Chapter (2)
Viewers 1k

Chapter (2)

ပြန်လည်ဆုံဆည်းခြင်း



ဖန်းချူသည် ခဏတာမျှ လက်တွေ့မကျသော ခံစားချက်ကို ခံစားလိုက်ရသည်။


အိပ်မက်တစ်ခုလိုပဲ။


သူသည် အပျော်စီးပါတီကို တက်ရောက်ခဲ့ရုံသာ ဖြစ်သည်။ နှစ်နှစ်အတွင်း မတွေ့ဖူးသော ရည်းစားဟောင်းနှင့် တွေ့ဆုံခြင်းမှာလည်း ငြင်းမရသော ကံကြမ္မာ ဖြစ်နေပြီဖြစ်သည်။ သူ့ရည်းစား​ဟောင်းက မယုံနိုင်လောက်အောင် ချမ်းသာနေကြောင်း ရှာဖွေတွေ့ရှိခြင်းသည်လည်း အံ့သြစရာပင်။ 


ဒါပေမယ့် သေတဲ့လူက ဘာကြီးလဲ! သူ ဒါကိုလည်း တွေ့ဆုံနိုင်တာပဲလား ???


ဒီနေ့ သူ့မှာ ကြယ်ပွင့်တစ်ယောက်ရဲ့ အရိပ်အာဝါသ ရှိသေးရဲ့လား။


အော်ဟစ်သံက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားခဲ့ပြီး တံခါးဝဆီသို့ ပြေးလာကြသည်။ မကြာခင်မှာပင် လူအုပ်ကြီးသည် ပိုမိုကျယ်လောင်သော ဆူညံသံများဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့သည်။


ဖန်းချူသည် အမှုအခင်းနေရာဆီ အချိန်မီ မရောက်ရှိနိုင်သဖြင့် လူအုပ်ထဲတွင် ပုန်းနေပြီး သတိမပြုမိခဲ့ပေ။ သူသည် လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်သော အမူအရာများကို စိုက်ကြည့်ကာ သူ့စိတ်သူ ပြန်စုဆောင်းကာ အိပ်မက်မမက်ကြောင်း ဝန်ခံခဲ့ရသည်။ တစ်စုံတစ်ယောက် တကယ် သေသွားခဲ့တာ ဖြစ်နိုင်၏။ 


ယခုအချိန်က ပျော်ပွဲရွှင်ပွဲထဲ ပါဝင်ရန် အချိန်မဟုတ်ပေ။ ဖန်းချူ အခြေအနေကို အဝေးမှကြည့်ကာ လူအုပ်ထဲသို့ အမြန် ပြန်ဆုတ်သွားခဲ့သည်။


ခဏအကြာတွင် အပြင်မှ လူတစ်ယောက်က မိန်းကလေးတစ်​ယောက်ကို ကူတွဲပေးလာတာ တွေ့ရလေ၏။ စကပ်က သွေးများဖြင့် စွန်းထင်းနေပြီး အတော်လေး ကြောက်လန့်နေပုံရသည့် သူမကတော့ ဖန်းချူနှင့် အဆက်အသွယ် အချက်အလက်များ ဖလှယ်ခဲ့သော ရွှီရွှီပဲ ဖြစ်သည်။


အပြင်ထွက်ရာကနေ စင်္ကြံမှ အလောင်းကို ထိမိသွားပုံပါပဲ။ 


မည်သူမဆို အချိန်မရွေး စင်္ကြံအတွင်း ဖြတ်သွားနိုင်သည်။ လူသတ်မှုတော့ မဖြစ်နိုင်ဘူး။ မတော်တဆ ဖြစ်နိုင်လား။


ထိုသို့ဖြစ်လျှင်ပင် ကံမကောင်းလှပေ။


ဖန်းချူသည် အမှန်တကယ်ပင် စူးစမ်းလိုစိတ်ရှိသော်လည်း ယွိစစ်ကျဲ ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် သူ့သိချင်စိတ်ကို ထိန်းထားရန် အပြင်းအထန် ကြိုးစားခဲ့ရသည်။


များမကြာမီ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးသည် ထင်ရှားသော အမူအရာဖြင့် သက်တော်စောင့်များ အနားသို့ ချဉ်းကပ်လာသည်။ ထိုသူက အဖြစ်အပျက်ကို တိုးတိုးလေး နားထောင်ရင်း လေးနက်သော မျက်နှာထားဖြင့် မျက်ခုံးပင့်သွားသည်။ ဖန်းချူလည်း တစ်ဖက်လူက သူ့ကို ဇိမ်ခံသင်္ဘောပိုင်ရှင် ကျန့်ကျစ်ရွေ့ ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူသည် လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ပြီး သင်္ဘောပေါ်တွင် ပွဲလမ်းသဘင်များ မကြာခဏ ကျင်းပလေ့ရှိသည်။ လူသိများပြီး လူများစွာက ခင်မင်နိုင်ဖို့ ရည်မှန်းထားရသူတစ်ဦး ဖြစ်သည်။


