Chapter (8)
အထောက်အထား
ဖန်းချူခမျာ အေးခဲစွာဖြင့် ထိုနေရာတွင်သာ ရပ်နေမိပြီး ကျန့်ကျစ်ရွေ့ နောက်ဆုံးထွက်သက်ကို ရှုရင်း မြေပြင်ပေါ်သို့ ခိုကိုးရာမဲ့ ပြိုကျလာသည်ကို ကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူ့စိတ်ထဲ သဘောပေါက်သွားတာက "ဒီကောင်က သွေးတွေမြင်ရင် မေ့မသွားဘူး... သူငါ့ကို လိမ်နေတာ!" ဟုပင်။
ယွိစစ်ကျဲကလည်း ရပ်လိုက်ပြီး သူ့ရှေ့မှာ စားပွဲထိုးလူငယ်ကို တိတ်တဆိတ် ကြည့်နေ၏။
လူငယ်သည် အရာအားလုံးကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ဓားမြှောင်ကို ထိခိုက်မှုမရှိကြောင်း ညွှန်ပြဖို့ မြေကြီးပေါ်တွင် ထားကာ ဖန်းချူကို ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဖန်းချူ မှိန်းနေသေးပြီး အနည်းငယ် အံ့ဩသွားကာ: "ဘာကို ကျေးဇူးတင်တာလဲ...?"
လူငယ်လေး၏ မျက်လုံးများ မှိတ်သွားပြီး :"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မမိတ်ဆက်ဖူးသေးဘူး... ကျွန်တော့်နာမည်က ရွှီယိ... ကျွန်တော် ဒီကို ရောက်ရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ညီမ ပျောက်သွားလို့ပါ"
ထိုစကားကို ကြားလိုက်ရသောအခါ ဖန်းချူ၏စိတ်တွေ လွတ်သွားလေသည်။ နောက်ဆုံးတော့ စိတ်အနှောက်အယှက်ဖြစ်မှုက ဘယ်ကလာတယ်ဆိုတာ သူ နားလည်သွားပြီ။ မတိုင်ခင်က သူ့ကိုယ်သူ တစ်ခုခုကို လွဲချော်နေသလို ခံစားခဲ့ရတာကိုလည်း နောက်ဆုံးတော့ သတိရသွားသည်။
သူ ဖုန်းကို အမြန်ထုတ်ကာ WeChat Moments ကိုဖွင့်ပြီး ရွှီရွှီ၏ နောက်ဆုံး ဆယ်လ်ဖီကို ကြည့်လိုက်သည်။
ဓာတ်ပုံထဲတွင် သူမနှင့် ယောက်ျားလေးတစ်ဦးတို့သည် လက်တစ်ဖက်စီဖြင့် အသည်း နှလုံးပုံသဏ္ဍာန် လုပ်နေခဲ့သည်။
{"မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုကို... ငါနင့်ကို အမြဲချစ်နေမှာပါ မွ~"}
ဖန်းချူ ဖုန်းကိုချပြီး သက်ပြင်းချလိုက်သည်။ သူ့ရှေ့က လူငယ်ဟာ သူ့ရဲ့ ဆံပင်ပုံစံ၊ အဝတ်အစား၊ မျက်နှာအမူအရာ၊ မတူညီတဲ့ နောက်ခံနဲ့ အလင်းရောင်တွေကြောင့် သူ့ကို ပထမတစ်ချက်မှာတင် မမှတ်မိခဲ့ပါဘူး။ ယခုမူ သူ့မျက်နှာပေါ်ရှိ ပါးချိုင့်များသည် ရွှီရွှီနှင့် သိသိသာသာ ဆင်တူနေလေသည်။
သူကတော့ ရွှီရွှီရဲ့ အစ်ကိုပါပဲ။
"ကျေးဇူးတင်ပါတယ်" ဆိုသည်မှာ ရွှီရွှီရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးခဲ့ခြင်းကြောင့် ဖြစ်မည်။
ယွိစစ်ကျဲ၏အမူအရာမှာ ယခင်အတိုင်း ငြိမ်သက်နေခဲ့မြဲ။ သူက လူငယ်ကို စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်စွာ ကြည့်နေပြီးနောက် ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။
"မင်းဒီလိုလုပ်ဖို့ မလိုပါဘူး... မထိုက်တန်ဘူး"
ဖန်းချူ ယွိစစ်ကျဲပြောချင်သော အဓိပ္ပာယ်ကို နားလည်ပါသည်။ ရွှီယိက ရွှီရွှီနှင့် မတူချေ။ သူသည် အသက်ရှင်နေသူမို့ ကလဲ့စားချေဖို့ဆိုရင်တောင် သူ့လုပ်ရပ်အတွက် ပေးဆပ်ရလိမ့်မည်။ ထို့အပြင် ကျန့်ကျစ်ရွေ့ကလည်း အပြစ်ပေးခံရမည့်သူပင်။ ဒီလိုလူအတွက် အသက်စွန့်ဖို့ မထိုက်တန်ပေ။
ရွှီယိက ပြုံးပြီး သူ့အမူအရာက ဂရုမစိုက်။
"ဒီသင်္ဘောပေါ်မှာ ငါမြင်ခဲ့ရတာကို မင်းတို့ မသိဘူးမလား..."
