Chapter 188
ချန်ရုံနှင့်ဝမ်ဟုန်
ခြေလှမ်းဆယ်လှမ်းခန့်အကွာတွင် ချန်ရုံက ချန်ဝေ့အား တစ်ချက်ပြန်လှည့်ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ချန်ဝေ့မှာ ထိုင်နေရာမှထပြီး သူမ၏မျက်ရည်များအား လက်ခုံဖြင့်သုတ်နေခဲ့သည်။
ကနဦးက အစောင့်အကြပ်ကလည်း ချန်ဝေ့ထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်ချဉ်းကပ်သွားခဲ့လေ၏။
ချန်ရုံမှာ အကြည့်လွှဲလိုက်ပြီး ယင်းနေရာမှ အမြန်ထွက်ခွာလာခဲ့သည်။
ညတာက အေးချမ်းစွာကုန်ဆုံးသွားသည်။
နောက်တစ်နေ့မနက်စောစော၌ ကျောင်းတော်ထဲမှ ဆူဆူညံညံအသံများထွက်လာပြီး ကြားရသည့်ပုံအရ အထဲတွင် အထက်တန်းလွှာများအချင်းချင်းပြောဆိုနေကြပုံပင်။သို့သော်လည်း ဝမ်အစေခံများက အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဂရုစိုက်ပေးခဲ့ကြသည်။
မနေ့ညက ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် အနည်းငယ်နုံးချိနေသောချန်ရုံမှာ ဝတ်စားဆင်ယင်ပြင်ဆင်ပြီးနောက်တွင် သလွန်တော်အားမှီလျက် မျက်လုံးအစုံကို မှိတ်ထားခဲ့သည်။
ခဏအကြာတွင် ပေါ့ပါးသောခြေသံခပ်စိပ်စိပ်များထွက်ပေါ်လာ၏။
၎င်းခြေသံများ ခဏတာလွင့်ပျံနေပြီးနောက်တွင်မူ အထိန်းတော်ဖျင်က တစ်စုံတစ်ရာကို ပြောလာခဲ့သည်။
" သခင်မလေး ... မင်းသမီးလေးတစ်ပါးရောက်လာပါတယ် ... အရမ်းလှတာပဲရှင် ... ပြီးတော့ကျွန်မလိုအစေခံကိုတောင် ချိုချိုသာသာဆက်ဆံပေးတယ် ... မင်းသမီးတွေ တော်ဝင်မျိုးနွယ်တွေဆီက ဒီလိုအရေးပေးဆံဆက်ခံရဖို့နေနေသာသာ တစ်နေ့နေ့တွေ့နိုင်မယ်လို့တောင် ထင်မထားခဲ့ပါဘူး .... အားလုံးက ချီလန်ရဲ့ ကျေးဇူးတွေပါပဲ"
စကားအဆုံးသတ်နားတွင် အထိန်းတော်ဖျင်က တိုးညင်းသောလေသံဖြင့် တစ်ကိုယ်တည်းရေရွတ်လိုက်လေ၏။
သို့သော်လည်း သူမအားလျစ်လျူထားဆဲဖြစ်သောချန်ရုံကြောင့် အထိန်းတော်ဖျင်တစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ယင်းနောက်တွင် အထိန်းတော်ဖျင်က ချန်ရုံ့အနားသို့ ပိုမိုတိုးကပ်သွားပြီး
" မမလေး ... " ဟု ထပ်မံခေါ်ဆိုလိုက်လေ၏။
ထိုသို့ခေါ်ပြီးသိပ်မကြာမီမှာပင် အပြင်မှအသံတစ်ချို့ထွက်လာခဲ့သည်။ထိုအခါ အထိန်းတော်ဖျင်မှာ တံခါးဆီသို့ အလျင်အမြန်ပင် ဦးတည်သွားပြီး သေသေချာချာစူးစမ်းနေခဲ့လေသည်။
၁၅မိနစ်ခန့်အကြာတွင် သူမက ချန်ရုံရှိရာဆီသို့ အမောတကောပြန်ပြေးလာခဲ့၏။
