Ch 4
Viewers 5k

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း


အပိုင်း ၄




နောက်တစ်နေ့ နံနက်စောစော၌။



စုရှီသည် နံနက်စောစောထပြီး ရှီးယန်နန်၏ နောက်သို့ လိုက်သွားခဲ့သည်။ သူမသည် ဟုန်ချီ တပ်ဖွဲ့စု၏ မှတ်ဉာဏ်များကို ပြန်အကျွမ်းတဝင်ဖြစ်စေရင်း ရွာပတ်လည်တွင် အပြေးလေ့ကျင့်နေခဲ့သည်။



မူလကိုယ်တွင် လေ့ကျင့်ခန်းလုပ်သည့် အကျင့်မရှိသော်လည်း နှစ်ပေါင်းနှစ်ဆယ်ခန့် မပျက်မကွက် လေ့ကျင့်ခန်းလုပ်လာခဲ့သည့် အကျင့်ကြောင့် စုရှီ အတွက်မူ ဒါသည် သူမဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။



စုရှီသည် ၃ ကီလိုမီတာခန့် ပြေးပြီးနောက် လေ့ကျင့်ခန်း ဆက်လုပ်နေသေးသော ရှီးယန်နန်ကို ထားခဲ့ပြီး တစ်ယောက်တည်း အိမ်သို့ပြန်လာခဲ့သည်။



အားကစားတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသောကြောင့် ခန္ဓာကိုယ်ကို လေ့ကျင့်သည့်အခါ တဖြည်းဖြည်းချင်း ချဉ်းကပ်ရန် လိုအပ်ကြောင်း သူမသိသည်။ ထို့ကြောင့် ယခုအချိန်တွင် အားအင်အများအပြား ကျန်ရှိနေသေးသော်လည်း သူမ ဆက်မပြေးတော့ပေ။



သူမ ချွေးများဖြင့်ရွှဲနစ်ကာ အိမ်ပြန်ရောက်သောအခါ အဖွားဖြစ်သူသည် နံနက်စာကို ပြင်ဆင်နေပြီဖြစ်သည်။

စုရှီသည် သူမအဖွား ပြင်ဆင်ပေးထားသော ရေနွေးကိုယူပြီး အခန်းငယ်လေးထဲတွင် အမြန်ရေချိုးလိုက်သည်။



သူမ သန့်ရှင်းလန်းဆန်းသွားပြီးနောက်တွင် လဲလှယ်ထားသော ညစ်ပေနေသည့် အဝတ်များကို ဝါးတောင်းတစ်ခုထဲသို့ စုပုံထည့်လိုက်သည်။ သူမသည် နံနက်စာကို ကောင်းကောင်းစားပြီးနောက် နံနက်ခင်း၏ အေးမြမှုကို အခွင့်ကောင်းယူကာ ချောင်ယန်း မြစ်သို့ အဝတ်သွားလျှော်ရန် စီစဉ်ထားသည်။



အိမ်တွင် အဝတ်တစ်တောင်းစာ လျှော်ခြင်းသည် ရေအလကားကုန်စေသည်။



ချန်ရှန်းယွင်သည် ကူညီရန် ရည်ရွယ်ထားသော စုရှီကို မီးဖိုချောင်ထဲမှ မောင်းထုတ်လိုက်သည်။



စုရှီသည် အတင်းမတောင်းဆိုတော့ဘဲ အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် အခြားသူများက သူမ၏ လိုအပ်ချက်များကို ဂရုစိုက်ပေးသည်ကို ထိုင်စောင့်နေ၍ မရကြောင်း သိသည်။ ထို့ကြောင့် အဖွားက မီးဖိုချောင်တွင် နံနက်စာပြင်ဆင်ရင်း အလုပ်များနေစဉ် စုရှီသည် မြက်ပင်များဖြင့် ပြုလုပ်ထားသော သူမ၏ ကိုယ်ပိုင်တံမြက်စည်းကိုယူပြီး ခြံဝင်းကို စလှည်းကျင်းခဲ့သည်။



ရှီးယန်နန် ချွေးများရွှဲနစ်ကာ ပြန်ရောက်လာချိန်တွင် နံနက်စာကို ခင်းကျင်းပြီးခါစပင်ရှိသေးသည်။



