောဘကြီးစွာ ရှူရှိုက်ကာ အိမ်ပြန်လာစဉ် သီချင်းကို ညည်းနေလေသည်။


စူးချုံ၏အိမ်တွင် ကုတင်တစ်လုံး၊ ထိုင်ခုံတစ်လုံး၊ မီးဖိုတစ်လုံးနှင့် အိုးတစ်လုံးသာရှိပြီး ဈေးအကြီးဆုံးမှာ လျှပ်စစ်အပူပေးစက်ဖြစ်သည်။


ခွေးခြေခုံက ခြေထောက်သုံးချောင်းပဲ ရှိတာဆိုတော့ နံရံနဲ့ ကပ်ထားဖို့ လိုသည်။


စူးချုံသည် ဟင်းသီးဟင်းရွက်ပြုတ်နှင့် ထမင်းဖြူကို ညစာအတွက်စားသည်။ ဟင်းသီးဟင်းရွက်ပြုတ်က ရေနှင့်ပြုတ်တာဖြစ်၍ ဆီသက်သာသည်။

 

ထမင်းစားပြီးတာနဲ့ ပန်းကန်တွေဆေးပြီး မောပန်းနေတဲ့ စူးချုံသည် ကုတင်ပေါ်မှာ ထိုင်လိုက်သည်။


ကုတင်ခုံက အန္တရာယ်ကြီးတဲ့ တကျွိကျွိအသံ ထွက်လာသည်…။


စူးချုံ လန့်သွားပြီး သူ့တင်ပါးက ကြောက်စိတ်ဖြင့် ရုတ်တရက် အေးခဲသွားသည်။


ကုတင်ကျိုးသွားလျှင် သူ ကြမ်းပြင်မှာ အိပ်ရုံသာရှိသည်။ ထို့အပြင် စူးချုံမှာ နောက်ထပ်ကုတင်တစ်ခုဝယ်ရန် ပိုက်ဆံအပိုမရှိပေ။


ဆင်းရဲခြင်းနတ်ဘုရားလေးသည် ကုတင်ပေါ်တွင် ဖြည်းညှင်းစွာအိပ်ကာ လက်ခြေတို့ကိုဖြန့်ရင်း ခြေလက်များကို ဆန့်တန်းကာ ပြားပြားဝပ်နေလေသည်။


မပြောင်းလဲသောတွန်းအား အခြေအနေအောက်တွင် ဖိအားဧရိယာတိုးမြင့်ခြင်းနှင့် ဖိအားကိုလျှော့ခြင်းဖြင့် ကုတင်ပျက်စီးရန် အခွင့်အလမ်းနည်းပါးစေသည်။


ဆင်းရဲခြင်းနတ်ဘုရားလေးတွင် တင်းကျပ်သော ဘဝအတွေးအခေါ်ရှိသည်။


[04]


စူးချုံသည် ကုတင်ပေါ်တွင် ခဏတာ မလှုပ်မယှက် လဲလျောင်းနေသည်။ ဆောင်းရာသီတွင် စောင်က အေးခဲနေသည်။ စူးချုံသည် အအေးဒဏ်ကို မခံနိုင်တော့ဘဲ ဂရုတစိုက် ထထိုင်ကာ လျှပ်စစ်အပူပေးစက်ရှေ့တွင် ထိုင်ချလိုက်သည်။


"လျှပ်စစ်အပူပေးစက်ကို ငါဖွင့်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။" စူးချုံသည် ၎င်းကို မျှော်ကိုးကာ စိတ်ကူးယဉ်ခဲ့သော်လည်း ယခုလ၏ အသုံးစရိတ်များကို စဉ်းစားရင်း စူးချုံသည် လျှပ်စစ်အပူပေးစက်ဖွင့်ရန် စိတ်ကူးကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်သည်။ အကောင်ဆုံးဖြစ်ဖို့ မျှော်လင့်ရင်း သူသည် ချမ်းချမ်းတုန်တုန်ဖြင့် ၎င်းကို ခဏတာ ကြည့်နေခဲ့သည်။


