Ch 11
Viewers 5k

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း


အပိုင်း ၁၁




ဟုန်ချီတပ်မဟာသည် ခရိုင်မြို့နှင့် မိုင်လေးဆယ်ခန့် ကွာဝေးသည်။ ထိုအကွာအဝေးသည် နောက်ပိုင်းနှစ်များတွင် ကားဖြင့် မိနစ်သုံးဆယ်ခန့်သာ သွားရသောကြောင့် ဝေးသည်ဟု မယူဆကြပေ။



သို့သော် ယခု ၁၉၆၀ ပြည့်နှစ်များတွင်မူ လမ်းများမှာ ရွှံ့လမ်းများသာဖြစ်နေဆဲဖြစ်ပြီး ဦးလေးစုမှာလည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်သောကြောင့် စက်ဘီးဖြင့် အသွားအပြန်လုပ်ရန် မဖြစ်နိုင်ပေ။ သူတစ်ယောက်တည်းဆိုလျှင် အဆင်ပြေနိုင်သော်လည်း မိန်းကလေးငယ်တစ်ဦးဖြစ်သည့် စုရှီကိုပါ စက်ဘီးဖြင့် ခေါ်ဆောင်သွားဖို့က လက်တွေ့မကျသည်မှာ ထင်ရှားသည်။



ထို့ကြောင့် သူတို့နှစ်ဦးသည် မြို့သို့ စက်ဘီးစီးသွားကြပြီး ထိုမှတစ်ဆင့် ခရိုင်မြို့သို့ ဘတ်စ်ကားဖြင့် ဆက်ထွက်ခွာခဲ့ကြသည်။



ကြမ်းတမ်းသော ခရီးလမ်းဆုံးတွင် သူတို့ ခရိုင်မြို့သို့ ရောက်ရှိသောအခါ နံနက် ၁၁ နာရီ နီးပါးပင် ရှိနေလေပြီ။

ထိုနေ့မှာ ဇူလိုင်လ၏ အလွန်ပူပြင်းသော နေ့တစ်နေ့ဖြစ်ပြီး မည်သူ့ကိုမဆို ချွေးဒီးဒီးကျစေလောက်အောင်ပင် ပူပြင်းလှသည်။



စုချန်ကျုံးသည် သူ့တူမလေး၏ နီရဲနေသော မျက်နှာကိုကြည့်ကာ သူ့ကိုယ်ပိုင်ကိစ္စများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စုရှီကို ရေခဲချောင်းဝယ်ကျွေးရန် ခေါ်သွားတော့သည်။



စုရှီသည် ရေခဲချောင်းကို ယူလိုက်ပြီး ချွေးများဖြင့် ရွှဲနစ်နေသော ဦးလေးစုကို ကြည့်လိုက်မိသည်။ ထိုအခါ သူမ၏ ရင်ထဲတွင် မည်သို့ခံစားနေရသည်ကို အတိအကျ ဖော်ပြရန် ခက်ခဲလှသည်။



ခရင်မ်ရေခဲချောင်းမှာ ပြား ၂၀ သာ ရှိသော်လည်း ဦးလေးစုသည် သူမအတွက်သာ တစ်ချောင်းဝယ်ပေးပြီး သူ့အတွက် ထည့်စဉ်းစားခြင်းမရှိပေ။ သူ့အတွက်ပါ ၅ ပြားတန် ရေခဲချောင်းကို အလွယ်တကူ ဝယ်နိုင်သော်လည်း သူက အကောင်းဆုံးကိုသာ ရွေးချယ်ဝယ်ပေးခဲ့သည်။



"ဘာလို့ မစားသေးတာလဲ? မြန်မြန်စားလေ၊ မဟုတ်ရင် အရည်ပျော်တော့မယ်။" ဦးလေးစု၏ ရာသီဥတု ဒဏ်ခံထားရသော မျက်နှာနီနီပေါ်တွင် ချစ်ခင်နှစ်လိုဖွယ် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။