သူက ခေတ္တရပ်လိုက်ပြီး :"တောင်းပန်ပါတယ် ငါမစောင့်နိုင်တော့ဘူး ငါမစောင့်ချင်တော့ဘူး"
ဖန်းချူ သူ့ခံစားချက်ကို နားလည်ပါသည်။ ယွိစစ်ကျဲကလည်း ဘာမှထပ်မပြောလိုဟန်ဖြင့် ခေါင်းယမ်းကာ လှည့်ထွက်သွားသည်။
ရွှီယိသည် သူ၏ ပြန်ထွက်သွားသော အသွင်ကို ကြည့်ပြီး ချီတုံချတုံ အမူအရာဖြင့် မေးလာ၏။
"သူမ ပြန်မလာတော့ဘူးမလား"
ယွိစစ်ကျဲ ခေတ္တရပ်ထားသော်လည်း လှည့်မကြည့်။
"ဟုတ်တယ်"
တုံ့ဆိုင်းခြင်းမရှိ၊ နှစ်သိမ့်မှုမရှိ၊ သူ့အသံက အေးစက်နေကာ တိကျသေချာသော အဖြေတစ်ခုသာ ဖြစ်သည်။ ဖန်းချူ နှစ်သိမ့်ပေးချင်သော်လည်း ဘာပြန်ပြောရမှန်းမသိသဖြင့် ရပ်သာ ရပ်လိုက်၏။
"မင်း..."
ရွှီယိက သူ့ကို ပြုံးပြလာသည်။ သူ့မျက်လုံးတွေထဲက အထီးကျန်မှုကို ဖုံးကွယ်ပြီး အေးဆေးတည်ငြိမ်စွာ ပြောနိုင်သေးသည်။
"အဆင်ပြေပါတယ် ကျနော် အဖြေတစ်ခု လိုချင်ရုံပါ... တကယ်တော့ မလာခင်က သူနဲ့ထပ်တွေ့ဖို့ အခွင့်ကောင်းရှိမယ် ဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျနော် ကျေနပ်နေပါပြီ... သူဘယ်သွားသွား ဘယ်လိုပဲဖြစ်နေပါစေ ညီမလေးက ကျနော်နဲ့ အမြဲရှိနေမှာပါ"
ဖန်းချူး သက်ပြင်းချလိုက်သည်။
ရွှီယိ ခေါင်းငုံ့ပြီး တိုးတိုးလေး ညည်းညူရင်း သူမရဲ့ အသံက ပေါ့ပါးလာ၏။
"ကျနော် သရဲတစ္ဆေတွေ ရှိတာကို မယုံခဲ့ဖူးပါဘူး တကယ်တော့ သရဲတစ္ဆေတွေ ရှိနေတာလည်း ကောင်းပါတယ် အနည်းဆုံးတော့ ကျနော်တို့ ပြန်ဆုံတွေ့နိုင်မှာပဲလေ… ဟုတ်တယ်မလား…”
………………
ထို့နောက် ဖန်းချူ ထပ်မံစစ်ဆေးရန် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ဒါပေါ့။ ရွှီရွှီရဲ့ ခန္ဓာကိုယ်ဟာ ပျောက်ကွယ်သွားခဲ့ပြီး သတိလစ်နေတဲ့ စားဖိုမှူးနဲ့ လိလိ၊ အန်းနတို့ရဲ့ အလောင်းတွေကလွဲလို့ ဘာမှမကျန်ခဲ့တော့ပါဘူး။
ဖြစ်ပျက်ခဲ့သမျှကို ညွှန်ပြပြီး သေလွန်သူတွေရဲ့ ရှေ့မှာသာ မရပ်ခဲ့ဖူးရင် သူတို့ ပေါ်လာဖူးတာ ဘယ်သူမှ သိမှာ မဟုတ်ချေ။ အားလုံးရဲ့သေဆုံးမှုတွေနဲ့ အဆုံးသတ်တဲ့ ပုံစံတွေက တကယ့်ထင်ယောင်ထင်မှား ဖြစ်နေကြသလိုပင်။
ရွှီယိ လုံးဝ လက်နက်ချခဲ့ပြီး သူ့ဆန္ဒ လည်း ပြည့်ဝသွားခဲ့သည်။
