Chapter (6)
Viewers 1k

Chapter (6)

လာပြီ!



ဖန်းချူသည် သူ့ရှေ့မှ မြင်ကွင်းကို ကွက်ခနဲ စိုက်ကြည့်လိုက်သည်။


အကြောင်းတစ်ခုခုကြောင့် ကြောက်လန့်နေသော်လည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများနှင့် မိန်းကလေးငယ်များ၏ အပြုံးမျက်နှာများကို ကြည့်ရင်း ရုတ်တရက် ငြိမ်သက်သွားကာ သူ့လက်ချောင်းထိပ်များမှ တဖြည်းဖြည်း စိမ့်ထွက်လာသည့် အေးစက်သော ခံစားချက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။


ယွိစစ်ကျဲက သူ့လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး။


"ရွှီရွှီက ဇိမ်ခံသင်္ဘောပေါ်မှာ သေဆုံးသွားတာဆိုရင် ကျန့်ကျစ်ရွေ့ သိတာက အံ့သြစရာမဟုတ်ဘူး... သူက လူသတ်သမားတစ်ယောက်တောင် ဖြစ်နိုင်တယ် ဖော်ထုတ်ခံရမှာကို ကြောက်လို့ ဖုံးကွယ်ထားခဲ့နိုင်တယ်"


ဖန်းချူ : "ဒါဆို သူ့ကိုသတ်တာ ဘယ်သူလဲ စားဖိုမှူးလား...?"


ယွိစစ်ကျဲ၏ အကြည့်သည် ရူးသွပ်နေသော စားဖိုမှူးအပေါ်သို့ ကျဆင်းသွားကာ သူ့မျက်လုံးများက အေးစက်စက် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သူက ဖြည်းညှင်းစွာ ဆက်ပြောလာ၏။ 


"ဒါက မသေချာသေးဘူး... ဖြစ်နိုင်တာက... သူပဲ သိလိမ့်မယ်"


သူကသာ အရာအားလုံးကို ကြိုးကိုင်ခဲ့သူဖြစ်သည်။


အပြစ်ရှိသော အသိစိတ်ရှိသူများသည် ကြောက်လန့်ကြပြီး ကြောက်လန့်မှုသည် ၎င်းတို့ကို အလိုလို ဖျက်ဆီးပစ်ရန် တွန်းအားပေးတတ်သည်။ အခေါက်ခေါက် အခါခါ တွန်းအားပေးလိမ့်မည်။ 


သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို သတိမမူမိဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်မှာ အကြာကြီး ဖြစ်ကောင်းဖြစ်နိုင်၏။ စားဖိုမှူးသည်လည်း အချိန်အတော်ကြာအောင် ခုတ်ထစ်ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့ကို သတိထားမိလာသည်။ ထိုအချိန်တွင် ၎င်းက ရူးသွပ်သွားပြီဖြစ်တာကြောင့် မျက်လုံးများက သွေးယိုစီးလာကာ သူတို့ကို တိုက်ခိုက်လာတော့သည်။ 


သူက လူတိုင်းကို သတ်ပစ်ချင်​နေတာ။


ယွိစစ်ကျဲက မျက်ခွံတောင် မလှန်ပြဘဲ သူ့လက်ကို မြှောက်လိုက်ပြီး စားဖိုမှူးကို ခေါင်းနောက်ကို ရိုက်ချပစ်လိုက်သည်။ ဓားသည် သူ့မျက်နှာဘေးကို ဝှစ်ကနဲ ဖြတ်ကာ စားဖိုမှူးလည်း သတိလစ်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။


အဲဒါကို ဖြေရှင်းရတာ အရမ်းလွယ်တယ်ပေါ့?


ဖန်းချူ အမှန်တကယ်ပင် မယုံနိုင်အောင် ဖြစ်နေ၏။ သို့သော်လည်း ယွိစစ်ကျဲသည် စားဖိုမှူးကို လွယ်လွယ်ကူကူ အနိုင်ယူပြီးနောက် သက်သာရာမရခဲ့ပေ။ အဲဒီအစား သူ့အပြောအဆိုက အရင်ကထက် ပိုလေးနက်လာခဲ့သည်။ 


“ဒါလေးပဲ မဟုတ်ဘူး” 


"အာ?" ဖန်းချူ မော့ကြည့်လိုက်သည်။


ဘာလဲ?


