အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၃
အချိန်သည် အက်ကွဲကြောင်းတစ်ခုမှတစ်ဆင့် လျင်မြန်စွာပြေးထွက်သွားသော မြင်းဖြူလေးတစ်ကောင်ကဲ့သို့ ကုန်ဆုံးသွားခဲ့ပြီး နေရောင်ခြည်သည်လည်း ခဏတာသာ တောက်ပခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သြဂုတ်လလယ်သို့ ရောက်ရှိလာခဲ့သည်။ နောက်ဆုံးအကြိမ် ဆေးရုံတွင် စုစန်ယကို ရဲများက ခေါ်ဆောင်သွားသည်ကို မြင်တွေ့ပြီးနောက် သူမနှင့်ပတ်သက်သော မည်သည့်သတင်းကိုမျှ ထပ်မကြားရတော့ပေ။
စုစန်ယကို ရဲများက ခေါ်ဆောင်သွားကြောင်း သိရှိသောအခါ စုလိုင်ဝမ် မိသားစုသည် ထိုကလေး၏ အမှားများအကြောင်းကို စုံစမ်းမေးမြန်းခြင်းမပြုဘဲ သူမနှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း တစ်ဖက်သတ်ကြေညာခဲ့သည်။ မလိုလားအပ်သော စွပ်စွဲချက်များကို ကြောက်ရွံ့သောကြောင့် သူတို့သည် သူမနှင့် မည်သို့မျှ ပတ်သက်လိုခြင်းမရှိပေ။ နောက်ဆုံးတွင် သူတို့အိမ်ထောင်စု၌ သမီးများမရှားပါးဘဲ ထိုအေးစက်သောဆုံးဖြတ်ချက်သည် သနားကြင်နာသော သက်ပြင်းချသံများကို ဖြစ်ပေါ်စေခဲ့သည်။
စုစန်ယသည် ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ရသည်။
ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ရသူများသည် အနာဂတ် အဖြစ်အပျက်များကို ကြိုတင်သိရှိနိုင်စွမ်းရှိကြပြီး အစိုးရသည် ထိုသို့သောလူများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်မဟုတ်ပေ။ စုစန်းယကို စောင့်ကြိုနေသော ကံကြမ္မာကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
စုစန်ယနှင့် ပတ်သက်သော အဖြစ်အပျက်ကြောင့် စုရှီသည် သူမ၏ နေ့စဉ်လုပ်ဆောင်မှုများတွင် ပိုသတိထားပြီး ထိန်းထိန်းသိမ်းသိမ်း နေထိုင်လာခဲ့သည်။ နောက်ဆုံးတွင် ဤနေရာမှာ သူမ၏ မွေးရပ်မြေမဟုတ်ပေ။
သို့သော် သတင်းကောင်းအချို့လည်း ရှိခဲ့သည်။ ဒုတိယအစ်ကို ယန်နန်သည် သူလိုချင်သော စစ်တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ပြီး သူမကိုယ်တိုင်လည်း ခရိုင်အထက်တန်းကျောင်းတွင် နေရာတစ်နေရာရရှိရန်အထိ ကံကောင်းခဲ့သည်။
“ရှောင်နန်နန်၊ ဒီကောင်လေးက သူ့အစ်ကိုကြီးကို အရမ်းကပ်တွယ်တာပဲ။ တုန်တုန် ပြန်ရောက်တာ တစ်လကျော်နေပြီ၊ အဲ့ကောင်လေး ဘယ်နှစ်ခါလာလည်ပြီးပြီလဲ။ ငယ်ငယ်ကတည်းက သူ့အကျင့်ပဲ၊ သူ့အစ်ကိုကြီးနောက်ကို အမြီးလေးလို တကောက်ကောက်လိုက်နေတာ။ တက္ကသိုလ်တက်ရတော့မယ်၊ အိမ်ကိုတောင် ပြန်လာလည်ဖို့ စိတ်ကူးမရှိဘူး။ အဲ့လူဆိုးလေး…”