ပူပြင်းသောရာသီဥတုတွင် ထမင်းသုံးနပ်လုံးကို ခြံထဲရှိ တစ်ပင်တည်းသော ဆီးပင်အောက်မှ ကျောက်စားပွဲတွင် စားသုံးကြသည်။



ချန်ရှန်းယွင်သည် ချွေးစို့နေသော မီးဖိုချောင်ထဲသို့ ဝင်တော့မည့် သူမ မြေးကို ချစ်ခင်စွာကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။



"အဖွား ရေနွေးတည်ထားပေးတယ်။ ခဏစောင့်ဦးနော် နန်နန်၊ အဖွား ယူလာပေးမယ်။"



ရှီးယန်နန်သည် လုံးဝစိုရွှဲနေသော အင်္ကျီကို ချွတ်ထားပြီးဖြစ်၍ အပေါ်ပိုင်းဗလာကျင်းနေကာ သူ၏ သိပ်မသန်မာသော်လည်း အချိုးအစားကျသော ကြွက်သားများက ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်နှင့် မလိုက်ဖက်သော ဆွဲဆောင်မှုမျိုးကို ထုတ်လွှတ်နေသည်။ သူ၏ လက်ရှည်ရှည်ကို ဆန့်တန်းရင်း အဝတ်လှန်းကြိုးပေါ်မှ သူ့မျက်နှာသုတ်ပုဝါကို လှမ်းယူကာ လည်ပင်းတွင် ပတ်လိုက်သည်။ ိို့နောက် နောက်လှည့်မကြည့်ဘဲ ရေတွင်းဆီသို့ လျှောက်သွားခဲ့သည်။



သူက ခိုင်မာသောလေသံဖြင့် ငြင်းဆိုလိုက်သည်။ "အဖွား၊ ကျွန်တော် ရေနွေးမသုံးချင်ဘူး။ ပူလွန်းလို့ သေတော့မယ်။ အဖွားတို့ အရင်စားနှင့်ကြပါ။ ကျွန်တော် တွင်းရေနဲ့ ချိုးပြီးရင် လိုက်ခဲ့မယ်။"



ချန်ရှန်းယွင်သည် ဤမြေးကို ပြောရခက်နေသဖြင့် စားပွဲတွင် ပြန်ထိုင်လိုက်သည်။



သူမသည် ထမင်းစားပွဲခင်းနေသော မြေးမလေးကို ကြည့်လိုက်သည်။ သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။



"ဒီခေါင်းမာတဲ့ကလေး၊ ရေတွင်းရေက အရမ်းအေးတာကို။ အဲ့ကောင်စုတ်လေးက သူ့ငယ်ဂုဏ်လေးကို အားကိုးနေတာ၊ အသက်ကြီးလာရင် ဒူလာရောဂါက သူ့ကို ဒုက္ခပေးလိမ့်မယ်။"



နံနက်စာသည် ပုံမှန်အတိုင်း ဆန်ပြုတ်ကျဲကျဲနှင့် အာလူးပါသော ပြောင်းမှုန့်ပန်ကိတ်များဖြစ်သည်။ အထူးတလည် အရသာမရှိသော်လည်း ဤရှားပါးသောခေတ်တွင် ဤသို့စားစရာရှိခြင်းကိုပင် ရတနာတစ်ခုဟု မှတ်ယူရမည်ဖြစ်သည်။



သုံးယောက်လုံးအတွက် ပန်းကန်များထဲသို့ ဆန်ပြုတ်ခပ်ထည့်ပြီးနောက် စုရှီသည် အဖွားနှင့် သူမကိုယ်တိုင်ပြုတ်ထားသော ကြက်ဥပြုတ်များကို ခွဲလိုက်သည်။



သူမသည် တစ်လုံးကို ရှီးယန်နန်၏ ပန်းကန်ထဲသို့ ထည့်ပေးပြီး နောက်တစ်လုံးကို တစ်ဝက်ခွဲကာ အဖွားကို တစ်ခြမ်းပေးလိုက်သည်။



ချန်ရှန်းယွင်သည် သူမ၏ ပွစိပွစိပြောဆိုမှုကို ဆက်နေရင်း အာရုံလွင့်နေသည့် တစ်ခဏ၌ သူမ၏ ဆန်ပြုတ်ပန်းကန်ထဲတွင် ကြက်ဥတစ်ခြမ်းရှိနေသည်ကို သတိပြုမိလိုက်သည်။