ရွှီရွှီ၏ လုပ်ရပ်များသည် စားဖိုမှူးကို ပစ်မှတ်ထားသည့်အပြင် ယွိစစ်ကျဲကို ဆွဲဆောင်ရန် ရည်ရွယ်ထားကြောင်း ရုတ်တရက် သိလိုက်ရသည်။ သို့သော် ယွိစစ်ကျဲက လူသတ်သမားမဟုတ်သလို ကျန့်ကျစ်ရွေ့နှင့်လည်း ပတ်သက်မှု မရှိပေ။ သူမ ဘာကြောင့် ယွိစစ်ကျဲကို ပစ်မှတ်ထားနေတာလဲ။ ဘာကြောင့် သူ့ကို အာရုံပြောင်းဖို့ ကြိုးစားနေတာလဲ။


ဖန်းချူ ဒါကို အဖြေရှာဖို့ ကြိုးစားနေစဉ်မှာပဲ ယွိစစ်ကျဲက ရုတ်တရက် ရှေ့ကို တိုးလာပြီး အခန်းထဲမှ နံရံကပ်ဗီဒိုတံခါးကို ဖွင့်လိုက်လေသည်။ 


အရင်အတိုင်း အမျိုးသမီး အလောင်းနှစ်လောင်း ပြုတ်ကျလာ၏။ ဖန်းချူ ၎င်းတို့ကိုတွေ့သောအခါ နေရာတွင်ပင် အေးခဲသွားရသည်။ 


ဒီမိန်းက​​လေးနှစ်ယောက်ရဲ့ မျက်နှာကို သူကောင်းကောင်း မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရွှီရွှီနှင့် တစ်ညလုံး အတူရှိခဲ့ကြပြီး ရွှီရွှီ သေဆုံးသွားတာကို မသိကြောင်း ကျန့်ကျစ်ရွေ့ ရှေ့မှာ ဟန်ဆောင်ခဲ့သည့် လိလိနှင့် အန်းနတို့ပဲ ဖြစ်​လေသည်။


"သူတို့လည်း သားကောင်တွေ ဖြစ်နိုင်တာမို့..." 


ဖန်းချူ နောက်ဆုံး သဘောပေါက်သွားသလို လန့်သွားသည်။ လိလိနှင့် အန်းနတို့ကလည်း လူသားမဟုတ်ပေ။ ရွှီရွှီက ယွိစစ်ကျဲကို လှည့်ဖြားခဲ့ပြီး လိလိနဲ့ အန်းနကိုတော့ ကျန့်ကျစ်ရွေ့ထံ ချဉ်းကပ်ရန် ချန်ထားခဲ့ကာ လက်စားချေရန် ဖြစ်သည်။ 


ဒီတော့ ဒါက လူသုံးယောက်ပါတဲ့ အဖွဲ့ပေါ့။


သို့သော် ယွိစစ်ကျဲက ခေါင်းယမ်းကာ မြေပြင်ပေါ်ရှိ အမျိုးသမီးအလောင်းကို ငုံ့ကြည့်ကာ ဆိုလိုက်သည်။ 


"သားကောင်တွေလား?"


"ဖြစ်ကောင်းဖြစ်နိုင်တယ်... သူတို့ရဲ့အလောင်းတွေက လတ်ဆတ်သေးတယ် သေထားတာ မကြာသေးဘူး ကျန့်ကျစ်ရွေ့ သူတို့ကို မသတ်ထားဘူး" ယွိစစ်ကျဲ၏ မျက်လုံးများက နားမလည်နိုင်အောင် ရှုပ်ထွေးနေသည်။ 


"အရင်က... ရွှီရွှီထက် ဒီသင်္ဘောပေါ်မှာ ဓားစာခံတွေ ပိုများနေပေမယ့် သူတို့တော့ မဟုတ်ဘူး"


ဖန်းချူသည် ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်နေပေမယ့် ဘောင်အပြင်ဘက်အပေါ် တွေးတောခြင်းမှာလည်း မဆိုးလှပေ။ ဖြစ်နိုင်ခြေကို သိလိုက်ရတော့ သူ့မျက်နှာက ညှိုးငယ်သွားသည်။