ချန်ရှန်းယွင်က ညည်းညူရင်း သူမ၏ အလွှာလိုက်ညှပ်ထားသောဆံပင်ကို သေသေချာချာ ချိန်ညှိနေခဲ့သည်။ အပ်သည် သူမ၏ ဦးရေပြားကို ဖွဖွလေးခြစ်မိသွားပြီး သူမဘေးတွင် ဝိုင်အိုးကိုင်ထားသော စုရှီကို မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမ၏ အကြီးဆုံးမြေးကို နောက်ဆုံးတွင် ပြန်ခေါ်လာနိုင်ခဲ့ပြီးနောက် သူမ၏ အငယ်ဆုံးမြေးသည် နောက်တစ်ကြိမ် ကျောင်းသွားတက်ရဦးမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကီလိုမီတာနှစ်ထောင်ကျော်ဝေးသောနေရာ၌ဖြစ်ပြီး သူမ၏ အကြီးဆုံးမြေး ယခင်ကပညာသင်ကြားခဲ့သောနေရာထက်ပင် ပိုဝေးသည်။ ချန်ရှန်းယွင်သည် သူမ၏ မြေးအငယ်ကောင်အတွက် အဝတ်အစားနှင့် ဖိနပ်များ ပြင်ဆင်ပေးနေရသဖြင့် အလုပ်များနေခဲ့သည်။
စုရှီသည် မကြာသေးမီက ဝိုင်ချက်ခြင်းကို စွဲလန်းနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် တောင်ပေါ်တွင် မက်မွန်သီးများစွာရှိပြီး အားလုံးမှာ မှည့်၍ စားသုံးရန်အသင့်ဖြစ်နေသည်။ သူမ အစ်ကိုကြီးနောက်သို့လိုက်ကာ သူမသည် တောင်များထဲသို့ အကြိမ်ပေါင်းများစွာဝင်ရောက်ခဲ့ပြီး အကြိမ်တိုင်းတွင် ကြီးမားပြီးနီရဲသော မက်မွန်သီးတစ်ပုံစီဖြင့် ပြန်လာခဲ့ရာ ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့သည်။
မက်မွန်သီးများ ပေါများပြီး ထိန်းသိမ်းရန်နည်းလမ်းမရှိသောကြောင့် စုရှီသည် ထိုမက်မွန်သီးတို့ကို ဝိုင်အဖြစ်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။
မက်မွန်ဝိုင်စည်ကြီးတစ်စည်နှင့် စပျစ်ဝိုင်အိုးငယ်တစ်လုံး.. ယနေ့သည် ရက်ပေါင်း ၂၀ ရှိပြီဖြစ်သည်။
သစ်သီးဝိုင်သည် အချဉ်ဖောက်ရန် နှစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး သောက်သုံးရန် အသင့်ဖြစ်ချိန်တွင် အောက်တိုဘာလ အစောပိုင်းခန့် ဖြစ်လိမ့်မည်။
စည်ကို အလုံပိတ်ထားသော်လည်း လွတ်မြောက်နေဆဲဖြစ်သော ဝိုင်၏သင်းပျံ့သောရနံ့ကို စုရှီ ရှူရှိုက်မိသောအခါ သူမ ကျေနပ်မှုကို ခံစားလိုက်ရသည်။
ဒါသည် သူမ၏ ပထမဆုံးအကြိမ် ဝိုင်ချက်ခြင်းဖြစ်ပြီး သကြားအတော်များများကို ဖြုန်းခဲ့မိသည်။
သေချာပေါက် သူမ၏ အဘွားသည် ဤအကြောင်းကိုမသိပေ။ သူမအတွက် သကြားအသစ်တစ်ထုပ်ကို တိတ်တဆိတ် ဝယ်ပေးခဲ့သူမှာ သူမ၏ ဒုတိယအစ်ကိုယန်နန် ဖြစ်သည်။
ထို့ကြောင့် အဘွားက အစ်ကို့ကို ပွစိပွစိပြောနေသည်ကို ကြားသောအခါ စုရှီသည် တာဝန်သိစွာဖြင့် ပြောလိုက်သည်။ “ဒါက ပုံမှန်ပါပဲ အဘွားရယ်။ အစ်ကိုကြီးက မြို့တော်မှာ နှစ်ပေါင်းများစွာနေခဲ့တာ၊ ပြန်လာတာရှားတယ်။ အစ်ကိုက သူနဲ့ သံယောဇဥ်ပိုတွယ်ချင်နေတာ နားလည်ပေးလို့ရပါတယ်။ ပြီးတော့ အစ်ကို နန်နန်က ရက်အနည်းငယ်နေရင် ကျောင်းပြန်တက်ရတော့မှာ၊ နောက်တစ်ခါ သူတို့တွေ့ကြရင် နှစ်သစ်ကူးအတွက် ဖြစ်နေပြီ။”
သူတို့သည် မည်သို့သော ဆက်ဆံရေးမျိုးကို ပျိုးထောင်နေကြတာကမူ.. ထိုအချက်မှာ အဓိပ္ပာယ်အမျိုးမျိုးကောက်ယူနိုင်ပေသည်။ သူမသည် လိမ်ညာနေသည်ဟု မယူဆလို့ မရဘူး မဟုတ်ပါလား။ အဟွတ်… အဟွတ်..
