အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၂၁
စနေနေ့ နံနက် ၆ နာရီ၌။
G ပြည်နယ်၏ ဆောင်းဦးရာသီတွင် နံနက်ခင်းနှင့် ညနေခင်းကြား အပူချိန်ကွာခြားချက်မှာ သိသာထင်ရှားလှသည်။ စုရှီ၏ ထူးခြားသောခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အအေးဒဏ်ကို မခံစားရသော်လည်း သူမသည် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင် အပေါ်ထပ်အင်္ကျီပါး တစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။
"စုရှီ၊ နင် ဘာတွေကြည့်နေတာလဲ"
ဝုဖန်းဖန်းက ယနေ့အပြင်ထွက်ရန်အတွက် အထူးတလည် ပြင်ဆင်ဝတ်စားထားသည်။
အဖြူရောင်ဘလောက်စ်အင်္ကျီအောက်တွင် ဒူးဆစ်အထက်နားအထိ ရောက်သော အနားစရှည်နှင့် အပြာနုရောင်စကတ်ကို တွဲဖက်ဝတ်ဆင်ထားသည်။ သူမသည် ထိပ်ပိတ်ပုံစံ သားရေဖိနပ်အသေးတစ်ရံကို စီးထားသည်။ သူမသည် စစ်ယူနီဖောင်းစိမ်းရောင် လွယ်အိတ်တစ်လုံးကို လွယ်ထားသည်မှလွဲ၍ အရာအားလုံးသည် လှပနေခဲ့ပြီး ထိုလွယ်အိတ်ကမူ အနည်းငယ် အံဝင်ခွင်ကျ မဖြစ်နေပုံရသည်။
သို့သော်လည်း ဝူဖန်းဖန်းသည် သူမ၏ယနေ့ဝတ်စုံအတွက် ကျေနပ်နေသည်မှာ ထင်ရှားလှသည်။ သူမသည် စုရှီလက်ကိုချိတ်ရင်း ပြုံးကာမေးလိုက်သည်။
"စုရှီ၊ နင်ဘာတွေကြည့်နေတာလဲ။ နင် အရှေ့ဘက်ကို အကြိမ်ပေါင်းများစွာ လှမ်းကြည့်နေတာ ငါသတိထားမိတယ်။ ငါတို့တစ်ယောက်ယောက်ကို စောင့်နေတာလား"
စုရှီသည် အမှန်တကယ်တွင် အနောက်ဘက်၌ရှိသော သူမအိမ်သို့သွား၍ သူမအစ်ကိုနှင့် အခြားသူများ ထွက်သွားပြီလားဆိုသည်ကို ကြည့်ချင်နေခြင်းဖြစ်သည်။
သူမသည် သူတို့အုပ်စု တောင်တက်ခရီးအတွက် ဘယ်အချိန်ထွက်ခွာမည်ကို မသေချာသည့်အပြင် လူတိုင်း၏ အချိန်ကို နှောင့်နှေးစေမည်ကို စိုးရိမ်နေခဲ့သည်။
ခဏစဉ်းစားပြီးနောက် သူမ ညနေပိုင်းပြန်ရောက်မှ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သူမ ပြုံးပြီး အကြောင်းအရာ ပြောင်းလိုက်သည်။ “မဟုတ်ပါဘူး၊ ဒီတိုင်းပဲ ဟိုကြည့်ဒီကြည့်ကြည့်နေတာ။ နင်ဒီနေ့ အရမ်းလှတာပဲ"
ဝူဖန်းဖန်းသည် သူမ မေးခဲ့သောအရာကို ချက်ချင်းမေ့သွားခဲ့သည်။ သူမသည် ဂုဏ်ယူစွာဖြင့် တစ်ပတ်လှည့်လိုက်ရာ သူမ၏ စကတ်အနားစများက လူငယ်တို့၏ လန်းဆန်းတက်ကြွမှုနှင့်အတူ လှုပ်ခါသွားပြီး အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦး၏ ထူးခြားသောတက်ကြွမှုကို ထုတ်လွှတ်နေသည်။