‌အိပ်ဖို့ အရမ်းအေးတယ်။


"ဘယ်သူက ငါ့ကို ဆင်းရဲခြင်းနတ်ဘုရားစေခဲ့တာလဲ။" စူးချုံသည် ခါးသက်သက်ပြုံးကာ သက်ပြင်းချရင်း သော့ကိုယူကာ ပတ်ပြေးရန် အောက်ထပ်သို့ ပြေးသွားလိုက်သည်။


အကြိမ်အနည်းငယ် ပြေးပြီးနောက် သူ့ခန္ဓာကိုယ် နွေးထွေးလာကာ လျင်မြန်စွာ အိပ်ရာဝင်ဖို့ သူပြန်သွားချင်ခဲ့သည်။ သူ့နွေးထွေးသောခန္ဓာကိုယ် အပူချိန်ဖြင့် အိမ်ပြန်လာစဉ် လမ်းတစ်ဖက်က ကုန်စုံဆိုင်ကနေ နို့တစ်ထုပ်ဝယ်ရန် သူစုထားသော နောက်ဆုံးအကြွေစေ့များကို သုံးရန် ဆုံးဖြတ်ခဲ့သည်။ အဲဒါကို မနက်ဖြန်မနက်သောက်မယ်လို့ စူးချုံတွေးလိုက်သည်။


စူးချုံ လမ်းဖြတ်ကူးစဉ်တွင် အနက်ရောင်ကားတစ်စီး ရုတ်တရက် ထောင့်မှ ထွက်လာသည်။ စူးချုံသည် ကားကို ဂရုမစိုက်မိဘဲ မရှောင်တိမ်းနိုင်ခဲ့ပေ။ သူသည် ကားတိုက်ခံရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လွှင့်သွားကာ လမ်းမပေါ် လူးလိမ့်သွားသည်။


"မင်း အဆင်ပြေရဲ့လား။" လူတစ်ယောက်က ကားပေါ်ကနေ အမြန်ဆင်းလာကာ စူးချုံကို ထူပေးပြီး စိုးရိမ်တကြီး မေးလိုက်သည်။


"ငါ အဆင်ပြေလောက်ပါတယ်…" စူးချုံက သူ့လက်တွေနဲ့ ခြေထောက်တွေကို မြန်မြန်ရွှေ့ပြီး ဘာဒဏ်ရာမှ မရှိတာကို တွေ့လိုက်သည်။ စူးချုံက တစ်ဖက်လူကို သက်သာရာရစေရန် ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်။"


"ငါ တကယ်တောင်းပန်ပါတယ်။" စူးချုံက ဆိုးဆိုးရွားရွားဖြစ်ပုံမပေါ်တာကို မြင်လိုက်ရတော့ အဲဒီလူက သက်ပြင်းချရင်း ပြောလိုက်သည်။ "ငါမင်းကို ဆေးစစ်ဖို့ ဆေးရုံကို လိုက်ပို့ပေးမယ်။" 


စူးချုံက စိတ်အရှုပ်ခံပြီး သူ့ကိုပင် မကြည့်တော့ပေ။ သူသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး ကားတိုက်တုန်းက သူ့ခန္ဓာကိုယ်ထဲကနေ ပြုတ်ကျသွားတဲ့ ပိုက်ဆံကိုရှာနေသည်။သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မလိုပါဘူး၊ ငါအဆင်ပြေပါတယ်။ မင်း အမှားမဟုတ်ပါဘူး။ ငါ အခုလေးတင် ကားကို မကြည့်လိုက်မိလို့ပါ။"


အဲဒီလူက ခဏလောက် နှုတ်ဆိတ်နေပြီး အခိုင်အမာပြောခဲ့သည်။ "မင်း အခုလေးတင် အဝေးကို လွှင့်သွားတာ၊ ဒဏ်ရာလုံးဝမရတာတော့ မဖြစ်နိုင်ပါဘူး။"


စူးချုံသည် ဖင်ကုန်းကာ လမ်းဘေးမှာ ရပ်ထားတဲ့ ကားအောက်ကနေ ငါးဆယ်တန် အကြွေစေ့တစ်ပြားကို လှမ်းကောက်လိုက်သည်။ "ငါ တကယ် မနာပါဘူး၊ မင်းသွားလို့ရပြီ" လို့ အခိုင်အမာပြောလိုက်သည်။