" မိန်းမစိုးတစ်ယောက်ပါ ပါလာတယ် ... အရမ်းချောတာပဲရှင် ... သူ့လိုချောတဲ့လူငယ်လေးကို သခင်မလေး မတွေ့ဖူးမှာသေချာတယ် ... ကျန့်ခန်းက မိန်းကလေးတွေတောင် သူချောမောမှုကို ယှဉ်နိုင်မှာမဟုတ်ဘူး ... သူက မင်းသမီးလေးရဲ့ဘေးမှာပါလာတာ ... မင်းသမီးလေးကလည်း သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ် ... "
အထိန်းတော်ဖျင်ပေါက်ပေါက်ဖောက်နေသည်ကိုနားထောင်ရင်းဖြင့် ချန်ရုံက ရုတ်တရက် မော့ကြည့်လာခဲ့သည်။
" ဒီနေ့စိတ်အခြေအနေကောင်းနေတာလား ... ထူးထူးခြားခြားဘာတွေဖြစ်ထားလို့လဲ ... "
" မဟုတ်တာ ... မဟုတ်ပါဘူး ... သခင်မလေးရယ် "
အထိန်းတော်ဖျင်က ခေါင်းတခါခါဖြင့် ငြင်းဆိုသည်။
ထို့နောက်တွင် ချန်ရုံက တစ်ချက်ပြုံးလျက်အကြည့်လွှဲလိုက်ပြီး ပြတင်းတံခါးအပြင်ဘက်သို့ ငေးငေးငိုင်ငိုင်စူးစိုက်ကြည့်နေခဲ့လေသည်။
၎င်းအချိန်၌ အထိန်းတော်ဖျင်မှာ တစ်ကိုယ်တည်းခေတ္တတွေးတောဆင်ခြင်နေလေ၏။ယင်းနောက်တွင် သူမက ချန်ရုံ၏အနောက်သို့ ဝင်ထိုင်လာတော့သည်။
" မမလေး ... "
"ပြော ... "
“ ဟို ...အပြင်မှာ တော်ဝင်မျိုးနွယ်တွေပြောတာကြားခဲ့တာလေ ... ချီလန်က မမလေးအတွက်နဲ့ မင်းသားရင်ရဲ့အိမ်ကို ဖောက်ထွင်းခဲ့တယ်တဲ့ ... ပြီးတော့ကိုးယောက်မြောက်မင်းသမီးက ချီလန့်ရဲ့လှည်းရှေ့မှာပိတ်ရပ်ပြီး မမလေးက သူ့အတွက် ဘယ်လိုလူမျိုးလဲလို့ မေးခဲ့တယ်တဲ့ ... "
ချန်ရုံက အထိန်းတော်ဖျင်ရှိရာဘက်သို့လှည့်လာပြီး တိတ်တဆိတ်နားထောင်နေခဲ့သည်။
" မမလေးက သူ့အတွက်တော့ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးပဲလို့ ချီလန်က ပြန်ဖြေလိုက်တယ်တဲ့ ... ကိုးယောက်မြောက်မင်းသမီး အရမ်းဒေါသထွက်သွားတာ မျက်ရည်တောင်ထွက်တဲ့အထိပဲလို့ ပြောကြတယ် ... "
အထိန်းတော်ဖျင်က ပြောရင်းဆိုရင်းဖြင့် မခို့တရို့လေးရယ်သည်။သို့သော်လည်း သူမသည် ချန်ရုံ၏တည်ငြိမ်လွန်းနေသောအပြင်ပန်းပုံစံအား နားမလည်နိုင်ဖြစ်လာသောကြောင့် သိလိုစိတ်အရင်းခံ၍ မေးမြန်းလိုက်လေသည်။
" မမလေး ... ချီလန်က မမလေးကို ဒီလောက်ထိသဘောကျတာကို ဘာလို့ မပျော်တာလဲ .... "
" မဟုတ်ပါဘူး ... ပျော်ပါတယ် ... "
ပျော်နေသည်ဟုပြောသော်ငြားလည်း သူမ၏အပြုံးမှာတော့ မှိန်ဖျော့နေခဲ့သည်။
သခင်မဖြစ်သူထံမှတုံ့ပြန်ချက်က ထင်ထားသလောက် အားရစရာမကောင်းသည့်အတွက် အထိန်းတော်ဖျင်ခမျာ အနည်းငယ်အံ့သြသွားသကဲ့သို့ စိတ်လည်းပျက်သွားသည်။