"ငါလည်း လှတယ်လို့ထင်တယ်။ ဒါကို မနှစ်က ငါ့အမေဝယ်ပေးထားတာ။ ငါသိပ်အများကြီး မဝတ်ဖူးဘူး။ ဒီနေ့အပြင်ထွက်မှာဆိုတော့ အတန်းခေါင်းဆောင်ကို ဓာတ်ပုံနည်းနည်းရိုက်ခိုင်းဖို့ စီစဉ်ထားတယ်"
အတန်းခေါင်းဆောင် ဝမ်ဟုန်ပင်း အကြောင်းပြောသောအခါ ဝူဖန်းဖန်း၏ ပါးပြင်များမှာ ပန်းရောင်သန်းသွားပြီး မိန်းကလေးတစ်ဦး၏ ချစ်စဖွယ်အမူအရာကို ပြသနေခဲ့သည်။
ထိုအဖြစ်ကိုကြည့်ရင်း စုရှီ ရယ်ချင်စိတ်ကိုမထိန်းနိုင်ဘဲ သူမကို စနောက်လိုက်သည်။ "ဒါဆို ဘာလို့ ငါ့ဆီလာဖို့ အချိန်ရှိသေးတာလဲ"
စုရှီသည် စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားသည်။ အတန်းထဲတွင် အမျိုးသမီးကျောင်းသူ လေးယောက်သာရှိပြီး သူမမှလွဲ၍ ကျန်အားလုံးသည် အတွဲကိုယ်စီရှိနေကြပုံရသည်။
"နင် တော်တော်ဆိုးတဲ့ဟာမလေးပဲ၊ ငါတို့က သူငယ်ချင်းကောင်းတွေလေ။ ငါ နင်နဲ့အတူရှိချင်တာပေါ့"
ဝူဖန်းဖန်းသည် စုရှီ၏ စနောက်မှုကြောင့် မျက်နှာနီရဲသွားပြီး စုရှီကို လှမ်းဆွဲဆိတ်လိုက်သည်။ စုရှီသည် သူမကို နောက်တစ်ကြိမ် ထပ်လှောင်ရဲသေးလားဆိုသည်ကို သူမ ကြည့်ချင်နေခဲ့သည်။
စုရှီသည် လျင်မြန်စွာရှောင်တိမ်းလိုက်ပြီး လက်မြှောက်အရှုံးပေးဟန်ဖြင့် နောက်သလိုပြောလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ငါမှားပါတယ်။ ငါကတိပေးတယ်၊ နောက်ကျတောင်ပေါ်ရောက်ရင် ငါရှောင်ထွက်သွားဖို့ အခွင့်အရေးရှာလိုက်မယ်။ နင်တို့နှစ်ယောက်ကို လုံးဝအနှောင့်အယှက်မပေးစေရဘူး"
"နင် ပြောရဲသေးတယ်! နင် ပြောရဲသေးတယ်!"
ဝူဖန်းဖန်းသည် အလွန်အမင်း မျက်နှာနီရဲသွားပြီး ခြေဆောင့်လိုက်သည်။ ဤခေတ်ရှိလူများသည် ဆက်ဆံရေးများနှင့်ပတ်သက်၍ ကွဲလွဲသော ခံစားချက်များရှိကြသည်။
သူတို့သည် လွတ်လပ်သောအချစ်ကို တောင့်တကြပြီး မြေရှင်ပဒေသရာဇ်စနစ်၏ ချုပ်ချယ်မှုများကို ရဲရင့်စွာ ချိုးဖျက်လိုကြသော်လည်း သူတို့သည် လျှို့ဝှက်ကြပြီး အခြားသူများသိသွားမည်ကို ကြောက်ရွံ့ကြသည်။
"နင် လိုချင်လား မလိုချင်ဘူးလား"
"...လိုချင်တယ်..."
"ဖွီး!!!"