“သူအိမ်မပြန်လာမှာကိုတော့ မစိုးရိမ်ပါဘူး။ နောက်ဆုံးတစ်ခေါက် သူပြန်လာတုန်းက အဘွားကို ယွမ် ၁၀၀ ပေးသွားတယ်။ ငါတို့အိမ်မှာ ပိုက်ဆံမရှားပါဘူး၊ သူဘာတွေလုပ်နေလဲကို မသိဘူး။ သူသာ မဟုတ်တာတွေလုပ်ပြီး အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။”
အဘွားက သူမ၏ စိုးရိမ်မှုကို ထုတ်ဖော်လာသည်။
စုရှီသည် ဒုတိယအစ်ကိုက အပြင်အလုပ်များလုပ်ကိုင်သည်ကို သိရှိသည်။ နောက်ဆုံးတွင် သူသည် သူမကို ဖုံးကွယ်မထားခဲ့ပေ။
ရှီးယန်နန်သည် ဉာဏ်ရည်ထက်မြက်ပြီး အရိုင်းဆန်သော စိတ်ဓာတ်ရှိကာ သူငယ်ချင်းအပေါင်းအသင်းစုံလင်သူဖြစ်သည်။
သူသည် သူ၏ကျွမ်းကျင်မှုများကို မည်သည့်နေရာမှ သင်ယူခဲ့သည်မှာ မရှင်းလင်းပေ။ သူတို့ သူငယ်ချင်းအုပ်စုသည် စက်ဘီးအဟောင်းများ သို့မဟုတ် အိမ်သုံးပစ္စည်းများကို ရှာဖွေကြပြီး ရှီးယန်နန်က ထိုပစ္စည်းတို့ကို အဖြုတ်အတပ်လုပ်သည်။ အသုံးဝင်သော အစိတ်အပိုင်းများကို တစ်ပတ်ရစ်ပစ္စည်းအဖြစ် ပြန်တပ်ဆင်ပြီး ရောင်းချရန်အတွက် သီးသန့်တာဝန်ယူသောလူများရှိသည်။
ထို့ကြောင့် ရှီးယန်နန်သည် ငယ်ရွယ်သော်လည်း သူ့တွင်စုငွေ ပမာဏအတော်များများရှိသည်။
အကယ်၍ အစောပိုင်းက စုစန်းယနှင့်ဖြစ်ပွားခဲ့သော အဖြစ်အပျက်သည် သတိပေးခေါင်းလောင်းသဖွယ် မဖြစ်ခဲ့ပါက သူမသည် အပိုဝင်ငွေအချို့ရှာဖွေရန် စဉ်းစားမိမည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ၁၉၆၆ မှ ၁၉၇၆ ခုနှစ်အတွင်း ကာလအတွင်း အမြတ်ထုတ်ခြင်းနှင့် အကျိုးအမြတ်ရှာခြင်းတို့ကို ပိုမိုတင်းကျပ်စွာ စစ်ဆေးခဲ့သည် မဟုတ်ပါလား။
အကယ်၍ သူမသည် ဤနှစ်များအတွင်း ငွေအချို့ရှာဖွေနိုင်ခဲ့လျှင် နောက်ပိုင်းတွင် ပုံသေလစာသာရရှိသည့်တိုင်အောင် စုငွေများဖြင့် ဘဝသည် သိပ်ခက်ခဲမည်မဟုတ်ပေ။
“သမီး ဦးလေးအိမ်ကို အရင်သွားလိုက်ဦးမယ်။”
ချန်ရှန်းယွင်သည် နောက်ဆုံးအပ်ချက်ကို ချုပ်ပြီးနောက် သူမ၏ မြေးမလေးကို ပြောလိုက်သည်။ သူမသည် ကောင်းကင်ကိုမော့ကြည့်ကာ ချုပ်တံနှင့် ပြင်ဆင်ပြီးသော ဖိနပ်အောက်ခံပြားများကို တောင်းငယ်လေးတစ်ခုထဲသို့ထည့်၊ မတ်တပ်ရပ်ကာ ခါးကိုဆန့်လိုက်ပြီး သူမ ကျောကို ဖွဖွလေးထုလိုက်သည်။
စုရှီသည် သူမလက်ကိုမြှောက်ကာ လက်ပတ်နာရီမှ အချိန်ကို စစ်ဆေးလိုက်သည်။ မနက် ၁၀ နာရီခွဲရှိပြီဖြစ်သည်။
“ဦးလေးအိမ်ကို ဘာလို့သွားမှာလဲ။”
ဒါသည် သူမ အထက်တန်းကျောင်းဝင်ခွင့်ရသည့်အခါ သူမ၏ အစ်ကိုကြီးက ပေးသောဆုဖြစ်သည်။