ရွှီရွှီက သေနေပြီ။ ဒီနေ့ညရဲ့ ရွှီရွှီက သူမ မဟုတ်တော့ချေ။ 


လိလိနှင့် အန်းနတို့လည်း အသတ်ခံခဲ့ရပြီး ၎င်းတို့ပုံစံနှင့် အခြားအရာများ ထွက်ပေါ်လာခဲ့သည်။


ယွိစစ်ကျဲကို လှည့်စားဖို့ တစ်ယောက်မှာ တာဝန်ရှိနေချိန် ကျန်နှစ်ယောက်က ကျန့်ကျစ်ရွေ့ကို လက်စားချေရန် ကြိုးပမ်းဖို့ တာဝန်ရှိလေသည်။


အဖြစ်အပျက်များ အားလုံးက အပြန်အလှန် ဆက်စပ်နေပြီး သူတို့နှစ်ယောက် ဒီမှာရှိနေတာက သူမတို့ရဲ့ လက်ရှိ အကွက်ချမှု အတွင်းတွင် ရှိနေ​ပေသည်။ ဖန်းချူ ယွိစစ်ကျဲကိုကြည့်ပြီး။


"ငါတို့ပြန်သင့်​ပြီ ထင်တယ်"


ရွှီရွှီက ယွိစစ်ကျဲကို မြှားခေါ်မယ့် သားကောင် ဖြစ်ခဲ့ရင်တောင် အပေါ်ထပ် ခန်းမထဲမှာ လူမဆန်တဲ့ အကောင်နှစ်ကောင် ရှိနေဆဲဖြစ်ပြီး ကျန့်ကျစ်ရွေ့ အပြင် အပြစ်မဲ့သူတွေ အများကြီးရှိပါသေးသည်။ ရွှီရွှီ ကလဲ့စားချေဖို့ ကြိုးစားနေတာတောင်မှ တခြားလူတွေကို အန္တရာယ်ထဲ ကျရောက်သွားစေမယ့် အကြောင်းပြချက်ကိုတော့ လက်မခံနိုင်ပေ။ 


ယွိစစ်ကျဲ ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ 


သို့သော်လည်း နှစ်ယောက်သား အခန်းထဲမှ ထွက်လာစဉ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများသည် ရုတ်တရက် အသက်ပြန်ဝင်လာကာ လူပုံသဏ္ဌာန်အဖြစ် မြန်မြန်ဆန်ဆန် ပေါင်းစပ်လာသည်။ ခြေလက်များ၊ လည်ပင်းဆီက ချုပ်ရိုးများက မတင်းကျပ်ဘဲ ကြီးမားပြီး သွေးထွက်သံယိုများ ကျန်နေသောကြောင့် ခန္ဓာကိုယ်တစ်ခုတည်းမှ ပေါင်းစပ်ထားပုံမပေါ်ပါ။ လူတစ်​​ယောက်​လုံးသည်​ ချစ်​စရာ​ကောင်း၊ ရှက်​ပြုံး​နေပြီး ထိုပြုံးနေသည့်​မျက်နှာမှလွဲ၍ ကျန်​တစ်​​ယောက်​လုံးသည်​ မထင်​မှတ်​ဘဲ အတုံးလိုက်​အတစ်လိုက်​​ကြီးနှင့်​ တူသည်​။


ကောင်မလေးရဲ့အသံက ပျော့ပျောင်းပေမယ့် ကြောက်စရာလည်း ကောင်းနေသည်။ 


"မသွားပါနဲ့ ကျေးဇူးပြုပြီး ဒီမှာ ခဏ အဖော်နေပေးပါ အဆင်ပြေလား"


ဒါက ထိတ်လန့်စရာရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုပါပဲ။ ဖန်းချူရဲ့ အမူအရာက တင်းမာလာခဲ့တယ်။ နောက်ဆုံးတော့ ရောက်လာပြီ။ 


ယွိစစ်ကျဲ သက်ပြင်းတစ်ချက်ချကာ ကောင်မလေးဘက်သို့ လှည့်သွားသည်။ 


"ငါတို့တက်ရမယ်ဆိုတာ မင်းသိပါတယ်" 


"ဘာလို့လဲ?" 