စုရှီသည် နှုတ်ခမ်းကို စေ့လိုက်ပြီး လှည့်ထွက်သွားကာ သူမအိတ်ကပ်ထဲမှ ပြား၂၀ကို ထုတ်ပြီး ရောင်းသူအား နောက်တစ်ချောင်း ထပ်ယူခိုင်းလိုက်သည်။



"တစ်ချောင်းစားရင် တော်ပါပြီ။ ရေခဲတွေ အများကြီးစားရင် ဝမ်းလျှောတတ်တယ်။" စုချန်ကျုံးက ပြောလိုက်သည်။



သူ့တူမလေးမှာ တစ်ချောင်းနှင့် မလောက်မည်ကို စိုးရိမ်နေသည်ဟု သူထင်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ သူက နောက်ထပ်မပြောတော့ဘဲ သူမကို နောက်တစ်ချောင်းစားရန် ခွင့်ပြုလိုက်သည်။



စုရှီသည် စကားတစ်ခွန်းမှ မပြောဘဲ အခွံကိုခွာကာ ရေခဲချောင်းတစ်ချောင်းကို စုချန်ကျုံး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "ဦးလေးလည်း စားပါ၊ ဒီနေ့ အရမ်းပူတယ်။"



စုချန်ကျုံးသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ့အပြုံးမှာ ပိုမိုတောက်ပလာကာ သူ့၏ညိုသော မျက်နှာပေါ်ရှိ နှစ်များတစ်လျှောက် ဖြစ်ပေါ်လာသော အရေးအကြောင်းများမှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။ "ငါတို့ ရှီရှီ လေးက အခု လိမ္မာနေပြီပဲ။ ဦးလေး မစားတော့ပါဘူး၊ သမီးပဲ နှစ်ချောင်းလုံးစားလိုက်။"



သို့သော် စုရှီသည် အကြဃးဆုံး ဦးလေး၏ ငြင်းဆန်မှုကို လျစ်လျူရှုကာ သူ့လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။



ထိုသို့ဖြင့် လူအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့သည် ကျေနပ်သော မျက်နှာများဖြင့် ရေခဲချောင်းများကို ကိုက်စားရင်း ခရိုင်ဆေးရုံသို့ ဦးတည်သွားကြတော့သည်။


……………


ခရိုင်ပြည်သူ့ဆေးရုံ။



ထိုခေတ်အခါက ရှားရှားပါးပါး သုံးထပ်တိုက်များထဲမှ တစ်လုံးဖြစ်သည်။



ဦးလေး စုရှီကို နှုတ်မဆက်မီတွင် သူသည် စိတ်မအေးနိုင်သေးပေ။ သူမကို ဆေးရုံအထိ လိုက်ပို့ပေးရန် သူက တတွတ်တွတ်ပြောနေခဲ့သည်။ သို့သော် အဆုံးတွင်တော့ သူ အလျှော့ပေးလိုက်ပြီး စုရှီကို ဆေးရုံထဲသို့ တစ်ယောက်တည်း ဝင်သွားစေခဲ့သည်။


…………


"တဆိတ်လောက်ပါ၊ ဆရာဝန် စုတုန် ဘယ်မှာလဲရှင့်။"

စုရှီသည် ဆေးရုံထဲသို့ ဝင်ဝင်ချင်း ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ လူမရှိသော တစ်ခုတည်းသောနေရာမှာ ငွေပေးချေသည့်ကောင်တာဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမသည် ထိုနေရာသို့ တန်းတန်းလျှောက်သွားပြီး အတွင်းမှ အမျိုးသမီးငယ်တစ်ဦးကို မေးလိုက်သည်။



လီလီသည် သူမက စုတုန်ကို ရှာနေသည်ဟု ကြားလိုက်ရသည့်အပြင် စုရှီ၏ နုပျိုသော်လည်း လှပသော မျက်နှာကို ကြည့်ကာ ဆရာဝန်စု၏ ရုပ်ရည်ကြောင့် ရောက်လာသော နောက်ထပ်မိန်းကလေးတစ်ဦးဟု ထင်လိုက်သည်။