“သမီးရဲ့လေးယောက်မြောက်အစ်ကို ပြန်ရောက်နေပြီ၊ အသားနည်းနည်းဝယ်လာတယ်။ သမီးဦးလေးက အဖွားတို့ကို နေ့လယ်စာ အတူစားစေချင်လို့။ သမီးအဒေါ်ကို ဟင်းချက်ကူပေးမလို့ သွားလိုက်ဦးမယ်။” အဘွားချန် က ဗီရိုထဲမှ ကြက်ဥအနည်းငယ်နှင့် ကောက်နှံကြမ်းတစ်ပေါင်ကို ထုတ်ယူရင်း ဖြေလိုက်သည်။
အကယ်၍ သူတို့သည် လက်ဗလာဖြင့်သွားပါက အဒေါ်ဝမ်ကွေ့ကျစ်၏ မျက်နှာသည် ရက်ပေါင်းများစွာ ရှုံ့မဲ့နေနိုင်သည်။
………………..
ထမင်းစားနေစဉ်အတွင်း စုရှီသည် သူမ၏လေးယောက်မြောက်ဝမ်းကွဲသည် ဤတစ်ကြိမ်ပြန်လာရခြင်းမှာ သူမ၏ လေးယောက်မြောက်ယောက်မ နောက်တစ်ကြိမ်ကိုယ်ဝန်ရှိနေသောကြောင့် သတင်းကောင်းကို လူကြီးများအား ကြားသိစေရန်ဖြစ်ကြောင်း သိရှိလိုက်ရသည်။
စု မိသားစုတွင် နှစ်ပေါင်းများစွာ အဖွဲ့ဝင်အသစ်များ ထပ်မတိုးခဲ့သောကြောင့် ဒါသည် ပျော်ရွှင်ဖွယ်အခိုက်အတန့်တစ်ခုဖြစ်သည်။
သို့သော် ဦးလေး စုချန်ကျုံး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုလက္ခဏာများ ထင်ရှားစွာမြင်နေရဆဲဖြစ်သည်။
သူမ၏ အကြီးဆုံးဦးလေးနှင့် လေးယောက်မြောက်ဝမ်းကွဲတို့၏ စကားပြောဆိုမှုကို နားထောင်ရင်း စုရှီသည် အကြီးဆုံးဦးလေးက စက်တင်ဘာလနှောင်းပိုင်းတွင် လယ်ကွင်းများ၌ မည်သည့်အပင်ကို စိုက်ပျိုးရမည်ကို စိုးရိမ်နေကြောင်း နားလည်လိုက်သည်။
ရာသီဥတုကို ခန့်မှန်းသောလူများသည် မိုးရွာမည့်အချိန်ကို မသေချာမရေရာဖြစ်နေပုံရပြီး ဆောင်းဂျုံကို စိုက်ပျိုးပါက မိုးကလိုက်မရွာဘဲ သီးနှံများကို လူလုပ်ရေလောင်းခြင်းသည်လည်း လက်တွေ့မကျမည်ကို စိုးရိမ်နေကြသည်။
အကယ်၍ သူတို့သည် ကန်စွန်းဥနှင့် ပြောင်းကဲ့သို့သော မိုးခေါင်ဒဏ်ခံနိုင်သောသီးနှံများကို စိုက်ပျိုးပါက နောက်ပိုင်းတွင် မိုးရွာလာပါက ရွာသူရွာသားများ နောင်တရမည်ကို စိုးရိမ်ကြသည်။
နောက်ဆုံးတော့ ရွာတွင် အခြားဝင်ငွေရင်းမြစ်မရှိဘဲ တစ်နှစ်ပတ်လုံး လယ်ကွင်းများမှရရှိသော အထွက်နှုန်းကိုသာ မှီခိုနေရသည် မဟုတ်ပါလား။
ဒါသည် နှစ်ဖက်စလုံးအတွက် အကျပ်အတည်းတစ်ခုဖြစ်သည်။
စုရှီသည် နေ့စဉ်နှင့်အမျှ အစားအသောက်နှင့် အဝတ်အထည်များ မရှားခဲ့သော်လည်း လက်ရှိဘဝသည် အမှန်တကယ်ပင် အလွန်ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုတွင် အထူးအခြေအနေ တစ်ခု ရှိသောကြောင့်ဖြစ်သည်။ စုရှီ၏မိဘများသည် နိုင်ငံအတွက် အသက်စွန့်ခဲ့သည်ကို ထားလိုက်ဦး၊ စစ်တပ်သည် သူမအသက် ၁၈ နှစ်ပြည့်သည်အထိ ထောက်ပံ့ကြေးများ ဆက်ပေးအပ်ခဲ့သည်။ ထို့အပြင် မိသားစု၏ ယခင်ပိုင်ဆိုင်မှုများသည် သူတို့ကို ဆယ်စုနှစ်ပေါင်းများစွာ သက်သောင့်သက်သာနေထိုင်နိုင်ရန် လုံလောက်သည်။