ဖြစ်ပျက်ခဲ့တာကို ကြားတဲ့အခါ သေချာပေါက် အံ့အားသင့်သွားခဲ့ပေမယ့် အလျင်အမြန် ငြိမ်သက်သွားပြီး လူတိုင်းဘက်ကို လှည့်ပြောလိုက်သည်။  


"တောင်းပန်ပါတယ်... အသေးအဖွဲ့ မတော်တဆ အဖြစ်အပျက် တစ်ခု ဖြစ်သွားခဲ့ပါတယ်... ကျနော်တို့ ရဲကို ဆက်သွယ်ပြီးပါပြီ ကျေးဇူးပြုပြီး ခန်းမထဲမှာ အေးအေးဆေးဆေး နေကြပါ... အားလုံးရဲ့ ဘေးကင်းရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"


ဖန်းချူ၏ မျက်ခုံးများ တုန်သွားသည်။ 


ဒါက... အန္တရာယ်တစ်ခုခု ရှိနေတဲ့ ခံစားချက်ပဲ....


ဒါပေမယ့် ကျန့်ကျစ်ရွေ့ကတော့ ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့ပါဘူး။ သူကလှည့်၍ ယွိစစ်ကျဲဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ ခဏအကြာတွင် သူသည် အနည်းငယ် ငြိမ်သက်သွားပုံရပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသော်လည်း သူ့အမူအရာမှာ လေးနက်နေခဲ့သည်။


ဒီအဖြစ်အပျက်ကြောင့် စင်္ကြံက ပိတ်ဆို့သွားခဲ့ပြီး ခန်းမထဲမှာ အားလုံး စုရုံးခဲ့ကြရသည်။ ကျန့်ကျစ်ရွေ့က အရာအားလုံးကို စီစဉ်ပေးနေသည်ဟု ဆိုသော်လည်း ရုတ်ချည်းဆိုသလိုပင် လူအနည်းစုက ရုပ်အလောင်းကို မြင်လိုက်ရသဖြင့် လူအများကြားတွင် ကြောက်လန့်တကြား သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။


သေဆုံးသူသည် သင်္ဘောပေါ်က စားပွဲထိုးဖြစ်ပုံရသည်ဟု ဖန်းချူ ကြားသိရသည်။ သူ့သေဆုံးမှုက ကြောက်မက်ဖွယ်ကောင်းပြီး အပိုင်းပိုင်း လှီးဖြတ်ခံထားရကာ ကြမ်းပြင်ပေါ်တွင် သွေးများပြည့်နေခဲ့သည်။ ဘယ်လို စိတ်ရောဂါ လူသတ်သမားက ဒီလိုမျိုး လုပ်နိုင်မလဲ ဆိုတာ ဖန်းချူပင် သိချင်လာမိ၏။


ဖန်းချူ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ့အတွေးထဲက ဤမေးခွန်းသည် အကြောင်းအရာ၏ အတိုင်းအတာထက် ကျော်လွန်နေ​ပြီ။


လေထုက အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းသောကြောင့် ဖန်းချူ သူငယ်ချင်းတစ်ယောက်ဆီ မက်ဆေ့ချ်ပို့ဖို့ ဖုန်းကို ဆွဲထုတ်လိုက်ရာ သူ့ဖုန်းတွင် အချက်ပြလိုင်း မရှိတော့ဘဲ ဘာမှမပို့နိုင်တော့ကြောင်း တွေ့လိုက်ရ​​လေသည်။


အချက်ပြလိုင်း မကောင်းတာက ပင်လယ်တွင် သာမန်ပဲ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းက သူ့နှလုံးသားကို နက်နဲစွာ လွမ်းဆွတ်သွား​စေသည်။


ကံကောင်းစွာနဲ့ပဲ သင်္ဘောမှာက ဂြိုလ်တုဖုန်းတွေ ပါခဲ့ပါ၏။ ကျန့်ကျစ်ရွေ့က သူ ပြင်ပကမ္ဘာကို ဆက်သွယ်ပြီးပြီဟု ပြောသောကြောင့် အရာအားလုံး အဆင်ပြေသင့်သည်ဟု ဖန်းချူ တွေး​နေခဲ့သည်။