" ချီလန့်ဆီက ချစ်ခြင်းမေတ္တာကိုရတာက ကောင်းချီးပေးခံရသလိုပါပဲ ... တစ်နေ့နေ့မှာ ဧကရာဇ်မင်းမြတ်က မမလေးကို အရှင်မအရာကနေ ရုတ်သိမ်းပေးဖို့မျှော်လင့်ပါတယ် ... အဲဒီအချိန်ကျ ချီလန်ရဲ့အိမ်တော်ကိုဝင်ပြီး လောကီဘဝ ပြန်စလို့ရပြီ ... "
" အထိန်းတော်ဖျင် ...ကျွန်မလိုချင်တာ ဒါမျိုးပဲလေ ... ဒီတောင်ပေါ်မှာပဲ ကျန်တဲ့ဘဝသတ်တမ်းကို တိတ်တဆိတ်ဖြတ်သန်းသွားချင်တယ် ... "
" ဒါပေမဲ့ မမလေးရယ် ... "
သူမတို့နှစ်ဦး၏အသံများက အပြင်ဘက်မှလူအား ရပ်တန့်သွားစေခဲ့လေ၏။
ချန်ရုံက အထိန်းတော်ဖျင်အား နှစ်သိမ့်ဖွယ်ရသောအပြုံးမျိုးဖြင့် စူးစိုက်ကြည့်လိုက်သည်။
" အထိန်းတော်ဖျင် ... ကျွန်မရဲ့ကိစ္စတွေကိုလိုက်ပြီး စိတ်ပူမနေပါနဲ့တော့ ... ဘာလုပ်ရမလဲကျွန်မ သိပါတယ် ... "
ယင်းနောက်တွင် သူမက ခေတ္တရပ်တန့်လိုက်ပြီး ဆက်လက်ပြောကြားလေ၏။
" ဟုတ်ပါတယ် ...ချီလန်က ကျွန်မအပေါ်အရမ်းကောင်းတယ် ... အမြဲတမ်းလည်း ဂရုစိုက်ပေးတယ် ...သူသာကျွန်မကို ကျန့်ခန်းမင်းသားလက်ကနေ ကယ်တင်မပေးခဲ့ရင် အခုချိန်အသက်ရှင်နေနိုင်မှာတောင် မဟုတ်ဘူး ... "
ချန်ရုံမှာ ပြောပြောဆိုဆိုဖြင့် ပြတင်းပေါက်နံဘေးသို့ဦးတည်သွားကာ စိမ်းစိုနေသောနွေဦးရာသီမြင်ကွင်းအား စေ့စေ့ကြည့်ရှုနေလေသည်။
“ ကျွန်မ သိပ်ကိုမှတ်မိတာပေါ့ ... သူကျွန်မကို ဘယ်လောက်အထိ ကောင်းကောင်း ဆက်ဆံခဲ့တယ်ဆိုတာကို … အဲဒီတုန်းက အဖိုးစွင်းနဲ့ ကျွန်မတို့ မြို့ပြင်က မြစ်နားကို မျှားခေါ်ခံသွားရပြီး လူဆိုးတွေလက်ထဲ ရောက်လုနီးနီးဖြစ်ခဲ့တာ ... ချီလန်ကပဲ ညသန်းခေါင်ကြီး ကျွန်မတို့ကိုလာရှာပြီး ကယ်ပေးခဲ့တာလေ ... ကျွန်မဘ၀မှာ တစ်ခါမှ ဒီလောက်ထိ အချစ်မခံရဖူးဘူး ... ဘယ်သူကမှ ကျွန်မအတွက် ညဉ့်နက်သန်းခေါင်ကြီးမှာ တောထဲလိုက်လာပြီး အန္တရာယ်ကြားထဲ တိုးဝင်မလာဖူးဘူး ... ကျွန်မ အရမ်းပျော်ခဲ့တာပေါ့ ... ပြီးတော့ သူကလည်း တခြားသူမဟုတ်ဘူး ... လန်ယာဝမ်အိမ်တော်က ဂုဏ်သိက္ခာရှိတဲ့ ချီလန်လေ ... သူ ကျွန်မအပေါ် ကောင်းတယ်ဆိုတာ ကျွန်မအမြဲတမ်းသိတယ် "
ယင်းနောက်တွင် ချန်ရုံ၏အပြုံးများက ညှိုးနွမ်းသွားသည်။
"ဒါပေမဲ့လည်း ... အဲဒါက အဲဒါပဲလေ ...သူ့အပေါ်ကျေးဇူးကြွေးတင်နေပေမဲ့ ကျွန်မတို့က အသိမိတ်ဆွေတွေပဲဖြစ်နိုင်မှာ ... အထိန်းတော်ဖျင် သူ့အကြောင်းမေ့ထားလိုက်တာအကောင်းဆုံးပဲ ... အထိန်းတော်ဖျင်ရဲ့သခင်မလေးက တစ်သက်လုံးအရှင်မအဖြစ်ပဲနေသွားမှာ ... အခုပဲဖြစ်ဖြစ် တစ်နှစ်လောက်နေရင်ပဲဖြစ်ဖြစ် ချီလန်က တခြားတစ်ယောက်ကို မေတ္တာသက်ဝင်လို့ လက်ထပ်သွားပြီးတော့ ၊ လန်ယာဝမ်အိမ်တော်အကြီးအကဲက ကျောင်းတော်ကလူတွေကိုပြန်ဆင့်ခေါ်သွားတဲ့အချိန်ကျရင် ကျန့်ခန်းမှာရှိတဲ့ တော်ဝင်မျိုးနွယ်တွေက ကျွန်မလို သိမ်နုပ်တဲ့မိန်းကလေးအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားကြမှာပါ ... "