ယနေ့ခေတ်တွင် စု မိသားစုမျိုးဆက် အများစုသည် အစိုးရမှထောက်ပံ့သော ရိက္ခာများကို ခံစားရင်း တည်ငြိမ်သော အလုပ်အကိုင်များရှိကြသည်ကို ထည့်မပြောတော့ပေ။ အကယ်၍ အိမ်ထောင်စုနှစ်ခုလုံးကို ပေါင်းလိုက်ပါက စုရှီ၊ သူမ၏ အဘွားနှင့် သူမဦးလေးမိသားစုတို့သာ ကျေးလက်အိမ်ထောင်စုမှတ်ပုံတင်ဖြင့် မတူညီသောအဖြစ်မှန်ကို ရင်ဆိုင်နေရသည်။
ဦးလေးသည်လည်း ရွာ၏အတွင်းရေးမှူးဖြစ်ပြီး လစဉ်ထောက်ပံ့ကြေးများ ရရှိသည်။
သို့သော် စု မိသားစု၏ ချမ်းသာကြွယ်ဝမှုသည် ခြွင်းချက်တစ်ခုဖြစ်ပြီး မိသားစုအများစုမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။
အမှန်တကယ်တွင် စုရှီသည် သူမဦးလေးကို ကန်စွန်းဥနှင့် ပြောင်းကဲ့သို့သော မိုးခေါင်ဒဏ်ခံနိုင်သောသီးနှံများကို စိုက်ပျိုးရန် အကြံပြုလိုခဲ့သည်။ မိုးနည်းပြီး ရေရှားပါးသော နေ့ရက်များသည် နောက်ထပ်တစ်နှစ်ထိ ဆက်တည်ရှိနေမည်ဖြစ်ပြီး အနာဂတ်အတွက် ပိုမို ကြီးမားသော စိန်ခေါ်မှုများ ရှိစေမည်ကို သူမသိသည်။
ဦးလေး မကြာသေးမီက ခရိုင်မြို့သို့ မကြာခဏသွားလာနေသည်ကို တွေးမိရင်း စုရှီက မေးလိုက်သည်။
“ဦးလေး၊ ဦးလေး မကြာသေးခင်က ခရိုင်မြို့ကို ကယ်ဆယ်ရေး ရိက္ခာတွေအတွက် သွားနေတာလား။”
စုချန်ကျုံးသည် သူ့တူမလေးက ရွာထဲတွင် ပျံ့နှံ့နေသော ကောလာဟလများကို ကြားသိသွားသည်ဟု ထင်ပြီး ဘာမှဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
“ဟုတ်တယ်၊ ခက်ခဲတယ်။ အထက်အဆင့်တွေမှာတောင် အခြေအနေက စိန်ခေါ်မှုတွေရှိနေတယ်။ သတင်းစာတွေအရဆိုရင် တချို့နေရာတွေက သစ်ခေါက်တွေတောင် စားနေကြပြီ။ ငါတို့ ဟုန်ချီတပ်ဖွဲ့ကတော့ တောင်တန်းတွေကို နောက်ခံပြုထားလို့ တော်သေးတယ်။ အနည်းဆုံးတော့ ငါတို့ မျှော်လင့်ချက်မဲ့တဲ့အခြေအနေကို မရောက်သေးဘူး။ မဟုတ်ရင် ငါတို့လည်း…”
သူမဦးလေး၏ ညိုမှောင်ပြီး ညှိုးငယ်သောမျက်နှာကိုကြည့်ရင်း စုရှီသည်လည်း ရွာသူရွာသားများကို ကူညီရန် သူမတတ်နိုင်သလောက် တစ်ခုခုလုပ်ပေးချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
ထိုအတွေး စိတ်ထဲတွင်ရှိရင်း သူမသည် သူမပန်းကန်ထဲမှ ကျန်ရှိနေသောအစားအစာများကို လျင်မြန်စွာတွန်းဖယ်ကာ မတ်တပ်ရပ်ပြီး အပြင်သို့ ပြေးထွက်သွားသည်။