သူမ ချက်ချင်း စိတ်ပူသွားပြီး စားပွဲပေါ်ရှိ တူများကို ကောက်ကိုင်ကာ ကြက်ဥတစ်ခြမ်းကို စုရှီ အတွက် ပြန်ထည့်ပေးရန် ဟန်ပြင်ပြီး ပြောလိုက်သည်။



"ဘာလို့ အဖွားကို ပေးရတာလဲ။ အဖွားက အသက်ကြီးပြီ၊ ဒီလိုကောင်းတာတွေ မလိုအပ်တော့ဘူး။ ပြီးတော့ အဖွားက ကြက်ဥမကြိုက်ဘူး။"



သူတို့၏ လက်ရှိပတ်ဝန်းကျင်သည် ကြမ်းတမ်းသည်။ မိသားစုတွင် ကြက်မအို နှစ်ကောင်သာ မွေးထားပြီး ရံဖန်ရံခါမှ ဥဥကြသည်။ သူမသည် ထိုဥများကို စုစည်းရေးစခန်းသို့ မရောင်းရက်နိုင်ဘဲ ကလေးနှစ်ယောက်အတွက် ချန်ထားပေးသည်။



ကလေးများ ကြီးထွားနေချိန်တွင် ကြက်ဥတစ်လုံးသည် ရှားပါးသော အားဖြည့်အစားအစာတစ်ခု ဖြစ်နိုင်သည်။

စုရှီသည် အဖွားက သူမပန်းကန်ထဲသို့ ကြက်ဥပြန်ထည့်ပေးရန် ကြိုးပမ်းမှုကို ရှောင်ရှားရင်း သူမပန်းကန်ကို မြှောက်ကိုင်လိုက်ပြီး ခက်ထန်သောမျက်နှာဖြင့် အတင်းပြောလိုက်သည်။



"ကြက်ဥတစ်ခြမ်းလေးပဲကို။ မြန်မြန်စားလိုက်ပါ။ အဖွားမစားရင် သမီးလည်း မစားဘူး။"



ချန်ရှန်းယွင်သည် သူမမြေးမလေး၏ စိတ်နေစိတ်ထားကို သိသည်။ သူမသည် နူးညံ့ပုံပေါက်သော်လည်း တကယ်တမ်းတွင် အလွန်ခေါင်းမာသည်။ သူမသည် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ကလေး၏ စေတနာကို မငြင်းဆန်တော့ပေ။ သူမသည် ပျားရည်စားလိုက်ရသကဲ့သို့ ချိုမြိန်မှုကို ခံစားလိုက်ရသည်။ သူမ မြေးမလေးသည် အခြားသူများကို ထောက်ထားစာနာတတ်နေပြီဖြစ်သည်။



စားသောက်ပြီးနောက် ချန်ရှန်းယွင်သည် ကလေးနှစ်ယောက်ကို ပန်းကန်မဆေးခိုင်းဘဲ သန့်ရှင်းရေးလုပ်ရန်မီးဖိုချောင်ထဲသို့ ကိုယ်တိုင်ဝင်သွားခဲ့သည်။



အဖွား မီးဖိုချောင်ထဲသို့ ဝင်သွားသည်နှင့် စုရှီသည် အမြန်ထရပ်လိုက်ပြီး အိမ်စွန်းသို့ လျှောက်သွားကာ ညစ်ပေနေသော အဝတ်များထည့်ထားသည့် တောင်းတစ်လုံးနှင့် သစ်သားဇလုံငယ်တစ်ခုကို မကာ ချောင်ယန်း မြစ်သို့ သွားရန် ပြင်ဆင်လိုက်သည်။



"အဝတ်တွေ သွားလျှော်မလို့လား။"



ရှီးယန်နန်က သူ့ညီမ၏ လှုပ်ရှားမှုအဆင့်ဆင့်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။



စုရှီက ပုံမှန်အတိုင်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။



"ဟုတ်တယ်လေ!"