ချန်ရုံမှာ ပြောရင်းဆိုရင်းဖြင့် ရုတ်ချည်းပင် စိတ်အားတက်ကြွလာပြန်သည်။
" အထိန်းတော်ဖျင် ကျွန်မဘာမှမလိုချင်ဘူး ... ဒီနေရာကနေ တိတ်တိတ်လေးထွက်သွားပြီး ဆိတ်ငြိမ်တဲ့တစ်နေရာမှာ အိမ်တစ်လုံးဝယ်လိုက်မယ် ... ကျွန်မတို့အတူတူ ကျန့်ခန်းရဲ့ အဝေးမှာသွားနေကြမယ် ... မရင်းနှီးသေးတဲ့နေရာတွေက မြေကွက်တွေလိုက်ရှာမယ် ... ကျွန်မလည်း တဖြည်းဖြည်းအသက်ကြီးလာပြီး ဆွဲဆောင်မှုတွေ လျော့လာလိမ့်မယ် ... "
" အထိန်းတော်ဖျင် သိလား ... အခုတစ်ခေါက်တော့ တွေးလိုက်လေလေ ကျွန်မရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ပိုယုံကြည်လာလေလေ ဖြစ်နေတယ် ... "
ချန်ရုံမှာ သူမအတွေးနှင့်သူမ လွန်စွာစိတ်လှုပ်ရှားနေပြီး တောက်ပသောမျက်ဝန်း ၊ ထင်ရှားနေသည့်ပါးချိုင့်ကလေးများဖြင့် အထိန်းတော်ဖျင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်တော့သည်။
သို့သော်လည်း အထိန်းတော်ဖျင်နှင့်တကွ တစ်စုံတစ်ယောက်ကပါ တံခါးကိုမှီလျက်သားအနေအထားဖြင့် သူမ၏မျက်နှာချင်းဆိုင်၌ ရှိနေခဲ့လေ၏။
ချန်ရုံတစ်ယောက် တောင့်တင်းသွားတော့သည်။
သူမက မျက်တောင်ခတ်လိုက်ပြီး ကနဦးကအပြုံးမှာလည်း တဖြည်းဖြည်းအေးခဲသွားသည်။
ချန်ရုံမှာ တံခါးနားမှ ခပ်ချောချောယောက်ျားအား စိုက်ကြည့်နေခဲ့ပြီး ခဏအကြာတွင် " ရှင်ရောက်နေတာ မသိလိုက်ဘူး" ဟု ပြောကြားမိသွားလေ၏။
အခြေအနေအား ထိန်းချုပ်ရန်ပျက်ကွက်ပြီး
ထိုသို့သောစကားမျိုးကိုမှ ပြောထွက်မိသွားသော သူမကိုယ်သူမလည်း ထုရိုက်ပစ်ချင်မိသည်။
ယင်းအချိန်တွင် အထိန်းတော်ဖျင်က အနောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ တိတ်တဆိတ် ရှောင်ထွက်သွားတော့လေ၏။
အထိန်းတော်ဖျင်ထွက်သွားပြီးသောအခါ နံနက်ခင်းအလင်းရောင်များ ဝိုင်းရံလျက်ရှိသောအနှီအမျိုးသားက သူမအား ပြုံးပြလာခဲ့သည်။
ဝမ်ဟုန်မှာ နှုတ်ခမ်းစွန်းများအား ကွေးညွှတ်လျက် ချန်ရုံ့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့လေ၏။
ထိုအချိန်၌ ချန်ရုံမှာ ကူရာကယ်ရာမဲ့နေခဲ့ပြီး တစ်ဖက်လူ၏ကိုယ်သင်းရနံ့က သူမထံသို့ပျံ့လွင့်လာသောအခါတွင် ခေါင်းငုံ့ထားရုံသာတတ်နိုင်ခဲ့သည်။