“ဦးလေး၊ သမီးကိုစောင့်ဦး”
လူအနည်းငယ်ကို အချင်းချင်း မျက်လုံးချင်းဖလှယ်ကြည့်ရင်း ကျန်နေခဲ့စေသည်။
စုရှီသည် တစ်မိနစ်မပြည့်မီမှာပင် ပြန်ရောက်လာပြီး သူမ လက်ထဲတွင် ပန်းရောင်ဖျော့ဖျော့ ဆပ်ပြာတစ်တုံးကို ကိုင်ထားခဲ့သည်။
စုချန်ကျုံးသည် ဆပ်ပြာတုံးကိုယူလိုက်ပြီး ပထမဆုံးအဖြစ် ဖောက်ထွင်းမြင်နိုင်ပြီး နူးညံ့သိမ်မွေ့သော ပန်းပုံစံကို သတိပြုမိကာ ထို့နောက် မက်မွန်သီးရနံ့သင်းသင်းကို ရှူရှိုက်မိသည်။ သူက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“ဒါက… ဆပ်ပြာလား။”
“အမလေး၊ ဒီဆပ်ပြာက ဘာလို့ဒီလောက်မွှေးနေရတာလဲ။ ဘယ်လောက်ကျလဲ။”
အကြီးဆုံး အဒေါ်ဝမ်သည် အကြီးဆုံး ဦးလေး လက်ထဲမှ လှမ်းယူလိုက်ပြီး မလွှတ်တမ်းရနံ့ကို ရှူနေခဲ့သည်။
စုရှီသည် အကြီးဆုံးအဒေါ်၏ အမူအရာပိုနေသော တုံ့ပြန်မှုကို လျစ်လျူရှုကာ နားမလည်သော မျက်နှာထားဖြင့်ရှိနေသော သူမဦးလေးကိုသာ တစ်ချက်ကြည့်လိုက်သည်။
စုရှီက ရှင်းပြလိုက်သည်။ “ဒီဆပ်ပြာက သမီးကိုယ်တိုင်လုပ်ထားတာ။ ဒီဆပ်ပြာက ရေချိုးဖို့အတွက် သီးသန့်လုပ်ထားတာ။”
“ဘာ။” လူတိုင်းသည် စုရှီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြပြီး ဤမိန်းကလေးကို ပထမဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ ဖြစ်နေကြသည်။
စုရှီက ဆက်ပြောသည်။ “ဦးလေး၊ သမီးစိုက်ပျိုးရေးကို နားမလည်ဘူး၊ ဒါပေမဲ့ သမီးထင်တာကတော့ နှစ်ရဲ့ဒုတိယပိုင်းမှာ ဘာစိုက်ရမလဲ မသေချာတဲ့အတွက် ရွာသူရွာသားတွေကို မဲပေးပြီး ဆုံးဖြတ်ခိုင်းရင် မကောင်းဘူးလား။ ဒါပေမဲ့ သမီဂကတော့ ကန်စွန်းဥနဲ့ ပြောင်းစိုက်ဖို့ အကြံပြုချင်တယ်။ အကယ်၍ နှစ်ရဲ့ဒုတိယပိုင်းမှာ မိုးမရွာခဲ့ရင် အနည်းဆုံးတော့ သမီးတို့မှာ အသက်ဆက်ဖို့ ကန်စွန်းဥနဲ့ ပြောင်းရှိနေမှာပေါ့။”
ခဏရပ်ပြီးနောက် သူမ ဆက်ပြောလိုက်သည်။ “ရွာသူရွာသားတွေရဲ့ လယ်ယာလုပ်ပြီး ရတဲ့ဝင်ငွေက အရမ်းနည်းနေတုန်းပဲ။ သမီးတို့ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခု ရှာသင့်တယ်။”
ဦးလေးက ချက်ချင်းတုံ့ပြန်ပြီး ပြောလိုက်သည်။ “မင်းက ဒီဆပ်ပြာကို ပြောနေတာလား။”
စုရှီက ရှင်းပြခဲ့သည်။ “ဟုတ်တယ်။ သမီးတို့ ဆပ်ပြာထုတ်လုပ်ဖို့အတွက် သီးသန့် ရွာပိုင်စက်ရုံငယ်လေးတစ်ခု တည်ထောင်လို့ရတယ်။ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာလိုမျိုး မတူညီတဲ့ဆပ်ပြာအမျိုးအစားတွေ ထားလို့ရတယ်။ ပြီးတော့ အဲ့ဒါတွေကို ပြည်နယ်အနှံ့ရောင်းချလို့ရတယ်။ ပြီးတော့ သမီး အစ်ကိုဝမ်းကွဲက သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ အလုပ်လုပ်တာဆိုတော့ အနာဂတ်မှာ ပစ္စည်းပို့ဆောင်ဖို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ်။”