ရှီးယန်နန်သည် စိတ်ထဲတွင်  ခါးသက်သက် ခံစားလိုက်ရသည်။ 'ဂရုစိုက်ခံရပြီး ကြီးပြင်းလာခဲ့တဲ့ သူ့ရဲ့အလိုလိုက်ခံထားရတဲ့ ညီမငယ်လေးက အဝတ်လျှော်တတ်ပါ့မလား။ အဝတ်တွေကို ဖျက်ဆီးပစ်မှာတော့ မဟုတ်ပါဘူးနော်။'



သို့သော်လည်း သူ့ ညီမငယ်၏ စိတ်အားထက်သန်မှုကို ရိုက်ချိုးသလိုဖြစ်သွားမည် စိုးသောကြောင့် ရှီးယန်နန်၏လျှာသည် သူ့ပါးပြင်ကို ဖိကပ်လိုက်ပြီး သူ့စကားလုံးများက ပြောင်းလဲသွားသည်။



"ငါလျှော်ပေးမယ်။ နင့်အတွက် အရမ်းလေးတယ် ကလေးမလေးရဲ့"



စုရှီက ရှီးယန်နန်ကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။ သူမသည် လက်မြှောက်ကာ လမ်းပိတ်နေသော ခန္ဓာကိုယ်ကို တွန်းဖယ်လိုက်သည်။ သူမ လမ်းထွက်လျှောက်ရင်း ပြောလိုက်သည်။



"အားအင်အတွက် စိတ်ပူစရာလိုလို့လား။ ပြီးတော့ မနေ့က ညီမ ဖျက်ဆီးခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပြင်ပေးမယ်လို့ အစ်ကိုပြောခဲ့တာ မဟုတ်လား။"



ထိုအခါမှ ရှီးယန်နန်သည် သူ့စကားများထဲက မိုက်မဲမှုကို သဘောပေါက်သွားသည်။ သူသည် သူ့ဆံပင်တိုတိုညှပ်ထားသော ခေါင်းကို ကုတ်လိုက်ပြီး ရုတ်တရက် လုံ့လဝီရိယရှိလာသော ဤကောင်မလေးကို သူမသယ်လာသောအဝတ်များကို ချထားရန် မည်သို့စည်းရုံးရမည်ကို စဉ်းစားရင်း စုရှီ၏နောက်သို့ လိုက်သွားခဲ့သည်။



စုရှီသည် နောက်လှည့်ကြည့်ပြီး သူမနောက်သို့ တစ်လှမ်းချင်းလိုက်လာသော အစ်ကိုဖြစ်သူကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။



"တော်ပါတော့ အစ်ကိုရယ်၊ ငါ အသက် ၁၅ နှစ်ရှိပြီ၊ ကလေးမဟုတ်တော့ဘူး။ မကြာခင် အထက်တန်းကျောင်း တက်ရတော့မယ်၊ ကျောင်းအဆောင်မှာနေရင် ဒီလိုအလုပ်တွေကို ကိုယ့်ဘာသာကိုယ်လုပ်တတ်အောင် သင်ရမှာပဲ။ ပြီးတော့ ရွာထဲက ဘယ်မိန်းကလေးက အိမ်အလုပ် မလုပ်ဘဲနေလို့လဲ။"



ရှီးယန်နန်က အလိုလို ပြောလိုက်သည်။ "သူတို့က နင်နဲ့ တူလို့လား။" နင်က ငါတို့မိသားစုက အရမ်းတန်ဖိုးထားရတဲ့ ရတနာလေးလေ။



စုရှီသည် ခြံဝင်းအပြင်သို့ ရောက်နှင့်နေပြီဖြစ်ပြီး ရှီးယန်နန်ကို ပြောလိုက်သည်။ "ဘာကွာလို့လဲ။ မြန်မြန်ပြန်တော့။ အဖွားက ညီမ အဝတ်လျှော်သွားတာမြင်ရင် ထပ်တားဦးမယ်။ ညီမ သွားမယ်၊ အစ်ကိုက အိမ်မှာ ပစ္စည်းတွေပြင်နေလိုက်။"



သူမသည် ရှီးယန်နန်ကို ထပ်ပြောခွင့်မပေးဘဲ သူမ၏ ပစ္စည်းများကို သယ်ကာ မြစ်ကမ်းနားသို့ သွက်လက်စွာ လျှောက်သွားခဲ့သည်။



ယခုသည် ဇွန်လဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးရာသီသည် အခြေခံအားဖြင့် ပြီးဆုံးသွားပြီဖြစ်သည်။ ရှားပါးသော အားလပ်ရက်ကို ခံစားနေသော အမျိုးသားများသည် အပေါ်ပိုင်းဗလာကျင်းဖြင့် ၎င်းတို့၏ အရွယ်လွန်ကလေးများနှင့်အတူ ရေမျက်နှာပြင် သိသိသာသာကျဆင်းနေသော မြစ်အောက်ပိုင်းတွင် ငါးဖမ်းနေကြသည်။