ဒီမိန်းကလေးသည် ယခင်က ဆရာဝန်စုကို လိုက်ဖူးသမျှ မိန်းကလေးအားလုံးထက် ပိုဆွဲဆောင်မှုရှိသော်လည်း ဘာမှ ပြောင်းလဲသွားစေမည်မဟုတ်ပေ။ ဒါက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေသေးသည်။



ဤသို့တွေးမိသောအခါ သူမ၏ မျက်မှောင်များမှာ မရည်ရွယ်ဘဲ ကျုံ့သွားပြီး ခပ်မာမာ ပြောလိုက်သည်။



"ကုသမှုခံယူဖို့လာတာဆိုရင် မှတ်ပုံတင်တဲ့နေရာကို သွားပါ။ စုတုန်က မင်းကို ကြည့်မလား၊ မကြည့်ဘူးလားဆိုတာက မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး။"



အကြောင်းပြချက်မရှိဘဲ အဆူခံလိုက်ရသောကြောင့် စုရှီ စိတ်မသက်မသာဖြစ်သွားသော်လည်း ထိုအမျိုးသမီးနှင့် ရန်မဖြစ်ဘဲ တိုက်ရိုက်ပြောလိုက်သည်။ "ကျွန်မက ဆေးစစ်ဖို့လာတာ မဟုတ်ပါဘူး။ စုတုန်ကို ရှာနေတာပါ။ ကျွန်မက သူ့ညီမပါ။"



လီလီ မျက်ဖြူလှန်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က စုတုန်၏ မိခင်ဖြစ်သည်ဟု ပြောဆိုခဲ့သူတစ်ဦးကို သူမ သတိရလိုက်မိပြီး ထိုသူမှာ လိမ်ညာနေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် ပေါ်သွားခဲ့သည်။



သူမ စုရှီကို တစ်ချက်ကြည့်လိုက်ရာ အံ့အားသင့်စွာပင် ထိုလှပသော မိန်းကလေးငယ်၏ ရုပ်သွင်မှာ ဆရာဝန်စုနှင့် အနည်းငယ်ဆင်တူသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ဆရာဝန်စုတွင် ညီတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်ဟု မိန်းကလေးများကြားတွင် တီးတိုးပြောဆိုနေကြသည်ကိုလည်း သူမ ကြားဖူးသည်။

ဒါ တကယ်ဖြစ်နိုင်ပါ့မလား။



ခဏစဉ်းစားပြီးနောက် ခုနကတင်းမာနေခဲ့သော လီလီ၏ မျက်နှာမှာ ချက်ချင်း အပြုံးဖြင့် ဝင်းပသွားသည်။ သူမသည် နွေးထွေးစွာ ထရပ်လိုက်ပြီး ကောင်တာနောက်မှ ထွက်လာကာ ပြောလိုက်သည်။



 "တကယ်တောင်းပန်ပါတယ် ရဲဘော် ချစ်ညီမလေးရယ်။ မင်းမသိဘူး၊ ခုတလော ဆရာဝန် စု အကြောင်း စုံစမ်းတဲ့သူတွေ အရမ်းများနေလို့ပါ။ အစ်မက မင်းကို သူတို့ထဲက တစ်ယောက်လို့ ထင်သွားတာ။ အစ်မ တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ဆရာဝန် စုက အခု သုံးလွှာမှာ ရှိနေတယ်၊ အစ်မ လိုက်ပို့ပေးမယ်လေ။"



 ရဲဘော်ချစ်ညီမလေးဆိုတာ ဘာကြီးလဲ။ စုရှီသည် သူမအစ်ကို၏ လူကြိုက်များမှုအတွက် အံ့အားမသင့်ပေ။ သူမသည် လီလီ၏ စိတ်အားထက်သန်မှုကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပြီး လှေကားကိုရှာကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။



သုံးလွှာရှိ ခွဲစိတ်ခန်းသို့ ရောက်ခါစတွင် သူမ၏ အစ်ကိုကို မတွေ့ရသေးသော်လည်း စောင့်ဆိုင်းခန်းထဲတွင် မမျှော်လင့်ထားသော လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။