"..."
စုရှီသည် ဤခေတ်မှလူများကို လေးစားမအံ့ဩဘဲမနေနိုင်ဖြစ်သွားသည်။
လူဦးရေများပြားသောကြောင့် ရထားသည် အလွန်ကျပ်ညပ်နေသဖြင့် အတန်းသားအားလုံး လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
၁၅ ကီလိုမီတာနီးပါးအကွာအဝေးကို လမ်းလျှောက်လျှင် ၃ နာရီခန့်ကြာမြင့်မည်ဖြစ်သည်။ အနာဂတ်တွင် လူအများစုသည် ထိုကဲ့သို့သောခရီးကို မခံနိုင်ကြပေ။
သို့သော် သူတို့အားလုံးသည် စစ်တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး မကြာမီ ဆရာဝန်များဖြစ်လာကြမည် ဖြစ်သော်လည်း သူတို့သည် စစ်သားများဖြစ်ကြသည်။
ထို့ကြောင့် သူတို့ထွက်ခွာသောအခါ စုရှီ အပါအဝင် မိန်းကလေး လေးယောက်စလုံးသည် အေးဆေးတည်ငြိမ်သော အမူအရာရှိကြပြီး အထူးသဖြင့် အလေးချိန်များများ သယ်စရာမလိုသောကြောင့် ဒါကို ယာယီလေ့ကျင့်ခန်းတစ်ခုကဲ့သို့သာ သဘောထားကြသည်။
စုရှီ ဝူဖန်းဖန်း၏ ခြေထောက်များကို စိုးရိမ်တကြီးကြည့်လိုက်မိသည်။ သူမက ဒေါက်ဖိနပ်စီးထားသောကြောင့်ပင်။
သူမ မသိလိုက်သည်မှာ ဝူဖန်းဖန်းသည် အဖြူရောင် ခေတ်ဟောင်းရှူးဖိနပ်တစ်ရံကို ပြောင်းစီးထားခြင်းပင်။
စုရှီ - "……"
"နင်... ဖိနပ်အပိုတစ်ရံ သယ်လာတာလား" ဒါဆို နင် ယူလာတဲ့အိတ်ထဲမှာ ဖိနပ်တွေပါတာလား။
ဝူဖန်းဖန်းက ပြုံးလိုက်ပြီး မေးကိုမော့လိုက်သည်။
"ဟုတ်တာပေါ့! ငါက ဓာတ်ပုံရိုက်ဖို့ ဒေါက်ဖိနပ်စီးတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ဒါမှမဟုတ် တောင်တက်ဖို့မှမဟုတ်တာ။ နင် ငါ့ကိုတုံးတယ်ထင်နေလား။ ငါတော်တော် တော်တယ်မလား၊ ညီမလေး"
စုရှီသည် နှုတ်ခမ်းကို စေ့လိုက်ပြီး ဘာပြောရမည်ကို မသိဖြစ်သွားသည်။ သူမ၏ အကဲဖြတ်ချက်အရ ထိုအဖြူရောင်ခေတ်ဟောင်းရှူးများသည် သူမသိမ်းလိုက်သော သားရေဖိနပ်များထက် ဝတ်စုံနှင့် ပိုလိုက်ဖက်သည်ဟုထင်ရသည်။
သို့သော် ယနေ့ခေတ်တွင် လူများသည် သားရေဖိနပ်ကို ပိုနှစ်သက်ကြသည်။