ဖန်းချူနဲ့ ယွိစစ်ကျဲ အပြင်သို့ ထွက်လာခဲ့သည်။
ရွှီရွှီအကြောင်းကို တွေးရင်း ဖန်းချူ သဘောထားကွဲလွဲနေသေးသည်။ သူ့ဘေးနားက တိတ်တိတ်ဆိတ်ဆိတ် ရှိနေမြဲ ယွိစစ်ကျဲကို စိုက်ကြည့်ရင်း တုံ့ဆိုင်းသွားပြီးနောက် မနေနိုင်ဘဲ မေးလိုက်သည်။
“ဘာဆက်လုပ်မှာလဲ…”
ယွိစစ်ကျဲက သူ့ကို ဂရုမစိုက်သလို စိုက်ကြည့်လာပြီး :"သူ့ကို ပြည်နယ်ရဲလက်ထဲ အပ်လိုက်မယ်"
ဖန်းချူ : "..."
ဤအဖြေသည် လုံးဝ အံ့သြစရာ မရှိပါ။
ဖန်းချူ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ ပင်လယ်ပြင်က မည်းနက်နေသေးသော်လည်း မြင်နိုင်စွမ်းက အနည်းငယ် ပိုကောင်းလာပုံရသည်။ အမှောင်ထဲတွင် သေးငယ်သော မီးခိုးလုံးများကဲ့သို့ ကောင်းကင်တွင် မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးများကို တွေ့ရလေ၏။ အားနည်းသော်လည်း မငြိမ်းသတ်နိုင်သော၊ သေးငယ်သော်လည်း ညကောင်းကင်ကို လင်းထိန်နေအောင် မြင်နိုင်သည်။
ဤလောက၌ မည်သည့်အရာကမျှ ပြီးပြည့်စုံနေသည် မဟုတ်။ ကျင့်သားရထားရမည်။
ထိုအချိန်တွင်ပင် သူ့ခေါင်းထက်မှ ထွက်ပေါ်လာသော ယွိစစ်ကျဲ၏ နက်နဲသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ အေးစက်နေဆဲ ဖြစ်သော်လည်း ညအမှောင်နဲ့ ယှဥ်ရင် နွေးထွေး ပျော့ပြောင်းသွားပုံရသည်။
"ရွှီယိက ကျန့်ကျစ်ရွေ့ရဲ့ ရာဇ၀တ်မှု အထောက်အထားတွေကို ရှင်းရှင်းလင်းလင်း သိထားပြီးသား... ကျန့်ကျစ်ရွေ့သာ အသက်ရှင်နေသေးရင် သူ့ကို လွှတ်ပေးမှာ မဟုတ်တာ သေချာတယ်... ပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလို့လည်း ယူဆနိုင်တယ်"
အိုး၊ ဒီလိုလှည့်ထုတ်မှုကလည်း တော်တော် ကျွမ်းကျင်သားပဲ။
ဖန်းချူသည် ယွိစစ်ကျဲ လှည့်ပတ်ခြင်းအကြောင်း လေးလေးနက်နက် ပြောသည်ကို ကြည့်နေမိသည်။ အချို့အရာများသည် ယွိစစ်ကျဲ၏ ထိန်းချုပ်မှုထက် ကျော်လွန်နေသော်လည်း ထိုစကားများက ထူးထူးခြားခြား နှစ်သိမ့်မှုမျိုး ဖြစ်စေခဲ့သည်။
အတန်ကြာ ခေတ္တနားပြီးနောက် သူက တိုးတိုးလေး ရယ်လိုက်သည်။