ရွှီရွှီ သူ့ခေါင်းကို စောင်းလိုက်သည်။ ခေါင်းက အဲဒီနေရာမှာ ဆက်ထားရတာကြောင့် လှုပ်ရှားမှုက သူ့ခေါင်းနဲ့ လည်ပင်းကို ချိတ်ထားတဲ့ ချည်မျှင်ပါးပါးလေးပဲ ကျန်တော့၏။ သူမလည်ပင်းသာ ပြုတ်ကျရင် နယူတန်တောင် သူ့အုတ်ဂူထဲ ထလာလိမ့်မည်။ 


"ကျွန်မရှင့်ကို ဘာမှမလုပ်​ထားဘူး ကျွန်မနဲ့နည်းနည်းကြာကြာ​ နေချင်​ရုံပါ... ခဏလေးပါပဲ..."


ယွိစစ်ကျဲကို ကြောက်လန့်တကြား အရိပ်အမြွက် ကြည့်လိုက်ပြီး သူ့ကို တော်တော်သတိထား​နေပုံရသည်။ ယွိစစ်ကျဲ သူမကို ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက စူးရှလာသည်။ 


"မင်း မလုပ်နိုင်တာလား မလုပ်ရဲတာလား"


ရွှီရွှီ: "..."


ဖန်းချူ : "..." 


သူက တစ္ဆေကို မျက်နှာသာတောင် မပြပေ။ မိန်းကလေးကို နူးညံ့သိမ်မွေ့ပြရမလဲလည်း မသိဘူး။


ရွှီရွှီ၏အမူအရာမှာ တစ်ခဏမျှ တင်းမာသွားပြီးနောက် သူမ သွားများကို အံကြိတ်ကာ ပြင်းထန်သော အမူအရာကို ထုတ်ဖော်ပြလာသည်။ သူမက သူတို့ကို ချောက်ချားစွာ စိုက်ကြည့်လျက်။


"ရှင်တို့ အခုပြန်သွားလည်း အရမ်းနောက်ကျသွားပြီ ဟမ့်!"


ယွိစစ်ကျဲ မျက်ခုံးပင့်လိုက်ပြီး :"ဟုတ်လား?"


သူလှည့်ထွက်သွားပြီး သူ့နောက်က ဒေါသတကြီးဖြစ်နေသော မိန်းကလေးကို လုံးဝလျစ်လျူရှုလိုက်သည်။ ယွိစစ်ကျဲ အပေါ်ထပ်သို့ တက်တော့မည်ကို မြင်လိုက်ရသဖြင့် ရွှီရွှီ နောက်ဆုံးတွင် ထိတ်လန့်သွားပုံရပြီး သူ့ကို တားဆီရန် မဝံ့မရဲဖြစ်နေသည့်ကြားက အပြေးအလွှား ပြေးလာခဲ့သည်။


ယွိစစ်ကျဲ လှည့်မကြည့်ဘဲ ရွှီရွှီရဲ့ တိုက်ခိုက်မှုကို လွယ်လွယ်နဲ့ ရှောင်လိုက်ပြီး သူ့လက်သီးဖြင့် သူမရဲ့ လည်ပင်းကို ထိုးချလိုက်သည်။ လက်သီးက သူမကို ထိမှန်သွားသည်နှင့် သူမ၏ တွဲနေသော ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲအက်သွားတာကြောင့် သူမ၏ ခြေလက်များသည် အဝေးသို့ လွင့်ပြေးသွား၏။


ရွှီရွှီ သူ့ကို စိုက်ကြည့်ရင်း မျက်လုံးတွေ တဖြည်းဖြည်း နီရဲလာပြီး ဒေါသနဲ့ ဝမ်းနည်းမှုတွေ ရောထွေးလာသည်။ တစ်ဆက်တည်း သူမရဲ့ အမူအရာက တဖြည်းဖြည်း ပြင်းထန်လာပြီး။ 


"ဘာလို့ ပြန်သွားမှာလဲ...ဒီမှာ မနေဘူးလား ဒီမှာ နေပါဦး!"