စုရှီသည် အသေးစိတ်ရှင်းပြနေစဉ် စုချန်ကျုံးနှင့် သူမ၏ လေးယောက်မြောက်ဝမ်းကွဲတို့၏ မျက်လုံးများက တောက်ပလာပြီး လယ်သမားများအတွက် ဝင်ငွေရှာရန် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
အကြီးဆုံးဦးလေးစုသည် အားရပါးရရယ်မောလိုက်ပြီး ယခင်က တွန့်ချိုးနေသောမျက်ခုံးများကို ပွတ်သပ်ဖယ်ရှားလိုက်သည်။ “မင်းတို့လူငယ်တွေရဲ့ စိတ်က တက်ကြွလှချည်လား။ ငါကတော့ ဟိုလယ်တစ်ဧကပေါ်မှာပဲ အာရုံစိုက်နေခဲ့တာ၊ ဒါပေမဲ့ ငါတို့သာ ဒီဆပ်ပြာစက်ရုံကို တည်ထောင်နိုင်ခဲ့ရင် ရွာသူရွာသားတွေရဲ့ လူနေမှုအခြေအနေက တိုးတက်လာမှာ သေချာတယ်။”
စုချန်ကျုံးသည် သူတစ်ဝက်တစ်ပျက် စားထားသော နေ့လယ်စာကို စွန့်လွှတ်ကာ ကြေညာလိုက်သည်။ “မဟုတ်ဘူး၊ ငါ အခု စာရင်းကိုင်နဲ့ တပ်စုခေါင်းဆောင်တချို့နဲ့ သွားဆွေးနွေးမယ်။ လူတိုင်းသဘောတူရင် စက်ရုံစဖို့ အဖွဲ့အစည်းကို ချက်ချင်းလျှောက်လွှာတင်မယ်။”
သူသည် စုရှီ ယူလာသော မက်မွန်ရနံ့သင်းသောဆပ်ပြာကို ယူဆောင်ကာ အပြင်သို့ထွက်သွားခဲ့သည်။ “အော်၊ စကားမစပ်၊ ရှီရှီ၊ ဒီဆပ်ပြာအတွက် ကုန်ကြမ်းတွေက ရှာရလွယ်ရဲ့လား။”
အပြင်သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် စုချန်ကျုံးသည် စုရှီကို မေးရန် နောက်ပြန်လှည့်လာခဲ့သည်။
စုရှီက ပြုံးကာ ပြောလိုက်သည်။ “ရှာရတာ မခက်ပါဘူး။”
ထို့နောက် သူမသည် ကုန်ကြမ်းများနှင့် တစ်တုံးလျှင် ကုန်ကျစရိတ်ကို အကျဉ်းချုံးရှင်းပြလိုက်သည်။
စုချန်ကျုံးသည် ခေါင်းညိတ်ကာ ပျော်ရွှင်သောမျက်နှာထားဖြင့် ထွက်ခွာသွားခဲ့သည်။
“ရှင် ထမင်းဆက်မစားတော့ဘူးလား။”
အကြီးဆုံးအဒေါ်က နောက်ဆုံးတွင် ဒီလူအိုကြီးသည် ရွာ၏ အလုပ်တာဝန်များဖြင့် အမြဲအလုပ်များနေသည်ကို သဘောပေါက်သွားသည်။
“ငါ အာ့ကော အိမ်မှာ သွားစားလိုက်မယ်။” အာ့ကောကျစ်သည် ရွာ၏ စာရင်းကိုင်ဖြစ်သည်။
“အဲ့လူအိုကြီးက အမြဲတမ်း အလျင်လိုနေတာပဲ။”
စုရှီသည် နောက်ဆက်တွဲအဖြစ်အပျက်များတွင် ပါဝင်ခြင်းမရှိခဲ့ပေ။ အခြားသူများ၏ အမြင်တွင် သူမသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် သူမသိသော ဆပ်ပြာချက်နည်းများကို ရေးမှတ်ကာ သူမ၏ဦးလေးကို ပေးခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ထပ်စုံစမ်းမေးမြန်းခြင်းမပြုတော့ပေ။