ရွှီရွှီနှင့် သူမ၏ ကောက်ကျစ်သော အကြံအစည်များကြားမှ မမျှော်လင့်ဘဲ သေခြင်းတရားမှ လွတ်မြောက်သွားပြီဟု ယူဆရသော ကျန့်ကျစ်ရွေ့သည် ရွှီယိ၏လက်တွင် သေဆုံးသွားဆဲ ဖြစ်သည်။ တချို့အရာတွေက ရှောင်လွှဲလို့ မရပေ။ ဒါပေမယ့် အနည်းဆုံးတော့ ရွှီရွှီရဲ့ နောက်ဆုံးစကားဟာ လိမ်ညာခြင်း မဟုတ်ဘူးလို့ သူခံစားမိခဲ့သည်။
ထို့နောက် ခေါင်းကို လှည့်ကာ ယွိစစ်ကျဲကို ပြန်ကြည့်လိုက်သည်။
ယွိစစ်ကျဲဟာ လက်ရန်းကို မှီထားပြီး ညလေက သူ့ဆံပင်တွေကို တဟုန်းဟုန်း တိုက်ခတ်သွားသည်။ တစ်ဖက်လူရဲ့ နောက်ခံက နက်နဲပြီး အရှိန်အဝါက အေးစက်သည်။ သို့သော် ဖန်းချူသည် သူ့အပေါ်ရှိ အေးမြသော ချောမောမှုအောက်က မမြင်နိုင်သော ရောင်ဝါကို ခံစားမိသည်။ ဒီမျက်နှာနဲ့လူကို တစ်ချိန်က သူဘယ်လောက်ထိ စွဲလန်းခဲ့ရသလဲ ဆိုတာကို တွေးရင်း သူ့နှလုံးသားက တဆတ်ဆတ် တုန်ခါသွားသည်..။
အဖေရေ.. အဲဒါတွေအကုန်လုံးက အတိတ်ပဲ။ သူ့ကိုယ်သူ ထိန်းချုပ်ရမယ်! တည်တည်ငြိမ်ငြိမ် နေစမ်းပါ။
မရေမတွက်နိုင်သော မေးခွန်းများနှင့် စူးစမ်းလိုစိတ်များက သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။
လွန်ခဲ့သည့်နှစ်နှစ်က ယွိစစ်ကျဲနှင့် တွေ့သောအခါတွင် သူ့ရုပ်ရည်ကို မြင့်မြင့်ထား၍ အဆင့်အတန်းမြင့်သော လူချမ်းသာလိုဖြစ်အောင် လုပ်ထားသော အလုပ်လက်မဲ့ လူလွတ်တစ်ယောက်ဟု ထင်ခဲ့သည်။ ဒီနေ့ သူတို့ပြန်တွေ့ကြတဲ့အခါ ယွိစစ်ကျဲဟာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ရတာကို နှစ်သက်တဲ့၊ လွှမ်းမိုးချုပ်ကိုင်မှုရှိတဲ့ CEO တစ်ယောက်လို့ သူထင်ခဲ့မိပြန်၏။ နောက်တော့ ယွိစစ်ကျဲဟာ ဝတ္ထုတွေမှာ မကြာခဏ သရုပ်ဖော်ထားတဲ့ တစ္ဆေအမဲလိုက် သခင်မျိုး ဖြစ်နိုင်တာကို သူ သဘောပေါက်လိုက်သည်။
သူသည် လက်တွေ့ကျကျ လျှို့ဝှက်ဆန်းကြယ်သော ဇာတ်လိုက် ရောင်ဝါမျိုး ဖြာထွက်နေပြီး ကြီးမားသော ပါဝါ၏ ရောင်ဝါကိုပါ ဖြန့်ကျက်နေသည်။
ဖန်းချူ ချောင်းတစ်ချက်ဆိုးရင်း မထိန်းနိုင်ဘဲ မေးလိုက်တော့၏။
“မင်း… တကယ်က တစ္ဆေမုဆိုးလား? ဘယ်ကောင်းကင်ဆရာဆီက အမွေဆက်ခံလာတာလဲ”