ခေတ်အခြေအနေ မတူညီလျှင် အလှအပအပေါ်အမြင်လည်း မတူညီပေ။ စုရှီသည် 'နင်တော်တော် တော်တာပဲ' ဟူသောအကြည့်ဖြင့် အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအပြုအမူကြောင့် ရဲဘော် ဝူဖန်းဖန်းထံမှ ပိုတောက်ပသော အပြုံးတစ်ပွင့်ကို ရရှိခဲ့သည်။
စုရှီ - "……"
………………………
ပိုင်ယွင်တောင်တန်းသည် ကြီးမားကျယ်ပြန့်ပြီး မျက်စိတစ်ဆုံး စိမ်းလန်းစိုပြေသော အပင်များဖြင့် ပြည့်နှက်နေသည်။
စုရှီသည် အနာဂတ်အတွက် စီစဉ်ထားသော ပိုင်ယွင်တောင်ကို မမြင်ဖူးသော်လည်း လူတို့၏ ဝင်ရောက်စွက်ဖက်မှုများစွာ မရှိသေးသော သဘာဝပတ်ဝန်းကျင်သည် လုံလောက်စွာပင် ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ခံစားမိသည်။
သဘာဝက ပေးစွမ်းသော အလှတရားကို ကြည့်ရင်း စုရှီ သည် ၁၅ ကီလိုမီတာ ဆက်တိုက်လမ်းလျှောက်ခဲ့ရသော ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်ဟု ခံစားမိသည်။
သူမ၏ အတန်းဖော်များလည်း ထိုနည်းတူခံစားခဲ့ရသည်။ သူတို့အုပ်စုသည် ရယ်မောကာ အတူပြေးလွှားကြပြီး ရေကန်သို့အရင်သွားမည်လား သို့မဟုတ် တောင်တက်မည်လားဟု စီစဉ်နေကြသည်။ အချို့က ဆွေးနွေးနေကြစဉ် ပို၍စွန့်စားလိုသော ကျောင်းသားအချို့ကမူ မည်သူ တောင်ထိပ်သို့ အရင်ရောက်နိုင်မည်ကို လောင်းကြေးထပ်နေကြသည်။ ရှုံးနိမ့်သူသည် ခြေအိတ်နံနံများကို တစ်လတာဝန်ယူ လျှော်ဖွပ်ပေးရမည်ဖြစ်သည်။ သူတို့၏ စိတ်အားထက်သန်မှုမှာ ထင်ရှားလှသည်။
အတန်းခေါင်းဆောင် ဝမ်ဟုန်ပင်းသည် စိုးရိမ်ပူပန်တတ်သော မိခင်တစ်ဦးကဲ့သို့ ပြုမူကာ တိတ်တဆိတ်ထွက်သွားရန် ကြိုးစားနေသော ကျောင်းသားအနည်းငယ်ကို အမြန်ဆွဲထားလိုက်သည်။ ကျောင်းသားအားလုံး၏ အာရုံစိုက်မှုကိုရရန် အားပြင်းပြင်းဖြင့် လက်ခုပ်နှစ်ချက်သုံးချက်တီးလိုက်ပြီးနောက် သူသည် ကျယ်လောင်စွာအော်ပြောလိုက်သည်။