………………


ဒီလိုမျိုး တစ်ခုခု​ဖြစ်ပြီးသွားရင် ဘယ်သူကမှ အပျော်တမ်း မနေချင်တော့ပေ။ 


လော်ကျင့်ယိလည်း လေးလံသော အမူအရာဖြင့် ခန်းမထဲတွင် ရပ်နေသည်။ သူသည် သာမန်လူထက် အနည်းငယ် ပိုသိနေသလိုမျိုး စိုးရိမ်သောကများဖြင့် ပြည့်နေသည့် သူ့မျက်လုံးများက အကောင်းမြင်စိတ် မရှိ၊ ရုတ်တရက် သူသည် သူ့အခက်အခဲများကို သတိမထားမိသော ဘာမှမသိသူများအပေါ် မနာလိုစိတ် အနည်းငယ် ခံစားလာရသည်။


ဒါ​ပေမယ့်​ သူထင်​တာက ယွိစစ်ကျဲ ဒီ​နေ့​ရောက်​​နေပြီ။ သူတို့ဖောင်ဒေးရှင်းက လူတွေက ဒီလိုကိစ္စတွေကို ကိုင်တွယ်ရာမှာ အထူးပြုတယ်လို့ ပြောကြတာမို့ ကံကောင်းသွားတယ်လို့ ယူဆရတော့မလား။ 


ထိုမယုံကြည်နိုင်လောက်သော အရာများသည် ယနေ့ထိတိုင် ယုံကြည်ကြည့်ရန် အနည်းငယ် ခက်ခဲနေသေးသည်။ ဒါပေမယ့် သူ့ဖုန်းကို စစ်ကြည့်တော့ ဘာအချက်အလတ်မှ မရှိသေးပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ရုံပဲ တတ်နိုင်တော့၏။ 


ဒီလိုဖြစ်လာမယ် ဆိုတာသာ သူသိခဲ့ရင် ဒီနေ့ လာမှာမဟုတ်ချေ။ 


လော်ကျင့်ယိမှာ သူ့ပါးစပ်ထဲတွင် အနည်းငယ် ခြောက်သွားသလို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်တော့ ခန်းမထဲက လူတွေက သုံးယောက်၊ လေးယောက်လောက် စုပြီး တီးတိုးပြောကြတာ တွေ့လိုက်ရသည်။ စားပွဲထိုးများကလည်း အလုပ်များပြီး အထိတ်တလန့် ဖြစ်​နေ​ကြကာ တခဏမျှပင် သူ့ကို သတိမထားမိခဲ့ပေ။ ဒီနေ့ သူလည်း တစ်ယောက်တည်း လာခဲ့ပြီး ကူညီမယ့်သူလည်း မရှိတာကြောင့် ရေသွားသောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သို့သော် သူ ခြေလှမ်းနှစ်လှမ်းပင် မလှမ်းရမီတွင် အသွင်အပြင်တစ်ခု သူ့ရှေ့သို့ ရုတ်တရက် ပြေးဝင်လာလေ၏။ 


ထိုလှုပ်ရှားမှု! ထိုအရှိန်! အံ့သြလောက်စရာ ကောင်းပေသည်။ 


သူသည် လူလတ်ပိုင်းအရွယ် ဖြစ်ပြီး ကိုယ်အလေးချိန်တိုးလာကာ ဆံပင်ကလည်း ပါးလာရာ ငယ်ရွယ်စဉ်ကလို သန်စွမ်းမှုနှင့် ခွန်အားများ မရှိတော့ပေ။ ထို့အပြင် သူသည် သူ့အသက်အတွက် အလွန်သတိထားနေရရာ ဤရုတ်တရက် လှုပ်ရှားမှုကြောင့် သူ ထိတ်လန့်လုနီးပါး ဖြစ်ခဲ့ရသည်။


ဧကန္တ သူက အဲ့လောက်တောင် ကံဆိုးတာလား။ ဒါက စိတ်ရောဂါဝေဒနာရှင် လူသတ်သမားကို ပြေးတွေ့နေရတာများလား။ 


လော်ကျင့်ယိ မတုံ့ပြန်နိုင်ခင်မှာပဲ ရေတစ်ခွက်က သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည်။ ချောမောသော လူငယ်လေးက ဖန်ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့ကို အားကျသော အမူအရာဖြင့် ကြည့်ရင်း ဂရုတစိုက်နဲ့ ပြောလာ၏။ 


"ဥက္ကဌလော်... ရေ နည်းနည်းသောက်ပါဦး" 


'ကယ်ကြပါဦး' ဟု အော်တော့မည့် ဥက္ကဌလော် : "..."