"နင်က ဘာလို့ ဒီကိုရောက်နေတာလဲ။" စုစန်ယသည် စုရှီကို သရဲတစ်ကောင်တွေ့လိုက်ရသကဲ့သို့ စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများမှာ သတိထားမှုဖြင့် ပြည့်နှက်နေသည်။



စုရှီသည် စုစန်ယကို အဖက်လုပ်နေရန် စိတ်မကူးပေ။ သူမ ဘယ်သွားသွား၊ အဲ့ဒါ သူ့အလုပ်မဟုတ်ဘူး။



စုရှီသည် စုစန်ယ၏ ဘေးတွင် မရင်းနှီးသော စစ်သားတစ်ဦးရှိနေသည်ကို သတိပြုမိသော်လည်း သူမ သိပ်ဂရုမစိုက်ခဲ့ပေ။



စုတုန်ကို မတွေ့သောကြောင့် စုရှီသည် မလှမ်းမကမ်းရှိ သူနာပြုတစ်ဦးဆီသို့ လျှောက်သွားလိုက်သည်။



"နင် ဘယ်သွားမလို့လဲ? ငါ နင့်ကို မေးနေတယ်လေ။" စုစန်ယ၏ အသံမှာ စူးရှသွားပြီး သူမ မျက်လုံးများက စုရှီ၏ မျက်နှာအမူအရာမှ တစ်စုံတစ်ခုကို ဖတ်ရှုရန် ကြိုးစားနေသကဲ့သို့ စိုက်ကြည့်နေသည်။



ထိုကဲ့သို့ စူးစိုက်ကြည့်ရှုပြီးမှသာ စုရှီသည် လဝက်အတွင်း လုံးဝပြောင်းလဲသွားသည်ကို သူမ သဘောပေါက်သွားသည်။



သူမသည် မယုံနိုင်လောက်အောင် လှပနေသည်။ သူမ၏ အသားအရေမှာ ကြွေရုပ်လေးကဲ့သို့ ဖြူဖွေးဝင်းပနေပြီး ဆံပင်နက်နက်၊ နှုတ်ခမ်းနီနီလေးနှင့် ဖြစ်သည်။ ဟုတ်ပေသည်၊ ဒီ စုရှီမှာ စုစန်းယ၏ စိတ်ကူးထဲက ပုံရိပ်နှင့် ပိုနီးစပ်လာသည်။ သူမ သေဆုံးခဲ့သည့်နှစ်ကို သတိရမိသည်။ စုရှီသည် သူမ၏ အမျိုးသားနှင့်အတူ အောက်မေ့ဖွယ် အခမ်းအနားအတွက် ရွာသို့ပြန်လာသောအခါ သူမက အသက်သုံးဆယ်အရွယ်ရှိသော်လည်း အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက်ကဲ့သို့ပင် ဆွဲဆောင်မှုရှိပြီး နုပျိုကာ နတ်သမီးလေးတစ်ပါးနှင့် တူနေခဲ့သည်။



"ကျယ်ကျယ်လောင်လောင်အသံတွေ ခွင့်မပြုထားဘူး။"



အနီးအနားမှ သူနာပြုတစ်ဦးသည် စုစန်းယ၏ ကျယ်လောင်သောအသံကို ကြားလိုက်ရပြီး ခပ်မာမာ ဆူလိုက်သည်။



စုရှီသည် သူနာပြုဆီသို့ ရောက်နှင့်နေပြီဖြစ်သည်။

"သူနာပြုမမ၊ ကျွန်မ မေးပါရစေ၊ စုတုန်က ဘယ်ရုံးခန်းမှာလဲရှင့်။ ကျွန်မက သူ့ညီမပါ။"



သူမသည် စုတုန်၏ ညီမဖြစ်ကြောင်း ကြားသောအခါ သူနာပြု၏ လေသံမှာ အနည်းငယ် နူးညံ့သွားသည်။ သူမသည် အနီးရှိ ထိုင်ခုံတစ်လုံးကိုပင် ညွှန်ပြကာ တိုက်တွန်းလိုက်သည်။



"ဆရာဝန် စုက ခွဲစိတ်ခန်းထဲမှာပါ။ ညီမလေး ထိုင်စောင့်နေမလား။"