လက်ရှိ ခက်ခဲသော ပတ်ဝန်းကျင်တွင် ရွာသည် မနှစ်ကတည်းက အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။ ပိုလျှံသော စားစရာရှိသူများပင် တစ်နှစ်ကျော်ကြာ တင်းတင်းကျပ်ကျပ် နေထိုင်ခဲ့ရသည်။ ထို့ကြောင့် လက်ဖဝါးအရွယ်အစားရှိသော ငါးများဖမ်းမိလျှင် ရှားပါးသော အသားဓာတ်ရင်းမြစ်တစ်ခု ဖြစ်သည်။



အရွယ်ရောက်ပြီးသူများနှင့် အရွယ်လွန်ကလေးများသည် မြစ်ထဲတွင် ရေပက်ကစားနေကြသည်။ ကမ်းပေါ်တွင်မူ ငယ်ရွယ်သော ကလေးတစ်ဒါဇင်ခန့်က ရေထဲသို့ဆင်းရန် အော်ဟစ်တောင်းဆိုနေကြသော်လည်း နားမထောင်သော ကလေးတစ်ယောက်က စမ်းသပ်သည့်အနေဖြင့် လက်လှမ်းလိုက်တိုင်း သစ်ပင်ရိပ်အောက်တွင် ထိုင်နေသော အဘိုးအိုများ၏ အိမ်လုပ်ငှက်ပျောဖက်ယပ်တောင်များကို ဝှေ့ယမ်းကာ ဆူပူကြိမ်းမောင်းခြင်းကို ခံရသည်။



မြစ်၊ စိမ်းလန်းသောမိုးမခပင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများသည် အတူစုဝေးနေကြပြီး အစာရေစာမပြည့်စုံမှုကြောင့် ပိန်လှီဖျော့တော့နေသော်လည်း တက်ကြွမှုအပြည့်နှင့် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။



အေးမြသောလေပြေလေညှင်းများက တိုက်ခတ်နေပြီး မိုးမခပင်များက ညင်သာစွာ ယိမ်းနွဲ့နေသည်။



မြစ်ကမ်းအထက်ပိုင်းတွင် လူလုပ်ကျောက်လှေကားပျက်တစ်စုံရှိသည်။ စုရှီသည် ရေညှိများဖုံးလွှမ်းနေသော လှေကားထစ်များပေါ်တွင် ကုန်းကုန်းကွကွဖြင့် အဆင်မပြေစွာ အဝတ်လျှော်နေသည်။



သူမနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး မျက်နှာဖြူဖျော့နေသော အမျိုးသမီးအချို့လည်း ကုန်းကုန်းကွကွထိုင်နေကြသည်။



မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးတစ်ဦးက ပြုံးပြီးပြောလိုက်သည်။



"ရှီရှီ ဒီနေ့ ဘာလို့ တစ်ယောက်တည်း အဝတ်လျှော်နေတာလဲ။ မင်းအဖွားရော။ မင်းရဲ့လက်သေးသေးလေးတွေ ခြေထောက်သေးသေးလေးတွေကို ကြည့်ပါဦး၊ လုပ်နိုင်လို့လား။ မလုပ်နိုင်ရင် အန်တီ လျှော်ပေးမယ်လေ။"



ဤသို့ကြားလျှင် စုရှီသည် သူမလက်ပေါ်မှ ရေစက်များကို ခါထုတ်လိုက်ပြီး ဆံပင်ရှည်များကို နားရွက်နောက်သို့ သပ်တင်လိုက်ကာ စကားပြောသူဘက်သို့ လှည့်ကြည့်လိုက်သည်။



သူမ မှတ်ဉာဏ်များထဲ ရှာဖွေပြီးနောက်တွင် စကားပြောသူသည် သူမ အိမ်နှင့် မနီးမဝေးတွင်နေထိုင်သော အန်တီဝမ် ဖြစ်ကြောင်း မှတ်မိသွားသည်။ ထို့နောက် သူမသည် ရှက်သွေးဖြာသော အပြုံးတစ်ခုကိုပြပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။