သူမ အော်ဟစ်သံနှင့်အတူ အခန်းတွင်းရှိ မရေမတွက်နိုင်သော အလောင်းကောင်များ အားလုံး စတင်လှုပ်ရှားလာသည်။


မကြာခင်မှာပဲ ရွှီရွှီတစ်ယောက်၊ ရွှီရွှီနှစ်ယောက်၊ ရွှီရွှီသုံးယောက်အပြင် တစ်ဒါဇင်ကျော် အလောင်းပုံကနေ ထလာကြသည်။ ဒါဟာ လူတစ်ဦးချင်း တိုက်တော့မယ့် ရန်ပွဲမဟုတ်တာ သေချာသွားပြီ။ 


အေးချမ်းသော အပြုံးတစ်ခုသည် သူမ၏ သွေးစီးကျနေသည့် မျက်လုံးများမှအောက်မှ ထွက်ပေါ်လာသည်။ မျက်နှာတစ်ခုစီသည် ယွိစစ်ကျဲနဲ့ ဖန်းချူအား တပြိုင်နက်တည်း ပြုံးပြနေပြီး အဖြူရောင် အစွယ်သေးသေးလေးများကို ထုတ်ပြရင်း ရယ်မော​လိုက်သည်။ 


“နေလိုက်တာက ပိုကောင်းမှာ မဟုတ်ဘူးလား…”


ဖန်းချူမျက်နှာမှာ ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားခဲ့သည်။ အမိုက်စား မြင်ကွင်းပဲ။ ဤအရာသည် ပြင်းထန်ပြီး ရက်စက်သော အမှောင်တိုက်ခိုက်မှုကို ထုတ်လွှတ်ပါတော့မည်။


ပြီးတော့ အဲဒါက အုပ်စုလိုက် တိုက်ခိုက်မှုပဲ။


သူလက်ကို မြှောက်ကာ :"ငါလက်မြှောက်တယ်... ငါမသွားတော်ဘူး! အဖွား၊ မင်းလက်စားချေနိုင်တယ် ညည်းညူလို့ရတယ်—ဒါက ငါနဲ့ဘာမှမဆိုင်ဘူး!"


ဒါပေမယ့် သူ စကားတောင် မပြောနိုင်ခင်မှာ ယွိစစ်ကျဲက လှုပ်ရှားနေပြီ။


ယွိစစ်ကျဲ၏ လှုပ်ရှားမှုများသည် သာမန်မျက်စိဖြင့် ၎င်းတို့နောက်ကို မလိုက်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ မှုန်ဝါးဝါး အရိပ်များသာ ကျန်ရစ်ခဲ့သည်။ သူသည် သူ့လက်သီးများမှလွဲ၍ ဘာမျှမသုံးဘဲ ရွှီရွှီအုပ်စုကို အပိုင်းပိုင်းခွဲကာ 'အသားတုံးများ' အစုအဝေးအဖြစ်သို့ ပြန်ပြောင်းပစ်ခဲ့၏။


အရာအားလုံးက စက္ကန့်အနည်းငယ်မျှသာ ကြာသွားသည်။


ဖန်းချူ : "... "


သူတကယ်ပဲ ဒီစိတ်ညစ်စရာကြီးကို နည်းနည်းကြာကြာလောက် ထိန်းထားနိုင်မယ်လို့ ထင်ထားပေမယ့် အရေအတွက် ပြောင်းလဲမှုက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို လုံးဝ မဖြစ်ပေါ်စေခဲ့။ အားနည်းသူသည် အားနည်းသူသာ ဖြစ်ပြီး သေသွားပြီးတာတောင် အားနည်းနေဆဲ။ 


ယွိစစ်ကျဲက ထိုနေရာတွင် အေးစက်စွာ ရပ်နေပြီး သူ့အဝတ်ပေါ်မှ သွေးများကို ရွံရှာဖွယ်အရိပ်အမြွက်ဖြင့် သုတ်လိုက်သည်။


ကလေးမလေးက ခေါင်းကို ကြမ်း​ပြင်ပေါ်တွင် မြှုပ်ထားပြီး တိုးတိုးလေး ရှိုက်​နေသည်။


ဇာတ်ဝင်ခန်းက ဒီလောက် သွေးထွက်သံယို ဖြစ်နေလို့သာ မဟုတ်ရင် နှလုံးသားမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသားတစ်ယောက် မထွက်ခွာခင် အိမ်တွင်းအကြမ်းဖက်မှု လုပ်ခဲ့သော မြင်ကွင်းတစ်ခုလို ဖြစ်နေမှာပါပဲ။