စုရှီက ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မ မထိုင်တော့ပါဘူး။ ကျွန်မ သိချင်တာက ကျွန်မအစ်ကို ခွဲစိတ်ခန်းထဲကနေ ဘယ်တော့လောက် ထွက်လာမလဲဆိုတာပဲ။"



စုရှီ စကားဆုံးသည်နှင့် ခွဲစိတ်ခန်းတံခါးမှာ ပွင့်လာသည်။



စုရှီ လှည့်ကြည့်လိုက်သောအခါ ဆေးရုံကုတင်ကို တွန်းလာသော သူနာပြု၏နောက်မှ လိုက်လာသည့် အဖြူရောင် ကုတ်အင်္ကျီဝတ်ထားသော သူမ၏ အစ်ကိုကြီးကို တွေ့လိုက်ရသည်။ ကုတင်ပေါ်တွင် လူတစ်ဦး လဲလျောင်းနေပြီး စုရှီ၏ ရှုထောင့်မှကြည့်လျှင် မည်းနက်သော ဦးခေါင်းတစ်ခုသာ မြင်ရသည်။



စုတုန်သည် သိသိသာသာပင် သူ့ညီမကို သတိပြုမိ၏။ သူ၏ နှာခေါင်းစည်းအပြင်ဘက်တွင် မြင်နေရသော ကွေးညွတ်နေသည့် မျက်လုံးများက ဆွဲဆောင်မှုရှိသော အကွေးအဝိုက်တစ်ခုကို ဖြစ်ပေါ်စေသည်။ "ရှီရှီ၊ ဘယ်တုန်းက ရောက်တာလဲ။ အစ်ကို့ရုံးခန်းကို အရင်သွားပြီး စောင့်နေ။ ဒီမှာ အလုပ်ပြီးတာနဲ့ အစ်ကို လာရှာမယ်။"



"ဗိုလ်ကြီး! ဆရာ၊ ကျွန်တော်တို့ ဗိုလ်ကြီး ဘယ်လိုနေသေးလဲ။" တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သော စစ်ဘက်မှ ပုဂ္ဂိုလ်များသည် စုတုန်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အပြေးအလွှား ရောက်လာကြသည်။



ထိုအသံသည် စုစန်းယ၏ မျက်လုံးထဲမှ မှောင်မိုက်မှုကိုလည်း ပျောက်ကွယ်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူမသည် စုရှီကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် နောက်မှ လိုက်ပါသွားတော့သည်။



"လူနာက အဆင်ပြေပါတယ်။ ကျည်ဆန်ကို ဖယ်ထုတ်ပြီးသွားပြီ။ သူ့ကို ထုံဆေးပေးထားတော့ မကြာခင် သတိရလာမှာပါ။ ဒီအချိန်အတွင်းမှာ သတိထားစောင့်ကြည့်ပေးပါ၊ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ။" စုတုန်သည် လူနာအား အဆောင်ထဲတွင် နေရာချထားပေးပြီး လိုက်ပါလာသော စစ်ဘက်မှ ပုဂ္ဂိုလ်များကို ရှင်းပြလိုက်သည်။



ဂရုစိုက်ရမည့် အချက်များကို အသေးစိတ်ညွှန်ကြားပြီးနောက် သူသည် စစ်သားများ၏ ကျေးဇူးတင်စကား တစ်သီတစ်သန်းကြီးဖြင့် ထွက်ခွာသွားခဲ့သည်။



မထွက်ခွာမီတွင် စုတုန်သည် စွဲလမ်းနေသော မျက်နှာအမူအရာဖြင့် ကြည့်နေသည့် စုစန်ယကို တစ်ချက် လှမ်းကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ယန်နန် ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိသောအခါ သူ၏ မျက်လုံးများမှာ အနည်းငယ် မှောင်မိုက်သွားသည်။