"ငါ နောက်တစ်ခါထပ်ပြီး အလေးပေးပြောမယ်၊ တောင်တွေထဲ အရမ်းနက်နက် ဝင်မသွားကြနဲ့၊ တစ်ယောက်တည်းလည်း မသွားကြနဲ့။ တခြားသူတွေနဲ့အဖွဲ့ဖွဲ့တာ အကောင်းဆုံးပဲ။ နေ့လယ်စာ အဆင်သင့်ဖြစ်ပြီ၊ ငါကျောင်းသားတချို့ကို သယ်ခိုင်းထားတယ်။ မထွက်ခင် ကိုယ့်နေ့လယ်စာကိုယ် ယူသွားကြ။ နောက်ပြီး အခုမနက် ၉:၃၀ ရှိပြီ၊ နေ့လယ် ၃:၀၀ နာရီထက် နောက်မကျဘဲ ပြန်ထွက်ရမယ်။ ဒါကြောင့် ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲကြ၊ ဘယ်သူမှနောက်ကျခွင့်မရှိဘူး၊ ကြားလား"
"ကြားပါတယ်"
ကျောင်းသားများက တညီတညွတ်တည်း ပြန်ဖြေကြသည်။
စုရှီသည် သူမ၏ နေ့လယ်စာ—ပေါက်စီကြီးနှစ်လုံးနှင့် ကြက်ဥနှစ်လုံး—ကို အိတ်ထဲသို့ထည့်လိုက်သည်။ သူမသည် ဝူဖန်းဖန်း၊ အတန်းခေါင်းဆောင် ဝမ်ဟုန်ပင်းနှင့် အားကစားကော်မတီဝင် ချန်းယွင်တုန့်တို့နှင့်အတူ အဖွဲ့ငယ်လေးတစ်ခုဖွဲ့ကာ မေပယ်ရွက်ဧရိယာသို့ ဦးတည်ထွက်ခွာခဲ့သည်။
"ဒီအချိန်မှာ မေပယ်ရွက်တွေ နီပြီလား"
စုရှီသည် ဒေသခံတစ်ဦးမဟုတ်သောကြောင့် ဤဒေသရှိ မေပယ်ရွက်များ ဘယ်အချိန်နီသည်ကို မသိခဲ့ပေ။
"မနီသေးဘူး၊ အရမ်းစောသေးတယ်။ ဒီဇင်ဘာလအထိစောင့်ရမယ်၊ နှစ်စဉ် ရာသီဥတု အခြေအနေပေါ် မူတည်တယ်။ တစ်ခါတလေ ရာသီဥတုမြန်မြန်အေးလာရင် နိုဝင်ဘာလလောက်ဖြစ်နိုင်တယ်"
ဝမ်ဟုန်ပင်းသည်လည်း ဒေသခံတစ်ဦးဖြစ်ပြီး ဝူဖန်းဖန်း နှင့်အတူ လမ်းလျှောက်နေရင်း စုရှီ၏မေးခွန်းကိုကြားသောအခါ လှည့်၍ ရှင်းပြသည်။
"စိမ်းနေတာလည်း မလှဘူးလား"
စုရှီသည် ချိုင့်ခွက်တစ်ခုကို ရှောင်တိမ်းလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဝူဖန်းဖန်းက ပြောသည်။ "နီနေသလောက်တော့ သေချာပေါက်မလှဘူး၊ ဒါပေမဲ့ စိမ်းနေတာလည်း ကောင်းပါတယ်။ ပြီးတော့ ရေကန်နားက အဲ့ဒီနေရာမှာ လှေငယ်တစ်စင်းရှိရင် ငါတို့စီးပြီး ရေကန်ရဲ့အလှကိုခံစားလို့ရတယ်။ အဲ့ဒါလည်းကောင်းတာပဲ"
ထိုသို့ပြောပြီးနောက် သူမသည် စုရှီကို နှစ်သိမ့်ရန် ကိုင်းညွှတ်လိုက်ပြီး တိုးတိုးလေးပြောသည်။ "ပြီးတော့ အဲ့ဒီနားမှာ ဓာတ်ပုံရိုက်တဲ့လူတွေရှိတယ်"
စုရှီ - "…."