ဖန်းချူသည် သူ့သူဌေးကို မျှော်တလင့်လင့်ဖြင့် ကြည့်နေ၏။ နောက်ဆုံးတော့ ယွိစစ်ကျဲ ထွက်သွား​ကာ သူ့သူဌေးက တစ်ယောက်တည်း ရှိနေမှန်း သိလိုက်ရသည်နှင့် ချက်ချင်း လှုပ်ရှားလိုက့တော့သည်။ ဒီရွှေအခွင့်အရေးကို သူ တစ်ညလုံး စောင့်နေခဲ့တာ။ အခု မလှုပ်ရှားရင် ဘယ်အချိန်သွားလှုပ်ရှားရမလဲ။


သူ ကြည့်နေတာကြာပြီ။ ပြင်ဆင်ထားတဲ့ သူတွေက အခွင့်အလမ်းတွေ များလာမယ်တဲ့။ အခုခေတ်မှာ လက်ပါးစေကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။


လော်ကျင့်ယိ ဖန်းချူကို အကြာကြီး တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ သူ့အကြည့်တွေက ဖန်းချူကို စိတ်မသက်မသာ ဖြစ်စေမိရာ ဖန်းချူခမျာ သူ တစ်ခုခုမှားသွားပြီလားလို့ တွေးနေမိတော့၏။ ဒါပေမယ့် သူအရမ်းကြိုးစားနေခဲ့တာပဲလေ။ 


ထိုအချိန်တွင် လော်ကျင့်ယိ လက်ဆန့်ပြီး ရေခွက်ကို ဖြည်းညှင်းစွာ ကိုင်လိုက်သည်။ သူ့လက်က အနည်းငယ် လျော့နေသေးသော်လည်း၊ ထိတ်လန့်ခြင်းမှ ပြန်လည် သက်သာလာသော်လည်း သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားနေသည့် ဒီလူငယ်လေး၏ ရှေ့တွင် တည်ငြိမ်မှု ပျောက်ဆုံးသွားရင် အလွန်ရှက်စရာ ကောင်းပေလိမ့်မည်။


ဟားဟား သူ အေးအေးဆေးဆေး ခေါင်းညိတ်ပြပြီး ငြိမ့်ညောင်းတဲ့ နှာရည်ကို လွှင့်ပစ်လိုက်မည်။ 


ဣန္ဒြေကို ပြဖို့က အရေးကြီးတယ်...


ဖန်းချူဘက်ကတော့ လေးစားမှုဖြင့် ပြည့်နှက်နေသည်။ သူ့အထက်လူကြီး၏ လိမ္မာပါးနပ်စွာ ဟန်ဆောင်ထားသော အပြုအမူကြောင့် ပို၍ပင် အံ့သြသွားမိသည်။ သူသည် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူ၏ ဂုဏ်သိက္ခာကို အမှန်တကယ် လိုက်လျောညီထွေ ဖြစ်အောင် ထိန်းနိုင်ခဲ့သူပင်။ ဒီလိုအခြေအနေတွေကြောင့် သူ့စိတ်က ယောက်ယက်မခတ်သွားချေ။ 


ငါ တကယ်ကို စိတ်လှုပ်ရှားနေမိတာပဲ!


လော်ကျင့်ယိ ရေတစ်ငုံသောက်လိုက်ပြီး ညိုးငယ်သော မျက်လုံးများဖြင့် မေးလိုက်သည်။ 


"မင်းက...?"


နောက်ဆုံးတွင် သူ့ကိုယ်သူ မိတ်ဆက်ရန် အခွင့်အရေးရလာတော့ ဖန်းချူ၏ မျက်လုံးများ တောက်ပလာပြီး ရင်ဘတ်ကို အနည်းငယ် ဖိလိုက်သည်။ 


"ကျွန်တော်က ကြယ်အလင်း Entertainment လက်အောက်က အနုပညာရှင်ပါ... ကျွန်တော့်နာမည် ဖန်းချူ"


လော်ကျင့်ယိ တွေးလိုက်မိသည်။ သူ့အကြောင်း တစ်ခါမှ မကြားဖူးသလို ဖိတ်လည်း မဖိတ်ဖူးပါဘူး။ ဒီကလေးက တစ်နည်းနည်းနဲ့ ဝင်လာခဲ့ပုံပဲ။ ကုမ္ပဏီမှာ အနုပညာရှင် ထောင်ပေါင်းများစွာ ရှိပေမယ့် အနည်းငယ်သာ ဒီပါတီကို တက်ခွင့်ရှိသည်။ အခွင့်အလမ်းရဖို့ ဘာမဆိုလုပ်မယ့်သူတွေ အများကြီးရှိတော့ အများကြီး မြင်ပြီးနောက် သူတို့အပေါ် အထင်ကြီးမှာ မဟုတ်တော့ပေ။ 