အလျင်လိုစရာမလိုပေ၊ တချို့အရာတွေက နောက်ဆုံးမှာ ရှင်းလင်းသွားမှာပင်။



စုစန်ယသည် စုတုန်၏ အကြည့်ကို သတိမပြုမိပေ။ သူမ၏ အာရုံတစ်ခုလုံးမှာ ဆေးရုံကုတင်ပေါ်ရှိ အမျိုးသားထံတွင်သာ ရှိနေသည်။ သူမသည် မူလက ထိုအမျိုးသား၏ရှေ့တွင် သူမ၏ နူးညံ့ကြင်နာမှုကို ပြသရန် ရည်ရွယ်ခဲ့သော်လည်း သူ သတိလစ်နေဆဲဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။



ထိုအမျိုးသား၏ မယုံနိုင်လောက်အောင် ချောမောသော မျက်နှာကို ကြည့်ရင်း မျက်လုံးများ မှိတ်ထားသည့်တိုင် စုစန်းယ၏ မျက်လုံးများထဲတွင် လောဘကြီးသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။



သူမသည် ဆယ်ရက်ကျော်ကြာ ချောင်းမြောင်းနေခဲ့ရသည်မှာ အချည်းနှီးမဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် သူ အန္တရာယ်နှင့် ကြုံတွေ့နေချိန်တွင် သူမ ကယ်တင်နိုင်ခဲ့သည်။



စုရှီ၏ အမျိုးသားအတွက်မူ၊ ဤဘဝတွင် သူမသည် ရှီယန်နန် ကယ်တင်ခြင်းမပြုမီ သူ့ကို ကယ်တင်နိုင်ခဲ့သည်။ သူမသည် အသက်ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးကြွေးတင်နေသော ညီမတစ်ယောက် မဟုတ်တော့သည့် ယခု စုရှီသည် ဤသို့ ထူးချွန်ပြောင်မြောက်သော အမျိုးသားတစ်ဦးနှင့် နီးစပ်ရန် ဘာကို အသုံးပြုနိုင်မည်ကို သိချင်နေမိသည်။



ဤအမျိုးသားသည် သူမ စုစန်ယ၏ လူ ဖြစ်လာလိမ့်မည်။

စည်းစိမ်ဥစ္စာနှင့် ချမ်းသာကြွယ်ဝမှုသည် သူမ၏ အပိုင်ဖြစ်လာလိမ့်မည်။



စစ်သား ကောင်းလျန်က ပြောလိုက်သည်။ "မင်း အပြင်ထွက်နေလိုက်၊ ငါတို့ တပ်ခွဲမှူးနဲ့ ငါပဲ နေခဲ့မယ်။"



သူသည် သူတို့၏ တပ်ခွဲမှူးကို စက်ဆုပ်ဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေသော စုစန်းယကို တစ်ချက်ကြည့်လိုက်ပြီး သူမကို ချက်ချင်း မောင်းထုတ်လိုက်သည်။



အမောင်းထုတ်ခံလိုက်ရသော စုစန်ယသည် တည်ငြိမ်စွာပင် ရှိနေသေးသည်။ သူမသည် ရှက်ရွံ့စွာ ပြုံးနေဆဲဖြစ်သည်။



"ကျွန်မ သူနဲ့အတူ နေပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူက သတိမရသေးဘူးလေ။ ကျွန်မ သူနဲ့အတူနေပေးရင် သူ မြန်မြန်သတိရလာနိုင်ပါတယ်။ ကျွန်မက ကလေးဘဝကတည်းက ကံကောင်းတတ်တဲ့သူပါ။"



ကောင်းလျန်သည် သူ့ရှေ့မှ ပိန်လှီပြီး မသန့်မပြန့်ဖြစ်နေသော အမျိုးသမီးကို ကြည့်ကာ ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။ သူမ၏ အတင့်ရဲမှုမှာ အလွန်အကျွံပင်။ သူတို့၏ ရဲစွမ်းသတ္တိကြောင့် ကျော်ကြားသော တပ်ခွဲမှူးက ဘယ်ကမှန်းမသိ ရောက်လာတဲ့သူက ဘေးမှာ နေပေးရန် တကယ်လိုအပ်နေလို့လား။