ဖန်းချူပင်လျှင် သနားစိတ်ပြင်းပြကာ သူမအား နှစ်သိမ့်ပေးလိုက်သည်။ 


"ဘာဖြစ်ခဲ့လဲ ငါတို့ အတိအကျ မသိပေမယ့် စိတ်မပူပါနဲ့ ငါတို့သိပြီးပြီဆိုမှတော့ လုံးဝ ဒီအတိုင်း ထိုင်နေမှာ မဟုတ်ဘူး... ရာဇ၀တ်ကောင်တွေကို ပေးရမယ့် အဖိုးအခ ပြန်တောင်းမယ်"


အပေါ်ထပ်က နတ်ဆိုးများက ဖျက်ဆီးနေလောက်ပြီ။ ထို့ကြောင့် သူတို့ ဆက်နေလို့ မဖြစ်ချေ။ ၎င်းက လူတိုင်း၏ ဘေးကင်းမှုကို အန္တရာယ်ပေးနိုင်သည်။


ဒါပေမယ့် ကလေးမလေးက လုံးဝ နားမထောင်ပါ။ ပြင်းထန်စွာ ငိုကြွေးရင်း မျက်လုံးများမှ သွေးများ လျှံထွက်လုနီးပါး ဖြစ်လာသည်။ ဖန်းချူလည်း သက်ပြင်းချကာ သူတို့ကို လျစ်လျူရှု၍ လှည့်ထွက်သွားခဲ့သည်။


သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက်တွင် သူ့နောက်မှ အေးစက်သောလေကို ရုတ်တရက် ခံစားလိုက်ရသည်။


ထိတ်လန့်တကြား လှည့်ကြည့်လိုက်တော့ သူ့နောက်မှာ တစ်လက်မအောက် ထက်မြက်တဲ့ ဓားမြှောင်တစ်ချောင်းကို ကိုင်ထားတဲ့ လက်တစ်ဖက်ကို တွေ့လိုက်ရ၏။ ကောင်မလေး၏ လည်ပင်းကို ယွိစစ်ကျဲက ဆုပ်ကိုင်ထားပြီး သူမကို စိုက်ကြည့်ရင်း မျက်လုံးများ သွေးထွက်နေသည်။ 


ယွိစစ်ကျဲသာ အချိန်မီ သတိမထားမိရင်...


ဖန်းချူ အေးစက်သော ချွေးများ ချက်ချင်း ဖုံးလွှမ်းလာသည်။ 


ယွိစစ်ကျဲကလည်း မိန်းကလေး၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူ့မျက်လုံးများက ပိုအေးစက်နေသည်။


သူ၏ အစောပိုင်း လုပ်ဆောင်ချက်များသည် ပေါ့ပေါ့ပါးပါး အရိပ်အမြွက် ပြခဲ့မည်ဆိုလျှင် ဤအခိုက်အတန့်တွင် အေးခဲနေသော သတ်ဖြတ်လိုစိတ်က ရုပ်ဖျက်ရန် မလိုတော့ပေ။ ယွိစစ်ကျဲ၏ နက်မှောင်သော မျက်လုံးများသည် နားမလည်နိုင်လောက်အောင် နက်ရှိုင်းကာ နွေးထွေးမှု မရှိသော သူ့အသံက ဆိုလာ၏။ 


"ငါ မင်းနဲ့ နောက်မှ စာရင်းရှင်းဖို့ တွေးထားတာ...."


ဖြည်းဖြည်းချင်း နာကျင်တဲ့အကြည့်က သူမမျက်နှာပေါ် ပေါ်လာသည်။ သူမလက်ထဲက ဓားမြှောင်က မြေပြင်ပေါ်သို့ ပြုတ်ကျကာ ယွိစစ်ကျဲလက်ကို ဖမ်းဆုပ်ရန် အသည်းအသန် ကြိုးစားလာခဲ့သည်။ သူမ၏နောက်ကွယ်ရှိ အလောင်း၏ အပိုင်းအစများသည် တစ်ဖန် တုန်ခါလာသော်လည်း တစ်စုံတစ်ခုကြောင့် လောင်ကျွမ်းသွားသကဲ့သို့ ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်​ပေါ်လာသည်။ အငြိမ်မနေသော အလောင်းများ အားလုံး ငြိမ်ကျသွားပြီး မလှုပ်ရှားနိုင်တော့ဘဲ ဖြည်းညှင်းစွာ ​ပြာကျသွားကုန်၏။ 