ပုံမှန်ဆို သူ စိတ်မရှည်စွာ ထွက်ခွာသွားမှာ ​ဖြစ်သော်လည်း ယနေ့တွင် သူတစ်ယောက်တည်း ရောက်ရှိလာပြီး ပတ်ဝန်းကျင်တွင် အရည်အချင်းရှိသော လူမရှိပေ။ သူ့ဆီလာလည်တဲ့ ဝန်ထမ်းတစ်ယောက်ရှိဖို့က ရှားရှားပါးပါးပင် ဖြစ်ကာ ဒီလူငယ်လေးက သူ့ကို အရမ်းအလေးအနက်ထားပြီး သဘောကျပုံပေါက်ပါ၏။ ဤလူငယ်သည် အလွန်လိမ္မာပါးနပ်သူ မဟုတ်ကြောင်း သူ နားမလည်နိုင်စွာ ခံစားမိသည်။ ဆန့်ကျင်ဘက်အနေနှင့် ချစ်စဖွယ်ကောင်းပြီး ရိုးသားသူဖြစ်သည်။ သူ့ကို ခဏလောက် အချိန်ပေးလိုက်လည်း မဆိုးပါ။


သူသည် အနည်းငယ်မျှ ကြောက်လန့်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မဟုတ်ဘဲ ဒီလူငယ်လေးကို ရိုးရိုးလေးပဲ သဘောကျမိသွားသည်။ လော်ကျင့်ယိ နောက်ထပ် ရေတစ်ငုံသောက်လိုက်ပြီး လည်ချောင်းက စိုစွတ်သွားသည်ဟု ခံစားလိုက်ရသည်။ 


"ရှောင်ဖန်း ဟုတ်တယ်နော်... မင်း မဆိုးဘူး"


ဖန်းချူလည်း လက်တွေ့တွင်တော့ စိတ်လှုပ်ရှားမှုများဖြင့် တုန်လှုပ်နေ၏။ သူ ဘယ်သူ့ကိုမှ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်။ ဥက္ကဌလော်က ခပ်ခွာခွာနေပြီး ချဉ်းကပ်ရခက်တယ်လို့ ဘယ်သူ ပြောလဲ။ သူသည် အလွန်ချဉ်းကပ်ရလွယ်ပြီး မိမိနာမည်ကိုတော့ မှတ်မိနေပြီ ဖြစ်ကာ သူ့အပေါ် အပြုသဘောဆောင်တဲ့ ခံယူချက်တစ်ခု ရှိခဲ့ပြီ။ 


ဒီနေ့ သူ့ခရီးစဉ်က အလကား မဖြစ်​တော့ဘူး။


ဖန်းချူ၏ ပျော်ရွှင်မှုကို မြင်လိုက်ရသော လော်ကျင့်ယိသည် ဤလူငယ်သည် အထူးတောက်ပသော သို့မဟုတ် လိမ္မာပါးနပ်သူ မဟုတ်သော်လည်း အနည်းဆုံးတော့ နာခံမှုရှိပြီး ဉာဏ်ကောင်းသည်ဟု တွေးနေမိသည်။ သူ့မျက်လုံးတွေက ပိုလို့တောင် အမြင်ကြည်လာပြီး နောက်ထပ် မေးခွန်းတစ်ခု မေးတော့မည်။ 


"မင်း..." 


သို့သော် စကားလုံးတစ်လုံးမျှ မပြောမီတွင် ဉာဏ်ကောင်းပြီး နာခံမှုရှိသော ထိုလူငယ်၏ အမူအရာက ရုတ်တရတ် ပြောင်းလဲသွား​လေသည်။ သူသည် လျှပ်စီးကြောင်းလေးလို လူအုပ်ထဲသို့ လှည့်၍ ပြေးဝင်သွားလေ၏။ 


သူတကယ် ဖျတ်ကနဲ ရောက်လာပြီး ဖျတ်ကနဲ ပြေးသွားရာ အရိပ်အယောင်မရှိဘဲ သွားနေတဲ့ နဂါးတစ်ကောင်လိုပင်။ 


လော်ကျင့်ယိ : ???


မင်း ငါ့လက်ပါးစေ လုပ်မယ်လို့ မပြောတော့ဘူးလား?