"ကောင်းပြီလေ၊ ဒါဆို မင်း အပြင်မှာပဲ နေ။ မင်း ဘယ်ကလာမှန်း ဘယ်သူသိမှာလဲ။"



ကောင်းလျန်က စိတ်မရှည်စွာဖြင့် သူမကို ထွက်သွားရန် တိုက်တွန်းလိုက်သည်။



စုစန်ယက ခေါင်းမာစွာဖြင့် ဆက်ပြောခဲ့သည်။ "ငါက မင်းတို့ တပ်ခွဲမှူးရဲ့ အသက်ကို ကယ်ထားတဲ့သူ၊ ဘာလို့ ငါ့ကို မောင်းထုတ်နေရတာလဲ။"



ကောင်းလျန်က မျက်လုံးကို လှန်ကာ လှောင်ပြုံးပြုံးလိုက်သည်။ "မင်းကြောင့်လား? မင်းက အသက်ကယ်တင်ရှင်လို့ ထင်နေတာလား? မင်းမှာ အရည်အချင်းရှိလို့လား? မသန့်မပြန့်ပုံစံနဲ့ မင်းလား? ရုပ်ဆိုးတဲ့ မျက်နှာနဲ့ မင်းလား? သွားကျိုးနေတဲ့ ခွေးဝဲစားလိုပုံစံနဲ့ မင်းလား? မြန်မြန်ထွက်သွား၊ မဟုတ်ရင် ငါ လုံခြုံရေးခေါ်ပြီး မင်းကို ဆွဲထုတ်ခိုင်းရလိမ့်မယ်။"



စုစန်ယသည် သူမ၏ သွားကျိုးနေသော ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး ဒေါသကြောင့် မူးလဲမတတ်ပင် ဖြစ်သွားသည်။ သူမ တကယ်ပဲ ရုပ်ဆိုးနေတာလား။ ဒီကောင်လေးက စကားကို ဒီ့ထက်ပိုပြီး ယဥ်ကျေးအောင် မပြောနိုင်ဘူးလား။



သူမသည် အရပ်ရှည်ပြီး သန်မာသော ကောင်းလျန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သော်လည်း သူ့ကို တည့်တည့်မတ်မတ် ရင်မဆိုင်ရဲပေ။ သူမသည် တံခါးအပြင်ဘက်တွင် မကျေမချမ်းဖြစ်စွာဖြင့်သာ ထိုင်နေနိုင်တော့သည်။



သူမ မယုံကြည်နိုင်ဖြစ်နေသည်။ ထိုအမျိုးသား သတိရလာပြီး သူမကို လက်ထပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် ဒီအသိတရားကင်းမဲ့သော စစ်သားကို သူပြောခဲ့သော စကားများအတွက် နောင်တရအောင်လုပ်မည်မှာ သေချာသည်။



ဘန်းခနဲ အသံကျယ်နှင့်အတူ ကောင်းလျန်သည် တံခါးကို ပိတ်လိုက်သည်။ သူလှည့်ကြည့်လိုက်သောအခါ သူ့တပ်ခွဲမှူးမှာ မျက်လုံးများ ဖွင့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အကြည့်မှာ ဓားသွားကဲ့သို့ ထက်ရှနေပြီး အားနည်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း လက္ခဏာ တစ်စုံတစ်ရာ မပြပေ။



စိတ်လှုပ်ရှားစွာဖြင့် ကောင်းလျန်သည် သူ့ဆီသို့ ချဉ်းကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။



"တပ်ခွဲမှူး၊ သတိရပြီလား? ခင်ဗျား အိပ်ချင်ယောင်ဆောင်နေမှန်း ကျွန်တော်သိသားပဲ။ ဒီက မေ့ဆေးက ခင်ဗျားကို မေ့အောင် မလုပ်နိုင်ပါဘူး။ အပြင်က ဟိုမိန်းမက တစ်ခုခု မဟုတ်ဘူးလို့ ခင်ဗျား ထင်လား။"



ရှဲ့ကျန်းသည် မငြင်းဆိုခဲ့ပေ။ သူ၏ ချောမောသော မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိဘဲ မေးလိုက်သည်။ "မင်း တစ်ခုခု သိလာပြီလား။"