ဒါကို တွေးကြည့်တတ်ပေမယ့် အားလုံးတော့ တွေးကြည့်လို့ မရချေ။ ဒါက ဝတ္ထုတွေထဲမှာ အတိအကျ မဟုတ်ဘူးလား။ သရဲတစ္ဆေများသည် လက်တွေ့တွင် အမှန်တကယ်ရှိခဲ့ပြီး ထိုကဲ့သို့ ကျွမ်းကျင်သောသူများလည်း ရှိခဲ့သည်။ ကံကြမ္မာကို ပြောပြသူ၊ သရဲတစ္ဆေများဖမ်းစားကာ သုတ်သင်သူ၊ ဖုန်းရွှေနှင့် ကျင့်ကြံတတ်သော ဤသခင်များသည် ချမ်းသာကြွယ်ဝသူများ၏ ဆည်းကပ်မှုကို ခံရကာ အလွန်အမင်း သက်တောင့်သက်သာ နေထိုင်ရမည် ဖြစ်သည်။
လော်ကျင့်ယိ သူ့ကို အဘယ်ကြောင့် အလွန်ရိုသေကြောင်းကိုလည်း ဒီကနေ ရှင်းပြနိုင်သည်။ အနုပညာက ဘဝကို တကယ်အတုယူသည်လေ။
ဖန်းချူသည် သူ နောက်ဆုံးတွင် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ခံစားခဲ့ရပြီး ယွိစစ်ကျဲအပေါ် အကြည့်များက ပို၍ပင် မြတ်နိုးခြင်းနှင့် မနာလိုခြင်းများဖြင့် ပြည့်နှက်နေသည်။
ဒါက သာမာန်ဆန္ဒပြည့်ဝတဲ့ ဝတ္ထုရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်ရမှာ မဟုတ်ဘူးလား။
ဒါပေမယ့် ယွိစစ်ကျဲက သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး စကားနှစ်ခွန်းကိုပဲ ပြောလိုက်ပါ၏။
"မဟုတ်ဘူး...."
ဖန်းချူ : ???
ရိုက်တောင် ရိုက်ပြီးပြီကို မဟုတ်ဘူး ပြောနေသေးတာလား ? ငါ့မျက်စိနဲ့ သရဲကိုလည်း မြင်ပြီးပြီ။ ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့!
ဖန်းချူ တစ်ဖက်လူကို စေ့စေ့ကြည့်နေသည်။
ယွိစစ်ကျဲကလည်း သူ့ကို ပြန်ကြည့်သည်။
တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ခဏအကြာတွင်တော့ အနည်းငယ် နာကျင်နေပုံရသော ယွိစစ်ကျဲကို သူ တွေ့လိုက်ရသည်။ သူ မှားမြင်တာ မဟုတ်ချေ။ ဒါက ယွိစစ်ကျဲရဲ့ ခပ်မိုက်မိုက်၊ ခပ်ခွာခွာပုံစံနဲ့ မကိုက်ညီပါဘူး။
ထိုအခါ ဖန်းချူသည် ယွိစစ်ကျဲ၏ လေးနက်သော အသံဖြင့် ပြောသံကို ကြားလိုက်ရသည်။
"ကိစ္စတွေက မင်းထင်သလို မဟုတ်ဘူး"
ဖန်းချူ : "ဒါဆို ဘယ်လိုလဲ"
ယွိစစ်ကျဲ : "..."
လေထုက စက္ကန့်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
ယွိစစ်ကျဲ သူ့နှုတ်ခမ်းတွေကို လှုပ်ယမ်းပြီး မျက်လုံးတွေထဲ အကူအညီမဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားလေသည်။
"ကောင်းပြီ မင်း သူတို့ကို သရဲတစ္ဆေ ဒါမှမဟုတ် နတ်ဆိုးတွေလို့ ထင်နိုင်တယ်... အတူတူပါပဲ..."