………………


ဖန်းချူ နောက်ဆုံးတွင်တော့ သူဌေးနှင့် နီးစပ်ခဲ့သည်။ သူအရမ်း သဘောကျနေတာကို မြင်လိုက်ရတော့ သံပူနေတဲ့အချိန် ရိုက်ရမှာပေမယ့် ရုတ်တရက် ယွိစစ်ကျဲက တံခါးဝကနေ ဝင်လာကာ လော်ကျင့်ယိရဲ့ ဦးတည်ရာကို လှမ်းကြည့်လာတာ မြင်လိုက်ရလေသည်။ 


ဒါက အရမ်းလွန်လွန်းတယ်။ 


သူ့သူဌေးရှေ့မှာ မီးတောက်ဟောင်းတစ်ခု၏ အဆင်မပြေသည့် မြင်ကွင်းကို သူ မလိုချင်ပါ။ ယွိစစ်ကျဲရဲ့ စိတ်နေသဘောထားကို မသိတာကြောင့် ရူးသွပ်စွာ မလုပ်ဆောင်နိုင်ရဲချေ။ 


ဖန်းချူ နောက်ပြန်မလှည့်ဘဲ လူအုပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ သူ့ကို တစ်ဖက်လူ မတွေ့နိုင်လောက်အောင် ဝေးကွာနေတာကို မြင်လိုက်ရတော့မှ သက်ပြင်းတစ်ချက် ချနိုင်သွား၏။ 


ပြေးပြီးနောက် သူ့ကိုယ်သူ ကျိန်ဆဲပြန်သည်။အရှုံးသမားပဲ။ သူတို့မှာ ပုံမှန်ဆက်ဆံရေးရှိပြီး ပုံမှန်လမ်းခွဲမှုတစ်ခုသာ ရှိခဲ့တာကို သူဘာလို့ ထွက်ပြေးလာရတာလဲ။ ဤအခိုက်အတန့်တွင် ဖန်းချူသည် လက်တွေ့ဘဝ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဘဝ၏ ရှုပ်ထွေးမှုများကို နက်နက်ရှိုင်းရှိုင်း ခံစား​နေခဲ့ရသည်။


သက်ပြင်းချရင်း တစ်စုံတစ်ယောက်က သူ့လက်ကို ဆွဲကိုင်လိုက်သလို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ကြည့်လိုက်ရာ ရွှီရွှီ၏ ဖြူဖျော့သော မျက်နှာကို တွေ့လိုက်ရသည်။


ရွှီရွှီဟာ သူမကိုယ်သူမ စောင်တစ်ထည်နှင့် ပတ်ထားပြီး သူမစကတ်၏ အဖြူရောင်ထောင့်စွန်းတွင် သွေးခြေရာများ ရှိနေသည်။ ကြောက်ရွံ့မှုကြောင့် သူမမျက်နှာက ဖြူဖျော့လာကာ ဖန်းချူလက်​ကောက်ဝတ်ကို ဆွဲကိုင်လာသော ထိုလက်သည်လည်း အနည်းငယ် တုန်ယင်နေသေးသည်။ 


"အစ်ကိုဖန်းချူ... ဒီမှာ သတိထားနေပါ.. ဒီနေရာက...."


ဖန်းချူ ချက်ချင်းပြေးလာမိသဖြင့် သူ့လမ်းညွှန်ချက်ကို သေသေချာချာ မစစ်ဆေးခဲ့ရာ မမျှော်လင့်ဘဲ သူမဆီ ရောက်လာခဲ့သည်။ သူမစကားကြောင့် သူ့အမူအရာကလည်း ရုတ်တရက် တည့်တံ့သွားသည်။ သူကြားဖူးတဲ့ ကောလဟာလတွေကို သတိရရင်း။ 


"ဧကန္တ...."


ရွှီရွှီ ခေါင်းယမ်းလိုက်ပြီး :"လူသတ်သမားက ဒီမှာရှိသေးလား မသိဘူး ဒါပေမယ့် သူရှိရင် ငါတို့ကြားမှာ ပုန်းနေနိုင်တယ် အဲဒါက မတော်တဆ သေတာတော့ သေချာပေါက် မဟုတ်​​လောက်ဘူး..."


ထိုအချိန်တွင် အကြောက်တရားက သူမ၏ မျက်လုံးများကို ဖြတ်ကျော်သွားပြီး သူမ၏ နှုတ်ခမ်းများကို ဖြူဖျော့သွား​စေခဲ့သည်။ 


"ကျွန်မ မြင်လိုက်တာက.... စင်္ကြံလမ်းမှာ... ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သွေးတွေ ဖုံးနေတယ်... အလောင်းရဲ့ ပုံသဏ္ဌာန်ကိုတောင် မပြင်နိုင်​တော့ဘူး..."


စိတ်ရောဂါသည် လူသတ်သမား တကယ်ရှိ​နေလား။


ဖန်းချူမျက်နှာ မှိန်ဖျော့သွားသော်လည်း တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။ 


"လူသတ်သမားက ဒီမှာရှိနေတုန်းပဲ ငါတို့ဘက်က လူတွေအများကြီး စောင့်ကြပ်နေလို့ တခြားဘာမှ လုပ်ရဲမှာမဟုတ်ဘူး..."