ကောင်းပြီ၊ အချစ်၏ ချဉ်သက်သက်အရသာ၊ သူငယ်ချင်းများအတွက်တော့ တစ်ခါတစ်ရံ စိမ်းနေသော မေပယ်ရွက်များကို ကြည့်ရခြင်းသည် အဆင်ပြေသည်။
အဖွဲ့သည် လမ်းတစ်လျှောက်လုံး စကားပြောရယ်မောရင်း မကြာမီ မေပယ်တောကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း အောက်တိုဘာလတွင် မေပယ်ရွက်များအားလုံး စိမ်းလန်းနေခဲ့သည်။
စုရှီသည် ဝူဖန်းဖန်းနှင့် ဝမ်ဟုန်ပင်းတို့ ဓာတ်ပုံဆရာရှာဖွေနေသည်ကို အနှောင့်အယှက်မပေးဘဲ ကျောက်တုံးခုံတန်းတစ်ခုကိုတွေ့၍ ထိုင်လိုက်သည်။
ချန်းယွင်တုန့်သည်လည်း အတန်းခေါင်းဆောင်နှင့် ဝူဖန်းဖန်း ကြားမှ ချိုမြိန်သောလေထုကို သတိထားမိပုံရပြီး သူသည် စုရှီ ဘေးရှိ ကျောက်တုံးပေါ်သို့ သိနားလည်သောအကြည့်ဖြင့် လာထိုင်ခဲ့သည်။
ချန်းယွင်တုန့်သည် ပေကျင်းမြို့မှဖြစ်ပြီး သူ့မိသားစုမှာ ချမ်းသာကြွယ်ဝကာ သူသည် အရပ်ရှည်ပြီး အနည်းငယ် ခန့်ညားသဖြင့် ကျောင်းတွင် လူကြိုက်များသူတစ်ဦးဟု သတ်မှတ်ခံရသည်။
သူ စုရှီကို ပထမဆုံးအကြိမ်မြင်သောအခါ နတ်သမီးတစ်ပါးကဲ့သို့လှပသော ဤမိန်းကလေးကို တစ်ချက်မြင်ရုံဖြင့် ချစ်မိသွားခဲ့သည်။
သို့သော်လည်း စုရှီသည် အလွန်လှပသော အလှပဂေးတစ်ဦးဖြစ်သော်လည်း သူမသည် ထိပ်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး သူမ၏ စာပေများအပေါ် အလွန်အမင်းမြှုပ်နှံထားသည်။ သူမသည် နေ့အချိန်များတွင် စာကြည့်တိုက်၌ သုတေသနလုပ်ခြင်း သို့မဟုတ် ပါမောက္ခများကို ဓာတ်ခွဲခန်းတွင် ကူညီပေးခြင်းဖြင့် ကြားပိုက်ထိုးမလွယ်အောင် အလုပ်များနေခဲ့သည်။
သူမသည် နတ်သမီးတစ်ပါးဖြစ်သလို စာတော်သည့် နတ်ဘုရားမတစ်ဦးလည်း ဖြစ်သောကြောင့် လူတို့ကို အဝေးမှသာ လေးစားအံ့ဩဝံ့စေသည့် ခိုင်မာသော အလှမ်းကွာဝေးမှုကို ဖန်တီးထားသည်။
ထို့ကြောင့် ကျောင်းရှိယောက်ျားလေးအများစုက သူမကို သဘောကျကြသော်လည်း အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်သူ အလွန်နည်းပါးလှသည်။
ကိုယ့်ကိုယ်ကိုယ် စာပေပါရမီရှင်ဟု ကြွေးကြော်သော တစ်ယောက် သို့မဟုတ် နှစ်ယောက်ပင် စုရှီဆ္သို့ အချစ်ကဗျာအချို့ရေးသားခဲ့သော်လည်း မည်သည့်လှိုင်းဂယက်မျှမဖြစ်ပေါ်ခဲ့ပေ။
ချန်းယွင်တုန့်သည် ငယ်စဉ်ကတည်းက အကြောက်အလန့်မရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော်လည်း စုရှီ နှင့်ပတ်သက်လာလျှင် သူသည် ဘာလုပ်ရမှန်းမသိဖြစ်ကာ မျက်နှာနီရဲလာပြီး စကားတစ်ခွန်းမျှ မပြောနိုင်ဖြစ်ခဲ့ရသည်။