ဖန်းချူ၏ မျက်လုံးများ တောက်ပလာကာ သူ့ကို သိသာသော အကြည့်ဖြင့် ကြည့်ရင်း ရယ်မောလိုက်သည်။
"ငါသိပါတယ် ငါမပြောဘူးလား... လျှို့ဝှက်ဆန်းကြယ်သလို ကစားနေသေးတယ် ငါတောင် အကုန်မြင်ပြီးပြီဟာ... စိတ်မပူပါနဲ့ ငါ လျှို့ဝှက်ထားလိုက်မယ် မင်းက နှိမ့်ချတတ်တဲ့ လူဆိုတာ ငါသိတယ်!"
ယွိစစ်ကျဲ သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် သက်ပြင်းချလိုက်လေသည်။ တစ်ဆက်တည်း သူ့နှုတ်ခမ်းမှာ အပြုံးရိပ်တစ်ခု အရိပ်အမြွက် ပြလိုက်၏။
ဖန်းချူးသည် အလွန်ကြီးမားသောလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်မြင်ကာ လျှို့ဝှက်ဆန်းကြယ်စွာမေးခဲ့သည်၊
"ဘာဖြစ်လို့လဲ... ငါတို့က ပြင်ပကမ္ဘာနဲ့ မဆက်သွယ်နိုင်ရတာလဲ ဘာလို့လဲ ဒီသရဲတစ္ဆေတွေက အချက်ပြမှုတွေကိုပါ တားထားနိုင်တာလား"
ယွိစစ်ကျဲ : "အင်း"
ဖန်းချူမှာ သူ့ရင်ဘတ်ကို ပွတ်သပ်ရင်း တုန်လှုပ်နေဆဲ ဖြစ်ပြီး :"ဘုရား ဘုရား ဒီခေတ်က သရဲတစ္ဆေတွေက အရမ်းခေတ်မီတာပဲ ဒါပေမယ့် ဘာလို့ ဒီလိုလုပ်ရတာလဲ ဘာထူးလဲ?"
ယွိစစ်ကျဲ: "သူတို့ပေါ်လာပြီးကတည်းက ကျန့်ကျစ်ရွေ့ တစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်တော့ဘူး... အဲဒါက ကိုယ်တို့အားလုံးပဲ"
ဖန်းချူ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှစ၍ သူတို့အားလုူံထဲမှ တစ်ယောက်ယောက် လုံးလုံးမသေမချင်း သူတို့နှစ်ယောက်လုံးအတွက် ပြီးဆုံးသွားလိမ့်မည် မဟုတ်ပေ။ အခြားကမ္ဘာမှ ပြန်လာသော သတ္တဝါများသည် လက်စားချေရုံတင် မဟုတ် ၎င်းတို့သည် နောက်ဆုံးတွင် အရာအားလုံးကို ဝါးမြိုသွားလိမ့်မည်။ အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ပေ။
ဒါပေမယ့် ဒီအကြောင်းကို ပြောနေစရာ မလိုသလို အဓိပ္ပာယ်လည်း မရှိပါဘူး။
ယွိစစ်ကျဲ : "ဘာမှမဟုတ်ပါဘူး"
ဖန်းချူ တစ်ဖက်လူကို ဆက်မနှိပ်တော့။ သူနည်းနည်း စပ်စုမိပေမယ့် နက်နဲစွာ တွင်းတူးဖို့ ဘယ်သူ့ကိုမှ အတင်းအကြပ် ခိုင်းစေမယ့်သူ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီနေ့ည သူတွေ့မြင်သမျှ အရာအားလုံးက သူ့အတွက် လုံလောက်နေပြီမို့ပါပဲ။ ဒါထက် သူ အလေးထားတဲ့အရာက ယွိစစ်ကျဲ၏ အထောက်အထားကို ကြည့်ပြီး တံတွေး တိတ်တဆိတ် မျိုချလိုက်သည်။
အခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ဖြတ်သန်းဖို့ အခွင့်အရေးကောင်း တစ်ခုလို့ ထင်မြင်မိပါ၏။
သူစကားပြောခါနီးတွင် လော်ကျင့်ယိ ထိတ်လန့်တကြား ပြေးချလာလေသည်။
"လူကြီးမင်းယွိ လူကြီးမင်းယွိ... ကျန့်ကျစ်ရွေ့ သေပြီ၊ သူနဲ့ သူ့သက်တော်စောင့် နှစ်ယောက်လုံး သေပြီ!"