ရွှီရွှီကလည်း အဲဒါကို တွေးပြီး အဓိပ္ပာယ်ရှိပုံရတယ်လို့ ခံစားရပေမယ့် သူမက စိုးရိမ်တကြီးနဲ့ :“မျှော်လင့်ပါတယ်…”


ဖန်းချူ: "စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ!"


သူနည်းနည်းကြောက်ပေမယ့် ယောက်ျားတစ်ယောက်အနေနဲ့ သူ့ကို နှစ်သိမ့်ပေးဖို့ မိန်းကလေးတစ်ယောက် မလိုအပ်ဘူးလေ။ 


ရွှီရွှီ နောက်ဆုံးတွင် ပြုံးလိုက်ပြီး သူမ၏ပါးပြင်ပေါ်တွင် ပါးချိုင့်တစ်ခု ပေါ်လာသည်။ 


"အင်း အများကြီး တွေးနေမိတာလည်း ဖြစ်နိုင်တယ် မြန်မြန် အိမ်ပြန်နိုင်မှရမယ်..."


သူမက လျှာလေးထုတ်ကာ :" တကယ်တော့ ဒီကို လာရတာ နောင်တရနေပြီ... အစောကသိရင် အိမ်မှာပဲ နေမှာ... အစ်ကိုက ဖျော်ဖြေရေး လုပ်ငန်းနဲ့ မသင့်တော်ဘူးလို့ ပြောပါတယ် သူသာ ဒီမှာ ရှိနေမှန်း သိရင် စိတ်မကောင်း ဖြစ်မှာပဲ..." 


သူ ကောင်မလေး၏ ခေါင်းကို ပွတ်​ပေးလိုက်သည်။


"လျှောက်မတွေးနဲ့ အဆင်ပြေသွားမှာပါ..."


ဖန်းချူ၏ နူးညံ့သိမ်မွေ့သော အသံကြောင့် ရွှီရွှီ ချက်ချင်းပင် ပို၍လုံခြုံသွားသလို ခံစားလိုက်ရသည်။ သူမက သူ့ဘက်သို့ လှည့်လာပြီး နှစ်ယောက်သား နီးကပ်သွားတဲ့အခါ ပတ်ဝန်းကျင်က နွေးထွေးပြီး လိုက်ဖက်ညီတဲ့ ပန်းချီကားတစ်ချပ်လို လှပသည်။ 


၎င်းကအေးစက်စက် အသံလေးတစ်သံ ညံသွားတဲ့အထိပင်။ 


"မင်းက အလောင်းကို ပထမဆုံးတွေ့တဲ့ သက်သေလား"


ရွှီရွှီ ရုတ်တရက် မော့ကြည့်လိုက်တော့ ချောမောအေးစက်တဲ့ မျက်နှာနဲ့ တွေ့လိုက်ရလေသည်။ ထိုလူသည် အရပ်ရှည်ပြီး ပြတ်သားသော အသွင်အပြင်၊ တင်းမာသော အမူအရာရှိသည်။ သနားမညှာတာသော အကြည့်က သူမအား ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကို ပေးစွမ်းပြီး ဖြူဖျော့သွားစေရာ သူမက ဖန်းချူလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသွားသည်။ 


"ဟုတ်​ ဟုတ်ကဲ့...."


ထိတ်လန့်လွန်းလို့ သူ့ဘေးနားက လူတစ်ယောက် တောင့်တင်းနေတာကိုတောင် သတိမထားမိလိုက်။


ဖန်းချူသည် ထိုနေရာတွင် အဆင်မပြေစွာ ရပ်နေ၏။ 


အား မဟုတ်ဘူးလေ! ယွိစစ်ကျဲ ရောက်လာတာကို သူလည်း သတိမထားမိခဲ့ဘူး ။ အခုမှတော့ ပုန်းဖို့ နောက်ကျနေပြီ။ ရွှီရွှီက သူ့လက်​ကောက်ဝတ်ကို ကိုင်ထားတုန်းပဲ။ 


တစ်ညလုံး ပုန်းအောင်းပြီးတာတောင် သူ့ကြိုးစားမှုက အချည်းနှီးပဲ...။


သို့သော် ဖန်းချူသည် မကြာမီတွင် သူ အလွန်အမင်း စိုးရိမ်နေမိမှန်း သဘောပေါက်လိုက်လေ၏။ ယွိစစ်ကျဲ၏ အေးစက်စူးရှသော အကြည့်များသည် ရွှီရွှီထံ တိုက်ရိုက် ကျရောက်သွားပြီး သူ မရှိ​နေသလိုမျိုး လှည့်ကြည့်ဖို့ အချိန်မရှိသည့်အလား။ ထို့နောက် သူ့အသံက အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာသည်။ 