သို့သော် နေ့စဉ်အလုပ်များနေသော်လည်း အမြဲတမ်းသွေးရောင်လွှမ်းနေသော သူမ၏ ဦးလေး၊ အလုပ်များနေသောသူတစ်ဦးကို ကြည့်ရင်း အရာရာသည် ကောင်းမွန်စွာတိုးတက်နေကြောင်း ထင်ရှားသည်။
……………………
တစ်ညနေခင်းတွင် စုရှီ၏မိသားစုသည် ပုံမှန်မဟုတ်ဘဲ စည်ကားနေခဲ့သည်။
ခရိုင်မြို့မှ စုတုန်နှင့် ရှီးယန်နန်တို့အားလုံး ပြန်ရောက်နေကြသည်။ နောက်ဆုံးတွင် ဒုတိယအစ်ကိုသည် ကျောင်းသို့ထွက်ခွာရန် အချိန်နီးကပ်လာပြီဖြစ်သည်။
အဘွားချန်သည် စည်ကားမှုကို အနှစ်သက်ဆုံးဖြစ်သည်။ မြေးသုံးယောက်ကို ကြည့်ရင်း သူသည် မျက်နှာတွင်အပြုံးနှင့်အတူ ပျော်ရွှင်နေခဲ့သည်။ သို့သော် သူမက ညည်းညူလိုက်သည်။
“နန်နန် မင်း လူဆိုးလေး။ မင်းအစ်ကိုကြီး မြို့တော်မှာ အလုပ်လုပ်တုန်းက အဘွားကိုဖော်လုပ်ပေးဖို့ မင်းနဲ့ ရှီရှီ ရှိသေးတယ်လို့ အဘွားထင်ခဲ့တာ။ မင်းအစ်ကို တုန်တုန်ပြန်လာနိုင်ဖို့ပဲ မျှော်လင့်နိုင်ခဲ့တယ်၊ နောက်ဆုံးတော့ သူပြန်လာခဲ့တယ်၊ ဒါပေမဲ့ သူက မနက်ကနေ ညအထိ အလုပ်များနေတယ်။ တစ်လကျော်မှာ သူ့ကိုတစ်ခါပဲတွေ့ဖူးသေးတယ်။ ပြီးတော့ သူက မင်းကိုပါ ခေါ်သွားသေးတယ်။ မင်း လူဆိုးလေး၊ အိမ်ကိုတစ်ခါမှမပြန်လာဘူး၊ မင်းအစ်ကိုကြီးနောက်ကိုပဲ တကောက်ကောက်လိုက်နေတယ်။”
ရည်ရွယ်ချက်မရှိဘဲ ပြောလိုက်သော်ငြား နှလုံးသားထဲ ရောက်ရှိသွားသော စကားများသည် ရောင်စုံမျက်မှန်များဖြင့် လူများကိုကြည့်တတ်သည့် အထူးသဖြင့် စုရှီ ကဲ့သို့သောသူအတွက်မူ အပြစ်ကင်းစင်ခြင်းမရှိပေ။
သူမသည် သူမ၏ လက်ဖဝါးအရွယ် မျက်နှာလေးကို ငုံ့ထားရင်း သူမအစ်ကိုကြီးနှင့် ဒုတိယအစ်ကိုကို ခိုးကြည့်လိုက်ရာ သူမ၏ နက်မှောင်ပြီး စိုစွတ်သောမျက်လုံးများသည် တလက်လက်တောက်ပနေသော ကြယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
အို.. မဟုတ်သေးပါဘူး! ခုနက သူတို့နှစ်ယောက် လုံးဝကို အချင်းချင်းပြုံးပြလိုက်ကြတယ်။
ဒါက ဘယ်လို ဒဏ္ဍာရီဆန်တဲ့ မြင်ကွင်းမျိုးလဲ?!!!
ဘယ်…ဘယ်လိုတောင်…လိုက်ဖက်တဲ့ စုံတွဲလဲ!!!
စုရှီသည် သူမ၏ စိတ်ကူးကို မထိန်းချုပ်နိုင်ဘဲ စိတ်ထဲတွင် စကားလုံးပေါင်းသုံးသောင်းပါဝင်သော ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖွဲ့လိုက်သည်။
စုရှီသည် သူမ၏ ခေါင်းကိုလှည့်ကာ တံတွေးကို တိတ်တဆိတ်မျိုချလိုက်သည်။