" အနှောက်အယှက်ဖြစ်သွားလား ... "
ဝမ်ဟုန်က သူမအား ကြည်လင်သာယာကာအလွန်နားဝင်ချိုစေသောလေသံဖြင့် ညင်သာစွာမေးမြန်းလာခဲ့၏။
ယင်းနောက်တွင် သူက သူ၏သွယ်လျသောလက်အစုံအား ချန်ရုံ့ပုခုံးပေါ်သို့တင်လိုက်သည်။
ဝမ်ဟုန်၏လက်ချောင်းများမှာ တစ်ဖက်သား၏ပုခုံးထက်၍ ရေပြင်ပေါ်မှကူးလူပျံသန်းလာသော ပုစဉ်းတစ်ကောင်ကဲ့သို့ လှုပ်ရှားနေခဲ့ပြီး ထိုမှတစ်ဆင့် ပြတင်းပေါက်ဘောင်ပေါ်သို့ရောက်ရှိသွားသည်။
ယခုအချိန်၌ ဝမ်ဟုန်၏အရိပ်က ချန်ရုံ့အား အလုံးစုံလွှမ်းမိုးထားလျက်ရှိပေသည်။
"မင်းရဲ့အကြံအစည်ကို အခုလေးတင်ကိုယ်ကြားလိုက်လို့ ဘာလုပ်ရတော့မလဲ အချစ်လေး ... "
ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့်ခေါင်းငုံ့ပြီး ချန်ရုံ၏နှဖူးပြင်အား သူ၏နှာဖျားနှင့် ထိကပ်ထားသည်။
" မင်းခေါင်းထဲမှ အတွေးနောက်တစ်ခုထပ်ပေါ်လာပြီလား ... အဲလိုဆ်ိုလည်းကိုယ့်ကိုပေးမသိတာကောင်းမယ်ထင်တယ်နော် ... ကိုယ်သိသွားရင် ဝင်မပါဘဲ ဘယ်နေနိုင်တော့ပါ့မလဲ ... "
ယင်းနောက်တွင် ဝမ်ဟုန်က သက်ပြင်းချလျက် ဆက်လက်ပြောကြားလေ၏။
“ ကိုယ့်မိသားစုနဲ့ ဧကရာဇ်မင်းမြတ်က ဇနီးမယားတွေ ဘာဘာညာညာတွေ စီစဥ်ပေးလာရင်တောင်မှ ကိုယ့်အချစ်ရဆုံးအသည်းအသက်လေးက လက်ခုပ်တီးပြီး ထိမ်းမြားပွဲနေ့မှာမှ တမင်ထွက်သွားဖို့ ကြိုတင်စီစဉ်ထားခဲ့တယ်ဆိုတာမျိုးကို အတွေးနဲ့တင်မုန်းမိတယ် ... "
"အချစ်လေး ...ကိုယ်တို့ဘယ်လိုလုပ်ကြမလဲဟင် ... "
ဝမ်ဟုန်၏လေသံမှာ အလွန်အမင်းနူးညံ့နေပြီး ကလူသလိုလိုမြူသလိုလိုနှင့်တစ်ချိန်တည်းမှာပင် ကလေးကလားဆန်နေသည်။
ချန်ရုံမှာ ဤလူအား မေတ္တာသက်ဝင်နေမိသောကြောင့် ယင်းကဲ့သို့သောအပြောအဆိုမျိုးအား ခံနိုင်ရည်မရှိပါချေ။သူမ၏မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့လေ၏။
ချန်ရုံမှာအနောက်ဆုတ်သွားပြီး သူမ၏မျက်နှာအား အင်္ကျီလက်များဖြင့် ဖုံးကွယ်ထားသည်။
" ဝေးဝေးမှာနေ ... အချစ်လေးလို့ လာလာခေါ်မနေနဲ့ ... "
ထို့နောက်တွင် သူမက ဝမ်ဟုန့်အား သတိပေးသည့်အကြည့်မျိုးဖြင့် " ဝမ်ချီလန် ... ကျွန်မက အရှင်မဖြစ်နေပြီနော် ...ရှင်ကျွန်မကို အချစ်လေးလို့ ခေါ်လို့မရတာတော့သေချာတယ် ... " ဟု မာထန်စွာပြောဆိုလိုက်သည်။
သူမ ဝမ်ဟုန့်အား တွန်းထုတ်မိလုဆဲဆဲတွင် အပြင်ဘက်မှ ခြေသံများနှင့်တကွ ရင်ကူး၏လေသံပါ တစ်ပါတည်းထွက်ပေါ်လာခဲ့သည်။
" အရှင်မ ... ဧကရာဇ်မင်းမြတ်က အရှင်မကို လူလွှတ်ပြီးအခေါ်တော်ပါးလိုက်ပါတယ် ... "