သူ့ပါးစပ်ကို အလျင်အမြန် ပိတ်ပြီး ရင်ကျပ်လုနီးပါး ဖြစ်သွားသော ဖန်းချူ စကားမပြောနိုင် ဖြစ်သွားသည်။
ယွိစစ်ကျဲက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး။
"သိတယ်"
လော်ကျင့်ယိ ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အတော်လေး ထိတ်လန့်သွားရသည်။ ဖန်းချူ အနားမှာရှိနေတာကို ဂရုမစိုက်တော့ဘဲ အရမ်းတုန်လှုပ်သွားကာ။
"အမ် အဲဒါ.... ဒီကိစ္စကို ဖြေရှင်းပြီးပြီလား"
ယွိစစ်ကျဲလည်း နောက်ဆုံးတွင် လူသားဆန်သော အစွန်းအထင်းတစ်ခုကို ထိန်းသိမ်းထားကာ ကြင်နာစွာ ပြန်ပြောခဲ့သည်။
"ဖြေရှင်းပြီးပြီ...."
ယွိစစ်ကျဲ၏ စကားကို လက်ခံလိုက်သောအခါမှ လော်ကျင့်ယိခမျာ တစ်ညလုံး ထိန်းချုပ်ထားရသော အကြောက်တရားများ ပြေလျော့သွားသည်။ သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး သူ့ရဲ့ ယုံကြည်မှုတွေ တဖြည်းဖြည်း ပြန်ရောက်လာချေ၏။
"ဒါဆို ကျန့်ကျစ်ရွေ့က ဒီဒုက္ခကို ပေးခဲ့တာ အမှန်ပဲ ဟုတ်တယ်မလား? သူက လူမိုက်မှန်း ငါသိသားပဲ... ဒါပေမယ့် တစ်ယောက်ယောက်ကို သေစေတဲ့အထိ ယုတ်မာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... ဒီတခေါက်တော့ သူပြန်ပေါ်လာတာက လက်စားချေတာမလား... သူက သေသင့်တယ်... အလွန်ဆုံးက တခြားသူတွေတောင် လှည့်စားသွားတာပဲ!"
ဖန်းချူကတော့ သူ့သူဌေးသည် အမှန်တကယ်ပင် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပြီး ကျန့်ကျစ်ရွေ့၏ ကြောင်သူတော်သဘာဝကို အချိန်အတော်ကြာမြင်ထားတာကြောင်း သဘောပေါက်ကာ သဘောကျစွာ ကြည့်နေခဲ့သည်။
ကျန့်ကျစ်ရွေ့ကို ဝေဖန်ပြီးနောက် လော်ကျင့်ယိ အကြည့်များက ဖန်းချူဆီသို့ပြောင်းသွားပြီး။
"ရှောင်ဖန်း... မင်းလည်းဒီနေ့ အရမ်းတော်ပါတယ်"
ဖန်းချူ စိတ်လှုပ်ရှားစွာနဲ့ :"ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး"
လော်ကျင့်ယိက ကြင်နာစွာ ပြုံးပြလိုက်သည်။ သူဟာ လိမ္မာပါးနပ်ပြီး ဥာဏ်ကောင်းသော သူဖြစ်သည်။ ယခုတော့ အကျပ်အတည်း ပြီးသွားမှန်း သူသိလိုက်သည်နှင့် ယွိစစ်ကျဲ၏ အမူအယာ၊ ဖန်းချူနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည့်အတွက် သူ ဆက်မနေနိုင်တော့ပေ။ မဟုတ်ရင် တတိယဘီး ဖြစ်လာမှာ သေချာသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အဖြေကို ရရှိနေပြီ ဖြစ်သည်။ ဤလက်အောက်ငယ်သားလေးနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းက အနာဂတ်တွင် လွယ်ကူလာလိမ့်မည် ဖြစ်သည်။
လော်ကျင့်ယိက ဟက်ဟက်ပက်ပက် ရယ်ပြီး "ငါ အခု သွားရတော့မှာပဲ မင်းတို့ ဆက်လုပ်ပါ ဟားဟားဟား..."