ကောင်းလျန်က လှောင်ရယ်လိုက်သည်။ "တခြားဘာမှတော့ ကျွန်တော် မသိနိုင်ဘူး၊ ဒါပေမဲ့ ဟိုရုပ်ဆိုးမရဲ့ မျက်လုံးတွေက ခင်ဗျားအပေါ်ကို ကျွတ်ကျတော့မလိုပဲ။ သူ့မျက်နှာတစ်ခုလုံးက ဖုံးကွယ်လို့မရတဲ့ လောဘတွေနဲ့ ပြည့်နေတာကို ဘယ်သူမှ မမြင်နိုင်ဘူးလို့ သူက ထင်နေပုံပဲ။"



ရှဲ့ကျန်း၏ မျက်လုံးများတွင် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ငယ်စဉ်မှစ၍ အရွယ်ရောက်သည်အထိ ဤမျက်နှာကြောင့် သို့မဟုတ် သူ့ မိသားစု၏ အဆင့်အတန်းကြောင့် အမျိုးသမီးမည်မျှက သူ့ကို ပွင့်ပွင့်လင်းလင်း ချစ်ခွင့်ပန်ခဲ့သည်ကို သူ မသိတော့ပေ။ ဒီချဉ်းကပ်မှုများအားလုံးသည် သူ့အတွက် ဒုက္ခများသာ ဖြစ်သည်။



ယနေ့အကြောင်းကို ပြန်စဉ်းစားမိသောအခါ ပြန်ပေးဆွဲသမားကို လိုက်လံဖမ်းဆီးစဉ်တွင် ထိုအမျိုးသမီးက သူ့မျက်နှာကို မြင်လိုက်ရသည့်အခါ သူ့ကို ရှင်းလင်းစွာ မှတ်မိပုံရပြီး ထိုနေရာတွင် တမင်စောင့်ဆိုင်းနေခဲ့သည်ဟု သူထင်မိသည်။ သူ သံသယမဝင်ဘဲ မနေနိုင်တော့ပေ။



"တံခါးအပြင်ဘက်က အမျိုးသမီးရဲ့ အထောက်အထားကို စုံစမ်းခိုင်းလိုက်။ သူမက ဒီအမှုနဲ့ ပတ်သက်နေတယ်လို့ ငါသံသယရှိတယ်။"



ကောင်းလျန် အံ့အားသင့်သွားသည်။ "သူမက သူလျှိုလား။"



ရှဲ့ကျန်းသည် ထိုအမျိုးသမီး၏ သိသာထင်ရှားလှသော စက်ဆုပ်ဖွယ်အကြည့်ကို ပြန်သတိရကာ မျက်မှောင်ကြုတ်လိုက်သည်။ "ငါ သေချာမသိဘူး၊ ဒါပေမဲ့ သေချာတာကတော့ သူနဲ့ ပတ်သက်နေတယ်။ သူက ငါ့ကို သိနေသလို ဒီနေ့ ငါ အဲ့ဒီလမ်းပေါ်မှာ ရှိနေမယ်ဆိုတာကိုလည်း သိတယ်။"



ဤသို့ကြားသောအခါ ကောင်းလျန်၏ မျက်နှာပေါ်မှ လှောင်ပြုံးမှာ ပျောက်ကွယ်သွားပြီး သူ့မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။ အခြေအနေ၏ လေးနက်မှုကို နားလည်သွားသောကြောင့် သူ နောက်ပြောင်ခြင်းကို ရပ်တန့်လိုက်ပြီး လူများနေရာချရန် ချက်ချင်းပင် စီစဉ်တော့သည်။



"ပြီးတော့ ငါ သူ့ကို ထပ်မတွေ့ချင်ဘူး!"



ထိုအမျိုးသား၏ နက်ရှိုင်းသော အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။



ကောင်းလျန်သည် ခပ်ဟဟရယ်မောလိုက်ပြီး တပ်ခွဲမှူး ဒေါသမထွက်မီတွင် အပြင်သို့ အမြန်ပြေးထွက်သွားတော့သည်။