ထို့ကြောင့် သူသည် သူမကို နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ တိတ်တခိုးသဘောကျနေခဲ့သော်လည်း သူ စုရှီနှင့်ပြောခဲ့သော စကားလုံးများသည် ငါးလုံးထက်မကျော်ခဲ့ပေ။
ယခုမူ အတန်းထဲရှိ ယောက်ျားလေးအများစုကို အနိုင်ယူပြီးနောက်တွင် သူသည် နောက်ဆုံး၌ စုရှီ၏ ကမ္ဘာထဲသို့ ဝင်ရောက်ရန် အခွင့်အရေးရခဲ့သည်။
မမျှော်လင့်ဘဲ သူသည် သူမနှင့်အတူတူ အချိန်ကုန်ဆုံးရန် အခွင့်အရေးရခဲ့သည်။ ချန်းယွင်တုန့်သည် ဤသည်မှာ ကောင်းကင်ဘုံက သူ့ကိုကူညီနေခြင်းဖြစ်သည်ဟု ခံစားမိသည်။ သူ တုံ့ဆိုင်းမနေနိုင်တော့ပေ။ အခွင့်အရေးသည် သူ့ရှေ့တွင်ရှိနေသည်။ သူအခု ဝန်မခံလျှင် သူ၏ အကြောက်အလန့်မရှိသော ခေါင်းဆောင်ဟူသော ဘွဲ့ကို စော်ကားရာရောက်ပေလိမ့်မည်။
ထိုသို့စိတ်ထဲ၌တွေးရင်း ချန်းယွင်တုန့်သည် နာကျင်မှုမှတစ်ဆင့် ရဲစွမ်းသတ္တိရှိလာစေရန် သူ့မျက်နှာကို အားပြင်းပြင်းဖြင့် "ဖြောင်း! ဖြောင်း!"ဟု နှစ်ကြိုက်လောက် ရိုက်လိုက်သည်။
သို့သော်လည်း အမှန်တကယ် အချိန်ကျရောက်လာသောအခါ သူသည် သူ့မျက်နှာတွင် တိုးပွားလာသော အပူရှိန်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် စုရှီကိုပင်မကြည့်နိုင်တော့ဘဲ သူ့ခေါင်းကို ရွှံ့ထဲတွင်မြှုပ်ထားလိုက်ချင်စိတ် ပေါက်သွားသည်။ ခဏအကြာတွင် သူသည် တိုးတိုးလေးပြောလိုက်သည်။
"ရဲဘော် စု… စုရှီ၊ မင်း... မင်း ငါ့ရဲ့... ငါ့ရဲ့ကောင်မလေး... ဖြစ်ချင်လား"
"……"
အဖြေကိုစောင့်ရသည်မှာ အလွန်ပင်ပန်းခက်ခဲလှသည်။ ချန်းယွင်တုန့်သည် အချိန်မည်မျှကြာသွားသည်ကို မသိတော့ပေ။ ဝန်ခံလိုက်ရသည့် စိတ်လှုပ်ရှားမှုမှသည် အဖြေကို မျှော်လင့်စောင့်စားခြင်း၊ ထို့နောက် အဖြေမရသည့်အတွက် စိတ်ပျက်ခြင်းအထိ ရာစုနှစ်များစွာကြာသွားသကဲ့သို့ ခံစားခဲ့ရသည်။
ပတ်ဝန်းကျင်မှ တိတ်ဆိတ်မှုနှင့်အတူ အချိန်သည် အဆုံးမရှိ ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ ချန်းယွင်တုန့်၏ မျက်နှာသည်လည်း ပို ပိုပြီး ဖြူဖျော့လာခဲ့သည်။
သူသည် အံ တင်းတင်းကြိတ်ထားပြီး နောက်တစ်ကြိမ်ထပ်မေးချင်သော်လည်း မည်သို့စကား စရမည်ကို မသိခဲ့ပေ။
သို့သော် သူ ဒီအတိုင်း လက်မလျှော့နိုင်ခဲ့ပေ။ သူ စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းကို နောက်တစ်ကြိမ်ရရန် မည်မျှကြာအောင်စောင့်ရမည်ကို သူ မသိခဲ့ပေ။
ထို့ကြောင့် သူသည် သူ၏ကျန်ရှိနေသော သတ္တိအကြွင်းအကျန်များကို စုစည်းလိုက်ပြီး စုရှီ ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။
ပြီးတော့... သူ့မျက်နှာသည် တောင့်တင်းသွားခဲ့သည်။
ဘယ်... သူမ ဘယ်မှာလဲ ...