"ကျေးဇူးတင်ပါတယ် အန်တီ၊ ဒါပေမဲ့ ရပါတယ်။ ကျွန်မ အသက် ၁၅ နှစ်ရှိပြီ၊ အဖွားကလည်း အသက်ကြီးလာပြီလေ။ ကျွန်မတတ်နိုင်တဲ့ အလုပ်တချို့ကို လုပ်တတ်အောင် သင်ယူရမယ်။ အဝတ်အနည်းငယ်တော့ လျှော်နိုင်ပါသေးတယ်။"



ဝမ်မေ့ဟွားက နှုတ်ခမ်းသပ်လိုက်ပြီး သစ်သားဇလုံထဲတွင် ဆပ်ပြာရည်စိမ်ထားသော အဝတ်များကို သေချာပွတ်တိုက်ရင်း အသံကျယ်ကျယ်ဖြင့် ချီးကျူးလိုက်သည်။



"အို၊ ငါတို့ ရှီရှီက တကယ်ကို ပညာတတ်လေးပဲ။ စကားပြောတာ ယဉ်ကျေးလိုက်တာ။ ငါ့ကိုတောင် ကျေးဇူးတင်စကားပြောနေသေးတယ်။ နည်းနည်းတော့ ရှက်စရာပဲ။"



အန်တီဝမ်၏ စကားများအပြီးတွင် သူမဘေးတွင် အဝတ်လျှော်နေသော အခြားအမျိုးသမီးများကလည်း စုရှီကို ကြင်နာစွာ ချီးကျူးကြသည်။



"ဟုတ်တယ်၊ ငါတို့ ရှီရှီက လိမ္မာတဲ့ ကလေးလေး၊ အရမ်းသိတတ်တာပဲ!"



"ရှီရှီက ၁၅ နှစ်တောင်ရှိပြီလား။ တစ်နှစ်နှစ်နှစ်နေရင် သူ့အတွက် အိမ်ထောင်ဖက်ရှာရလွယ်ပြီ။ အန်တီ့ကိုပြော၊ ဘယ်လိုလူမျိုးကြိုက်လဲ။ ရှီရှီရဲ့ရုပ်ရည်နဲ့ဆို အန်တီက ဘယ်လိုအိမ်ထောင်ဖက်မျိုးမဆို ရှာပေးနိုင်တယ်။"



"ဟဲ့၊ ကျန်းကျွီဟွား နင်က ပါးစပ်အရမ်းပေါတာပဲ၊ ဘာလို့ သူများကလေးအကြောင်း လျှောက်ပြောနေရတာလဲ။ ငါတို့ ရှီရှီက ငယ်ငယ်လေးရှိသေးတယ်၊ ပြီးတော့ သူမက ပညာတတ်လေး။ နင် စိတ်ပူပေးစရာမလိုဘူး။"



"…"



စုရှီသည် သူမ၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝနှစ်ခုလုံးတွင် လူများနှင့် ပေါ့ပေါ့ပါးပါး စကားပြောဖူးသည့်အတွေ့အကြုံမရှိဘဲ အထူးသဖြင့် ထိုသို့သောစနောက်ခြင်းများကို တုံ့ပြန်ရာတွင် ပို၍ပင်မရှိခဲ့ပေ။ သူမသည် ရှက်ရွံ့ဟန်ဆောင်ကာ ခေါင်းငုံ့ပြီး သူမအလုပ်ကို အရှိန်မြှင့်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။



နောက်ဆုံးအဝတ်တစ်ထည်ကို ရေညှစ်ပြီးနောက် စုရှီ  ထရပ်ပြီး ကုန်းကုန်းကွကွထိုင်နေရ၍ အနည်းငယ်ထုံကျဉ်သွားသော ခြေထောက်များကို ဆန့်လိုက်ကာ လူတိုင်းကို နှုတ်ဆက်ပြီး အန်တီများ၏ စနောက်မှုများအောက်တွင် သစ်သားဇလုံကို သယ်ဆောင်ကာ အမြန်ထွက်ခွာသွားခဲ့သည်။



ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် သူမသည် လေပြေတိုက်လျှင်ပင် အလွယ်တကူလွင့်ပါသွားနိုင်လောက်အောင် နုနယ်သော အမျိုးသမီးတစ်ဦးနှင့် တည့်တည့်တိုးမိသွားသည်။