"မင်း သူ့ကို ဘယ်လိုတွေ့တာလဲ"


သူ့မျက်လုံးများနှင့် လေသံမှာ နွေးထွေးမှု ကင်းမဲ့နေပြီး ရာဇ၀တ်သားကို စစ်ဆေးမေးမြန်းနေသကဲ့သို့ပင်။


ဖန်းချူ ရုတ်တရက် ခံစားချက်တွေ ရောနှောသွားသလို ခံစားလိုက်ရသည်။ ယွိစစ်ကျဲက သူ့ကို မသိသလို ဟန်ဆောင်နေတယ်ဆိုရင် သူ့အရင်က လုပ်ရပ်တွေက သံသယတွေ အရမ်းများနေပြီး အရမ်းသတိထားနေဖို့ မလိုတော့ချေ။ သို့သော် တစ်ဖက်လူက ထိုကဲ့သို့သော ကလေးမလေးနှင့် စကားပြောနေရတာကိုလည်း လုံးဝ မစာနာပါ။ သူမ ဘယ်လောက်တောင် ထိတ်လန့်သွားလဲ သူ မမြင်လိုက်ဘူးလား။


ယွိစစ်ကျဲဟာ သီးသန့်နေတတ်ပြီး စကားအများကြီး မပြောတတ်ကြောင်း အရင်က သူထင်ခဲ့ပေမဲ့ အခုချိန်လောက်ထိတော့ တစ်ခါမှ အကြင်နာမမဲ့ဖူးချေ။ ဒါက ဖန်းချူကို အံ့သြသွားစေတယ်။


ရွှီရွှီမှာ အခုနတုန်းက ထိတ်လန့်သွားပြီး ယခု ယွိစစ်ကျဲဆီက ရောင်ဝါ ဖိအားကို ခံစားလိုက်ရသဖြင့် သူမ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ သူမက တုန်တုန်ယင်ယင်နဲ့ :“လေကောင်းလေသန့်ရအောင် အပြင်ထွက်ချင်ခဲ့တာ… ဒါကြောင့် ပင်မတံခါးက ထွက်ခဲ့ပေမယ့် ခြေလှမ်းနည်းမည်း လှမ်းပြီးတာနဲ့ အလောင်းကို တွေ့လိုက်ရတာ.…”


ယွိစစ်ကျဲ သူမကို ကြည့်လိုက်သည်။ 


"အလောင်းကိုတွေ့တုန်းက တခြားတစ်ယောက်ရှိလား"


ရွှီရွှီက ခေါင်းခါပြီး :"အဲ့တုန်းက ဘယ်သူမှ မရှိဘူး" 


ယွိစစ်ကျဲ မျက်လုံးများက စူးရှနေဆဲ။


“မင်းအဝတ်က သွေးတွေက ဘယ်တုန်းက စွန်းသွားတာလဲ” 


ရွှီရွှီက တုန်တုန်ယင်ယင်နဲ့ ပြောပြသည်။ 


"ကျွန်မအရမ်းကြောက်လို့ လှည့်ထွက်ပြေးတဲ့ အချိန်မှာ လဲကျသွားတာ.... ကြမ်းပြင်ပေါ်ကို လဲကျသွားတော့ အကုန်သွေးတွေချည်းပဲ.." 


ယွိစစ်ကျဲ၏ မေးခွန်းများမှာ သူမဖြေထားပြီးသား မေးခွန်းများ ဖြစ်သောကြောင့် အနည်းငယ် ပဟေဠိဆန်နေသည်။ ယွိစစ်ကျဲလည်း နောက်ဆုံးတွင် မေးတာကို ရပ်လိုက်ပြီး သူမကို လေးလေးနက်နက်ကြည့်ကာ လှည့်ထွက်သွားသည်။


ဖန်းချူလည်း ယွိစစ်ကျဲ နောက်ဆုံးတော့ ထွက်ခွာသွားပြီဟု ထင်မှတ်ပြီး သက်ပြင်းတစ်ချက်ချနေစဥ် ယွိစစ်ကျဲက သူ့ကို စိုက်ကြည့်နေကာ နက်မှောင်သော မျက်လုံးများက နားမလည်နိုင်လောက်အောင် နက်နဲနေတာ တွေ့လိုက်ရသည်။


သူက ဖန်းချူကို နှုတ်ခမ်းတွန့်ပြကာ အေးဆေးတည်ငြိမ်စွာ ပြောသည်။


"မတွေ့တာကြာပြီ" 


ဖန်းချူ : "..."