သူမသည် ယွိစစ်ကျဲကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားကာ။


"ကျွန်မရှင့်ကို ခဏ နေစေချင်ရုံပဲ... အဲဒီ့ကို မတက်ပါနဲ့ သူကသေထိုက်တယ်... သေသင့်တယ်"


သေလုမြောပါးလူ၏ ငိုကြွေးသံကဲ့သို့ ကျယ်လောင်သော စူးစူးရှရှ အသံက အစောကထက် ကျယ်လောင်လှသည်။


ယွိစစ်ကျဲ မတုန်မလှုပ်ပင်။ သူက ခေါင်းကို အနည်းငယ်ငုံ့ကာ အေးစက်၊ ရက်စက်သည့် အပြုံးကို ထုတ်ဖော်ကာ :"မင်းက ဒီကမ္ဘာနဲ့ မသက်ဆိုင်တော့ဘူး သေထိုက်သူဆိုတာ ရဲတွေ ကိုင်တွယ်ဖြေရှင်းဖို့ပဲ... မင်းဆုံးဖြတ်ဖို့ မဟုတ်ဘူး" 


ရွှီရွှီ မကျေမနပ် ရုန်းကန်နေရဆဲဖြစ်ပြီး သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် နာကြည်းမှုများသာ ပြည့်နှက်နေခဲ့သည်။ သူ့မျက်နှာမှာ သွေးမျက်ရည်တွေ စီးကျနေ၏။ 


"ဘာလို့ မစွက်ဖက်နိုင်ရမှာလဲ.... သူက ကျွန်မကို သတ်လိုက်တာ... သူတို့က ကျွန်မကို ညှဉ်းပန်းနှိပ်စက်တယ် မုဒိမ်းကျင့်တယ် ကျွန်မကိုတောင် သတ်လိုက်​ကြတာ... ဘာလို့ မသတ်ရမှာလဲ!"


ယွိစစ်ကျဲ၏ နှုတ်ခမ်းများက အပြုံးတစ်ခုကြောင့် ကွေးလျက်။ 


"မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ"


ရွှီရွှီ အံ့အားသင့်သွားသည်။ 


"ဒါ​ပေမယ့်​ ရှင်ပြောတာ...."


"မင်းမှာ လုံလောက်တဲ့ စွမ်းရည်ရှိသရွေ့ သူ့ကိုသတ်ဖို့မပြောနဲ့ လူတိုင်းကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး ဒါပေမယ့် မင်းမှာရှိရဲ့လား"


ရွှီရွှီ : "..."


ဖန်းချူသည် အသက်မဲ့နေသော သူမ၏မျက်လုံးများကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်ကာ သူ့နှလုံးသားလည်း နစ်မြုပ်သွားခဲ့သည်။ ဒီမိန်းကလေးက အားနည်းသူကို ရွေးပြီး သူ့လက်ထဲ ကိစ္စတွေကို ယူဖို့ တွေးနေပေမယ့် ဒီစကားတွေက နာကျင်လွန်းနေသေးသည်။ ဖန်းချူ သူ့ကိုယ်သူ သူတော်စင်လို့ တစ်ခါမှ မယူဆဖူးပါဘူး။ ယွိစစ်ကျဲ၏ အေးစက်မှုကြောင့် သူ့ကြင်နာမှုက သေချာပေါက် မီးမောင်းထိုးပြသလို ဖြစ်နေခဲ့ရုံသာ။ 


သူမ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် တအိအိကျဆင်းနေပြီး ယခုတစ်ကြိမ်တော့ ပြန်မထနိုင်တော့ပေ။ အသက်မဲ့မျက်လုံးများက သူတို့ကိုကြည့်ကာ ငိုရှိုက်ပြန်သည်။


"ဖေဖေ... မေမေ.... ကိုကို... အိမ်ပြန်ချင်တယ်..."