ထို့နောက် ချက်ချင်း လှည့်ထွက်သွားကာ အစောပိုင်းက အထိတ်တလန့် အရိပ်အယောင်များကို မပြတော့ပေ။
ဖန်းချူလည်း ကျေနပ်သွားပြီး ယနေ့သူ့ရဲ့အမြတ်တွေက မျှော်လင့်ထားတာထက် ကျော်လွန်သွားတယ်လို့ ခံစားလိုက်ရလေသည်။ အရာအားလုံးကို အတော်လေး ကျေနပ်နေမိ၏။
သို့သော် လော်ကျင့်ယိ ထွက်သွားပြီးနောက် ယွိစစ်ကျဲသာ ကျန်ခဲ့သည်။
ဤကဲ့သို့ လော်ကျင့်ယိ၏ အနှောင့်အယှက် ပေးလာသော အဖြစ်ကြောင့် ဖန်းချူသည် အဆင်မပြေမှုနှင့် တင်းမာသော လေထုကို ခံစားလိုက်ရသည်။ ရုတ်တရက် ဆက်တိုက် အော်မြည်သံများက တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်သည်။ လူတိုင်း၏ဖုန်းများ မြည်လာကာ အပြင်ဘက်ရှိ တိမ်မည်းများ ခွဲထွက်သွားပြီး အဝေးမှ သင်္ဘောများ ချဉ်းကပ်လာပုံကလည်း ထင်ရှားလာသည်။
အထီးကျန်နေရာကနေ တကယ့်ကမ္ဘာကို ရုတ်တရက် ပြန်ရောက်လာသလိုပဲ။
ဖန်းချူ စိတ်လှုပ်ရှားစွာ သူ့ဖုန်းကို ထုတ်လိုက်သည်။ ဒါပေါ့။ မက်ဆေ့ချ်များစွာနဲ့ လွတ်သွားသော ဖုန်းခေါ်ဆိုမှုများ ရှိခဲ့ပေမယ့် သူတို့ကိုကြည့်ဖို့ သူစိတ်မ၀င်စားခဲ့ပါဘူး။ ယွိစစ်ကျဲကို တိတ်တဆိတ် ကြည့်လိုက်ရင်း အတွေးတစ်ခု သူ့ခေါင်းထဲကို ရုတ်တရက် ဝင်လာသည်။
ခဏအကြာတွင် သူသည် သတ္တိကို စုဆောင်းပြီး ယွိစစ်ကျဲ၏ နက်မှောင်နက်နဲသော မျက်လုံးများကို တွေ့လိုက်ရသည်။
"ဟိုဟာ...."
ယွိစစ်ကျဲက မျက်ခုံးပင့်ကာ သူ့ကို အနည်းငယ် စိုက်ကြည့်လာသည်။
ဖန်းချူ ချောင်းဆိုးပြီး တခစ်ခစ်ရယ်ကာ တည်ငြိမ်သော လေသံဖြင့်။
"ဒါနဲ့ ပြောရရင်... ငါ့အိမ်ရဲ့ ယုတ်မာတဲ့ ကလေးက ငါ့ဖုန်းနဲ့ ကစားပြီး ငါ့သူငယ်ချင်း တော်တော်များများကို ဖျက်ပစ်ခဲ့တယ်... အခု ငါတို့ ပြန်ဆုံရတာ ကံကြမ္မာပဲမလား... ငါတို့ WeChat မှာ တစ်ယောက်နဲ့တစ်ယောက် ထပ်အပ်ကြရင်ရော ဘယ်လိုလဲ"
ရှောင်းခယ်သည် အိမ်တွင် နာခံမှုရှိရှိ အိမ်စာလုပ်နေသော်လည်း နားမလည်နိုင်စွာ အပြစ်တင်ခံလိုက်ရသဖြင့် ရုတ်တရက် နှာချေမိသွားသည်။
သူ့အကြောင်း ဘယ်သူတွေ တွေးနေတာလဲ။