မည်မျှပင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နောက်ဆုံးတွင် သူက နတ်ဘုရားတစ်ပါးဖြစ်နေဆဲပင်။


[05]


စူးချုံသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့လက်ထဲက အကြွေစေ့များကို ရေတွက်ရင်း ပျော်ရွှင်သော အပြုံးဖြင့် "သုံးယွမ်နဲ့ နှစ်ဆယ်ဆင့်။ ကောင်းတယ်၊ ငါ တစ်ပြားမှမပျောက်ဘူး။"


ယာဉ်မောင်းသည် ရှုပ်ထွေးသောအမူအရာဖြင့် စူချုံကို စိုက်ကြည့်နေသည်။


စူးချုံသည် အကြွေစေ့များကို ကိုင်လိုက်ပြီး မတ်တတ်ထရပ်ကာ နို့ဝယ်ရန် ကုန်စုံဆိုင်သို့ သွားရန် ပြင်လိုက်သည်။


"ခဏနေဦး" ထိုလူက ရုတ်တရက် ရှေ့ထွက်လာပြီး စူးချုံ၏လက်ကို ကိုင်ကာ တိုးတိုးပြောသည်။ "မင်းရဲ့ ဘောင်းဘီ..."


စူးချုံသည် ခေါင်းငုံ့ပြီး မှိန်ဖျော့နေသော ဘောင်းဘီရှည်၏ ဒူးခေါင်းတွင် အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။


ဘောင်းဘီ၏ အထည်သည် ဟောင်းနွမ်းလွန်းသဖြင့် အကြိမ်များစွာ လျှော်ဖွပ်ပြီး ကြာရှည်စွာ ဝတ်ဆင်ထားတာကြောင့်ဖြစ်သည်။


"အနည်းဆုံးတော့ ဘောင်းဘီဖိုးပေးပါရစေ…" တစ်ဖက်လူက တောင်းပန်စကားဆိုသည်။


စူးချုံ မော့ကြည့်လိုက်တော့ သူ့ရှေ့မှာ အရပ်ရှည်ရှည် ချောမောလှပတဲ့ ယောင်္ကျားတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။ သူသည် လက်ရာမြောက်တဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ အရေးကြီးတဲ့ပွဲကနေ သူ ပြန်လာခဲ့ပုံရသည်။ သူ့လက်မောင်းကို ကိုင်ထားသောလက်က ငွေရောင် တောက်ပတဲ့နာရီကို ဝတ်ဆင်ထားသည်။ သူ့ကို တိုက်လိုက်သောကားက မှန်ကဲ့သို့ သန့်ရှင်းနေသည်။ လမ်းမီးရောင်အောက်တွင် အလင်းရောင်တောက်ပနေကာ သူ၏ခပ်မှိန်မှိန်ဇိမ်ခံမှုကို ပြသနေသည်။ ထိုလူဆီကနေ ရေမွှေးနံ့လေး ထွက်လာပြီး ခြေထောက်ရှိ သားရေဖိနပ်ကနေ ခေါင်းရှိ သူ့ဆံပင်၏ လက်မတိုင်းနီးပါးကို ဂရုတစိုက်နဲ့ ဖန်တီးထားပြီး ပတ်ဝန်းကျင်လေကတောင် တောက်ပနေပုံရသည်။


စူးချုံသည် ခဏလောက် လန့်သွားပြီး သူ့မျက်နှာက ရုတ်တရက် နီရဲသွားတယ်။


ထိုလူသည် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပုံရပြီး နှုတ်ခမ်းတွေလှုပ်သွားကာ တစ်ခုခုပြောချင်နေသည်။


"င…ငါ…ငါတကယ် အဆင်ပြေပါတယ်။" သို့သော် စူးချုံသည် ရုတ်တရက် ခက်ခက်ခဲခဲ ရုန်းထွက်ပြီး နို့ကိုပင်မဝယ်ဘဲ သုံးယွမ်နှင့် နှစ်ဆယ်ဆင့်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ သူ့ဘောင်းဘီပေါ်က အပေါက်ကြီးတစ်ခုနှင့် ထွက်ပြေးသွားသည်။